Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၃.၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. နာမည်ကြီးနိုင်ငံရေးအကျဉ်းသားများကို အစိုးရလွှတ်ပေး

(BBC news မှ 13 January 2012 ရက်စွဲပါ Burma frees high-profile dissidents in amnesty ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)

  1. ဘီလ်ဂိတ်မြန်မာနိုင်ငံသွားမည့် သတင်းမဟုတ်မှန်ဟု ငြင်းဆို

(Reuters သတင်းဌာနမှ 11 Jan 2012 ရက်စွဲပါ Gates spokeman denies he plans to visit Myanmar ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာ-ကရင် ငြိမ်းချမ်းရေး သဘောတူစာချုပ်ကို အမေရိကန်ပြည်ထောင်စု ထောပနာပြု

(Shannel News Asia မှ 13 Jan 2012 ရက်စွဲပါ "US hail Myanmar-Karin peace deal" သတင်းကို ဘာသာ ပြန်ဆိုသည်။)

  1. ဥရောပမှဝယ်လိုအားလျော့ကျသောကြောင့် တရုတ်ပို့ကုန်တင်ပို့မှုနှေးကွေး

(BBC သတင်းဌာနမှ 10 Jan 2012 ရက်စွဲပါ China export growth slows on weak demand from Europe ကို ဘာသာပြန်ဆိုသည်)

****************************************************************************************

နာမည်ကြီးနိုင်ငံရေးအကျဉ်းသားများကို အစိုးရလွှတ်ပေး

(BBC news မှ 13 January 2012 ရက်စွဲပါ Burma frees high-profile dissidents in amnesty ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)

မြန်မာအစိုးရသစ်မှ အကျဉ်းသားများကို ဆက်တိုက်လွှတ်ပေးလျက်ရှိရာ ယနေ့တွင် အရေးကြီး နိုင်ငံရေး အတိုက်အခံ အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သည်။ အဆိုပါအကျဉ်းသားများထဲတွင် ၁၉၈၈ လူထုအုံကြွမှုခေါင်းဆောင်များနှင့် ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေး ခေါင်းဆောင် ဘုန်းတော်ကြီးများ ပါဝင်သည်။ ယနေ့လွတ်မြောက်လာသူများထဲတွင် အထင်ရှားဆုံး အကျဉ်းသားမှာ မအောင်မြင်ခဲ့ရသော ၈၈ အုံကြွမှု၏ ခေါင်းဆောင် မင်းကိုနိုင်ဖြစ်သည်။

မနေ့က နိုင်ငံပိုင်ရုပ်သံက အကျဉ်းသား/အကျဉ်းသူပေါင်း ၆၅၁ ဦးကို သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသား မည်မျှလွှတ်ပေးမည် ဆိုသည်ကိုမူ ကြေညာခဲ့ခြင်းမရှိပေ။ အဆိုပါလွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်၍ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟေ့ဂ်က "နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးဖို့က နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးက ကြာရှည်စွာ တောင်းဆိုထားမှုတစ်ခုပါ။ အခုလို လွှတ်ပေးတာကို အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးကတိကဝတ်ကို တည်ကြည်မှုအဖြစ် ကျွန်တော်တို့ ကြိုဆိုပါတယ်" ဟု ဆိုသည်။

ယင်းကဲ့သို့ နာမည်ကျော်နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီသို့သွားရာ အကူးအပြောင်း ဖြစ်စဉ်တစ်ခု အဖြစ် ရှုမြင်လျက်ရှိသည်။ သို့သော် အချို့ပြည်ပရောက်မြန်မာများကမူ စင်စစ် စမ်းသပ်မှုများမှာ လွှတ်လိုက်သော အကျဉ်းသားများကို မည်မျှထိ လွတ်လပ်စွာ လှုပ်ရှားခွင့်ပြုမည်နည်း ဆိုသည့်အပေါ် များစွာ မူတည်သည်ဟု ဆိုကြကြောင်း သိရသည်။

ယနေ့လွတ်မြောက်ခဲ့သူများတွင် အထင်ရှားဆုံးဖြစ်သော မင်းကိုနိုင်သည် ရန်ကုန်မှ ၃၄၅ မိုင်ကွာဝေးသော သရက်အကျဉ်းထောင်မှ လွတ်မြောက်လာခြင်း ဖြစ်ပြီး ယင်းလွတ်မြောက်လာချိန်တွင် ပြည်သူလူထုမှ တစ်ခဲနက် ကြိုဆိုကြသည်ကို တွေ့ရသည်။ နောက်ထပ် ထင်ရှားသူတစ်ဦးမှာ ၈၈ မျိုးဆက်ကျောင်းသူ နီလာသိန်းဖြစ်ပြီး သာယာဝတီ အကျဉ်းထောင်တွင် အကျဉ်းကျခဲ့သူ ဖြစ်သည်။ သူမသည် ၁၉၈၈ အရေးအခင်းပြီးနောက် ၈ နှစ် အကျဉ်းကျခဲ့ပြီး ၂ဝဝ၈ ခုနှစ်တွင် ထပ်မံ၍ Electronic media ဥပဒေဖြင့် ထောင်ဒဏ် ၆၅ နှစ် ကျခံခဲ့ရသူဖြစ်သည်။ "ကျွန်မကျန်းမာရေးကောင်းပါတယ်။ ကျွန်မသမီးလေးကို ပြန်တွေ့ရတာလည်း အရမ်းကို ပျော်ပါတယ်။" ဟု ဘီဘီစီသို့ ပြောကြားသည်။ သူမ၏သမီးလေးကို သူမအကျဉ်းမကျမီနှစ်က မွေးဖွားခဲ့ခြင်းဖြစ်သည်။ သူမလွတ်မြောက်လာသော်လည်း ထောင်ထဲတွင် နိုင်ငံရေးအကျဉ်းသား ၂၅ ဦးကျော် ကျန်ရှိနေသေးကြောင်း သူမက ဆိုသည်။ သူမနှင့်အတူ လွတ်မြောက်လာသော သူမ၏ ခင်ပွန်းဖြစ်သူ ကျော်မင်းယု ခေါ် ဂျင်မီသည်လည်း ၂ဝဝ၇ ခုနှစ်တွင် အကျဉ်းကျခဲ့သော နိုင်ငံရေးလှုပ်ရှားသူတစ်ဦးဖြစ်ပြီး ယင်းတို့နှင့်အတူ ဌေးကြွယ်လည်း လွတ်မြောက်လာသည်ဟု သိရသည်။

အခြားကျောင်းသားခေါင်းဆောင် ကိုကိုကြီးလည်း လွတ်မြောက်သည့်စာရင်းထဲတွင် ပါဝင်ခဲ့သည်။ ၂ဝဝ၄ ခုနှစ်တွင် ထိန်းသိမ်းခံခဲ့ရသော ယခင်ဝန်ကြီးချုပ်တစ်ဦးဖြစ်သူ ခင်ညွန့်သည်လည်း နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည်။ ရှမ်းပြည်နယ်၏ ရှေ့ဆောင်နိုင်ငံရေး ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးခွန်ထွန်းဦးလည်း လွတ်မြောက်ပြီ ဖြစ်သည်။

အဆိုပါလွတ်မြောက်မှုများကို ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယင်းအရွေ့သည် အပြုသဘောဆောင်သည့် လက္ခဏာ တစ်ခုဟု ဆိုသည်။

လွတ်မြောက်လာသူများထဲမှ ငါးဦးသည် ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် အခြေစိုက်သော DVB ရုပ်သံမှ သတင်းသမားများဖြစ်သည်။ ယင်းတို့ထဲမှ စည်သူဇေယျက "ကျွန်တော်လွတ်လာတာ လည်ပင်းမှာ ကြိုးတန်းလန်းနဲ့ လွတ်လာသလိုပါပဲ။" ဟုဆိုပြီး အစိုးရက ယင်း၏ အလုပ်ကိုဆက်လက်လုပ်ခွင့် မပြုမည်ကို စိုးရိမ်ကြောင်း ပြောဆိုသွားခဲ့သည်။

****************************************************************************

ဘီလ်ဂိတ်မြန်မာနိုင်ငံသွားမည့် သတင်းမဟုတ်မှန်ဟု ငြင်းဆို

(Reuters သတင်းဌာနမှ 11 Jan 2012 ရက်စွဲပါ Gates spokeman denies he plans to visit Myanmar ကို ဘာသာ ပြန်ဆိုသည်)

ကမ္ဘာကျော်မိုက်ခရိုဆော့ဖ်ကော်ပိုရေးရှင်း၏ Co-founder ဖြစ်ပြီး ဘီလီယံနာတစ်ဦးဖြစ်သူ ဘီလ်ဂိတ်စ်(Bill Gates) မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည်ဟူသော သတင်းပေးပို့ချက်များမှာ မှန်ကန်မှုမရှိကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောကြားသည်။ ပထမပိုင်းက Bill Gates ပါဝင်သော အမေရိကန် အဆင့်မြင့် စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့ မြန်မာနိုင်ငံသို့မကြာမီလပိုင်းအတွင်းသွားရောက်လည်ပတ်မည်ဟု သတင်းပေးပို့ချက်များ ထွက်ပေါ်ခဲ့မှုအပေါ် ၎င်းက အထက်ပါအတိုင်းငြင်းပယ်လိုက်ခြင်းဖြစ်သည်။

"မစ္စတာ Bill Gates မြန်မာနိုင်ငံကို သွားရောက်လည်ပတ်မယ်ဆိုတဲ့ သတင်းတွေက မှန်ကန်မှုမရှိပါဘူး" ဟု ပြောရေးဆိုခွင့်ရှိသူ John Pinette က ပြောကြားသည်။ ကမ္ဘာကျော် မိုက်ခရိုဆော့ဖ်ကော်ပိုရေးရှင်း၏ ဥက္ကဌဖြစ်ပြီး ကုဋေကြွယ်သူဌေးကြီးတစ်ဦးဖြစ်သူ ဘီလ်ဂိတ်စ် ပါဝင်သော အမေရိကန် စီးပွားရေးလုပ်ငန်းခေါင်းဆောင်များ ကိုယ်စားလှယ်အဖွဲ့ မကြာမီလပိုင်းအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် လာရောက်လည်ပတ်မည် ဖြစ်ကြောင်း မြန်မာအစိုးရအရာရှိကြီးများ၏ ပြောကြားချက်ကို Reuters သတင်းဌာနက ဇန်နဝါရီလ ၉ ရက်နေ့တွင် ကိုးကားရေးသားဖော်ပြခဲ့သည်။

ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ အရှိန်မြှင့်တင်လျက်ရှိသော မြန်မာနိုင်ငံသို့ လတ်တလော ရက်သတ္တပတ်များ အတွင်း နိုင်ငံခြားစီးပွားရေး လုပ်ငန်းရှင်များ (အများအားဖြင့် အာရှဒေသမှ) ရန်ကုန်မြို့သို့လာရောက်ကာ စီးပွားရေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများရှာဖွေလျက်ရှိသည်။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလေ့လာဆန်းစစ်သူအချို့ကမူ မြန်မာနိုင်ငံသည် ၁၉၉၄ ခုနှစ် အမေရိကန်ပြည်ထောင်စုက ဗီယက်နမ်နိုင်ငံကို စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားပေးလိုက်သည့် အချိန်ကာလမျိုးထဲသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ သို့သော် မြန်မာသည် အာရှပါဝါနိုင်ငံကြီး နှစ်နိုင်ငံဖြစ်သော တရုတ်နှင့် အိန္ဒိယကြားတွင်တည်ရှိကာ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အဖြစ် ဗီယက်နမ်ထက်မဟာဗျူဟာအရ ပို၍အရေးပါနေကြောင်းသုံးသပ်ပြောဆိုသည်။

**********************************************************************

မြန်မာ-ကရင် ငြိမ်းချမ်းရေး သဘောတူစာချုပ်ကို အမေရိကန်ပြည်ထောင်စု ထောပနာပြု

(Shannel News Asia မှ 13 Jan 2012 ရက်စွဲပါ "US hail Myanmar-Karin peace deal" သတင်းကို ဘာသာ ပြန်ဆိုသည်။)

မြန်မာအစိုးရနှင့်ကရင် KNU အုပ်စုတို့သည် ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ပွဲတစ်ခုကို အပစ်အခတ်ရပ်စဲမှု စာချုပ်လက်မှတ်ထိုးခြင်းဖြင့် ပြောင်မြောက်သော ဆောင်ရွက်မှုတစ်ခုကို ပြုလုပ်ခဲ့ကြကြောင်း အမေရိကန်ပြည်ထောင်စုက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။

"မြန်မာအစိုးရနဲ့ ကရင်အမျိုးသားအစည်းအရုံးတို့အကြား အပစ်အခတ်ရပ်စဲမှု သဘောတူညီချက် ရရှိသွားတဲ့ သတင်းကို ကျွန်မတို့ ဂုဏ်ပြု ကြိုဆိုပါတယ်" ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး Victoria Nuland က ပြောကြားသည်။

မြန်မာနိုင်ငံ၏ ထင်ရှားသိသာသော ပြောင်းလဲပြုပြင်မှုများ၏ နောက်ဆုံးလက္ခဏာတစ်ခုအဖြစ် နေပြည်တော်မှ ဝန်ကြီးများ ကိုယ်စားလှယ်အဖွဲ့နှင့် KNU ထိပ်ပိုင်းတာဝန်ရှိသူများသည် စစ်ဒဏ်ခံ အရှေ့ပိုင်း ကရင်ပြည်နယ် ဘားအံမြို့တွင် ယာယီစစ်ပြေငြိမ်း အပစ်အခတ်ရပ်စဲရန် လက်မှတ် ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

''ကျွန်မတို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာအာဏာပိုင်တွေကို တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ရပ်ဆိုင်းဖို့၊ အမျိုးသားပြန်လည် စေ့စပ်ရေးအတွက် တိုင်းရင်းသားအုပ်စုအားလုံးနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဒိုင်ယာလော့ စတင် ဆွေးနွေးဖို့ တောင်းဆိုလာတာကြာပါပြီ'' ဟု Ms Nuland က ပြောကြားခဲ့သည်။

လွန်ခဲ့သော တစ်လကျော်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ သွားရောက်၍ မြန်မာအာဏာပိုင်များနှင့် ဆွေးနွေးရာတွင် ယင်းဒိုင်ယာလော့ခ်ကိစ္စသည် ထိပ်တန်းဦးစားပေး အကြောင်းအရာ တစ်ခုအဖြစ် ပါဝင်ခဲ့သည်ဟု Nuland က ပြန်လည် ထုတ်ဖော် ပြောဆိုခဲ့သည်။

''မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်စေ့စပ်ရေး ပြုလုပ်မှုလုပ်ငန်းစဉ်အရေးကြီးတဲ့အကြောင်းကို နိုင်ငံခြားရေးဝန်ကြီးက အလေးထား ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် ဒီလိုပြောင်မြောက်တဲ့ ဆောင်ရွက်ချက် ထွက်ပေါ်လာတာကို ကျွန်မတို့ ဂုဏ်ပြုကြိုဆိုပါတယ်'' ဟု သူမက ဆက်လက် ပြောဆိုသည်။

မြန်မာနိုင်ငံ၌ နှစ်ပေါင်းများစွာ စစ်ဖက်အုပ်ချုပ်မှုအပြီး ယခင်နှစ်မတ်လက အာဏာရလာသော အမည်ခံ အရပ်ဖက်အစိုးရသည် ကမ္ဘာ့အပစ်ပယ်ခံ ဘဝကို အဆုံးသတ်ရန် ရည်ရွယ်ပြုလုပ်သော ပြုပြင်ပြောင်းလဲမှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများကို လိုက်လျော ဆက်ဆံဆွေးနွေးရန် ကြိုးစားခဲ့သည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံအနှံ့အပြားကို ပြည်တွင်းစစ်က ဝါးမြိုထားခဲ့ခြင်းကြောင့် ပြည်တွင်းစစ်အဆုံးသတ်ရေးနှင့် အစိုးရတပ်ဖွဲ့များ လူ့အခွင့်အရေးညှင်းပန်းမှု အဆုံးသတ်ရေးသည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အဓိကတောင်းဆိုချက် ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံ၏ အရှည်ကြာဆုံးလက်နက်ကိုင် ပုန်ကန်တော်လှန်ရေး၏ ပုံရိပ်အဖြစ်ကရင်ပြည်နယ်မှ ကျေးရွာသားအများစုမှာ ထိုင်းနိုင်ငံ နယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းများသို့ ထွက်ပြေးခိုလှုံ နေထိုင်ကြရသည်။

အစိုးရ၏ သောင်းကျန်းသူနှိမ်နင်းရေး စီမံချက်ဗျူဟာများသည် နှစ်ပေါင်းများစွာကာလ တလျှောက်လုံး အရပ်သားများကို ပစ်မှတ်ထားကာ နေအိမ်များမှ မောင်းထုတ်ခြင်း၊ ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ရွာသားများကို စစ်တပ်အတွက် အဓမ္မခိုင်းစေခြင်းတို့ကို အဆက်မပြတ်ကျူးလွန်ခဲ့သည်ဟု လူ့အခွင့်အရေးအုပ်စုများက ခိုင်မာသော အထောက်အထားမှတ်တမ်းများဖြင့် တင်ပြပြောဆိုထားကြသည်။

****************************************************************

ဥရောပမှဝယ်လိုအားလျော့ကျသောကြောင့် တရုတ်ပို့ကုန်တင်ပို့မှုနှေးကွေး

(BBC သတင်းဌာနမှ 10 Jan 2012 ရက်စွဲပါ China export growth slows on weak demand from Europe ကို ဘာသာပြန်ဆိုသည်)

တရုတ်နိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့မှာ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပဒေသတို့မှ ဝယ်လိုအား နှေးကွေးခဲ့သောကြောင့် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တိုးတက်မှုနှုန်းလျော့ကျခဲ့ကြောင်း သိရသည်။ တရုတ်အကောက်ခွန်ဌာနအဆိုအရ ပို့ကုန်တင်ပို့မှုမှာ ၂၀၁၁ ခုနှစ်အစောပိုင်း ကာလများအတွင်း ၁၃ ဒဿမ ၄ ရာခိုင်နှုန်းတိုးမြှင့်ခဲ့ကြောင်း၊ သို့သော် ယခင်နှစ် နိုဝင်ဘာလ အတွင်း ၁၃ ဒဿမ ၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

သွင်းကုန်တင်သွင်းမှုကိုကြည့်လျှင်လည်း ယခင်နှစ်နိုဝင်ဘာလအတွင်း ၂၂ ဒဿမ ၁ ရာခိုင်နှုန်းထိတိုးတက်မှုရှိခဲ့ သော်လည်း ၂၀၁၁ ခုနှစ် ဆန်းပိုင်းတွင် ၁၁ ဒဿမ ၈ ရာခိုင်နှုန်းသာရှိကြောင်းတွေ့ရသည်။ ယခုထွက်ပေါ်လာသော ကိန်းဂဏန်းများကြောင့် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေး အင်အားကြီး တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်စရာများဖြစ်ပေါ်ခဲ့သည်။

တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်ရေးအခန်းကဏ္ဍသည် ၂၀၁၂ ခုနှစ်အတွင်း အားတက်စရာ ကောင်းသည့် အခြေအနေတွင် မရှိနိုင်ကြောင်း၊ အကြောင်းမှာ ပြည်ပမှဝယ်လိုအားများ ကျဆင်းနေသောကြောင့်ဖြစ်ကြောင်း ပြောကြားသည်။ စီးပွားရေးလေ့လာဆန်းစစ်သူများက ယခုထွက်ပေါ်လာသော ကိန်းဂဏန်းများက ၂၀၁၂ တရုတ်ပြည်စီးပွားရေးကို ပုံဖော်လိမ့်မည် ဖြစ်သည်ဟု သုံးသပ်ကြသည်။

“တရုတ် ဂျီဒီပီအတွက် ကျွန်တော်တို့ရဲ့ခန့်မှန်းချက်က အနိမ့်ဆုံးအဆင့်မှာ ရှိနေပါတယ်။ ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ ကိန်းဂဏန်းတွေအရ ယခုနှစ်ရဲ့ ပထမလေးပုံတစ်ပုံခန့်မှာ အကျပ်အတည်းနဲ့ ရင်ဆိုင်ရဖို့ရှိပါတယ်” ဟု ဟောင်ကောင်အခြေစိုက် တရုတ်စီးပွားရေးပညာရှင် Zhang Zhiwei ကပြောကြားသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးကျယ်ပြန့်ကြီးမားလာမှုသည် ပြီးခဲ့သည့် စက်တင်ဘာလတွင် ၉ ဒဿမ ၁ ရာခိုင်နှုန်းခန့် လျော့နည်းနှေးကွေး သွားခဲ့သည်။ တရုတ်ပြည်၏ ကုန်သွယ်ရေးပိုလျှံမှုမှာ လွန်ခဲ့သည့် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာတွင် ၁၄ ဒဿမ ၅ ဘီလီယံရှိခဲ့သော်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ၁၆ ဒဿမ ၅ ဘီလီယံအထိရှိလာခဲ့သည်။

********************************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၃.၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မျှော်လင့်ခြင်းတွေ ပြန်ရှင်သန်လာဖို့

*****************************************

ဆောင်းပါးကဏ္ဍ

မျှော်လင့်ခြင်းတွေ ပြန်ရှင်သန်လာဖို့

ခိုင်ဝင်း

(ဇန်နဝါရီ ၁၂ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၇၇) မှ ထုတ်ယူဖော်ပြသည်)

နိုင်ငံတကာရေးရာ ကျွမ်းကျင်သူ Dominique Moisi က ပထဝီနိုင်ငံရေးမှာ စိတ်ခံစားမှုများ၏ အရေးပါပုံကိုသူ၏ The Geopolitics of Emotion စာအုပ်တွင် ရေးသားခဲ့သည်။ ဒေသတွင်းနေထိုင်ကြသူများ၏ စိတ်အခြေအနေများနှင့် ပထဝီနိုင်ငံရေးဆက်စပ်ပုံကို သူက ရှင်းလင်းတင်ပြခဲ့သည်။ ယခင်က စိတ်ခံစားမှုများသည် နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်ဆိုသည့် အယူအဆကိုသူက ငြင်းချက်ထုတ်ခဲ့သည်။

Dominique Moisi က hope မျှော်လင့်ချက်တွေ ပြည့်ဝနေသည့် ခံစားမှု၊ humiliation အရှက်တကွဲနဲ့ ဂုဏ်သိက္ခာမဲ့နေသည်ဟု ခံစားနေရသည့် စိတ်အခြေအနေနဲ့ fear ကြောက်စိတ်ခံစားမှု ၃ မျိုးဖြင့် ဒေသ ၃ခု၏ ပထဝီ နိုင်ငံရေးကို တင်ပြခဲ့သည်။ သူက ထိုစိတ်အခြေအနေ ၃ မျိုးကို ရွေးချယ်ရခြင်းမှာ ယင်းတို့သည် ယုံကြည်မှု (confidence) ဆိုသည့် အယူအဆဖြင့် နီးနီးကပ်ကပ် ဆက်စပ်နေသောကြောင့် ဖြစ်သည်ဟု ဆိုသည်။ ယုံ ကြည်မှုသည် နိုင်ငံများနှင့် ယင်းတို့သည် အယူအဆဖြင့် နီးနီးကပ်ကပ် ဆက်စပ်နေသောကြောင့် ဖြစ်သည်ဟုဆိုသည်။ ယုံကြည်မှုသည် နိုင်ငံများနှင့် ယင်းတို့၏ ပြည်သူများ ကြုံတွေ့ရသည့် စိန်ခေါ်မှုများကိုဖြေရှင်းရာတွင်နှင့် အပြန်အလှန်ဆက်ဆံမှုများတွင် အဓိကကျသည်ဟုဆိုသည်။

မျှော်လင့်ချက်တွေ ပြည့်နှက်နေသည့် အာရှတိုက်၊ ညှိုးငယ်ပြီးဂုဏ်သိက္ခာမဲ့နေသည်ဟု ခံစားနေရသည့် အရှေ့အလယ်ပိုင်းက အာရပ်ကမ္ဘာနှင့် ကြောက်စိတ်ခံစားနေရသည့် အနောက်အုပ်စု (ဥရောပနှင့် အမေရိကန်) ဟုဒေသ ၃ ခုကို သုံးသပ်ပြခဲ့သည်။ အာရှတိုက်တွင် နေထိုင်သူအများစုတွင် တောက်ပ သည့်အနာဂတ် ကိုပိုင်ဆိုင်လိမ့်မည်ဟူသော မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်ဟုMoisi က ရေးသားခဲ့သော်လည်း မြန်မာနိုင်ငံနှင့် ပတ်သက်ပြီးသူ၏ သုံးသပ်ချက်မှာတော့ မျှော်လင့်ချက်ရောင်ခြည်ဟာ မြန်မာပြည်သူများအပေါ် မကျရောက်သေးသည့် သဘောဖြစ်သည်။ သို့သော် သူ၏စာအုပ်မှာ ၂၀၁၀ ဇွန်လတွင် ထုတ်ဝေခဲ့ခြင်း ဖြစ်သည့်အတွက်  မြန်မာနိုင်ငံတွင် အပြောင်းအလဲများ မစတင်မီဖြစ်သည်။

မျှော်လင့်ချက်ရှိသည်ဆိုသည့် ခံစားမှုမှာယနေ့သည် မနေ့ကထက် ကောင်းသည်။ မနက်ဖြန်သည် ခံစားရမှုမျိုး ဖြစ်သည်ဟု Moisiကဆိုသည်။ ထိုသို့ ခံစားရမှလည်း ယုံကြည်မှုများ တစ်နေ့တခြား တိုးပွားလာမည် ဖြစ်လေသည်။ သူက အရှက်ရပြီး ဂုဏ်သိက္ခမဲ့နေသည်ဟု ခံစားရမှုသည်  ဒဏ်ရာအနာတရ ရထားသည့်  ယုံကြည်မှုဖြစ်သည်ဟု ဆိုသည်။ ယင်းစိတ်ခံစားနေရသူသည် အနာဂတ်သည် သူတို့နှင့် မသက်ဆိုင်ဟုလည်းခံစားနေရသည်။ ကြောက်စိတ် ကတော့ ယုံကြည်မှုမဲ့နေသည့်  စိတ်ဟုသူကဆိုသည်။ လက်ရှိအခြေအနေကို စိုးထိတ်သလို အနာဂတ်သည်လည်း ပိုမိုကြောက်ရွံ့စရာ ကောင်းလိမ့်မည်ဟု ထင်နေသည့် စိတ်ခံစားမှုဖြစ်သည်ဟု သူကဆိုသည်။

Moisi ၏ သုံးသပ်ချက်အရဆိုလျှင် မျှော်လင့်ချက် ရှင်သန်ဖို့ရာသည် နိုင်ငံတိုင်းအတွက်၊ လူမျိုးတိုင်းအတွက်၊ နိုင်ငံသားတိုင်းအတွက် အင်မတန် အရေးကြီးလေသည်။ အထူးသဖြင့် အများစုမျှော်လင့်ချက်တွေ ရင်မှာအပြည့်နဲ့ဖြစ်နေသည့် အာရှတိုက်အတွင်းတည်ရှိသည့် မြန်မာနိုင်ငံအတွက်ဆိုလျှင် ပိုလို့ အရေးကြီးလေသည်။ မြန်မာနိုင်ငံလို့ဆိုရာတွင် မြန်မာနိုင်ငံအတွင်းနေထိုင်သည့် နိုင်ငံသားတိုင်းမှာ မျှော်လင့်ချက်တွေ ပြည့်နှက်နေဖို့ လိုအပ်လေသည်။ မြန်မာလူမျိုးများသာမက၊ တိုင်းရင်းသားအသီးသီး၏  ရင်ထဲတွင်လည်းမျှော် လင့်ချက်တွေ ပြည့်လျှံနေဖို့ လိုအပ်လေသည်။

အဘယ်ကြောင့်ဆိုသော် အာရှတိုက်သည် ဖွံ့ဖြိုးတိုးတက်မှု အဖြစ်ထွန်းဆုံး ဖြစ်သောကြောင့် ဖြစ်သည်။ အာရှကျားလေးကောင်လို့ ခေါ်သည့် တောင်ကိုရီးယား၊ တရုတ် (တိုင်ပေ)၊ ဟောင်ကောင်၊ စင်ကာပူတို့သည် အံ့မခန်း စီးပွားဖွံ့ဖြိုးတိုးတက်မှုကိုရရှိခဲ့သလို၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့သည်လည်း ကျားပေါက်လေးများ ဖြစ်လာနေသည်။ အိမ်နီချင်းနိုင်ငံများတွင် နေထိုင်သူများက ယုံကြည်မှုအပြည့်ဖြင့် တက်ကြွပြီး မျှော်လင့်ချက်များဖြင့် အလုပ်လုပ်နေစဉ်တွင် မိမိတို့ မြန်မာနိုင်ငံသားများက မျှော်လင့်ချက်မဲ့သည့်စိတ် ခံစားနေရပါက အရှက်ပိုရလာမည် ဖြစ်လေသည်။ မိမိနှင့် နီးနီးစပ်စပ်ရှိသူများက တိုးတက်ကြီးပွားနေချိန်တွင် မိမိကဘာလို့ မဖြစ်ရသနည်းဟူသော စိတ်ခံစားလာရပြီး၊ မိမိကိုယ်မိမိ ပိုမိုအရှက်ရလေမည်။ ညှိုးငယ်စိတ်ပိုဝင် လာမည် ဖြစ်လေသည်။ ထိုအခါ ထင်ရာစိုင်းနိုင်လေကြောင်း စာရေးသူသတိပြုမိသည်။ အထူးသဖြင့် ၂၀၁၁ မတိုင်ခင်က ဖြစ်လေသည်။ သိမ်ငယ်စိတ်နှင့်အတူ အတိတ်ကိုတမ်းတကြသည်။ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လောနိုင်ငံတို့သည် ဖွံ့ဖြိုးတိုးတက်မှုတွင် ကျွန်ုပ်တို့ မြန်မာနိုင်ငံ၏ နောက်အများကြီး ရောက်ခဲ့ ကြောင်းကို အမြဲတစေ အမှတ်ရနေကြသည်။ ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းများ၊ ဗီယက်နမ် ပို့ကုန်များကို ပြည်တွင်းတွင် တွေ့မြင်ရတိုင်းမကြာသေးခင် ကာလအထိ ငါတို့နောက်မှာရှိခဲ့သည့် ဗီယက်နမ်သည် ငါတို့ကို ကျော်တက်သွားပြီ၊ ဖြစ်မှဖြစ်ရလေဆိုသော ဝမ်းနည်းစိတ်နှင့်အတူ သိမ်ငယ်စိတ်၊ အနာဂတ်ကို ကြောက်သည့် စိတ်တို့လည်း ဝင်လာလေတော့သည်။

သို့သော်ငြားလည်း ၂၀၁၁ ခုနှစ် အစိုးရသစ် တက်လာသည့် နောက်ပိုင်းအပြောင်းအလဲများ ဖြစ်ပေါ်လာသည့်အချိန်ကစပြီး မြန်မာနိုင်ငံသား အချို့တွင် မျှော်လင့်ခြင်းများ ပြန်ရှင်သန်လာသည်ကိုတွေ့ရသည်။ အထူးသဖြင့် ခေတ်ပညာတတ်များနှင့် အလယ်အလတ် အထက်ပိုင်းဖြစ်လေသည်။ အပြောင်းအလဲများနဲ့ အတူပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးအခွင့်အလမ်းများ ပေါ်ထွန်းလာမည်။ အနာဂတ်သည် လှပလာလိမ့်မည်ဟု ယုံကြည်လက်ခံလာသည်ကို တွေ့ရသည်။ စိတ်မကောင်းစရာမှာ အောက်ခြေလူတန်းစားနှင့် တိုင်းရင်းသားအများစုတွင်တော့ မျှော်လင့်ခြင်းများရှင်သန် ဖြစ်ပေါ်နေသည်ကို သိပ်မတွေ့ရခြင်း ဖြစ်သည်။

ထိုအခါမှာ နိုင်ငံတော်အနေဖြင့် မြန်မာနိုင်ငံသားများအားလုံးတွင် မျှော်လင့်ချက်များ၊ မိမိကိုယ်ကိုယုံကြည်မှုများဖြင့် ပြည့်လျှံလာစေရန် အထူးစီမံကိန်း အနေဖြင့် ဆောက်ရွက်ရသင့်လေသည်။ မြန်မာနိုင်ငံကြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရန် ရုပ်ဝတ္ထုပစ္စည်းများအများကြီး လိုအပ်နေသးသည် ဆိုသော်လည်း၊ နိုင်ငံသားများ၏ စိတ်ဓာတ်နှင့် နိုင်ငံသားများတွင် မျှော်လင့်ချက်များ ပြည့်လျှံပြီး အနာဂတ်အပေါ်ယုံကြည်မှု အပြည့်အဝရှိနေသည့် စိတ်နေစိတ်ထားထက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ပိုမိုအရေးကြီးသည့် အရာမရှိတော့ပြီ။ နိုင်ငံသားတစ်ဦးချင်းမှသည် နိုင်ငံသားအားလုံးတွင် မျှော်လင့်ချက်များ၊ ယုံကြည်မှုများရှင်သန် ဖြစ်ထွန်းလာရန် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးက ဝိုင်းဝန်ကြိုးပမ်းကြရမည် ဖြစ်သည်။ ကြိုးလည်း ကြိုးပမ်းနေသည်ကိုတွေ့ရသည်။ သို့သော် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးက ဝိုင်းဝန်းကြိုးပမ်းကြရမည် ဖြစ်သည်။ ကြိုးလည်းကြိုးပမ်းနေသည်ကို တွေ့ရသည်။ သို့သော် နိုင်ငံတော်၏ အခန်းကဏ္ဍက အထူးအရေးကြီး လေသည်။ ပိုမိုကြိုးပမ်းရမည်ဖြစ်လေသည်။

Moisiပြောခဲ့သလိုမျှော်လင့်ခြင်းနှင့် ယုံကြည်မှု (Confidence) သည် ဆက်စပ်နေသည်ဟုဆိုလျှင် စာရေးသူ ထင်မြင်သည်မှာ နိုင်ငံသားများတွင် မျှော်လင့်ခြင်းများ၊ ယုံကြည်မှုများရှိလာရန် နိုင်ငံတော်နှင့် နိုင်ငံသားများ အကြားယုံကြည်မှု (Trust) ရှိရန်လည်းအလွန်လိုအပ်လေသည်။ ထိုအတွက်ကြောင့်လည်း နိုင်ငံတော်၏ အခန်းကဏ္ဍသည် အထူးအရေးပါသည်ဟု ဆိုခြင်းဖြစ်လေသည်။ လက်ရှိဖြစ်ပေါ်နေသည့် အပြောင်းအလဲများအပေါ် ပြည်သူအများစုသည် မယုံမရဲ ဖြစ်နေသေးလေသည်။ ဆက်စပ်ပြီး ယင်းတို့၏ အနာဂတ်အပေါ် တွင်လည်းမျှော်လင့်ချက်မထားရဲ၊ အပြည့်အဝမယုံကြည်ရဲသေးပေ။

                                                                    Ref: The Geopolitics of Emotion, Dominique Moisi, 2010

*****************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs