Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၉.၂.၂၀၁၂

ပြည်တွင်းသတင်းများ

  1. MAI လေကြောင်းလိုင်းအား ဗုံးဖောက်ခွဲမည်ဟု ချိန်းခြောက်ခံရ
  2. မြန်မာ-ထိုင်း စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့နှင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့ စတင်ဆွေးနွေး
  2. ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရာတွင် ကာကွယ်စောင့်ရှောက်ပေးရမည်
  3. မိုးကောင်း NLD ရွေးကောက်ပွဲအကြို စည်းရုံးရေး ဒေသအာဏာပိုင်များ နှောက်ယှက်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

MAI လေကြောင်းလိုင်းအား ဗုံးဖောက်ခွဲမည်ဟု ချိန်းခြောက်ခံရ

မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI)အား ဖေဖော်ဝါရီလ ၇ရက်နေ့နှင့် ၈ရက်နေ့တွင် ဗုံးခွဲရန် ခြိမ်းခြောက်ခံ ထားရသော်လည်း လေကြောင်းလိုင်းများကိုမူ ပုံမှန်ပြေးဆွဲလျက်ရှိကြောင်း MAI မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး  MAI ကတရားဝင် သတင်းထုတ်ပြန်မှုမျိုးတော့ မရှိပါဘူး” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

                ဖောက်ခွဲမည့်သူများက "Son of Allah" အလာရဲ့သားဟု အမည်ပေးထားသည့် အဖွဲ့ တစ်ခုက MAIလေကြောင်း လိုင်းကို ဖေဖော်ဝါရီလ ၇ နှင့် ၈ရက် နေ့တို့တွင် ရန်ကုန်မှ ပျံသန်းမည့် MAI ၏ လေကြောင်းခရီးစဉ် တစ်ခုခုတွင် ဗုံးခွဲရန် ကြံ စည်ထားကြောင်း ရေးသားထားသည့်စာတစ်စောင်ကို MAI ဘန်ကောက်ရုံးသို့ပေးပို့ခဲ့သည်။

ယင်းအကြောင်းရင်းများကြောင့် MAI ဖြစ်ပြည်ပသို့ ထွက်ခွါသွားလာနေသော အစိုးရဝန်ထမ်းများကို ယာယီရပ်ဆိုင်းထားကြရန် ညွှန်ကြား ထားကြောင်း သိရသည်။

MAI လေကြောင်းလိုင်းသည် ၁၉၅၀ ခုနှစ်တွင် ပြည်တွင်းခရီးစဉ်များကို စတင်ပြေးဆွဲခဲ့ပြီး ပြည်တွင်းလေကြောင်းလိုင်းများထဲတွင် လေယာဉ် ချွတ်ယွင်းမှု အဖြစ်များဆုံး လေကြောင်းလိုင်းဖြစ်သော်လည်း ပြည်ပခရီးစဉ်များဖြစ်သည့် ရန်ုကုန်မှ စင်္ကာပူ၊ ကွာလာလမ်ပူ၊ ဘန်ကောက်၊ ဟောင်ကောင်၊ ကူမင်း၊ ဒါကာ၊ ဂျာကာတာ ကွမ်ကျိုး၊ ဂါယာ၊ ဆီရမ်ရိပ်နှင့် ဖနွမ်ပင်သို့ ပြေးဆွဲသည့်အကြိမ်ရေ တိုးချဲ့၍ တိုက်ရိုက်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

Peace Press

-----------------------------------------------------------------------------------------------------------------------------------

မြန်မာ-ထိုင်း စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံမည်

မြန်မာ-ထိုင်း နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရန် ဖေဖော်ဝါရီလ ဒုတိယ ရက်သတ္တပတ်တွင် ထိုင်းနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင် (၄၃) ဦးမှ မြန်မာနိုင်ငံသို့ လာရောက်၍ နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

၎င်း ဆွေးနွေးပွဲတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များမှ စက်မှုကုန်ထုတ်လုပ်ငန်း၊ စွမ်းအင်နှင့် ပတ်ဝန်းကျင် ဆိုင်ရာများ၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ထုတ်ကုန်ပစ္စည်း လုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်းပာူ၍ အုပ်စုလေးစုခွဲကာ ဆွေးနွေးမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ အာမခံလုပ်ငန်း၊ ကျောက်မျက်၊ စက်ဆီ ချောဆီ၊ သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်ပြပွဲ စီစဉ်ဆောင်ရွက်ခြင်းများ စသည့်ကိစ္စရပ်များကိုပါ ထည့်သွင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု အသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ အစိုးရသစ်လက်ထက် ၂၀၁၂ ဇန်နဝါရီလ ၅ ရက်နေ့တွင် မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးလမ်းနှင့် ချစ်ကြည်ရေးတံတားအား ပြန်လည်ဖွင့်လှစ်ပေးခဲ့သည့်အတွက် မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ် ရေးကဏ္ဍသည် ပိုမိုသွက်လက်စွာ လည်ပတ်လာနိုင်ခဲ့ပြီ ဖြစ်ကြောင်း မြဝတီမြို့ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

၂၀၁၂ ဇန်နဝါရီ ၁၆ ရက်နေ့တွင်လည်း မြန်မာနိုင်ငံအစိုးရမှ နယ်စပ်ဒေသရှိ ကုန်ပစ္စည်းစစ်ဆေးဂိတ်အချို့အား ဖျက်သိမ်း၍ ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့သည့်အတွက် နယ်စပ်ဒေသမှတစ်ဆင့် မြန်မာနိုင်ငံသို့ တရားဝင်ကုန်ပစ္စည်းများအဖြစ် ပိုမိုဝင်ရောက်လာခဲ့ကြောင်း သိရသည်။

၎င်း ကိစ္စရပ်နှင့် ပတ်သက်၍ နိုင်ငံရေးလေ့လာနေသူတစ်ဦးက "ထိုင်းနဲ့ မြန်မာဆိုတာ နယ်မြေချင်း ထိစပ်နေတဲ့ နိုင်ငံတွေပဲလေ။ ခုလို မြန်မာ- ထိုင်း နှစ်နိုင်ငံအစိုးရက ဖြေလျော့မှုတွေ ပြုလုပ်ပေးခြင်းအားဖြင့် မြန်မာနိုင်ငံ နယ်စပ်ကုန်သွယ်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေပာာ ဒီထက်ပိုမို လာတော့မှာပဲဖြစ်ပါတယ်" ပာု ပြောကြားခဲ့သည်။

YC

 *****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့နှင့်အစိုးရငြိမ်းချမ်းရေးအဖွဲ့ စတင်ဆွေးနွေး

ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ PNLO ၏ ငြိမ်းချမ်းရေးကော်မတီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့သည် အပစ်ခတ်ရပ်စဲရေးအတွက် စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

“ပအို့ဝ် အဖွဲ့ကိုစညှိနေပြီ။ ဘယ်တော့ သဘောတူလက်မှတ် ထိုးမယ်ဆိုတာကတော့ မသိသေးဘူး။” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

PNLO က ပြည်ထောင်စုမှ ခွဲထွက်ခြင်းမပြုကြောင်း အာမခံပြီး အစိုးရအနေဖြင့် တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲရေးကို ကြေညာပေးရန် အပါအဝင် အချက် ၁၁ ချက် တောင်းဆိုခဲ့ကြောင်း PNLO ငြိမ်းချမ်းရေး ကော်မတီက အဖွဲ့ခေါင်းဆောင် ဦးခွန်မြင့်ထွန်းက ပြောကြားသည်။

                လက်ရှိအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်သောင်း ဦးဆောင် သည့် ငြိမ်းချမ်းရေးအဖွဲ့တို့သည် တစ်ပြည်လုံးရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ညှိနှိုင်းဆွေးနွေးပြီး ပဏမသဘောတူ လက်မှတ်ရေးထိုးမှုများကို အောင်မြင်စွာ လုပ်ကိုင်နိုင်လျက်ရှိကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောကြားသည်။

“တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက တစ်ဖွဲ့နဲ့တစ်ဖွဲ့ မူဝါဒတွေ မတူကြဘူး။ ဆွေးနွေးကြတဲ့အခါမှာလည်း တောင်းဆိုမှုတွေကလည်း မတူကြဘူး” ဟု အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့် လိုက်ပါဆွေးနွေးနေသူတစ်ဦးက ရှင်းပြသည်။

မည်သည့်နိုင်ငံတွင်မဆို ပြည်တွင်းငြိမ်းချမ်းမှု မရှိပါက စီးပွားရေး နိုင်ငံရေး လူမှုရေး မတိုးတက်နိုင်ကြောင်း၊ လက်နက်ကိုင်များ ရှိနေခြင်းသည် သက်ဆိုင်ရာဒေသ၏ မတည်ငြိမ်မှုကိုပြသခြင်းဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူတစ်ဦးက သုံးသပ်ပြောဆိုသည်။

အဆိုပါ အစိုးရငြိမ်းချမ်းရေးအဖွဲ့သည် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်ကြသည့်  KNU၊ SSA၊ KIO စသည့် တိုင်းရင်းသား  လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပဏာမ သဘောတူလက်မှတ် ရေးထိုးထားပြီးဖြစ်ကြောင်း သိရသည်။          

Peace Press

-----------------------------------------------------------------------------------------------------------------------------------

ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရာတွင် ကာကွယ်စောင့်ရှောက်ပေးရမည်

လာမည့် ဧပြီလ ၁ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများမှ ပါတီဝင် အင်အားစုဆောင်းခြင်းနှင့် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ရာတွင် သက်ဆိုင်ရာမှ လိုအပ်သော ကာကွယ်စောင့်ရှောက် မှုများ ပြုလုပ်ပေးရမည်ပာု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားထားသည်။

ဧပြီလ ၁ ရက်နေ့၌ ပြုလုပ်မည့် လွှတ်တော်တွင်း လစ်လပ်နေရာ ပြန်လည်ဖြည့်တင်းမည့် ကြားဖြတ်ရွေးကောက်ပွဲ များတွင် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ပါတီဝင်အင်အား စုဆောင်းခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းများကို လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်မည် ဖြစ်သော် လည်း နိုင်ငံရေးပါတီများ နယ်အသီးသီး၊ မြို့နယ်အသီးသီးသို့ မဲဆွယ်စည်းရုံးရေးဆင်းရာ၌ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ၏ ခွင့်ပြုမိန့်ဖြင့်သာ သတ်မှတ် နေရာ၊ အချိန်၊ အင်အားတို့ကို စည်းကမ်းသတ်မှတ်ချက်ဖြင့်သာ ဆောင်ရွက်ခွင့်ရှိကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ရာတွင် သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲများသို့ အကြောင်းကြားရန် ညွှန်ကြားထားသော်လည်း သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများအနေဖြင့် ကိုယ်စားလှယ်လောင်းများ၏ စုဝေးခြင်း၊ ပောာပြောခြင်း တို့ကို ပျက်ပြားစေမည့် လုပ်ရပ်များမပြုလုပ်ရန်နှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးနှင့် လုံခြုံရေးတပ်ဖွဲ့များမှ လိုအပ်သည့် ကာကွယ်စောင့် ရှောက်မှုများ ပေးရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားထားသည်။

ထို့ပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်ရှင်မှ ပါတီများအနေဖြင့် ပါတီစည်းရုံးရေးလုပ်ငန်းများကို လုပ်ဆောင်ရာတွင် သက်ဆိုင်ရာ ပါတီရုံးဌာန ချုပ်နှင့် ပါတီရုံးခွဲများတွင် စည်ရုံးနိုင်သကဲ့သို့ ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်မည့် ကိုယ်စားလှယ်လောင်းများအနေဖြင့်လည်း ရွေးကောက်ပွဲ ကော်မရှင်မှ အမည်စာရင်း စိစစ်ပြီးပါက သက်ဆိုင်ရာပါတီရုံးခွဲများတွင် မဲဆွယ်စည်းရုံးမှုများ စတင်ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း ပြည်ထောင်စုရွေးကော်မရှင်၏ ညွှန်ကြားချက်များ၌ ဖော်ပြပါရှိသည်။

ဧပြီလ ၁ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် လွှတ်တော်တွင်း လစ်လပ်မဲဆန္ဒနယ် (၄၈) နေရာ ရှိကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မိုးကောင်း NLD ရွေးကောက်ပွဲအကြို စည်းရုံးရေး ဒေသအာဏာပိုင်များ နှောက်ယှက်

လာမည့် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစိအဖွဲချုပ်၏ ကချင်ပြည်နယ် မိုးကောင်းမြို့တွင် မဲဆွယ်စည်းရုံး ဆင်းကြသောသူများကို SB၊ စအဖ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ချို့ နှောက်ယှက်ခဲ့ကြောင်း NLD ပါတီဝင်တစ်ဦးက ပြောကြားသည်။

မိုးကောင်းမြို့မှ ၆မိုင်ခန့်ကွာဝေးသည့် ရွှေအင်း၊ တိုးပူးရွာများသို့ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပါတီဝင်များ အနေဖြင့် စည်းရုံးရေးဆင်းကြစဉ် SB(သတင်းတပ်ဖွဲ့)၊ စအဖ(စစ်ဖက်လုံခြုံရေး)များက နောက်မှလိုက်လံစောင့်ကြည့်ကြပြီး အုပ်ချုပ်ရေးမှူးများက အိမ်ရှင် တစ်ချို့ကို သတင်းမပို့သဖြင့် ဆူပူကြိမ်းမောင်းခြင်းများ ပြူလုပ်ခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

"အရင်လိုမဟုတ်ပေမဲ့ စိတ်အနှောက်ယှက်ဖြစ်ရတယ် ပြည်သူတွေကို ခြိမ်းခြောက်သလို အနိုင်ကျင်သလို ခံစားရတယ်” ဟု ၎င်းကဆိုသည်။

မိုးကောင်းတွင် ပြည်ခိုင်ဖြိုးပါတီ၊ NDFပါတီ၊ ကျားဖြူပါတီ၊ NLDပါတီနှင့် ဒေါက်တာတူးဂျာ (တစ်သီးပုဂ္ဂလ)တို့ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး ရှမ်းနီများနေထိုင်သောဒေသ ဖြစ်သကဲ့သို့ ဒေါက်တာတူဂျာလည်း ဝင်သဖြင့် မဲများစုစည်းမှု မရှိဘဲ ပြန်ကြဲကာ ပြည်ခိုင်ဖြိုး အချောင်အနိုင်ရသွားမည်ကို စိုးရိမ်ကြောင်း ဒေသခံ ကျောက်ကုန်သည်တစ်ဦးက ဆိုသည်။

“အပေါ်က ပြောင်းတယ်ဆိုပေမယ် အောက်ခြေကတော့ နိုင်ငံရေးအမြင်မရှိတော့ အဆူခံထိ အဆဲခံထိမှာကြောက်ပြီး စားကောင်းရုံ လုပ်တာတော့ ရှိနေဦးပဲ“ ဟု စအဖများ၊ SBများ NLD ပါတီကို လိုက်လံစောင့်ကြည့်ခြင်းနှင့် ပတ်သက်လို့ ၎င်းက မှတ်ချက်ပြုပြောဆိုသည်။

နိုင်ငံတကာက ဧပြီလ ၁ရက်တွင်ကျင်းပမည့် ကြားဖြတ်ရွေကောက်ပွဲကို လွတ်လပ်ပြီး တရာမျှတမှုရှိစွာ ကျင်းပခြင်း ရှိမရှိစောင့် ကြည့်ပြီးမှ ပိတ်ဆိုဒဏ်ခတ်မှုများ ဖြေလျှော့ပေးမည်ဟု သတိပေးချိန်တွင် ယခုကဲ့သို့ မိုးကောင်းသတင်း ထွက်လာခြင်း ဖြစ်သည်။

MP

*****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“တကယ် စီးပွားရေး တွက်ခြေကိုက်မယ့် ပြည်သူ့အတွက် အကျိုးရှိမယ့်လုပ်ငန်းတွေပဲ လုပ်ဖို့၊ နောက် တင်ပြီးသားအကြွေးတွေကို ပြည်သူတွေကို တင်ပြချင်တာကတော့ သိပ်စိတ်မပူပါနဲ့လို့၊ တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်ဖို့ တာစူနေပါပြီ။ ကျွန်တော်တို့ တိုင်းပြည်ဟာ ပထဝီ အနေအထားအရ ရော၊ သယံဇာတတွေရော  ရှိပါတယ်။ စီးပွားရေးဆိုင်ရာ စီမံခန့်ခွမှုအပိုင်းအားနည်းခဲ့လို့ နှစ် နှစ်ဆယ်လောက်မှာ ဒီအခြေအနေရောက်ခဲ့တာလေ။ ဒါတွေကို အချိန်မီ ပြုပြင်ပြီး နိုင်ငံရေးအရလည်း ပြောင်းလဲမှုတွေ အများကြီးတိုးတက် ဖြစ်ထွန်းလာတဲ့အခါမှာ အခွင့်အရေးကောင်းတွေ ရလာမှာပဲ။ အခွင့်အရေးကောင်းတွေကို ထိထိရောက်ရောက် အကျိုးရှိရှိ ဆောင်ရွက်နိုင်မယ်ဆိုရင် ကြွေးမြီပြဿနာလည်း ပြေလည်သွားမှာပါ”

ဖေဖော်ဝါရီ ၉ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၈၁) တွင်ပါသည့် “ပြည်ပကြွေးမြီး စုစုပေါင်း အမေရိကန် ဒေါ်လာသန်းပေါင်း သောင်းတစ် ထောင်ကျော်ရှိဟု ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း ပြောကြား” သတင်းမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုး၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

မေး- ၈၈မျိုးဆက် ကျောင်းသားတွေအနေနဲ့ ပါတီနိုင်ငံရေးလမ်းကြောင်းပေါ် မတက်ဘဲ တရားဝင်ရပ်တည်လို့ရမယ့် နိုင်ငံရေးပုံသဏ္ဍန်ရှိပါသလား။ ဘယ်လို ဟာမျိုးလဲ။

ဖြေ- အဓိက ဒီအပြောင်းအလဲကကြီးတယ်။ ကြီးတော့ ဒီအပြောင်းအလဲကို လောလောဆယ်မှာ အဆုံးသတ်ပေးနိုင်တဲ့သူကတော့ လက်ရှိအစိုးရအဖွဲ့ တာဝန်ရှိသူတွေ ဖြစ်နေတယ်။ အဲဒီတော့ သူတို့ကိုယ်၌ကလည်း ပါတီစုံဒီမိုကရေစီကို ဖော်ဆောင်ဖို့အတွက်မှာ စမ်းပြီး သတိနဲ့ လုပ်နေတယ်လို့ မြင်တယ်။ မြင်တော့ ဘယ်လိုပုံစံနဲ့ ရပ်တည်နိုင်မလဲဆိုတာ သူတို့က ဥပမာအားဖြင့် ပါတီမှတ်ပုံတင်ဥပဒေတို့ အခြား အသင်းဖွဲ့စည်းမျဉ်းတွေရဲ့ ဥပဒေတွေနဲ့ ပတ်သက်တဲ့အခါမှာ ဘယ်လောက် လျှော့ပေါ့ပေးမလဲ။ ဘယ်လောက်ခွင့်ပြုမလဲ အပေါ်တွေမှာ ကျွန်တော်တို့ ချိန်ဆရမှာပေါ့လေ။ ပါတီမဟုတ်တဲ့အဖွဲ့၊ အဖွဲ့အစည်းတွေဆို ပြည်ထဲရေးမှာ စည်းမျဉ်းဥပဒေတွေနဲ့ မှတ်ပုံတင်ရတယ်။ အဲတော့ ကျွန်တော်တို့ အဲဒီဟာတွေ အကုန်လုံးကို ပြည့်ပြည့်စုံစုံ လေ့လာ နေပါတယ်။ သေချာတာတစ်ခုကတော့ ကျွန်တော်တို့အထဲမှာ ကျောင်းသား နိုင်ငံရေး၊ အမျိုးသားနိုင်ငံရေး၊ အခြားလူထုနိုင်ငံ ရေးတွေကိုပဲ စဉ်းစားတဲ့သူ ရှိနိုင်တယ်လေ။ အဲဒီတော့ တရားဝင် ရပ်တည် နိုင်တဲ့ ပုံသဏ္ဍာန်ကိုတော့ ကျွန်တော်တို့ ရွေးသွားမှာပါ။

ဖေဖော်ဝါရီ ၉ ထုတ် Popular News အတွဲ (၄) အမှတ် (၆) တွင်ပါသည့် “၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနှင့် အင်တာဗျူး” ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အနာဂတ်လမ်းကြောင်းက ဘယ်လိုသွားမလဲ။ ဆန်ကိုပဲ အိတ်စပို့လုပ်ဖို့ ဖြစ်နေကြတယ်။ ကမ္ဘာမှာ ဆန်စားသုံးမှုက နည်းနေပြီ။ အဲဒီအချိန်မှာ ထိုးမရောင်းနဲ့။ နိုင်ငံတကာ စားသောက်မှုပုံစံ ပြောင်းနေတာကို ကြည့်ရမယ်။ ဒီ့ပြင် အကြောင်းအရာ အခြေအနေ ပြည်တွင်းကိစ္စတွေကို ဘယ်လိုလုပ်မလဲ။ ကျွန်တော်တို့သာ အဆင်သင့်ဖြစ်ပြီလား။ CLMV ဆိုတဲ့ ကမ္ဘောဒီယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နိုင်ငံတွေကြားမှာ တခြားနိုင်ငံတွေကရော ဘယ်လို တုံ့ပြန်မလဲ။ နိုင်သူများပြီး ရှုံးသူတွေ နည်းအောင် လုပ်နိုင်မယ်။ လုံးဝမရှုံးအောင်တော့ မလုပ်နိုင်ဘူး”

ဖေဖော်ဝါရီ ၉ ထုတ် Popular News အတွဲ (၄) အမှတ် (၆) တွင်ပါသည့် “မူပိုင်ခွင့်မရှိဘဲ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဝင်လာလျှင် ဒေသတွင်း စီးပွားရေး လုပ်ငန်းလည်ပတ်အား လျော့ကျနိုင်” သတင်းမှ နိုင်ငံတော်သမ္မတ၏စီးပွားရေး အကြံပေးအဖွဲ့ဝင် တစ်ဦးဖြစ်သော ဦးဆက်အောင်၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

***************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၉.၂.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. လွတ်မြောက်လာသော မြန်မာ့နိုင်ငံရေးလှုပ်ရှားသူများကို ဟီလာရီကလင်တန်တွေ့ဆုံ

(AFP သတင်းမှ 9 February 2012 ရက်စွဲပါ Clinton Meets Freed Myanmar Activists သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. PTTEP မြန်မာလုပ်ကွက်သစ်အတွက် သဘောတူညီမှု ရလုနီး

(Bangkok Post မှ 8 February 2012 ရက်စွဲပါ PTTEP nears dear on new Myanmar exploration ကို ဘာသာ ပြန်ဆိုသည်)

  1. အိန္ဒိယ စီးပွားရေးတိုးတက်မှုနှုန်း ၇% အောက်တွင်ရှိမည်ဟု ခန့်မှန်း

(BBC သတင်းဌာနမှ 7 Feb 2012 ရက်စွဲပါ India economy: Growth to fall below 7% for 2011-12 ကို ဘာသာ ပြန်ဆိုသည်)

**************************************************************************************

လွတ်မြောက်လာသော မြန်မာ့နိုင်ငံရေးလှုပ်ရှားသူများကို ဟီလာရီကလင်တန်တွေ့ဆုံ

(AFP သတင်းမှ 9 February 2012 ရက်စွဲပါ Clinton Meets Freed Myanmar Activists သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲမှုကိုအားပေးတိုက်တွန်းရန် ဝါရှင်တန်ကကြိုးပမ်းသည့် အစီအစဉ်တစ်ရပ် အနေဖြင့် မကြာသေးမီက အကျဉ်းထောင်မှ လွတ်မြောက်လာသောလူရွှင်တော် ဇာဂနာအပါအဝင် မြန်မာ နိုင်ငံရေးလှုပ်ရှားသူများကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ဂုဏ်ပြုကြိုဆို လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံရာတွင် မြန်မာနိုင်ငံမှ နာမည်ကျော်အတိုက်အခံနိုင်ငံရေးသမားဖြစ်သူ လူရွှင်တော်၊ ကဗျာဆရာ၊ ရုပ်ရှင်ဒါရိုက်တာ၊ စွယ်စုံရအနုပညာရှင် ဇာဂနာကို ဟီလာရီကလင်တန်က လက်နှစ်ဖက် ဆန့်တန်းကာ ကြိုဆိုနှုတ်ဆက်ခဲ့သည်။

၂ဝဝ၈ ခုနှစ် နာဂစ်ဆိုက်ကလုံးအပြီး အသက်ရှင်ကျန်ရစ်သူများကို စောင့်ရှောက်ကူညီနေစဉ် နောက်ဆုံးအကြိမ် ဖမ်းဆီးထာင်ချခြင်းခံခဲ့ရသော ဇာဂနာသည် ပြီးခဲ့သောအောက်တိုဘာလတွင် သမ္မတဦးသိန်းစိန်က တင်းကြပ်သော ဥပဒေများကို ဖြေလျော့ပေးခြင်းကြောင့် ပြန်လည် လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။ ဇာဂနာနှင့်အတူ ကချင်ပြည်နယ်မှ ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် တိုင်းရင်းသားအရေးလှုပ်ရှားသူ ဘောက်ဂျာ၊ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူခင်သန်းမြင့်တို့ကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဟီလာရီကလင်တန်က လက်ခံတွေ့ဆုံခဲ့သည်။

အထက်ပါ မြန်မာဒီမိုကရေစီလှုပ်ရှားသူ ၃ ဦးသည် ဝါရှင်တန်သို့ အတူတကွ လာရောက်ကြခြင်းဖြစ်ပြီး ပြီးခဲ့သော အပတ်က National Endowment for Democracy ပြုပြင်ပြောင်းလဲမှုများ သိသာထင်ရှားမှုရှိမရှိ ဆိုသည့်အချက်ကို အယူအဆအမျိုးမျိုးတင်ပြသွားခဲ့ကြသည်။ မိမိ ပြည်သူလူထုကို ပြန်လည်သတ်ဖြတ်သောအစိုးရဟု အနောက်နိုင်ငံများကသတ်မှတ်၍ ကာလ ကြာရှည် ပစ်ပယ်ထားခဲ့သော အရှေ့တောင်အာရှ မြန်မာနိုင်ငံမှ စတင်ပြောင်းလဲမှုကိုထောက်ခံအားပေးရန် ဘားရက်အိုဘားမား အစိုးရက ဆုံးဖြတ်ခဲ့ပြီးနောက် ပြီးခဲ့သောဒီဇင်ဘာလတွင် သမိုင်းဝင် မြန်မာခရီးစဉ် အဖြစ် ဟီလာရီကလင်တန် ရောက်ရှိလာခဲ့ပြီး ဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဌာနအရှေ့အာရှဆိုင်ရာလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့ကမ့်ဘဲလ်က ၎င်းအနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်၍ မျှော်လင့်ချက်အပြည့် ထားရှိသော်လည်း များစွာဆောင်ရွက် ပြီးစီးကြောင်း သေချာစေရန်အတွက် အမေရိကန်ပြည်ထောင်စုအနေဖြင့် အားပေး ထောက်ခံမှုကို လိုအပ်နေသည်ဟု ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

“တစ်ခြားသူတွေရဲ့ ထောက်ခံအားပေးမှုကို ကျွန်တော်တို့အသေအချာလိုအပ်နေပါတယ်။ ဒါမှသာ ဟောဒီသမိုင်းဝင်တံခါးဖွင့်မှုကို ရှေ့ဆက်နိုင်မှာ ဖြစ်ပါတယ်” ဟု ကမ့်ဘဲလ်က Center for Strategic and International Studies တွင် ပြုလုပ်သောကွန်ဖရင့်တွင် ပြောကြားဖြစ်သည်။ “အမေရိကန်ဟာ ဒီကြိုးပမ်းမှုအတွက် ထောက်ခံမှု ရရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲဖို့ ဦးတည်ဆောင်ရွက်နေတာကို ကျွန်တော်တို့အသိအမှတ်ပြု အားပေး ထောက်ခံတယ် ဆိုတာကို မြန်မာအာဏာပိုင်တွေ ရှင်းရှင်းလင်းလင်းသိစေဖို့အတွက် သင့်လျှော်မှန်ကန်တဲ့ သံတမန်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အကူအညီတွေ ပံ့ပိုးလုပ်ဆောင်ပေးဖို့ ကျွန်တော်တို့ ဆန္ဒရှိနေပါတယ်”ဟု ကမ့်ဘဲလ်က ဆိုသည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး အပြည့်အဝ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်ကို စတင်နေပြီဖြစ်ပြီး နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများ၏ အကူအညီကိုလည်း မဟန့်တားဘဲ ခွင့်ပြုတော့မည်ဟု တနင်္လာနေ့က ထုတ်ပြန်ကြေညာခဲ့သည်။

*******************************************************************************

PTTEP မြန်မာလုပ်ကွက်သစ်အတွက် သဘောတူညီမှု ရလုနီး

(Bangkok Post မှ 8 February 2012 ရက်စွဲပါ PTTEP nears dear on new Myanmar exploration ကို ဘာသာ ပြန်ဆိုသည်)

ထိုင်းနိုင်ငံမှ PTTEP သည် PSC-G နှင့် EP-2 ကုန်းတွင်းရေနံလုပ်ကွက်များတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေရန် မြန်မာနိုင်ငံနှင့် ယခုလအတွင်း သဘောတူလက်မှတ် ရေးထိုးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ “မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ကျွန်တော်တို့ အတွက် စွမ်းအင်ရှာဖွေရေးနဲ့ ထုတ်လုပ်ရေးအတွက် အဓိက အရေးကြီးတဲ့ ဈေးကွက်ဖြစ်ပါတယ်” ဟု အမှုဆောင်ချုပ် Anon Sirisaemgtaksin က ပြောကြားခဲ့သည်။

PTTEP သည် ထိုင်းနိုင်ငံ၏ အကြီးဆုံးစွမ်းအင်ကုမ္ပဏီ အစုအဖွဲ့ကြီး ဖြစ်သော PTT Plc ၏ ယူနစ်တစ်ခု ဖြစ်ပြီး ပြီးခဲ့သည့်လက အဆိုပါ လုပ်ကွက်နှစ်ခုအတွက် လိုင်စင်ရရှိခဲ့သည်။ အဆိုပါ လုပ်ကွက်နှစ်ခုသည် ၁၃ဝဝဝ စတုရန်းကီလို ရှိသည်။ PTTEP သည် မုတ္တမပင်လယ်ကွေ့ရှိ M9 သဘာဝဓာတ်ငွေ့ လုပ်ကွက်ကို လုပ်ကိုင်လျက်ရှိရာ ယခုနှစ်ကုန်တွင် တစ်ရက်လျှင် ဓာတ်ငွေ့ကုဗပေသန်း ၃ဝဝ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားသည်။ အဆိုပါထုတ်လုပ်သည့်ပမာဏမှ ၈ဝ% ကို ထိုင်းသို့တင်ပို့မည်ဖြစ်ပြီး ကျန် ၂ဝ% ကို မြန်မာပြည်တွင် အသုံးပြုမည်ဖြစ်သည်။ ယင်းသည် မုတ္တမ ပင်လယ်ကွေ့တွင် ဓာတ်ငွေ့ထုတ်လုပ်ရေး အဆောက်အအုံများနှင့် ကီလို ၃ဝဝ ရှည်သော ဓာတ်ငွေ့ပိုက်လိုင်း ဆောက်လုပ်ရန် အမေရိကန်ဒေါ်လာ ၂ ဘီလျံ လျာထားသည်။

အဆိုပါလုပ်ငန်းအတွက် PTTEP က ၈ဝ% ငွေထည့်ဝင်ပြီး မြန်မာအစိုးရပိုင်း MOGE က ကျန် ၂ဝ% ထည့်ဝင်မည် ဖြစ်သည်။ Mr.Anon က ပြောကြားရာတွင် PTTEP သည် မုတ္တမပင်လယ်ကွေ့တွင် M3 ဓာတ်ငွေ့လုပ်ကွက်၌လည်း တူးဖော်လျက်ရှိရာ စီးပွားရေးအရ တွက်ခြေကိုက်မည်ဟု ဆိုသည်။ တူးဖော်ရေးရလဒ်များ ကောင်းပါက PTTEP သည် စီးပွားဖြစ်ထုတ်လုပ်ရေး စီမံချက်များဖြင့် ရှေ့ဆက်ထုတ်လုပ်သွားမည် ဖြစ်ကြောင်း ယင်းက ပြောသည်။ M3 သည် PTTEP အတွက် ရတနာ၊ ရဲတံခွန်နှင့် ဇောတိကပြီးလျှင် စတုတ္တမြောက်ဓာတ်ငွေ့လုပ်ကွက် ဖြစ်သည်။ ၎င်းသည် M3 တွင် တွင်းနှစ်တွင်း တူးဖော်ပြီးလည်းဖြစ်သည်။

ရတနာနှင့် ရဲတံခွန်သဘာဝ ဓာတ်ငွေ့တွင်းများမှ တစ်ရက်လျှင် ကုဗပေ ၁.၁ သန်း ထိုင်းသို့ တင်ပို့လျက်ရှိပြီး ဇောတိကမှ လာမည့်နှစ်တွင်  စတင်ပို့လွှတ်နိုင်မည် ဖြစ်သည်။ ထိုင်းနိုင်ငံတွင် PTTEP သည် ဘွန်ကော့ဒေသတောင်ပိုင်း သဘာဝဓာတ်ငွေ့လုပ်ကွက်မှ ယခုနှစ်လယ်တွင် တစ်ရက်လျှင် ကုဗပေသန်း ၃၂ဝ ပို့လွှတ်နိုင်မည် ဖြစ်သည်။ ကုမ္ပဏီသည် ဩစတြေးလျတွင် ပထမဆုံးရေနံ ထုတ်လုပ်လျက်ရှိရာ တတိယကွာတားတွင် တစ်ရက်လျှင် ရေနံစိမ်းစည် ၃၅ဝဝဝ ထုတ်လုပ်နိုင်မည် ဖြစ်သည်။ PTT ၏အမှုဆောင်အရာရှိချုပ်က ပြောကြားရာတွင် ယင်းတို့အုပ်စု၏ ငွေရင်းအသုံးစရိတ်ကို ၂ဝ၁၂-၁၆ တွင် တစ်ဝက်နီးပါးအား ရှာဖွေရေးနှင့် ထုတ်လုပ်ရေးအတွက် အသုံးပြုမည်ဖြစ်ကြောင်း ဆိုသည်။ ကျန်ငွေများကို သန့်စင်ပြီး အချောထည်ပြုလုပ်ရာတွင် အသုံးပြုမည် ဖြစ်သည်။

PTT ၏ လာမည့် ၅ နှစ်ကာလအတွက် အသုံးစရိတ်ကို ဘတ်ငွေ ၃၅၈ ဘီလျံလျာထားပြီး ၆၁% ကို ပြည်တွင်း ဈေးကွက်တွင် အသုံးပြုမည်ဖြစ်ကာ ၃၉%ကို နိုင်ငံတကာတွင် လုပ်ကိုင်သောလုပ်ငန်းများအတွက် လျာထားလျက်ရှိသည်။ ထိုပမာဏတွင် ၅၁% ကို လက်ရှိ စီမံကိန်းများတွင် အသုံးပြုမည်ဖြစ်၍ ကျန်ပမာဏကို ရင်းနှီးမြှုပ်နှံမှုအသစ်များ အတွက် အသုံးပြုမည်ဖြစ်သည်။ PTT သည် အာရှပစိဖိတ်၊ မြောက်အမေရိက၊ အနောက်အာဖရိကတို့တွင် ရှာဖွေရေးလုပ်ငန်းများကို စိတ်ဝင်စားလျက်ရှိပြီး အရှေ့တောင်အာရှဒေသတွင် အချောထည်လုပ်ငန်းများ အတွက် အခွင့်အလမ်းရှာဖွေလျက် ရှိသည်။

*******************************************************************************

အိန္ဒိယ စီးပွားရေးတိုးတက်မှုနှုန်း ၇% အောက်တွင်ရှိမည်ဟု ခန့်မှန်း

(BBC သတင်းဌာနမှ 7 Feb 2012 ရက်စွဲပါ India economy: Growth to fall below 7% for 2011-12 ကို ဘာသာ ပြန်ဆိုသည်)

နယူးဒေလီအစိုးရက ထုတ်ပြန်သော စာရင်းဇယားသစ်များအရ ၂၀၁၁-၂၀၁၂ ခုနှစ်အတွက် အိန္ဒိယနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းမှာ ၇ ရာခိုင်နှုန်း အောက်သို့ရောက်ရှိနေဖွယ်ရှိကြောင်းသိရသည်။

ယခုကဲ့သို့ စီးပွားရေးတိုးတက်မှုနှုန်းကျဆင်းမှုကိုကြည့်ပါက အိန္ဒိယ၏ သတ္တုတူးဖော်ရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုအစရှိသည့် အခန်းကဏ္ဍ တို့တွင် ကျဆင်းမှုများဖြစ်ပေါ်နေသည်ကို မြင်တွေ့နိုင်သည်။ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းက အစိုးရကိန်းဂဏန်းများကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းထုတ်ပြန်ရာတွင် စီးပွားရေးတိုးတက်မှုနှုန်းမှာ ၇ ရာခိုင်နှုန်းမှ ၇ ဒဿမ ၅ ရာခိုင်နှုန်းရှိကြောင်းဖော်ပြသည်။

လေ့လာဆန်းစစ်သူများက အိန္ဒိယစီးပွားရေးယခုလို တိုးတက်မှုနှုန်းကျဆင်းရခြင်းမှာ ငွေကြေးဖောင်းပွမှု လျှော့ချရန် အလို့ငှာ ရုတ်ချည်း ပြောင်းလဲ သတ်မှတ်လိုက်သော အတိုးနှုန်းမြင့်တက်မှုကြောင့်ဖြစ်ကြောင်း ပြောကြားသည်။ အိန္ဒိယအစိုးရ ဗဟိုစာရင်းစစ်ချုပ်ရုံးက စာရင်းထုတ်ပြန်ရာတွင် အိန္ဒိယစီးပွားရေးတိုးတက်မှုနှုန်းသည် မတ်လကုန်ပိုင်းအထိ ၇ သို့မဟုတ် ၇ ဒဿမ ၅ ရာခိုင်နှုန်းဖြင့်တိုးတက်နေမည်ဖြစ်သည်ဟု ဆိုသည်။ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းမှာ ၂ ဒဿမ ၅ ရာခိုင်နှုန်းဖြင့် တိုးတက်နေမည်ဟုမျှော်လင့်ရပြီး ကုန်ထုတ်လုပ်မှုမှာ ၃ ဒဿမ ၉ ရာခိုင်နှုန်းဖြင့်တိုးတက်ဖွယ်ရှိသည်။  သတ္တုတူးဖော်ရေးအခန်းကဏ္ဍမှာ ၂ ဒဿမ ၂ ရာခိုင်နှုန်းဖြင့် ကျဆင်းနေမည်ဖြစ်သည်။

လေ့လာအကဲခတ်သူများကမူ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်မရေရာမသေချာမှုများကို ထောက်ပြပြီး အိန္ဒိယ အစိုးရ၏ မူဝါဒပိုင်းဆိုင်ရာ ချို့ယွင်းမှုများ ရှိနိုင်ကြောင်း ဆိုသည်။ ကမ္ဘာ့စီးပွားရေးအဆင့်အတန်း သတ်မှတ်သည့် အဖွဲ့ဖြစ်သော Standard and Poor အဖွဲ့ကမူ အိန္ဒိယ၏ ရင်းနှီးမြှုပ်နှံမှုအတွက် ယုံကြည်မှုဆိုင်ရာ အဆင့်ကို ဖေဖော်ဝါရီလ ၆ ရက်နေ့က အဆင့်လျှော့ချ သတ်မှတ်လိုက်သည်။ အိန္ဒိယ စီးပွားရေးစီမံကိန်း ကော်မရှင်မှ တာဝန်ရှိသူ တစ်ဦးကမူ စီးပွးရေးတိုးတက်မှုဆိုင်ရာ အဆိုပါကိန်းဂဏန်းများမှာ ၎င်းတို့ကော်မရှင်ကထုတ်ဖော်ပြောဆိုမှုများနှင့် အံ့ဝင်ခွင်ကျ ရှိသည်ဟု ဆိုသည်။

 *********************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs