Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၇.၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဒီမိုကရေစီနှင့် ပြည်သူ့လွတ်လပ်ခွင့်

*************************************

ဆောင်းပါးကဏ္ဍ

ဒီမိုကရေစီနှင့် ပြည်သူ့လွတ်လပ်ခွင့်

ရဲကျော်ခေါင်

(ဇန်နဝါရီ ၂၆ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၂) အမှတ် (၇၉) မှ ထုတ်ယူဖော်ပြသည်)

မျက်မှောက်နိုင်ငံရေးလမ်းကြောင်းသည် ဒီမိုကရေစီကို ဦးတည်သည်။ ဒီမိုကရေစီဆိုသည်နှင့် လွတ်လပ်မှု အခွင့်ရေး ပါရှိလာစမြဲ။ ဒီမိုကရေစီ လမ်းကြောင်းတွင် ပြည်သူတို့ လွတ်လပ်စွာ ပြောဆို၊ ရေသား၊ စုဝေးနိုင်ကြရပေမည်။ မြန်မာ့သမိုင်း ခရီးစဉ်တွင် နှစ်ပေါင်း ၅၀ ကျော် လွတ်လပ်ခွင့်များကို ကန့်သတ်ခံခဲ့ရသည်။ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအဝဝ၌ မလှုပ်သာရှိခဲ့သည်။ ယခုအခါ ဖြေလျှော့မှုများ၊ ပြောင်းလဲမှုများ တစ်တစ်စ တွေ့မြင်လာ ခဲ့ရပေပြီ။

ဒီမိုကရေစီစံနှုန်း

နှစ်ပေါင်းများစွာ ပုံစံခွင်အတွင်းကျခဲ့ရသော အနေအထားမှ အချိန်တိုအတွင်း အပြောင်းလဲများကို တွေ့လာခဲ့သည်။ သတင်းမီဒီယာကဏ္ဍတွင် ဒီမိုကရေစီနှုန်းမဟုတ်သည့်တိုင် ပြည်သူတို့အတွက် ကျေနပ်ဖွယ် အဆင့်တစ်ခု ပိုရောက်ရှိလာခဲ့ပြီဟု ဆိုရပေမည်။

ယနေ့နိုင်ငံရေးလမ်းကြောင်းတွင် ပြည်သူတို့အား သတင်းမီဒီယာများက ဝန်းရံထားနိုင်သကဲ့သို့ ပြည်သူတို့၏ ခံစားမှု၊ နစ်နာမှု၊ ဆုံးရှုံးနေရမှု များကို မီးမောင်းထိုးပြနိုင်လာသည်ကို တွေ့ရသည်။

ထုတ်ဖော်လာကြ

ပြည်သူများအပိုင်းကလည်း ယခင်ကာလများကကဲ့သို့ တုဏိဘော မနေကြတော့ဘဲ ဖြစ်သင့်၊ ဖြစ်ထိုက်သည်များကို ဖွင့်ဟပြောကြား လာကြသည်။ စိုးရိမ်ကြောက်ရွံ့သော အတွင်းစိတ်ကို ပယ်ရှား၍ ရဲဝံ့စွာ ထုတ်ဖော်လာကြသည်ကို တွေ့ရသည်။ မိမိတို့ တွေ့အကြုံခံစားနေရသော အခက်အခဲ၊ အကျပ်အတည်းများကို ကျိုးကြောင်းသင့်စွာ ပြောဆိုလာကြသည်။

ဤနေရတွင် သတင်း မီဒီယာ၏ အခန်းကဏ္ဍကို ထင်ရှားစွာ တွေ့လာရသည်။ ပြည်သူတို့၏အသံကို မီဒီယာများက ဖော်ပြလာကြသည်။ တိုးတိုးတစ်ဖုံ၊ ကျယ်ကျယ်တစ်မျိုး ဖြစ်ပေါ်လာခဲ့သည်။

လူ့ဂုဏ်သိက္ခာ

ဒီမိုကရေစီ၏ အင်္ဂါရပ်ဖြစ်သော လူသားတစ်ဦး၏ ဂုဏ်သိက္ခာကို တန်ဖိုးထားမြှင့်တင်နိုင်ရန် သတင်းမီဒီယာတို့က ကြားခံပေါင်းကူးတံတား သဖွယ် ဖြစ်တည်လာသည်။ နိုင်ငံတော်၏ အုပ်ချုပ်မှု၊ တရားစီရင်မှုတို့ကို စောင့်ကြည့်ရသော မဏ္ဍိုင်ကြီးသည် အားကောင်းမောင်းသန်ပ်တည်လာခဲ့သည်။ စတုတ္ထ မဏ္ဍိုင်၏ ဘူမိ နက်သန် နေရာမှန်သို့ ရောက်ရှိခဲ့ပေပြီ။

ပြည်သူတစ်ဦးချင်းမှသည် လူ့အဖွဲ့အစည်းတစ်ရပ်၏ စည်ပစ်ဝပြောမှုသည် ဒီမိုကရေစီပေါ်တွင် အခြေပြုရပေရာ ပြည်သူ့အား၊ ပြည်သူ့ပါဝင်မှု၊ ပြည်သူတို့၏ ထောက်ခံမှုဖြင့်သာ လူ့ဘောင်ဘဝ ဖွံ့ဖြိုးဝေစည်လာနိုင်ပေလိမ့်မည်။

အတိတ်ကာလက ပြည်သူအများစုသည် နိုင်ငံရေးကို ကြောက်ရွံ့ကာ ရှောင်လွှဲလိုကြသည်။ နိုင်ငံရေးနှင့် အကျဉ်းထောင်ကို ယှဉ်တွဲ မြင်တက်ကြ စမြဲ၊ တစ်ဖက်တွင် ကြောက်တတ်ပါက ဝန်ကင်းသည်ဟူသော အယူလွဲက ရှိခဲ့ပြန်သည်။

တိုင်းရေးပြည်ရေး

ယနေ့ချိန်ခါတွင် ပွင့်လင်းလာသော နိုင်ငံရေးတွင် ပြည်သူများက တက်ကြွစွာ ပါဝင်လိုလာကြသည်။ နိုင်ငံရေးသည် တိုင်းရေးပြည်ရေး၊ လူဘောင် ဘဝကို ဖွံ့ဖြိုးစေသော လုပ်ငန်းစဉ်အဖြစ် သိမြင်လုပ်ကိုင်လာကြသည်။

အထူးသဖြင့် သတင်းမီဒီယာနယ်ပယ်မှ မျိုးဆက်သစ် လူငယ်များ၏ ကြိုးပမ်းဆောင်ရွက်မှုကား အံ့မခန်းပင်။ ထက်မြင် စူးရှသောအမြင်ဖြင့် ပုံနှိပ် စာလုံးများကို ဖော်ဆောင်လာကြသည်ကို အားရကျေနပ်ဖွယ် တွေ့မြင်ဖတ်ရှုနေရပေပြီ။ ရဲရဲတွေးကြသကဲ့သို့ ရဲရဲလည်း ရေးသားလာကြသည်။ စာပေ ဗဟုသုတ ဖတ်ရှုစေ့ငု ကြသည်နှင့်အမျှ တွေးခေါ်မြော်မြင်မှုအဝဝ ရင့်သန်တက်ကြွလာကြသည်ကို တွေ့ရသည်။

ပရဟိတလုပ်ငန်း

ပြည်သူများ၏ အသိဉာဏ်ပညာ တိုးပွားရင့်သန်လာသည်နှင့်အမျှ ဒီမိုကရေစီသည် ပွားစီးရှင်သန်လာမည်သာ ဖြစ်သည်။ ပြည်သူတစ်ဦးချင်း၏ ပေါင်းစည်းစွမ်းပကားဖြစ်သော ရင့်ကျက်သည်းခံ ဇွဲအားသန်မှု၊ စိတ်ဝင်တစား ဆောင်ရွက်လာမှုနှင့် အများအကျိုးဆောင်ကြဉ်းလိုသော ပရဟိတလုပ်ငန်း နယ်ပယ်၌ ရွက် ဆောင်နိုင်မှုတို့သည် ဒီမိုကရေစီအောင်မြငှ်ုအတွက် အဓိက မဏ္ဍိုင်များဖြစ်ကြသည်။

ဒီမိုကရေစီ၏ ဆောင်ပုဒ်သည် ‘ပြည်သူ့ဆန္ဒသာ’ အစစ်အမှန်ဖြစ်သည်။ တနည်းဆိုရသော် ဒီမိုကရေစီ၏ ကြွေးကြော်သံသည် ပြည်သူတို့၏ လိုအင်ဆန္ဒအပေါ်၌သာ အခြေခံသည်။ အာဏာရှင်နိုင်ငံများတွင် အာဏာပိုင်တို့၏ ဖိနှိပ်ချယ်လှယ်မှုကို ပြည်သူတို့ခေါင်းငုံ့ခံကြရသည်။ ပါးစပ်ကိုပင် မဟဝံ့ကြ။ ထိုသို့သော နင်းပြား ခံဘဝတွင် ပြည်သူတို့၏ ဒီမိုကရေစီ ကြွေးကြော်သံများ ပဲ့တင် မြည်ဟည်း ဘဝဂ်ညံလာခဲ့ပြီ။

ဖြတ်သန်းခဲ့ရ၏

မိမိတို့ မြန်မာနိုင်ငံသည်လည်း လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် ၆၄ နှစ်ကျော်ကာလတိုင်ခဲ့ပြီ ဖြစ်သော်လည်း ဖွံ့ဖြိုးတိုးတက်သော နိုင်ငံ တစ်နိုင်ငံအဖြစ် မရပ်တည်နိုင်သေး။ အတားအဆီးအနှောက်အယှက်၊ အကန့်အသတ်တို့ဖြင့် သံသရာလည်နေခဲ့သည်မှာ ဆယ်စုနှစ် ငါးစုမျှ ဖြတ်သန်းခဲ့ရသည်။

ယနေ့မူ ဒီမိုကရေစီ ရောင်ခြည်သမ်းလာခဲ့ပေပြီ။ အရပ်သား အစိုးရတစ်ရပ်ပေါ်ထွန်းလာခဲ့သည်။ အနှစ်နှစ်အလလက စောင့်မျှော်ခဲ့ကြရသော ခေတ်စနစ်သို့ ကူးပြောင်းလာနိုင်ခဲ့သည်။ လွတ်လပ်သော လူ့အဖွဲ့အစည်းတစ်ရပ်အတွင်း ဒီမိုကရေစီ အခွင့်အရေးများ တစ်စတစ်စ တွေ့မြင်လာရသည်။

အားမာန်ကိုယ်စီ

မလွတ်လပ်သော အကျဉ်းစံများ လွတ်မြောက်လာခဲ့ကြပါပြီ။ သတင်းမီဒီယာကလောင်းများကလည်း ပြည်သူ့ရှေ့မှ မားမားမတ်မတ် ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်ရေးသား လာကြသည်။ ပြည်သူတို့ မျှော်လင့်တောင့်တနေကြသော ပြည်သူ့ခေတ်သို့ အရောက်လှမ်းနိုင်ရန် အားမာန်ကိုယ်စီ နိုးကြားလာခဲ့ကြပြီ မဟုတ်ပါလော။

*************************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၂၇.၁.၂၀၁၂

ပြည်တွင်းသတင်းများ

  1. အခွင့်မရှိဘဲ သီတင်းသုံး၍ မဟနမှ ဆင့်ခေါ်
  1. အကယ်ဒမီပေးပွဲတွင် ဓာတ်ပုံ၊ဗီဒီယို ရိုက်ကူးခွင့်အား MRTV -4 မှ အပိုင်သိမ်း
  2. သတင်းဂျာနယ်သုံးမျိုးကို ထုတ်တင် စနစ်သို့ ပြောင်းပေးရန် စဉ်းစားမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. အန်အယ်ဒီပါတီဝင် ရရှိမှု နှောင့်နှေး
  1. ရခိုင်ပါတီနှစ်ခု ပူးပေါင်းရေးအတွက် ပြင်ဆင်မှုများပြုလုပ်လျက်ရှိ

 

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

အခွင့်မရှိဘဲ သီတင်းသုံး၍ မဟနမှ ဆင့်ခေါ်

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့မှ အကျဉ်းထောင်မှ လွတ်မြောက်လာသည့် သံဃာများဖြစ်သည့် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင်ပါဝင်ခဲ့သည့် ဦးဂမ္ဘီရ၊ ဦးကသရိယ၊ ဦးပဏ္ဍဝံသ၊ ဦးဝိသုဒ္ဓ၊ ဦးပညာသီဟ ငါးပါးအား ဆုံးမသြဝါဒပေးရန်အတွက် ဆင့်ခေါ်လိုက်ကြောင်း သိရသည်။

အဆိုပါ သံဃာတော်ငါးပါးအား ဇန်န၀ါရီလ ၂၇ ရက်နေ့၊ နေ့လည် ၁ နာရီတွင် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေး ကုန်းမြေရှိ အစည်းအဝေးခန်းမသိှု့ ဆဌမအကြိမ်၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့(တတိယအဖွဲ့ခွဲ) မှ ဆင့်ခေါ်ခြင်း ဖြစ်သည်။

“ဘုန်းကြီးတို့ ထောင်ကလွတ်လာတော့ ချိတ်ပိတ်ထားတဲ့ကျောင်းတံခါးတွေကို ရိုက်ချိုးပြီးဖွင့်တဲ့ကိစ္စရပ်နဲ့ ပတ်သက်ပြီး ဆင့်ခေါ်တာလို့ ဘုန်းကြီး ထင်တယ်။ သူတို့ကခေါ်ပေမယ့် ဘုန်းကြီးက ရန်ကုန်မှာ မရှိတော့ မသွားနိုင်ဘူး”ဟု ဦးဂမ္ဘီရက မိန့်တော်မူသည်။

ဆုံးမသြဝါဒပေးရန် ဖိတ်ခေါ်ချက်ကို ဦးပညာသီဟနှင့် ဦးပဏ္ဍ၀ံသတို့ ၂ ပါးသာ သွားရောက်နိုင်ခဲ့ကာ၊ ကျန် သံဃာတော်များမှာ ခရီးထွက်ခွာ နေသဖြင့် အချိန်မှီလာရောက်နိုင်ခြင်း မရှိကြောင်း သိရသည်။

ဆရာတော်ကြီးများက ဆုံးမ သြဝါဒပေးရာတွင် ရဟန်းများအနေဖြင့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့သို့ ရဟန်းပြန်လည်ဝတ်ခွင့် ရရှိရန်ကို လျှောက်လွှာရေးတင်ရမည်ဖြစ်ပြီး မိမိတို့ သီတင်းသုံးနေထိုင်နေသည့် ကျောင်းတိုက်များကို ပြန်လည်ပိတ်ကာ သက်ဆိုင်ရာ ခရိုင်သာသနာရေးမှူးထံ အပ်နှံရမည်ဟု ပါရှိသည်။

“ဘုန်းဘုန်းတို့ကတော့ ဆရာတော်ကြီးတွေ ပြောတဲ့အတိုင်းပဲ လုပ်ပေးလိုက်မယ်”ဟု ဦးပဏ္ဍဝံသက မိန့်တော်မူသည်။

အစိုးရသစ်မှ နိုင်ငံရေး ပြောင်းလဲမှုများ လုပ်ဆောင်နေချိန်တွင်  မဟန ဆရာတော်များဘက်မှ ရဟန်းသံဃာများကို နိုင်ငံရေးနှင့် ဆက်နွယ် သည်ဟု သံသယရှိပါက အရေးယူခြင်းမှာ ပြင်းထန်လျက် ရှိသည်။

KS

-----------------------------------------------------------------------------------------------------------------------------------

အကယ်ဒမီပေးပွဲတွင် ဓာတ်ပုံ၊ဗီဒီယို ရိုက်ကူးခွင့်အား MRTV -4 မှ အပိုင်သိမ်း

ဖေဖော်ဝါရီလ ၇ ရက်တွင် ကျင်းပပြုလုပ်မည့် အကယ်ဒမီ ရွှေစင်ရုပ်ထုပေးပွဲတွင် လွတ်လပ်စွာ ဓာတ်ပုံနှင့် ဗီဒီယို ရိုက်ကူးခွင့်ကို MRTV-4 သာ ရရှိမည် ဖြစ်ကြောင်း သိရသည်။

ယခင်နှစ်များတွင် ကျင်းပသည့် ဆုပေးပွဲများလို အကယ်ဒမီဆုရရှိသူကို ကြေငြာသည့်အခါ ယင်းထိုင်နေသည့် ထိုင်ခုံသို့ သွားရောက် ရိုက်ကူး ခြင်းကို ခွင့်ပြုမည်မဟုတ်ဘဲ၊ အားလုံးစုံ၍ ဆုယူမည့်အခါမှသာ စင်မြင့်ရှေ့မှနေ၍ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးခွင့်ကို ရရှိမည်ဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးမြင့်သိန်းဖေက ပြောကြားသည်။

“ကျွန်တော်တို့က အကယ်ဒမီရတဲ့သူတွေရဲ့ အပျော်တွေကို ပရိတ်သတ်တွေ မြင်စေချင်လို့ အက်ရှင်တွေယူပြီး ရိုက်ရတာ၊ ဒီလိုမှ မရိုက်ရဘဲ၊ ဆုယူမှသာရိုက်ရမယ်ဆိုရင် အဆင်မပြေဘူး။ ပုံကောင်းကောင်းလည်း မရနိုင်ဘူး”ဟု ပြည်တွင်း ဓာတ်ပုံသတင်းထောက်တစ်ဦးက ဆိုသည်။

အဆိုပါ ဆုပေးပွဲသို့ တက်ရောက်သတင်းယူမည့် သတင်းထောက်များအနေဖြင့် သတ်မှတ်နေရာတွင်သာ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးခွင့် ရမည်ဖြစ်ကာ ဆုပေးပွဲပြီးမှသာ MRTV-4 မှရိုက်ကူးထားသည့် ဗီဒီယိုဖိုင်ထည့်သွင်းထားသည့် စီဒီတစ်ချပ်ကို ရရှိမည် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ကတော့ မကြိုက်ဘူး။ ဒီလိုလုပ်တော့ ပုံကောင်းမရဘူး။ ဒါကြောင့် သွားမရိုက်ဘူး။ အဲဒီနေ့ ရန်ကုန်မှာပဲ ရှိမယ်”ဟု ပြည်တွင်းဂျာနယ် တစ်စောင်မှ သတင်းထောက်တစ်ဦးက ပြောကြားသည်။

အဆိုပါ အစီအစဉ်အား လုံခြုံရေး အခြေအနေများကြောင့် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခရော်နီကယ်၏ ဖုန်းဆက်မေးမြန်းခြင်းကို  ပြန်လည်ဖြေကြားသည်။

အကယ်ဒမီဆုပေးပွဲတွင် ဒရမ်မာ လေးကားပါဝင်သည့် ရုပ်ရှင်ဇာတ်ကား ၁၅ ကား စာရင်းဝင်ပြီး အများစုမှာ ဟာသကားများသာဖြစ်ကာ စိုင်းစိုင်း ခမ်းလှိုင်၊ ပြေတီဦးနှင့် သက်မွန်မြင့်တို့ သရုပ်ဆောင်ထားသည့် အာဒမ်ရယ် ဧဝရယ် ဒဿရယ်ဇာတ်ကားမှာ အကယ်ဒမီဆုရရှိမည်ဟု ထင်ကြေးအများဆုံး ပေးခံရသည့် ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်သည်။

KS

-----------------------------------------------------------------------------------------------------------------------------------

သတင်းဂျာနယ်သုံးမျိုးကို ထုတ်တင် စနစ်သို့ ပြောင်းပေးရန် စဉ်းစားမည်

နိုင်ငံတကာ ဖျော်ဖြေရေး၊ စီးပွားရေးနှင့်မှုခင်းများကို အသားပေးဖော်ပြသည့် သတင်းဂျာနယ်များကို တင်ထုတ်စနစ်မှ ထုတ်တင်စနစ်သို့ ပြောင်းလဲပေးရန်ကို ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် စဉ်းစားပေးမည်ဖြစ်ကြောင်း စာပေစိစစ် ရေးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ဆိုသည်။

ဇန်န၀ါရီလ ၂၅ ရက်က ပြုလုပ်သည့် စာပေစိစစ်ရေး၏ အစည်းအဝေးတွင် သတင်းဂျာနယ်များမှ တာဝန်ရှိသူများက တင်ထုတ် စနစ်ဖြင့် ဆောင်ရွက်ရသဖြင့် ကြန့်ကြာနေသည့် ဖော်ပြပါ ဂျာနယ် အမျိုးအစားသုံးမျိုးအား ထုတ်တင်စနစ်ဖြင့် ခွင့်ပြုရန် တောင်းဆိုခဲ့သည်။

“ဦးတင့်ဆွေကတော့ တစ်ပတ်အတွင်း အကြောင်းပြန်မယ်လို့ ပြောတယ်။ ကျွန်တော်တို့ကလည်း မျှော်လင့်ပါတယ်” ဟု မှုခင်းသတင်းဂျာနယ်၏ အယ်ဒီတာတစ်ဦးက ဆိုသည်။

၂၀၁၁ ခုနှစ် ဇွန်လတွင်  ထုတ်ဝေလျက်ရှိသော ဂျာနယ်၊ မဂ္ဂဇင်းများမှ အနုပညာ၊ သုတရသ၊ ကျန်းမာရေး၊ ကလေး၊ နည်းပညာနှင့် အားကစား တို့နှင့်ဆိုင်သော ဂျာနယ်၊ မဂ္ဂဇင်းများကို တင်ထုတ်စနစ်မှ ထုတ်တင်စနစ်သို့ ပြောင်းလဲခွင့်ပြုပေးခဲ့ပြီးနောက် ၆ လ အကြာတွင် စီးပွားရေး၊ မှုခင်းနှင့် ဥပဒေဆိုင်ရာ ဘာသာရပ်များနှင့် အကျုံးဝင်သည့် ဂျာနယ်မဂ္ဂဇင်းများကိုပါ ထပ်မံ၍ထုတ်တင် စနစ်ခွင့်ပြုခဲ့သည်။

မြန်မာနိုင်ငံတွင် ထုတ်ဝေလျက်ရှိသော ဂျာနယ်၊ မဂ္ဂဇင်း ဘာသာရပ် ၁၁ မျိုးတွင် ၇-မျိုးကို ထုတ်တင်စနစ် ခွင့်ပြုခဲ့ပြီး ဖြစ်ရာ ဂျာနယ်ပေါင်း ၁၂၆ စောင် နှင့် မဂ္ဂဇင်း ၁၂၇-အုပ် တို့သည် ထုတ်တင်စနစ်ဖြင့် ထုတ်ဝေလျက်ရှိသည်။

KS

        

 *****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

အန်အယ်ဒီပါတီဝင် ရရှိမှု နှောင့်နှေး

ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ ပါတီဝင်လက်ခံသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပါတီဝင်အသစ်များ ရရှိရန် နှောင့်နှေး ကြန့်ကြာ နေကြောင်း ယင်းပါတီ၏ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်တစ်ဦးက ထုတ်ဖော်ပြောကြားသည်။

ပါတီတစ်ခုလျှင် ပါတီဝင် တစ်ထောင်ရှိရမည် ဆိုသည့်အချက်ကို ကျော်လွန်မည်ဖြစ်သော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာနှင့်စာလျှင်မှု ပါတီဝင်ရရှိမှုမှာ အားနည်းနေကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

“တစ်မြို့နယ်ကို ၂၀၀၀ ထောင်လောက်ရအောင် မနည်းစုနေရတယ်။ ဒါတောင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့်နေရာတွေကို ဦးစားပေး ရွေးချယ်နေတာ။ ဒီအတိုင်းဆိုရင်တော့ မလွယ်လှဘူး”ဟု ယင်း ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးက ပြောကြားသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အများဆုံးအနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၁၂ ဧပြီတွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရရေးအတွက် စိုးရိမ်ကြောင့်ကြမှုများ ရှိနေသည်။

“ပြည်ခိုင်ဖြိုးက လူအား၊ ငွေအား တောင့်တင်းနေတာကြောင့် ကျွန်တော်တို့ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် နည်းနည်းပူပန်နေရတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မှ ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီဝင်တစ်ဦး ကပြောကြားသည်။

“မဖြူတို့က အခုထိ အောင်နိုင်ရေးအဖွဲ့အတွက် အခန်းတောင် ဌားဖို့ အဆင်မပြေသေးဘူး။ ကြံ့ခိုင်ရေးက တော်တော်ကို အလုပ်ဖြစ်နေပြီ”ဟု ယင်းက ဆိုသည်။

အန်အယ်ဒီပါတီဝင် လျှောက်လွှာများကို တစ်သန်းရိုက် နှိပ်ထားပြီး ဖြစ်သော်လည်း ယခုအချိန်ထိ  ၃သိန်းကျော်သာ ရောင်းချပြီးသည့် စာရင်းဝင် နေကြောင်း သိရသည်။

“၉၀ ကထက်စာရင် နိုင်ငံရေး စိတ်ဝင်စားသူတွေ၊ ပါတီ နိုင်ငံရေးကို အထောက်အကူပြုလိုသူတွေ တော်တော်နည်းသွားပြီဗျာ”ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်။

         KS

 -----------------------------------------------------------------------------------------------------------------------------------

ရခိုင်ပါတီနှစ်ခု ပူးပေါင်းရေးအတွက် ပြင်ဆင်မှုများပြုလုပ်လျက်ရှိ

ရခိုင် ပါတီနှစ်ခုဖြစ်သည့် ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(RNDP)နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့သည် ပါတီချင်း ပူးပေါင်း ဆောင်ရွက်မှုများပြုလုပ်နိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရခိုင် ပါတီနှစ်ခု ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန် ယခင် ALD တွင် ပါဝင်ခဲ့သူများဖြင့် အဖွဲ့တစ်ခုဖွဲ့စည်းရန် တာဝန် ပေးအပ်ထားပြီး ပါတီနှစ်ခု အခြေအနေပူးပေါင်းခြင်း၏ အကျိုး၊ မပူးပေါင်းခြင်း၏ အပြစ်များကို သုံးသပ်ဆွေးနွေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(RNDP) မှ  ပါတီညီညွှတ်ရေး ကိစ္စရပ်များကို ရှေးဦးစွာ လုပ်ဆောင်သွားမည်ဖြစ်ပြီး ယခုကဲ့သို့ ရခိုင်ပါတီနှစ်ခု ပူးပေါင်းရေးအတွက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီအနေဖြင့် ပါတီအမည်ပြောင်းဆိုပါကလည်း ပြောင်းလဲပေး သွားမည်ဖြစ်ကြောင်း RNDP မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရခိုင်ပါတီနှစ်ခု ပူးပေါင်းရန် ကိစ္စရပ်အား ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး(RNDP) ပါတီမှ ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) အနေဖြင့် ပါတီပြန်လည်မှတ်ပုံတင်ပြီးမှသာ ပါတီနှစ်ခုပူးပေါင်းရေးကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ALD ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပါတီသည် ၂၀၁၂ ဖေဖော်ဝါရီလအတွင်းတွင် ပါတီမှတ်ပုံတင် ပြန်လည်ပြုလုပ်သွားမည်ဖြစ်ပြီး ဧပြီလ ၁ ရက် နေ့၌ ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲများတွင်မူ ဝင်ရောက်ယှဉ်ပြိုင်သွားမည် မပာုတ်ကြောင်း သိရသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) သည် ၁၉၉၀ ရွေးကောက်ပွဲတွင် တတိယမဲအများဆုံးရရှိထားခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် မှတ်ပုံတင်ခြင်း မပြုလုပ်ခဲ့သည့်အတွက် ဖျက်သိမ်းခြင်းခံထားကြောင်း သိရသည်။

                YC

*****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကျွန်တော်တို့ ညီညွတ်ရေးကို ဘယ်အချက်နဲ့ အခြေခံမှာလဲဆိုတော့ အာဃာတမထားရေး၊ နောက်ကြောင်းမတွေးရေးနဲ့ပဲ အခြေခံဖို့ ရှိပါတယ်။ မှန်ကန်တဲ့ လက်ကမ်းလာရင် ကျွန်တော်တို့ဘက်က ဆုပ်ကိုင်ဖို့ အသင့်ရှိပါတယ်”

ဇန်နဝါရီ ၂၆ ထုတ် Popular News အတွဲ (၄) အမှတ် (၄) တွင်ပါသည့် “အာဃာတမထားရေးနှင့် နောက်ကြောင်း မတွေးရေးမူဝါဒဖြင့် ၈၈ မျိုးဆက် ကျောင်းသားများ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖော်ဆောင်မည်” သတင်းမှ မင်းကိုနိုင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ပညာသင်နှစ်တွေ တိုးလိုက်ရုံနဲ့တော့ ကျောင်းသားတွေရဲ့ အရည်အသွေးမြင့်တက်လာမှာ မဟုတ်ပါဘူး။ ဆရာ၊ ဆရာမ အရည်အသွေးတွေ မြင့်တက် လာဖို့နဲ့ သူတို့ရဲ့ လစာအကျိုးခံစားခွင့်တွေ၊ သင်ကြားနည်းစနစ်တွေ၊ ပညာရေးအပေါ်ထားတဲ့အမြင်တွေ ကျောင်းစာကြည့်တိုက်တွေ၊ အဲဒါတွေကိုလည်း ပြောင်းလဲနိုင်ရမယ်။ မဟုတ်ရင်တော့ ငွေတွေ၊ အချိန်တွေ ကုန်တာပဲ ရှိမယ်၊ သိပ်ထူးမယ်မထင်ဘူး”

ဇန်နဝါရီ ၂၆ ထုတ် 7DAYS NEWS အတွဲ (၁၀)၊အမှတ် (၄၅) တွင်ပါသည့် “တက္ကသိုလ်ပညာသင်နှစ် တစ်နှစ်ထပ်တိုးခြင်း၏ နောက်ဝယ်” သတင်းဆောင်းပါးမှ တက္ကသိုလ်ပညာရေးနယ်ပယ်တွင် နှစ်ပေါင်းများစွာလုပ်ကိုင် ခဲ့သူတစ်ဦး၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

ယခင်ကလယ်မြေများအား ပေါင်နှံ၊ ရောင်းချ၊ ဝယ်ယူလွှဲပြောင်း အမွေဆက်ခံခွင့်ကို တရားဝင်ပြလုပ်၍ မရခဲ့သော်လည်း ယခုဥပဒေမူကြမ်းသာ အတည်ပြုပြီးပါက ထိုအရာများကို တရားဝင်ဆောင်ရွက်နိုင်မည် ဖြစ်သဖြင့် နိုင်ငံတော်မှ စီမံကိန်းလုပ်၍ သိမ်းယူထားသည့် လယ်ယာမြေများအား မလုပ်ဖြစ် ပါကလည်း မူလသိမ်းယူထားသည့် လယ်သမား များထံသို့ ပြန်ပေးရတော့မည်ဟု ရေးဆွဲထားသည့် ဥပဒေမူကြမ်းပါ အချက်အလက်များအရ သိရသည်။ သို့သော် ရန်ကုန်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၌ လယ်ယာမြေအချို့အား နိုင်ငံတော်မှ စီမံကိန်းလုပ်၍ သိမ်းယူခဲ့ပြီးယခုအချိန်တွင် မလုပ်ဖြစ်တော့သဖြင့် နိုင်ငံတော်မှ ကြိုက်နှစ်သက်သည့် လူများအား နှစ်ရှည်ဌားရမ်းပေးထားကြောင်း နိုင်ငံပိုင်သတင်းစာများ၏ ဖော်ပြမှုအရသိရသည်။

ဦးဌေးဦးက “အဲဒီလိုတောင်သူကို ကာကွယ်တဲ့အချက် မပါတဲ့အတွက် ဒါကိုကြည့်ပြီး ကျွန်တော်တို့ ထပ်ဖြည့်ထားတာ၊ သို့သော်လည်းပဲ ဒီဥပဒေ မူကြမ်းက အသက်မဝင်သေးတဲ့အတွက် ဒါကိုပြောလို့မရသေးဘူး။ ဒါမျိုးတော့ နောင်မှာ လုပ်လို့ရမှာ မဟုတ်တော့ဘူး”

ဇန်နဝါရီ ၂၆ ထုတ် Popular News အတွဲ (၄) အမှတ် (၄) တွင်ပါသည့် “မကြာမီကျင်းပမည့် ပြည်ထောင်စုလွှတ်တော်၌ လယ်ယာမြေဥပဒေ မူကြမ်းနှစ်ခုအတည်ပြု ဆုံးဖြတ်မည်” သတင်းမှ ကောက်နှုတ်ချက်

***************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs