Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၀.၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. Change အကောင်းတွေ ပိုမြန်နိုင်ကြပါမှ

****************************************

ဆောင်းပါးကဏ္ဍ

Change အကောင်းတွေ ပိုမြန်နိုင်ကြပါမှ

မင်းတင်

(ဇန်နဝါရီ ၁၉ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၇၈) မှ ထုတ်ယူဖော်ပြသည်)

နိုင်ငံရေး၊ နိုင်ငံရေးရာ စီးပွားရေး (Political Economy)နှင့် စီးပွားရေးတည်ငြိမ်မှ နိုင်ငံနှင့် နိုင်ငံသားတို့၏ ဘဝဖွံ့ ဖြိုး တိုးတက် အေးချမ်းပါမည်။ ဒါက ငြင်းမရသော လောက နိယာမတစ်ရပ်လည်းဖြစ်၏။ ယနေ့တိုင် ဆွေးနွေးနေကြဆဲ အကြောင်းများထဲမှတစ်ရပ်မှာ ပိုကောင်းမွန်သော လူမှုဘဝများဖြင် လူ့အဖွဲ့အစည်းအဖြစ် မည်သို့ တည်ဆောက်ကြမည်လဲဆိုသည့် အချက်အပေါ် ဖြစ်သည်။

ကမ္ဘာ့ဖွံ့ဖြိုးပြီး နိုင်ငံကြီးတိုင်း ဒီမိုကရေစီကို အခြေခံထားကြကြောင်း ယနေ့ ကမ္ဘာက မျက်ဝါးထင်ထင်ပြနေ၏။ ထိုနိုင်ငံကြီးများအကြောင်း၊ ဒီမို ကရေစီနှင့် လူ့အခွင့်အရေးအကြောင်း၊ ပညာရှင်များစွာက ရေးသားခဲ့၊ ရေသားနေကြဆဲဖြစ်သည်။ ဆက်၍လည်း ရေးကြရဦးမည်အမှန်။ အကြွင်းမဲ့ပြီး ပြည့်စုံသော Absolute perfe ct ကတော့ လောကီနယ်ပယ်၌ မရှိနိုင်။ သို့ငြား မိမိနှင့် မိမိလူ့အဖွဲ့အစည်း ကောင်းကျိုးအတွက် အတ္တ-ပရ မျှတစွာ ကြိုးစားကြံဆောင်လုပ်ကိုင် ကြရမည်ဆိုခြင်း ကတော့ လောကနီတိစင်စစ်ဖြစ်ပါသည်။ အတ္တပရ မျှခြေညီဖို့ ဆိုသည့်အချက်က အလွန်အရေးကြီးပါသည်။

စီတဲ့ရေ၊ ဆည်တဲ့ကန်သင်း

ယခုရက်ပိုင်းများ၌ မြန်မာနိုင်ငံသို့ ဝင်လာမှုများကို ကြည့်လျှင် Change ကို ရှေ့ဆက်စေဖို့ စီးပွားရေး ကမ်းလှမ်းချက်များဟု ယေဘုယျ ပြောနိုင်သည်။ မြန်မာ Change ဆိုသည်မှာ တစ်နှစ်နီးပါးအားလုံးပြောလာခဲ့ ကြပြီးဖြစ်သော ဒီမိုကရေစီရေး ပြောင်းလဲမှုဖြစ်သည်။ Reform ဆိုသည်မှာ လမ်းကြောင်းပြောင်းလဲ လာသည့်အလျောက် ပြုပြင်ပြောင်းလဲတည်ဆောက်ရေး ဖြစ်သည်။ ယနေ့ Change ဟု ပြောလာသာ၊ တချို့လုပ်လာသော မြန်မာကို လမ်းကြောင်းပေါ် ရောက်စေရန်၊ တစ်ဆင့်တက် Reform မြန်မြန်လုပ်နိုင်ရန် ပြည်တွင်းရော နိုင်ငံတကာကပါ ဝိုင်းဝန်းနေကြချိန်ဟု မြင်ပါသည်။

ပြန်ကောက်လျှင် ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဝီလီယံဟိတ်ဂ်၏ အသေးစားချေးငွေ (Microfinance)ကိစ္စ။ ၄ နှစ်တွင်း ဒေါ်လာသန်း ၂၉၀ (ပေါင် စတာလင် ၁၈၅သန်း) ကို ဗြိတိန်မှ ထောက်ပံ့ကူညီသွားရန် (ယမန်နှစ်ကတည်းက ကမ်းလှမ်းထားပြီး) အတည်ပြုသွားခဲ့သည်။ ဗြိတိန်၏ နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန (DFID) ၏ ရန်ကုန်ရုံးခွဲမှ ကိုင်တွယ် စီမံသွားမည်။ ငွေစုငွေချေးသမဝါယမများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ဆွေးနွေးဆောင်ရွက်မည်။

ပညာရှင်များ၏ တွက်ချက်မှုအရ မြန်မာပြည်သူများ တကယ်လိုအပ်သော အသေးစားချေးငွေ ပမာဏ မှာ တစ်နှစ်လျှင် ဒေါ်လာသန်း ၆၉၀ ဖြစ်ပြီး တစ်ဦးချင်းစီ လက်ထဲ တိုက်ရိုက်ရောက်ဖို့လိုကြောင်း၊ မသမာမှုများ ပိုနည်းပါးစေရန် (ဥပမာ ငွေချေးပြီး ပြန်မဆပ်သူများကဲ့သို့) ဥပဒေ၊ နည်းဥပဒေများလည်း ကောင်းမွန်စွာ ရှိဖို့လို ကြောင်း Financial Times သတင်းစာ၌ ဖော်ပြထားသည်။

ဂျပန်စီးပွားရေး ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး ယူကီအိုအီဒါနိုနှင့် အဖွဲ့လည်း ယခုဆို ရောက်နှင့်နေခဲ့ လောက်ပြီ၊ ဟီတာချီ၊ တိုရှီဘာ၊ မစ်ဆူအီ၊ မာရှုဘီနီတို့လို ကမ္ဘာ့ထိပ်သီးကုမ္ပဏီကြီးများမှ အဆင့်မြင့် ကိုယ်စားလှယ်များစွာနှင့်အတူ ရင်းနှီးမြုပ်နှံမှုနှင့် ကုန်သွယ်ရေးတိုးမြှင့်ရန် ဖြစ်သည်။ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဂမ်ဘာ၏ ခရီးစဉ် နောက်ဆက်တွဲဖြစ်ပြီး ထိုစဉ်ကတည်းက ပြည်သူ့ခေတ်ဂျာနယ်၌ အတော်တို့ထိပြထားခဲ့ပြီးဖြစ် ပါသည်။ သီလဝါ စက်မှုဇုန်နှင့် (အဓိက) ဆိပ်ကမ်းကို နိုင်ငံတကာအဆင့်မြှင့်ရန် တောင်ကိုရီးယားမှ HANA  ကုမ္ပဏီ၏ ဒေါ်လာ ၅ ဘီလျံစီမံကိန်းလည်း ရှိနေသည်။ လွန်ခဲ့သည့် အောက်တိုဘာကတည်းက ကြေညာထားခဲ့ပြီး အတည်ပြုချက်ကိုတော့ မသိရသေးဟု ဆင်ဟွာသတင်းတစ်ပုဒ်၌ ယခု နာရီပိုင်းလေးကပဲ ဖတ်လိုက်ရသည်။ စင်ကာပူ FM ကလည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု တိုးမြှင့်ရေး ခပ်မြန်မြန် ရှေ့ဆက်လုပ်သွားမည်ဟု ကတိပေးထား၏။

ထိုထို စီးဝင်လာမည့် ရေများကို မိမိတို့ဘက်မှ ထိန်းသိမ်းပြန့်ပွားအောင် လုပ်နိုင်ကြရဖို့ လိုအပ်မည်ဖြစ်ပါသည်။

Sanctions ကိစ္စ အာဆီယံပြောပြီ

ဇန်နဝါရီ ၁၁၊ ဗုဒ္ဓဟူးနေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ အလှည့်ကျ ဥက္ကဋ္ဌသစ်အဖြစ်ကမ္ဘာဒီယား FM မှ ကိုယ်စားပြု ပြောဆိုလိုက်ခြင်း ဖြစ်သည်။ အနောက်နိုင်ငံများမှ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော Sanction အားလုံး ရုပ်သိမ်းပေးဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးမှ တညီတညွတ်တည်း တောင်းဆိုကြောင်းဖြစ်ပြီး ယမန်နှစ် (အင်ဒိုနီးရှား) ကလည်း တောင်းဆိုဖူးသည်။ အာဆီယံ စိတ်ဓာတ်ဟု ဆိုရ မည်ထင်၏။ ဒေသတွင်း၊ အဖွဲ့တွင်းနိုင်ငံတစ်နိုင်ငံမှ ပြည်သူများ နိမ့်ပါးနေ သည်ကို မြင်လိုစိတ်ရှိကြပုံမရ။ Sanction ကိစ္စကို အနောက်နိုင်ငံကြီးများကတော့ မြန်မာဘယ်လောက် မြန်မြန် Change မှာလဲ။ ဒီအပေါ်သာ မူတည်သည်ဟု ပြောထားဆဖြစ်ပြီး ဥပဒေကြောင်းဖြစ်၍ လွှတ် တော်အဆင့်ဆင့် သဘောတူညီမှု ရယူဖို့လည်းရှိပါသည်။ အိုဘားမားပင် တစ်ဦးတည်းသဘောဖြင့် လုပ်ယူ၍ မရပါ။

ထားဝယ်ရေနက်ဆိပ်ကမ်း၊ ထိုင်းနှင့်မြန်မာ

ဇန်နဝါရီ ၁၂၊ ကြာသာပတေးနေ့ထုတ် နိုင်ငံပိုင်သတင်းစားများတွင် ဖတ်ရှုကြရပြီးဖြစ်ပါလိမ့်မည်။ ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ် တုန်းကလည်း ဤကိစ္စ အတန်အသင့်ရေးခဲ့ပြီး ဖြစ်ပါသည်။ ဒါက နှစ်နိုင်ငံလုံး၏ ‘ဘုံ’ အကျိုးစီးပွား လည်းဖြစ်သည်။ တကယ်လုပ်ကြလျှင် အဟုတ်ဖြစ်ကြမည့် စီမံ ကိန်းတစ်ရပ်၊ နိုင်ငံချင်းသာမက ဆက်စပ်လုပ်ငန်းရှင်များနှင့် အများပြည်သူ ဘဝများကိုပါ ကောင်းစေ နိုင်သော ကိစ္စဟု ယူဆမိပါသည်။

ထူးခြားသည်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာ မြန်မာနိုင်ငံတွင် အစိုးရသစ်အနေဖြင့် ဖြေလျှော့မှုများစွာဖြင့် ဒီမိုကရေစီစနစ် အောင်မြင်အောင် ဖော်ဆောင်လျက်၇ှိပါကြောင်း၊ နောက်ကြောင်းပြန်လှည့်ရန် မရှိပါကြောင်း၊ ထို့အပြင် နယ်စပ်ဒေသငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြားညှိနှိုင်း၍ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသွားခြင်းပင်ဖြစ်ပါသည်။ မြန်မာ့ဒီမိုကရေစီရေး၌ တပ်မတော်မှ ပထမဆုံး တရားဝင်ထုတ်ပြန် ပြောဆိုခြင်းဟု ထင်မြင်မိပါသည်။

ဤနေ့၌ပင် နှစ် ၆၀ ကျော် အပြန်အလှန် တိုက်ခိုက်လာခဲ့ကြသော KNU အဖွဲ့နှင့် ပြည်နယ်အဆင့် ပဏာမသဘောတူညီချက် ၁၁ ချက် လက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း သိခဲ့ရသည်။ စစ်မှန်သော ငြိမ်းချမ်းရေး အစပျိုးပေလား။ သံသ ယမြူမှုန်များအောက် အန္တရာယ်များ ရှိနေတတ်သဖြင့် စိုးရိမ်စွာ စောင့်ကြည့်ဖို့ပဲရှိနေပါသည်။

တစ်ရက်တည်း သတင်းကောင်း ၂ ပုဒ်

နိုင်ငံတော်သမ္မတ အမိန့်ဖြင့် နိုင်ငံအတွက် ပါဝင်ဆောင်ရွက်နိုင်မည့် အကျဉ်းသား ၆၅၁ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း သတင်း ဖြစ်ပါသည်။ အများမျှော်လင့်နေကြသော ယုံကြည်ချက်ဖြင့် အလုပ်လုပ်ရင်း ထောင်ကျခဲ့ကြရသူများ၊ နိုင်ငံကို တကယ်ပြန်ကြည့်မည့်သူများ ပမာဏ ပိုများပါစေ ဟုသာ တောင့်တနေမိသည်။

ယခုဆောင်းပါရေးနေချိန်အထိ သိရှိရသမျှ ယုံကြည်ချက်   အကျဉ်းသားများ လွတ်မြောက်လာသမျှမှာ- မြင်းခြံ ထောင်မှ ၁၃ ဦး (အားလုံး)၊ တောင်ကြီး ထောင်မှ ၁၁ဦးတွင် ၁၀ဦး၊ ဘူးသီးတောင်ထောင်မှ ၁၀ဦးတွင် ၉ဦး၊ သာယာဝတီထောင်မှ ၁၀ဦး (အားလုံး)၊ ဗန်းမော်ထောင်မှ အားလုံး (အရေအတွက် မသိရသေး)၊ ကျောက်ဖြူထောင်မှ ၉ဦး၊ သရက်ထောင်မှ ၁၈ဦးတွင် ၉ဦး (၉ဦးကျန်)၊ ဘားအံထောင်မှအားလုံး (အရေအတွက်မသိရသေး) တို့ဖြစ်ကြသည်။ ကျန် လွတ်မြောက်လာသူများနှင့် ထောင်စာရင်းတို့ကို အတိအကျ ဖော်ပြပေးနိုင်ရန် ပြည်သူ့ခေတ် အဖွဲ့သားများ လုံးပန်းနေကြ၏။

သိပြီးရသမျှထဲ ယုံကြည်ချက်အကျဉ်းသား ၈၈မျိုးဆက်မှ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုဂျင်မိ၊ မမီးမီး၊ ကိုလှမျိုးနောင်၊ ကိုအံ့ဘွယ်ကျော်၊ ကိုမြအေး၊ ကိုဉာဏ်လင်း၊ ကိုပြုံးချို စသူများပါဝင်၏။ တိုင်းရင်းသားထဲမှ ဦးစွန်းထွန်းဦး၊ ဦးစိုင်းညွန့်လွင်နှင့် စောနေထူး(ကရင်)တို့ပါ၏။ နောက်ပြီး တပ်မတော် ထောက်လှမ်းရေမှူးချုပ်(ဟောင်း)၊ ဝန်ကြီးချုပ်(ဟောင်း)၊ ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်၊ ဒုတိယဗိုလ်မှူးကြီး(ဟောင်း) စိုးညွန့်တို့ ပါဝင်၏။ ဦးဂမ္ဘီရလည်း ပါလာသည်။ တောင့်တမှု တချို့တော့ ပြည်လာပြီ၊ ဆက်ကြည့်ရပါဦးမည်။

ဒဲရစ်မစ်ချဲလ်၊ လူးဝစ္စဘာကာနှင့် ဂျိုးဇက်ခရောင်လေ

ဒဲရစ်မစ်ချဲလ်၏ တရားဝင်ရာထူးမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းဆောင်ရွက်ရေးမှူး၊ သံအမတ်ကြီးဖြစ်သည်။ ယမန်နှစ် သြဂုတ်လမှစ၍ မကြာခဏ ရောက်လာသူဖြစ်သောကြောင့် မြန်မာတို့နှင့် မစိမ်းလှတော့။ ယခု စတုတ္ထအကြိမ် ၄ ရက်ခရီးစဉ်၌ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့်တွေ့သည်။ Change ကိစ္စများ ဆက်လက်ညှိနှိုင်းသည်။ ပုဂံသို့ သွားသည်။ အသေးစား ချေးငွေကိစ္စ၊ ဖွံ့ဖြိုးမှုဆိုင်ရာ ကိစ္စများ လေ့လာသည်။

ဤ Microfinance ကိစ္စက ပုဂံဒေသတစ်ခုတည်းမဟုတ်။ တစ်နိုင်ငံလုံးတောင်သူလယ်လုပ်၊ ထင်းခုတ်မကျန် လိုအပ်နေသော ကိစ္စဖြစ်ကြောင်း အထက်၌ ဖော်ပြပြီးဖြစ်၏။ ယခု သူလာပြောချိန်၊ အာဂျင်ဒါထဲ၌ တစ်ခုပါသော ယုံကြည်ချက်အကျဉ်းသားကိစ္စကား မနက်ဖြန်၊ သန်ဘက်ခါ သိရပါမည်။ ယခု စာဖတ်နေကြချိန်၌ သိကြရလောက်ပြီ။

လူးဝစ္စဘာကာကတော့ US နိုင်ငံခြားရေးဌာန၏ လူကုန်ကူးမှုဆိုင်ရာ သံအမတ်ကြီးဖြစ်သည်။ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်မြ၊ NGOများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့်  လိင်ကျွန်၊ ကလေးစစ်သား၊ အဓမ္မ လုပ်အားပေးခိုင်းစေမှုတို့အပေါ် လာရောက်လေ့လာခြင်းဖြစ်ပြီး အတော် ဆွေးနွေး သွားနိုင်ကြောင်း၊ ILO ရောက် အမှုအခင်းများ ကိစ္စလည်း ပါဝင်ကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိ (၂၀၁၁ ရီပို့အရ) လူကုန်ကူးမှုမှာ တတိယအဆင့် ဖြစ်ပြီး ဆိုးဝါး နေကြောင်း AP သတင်းအရသိရှိရပါသည်။

ဂျိုးဇက် ခရောင်လေ (Joseph Crowley) ကတော့ ဟီလာရီကလင်တန်ခရီးစဉ်အပြီး အဆင့်အမြင့်ဆုံးသူဟု ဆိုရမည်။ US Congress အမတ်အဖြစ် မြန်မာ Sanction ကိစ္စ၌ အတော် ‘စွာ’ သူဟု သတင်းကြီးသည်။ အခြားသော ဥပဒေပြုရေးရာများ၌လည်း Congress အတွင်း လက်သံပြောင်သူဟု လူသိများပြီး ယခုဆောင်းပါးရေးချိန်၌ ရောက်ရှိခါစဖြစ်၍ ဘာတွေဆွေးနွေးမည်လဲ၊ မည်သူတို့နှင့်တွေ့မည်လည်း မသိရသေးပါ။ ဝါရှင်တန်မှ ထွက်လာခါ နီး၌တော့ အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားကိုယ်စားပြုသူများနှင့် တွေ့မည်။ ဟီလာရီခရီးစဉ်က မြန်မာကို ကမ္ဘာက အာရုံစိုက်သလို ဖြစ်လာစေခဲ့ပြီး ယခုသူ့ခရီးစဉ်က မြန်မာကို ကမ္ဘာက အာရုံစိုက်သလို ဖြစ်လာစေခဲ့ပြီး ယခုသူ့ခရီးစဉ်ကလည်း မြန်မာအနေဖြင့် Change အပေါ် မည်မျှ မြန်စေရန် ဆန္ဒရှိ သလဲ လာလေ့လာ၍ လက်များထပ်မံကမ်းပေးလိုခြင်း သဘောဆောင်သည်ဟု မီဒီယာများကို ထုတ်ပြေထားပါ၏။

မြန်မာ Change ကားနေတစ်ပေါက် မိုးတစ်ပေါက်လို ဖြစ်နေသကဲ့သို့ မြင်ရပါသည်။ မြန်ဖို့၊ ကောင်းဖို့၊ ထိုထက်ပို၍ ပြည်သူအများ ဝမ်းဝ၊ ခါးလှ ကြသည်ဟု ကမ္ဘာ့အလယ် ဂုဏ်ပြန်ထည်ဖို့က လတ်တလောအရေးကြီးနေသည်ဟုလည်း လူထုကိုကြည့်၍ တွေ့နေရပါသည်။ သို့မှသာ ဖော်ဆောင်လိုကြသည့် ဒီမိုကရေစီရေးလမ်းကြောင်းနှင့် Reform များ ဆက်လက် ဖြစ်ပေါ် တိုးတက်နိုင်ပါလိမ့်မည်။

 ***************************************************************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၂၀.၁.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ရွှေညဝါဆရာတော် ၁ လ အတွင်း ကျောင်းတိုက်မှ ထွက်ခွာပေးမည်
  2. ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်သူများ ပြည်ထဲရေးပြစ်မှုဖြင့် ငြိစွန်းပါက အရေးယူမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြားသဖြင့် ဒီလှိုင်းအား တစ်ပတ် တစ်ကြိမ် ထုတ်မည်
  2. အစိုးရနှင့် KNU ကြား ဆက်သွယ်ရန် ရုံးများ ဖွင့်လှစ်မည်
  3. ကျန်ရှိနိုင်ငံရေးအကျဉ်းသားများကို လာရောက်စာရင်းပေးသွင်းရန် NLD တောင်းဆို

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ရွှေညဝါဆရာတော် ၁ လ အတွင်း ကျောင်းတိုက်မှ ထွက်ခွာပေးမည်

ရွှေညဝါဆရာတော် အရှင် ပညာသီဟသည် သာဓုကျောင်းတိုက်မှ ၁ လ အတွင်း ထွက်ခွာပေးမည်ဟု ဇန်နဝါရီ ၁၉ ရက်နေ့တွင် ဝန်ခံလက်မှတ် ရေးထိုးလိုက်ကြောင်း သိရသည်။

“ဒီလိုအချိန်မျိုးမှာ လူထုအုံကြွမှုတွေ မဖြစ်စေချင်လို့ လက်မှတ်ထိုးလိုက်တာ” ဟု ရွှေညဝါဆရာတော်က မိန့်ကြားသည်။

ငြိမ်းချမ်းရေးအကျိုးကို လိုလားကြောင်း၊ အခြေအနေအနည်းငယ် ထိခိုက်သွားမည် ဖြစ်သော်လည်း အကောင်းဆုံးဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။

မည့်သည့်ကျောင်းတွင် သတင်းဆက်သုံးရန်မသိရှိသေးသော်လည်း ဆရာတော်၏ အမာခံဒကာများက ဆရာတော် သတင်းသုံး နေထိုင်ရန်အတွက် ကျောင်းအသစ် တစ်ကျောင်းဆောက်လုပ်လှူဒါန်းရန် စီစဉ်သွားမည်ဟု ဆရာတော်၏ အမာခံဒကာတစ်ဦးက ပြောကြားသည်။

သံဃာ့မဟာနာယက အဖွဲ့၏ ၄၇ ပါးစုံညီ အစည်းအဝေးဆုံးဖြတ်ချက်အရ ရွှေညဝါဆရာတော်ကို သာဓုကျောင်းတိုက်မှ ဖယ်ရှားရန်၊ သံဃာ အဆင့်ဆင့်၏ ဆုံးမညွှန်ကြားမှုကို မနာခံ၍ ဒုဗ္ဗစပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန်နှင့် သာဓုကျောင်းတိုက်အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ်ဆောင်ရွက်ခြင်း မပြုရန် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် တားမြစ်လိုက်သည်။

ယင်းတားမြင့်ချက်ကို ရွှေညဝါ ဆရာတော်က အသနားခံစာ နှစ်ကြိမ်တင်ခဲ့သော်လည်း ပယ်ချခံခဲ့ရကြောင်း သိရသည်။

ဆရာတော်သည် မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံး၌ ယမန်နှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့တွင် သြဝါဒပေးခဲ့ခြင်းကြောင့် ယင်းကဲ့သို့ တားမြစ်ခြင်းခံခဲ့ရသည်။

ရွှေညဝါဆရာတော်၏ အမာခံဒကာအများစုသည် ၈၈ မျိုးဆက်ကျောင်းသားများဖြစ်ကြပြီး ရွှေညဝါအဖွဲ့ကို ၂၀၀၂ ခုနှစ်တွင် ဗန်းမော်ဆရာတော်ကြီးက စတင်ဖွဲ့စည်းခဲ့သည်။

Peace Press

---------------------------------------------------------------------------------------------------------------------

ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်သူများ ပြည်ထဲရေးပြစ်မှုဖြင့် ငြိစွန်းပါက အရေးယူမည်

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် နိုင်ငံသားများအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ပြစ်မှု တစ်စုံတစ်ရာနှင့် ငြိစွန်းမှုရှိပါက အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မကြီးဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ်အတွင်းက ပြောကြားခဲ့သည့် မိန့်ခွန်းတစ်ခုတွင် ပြည်ပသို့ရောက်ရှိနေသည့် အမြင်သဘောထား မတူသူများကို မြန်မာ့ဒီမိုကရေစီရေးခရီးလမ်းတွင် တူညီသည်များ ပူးပေါင်းဆောင်ရွက်ရန် ပြည်တွင်းသို့ပြန်လာကြရန် ဖိတ်ခေါ်မှုများ ရှိခဲ့သော်လည်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ပြစ်မှုတစ်ခုခုနှင့် ငြိစွန်းမှုရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင်းသို့ ပြည်ပနိုင်ငံနေ မြန်မာနိုင်ငံသားများ ပြန်လည်ဝင်ရောက်လာရာတွင် မြန်မာနိုင်ငံအတွင်း၌ ကျုးလွန်သွားခဲ့သည့် ပြစ်မှု တစုံတရာ သော်လည်း၊ ပြည်ပနိုင်ငံ၌ ကျုးလွန်ခဲ့သည့် ပြစ်မှုတစုံတရာသော်လည်းကောင်း ကျူးလွန်မှုများရှိပါက ၎င်းကျူးလွန်မှုများအလိုက် ပြစ်ဒဏ်ကျခံစေမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆို ခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် ၂၀၁၂ ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ ထိုင်းအစိုးရသည် ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်သူများနှင့် ယာယီနေထိုင်ခွင့်လက်မှတ်မရှိသူ မြန်မာရွှေ့ပြောင်းလုပ်သားများအား စတင်အရေးယူဆောင်ရွက်တော့မည်ဖြစ်ကြောင်း ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထိုင်းအစိုးရမှ ထိုင်းနိုင်ငံအတွင်း လာရောက်နေထိုင် အလုပ် လုပ်ကိုင်လျက်ရှိကြသည့် နိုင်ငံခြားသား အလုပ်သမားများအနေဖြင့် ဇန်နဝါရီလ ၂၀ ရက်နေ့ နောက်ဆုံးထား၍ ယာယီနေထိုင်ခွင့်လက်မှတ်(သို့) ယာယီနိုင်ငံကူး လက်မှတ်များမှ တစ်ဆင့် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ဗီဇာ ပြုလုပ်ရန် ကြေညာချက် တစ်စောင်ထုတ်ပြန်ထားကြောင်း သိရသည်။

                YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

 ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြားသဖြင့် ဒီလှိုင်းအား တစ်ပတ် တစ်ကြိမ် ထုတ်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြားသဖြင့် တစ်လလျှင် နှစ်ကြိမ်သာ ထုတ်ဝေရန် ရည်ရွယ်ထားသည့် Democratic Wave ဒီလှိုင်းဂျာနယ်အား တစ်ပတ်လျှင် တစ်ကြိမ် ထုတ်ဝေမည် ဖြစ်ကြောင်း သိရသည်။

“အရင်က တစ်လကို နှစ်ကြိမ်ပဲ ထုတ်မယ်လို့ ရည်ရွယ်ထားတာကို ဒေါ်အောင်ဆန်းစုကြည်ခေါ်ပြောလို့ တစ်ပတ်တစ်ကြိမ် ထုတ်ရတော့မယ် “ဟု ယင်းဂျာနယ်၏ တာဝန်ခံအယ်ဒီတာ ဦးအုန်းကြိုင်(အောင်ဝင့်)က ဆိုသည်။

နိုင်ငံရေးပါတီ ထုတ်ဝေခွင့် ၀၈၄ အရ ထုတ်ဝေခွင့်ရသည့် ဒီလှိုင်းဂျာနယ်အား တစ်စောင်လျှင် ၂၀၀ ကျပ်နှုန်းဖြင့် ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

ပါတီဌာနချုပ်က ၂၀၀ နဲ့ဖြန့်တယ်။ မြို့နယ်ရုံးတွေကိုတော့ ၃၀၀ နဲ့ ရောင်းတယ်။ပိုတဲ့ ၁၀၀ ကတော့ ပါတီရန်ပုံ ငွေပေါ့”ဟု ဦးအုန်းကြိုင်က ဆက်လက် ပြောကြားသည်။

ဒီလှိုင်းဂျာနယ်အား လက်ရှိနိုင်ငံရေးပေါ်တွင် NLD ပါတီမှ မည်သို့ သုံးသပ်ရှုမြင်သည်ကို ဖော်ပြမည် ဖြစ်ပြီး၊ပြင်ပ စာမှုရှင်များကိုလည်း စာမှုများ ပို့ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

အယ်ဒီတာအဖွဲ့မှာ ဦးဝင်းတင်၊ ဦးမိုးသူ၊ ဖျာပုံနေလုံဦး၊ မုံရွာအောင်ရှင် စတဲ့ ဝါရင့် သတင်းစာဆရာ၊ စာရေးဆရာ ကြီးတွေ ပါဝင်ကြောင်း သိရသည်။

YC(KS)

---------------------------------------------------------------------------------------------------------------------

အစိုးရနှင့် KNU ကြား ဆက်သွယ်ရန် ရုံးများ ဖွင့်လှစ်မည်

အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) တို့ အကြား ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက် နေ့၌  လက်မှတ်ရေးထိုးခဲ့ပြီးနောက် အစိုးရနှင့် KNU ဆက်သွယ်ရန် ဆက်သွယ်ရေးရုံး(၁၁)ရုံးကို ဖွင့်လှစ်ခွင့်ပြုပေးလိုက်ပြီ ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အစိုးရနှင့် KNU အကြား ဆက်သွယ်ရန် ဗပိာုအဆင့် ဆက်သွယ်ရေးရုံးများကို မြဝတီနှင့် ဘားအံမြို့တို့တွင် ဖွင့်လှစ်မည်ဖြစ်ပြီး အခြားရုံးခွဲများကို သထုံခရိုင်တွင် မင်းပြင်နှင့် မင်းလွင်၊ တောင်ငူခရိုင်တွင် နှစ်နေရာ၊ ညောင်လေးပင်မြို့နယ်တွင် ကျောက်ကြီး၊ ဖာပွန်ခရိုင်တွင် ဘုရားသုံးဆူ၊ကျိုက်ထို၊ ဘားအံ ခရိုင်တွင် ပိုင်ကျုံ၊ မြိတ်နှင့် ထားဝယ်ခရိုင်တွင် ထားဝယ်၊ ပလောနှင့် မြိတ်မြို့တို့တွင် ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် အစိုးရသစ်လက်ထက်မှ စတင်၍ အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သော CNF အဖွဲ့အတွင် အစိုးရနှင့် ဆက်သွယ်ရန် ရုံးများကို တီးတိန်၊ ထန်ထလန်နှင့် မတူပီမြို့တို့တွင် လည်းကောင်း၊ ငြိမ်းချမ်းရေးသဘောတူ ညီခဲ့သည့် ရွက်ဆစ်အဖွဲ့နှင့် အစိုးရကြားဆက်ဆံရန် ဆက်သွယ်ရေးရုံးအား တာချီလိတ်၊ မိုင်းဆတ်နှင့် တောင်ကြီးမြို့တို့တွင်လည်းကောင်း ဖွင့်လှစ်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကရင်အမျိုးသားအစည်းအရုံး(KNU) အနေဖြင့် လက်ရှိအချိန်တွင် နိုင်ငံရေးပါတီတစ်ခုအဖြစ် တည်ထောင်ရန် အစီအစဉ် မရှိသေးသော်လည်း နောက်ထပ်ခြေတစ်လှမ်းအတွက်မူ လှမ်းဖွယ်ရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။

လက်ရှိ အစိုးရမှ KNU အားမတရားအသင်းအဖြစ် ကြေညာထားမှုများကို ပယ်ဖျက်ပေးရန် တောင်းဆိုမည်ဖြစ်ပြီး ၎င်းကိစ္စရပ်များကို ရုတ်သိမ်း ပေးသည့်အချိန်မှပင် ခြေလှမ်းနောက်တစ်လှမ်းကို ဆက်လက်လှမ်းလျှောက်သွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

                              YC

---------------------------------------------------------------------------------------------------------------------

ကျန်ရှိနိုင်ငံရေးအကျဉ်းသားများကို လာရောက်စာရင်းပေးသွင်းရန် NLD တောင်းဆို

အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများကို ပြန်လည်လွှတ်ပေးရေးနှင့် ပတ်သက်၍ တောင်းဆိုသွားရန် ကျန်ရှိ နိုင်ငံရေးအကျဉ်းသားများကို အမျိုးသားဒီမိုကရေစီပါတီ NLD က စာရင်းပြုစုလျက် ရှိသည်။

နိုင်ငံရေးအကျဉ်းသား ၆၅၀ကျော်လွှတ်ငြိမ်းချမ်းသာခွင့်ကိုလည်း NLD မှတင်ပြထားသော စာရင်းများကို အခြေခံ၍ လွှတ်ပေးခဲ့သည်။

“ကျန်ခဲ့တဲ့သူတွေကို ထပ်လွှတ်ပေးဖို့ ကျွန်တော်တို့တောင်းဆိုသွားမယ်” ဟု ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမြအေးက ပြောကြားသည်။

ယင်းအကြောင်းများကြောင့် နီးစပ်ရာသိရှိသူများက ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများကို လာရောက်စာရင်းပေးသွင်းကြရန် NLD မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးနိုင်းနိုင်းက ပြောကြားသည်။

လက်ရှိအချိန်တွင် မြို့နယ်ထောင်အသီးသီးမှ ကောက်ယူထားသောစရင်းများအရ နိုင်ငံရေးအကျဉ်းသား ၁၇၁ဦး ရရှိထားပြီးပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

နာမည်ကြီးနိုင်ငံရေးသမား အနည်းစုသာကျန်ရှိပြီး ပုဒ်မ ၁၇/၁ ဖြစ်ကျခံရသော နိုင်ငံရေးအကျဉ်းသားအမြောက် အများကျန်ရှိနေသေးကြောင်း ဦးနိုင်းနိုင်းက ပြောကြားသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ မရှိသင့်တော့ကြောင်း မြန်မာ့နိုင်ငံရေးသမားများက တညီတညွှတ်တည်း ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန်အထက်လွှတ်တော်အမတ် မက်ကော်နဲနှင့်တွေ့ဆုံစဉ် ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများကို ပြန်လည်လွတ်မြောက်လာနိုင်ရန်အတွက် ကြိုးပမ်းသွားမည်ဟု ပြောကြား ခဲ့သည်။

Peace Press

*****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးကအစ ဘယ်နယ်ပယ်မှာဖြစ်ဖြစ် တကယ်လုပ်နေတဲ့သူဆိုရင် ပြည်သူကလိုက်မှာပါ။ ယုံကြည်မှာပါ။ ပြည်သူတွေရဲ့ ယုံကြည်မှုကို ဇွတ်အတင်း ဖန်တီးလို့တော့မရဘူး။ ပြည်သူအတွက် ဘယ်သူကအပြောနဲ့ မဟုတ်ဘဲ အလုပ်နဲ့ သက်သေပြလဲ။ ပေးဆပ်ခဲ့လဲ။ ပြည်သူသိပါတယ်”

ဇန်နဝါရီ ၂၀ ထုတ် မြန်မာတိုင်းမ် အတွဲ (၂၈) အမှတ် (၅၃) တွင်ပါသည့် “ပြည်သူတွေရဲ့ ယုံကြည်မှုကို ဇွတ်အတင်းဖန်တီးလို့ မရဘူး” သတင်းဆောင်းပါးမှ မင်းကိုနိုင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

မေး- နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ရပ်တည်သွာဖို့ ရှိပါသလား။

ဖြေ- ပါတီနိုင်ငံရေးတို့၊ အမျိုးသား နိုင်ငံရေးတို့ အာဏာနိုင်ငံရေးတို့ အဲဒီလိုခွဲခြားရမယ့် ကိစ္စမဟုတ်ဘူးလို့ ကျွန်တော်မြင် တယ်။ သေချာတာတစ်ခုကတော့ အားလုံးလုပ်ကြတာကတော့ အမျိုးသားနိုင်ငံရေးကိုပဲလုပ်ကြတာပေါ့။ ပါတီနိုင်ငံရေးတာက ပုံစံတစ်ခုပေါ့။ အစုအဖွဲ့သဘောနဲ့ နိုင်ငံရေးပါတီဆိုတာလည်း ဖြစ်ချင် ဖြစ်မယ်။ အသင်းအဖွဲ့ပုံစံ ဖြစ်ချင်လည်း ဖြစ်မယ်။ အဲဒီလိုချဉ်းကပ်ကျတာပဲ။ အဲဒီမှာအာဏာဆိုတာကတော့ အမျိုးသားနိုင်ငံရေးကို အစုအဖွဲ့တစ်ခုက ဘယ်လို မောင်းနှင်ကျင့် သုံးလဲဆိုရင် သေချာတာကအာဏာနဲ့မှ ရမှာ။ အဲဒီတော့ ဒီသုံးခုလုံးကတစ်ခုတည်းပဲရှိတယ်။ အဲဒီလိုခွဲ ခြားပြီးပြောတာကိုတော့ ကျွန်တော် ဘဝင်မကျဘူး။ ဒါပေမဲ့ နောက်တစ်ခုက လွှတ်တော်ကို သွားမယ်ဆိုရင်တော့ ရွေးချယ်တင်မြှောက်ခံရဖို့တော့ လိုတာပေါ့။ အဲဒီလိုပဲလွှတ်တော်အတွင်းမှာ လုပ်မှာလား။ လွှတ်တော်ပြင်ပမှာ လုပ်မှာလားဆိုတဲ့ အခြေအနေ နှစ်ရပ်ပဲရှိတာပေါ့။ အဲဒါကိုပဲ တစ်ဦးချင်းစီစဉ်းစားထားချက်တွေ ရှိပေမယ့်လည်းအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်မှာပါ။ ကိုယ့် စိတ်ထဲမှာစဉ်းစားထားတာကတော့ လွှတ်တော်တွင်းမှာပဲလုပ်လုပ်၊ လွှတ်တော်ပြင်ပမှာပဲလုပ်လုပ်၊ Civil Society ခိုင်မာမှ ဒီမိုကရေစီအားကောင်းမှာ။ ချည့်နဲ့နေရင် အားမကောင်းဘူး။ ဒီလူတွေ အားလုံးဟာအရည်အသွေး၊ အရည်အချင်းမြင့်နေဖို့ လိုတယ်။ ဒါကို မြှင့်တင်ဖို့ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာကို ကျွန်တော် စိတ်ဝင်စားတယ်။

ဇန်နဝါရီ ၁၉ ထုတ် ပြည်သူ့ခေတ် အတွဲ (၂) အမှတ် (၇၈) တွင်ပါသည့် “ကိုဂျင်မိ၊ မနီလာသိန်းနှင့် တွေ့ ဆုံခြင်း” မှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“တာလီဘန်တွေက ပြီးခဲတဲ့ တစ်နှစ်အတွင်း ရခိုင်ပြည်နယ် နယ်စပ်ကနေဝင်ရောက်လာတာပါ။ ပြည်တွင်းကိုတော့ မရောက်ခဲ့ပါဘူး။ သူနဲ့ဆက်သွယ်ပြီး လုပ်ခဲ့တဲ့သူတွေကိုတော့ လွှတ်လို့မရပါဘူး။ ဒီလိုပြစ်မှုမျိုးတွေကိုတော့ နိုင်ငံတကာမှာလည်း လွှတ်ပေးလေ့မရှိပါဘူး”

ဇန်နဝါရီ ၁၉ ထုတ် Popular News အတွဲ (၃) အမှတ် (၄) တွင်ပါသည့် “တာလီဘန် အကြမ်းဖက်သမားများနှင့် ဆက်သွယ် သူ ၁၃ ဦး အကျဉ်းထောင်တွင်း ထိန်းသိမ်းထား” သတင်းမှ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

****************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs