Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၅.၂.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ထိုင်းရတ်ချာဘူရီကုမ္ပဏီ ၂၀၁၂ ဘတ်ဂျက်ချမှတ်၍ မြန်မာ၌ လုပ်ငန်းချဲ့ရန် မျှော်မှန်း

(Reuters News မှ 14 Feb 2012 ရက်စွဲပါ Thai Ratchaburi Sets 2012 Capex sees Myanmar Expansion သတင်းကို ဘာသာ ပြန်ဆိုသည်။)

  1. မြန်မာနှင့် ပိုမိုဆက်သွယ်ဆောင်ရွက်ရန် စင်ကာပူမျှော်မှန်း

(Channel News Asia မှ 14 Feb 2012 ရက်စွဲပါ S’pore eyes more links with Myanmar ကို ဘာသာ ပြန်ဆိုသည်။)

  1. တရုတ်ဒုတိယသမ္မတ၏ အမေရိကန်ခရီးစဉ်စတင်

(BBC သတင်းဌာနမှ 13 Feb 2012 ရက်စွဲပါ China's Xi Jinping in closely-watched visit to US ကို ဘာသာ ပြန်ဆိုသည်)

***************************************************************************

ထိုင်းရတ်ချာဘူရီကုမ္ပဏီ ၂၀၁၂ ဘတ်ဂျက်ချမှတ်၍ မြန်မာ၌ လုပ်ငန်းချဲ့ရန် မျှော်မှန်း

(Reuters News မှ 14 Feb 2012 ရက်စွဲပါ Thai Ratchaburi Sets 2012 Capex sees Myanmar Expansion သတင်းကို ဘာသာပြန်ဆိုသည်။)

ထိုင်းနိုင်ငံ၏ ထိပ်တန်းပုဂ္ဂလိကဓာတ်အားထုတ်လုပ်သူ Ratchaburi Electricity Generating Holding Pcl ကုမ္ပဏီသည် ၂၀၁၂ အတွက် ဘတ်ငွေ ၈ ဘီလျံ(ဒေါ်လာသန်း ၂၆၀) ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားပြီး၊ ထားဝယ်စီမံကိန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများကို လေ့လာလျက်ရှိသည်။

ဇန်နဝါရီ ၁၀ ရက်တွင် မြန်မာအစိုးရက သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကိုအကြောင်းပြ၍ မီဂါဝပ် ၄၀၀၀ ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားပေးစက်ရုံတည်ဆောက်မှုကိုရပ်ဆိုင်းခဲ့ပြီးနောက်တွင် မိမိတို့ ရတ်ချာဘူရီ ကုမ္ပဏီအနေဖြင့် အခြားလောင်စာဆီသုံးအမျိုးအစားများကို ရှာဖွေလေ့လာနေသည်ဟု ကုမ္ပဏီဥက္ကဋ္ဌ နီပေါမီလင်သန်းဇွန်းက သတင်းထောက်များကိုပြောကြားသည်။

“ထားဝယ်စီမံကိန်းနဲ့ပတ်သက်တဲ့ ဖြစ်နိုင်ချေအားလုံးကို ကျွန်တော်တို့ လေ့လာနေတုန်းပါပဲ။ အဆုံးစွန် ပြောရမယ်ဆိုရင် အီတာလျံ၊ ထိုင်းကုမ္ပဏီနဲ့ မြန်မာအစိုးရက သဘောတူမှသာ ရှင်းလင်းတဲ့ အဖြေထွက် လာမှာပါ” ဟု နီပေါက ဆိုသည်။ ထားဝယ်စီမံကိန်းကို ဦးဆောင်နေသော အီတာလျံထိုင်းကုမ္ပဏီသည် မြန်မာတောင်ပိုင်း တနင်္သာရီကမ်းရိုးတမ်း ထားဝယ်ဒေသတွင် ရေနက်ဆိပ်ကမ်းနှင့် ဆက်စပ်စီမံကိန်းများ အကောင်အထည် ဖော်ရန်အတွက် မြန်မာအစိုးရနှင့် ဒေါ်လာ ၈ ဘီလျံ တန်ဖိုးရှိကန်ထရိုက်စာချုပ်ကိုလက်မှတ်ရေးထိုးခဲ့သည်။

ရတ်ချာဘူရီကုမ္ပဏီအနေဖြင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက် များပြားလာနေသော နေပြည်တော်နှင့် ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံရှိ အခြား မြို့ကြီးများတွင် ထပ်မံရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများကိုလည်း လေ့လာ သုံးသပ်နေသည်ဟု နီပေါက ပြောကြားသည်။ “မြန်မာနိုင်ငံဟာ နိုင်ငံတကာစံမီအောင် ကြိုးစားတော့မည်အဆင့်တစ်ခုထဲကို ဝင်ရောက်နေပါပြီ၊ ဒီအခြေအနေဟာ ကျွန်တော်တို့သွားရောက် ရင်းနှီးမြှုပ်နှံဖို့အတွက် အခွင့်အလမ်း တံခါးတွေ အများကြီးဖွင့် ပေးထားပါတယ်” ဟု နီပေါက သုံးသပ်ပြောဆိုသည်။ ရတ်ချာဘူရီကုမ္ပဏီသည် ယခုနှစ်အတွက် ရင်းနှီးမြှုပ်နှံမှု ဘတ်ဂျက်အဖြစ် ဘတ်ငွေ ၈ ဘီချံချမှတ်ထားပြီး လက်ရှိလည်ပတ်နေသောဓာတ်ပေးစက်ရုံ ၁၃ ခု ပြုပြင်ထိန်းသိမ်းရေးနှင့် သဘောတူညီချက် ရပြီးသား အပါအဝင် စီမံကိန်းသစ်များအတွက် အဓိကရည်ရွယ်ခြင်းဖြစ်သည်ဟုသိရှိရသည်။

အခြားသောထိုင်းအင်အားကြီးကုမ္ပဏီများကဲ့သို့ပင် ရတ်ချာဘူရိကုမ္ပဏီသည် လျှပ်စစ်ဓာတ်အားပေး မလုံလောက်သော သြစတြေးလျ၊ လာအိုနှင့် အခြားအိမ်နီးခြင်းနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံ၊ စီးပွားရှာနိုင်မည့် အခွင့်အလမ်းများကို ရှာဖွေလေ့လာလျက်ရှိပြီး၊ ၂၀၁၂ အတွင်း အခြား ရွေးချယ်စရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး နည်းလမ်းများနှင့် ဆက်စပ် စီးပွားရေးလုပ်ငန်းများကိုအဓိကဦးတည်လေ့လာမည်ဖြစ်သည်။ “ကျွန်တော်တို့ ရတ်ချာဘူရီ ကုမ္ပဏီရဲ့ ရည်မှန်းချက်ကတော့ ကျွန်တော်တို့ စိတ်ဝင်စားတဲ့ စီမံကိန်းတိုင်းမှာ အနည်းဆုံး ၂၅ ရာခိုင်နှုန်းရင်းနှီးမြှုပ်နှံဖို့ဖြစ်ပါတယ်” ဟုနီပေါက ဆိုသည်။

ရက်ချာဘူရီကုမ္ပဏီသည် ၎င်း၏ လက်ရှိတပ်ဆင်ထုတ်လုပ်နိုင်စွမ်း ၅၁၃၁ မီဂါဝပ်ကို ၂၀၁၂ နှစ်ကုန် တွင် မီဂါဝပ် ၃၀၀ ထပ်မံတိုးမြှင့်ရန် မျှော်လင့်ထားပြီးအသစ်ထပ်မံထုတ်လုပ်မှုကိုနေစွမ်းအင်သုံးဓာတ်ပေးစက်ရုံ နှစ်ခုနှင့် သြစတြေးလျရှိ ၎င်း၏ Ratch, Australia Corporation LTD ထံမှ ရရှိမည်ဟု သိရှိရသည်။ ပြီးခဲ့သောမေလတွင် ရက်ချာဘူရီကုမ္ပဏီသည် သြတြေးလျးဓာတ်အားပေးစက်ရုံထုတ်လုပ်သူTransfield Services Infrastructure fund ကုမ္ပဏီတွင် အဓိကပင်မရှယ်ယာဝယ်ယူ၍ TransfieldကိုRatch-Australia Corporation LTD ဟုအမည်ပြောင်းလဲခဲ့သည်။ ရတ်ချာဘူရီ ကုမ္ပဏီတွင် နိုင်ငံပိုင် ထိုင်းလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အာဏာပိုင်လုပ်ငန်းက ၄၅ ရာခိုင်နှုန်း ရှယ်ယာပါဝင်သည်။

ပြီးခဲ့သောအင်္ဂါနေ့တွင် ကုမ္ပဏီကသတင်းထုတ်ပြန်ရာတွင်မူ နိုင်ငံတွင်းလေးပုံတစ်ပုံခန့် ရေလွှမ်းမိုးကာ ဓာတ်အားသုံးစွဲမှု လျော့နည်း သွားခြင်းကြောင့် ၂၀၁၁ အတွက် အသားတင် အမြတ်ငွေ ၇.၄ ရာခိုင်နှုန်း ကျဆင်းသွားသည်ဟုဖော်ပြထားသည်။ ရတ်ချာဘူရီကုမ္ပဏီက ၎င်း၏ ရှယ်ယာများကို ဘွန်းစာချုပ်များဖြင့် ဒေါ်လာသန်း ၅၀၀ ဖိုး ရောင်းချသွားမည်ဖြစ်ပြီး ရရှိသောဘဏ္ဍငွေများကိုချေးငွေပြန်ဆပ်ခြင်း၊ ဓာတ်အား ထုတ်လုပ်မှုနှင့် ဆက်စပ်ရင်းနှီးမြှုပ်နှံခြင်းနှင့် လုပ်ငန်း လည်ပတ်မှု ရင်းနှီးငွေများအဖြစ် အသုံးပြုသွားမည်ဟုဆိုသည်။

***************************************************************************

မြန်မာနှင့် ပိုမိုဆက်သွယ်ဆောင်ရွက်ရန် စင်ကာပူမျှော်မှန်း

(Channel News Asia မှ 14 Feb 2012 ရက်စွဲပါ S’pore eyes more links with Myanmar ကို ဘာသာ ပြန်ဆိုသည်။)

စင်္ကာပူနိုင်ငံသည် စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာပိုမိုတံခါးဖွင့် ပွင့်လင်းလာသော မြန်မာနိုင်ငံနှင့်ဆက်သွယ် ဆောင်ရွက်မှုများ ပိုမိုတိုးတက်ရန် မျှော်လင့်နေသည်ဟု နိုင်ငံခြားရေးဝန်ကြီးကေရှန်မူဂမ်က ပြောကြားလိုက်သည်။ အင်္ဂါနေ့က ပါလီမန်တွင် စင်္ကာပူ-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး အနေအထားနှင့် ၂၀၁၄ အာဆီယံဥက္ကဋ္ဌ နေရာကို တာဝန်မယူခင် မြန်မာနိုင်ငံအတွက် တိုးတက်ပြောင်းလဲမှု အဆင့်သတ်မှတ်ချက်များကို အာဆီယံက ပစ်မှတ်ထားရေး စသောကိစ္စရပ်များနှင့် ပတ်သက်သည့် မေးခွန်းများကိုရှန်မူဂမ်က ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရှန်မူဂမ်ကစင်္ကာပူနှင့် မြန်မာနိုင်ငံတို့သည် ကာကြာရှည်ကောင်းမွန်၊ ခိုင်မြဲသောဆက်ဆံရေးရှိခဲ့ကြပြီး ၂၀၁၄ အာဆီယံဥက္ကဋ္ဌတာဝန်ကို ယူမည့် မြန်မာနိုင်ငံကို စင်္ကာပူက ကြိုဆိုထောက်ခံသည်ဟုဆက်လက်ပြော ကြားသည်။ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးကဆက်လက်၍ အာဆီယံအဖွဲ့သည် ဥက္ကဋ္ဌနေရာနှင့် ပတ်သက်၍ ပြောင်းလဲ တိုးတက်ရေး ကိစ္စကို စည်းကမ်းသတ်မှတ်ချက်အဖြစ် လုံးဝမချမှတ်ခဲ့ကြောင်း၊ ဤအစား မြန်မာအစိုးရကသူတို့ ချမှတ်ထားသော အဆင့် ၇ ဆင့် လမ်းညွှန်မြေပုံအတိုင်းဆောင်ရွက်နိုင်အောင် အာဆီယံကစောင့်ကြည့် အားပေးခဲ့ကြောင်း၊ ၂၀၁၄ အာဆီယံဥက္ကဋ္ဌ တာဝန်သည်လည်း လက်ရှိအရှိန်အဟုန်ကို မြန်မာနိုင်ငံဆက် လက်ထိန်းထားရန် အခွင့်အလမ်း တစ်ရပ်ပင်ဖြစ်ကြောင်း ရှင်းလင်းပြောဆိုသည်။

“အာဆီယံဥက္ကဋ္ဌတာဝန်ကို ယူလိုက်ပြီဆိုရင် မြန်မာနိုင်ငံဟာအဖွဲ့ရဲ့ ပြင်ပဆက်ဆံရေးမျက်နှာဖုံးဖြစ်လာမှာပါ။ ဒါဆိုရင် သူတို့နိုင်ငံရဲ့ အကျိုးစီးပွားကို သာမကပဲ အာဆီယံတစ်ဖွဲ့လုံးရဲ့ အကျိုးစီးပွားကိုပါ ကာကွယ်လုပ်ဆောင် ပေးရတော့မှာပါ” ဟုရှန်မူဂမ်က ဆိုသည်။ “ဒါ့အပြင် ဥက္ကဋ္ဌ တာဝန်ယူတဲ့ မြန်မာနိုင်ငံဟာအာဆီယံအဖွဲ့ရဲ့ ပြင်ပမိတ်ဆွေနိုင်ငံတွေ ယုံကြည်စိတ် ချမှုရှိအောင် လုပ်ပြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အာဆီယံအဖွဲ့ဟာ ၂၀၁၅ မှာအာဆီယံအသိုင်းအဝိုင်းတစ်ခုထဲ ဖြစ်လာအောင် ဦးတည်ပြီးတိုးတက်ပြောင်းလဲရေးကို ဆက်လက်လုပ်ဆောင်ကြမှာပါ” ဟုစင်္ကာပူဝန်ကြီးက ပြောကြားသည်။

“ကမ္ဘာကြီးကတော့ စောင့်ကြည့်နေပါပြီ။ လက်ရှိ မြင်တွေ့မှုတွေအရ မြန်မာနိုင်ငံဟာ အာဆီယံဥက္ကဋ္ဌတာဝန်ကို အောင်မြင်အောင် အားထုတ် ကြိုးစားလိမ့်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ ၂၀၁၄ ဥက္ကဋ္ဌ တာဝန်ယူရင်း မြန်မာတွေ အောင်မြင်မှုရလဒ် ရရှိအောင် စင်္ကာပူနိုင်ငံက အတူတကွ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်” ဟု စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုခဲ့သည်။

**************************************************************************

တရုတ်ဒုတိယသမ္မတ၏ အမေရိကန်ခရီးစဉ်စတင်

(BBC သတင်းဌာနမှ 13 Feb 2012 ရက်စွဲပါ China's Xi Jinping in closely-watched visit to US ကို ဘာသာ ပြန်ဆိုသည်)

တရုတ်ပြည်၏ နောင်ခေါင်းဆောင်ဖြစ်လာဖွယ်ရှိသည့် ဒုတိယသမ္မတ Xi Jinping သည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စုသို့ အလည်အပတ်ခရီးစဉ်စတင်ခဲ့ပြီး ၎င်း၏ ခရီးစဉ်ကို နိုင်ငံတကာအသိုင်းအဝိုင်းက အနီးကပ်စောင့်ကြည့်လေ့လာလျက်ရှိသည်။

ယင်းခရီးစဉ်မစတင်မီ အမေရိကန်သတင်းစာတစ်စောင်နှင့် တွေ့ဆုံရာ၌ မစ္စတာ Xi Jinping က အာရှပစိဖိတ်ဒေသအတွင်း အမေရိကန် ပြည်ထောင်စု၏ စစ်ဘက်ဆိုင်ရာ ရပ်တည်ချက်နှင့်ပတ်သက်၍ သတိပေးပြောဆိုခဲ့သည်။ အမေရိကန်ပြည်ထောင်စု၏ စစ်ဘက်ရေးရာ လုပ်ကိုင် ဆောင်ရွက်မှုများ တိုးမြှင့်လာသည့် ကိစ္စသည် ဒေသတွင်းနိုင်ငံများ တွေ့မြင်လိုသည့်အရာ မဟုတ်ကြောင်း ၎င်းကဆိုသည်။ မစ္စတာ Xi Jinping သည် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အမေရိကန်သမ္မတ အိုဘားမားနှင့် တွေ့ဆုံဆွေးနွေးသည်။

"ယခုခရီးစဉ်ဟာ နှစ်နိုင်ငံခေါင်းဆောင်တွေ မတူညီတဲ့ကိစ္စတွေအပေါ် ဆွေးနွေးနိုင်ဖို့အတွက် အခွင့်အလမ်း တစ်ရပ်ပါပဲ" ဟု တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Gary Locke က မစ္စတာ Xi Jinping အားနှုတ်ဆက်တွေ့ဆုံရာတွင် ပြောကြားသည်။ နှစ်နိုင်ငံသမ္မတများ အနေဖြင့် တရုတ်နှင့် အမေရိကန်ပြည်ထောင်စု၏ ဘုံအကျိုးစီးပွားများအပေါ် ဖိုးကပ်စ်လုပ်ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း သံအမတ်ကြီးကဆိုသည်။

ယခုအခါ အသက် ၅၈ နှစ်အရွယ်ရှိသော မစ္စတာ Xi Jinping သည် လက်ရှိသမ္မတ ဟူဂျင်တောင်၏ နေရာကို ရယူမည့်သူအဖြစ် ထင်ကြေးပေး သတ်မှတ်ခံထားရသည်။ သမ္မတဟူဂျင်တောင်သည် ယခုနှစ်ကုန်ပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်အဖြစ်မှ အငြိမ်းစားယူမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင်မူ သမ္မတအဖြစ်မှ အငြိမ်းစားယူမည်ဖြစ်သည်။ ဒုတိယသမ္မတ Xi Jinping သည် သမ္မတဟူဂျင်တောင် ဝါရှင်တန်သို့ သွားရောက် လည်ပတ်ပြီးနောက် တစ်နှစ်ခန့်အကြာတွင် သွားရောက်ခြင်းဖြစ်သည်။ ဝါရှင်တန်ပို့စ်သတင်းစာတွင် ဖော်ပြခဲ့သော ၎င်း၏သုံးသပ်ချက်များကို တရုတ် အစိုးရမှ တာဝန်ရှိသူများက ဘာသာပြန်ဆိုပေးခဲ့ခြင်းဖြစ်သည်။ ၎င်းသည် အမေရိကန်ဒုတိယသမ္မတ Joe Biden ၏ အထူးဧည့်သည်အဖြစ် အမေရိကန် ပြည်ထောင်စုတွင် ရက်သတ္တတစ်ပတ်ကြာမျှ လည်ပတ်သွားလာမည်ဖြစ်သည်။ ၎င်းသည် အမေရိကန်ကာကွယ်ရေးဝန်ကြီး Leon Panetta နှင့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင်တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး အိုင်အိုဝါမြို့သို့သွားရောက်ရန်စီစဉ်ထားသည်။ ယခုခရီးစဉ်သည် ၎င်းအတွက် ၁၉၈၅ ခုနှစ်နောက်ပိုင်း ပထမဆုံး အမေရိကန်ခရီးစဉ်ဖြစ်ကြောင်း၊ ထိုနှစ်မတိုင်မီက တရုတ်အစိုးရအရာရှိအဖြစ် သွားရောက်ခဲ့ဖူးကြောင်း သိရသည်။

အိုင်အိုဝါမြို့တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို ကြည့်ရှုမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ကယ်လီဖိုးနီးယား ပြည်နယ်သို့ သွားရောက်ကာ စီးပွားရေးခေါင်းဆောင်များနှင့်တွေ့ဆုံမည်ဖြစ်သည်။ မစ္စတာ Xi Jinping က အာရှပစိတ်ဖိတ်ဒေသတွင်း အမေရိကန်အခန်းကဏ္ဍနှင့်ပတ်သက်၍ ယခုလို ဝေဖန်ပြောဆိုသည်။ "တည်ငြိမ် ကောင်းမွန်သော အမေရိကန်-တရုတ်ဆက်ဆံရေးသည် နှစ်နိုင်ငံစလုံးအတွက် များစွာအခရာကျသည်ဟူသော အချက်ကို နှစ်ပေါင်း ၄၀ တာကာအတွင်းဖြစ်ပေါ်ခဲ့သည့် အဖြစ်အပျက်များကပြောနေကြောင်း" ၎င်းကဆိုသည်။

သတင်းထောက်များ၏ အဆိုအရ အမေရိကန်-တရုတ်ဆက်ဆံရေးမှာ လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာ အရေးကိစ္စများကြောင့် ယခင်ကထက်ပို၍ နူးညံ့သိမ်မွေ့လာကြောင်း သိရသည်။ ဝါရှင်တန်သည် တရုတ်နိုင်ငံ၏ ငွေကြေးတန်ဖိုးသတ်မှတ်မှုနှင့်ပတ်သက်၍ ဖိအားပေးမှုများတိုးမြှင့်လျက်ရှိသလို တရုတ်ပြည်သည် မျှတမှုမရှိသည့် ကုန်သွယ်မှုများကို လုပ်ကိုင်လျက်ရှိကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ အဆိုပါကိစ္စများနှင့်ပတ်သက်၍ တရုတ်နိုင်ငံ အနေဖြင့် တက်ကြွမှုရှိသော လုပ်ကိုင်ဆောင်ရွက်မှု အဆင့်ဆင့်ဖြင့် ဖြေရှင်းသွားမည်ဖြစ်သည်ဟု မစ္စတာ Xi Jinping ကဆိုသည်။ "ကျွန်တော်တို့တတွေရဲ့ စီးပွားရေးနဲ့ကုန်သွယ်ရေး လုပ်ဆောင်ချက်တွေကြားမှာရှိနေတဲ့ ပဋိပက္ခနဲ့ မတူညီမှုတွေကို ရှောင်ရှားဖို့ဆိုတာ ခက်ခဲလှပါတယ်" ဟုလည်းဆိုသည်။

တရုတ်သည် အာရှပစိဖိတ်ဒေသတွင်း အမေရိကန်စစ်ဘက်ရေးရာထားရှိမှုအပေါ် စိုးရိမ်မကင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားပြီး ထိုင်ဝမ်ကျွန်းအပေါ် အမေရိကန်စစ်လက်နက်ရောင်းချမှုကိုလည်း မကျေမနပ်ဖြစ်လျက် ရှိသည်။

 ********************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၅.၂.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. ဒေါ်အောင်ဆန်းစုကြည်က တရုတ်၊ အမေရိကန်တို့နှင့် ဆက်ဆံရေးပိုမိုကောင်းမွန်ရန်ဆို

(The Wall Street Journal မှ 14 February 2012 ရက်စွဲပါ Suu Kyi calls for better ties with China, U.S ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာသည် လာမည့် အာရှစီးပွားရေးကျားပေါက်တစ်ကောင်လော

(The Atlantic မှ 14 February 2012 ရက်စွဲပါ Joshua Kurlantzick ရေးသားသော Is Burma the next asian Tiger cub economy ကို ဘာသာ ပြန်ဆိုသည်)

***********************************************************************************

ဒေါ်အောင်ဆန်းစုကြည်က တရုတ်၊ အမေရိကန်တို့နှင့် ဆက်ဆံရေးပိုမိုကောင်းမွန်ရန်ဆို

(The Wall Street Journal မှ 14 February 2012 ရက်စွဲပါ Suu Kyi calls for better ties with China, U.S ကို ဘာသာ ပြန်ဆိုသည်)

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား တရုတ်ကုမ္ပဏီများ စီးပွားရေးလုပ်ရန်နေရာတစ်ခုထက် ပိုမိုကြည့်ရန် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တနင်္လာနေ့က ထုတ်ဝေသော မဂ္ဂဇင်းတစ်စောင်နှင့် အင်တာဗျူးတွင် တောင်းဆိုလိုက်သည်။ ထို့အပြင် မြန်မာနိုင်ငံကလည်း ဘေဂျင်းနှင့်လည်းကောင်း၊ ဝါရှင်တန်နှင့်လည်းကောင်း ဆက်ဆံရေး ကောင်းမွန်အောင် ကြိုးစားသင့်သည်ဟု သူမက ပြောကြားသည်။

“တရုတ်ပြည်သူတွေအနေနဲ့ ကျွန်မတို့ကို ပိုပြီးနားလည်မှုပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က Guangdongdong အခြေစိုက် Southern People Weekly မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ “နှစ်နိုင်ငံဆက်ဆံတဲ့အခါဖြစ်ဖြစ် ရင်းနှီးမြှုပ်နှံတဲ့အခါဖြစ်ဖြစ် ဒီအချက်ကို စိတ်ထဲမှာ ထည့်ထားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု သူမက ဆိုသည်။

မြန်မာနိုင်ငံသည် တရုတ်နှင့် အမေရိကန်တို့၏ မဟာဗျူဟာကျသော ပါဝါလွန်ဆွဲမှု၏ အလယ်တွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံတွင် အနောက်နိုင်ငံအရေးယူမှုများ ရုတ်သိမ်းရေးကို ရည်ရွယ်၍ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်လျက်ရှိသည်။ ပြီးခဲ့သောနှစ်များအတွင်း စီးပွားရေးအရ အရေးယူမှုများသည် တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် အရေးကြီးသော ငွေရေးကြေးရေးနှင့် နိုင်ငံရေးအရ ကျောထောက် နောက်ခံ ပြုပေးသော နိုင်ငံတစ်ခု ဖြစ်လာရန် လမ်းခင်းပေးသကဲ့သို့ ရှိသည်။ သို့သော် တရုတ်ကုမ္ပဏီများသည် သယံဇာတများကို ထုတ်ယူရာတွင် အသာစီး ရယူမှုများကြောင့် ဆန့်ကျင်ရေးအုပ်စုများကို လှုပ်နှိုးလိုက်သကဲ့သို့ ဖြစ်သွားခဲ့ပြီး တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များ မြန်မာနိုင်ငံတွင် ပျံ့နှံ့ကာ နိုင်ငံရေးအရ မငြိမ်သက်မှုများ ဖြစ်လာမည်ကို မြန်မာအစိုးရက စိုးရိမ်လာရသည်။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော်အတွက် ရွေးကောက်ပွဲဝင်ရန် အပြင်းအထန်စည်းရုံးရေး ဆင်းလျက်ရှိသည်။ နာမည်ကြီး Southern People Weekly နှင့် သူမ၏အင်တာဗျူးက အချက်ပေးလိုက်သည်မှာ မြန်မာနိုင်ငံ၏ လာမည့်လွှတ်တော်တွင် အနာဂတ်တရုတ် ရင်းနှီးမြှုပ်နှံမှု အတွက် ခက်ခဲလာမည် ဆိုသည်ကို ဖြစ်သည်။

ပြီးခဲ့သည့်ဩဂုတ်လက သူမသည် တရုတ်တို့ လုပ်ဆောင်နေသော မြစ်ဆုံရေလှောင်တမံ စီမံကိန်းကို ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများနှင့် တိုင်းရင်းသား အုပ်စုများအနေနှင့် နေအိမ်များ ဖယ်ရှားပေးရခြင်းများ ရှိခြင်းကြောင့် ပြန်လည်ဆန်းစစ်ရန် တောင်းဆိုခဲ့သည်။ နောက်ပိုင်းတွင် မြန်မာ အစိုးရက အဆိုပါစီမံကိန်းကို ရပ်ဆိုင်းခဲ့သည်။ ထိုသို့သော နေပြည်တော်၏နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသောအားဖြင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် ပြီးခဲ့သည့် ဒီဇင်ဘာက နှစ်ပေါင်းငါးဆယ်အတွင်း နိုင်ငံခြားရေးဝန်ကြီးတစ်ဦးအနေဖြင့် ပထမဆုံး လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ညစာစားသုံးခဲ့သည်။

ဘေဂျင်းသည် ဝါရှင်တန်နှင့် ဆက်ဆံရေးကောင်းအောင် ကြိုးစားနေခြင်းအပေါ် သတိထား၍ တုန့်ပြန်လျက် ရှိသည်။ အမေရိကန်၏ မြန်မာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် ဒေသတွင်း အခြားနိုင်ငံများနှင့် ဆက်ဆံလာခြင်းအပေါ် တရုတ်က အလေးအနက် စိုးရိမ်ပူပန်လျက် ရှိသည်။

“ကျွန်မတို့ တရုတ်နဲ့ မိတ်ဆွေဖြစ်ဖို့ မျှော်လင့်ပါတယ်။ အမေရိကန်နဲ့လည်း မိတ်ဆွေဖြစ်ဖို့ မျှော်လင့်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က အင်တာဗျူးတွင် ပြောကြားခဲ့သည်။

မြန်မာအစိုးရသစ်သည် စတင်တာဝန်ယူကတည်းက နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ စာနယ်ဇင်း ကန့်သတ်ချက်များ ဖြေလျှော့ပေးခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုဆွဲဆောင်သော အခြားလုပ်ဆောင်မှုများလည်း ပြုလုပ်ခဲ့သည်။ ယခုလအစောပိုင်းက ဟီလာရီ ကလင်တန်သည် ကမ္ဘာ့ဘဏ်နှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများက မြန်မာနိုင်ငံသို့ အကူအညီပေးရေး လွယ်ကူစေရန် ကန့်သတ်ထားမှုကို ဖယ်ရှားပေးခဲ့သည်။ သို့သော် အမေရိကန်၏ အရေးယူမှု အများစုမှာ ယခင်အတိုင်း ရှိနေဆဲဖြစ်သည်။

*********************************************************************

မြန်မာသည် လာမည့် အာရှစီးပွားရေးကျားပေါက်တစ်ကောင်လော

(The Atlantic မှ 14 February 2012 ရက်စွဲပါ Joshua Kurlantzick ရေးသားသော Is Burma the next asian Tiger cub economy ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် အမေရိကန်နှင့်သံတမန် ဆက်ဆံရေး မြှင့်တင်လာခြင်း၊ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာခြင်းကြောင့် စီးပွားရေး လုပ်ငန်း အများစုက မျက်စိကျလာကြသည်။ မြန်မာနိုင်ငံအား အမေရိကန်၊ အီးယူနှင့် ဂျပန်တို့၏ အရေးယူမှုများကြောင့် အနောက်နိုင်ငံကုမ္ပဏီများက အထီးကျန်ပြုထားခဲ့ကြသည်။ ဂျပန်စီးပွားရေးဦးဆောင်သူ များကိုယ်စားလှယ်အဖွဲ့သည် မကြာမီက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး အလားတူ အမေရိကန် အဖွဲ့ကလည်း သွားရောက်ခဲ့သည်။ နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်နှင့် အလှူရှင်ဖြစ်သူ ဂျော့ဆိုရော့စ်ကလည်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည်။ (အမေရိကန်သည် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန် အရေးယူမှုများ ရုတ်သိမ်းပေးရမည် ဖြစ်သည်။) Asia Sentinel ကလည်း ကော်ပိုရေးရှင်းကြီးများက မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားသကဲ့သို့ စိတ်ဝင်စားမှုကို ပြသခဲ့သည်။

စာရေးသူသည် အနောက်နိုင်ငံစီးပွားရေး လုပ်ငန်းရှင်များက မြန်မာနိုင်ငံအပေါ် ကြီးမားသော အလားအလာများ တွေ့မြင်ထားသည်ဟု ပြောကြားမှုအား ကိုယ်တိုင်ကြားသိခဲ့ရသည်။ ယင်းတို့က လူဦးရေ ပမာဏများခြင်း၊ ဗြိတိသျှဥပဒေသမိုင်း၊ ကမ်းလွန်ရေနံအပါအဝင် အရေးပါသော သယံဇာတများကို တွေ့မြင်ကြပြီး ၁၉၉ဝ ခုနှစ် အစောပိုင်းက ဗီယက်နမ်နှင့် မြန်မာနိုင်ငံကို နှိုင်းယှဉ်ပြသခဲ့သည်။ ထိုစဉ်က ဗီယက်နမ်သည် အနောက်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု များကို အလေးအနက် တံခါးဖွင့်ပေးခဲ့သည်။ သို့သော် ယခုအချိန်တွင် နှိုင်းယှဉ်မှုများမှာ ဆိုးဆိုးဝါးဝါးမှားယွင်းလျက်ရှိသည်။ မြန်မာနိုင်ငံတွင် စားသုံးသူ ဈေးကွက်ကြီး ရှိနေသော်လည်း ယင်း၏ဖွံ့ဖြိုးတိုးတက်မှု ညွှန်းကိန်းများကို ခြုံကြည့်လျှင် အာဖရိက၏ ဆာဟာရဒေသခွဲရှိ အချို့အဆင်းရဲဆုံး တိုင်းပြည်များထက် အနည်းငယ်သာ သာလွန်နေသည်။ တိုင်းပြည်၏ နေရာအတော်များများတွင် တိုင်းရင်းသားသူပုန်ထမှုများ ဆယ်စုနှစ်များနှင့် ချီ၍ရှိနေခြင်းကြောင့် အခြေခံအဆောက်အဦများ လုံးဝရှိမနေပါ။

မြန်မာနိုင်ငံတွင် သမိုင်းကြောင်းအရ အရည်အသွေးရှိသော ပညာရေးနှင့် အင်္ဂလိပ်စာအသုံးပြုမှုများ ရှိခဲ့သော်လည်း စစ်အစိုးရသည် အကောင်းဆုံးဟု ဆိုရမည့် တက္ကသိုလ်များကို ပိတ်ပစ်ခဲ့သည်မှာ ဆယ်စုနှစ်များရှိပြီ ဖြစ်သည်။ ယင်းတို့သည် တက္ကသိုလ်များမှ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများကို စိုးရိမ်၍ ဖြစ်သည်။ ထိုအချက်သည် တိုင်းပြည်၏အနာဂတ်စီးပွားရေးအတွက် ဆိုးရွားစွာဖျက်ဆီးလိုက်ခြင်းပင် ဖြစ်သည်။ မကြာသေးမီ နှစ်များက အစိုးရသည် IT နှင့် ကွန်ပြူတာသိပ္ပံအကြောင်း ပြောလာခဲ့သော်လည်း အမှန်တကယ်တွင်မူ မြန်မာနိုင်ငံသည် အာရှ၌ မြောက်ကိုရီးယားပြီးလျှင် နည်းပညာတိုးတက်မှု အနည်းဆုံးနိုင်ငံဖြစ်သည်။ နိုင်ငံစုံ ကော်ပိုရေးရှင်းများအနေဖြင့် မြန်မာနိုင်ငံတွင် ရုံးဖွင့်၍ အလယ်အလတ် သို့မဟုတ် အဆင့်မြင့်နည်းပညာသုံး လုပ်ငန်းများ တည်ထောင်ရန် လောလောဆယ်တွင် မဖြစ်နိုင်သေးပေ။ ဖြစ်လာရန်အတွက်လည်း နိုင်ငံတကာရောက် မြန်မာများကို ပြန်လည်ခေါ်ယူ လုပ်ကိုင်ရမည် ဖြစ်သည်။

သဘာဝသယံဇာတ ထုတ်ယူခြင်းလုပ်ငန်းများသည် ဤအခက်အခဲများနှင့် မသက်ဆိုင်လှပေ။ သို့သော် ရေနံကုမ္ပဏီများသည် ပြဿနာများ ကြားမှ အကျိုးအမြတ်များ ရရှိခဲ့ကြသည်။ ထိုပြဿနာများမှာ ဗီယက်နမ်တွင် များများစားစား မရှိလှပေ။ သယံဇာတထုတ်ယူခြင်း လုပ်ငန်းတွင်ပင် အနောက်နိုင်ငံကုမ္ပဏီများ ဝင်ရောက်လာပါက မြန်မာနိုင်ငံတွင် ဆယ်နှစ်ခန့် အခြေကျနေပြီ ဖြစ်သော တရုတ်ကုမ္ပဏီများကို တစ်ပန်းရှုံးနေပြီ ဖြစ်သည်။

************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs