Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၃.၂.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၃)

  1. မြန်မာနိုင်ငံအတွက် အသေးစိတ်စီမံချက်

( Asia Times online မှ 10 February 2012 ရက်စွဲပါ Bertil Linter ၏ The master Plan for Myanmar ကို ဘာသာ ပြန်ဆိုသည်)

*****************************************************************************

မြန်မာနိုင်ငံအတွက် အသေးစိတ်စီမံချက်

(Asia Times online မှ 10 February 2012 ရက်စွဲပါ Bertil Linter ၏ The master Plan for Myanmar ကို ဘာသာ ပြန်ဆိုသည်)

လတ်တလောကာလတွင် နိုင်ငံတကာက လက်ရှိအစိုးရကိုရော ပြီးခဲ့သော အစိုးရကိုပါလူ့အခွင့်အရေးမှတ်တမ်းများအပေါ် ဝေဖန်မှုများရပ်သွားပြီး မြန်မာနိုင်ငံသည် နိုင်ငံခြားမိတ်ဆွေများ တိုး၍ ရရှိနေသည်။ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့သည် မြန်မာအစိုးရအပေါ် ချမှတ်ထားသော အရေးယူမှုများကို အချို့ ရုတ်သိမ်းရန်နှင့် ရုတ်သိမ်းရန်ပြင်ဆင်မှုများရှိလာပြီး နိုင်ငံစုံကုမ္ပဏီများသည် မြန်မာနိုင်ငံကို အာရှ၏ နောက်ဆုံးထွက်ပေါ်လာမည့် ရင်းနှီးမြှုပ်နှံမှု အားကောင်းလာမည့် နိုင်ငံအဖြစ် ရှုမြင်၍ ဝင်ရောက်ရန် ပြင်ဆင်နေကြသည်။

အနောက်နိုင်ငံများသည် သမ္မတဦးသိန်းစိန်၏ ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲမှုများနှင့် အမျိုးသား ပြန်လည် စည်းလုံးရေးဆီသို့ဟု ယူဆရသော လုပ်ဆောင်မှုများကို တညီတညွှတ်တည်း ချီးမွမ်းခဲ့ကြသည်။ သို့သော်ဘာတွေ အမှန်တကယ် ပြောင်းလဲသွားပြီး၊ အပြ၏ နောက်ကွယ်တွင် ဘာတွေ ရှိသနည်း။

မကြာသေးသော ကာလကပင် နိုင်ငံတကာအသိုင်းအဝိုင်းသည် မြန်မာအစိုးရ၏ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် သွေးထွက်သံယို နှိပ်ကွပ်မှုများ၊ ၂၀၀၈ နာဂစ်ဆိုက်ကလုံးအပြီး အတည်ပြု သော အခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲတို့ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြသည်။ သီအိုရီတစ်ခုက မြန်မာအစိုးရသည် စစ်တပ်သဘောထားတင်းမာသူများနှင့် ပြုပြင်ပြောင်းလဲရေး သမားများကြား အာဏာလွန်ဆွဲမှုတွင် ပိတ်မိနေပြီး၊ ပြုပြင်ပြောင်းလဲရေးသမားများက ယခုအချိန်အထိမှု အသာစီးရနေသည်ဟု ဆိုသည်။ အချို့ အနောက်နိုင်ငံများက မြန်မာနိုင်ငံတွင် ယခင်ဖိနှိပ်သော လမ်းကြောင်းသို့ ပြန်မသွားနိုင်စေရန် ပြုပြင် ပြောင်းလဲရေးသမားများနှင့် ပြုပြင်ပြောင်းလဲရေး လက္ခဏာများကို ထောက်ခံ ကူညီရမည်ဟု မူဝါဒကို ဆုံးဖြတ်ထားကြသည်။

ဥရောပသမဂ္ဂနှင့် အမေရိကန်တို့သည် ထိုအမြင်ကို ထင်ဟပ်သော ဖော်ပြမှုများ လူသိရှင်ကြား ပြုလုပ်ခဲ့သည်။ ဇန်နဝါရီလ(၃၁)ရက်နေ့က ဘရပ်ဆဲရှိ ထိပ်သီးအစည်းအဝေးအပြီးတွင် အီးယူဥက္ကဋ္ဌ Herman Van Rompuy က ကြေညာချက်တွင် ဖော်ပြထားရာ၌ “ကျွန်ုပ်သည် မြန်မာနိုင်ငံမှ အရေးကြီးသော ပြောင်းလဲမှုတွေကို ကြိုဆိုပါတယ်။ ပြီးတော့ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်မှာ ရှိနေရန် ဆုံးဖြတ်ချက်ကို ဆက်လက် ထိန်းသိမ်းဖို့ အစိုးရကို အားပေးပါတယ်”ဟု ဖော်ပြထားသည်။ ထိုရက်မတိုင်မီက အမေရိကန်နိုင်ငံခြားရေးဌာနက ၎င်းသည် မြန်မာအစိုးရ၏ ဒေါ်အောင်ဆန်းစုကြည် လာမည့် ရွေးကောက်ပွဲဝင်ရန် ခွင့်ပြုခြင်း၊ အပါအဝင် အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများအပေါ် စိတ်အားတက်ရကြောင်း ဖော်ပြထားသည်။

သို့သော် အချို့က မြန်မာခေါင်းဆောင်ပိုင်းမှ ထွက်ပေါ်လာသော လက္ခဏာများမှာ ပြည်တွင်းရှိ အတိုက်အခံများ ငြိမ်သက်စေရန် အနောက်မှ ယခင် ဝေဖန်သူများ အပါအဝင်နိုင်ငံခြားသားမဟာမိတ်များရရှိရန် အသေအချာစီမံထားသော ချောက်ကာတလှည့် ချော့ကာတလှည့် နည်းဗျူဟာကို ထင်ဟပ်နေသည်ဟု သံသယ ရှိနေကြသည်။ ဦးသိန်းစိန်အစိုးရသည် ယခုအချိန်အထိ ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ခဲ့ခြင်းကြောင့် ၎င်းတို့အထဲမှ အနည်းငယ် ကသာ ကြို၍တွက်ဆနိုင်ခဲ့ကြသည်။ “အာဏာလက်ရှိ လူတွေက စစ်တပ်ကလူတွေလေ၊ ဒီမိုကရက်တစ် အစိုးရရဲ့ ကိုယ်စားလှယ်တွေမဟုတ်ဘူး။ ဒါဆို စဉ်းစားသာကြည့်တော့”ဟု ဆယ်စုနှစ်များစွာ မြန်မာနိုင်ငံရေး တိုးတက်မှုများကို လေ့လာနေသူ မြန်မာ နိုင်ငံသားတစ်ဦးကပြောသည်။

ကောင်းစွာစီမံချက်ချထားနိုင်ခြင်း

မြန်မာနိုင်ငံ၏ မူဝါဒပြောင်းသွားပုံနှင့် အဘယ်ကြောင့် အနောက်နိုင်ငံများက လွန်ကဲစွာ ထောက်ခံနေသည် ဆိုသည်ကို နားလည်ရန် ၂၀၀၀ ခုနှစ်များ အစောပိုင်းကို ပြန်ကြည့်ပါက အချက်အလက်များ ရရှိနိုင်ပါ သည်။ ထိုစဉ်က နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာစစ်အစိုးရကို ကန့်ကွက် ဖိအားပေး နေချိန်ဖြစ်ပြီး၊ ၂၀၀၃ သြဂုတ်လတွင် အချက်(၇)ချက်ပါဝင်သော စည်းကမ်းပြည့်ဝသော ဒီမိုကရေစီသို့ လမ်းညွှန်မြေပုံကိုထုတ်ပြန် ကြေညာခဲ့သည်။

လမ်းပြမြေပုံမှာ လူထုအတွက် ကြေညာခဲ့ခြင်းဖြစ်သည်။ သို့သော်တချိန်တည်းမှာပင် နိုင်ငံတကာ အသိုင်းအဝိုင်း အထူးသဖြင့် အမေရိကန်နှင့် လည်းကောင်း၊ ပြည်တွင်းအတိုက်အခံနှင့်လည်းကောင်း ဆက်ဆံရေးအတွက် နည်းလမ်းများ ပုံဖော်ရန် အသေးစိတ်စီမံချက်တစ်ခု လျှို့ဝှက် ရေးဆွဲထားသည်။ အဆိုပါစီမံချက် ရေးသားသူများကို မသိရသော်လည်း၊ စစ်တပ်တွင်း စားတမ်းရေးသားပြုစုပြီး ၂၀၀၄ ခုနှစ်တွင် ဖြန့်ဝေရာ ရေးသားသူမှာ စစ်တက္ကသိုလ်မှ သုတေသနပြုသူ ဒုဗိုလ်မှူးကြီးအောင်ကျော်လှဖြစ်သည်။ အဆိုပါစာတမ်းမှာ မြန်မာဘာသာဖြင့် ရေးသားထားပြီး၊ စာရေးသူက လက်ခံ ရရှိထားသည်။ အဆိုပါ စာတမ်းတွင် အသေးစိတ်စီမံချက်နောက်ကွယ်တွင် စဉ်းစားစရာနှင့် မဟာဗျူဟာကို ပုံဖော်ထားသည်။ သို့သော်မရှင်းလင်းသော အချက်မှာ ရေးသားသူအမည် “အောင်ကျော်လှ”မှာ တစ်ဦးတစ်ယောက်၏ အမည် သို့မဟုတ် စစ်တပ်ဥာဏ်ကြီးရှင်အဖွဲ့၏ လျှို့ဝှက်အမည်ဖြစ်မည်လား ဆိုသည့် အချက်ဖြစ်သည်။ ဖြစ်နိုင်ချေ အထောက်အထားများအရ အဖွဲ့အမည်ဖြစ်ပုံရသည်။

စာမျက်နှာ(၃၄၆)မျက်နှာပါ “မြန်မာ-အမေရိကန်ဆက်ဆံရေးလေ့လာချက်”တွင် မြန်မာနိုင်ငံ၏ လက်ရှိ တရုတ်အပေါ် သံတမန်ရေးအရ မဟာမိတ်နှင့် စီးပွားရေးအရ နာယကနေရာပေးထားမှုများသည် တိုင်းပြည်၏ လွတ်လပ်ရေးကို ခြိမ်းခြောက်လာပြီး အမျိုးသားရေးအရ အရေးပေါ် အခြေအနေ ဖန်တီးနိုင်ကြောင်း ဖော်ပြထားသည်။

စာတမ်းအရ မြန်မာနိုင်ငံသည် လမ်းပြမြေပုံကို အကောင်အထည်ဖော်ပြီးပါက အနောက်နိုင်ငံများနှင့် ဆက်ဆံရေးကို ပုံမှန်ဖြစ်အောင် လုပ်ဆောင်ရမည်ဖြစ်သည်။ သို့မှသာ အစိုးရသည် ပြင်ပကမ္ဘာနှင့် ပိုမိုလက် ခံနိုင်သော အခြေအနေနှင့် ဆက်ဆံနိုင်မည်ဖြစ်သည်။ စစ်တပ်အတွင်းတွင် စဉ်းစားပုံမှာ မြန်မာနိုင်ငံတွင် စစ်အစိုးရမှ အုပ်ချုပ်နေသ၍ အနောက်နှင့် ပုံမှန်ဆက်ဆံရေးပြုလုပ်ရန် မဖြစ်မနိုင်ဆိုသောအချက် ဖြစ်သည်။ အောင်ကျော်လှက အသေးစိတ်စီမံချက်တွင် ငြင်းချက်ထုတ်ထားရာ၌ အနောက်နိုင်ငံများသည် လူ့ အခွင့်အရေးကိစ္စများကို စိုးရိမ်သည်ဆိုသော်လည်း အမေရိကန်သည် ၎င်း၏ မဟာဗျူဟာအကျိုးစီးပွားနှင့် ကိုက်ညီအောင် မူဝါဒကို ပြုပြင်ရန်ဆန္ဒရှိလိမ့်မည်ဟု ဆိုသည်။ စာတမ်းပြုစုသူက အဆိုပါ အကျိုးစီးပွားများကို ဖော်ပြခြင်းမရှိသော်လည်း၊ စာတမ်းမှ သိရှိရသည်မှာ ၎င်းသည် အမေရိကန်နှင့်လည်းကောင်း တရုတ်နှင့် လည်းကောင်း ဘုံအကျိုးစီးပွား (Common Ground) ကို စဉ်းစားနေသည်ဟူသော အချက်ဖြစ်သည်။ စာတမ်း ပြုစုသူက ဗီယက်နမ်နှင့် ယခင်အာဏာရှင်ဆူဟာတို လက်အောက်မှ အင်ဒိုနီးရှားကို ဥပမာအဖြစ်ပြဆိုရာတွင် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒ၏ အလျော့အတင်းလုပ်နိုင်သော ဒီမိုကရေစီလုပ်ဆောင်မှုများကို ဆန့်ကျင်၍ မဟာဗျူဟာအကျိုးစီးပွားကို စဉ်းစားပုံကို ပြဆိုထားသည်။

အမေရိကန်နှင့် ဆက်ဆံရေးတိုးတက်လာပါက မြန်မာနိုင်ငံသည် ကမ္ဘာဘဏ်၊ နိုင်ငံတကာငွေကြေး ရန်ပုံငွေ အဖွဲ့(IMF)နှင့် အခြားငွေကြေး ဆိုင်ရာ အဖွဲ့အစည်းများထံမှ အလွန်အမင်းလိုအပ်နေသော ရန်ပုံငွေ များရရှိနိုင်မည်ဖြစ်သည်ဟု စီမံချက်က အကြုံပြုထားသည်။ သို့မှသာ မြန်မာနိုင်ငံသည် တရုတ်အပါအဝင် အိမ်နီးချင်းများအပေါ်သာကွက်ကွက်ကလေးဆက်ဆံပြီး ကုန်သွယ်နေရာမှ၊ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်သစ်သို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။

အဆိုပါစီမံချက်တွင် မြန်မာနိုင်ငံသည် တရုတ်အပေါ်မှီခိုမှုလျော့ချခြင်းမပြုမီ၊ အနောက်နိုင်ငံနှင့် ယုံကြည်မှုရှိသော လုပ်ဖော်ကိုင်ဖက်ဖြစ်မလာမီ ကိုင်တွယ်ရမည့် ပြဿနာတစ်ခုကို လုံးဝသိနားလည်နေမှုအား ဖော်ပြထားသည်။ ထိုစာရေးသည့်အချိန်က အဓိက အရေးကိစ္စမှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထိန်းသိမ်းထားသော ကိစ္စဖြစ်သည်။ အောင်ကျော်လှက ဒေါ်အောင်ဆန်းစုကြည်အား အဓိက သော့ချက်အရေးကြီးသော အချက်ဟု ဖော်ပြထားသည်။ “သူမကိုထိန်းသိမ်းထားသည့် အခါတိုင်းဖိအားများတိုးခဲ့ရပြီး၊ လွှတ်ထားသည့် အခါများတွင် ဖိအားလျော့ခဲ့ပါသည်”ဟု ရေးသားထားသည်။ စီမံချက်တွင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခြင်းသည် အနောက်နှင့် ဆက်ဆံရေးကို တိုးတက်စေမည်ဖြစ်ကြောင်း ရေးသား ထားသော်လည်း အန္တိမရည်မှန်းချက်ကို ရှင်းရှင်းလင်းလင်းဖော်ပြထားရာ၌ အတိုက်အခံကို ချေမှုန်းနေရေးပင်ဖြစ်သည်။

                တချိန်တည်းမှာပင် အနောက်နိုင်ငံအရေးယူမှုများကို ဆန့်ကျင်သော အနောက်နိုင်ငံပညာရှင်များ တစ်ဦးချင်းကိုလည်း ဖော်ထုတ် ရေးသားထားသည်။ ထို့အပြင် သြဇာရှိသော အမေရိကန်ကွန်ဂရက်မှ လူများ၏ နောက်ခံအချက်အလက်များကို ရယူရာတွင် ခင်မင်ဖွယ်ကောင်းသော အိန္ဒိယ သံတမန်များ၏ အကူအညီ ရနိုင်ကြောင်း ထူးထူးဆန်းဆန်းအကြံပြုထားသည်။

စီမံချက်တွင် နိဂုံးချုပ်ဖော်ပြထားသည်မှာ အစိုးရသည် ပြည်ပရောက်မြန်မာများ လုပ်ကိုင်နေသော မီဒီယာများနှင့် NGO များကို မယှဉ်ပြိုင်နိုင်ဟု ဖော်ပြထားသည်။ သို့သော် အမေရိကန်နိုင်ငံရေးသမားများနှင့် အမတ်များကို မြန်မာနိုင်ငံသို့လာရောက်ရန် ဖိတ်ခေါ်နိုင်ခဲ့ပါက နိုင်ငံတကာအမြင်တွင် အစိုးရအပေါ် အမြင်ပြောင်းစေရန် ဆွဲဆောင်နိုင်လိမ့်မည်ဟု ရေးသားထားသည်။ နှစ်ပေါင်းများစွာ အတွေ့အကြုံအရ မြန်မာနိုင်ငံ သို့ လာရောက်ခဲ့သော အမေရိကန်များသည် မြန်မာအစိုးရအပေါ် ယခင်ကထက် ဝေဖန်မှုလျော့သွားသည်ကို တွေ့ရသည်ဟု ဆိုသည်။ နောက်ဆုံးတွင် မြန်မာနိုင်ငံသည် အမေရိကန်နှင့် ဆက်ဆံရန် လမ်းကိုရွေးပြီး အောင်မြင်စွာစီမံခန့်ခွဲ နိုင်ပုံရသည်။

တရုတ်ကြောက်ရောဂါ

အောင်ကျော်လှ၏ ဌာနတွင်းစာတမ်းသည် အစိုးရ၏ တရုတ်နှင့်ရင်းနှီးစွာဆက်ဆံမှုကို စိတ်မကျေနပ်မှုအား ပထမဆုံး ထင်ထင်ရှားရှား ပြသလိုက်သည့် လက္ခဏာဖြစ်သည်။ အနောက်နိုင်ငံများက မြန်မာနိုင်ငံ အပေါ် ဆက်ဆံရေး အဆင့်နိမ့်သွားကြခြင်းကြောင့် တရုတ်နှင့် ပိုမိုရင်းနှီးလာရခြင်း ဖြစ်သည်။ တရုတ်နှင့် ပိုမို ဆိုးရွားလာသော ဆက်ဆံရေးကို ၂၀၁၀ ခုနှစ်တွင် စစ်တပ်တွင်းဖြန့်ဝေသော စာတမ်းများတွင်တွေ့နိုင်သည်။ ထိုအချိန်အထိ တရုတ်သည် မြန်မာနိုင်ငံအတွက် မှီခိုနိုင်စရာ မဟာမိတ်ဖြစ်နေသေးသော်လည်း၊ မြန်မာနိုင်ငံတွင် သစ်တောများ အပြောင်ရှင်းခြင်းနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ရေးကျယ်ပြန့်လာခြင်းအပါအဝင် ပြဿနာများ၏ အရင်းအမြစ်မှာ တရုတ်ဖြစ်သည်ဟု တဖြည်းဖြည်းတိုး၍ ရှုမြင်လာခဲ့ကြသည်။ မြန်မာနိုင်ငံတွင် အဓိက မူးယစ်ဆေးဝါးရောင်းဝယ်သည့် လက်နက်ကိုင်အဖွဲ့ဖြစ်သော ဝ စစ်တပ်(UWSA)နှင့် တရုတ်တို့၏ နီးကပ်သော ဆက်ဆံရေးကို နေပြည်တော် အနေဖြင့် သတိမပြုနိုင်စရာမရှိပေ။ ထို့နောက် ၂၀၁၁ စက်တင်ဘာတွင် ဦးသိန်းစိန်သည် တရုတ်နှင့် ဖက်စပ်လုပ်ကိုင်နေသော အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံတန်ဖိုးရှိ မြစ်ဆုံရေလှောင်တမံစီမံကိန်းအား ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။

အမေရိကန်၏ ရှုဒေါင့်မှကြည့်ရှုလျှင် နေပြည်တော်က အမေရိကန်နှင့် ဆက်ဆံရန် စိတ်အားထက်သန်ကြောင်း ပြသနေချိန်တွင် မြန်မာနိုင်ငံအား တရုတ်မှ ဝေးရာခွာရန် အားပေးရေးသည် ဦးစားပေးဖြစ်လာသည်။ ဝါရှင်တန်သည် မြန်မာနိုင်ငံက မြောက်ကိုရီးယားနှင့်စစ်ရေးအရ ဆက်ဆံရေးကို အားနည်းသွားအောင် လုပ်ဆောင်ရန်လည်း ဆန္ဒရှိနေသည်။ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သွားရောက်စဉ်က မြောက်ကိုရီးယား ကိစ္စသည် ထိပ်ဆုံးတွင် ပါဝင်ခဲ့သည်။ သမ္မတဦးသိန်းစိန်တာဝန်ယူပြီး၊ အစိုးရတာဝန်ရှိ လူများက မြောက်ကိုရီးယားနှင့် စစ်ရေးအရဆက်ဆံရေး မရှိကြောင်း ရှင်းလင်းပြီး လများမကြာမီ ၂၀၁၁ မေ၊ ဇွန်လ ခန့်တွင် မြောက်ကိုရီးယားမှ မြန်မာနိုင်ငံသို့ လက်နက်များပို့ရန် ကြိုးစားသည့် မှတ်တမ်းများရှိနေသည်။

၂၀၁၁ မေလ ၂၆ ရက်နေ့တွင် အမေရိကန်ဖျက်သင်္ဘော USS McCampbell သည် မြန်မာနိုင်ငံသို့ ဒုံးကျည်ပစ္စည်းများနှင့် အခြား စစ်သုံးပစ္စည်းများ တင်ဆောင်လာသည်ဟု ယူဆရသော မြောက်ကိုရိးယား သဘောင်္ Mv Light ကို ခြေရာခံမိရာ၊ တက်ရောက်စစ်ဆေးရန် ခွင့်တောင်းသော်လည်း ခွင့်မပြုခဲ့သည့်နောက်ဆုံး စင်္ကာပူအနီး ရောက်ခါနီးတွင် လာရာလမ်းပြန်လှည့်ရာ အမေရိကန်ထောက်လှမ်းရေးလေယာဉ်များ နှင့် ဂြိုလ်တုစောင့်ကြည့်မှုများအရ မြောက်ကိုရီးယားသို့ ပြန်ဝင်သွားသည်ကိုတွေ့ရသည်။

အဆိုပါအဖြစ်အပျက်အပြီးတွင် မြောက်ကိုရီးယားမှ သင်္ဘောဖြင့် လက်နက်များ မြန်မာနိုင်ငံသို့ တင်ပို့ရန် ကြိုးစားမှုမရှိတော့ပဲ၊ အမေရိကန် ကလည်း နေပြည်တော်အနေဖြင့် နိုင်ငံတကာ ငွေကြေးအဖွဲ့များ နှင့် ဆက်သွယ်နိုင်ရန် ကန့်သတ်မှုများ ဖြေလျော့ပေးပြီး မက်လုံးပေးခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံက တရုတ် နိုင်ငံမှ ခွာစပြုနေသည့်အချက်ကို အခွင့်ကောင်းယူလိမ့်မည် ဆိုသည်မှာလည်း သံသယဖြစ်ဖွယ်မရှိပေ။ “အမေရိကန်အနေနဲ့ မြန်မာနိုင်ငံမှာ တံခါးဖွင့်ပေးနေတဲ့ အင်အားစုတွေကို တစ်ခုတိုင်းထောက်ခံကူညီမှုပြုဖို့ ကြိုးစားနေပါတယ်”ဟု ထိုင်းနိုင်ငံ ချူလာလောင်ကွန် တက္ကသိုလ်တွင် တွဲဖက်ထားသော ဒေသတွင်းတွင် အမေရိကန်သံအမတ်ကြီး တာဝန် ထမ်းဆောင်ခဲ့ဘူးသူ Robert Fitts က ပြောကြားခဲ့သည်။

အမေရိကန်သည် မကြာမီ မြန်မာနိုင်ငံသို့သံအမတ်ကြီး စေလွှတ်မည်ဖြစ်ပါသည်။ ဖေဖော်ဝါရီလ(၇)ရက်နေ့ထုတ် နယူယောက်တိုင်းမ် သတင်းစာတွင် အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ(CIA)မှ ဒါရိုက်တာ David Petraeus သည် ယခုနှစ်ကုန်တွင် မြန်မာနိုင်ငံသို့ သွားရောက်မည်ဟု ဖော်ပြထားသည်။ CIA သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လစ်ဘရယ်၏ တန်ဖိုးများ(Liberal Values) ကို ထောက်ခံမြှင့်တင်ပေးနေသော ဦးဆောင်အဖွဲ့ဖြစ်သည်ဆိုသည်ကို အတိအကျသိရှိသူနည်းပါးသည်။ CIA တွင် အမေရိကန်အတွက် မြန်မာနိုင်ငံ၏ မဟာဗျူဟာ အရေးပါမှုများ ကဲ့သို့သော ဦးစားပေးလုပ်ဆောင်ဖွယ်ရာများရှိနေသည်။

သို့သော် လွန်ခဲ့သော ၇ နှစ်က က ရေးသားခဲ့သော အထက်ပါ အောင်ကျော်လှ၏ စာတမ်းတွင် ရှိနေ နိုင်သော အန္တရာယ်တစ်ခုကိုလည်း ပုံဖော် ရေးသားထားသည်။ ၎င်းမှာ အကယ်၍ မြန်မာနိုင်ငံသည် အမေရိကန်နှင့် ဆက်ဆံရေး တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ပါက၊ တရုတ်သည် မြန်မာနိုင်ငံ၏ စုစည်းညီညွှတ်မှုနှင့် လွတ်လပ်ရေးကို ခြိမ်းခြောက်သော နည်းလမ်းဖြင့် တုန့်ပြန်လာနိုင်သည်ဟု ဆိုသည်။ ထို့ကြောင့် ချိန်ခွင်ညှာညှိနိုင်မည့်၊ ချဉ်းကပ်မှုကို လိုသည်ဟု ဖော်ပြသော်လည်း မည်သို့မည်ပုံချဉ်းကပ်ရမည်ကို ဖော်ပြ ထားနိုင်ခြင်းမရှိပေ။

ပုံမှန်လုပ်နေကျများ

မြန်မာနိုင်ငံ၏ ယခုမူဝါဒအသစ်များသည် ရေရှည်ဆက်လက်လုပ်ဆောင်နိုင်မှုရှိမရှိ သံသယများ အတွက် အခြားအကြောင်းပြချက်များရှိနေသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းသည် မြန်မာအစိုးရ၏ ချော့တလှည့်၊ ခြောက်တလှည့်(Good Cop Bad Cop)လုပ်နေကျအပြုအမူကြောင့် လှည့်စားခံရသည်များ ရှိခဲ့ရာ၊ ပြည် တွင်းရောပြည်ပမှ အတိုက်အခံများသည် ပြောတိုင်းလွယ်လွယ်ယုံလိမ့်မည်တော့ မဟုတ်ပေ။

လတ်တလော ချော့မော့မှု၊ အချိုသက်မှု(Good Cop) မှာ မြန်မာ၏ လက်ရှိအမည်ခံအရပ်သား အစိုးရသည် ရထားဝန်ကြီး ဗိုလ်ချုပ်ဟောင်း ဦးအောင်မင်းနှင့်အတူ ထိုင်းနှင့် မြန်မာကူးချည်သန်းချည်ပြုလုပ်၍ ပြည်ပရောက်သြဇာရှိ အစိုးရဆန့်ကျင်သူများနှင့် တွေ့ဆုံနေခြင်းပင်ဖြစ်သည်။ ၎င်းနှင့် မကြာမီကတွေ့ဆုံခဲ့ကြသူများသည် ၎င်း၏ လုပ်ဆောင်ချက်များနှင့် အစိုးရ၏ ခြိမ်းခြောက်ခြင်းတလှည့်(Bad Cop) နည်းဗျူဟာအရ ပြန်လည် ပေါင်းစည်းမှုအတွက် ဆန္ဒနည်းပါးမှုအတွက် လက္ခဏာများကြောင့် ကြီးစွာသံသယဖြစ်လျက်ရှိသည်။ ၎င်းတို့က ဦးအောင်မင်းသည် တချိန်က မြန်မာနိုင်ငံ၏ သြဇာကြီးသော ထောက်လှမ်းရေးအကြီးအကဲဗိုလ်ချုပ်တင်ဦးလက်အောက်တွင် လုပ်ကိုင်ခဲ့ဘူးသည် ဆိုသည့်အချက်ကို သိထားကြသည်။

                ဗိုလ်ချုပ်တင်ဦးကို ၁၉၅၇  ခုနှစ်တွင် အမေရိကန်၏ ပစိဖိတ်ကျွန်းတစ်ခုတွင် EIA က လေ့ကျင့်သင် ကြားပေးခဲ့သည်။ ယင်းနှင့် အပေါင်းပါများသည် သနားညှာတာမှုကင်းမဲ့ပြီး၊ ရန်သူအပေါ် ကျွမ်းကျင်စွာ ကိုင်တွယ်ထိန်း ချုပ်နိုင်သည်ဟု လူသိများကြသည်။ ဦးအောင်မင်းသည် ၁၉၈၃ ထောက်လှမ်းရေးကို စာရင်းရှင်းပွဲ၌ လွတ် မြောက်လာခဲ့ပြီး ခြေလျင်တပ်သို့ ပြောင်းရွှေ့သွားခဲ့သူဖြစ်သည်။

                ယနေ့ကာလရှည်ကြာ တောက်လောင်နေသော တိုင်းရင်းသားကိစ္စကို ဖြေရှင်းခြင်းမျာ အောင်ကျော်လှ၏ အသေးစိတ်စီမံချက် အန္တိမအမြင် ဖြစ်သော စစ်တပ်မှ အာဏာဆက်လက်ထိန်းသိမ်းရေးကို သဘောပေါက်စေမည့် အဓိကအချက်ဖြစ်သည်။ လက်ရှိအာဏာဖွဲ့စည်းတည်ဆောက်ပုံတွင် ခြိမ်းခြောက်မှုများ(Bad Cop) ပြုလုပ်မည့် လူကြမ်းမှာ KIA နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်နေသည့် ဦးအောင်သောင်းဖြစ်သည်။ ၎င်းသည် စက်မှုဝန်ကြီးဟောင်း ဖြစ်ပြီး ၂၀၀၃ ခုနှစ်က ဒီပဲယင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့အား လူစုလူဝေးဖြင့် တိုက်ခိုက်ရာတွင် အဓိကပုံဖော်ခဲ့သူ ဖြစ်သည်ဟု ယုံကြည်ရသည်။ ဦးအောင်မင်းသည် KIA နှင့် ဆွေးနွေးပွဲတွင် ပါဝင်ခြင်းမရှိသေးပဲ၊ နောင်တချိန်မှ ပျော့ပျောင်းသော ချဉ်းကပ်မှုဖြင့် ဆွေးနွေးပွဲကို ချည်းကပ်မှု ဖြင့် ဆွေးနွေးပွဲဝင်မည်ဟုယူဆရသည်။

                ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်များသည် အဆိုပါပုဂ္ဂိုလ်များ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များ နှင့် လုပ်နေကျ ညှိနှိုင်းရေး နည်းဗျူဟာများကို လက်သင့်ခံမည် မခံမည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။ အစိုးရသည် ဖက်ဒရယ်ဖွဲ့စည်းပုံကို အစဉ်တစိုက်ငြင်းဆိုနေခြင်းသည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ထာဝရသဘောတူညီမှုရရန် ကောင်းသော လက္ခဏာတော့မဟုတ်ပေ။ ၂၀၀၈ အခြေခံဥပဒေတွင် ဗဟိုချုပ်ကိုင်သော တိုင်းပြည်ဖွဲ့စည်းပုံအခြေခံမူ၌ စစ်တပ်ကို အဓိကပလေယာအဖြစ် ထည့်သွင်းထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ လက်ရှိပြုပြင်ပြောင်းလဲမှုများအတွက် ပျော်ရွှင်ရမှုများသည် ခဏသာဖြစ်လိမ့်မည်ဖြစ်သည်။ ပါလီမန်တွင် စစ်တပ်၏ ဗီတိုအာဏာရှိနေခြင်းကြောင့် လက်ရှိ အခြေခံဥပဒေကို ပယ်ဖျက်ခြင်း သို့မဟုတ် ကျယ်ကျယ်ပြန့်ပြန့်ပြင်ဆင်ခြင်းများ ပြုလုပ်နိုင်လိမ့်မည်မဟုတ်ပေ။ မြန်မာနိုင်ငံ၏ တိုင်းရင်းသား ကိစ္စများမှာလည်း ဖြေရှင်းနိုင်လိမ့်ဦးမည် မဟုတ်ပေ။ အကယ်၍ မြန်မာနိုင်ငံသည် အမေရိကန်နှင့် တရုတ်တို့၏ ပြိုင်ဆိုင်မှုတွင် ကြိုးဝိုင်းတစ်ခုအသွင်ဖြစ်လာပါက ရှေ့တွင် ပြဿနာများ၊ ဒုက္ခများ ရှိလာနိုင်သည်ဟု အောင်ကျော်လှက ၎င်း၏ စာတမ်းတွင် သတိပေးထားရာ၊ ယခုလက်တွေ့ဖြစ်လာနေပြီဖြစ်သည်။

 ********************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၃.၂.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ပေါ်ထွက်လာမှု ပြည်သူများ သောင်းသောင်းဖြဖြကြိုဆို

(Radio Newzealand မှ 12 February 2012 ရက်စွဲပါ Crowds cheer return of Aung San Suu Kyi ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာ့အပြောင်းအလဲ အဆင့်သစ်သို့  ကူးပြောင်းဝင်ရောက်

(The Financial Times မှ 12 February 2012 ရက်စွဲပါ Myanmar reformist era enters new phase ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံ ဆက်လက်ပြုပြင်ပြောင်းလဲရေး အားပေးမြှင့်တင်

(VOA News မှ 10 February 2012 ရက်စွဲပါ Promoting further reform in Burma ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာ့ဒီမိုကရေစီကူးပြောင်းမှုတွင် တိုင်းရင်းသားများကိုချန်မထားရန် သတိပေး

(The Nation မှ 10 Feb 2012 ရက်စွဲပါ “Don’t forget ethnic minorities while democratizing Burma, activists warn” ကို ဘာသာ ပြန်ဆိုသည်)

************************************************************************************************************

ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ပေါ်ထွက်လာမှု ပြည်သူများ သောင်းသောင်းဖြဖြကြိုဆို

(Radio Newzealand မှ 12 February 2012 ရက်စွဲပါ Crowds cheer return of Aung San Suu Kyi ကို ဘာသာ ပြန်ဆိုသည်)

ယခုနှစ်အတွင်းကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများအတွက် မဲဆွယ်စည်းရုံးလျက်ရှိသော အတိုက်အခံ နိုင်ငံရေး ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကျေးလက်မှ ထောက်ခံသူများစါာက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်ဟု သိရသည်။ ကော့မှူးမဲဆန္ဒနယ်မှ ရွေးကောက်ပွဲဝင်မည့်ဒေါ်အောင်ဆန်းစုကြည်သည် ၂ဝ၁ဝ ရွေးကောက်ပွဲများအပြီးတွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသူဖြစ်သည်။

ကိုယ်စားလှယ်လောင်းအမတ်များအားလုံး လွတ်လပ်စွာမဲဆွယ်စည်းရုံးနိုင်ခွင့်ရကြလိမ့်မည်ဟု အစိုးရက ကတိပေးထားကြောင်း ဘီဘီစီက သတင်းထုတ်ပြန်သည်။ ၁၉၉ဝခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း အာဏာမရခဲ့သည့် NLD သည် ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက် ခဲ့သော်လည်း ယခုအခါသဘောထား ပြောင်းလဲကာ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။ လွှတ်တော်အရပ်ရပ်၏ လစ်လပ်အမတ်နေရာ 48 နေရာအတွက် ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲများကို ဧပြီလ ၁ ရက်တွင် ပြုလုပ်ရန် အစိုးရက စီစဉ်ထားလျက်ရှိသည်။ ယင်းကြားဖြတ် ရွေးကောက်ပွဲတွင် NLD အနေဖြင့် အမတ်နေရာအားလုံး အနိုင်ရသည့်တိုင်အောင် အာဏာရတပ်မတော်နောက်ခံ အစိုးရအဖွဲ့ကို စိန်ခေါ်ခြိမ်းခြောက်နိုင် ဦးမည်မဟုတ်သော်လည်း ဧပြီ ၁ ရက် ရွေးကောက်ပွဲသည် နိုင်ငံရေးသင်္ကေတအရ များစွာ အရေးပါလျက်ရှိသည်။

ယင်းကဲ့သို့ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အပြောင်းအလဲများ၏ရလဒ်အဖြစ် အမေရိကန်က မြန်မာနှင့် သံတမန်ဆက်ဆံရေး အပြည့်အဝ ပြန်လည် ထူထောင်ရန် စီစဉ်နေသည့်အပြင် နိုင်ငံတကာငွေကြေးအဖွဲ့အစည်း များထံမှ နည်းပညာအကူအညီရယူခွင့်ပေးရန်အတွက် ပိတ်ဆို့မှုအချို့ ကိုလည်း ဖယ်ရှားပေးလိုက်ပြီ ဖြစ်သည်။

**************************************************************************

မြန်မာ့အပြောင်းအလဲ အဆင့်သစ်သို့  ကူးပြောင်းဝင်ရောက်

(The Financial Times မှ 12 February 2012 ရက်စွဲပါ Myanmar reformist era enters new phase ကို ဘာသာ ပြန်ဆိုသည်)

အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တောင်ပိုင်း ကျေးလက်မဲဆန္ဒနယ်တွင် လွှတ်တော်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုစတင်ခြင်းဖြင့် မြန်မာနိုင်ငံ၏အသွင်ကူးပြောင်းမှုသည် အခန်းသစ်တစ်ခုသို့ ဝင်ရောက်သွားပြီ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှု တရားဝင် မစတင်မီ ပြည်တွင်းခရီးစဉ်များစွာ သွားခဲ့ပြီး ဖြစ်သည်။ သို့သော်သူမအနေဖြင့် စနေနေ့က ကော့မှူးမဲဆန္ဒနယ်တွင် လွှတ်တော်ကိုယ်စားလှယ်အမတ်လောင်းအဖြစ် ပထမဦးဆုံးတရားဝင်ထွက်ပေါ်လာခြင်းသည် ပြယုဂ်ခေါင်းဆောင် အဖြစ်မှ နိုင်ငံရေးသမားအဖြစ်သို့ ဘဝပြောင်းခြင်းဖြစ်သည်ဟူသော သံတမန်တစ်ဦး၏ သုံးသပ်ချက်ကို ပေါ်လွင်ထင်ဟပ်နေသည်။

ရန်ကုန်မှ ၃၁ ကီလိုမီတာဝေးသော ကော့မှူးသို့သွားသော ခရီးစဉ်တလျှောက် သူမကို ကြိုဆိုနေသော ပြည်သူများကို ပြင်းထန်သော အပူရှိန်အောက်တွင် အမိုးဖွင့်ကားပေါ်မှ ပြုံးရွှင်စွာ လက်ပြနှုတ်ဆက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းတွင် မော်တော်ယာဉ်အစီး ၄ဝ နှင့် မော်တော်ဆိုင်ကယ်အစီး ရာဂဏန်း ပါဝင်ခဲ့သည်။ သာမန်အားဖြင့် ၂ နာရီသာ ကြာမည့်ခရီးစဉ်ကို ၇ နာရီခန့် ကြာသည်အထိ နိုင်ငံရေးစည်းရုံး ဟောပြောခဲ့သော ဒေါ်အောင်ဆန်းစုကြည်က သူမအား ထောက်ခံကြိုဆိုနေကြသော လယ်ကွင်းထဲမှ ပြည်သူများကို “ကျွန်မတို့ ပြည်သူတွေနဲ့အတူ သွားရမယ့်ခရီးဟာ အရမ်းကြမ်းတမ်းပေမဲ့ ပန်းတိုင်ကတော့ ငြိမ်းချမ်းပါလိမ့်မယ်။ အခက်အခဲတွေကို အတူကျော်လွှားနိုင်ဖို့ ပြည်သူတွေရဲ့အင်အားကို လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် အရေးကြီးသောစမ်းသပ်မှုတစ်ခုအဖြစ် လွှတ်တော်နှစ်ရပ်ပေါင်း ၆၆၄ နေရာအနက်မှ လစ်လပ်နေသော ၄၈ နေရာအတွက် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။ အနောက်နိုင်ငံအစိုးရများက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူမှုများ ရုတ်သိမ်းပေးရန် ကြိုတင်စည်းကမ်း သတ်မှတ်ချက်အဖြစ် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများကို ငြိမ်းချမ်းစွာအဆုံးသတ်ရန်၊ နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန် အချက်များအပြင် ရွေးကောက်ပွဲများ လွတ်လပ် မျှတစွာ ကျင်းပပေးရန် တောင်းဆိုထားကြသည်။ လက်ရှိ မြန်မာနိုင်ငံအကျဉ်းထောင်များထဲတွင် နိုင်ငံရေးအကျဉ်းသား ၃ဝဝ မှ ၄ဝဝ ခန့် ကျန်ရှိနေသေးသည်ဟု သံတမန်များနှင့် လူ့အခွင့်အရေးအုပ်စုများက ခန့်မှန်းထားကြသည်။

ရန်ကုန်အခြေစိုက် သံတမန်တစ်ဦးက “လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဆိုတာကို မဲပေးတဲ့ရက် တစ်ရက်တည်းနဲ့ ဆုံးဖြတ်လို့မရပါဘူး။ မဲဆွယ်စည်းရုံးမှု လုပ်ငန်းစဉ်ကို အနောက်နိုင်ငံအစိုးရတွေက အနီးကပ် စောင့်ကြည့်လေ့လာနေကြမှာပါ” ဟု သတိပေး ပြောဆိုသည်။ လွှတ်တော်ကို ဒေါ်အောင်ဆန်းစုကြည်က ဩဇာလွှမ်းသွားမည်ဟူသော မျှော်မှန်းချက်များ ရှိနေသော်လည်း ဒုတိယအကြီးဆုံးအတိုက်အခံပါတီ NDF ကို ထူထောင်သူ ဦးခင်မောင်ဆွေက “ဒါဟာ အမျိုးသမီးတစ်ဦးရဲ့ ဒီမိုကရေစီ မဟုတ်ဘူးဆိုတာကို မမေ့ကြဖို့ အရေးကြီးပါတယ်” ဟု မှတ်ချက်ပေး ပြောကြားသည်။ “ဒါပေမဲ့ သူတို့ (NLD) ရဲ့မူဝါဒတွေက နိုင်ငံအတွက် ကောင်းမယ်ဆိုရင် ကျွန်တော်တို့ ပါတီဝင်တွေက အားပေးထောက်ခံကြမှာပါ။ ဒါဟာ နိုင်ငံတည်ဆောက်နေတဲ့ အချိန်ပါ။ အာဏာလွန်ဆွဲရမယ့် အချိန်မဟုတ်ပါဘူး” ဟု ဦးခင်မောင်ဆွေက အလေးအနက်ပြောသည်။

၂ဝ၁ဝ ရွေးကောက်ပွဲကိုသပိတ်မှောက်ခဲ့ပြီးနောက် လာမည့်ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြန်လည် မှတ်ပုံတင်ထားသော ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီနှင့်ယှဉ်လျှင် ပါတီဝင် တစ်သောင်းခန့်ရှိသော NDF ပါတီသည် များစွာသေးငယ်သွားပေသည်။ NLD သည် လက်ရှိ အချိန်ထိ ပါတီဝင် ငါးသိန်းခန့် ရှိနေသည်ဟု စည်းရုံးရေးမှူးများက ခန့်မှန်းပြောကြားထားသည်။

နိုင်ငံရေးအကျဉ်းသားဟောင်း ဦးခင်မောင်ဆွေသည် NLD ပါတီအမာခံတစ်ဦးဖြစ်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်ရန်ဆုံးဖြတ်ခဲ့ခြင်းကြောင့် သဘောထားကွဲလွဲကာ ခွဲထွက်၍ ပါတီသစ်ထူထောင်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သော ရွေးကောက်ပွဲတွင် အမတ်နေရာ ၁၆ နေရာ အနိုင်ရရှိကာ လွှတ်တော်တွင်း တစ်ခုတည်းသော အဓိကအတိုက်အခံပါတီအဖြစ် ရပ်တည်ခဲ့သော NDF ပါတီသည် ယခုကြားဖြတ်ရွေးကောက်ပွဲ ၄၈ နေရာတွင် ၁၂ နေရာမျှသာ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

**************************************************************************

မြန်မာနိုင်ငံ ဆက်လက်ပြုပြင်ပြောင်းလဲရေး အားပေးမြှင့်တင်

(VOA News မှ 10 February 2012 ရက်စွဲပါ Promoting further reform in Burma ကို ဘာသာ ပြန်ဆိုသည်)

ဒီမိုကရေစီလမ်းကြောင်းဆီသို့ ဦးတည်နေသော မြန်မာအစိုးရကို အားပေးတိုက်တွန်းရန် ရည်ရွယ်သော တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ်နေသည့် အမေရိကန်သည် မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှု လျှော့ချရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးအတွက် လိုအပ်သောအကူအညီများကို ကမ္ဘာ့ဘဏ်နှင့် အခြားနိုင်ငံတကာငွေကြေး အဖွဲ့အစည်းများထံမှ ရရှိရေးကိစ္စကို လွယ်ကူချောမွေ့အောင် ဆောင်ရွက်ပေးနေပြီ ဖြစ်သည်။

မြန်မာနိုင်ငံ၌ နိုင်ငံရေးအကျဉ်းသားအရေအတွက် များများလွှတ်ပေးခြင်း၊ မီဒီယာတင်းကြပ်မှုများ ဖြေလျော့ပေးခြင်း၊ အရပ်ဖက်လူ့အဖွဲ့အစည်း များ အတွက် ပိုမိုနေရာပေးလာခြင်း၊ အတိုက်အခံနိုင်ငံရေးသမားများ ရွေးကောက်ပွဲဝင်နိုင်ရန် ရွေးကောက်ပွဲဥပဒေပြင်ဆင်မှုများ ထုတ်ပြန်ပေးခြင်း စသဖြင့် လက်ရှိအစိုးရက ပြုလုပ်နေသော ပြုပြင်ပြောင်းလဲမှုများကို နိုင်ငံတကာအသိုင်းအဝိုင်းက အားရကျေနပ်လျက်ရှိသည်။

လူကုန်ကူးမှုဆိုင်ရန် အမေရိကန်ဥပဒေများအရ မြန်မာနိုင်ငံအပေါ် ပိတ်ပင်ထားမှုအချို့ကိုလည်း တစ်စိတ်တစ်ပိုင်း ဆိုင်းငံ့ဖြေလျော့ပေးရန် ဖေဖော်ဝါရီလ ၆ ရက်တွင် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်သည်။ အဆိုပါဖြေလျော့ပေးမှုအရ မြန်မာ အာဏာပိုင်များက ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့တို့မှ အကဲဖြတ်နှင့် နည်းပညာအကူအညီအဖွဲ့များ စေလွှတ်ပေးရန် တောင်းဆိုထားမှုကို ထောက်ခံအားပေးနိုင်တော့မည်ဖြစ်သည်။ အထက်ပါ အဖွဲ့အစည်းများ၏ အကဲဖြတ်မှုများသည် မြန်မာ့စီးပွားရေး အနေအထားကို ပိုမို သဘောပေါက် နားလည်အောင် အထောက်အကူပြုမည့် အရေးကြီးသတင်းအချက်အလက်များကို ဖြည့်ဆည်းပေးမည့်အပြင် အထူးသဖြင့် ဆင်းရဲမှု တိုက်ဖျက်ရေးအတွက် အတားအဆီးများ၊ ဖွံ့ဖြိုးနိုင်မှုစွမ်းဆောင်ရည်ထဲမှ ဟာကွက်များကို စိစစ်သတ်မှတ်နိုင်လိမ့်မည် ဖြစ်သည်။

ယခင်က မြန်မာနိုင်ငံအပေါ် စီးပွားရေး၊ နိုင်ငံရေး၊ ကုန်သွယ်ရေး အရေးယူဒဏ်ခတ်မှုများကို နှစ်ပေါင်းများစွာ ချမှတ်ခဲ့ကြခြင်းမှာ အစိုးရ၏ လူ့အခွင့်အရေး ညှဉ်းပန်းနှိပ်စက်မှု၊ ဖောက်ဖျက်မှုများကြောင့် ဖြစ်သည်။ သို့ရာတွင် ပြုပြင်ပြောင်းလဲမှုများစွာကို မကြုံစဖူးဆောင်ရွက်လာသော လက်ရှိ အစိုးရကို အသိအမှတ်ပြုသည့်အနေဖြင့် ပြီးခဲ့သော ဒီဇင်ဘာလက နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် မြန်မာနိုင်ငံသို့ ကိုယ်တိုင်သွားကာ ယင်းခရီးစဉ်တွင် နိုင်ငံတကာငွေကြေးအဖွဲ့များ၏ အကဲဖြတ်မှုများကို အားပေးထောက်ခံရန် သဘောတူညီခဲ့သည်။ ယခုအခါ အမေရိကန်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းပေါ်တွင် တိုးတက်ပြောင်းလဲမှုများ ရှိလာအောင် မြန်မာနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်၊ ထောက်ခံအားပေးသွားရန် တာဝန် ရှိနေပြီ ဖြစ်သည်။

***********************************************************************

 မြန်မာ့ဒီမိုကရေစီကူးပြောင်းမှုတွင် တိုင်းရင်းသားများကိုချန်မထားရန် သတိပေး

(The Nation မှ 10 Feb 2012 ရက်စွဲပါ “Don’t forget ethnic minorities while democratizing Burma, activists warn” ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွင် အပြုသဘောဆောင်သော တိုးတက်ပြောင်းလဲမှုများ ရှိနေသော်လည်း တိုင်းရင်းသားလူမျိုးတို့၏ အခွင့်အရေး လွတ်လပ်ခွင့်များနှင့် ပတ်သက်လာလျှင်မူ များစွာလိုအပ်ချက်များ ရှိနေသည်ဟု ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောကြားသည်။

“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြောင်းလဲမှုဟာတိုင်းရင်းသားတွေဆီကိုမရောက်သေးပါဘူး” ဟု ချူလာလောင်ကွန် တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပညာရှင် ဘန်ကောက်အခြေစိုက် Thai Action Committee for Democray in Burma အဖွဲ့ဝင် နာဂူမွန်တပ်ချမ်ပေါ က မှတ်ချက်ပေးပြောဆိုသည်။ တိုင်းရင်းသားအရေး လှုပ်ရှားသူအကျဉ်းသားများသည် နိုင်ငံရေးအကျဉ်းသားများအဖြစ် သတ်မှတ်ခြင်း မခံရသောကြောင့် ရာဇဝတ်မှုစွဲချက်များနှင့် ရင်ဆိုင်နေရပြီး ယခုတိုင် မလွတ်မြောက်သေးပါ ဟုနာဂူမွန် က ဆိုသည်။ ထို့အပြင် တိုင်းရင်းသားတို့နှင့် သက်ဆိုင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲအစစ်ကို ကျင်းပနိုင်ခြင်း မရှိသေးသောကြောင့် မြန်မာနိုင်ငံ၏ တိုင်းရင်းသားပေါင်းစုံအကြားအေးချမ်းမှုနှင့် လေးစားမှုတို့ ရှိနေသည့်တိုင်အောင် ဒီမိုကရေစီအစစ် မရနိုင် ဟုသူမကသုံးသပ်ပြောဆိုသည်။

တိုင်းရင်းသားတွေအတွက် ငြိမ်းချမ်းရေးနဲ့ အပစ်ရပ်စဲမှု သာမကပဲတိကျခိုင်မာတဲ့ နိုင်ငံရေးအစီအစဉ်တစ်ရပ် လိုအပ်နေပါတယ် ဟုပြောကြားသူ နာဂူမွန် က ထိုင်းနိုင်ငံမှ သူမတို့ လုပ်ငန်းအတွက် ရန်ပုံငွေ နည်းလာကြောင်း ဝန်ခံပြောဆိုသည်။ ယခုအခါ အီးယူသည် ဂျာမဏီနိုင်ငံမှ အချို့ NGO များကဲ့သို့ပင် ထိုင်းနိုင်ငံအခြေစိုက်အဖွဲ့များကို ရန်ပုံငွေ လျှော့ချကာ မြန်မာနိုင်ငံတွင်းမှအဖွဲ့များကိုတိုက်ရိုက် ထောက်ပံ့နေပြီဟုသူမကဆိုသည်။

ထိုင်းမြန်မာနယ်စပ်မှ ဒုက္ခသည်များနှင့် အိုးမဲ့အိမ်မဲ့ ပြည်သူများအတွက် လုပ်ကိုင်ပေးနေသောချင်းမိုင်အခြေစိုက် Shan Women’s Action Network အဖွဲ့ခေါင်းဆောင် ချမ်တုန်ကလည်း “ဒုက္ခသည်များအတွက် အကူအညီများ ဆက်လက်လိုအပ်နေသည်” ဟုပြောကြားသည်။ “နယ်စပ်မှာ ခြိမ်းခြောက်မှုတွေ ရှိနေဆဲဖြစ်လို့ အကူအညီတွေ မရှိမဖြစ် လိုနေတုန်းပါပဲ။ သံလွင်တမံလို ပြည်ပကငွေကြေးစိုက်ထုတ်တဲ့ စီမံကိန်းတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သူတွေ နောက်ထပ်ရှိလာနိုင်ပါတယ်” ဟုသူမက ဆိုသည်။

ချမ်တုန် က ဆက်လက်၍ “အပစ်ရပ်ထားသော်ငြားလည်းရှမ်းတောင်တန်းပေါ်တွင် မြန်မာစစ်တပ်လေးပုံတစ်ပုံခန့် ရှိနေသေးကြောင်း၊ ကချင်တပ်ဖွဲ့များကိုလည်း ဆက်လက်တိုက်ခိုက်နေကြောင်း၊ မြန်မာတပ်များ ပြန်မဆုတ်သေးကြောင်း” ထုတ်ဖော်ပြောဆိုသည်။ အမြဲတမ်းအပစ်ရပ်စဲရေး နှင့် နိုင်ငံရေးအဖြေထွက်ပြေလည်ရေးအတွက် ဆွေးနွေးမှုများရှိလာမည်ဟု ချမ်တုန်က မျှော်လင့်နေသော်လည်း ထိုင်းနိုင်ငံကဲ့သို့ လူပေါင်းများစွာ ထွက်ပြေးစေသော အနေအထား ပြောင်းလဲသွားမလား ဆိုသည်ကို ဆွေးနွေးပြောဆိုကြခြင်း မရှိဟုပြောကြားသည်။ “တောသူတောင်သားအများစုဟာ မြန်မာစစ်သားတွေရဲ့ တိုက်ခိုက်မှုကိုခံနေကြရဆဲပါပဲ။ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ၊ မြန်မာ့အရေးလှုပ်ရှားသူတွေ များစွာဟာလည်းနယ်စပ်တစ်ဖက် ထိုင်းမြေပေါ်မှာ နေထိုင်နေရဆဲပါပဲ” ဟု တုန်ချမ်က မှတ်ချက်ပေးသည်။

****************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs