Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၂.၂.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံအပေါ်အားတက်မှုရှိဟုဆို

(Business Recorder မှ 22 february 2012 ရက်စွဲပါ World Bank encouraged on Myanmar ကို ဘာသာ ပြန်ဆိုသည်)

  1. ကြားဖြတ်ရွေးကောက်ပွဲသို့ အိမ်နီးချင်း လေ့လာစောင့်ကြည့်သူများ ဝင်ရောက်ကြည့်ရှုခွင့်ပြုရေး မြန်မာအစိုးရ အလေးပေး စဉ်းစားမည်

(CNN သတင်းဌာနမှ 21 Feb 2012 ရက်စွဲပါ Myanmar to consider allowing neighbors to observe elections ကို ဘာသာ ပြန်ဆိုသည်)

  1. အိန္ဒိယ၊ တရုတ်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် စီးပွားရေးလုပ်ငန်းအဖွဲ့ထူထောင်

(Xinhua သတင်းဌာနမှ 20 Feb 2012 ရက်စွဲပါ Bangladesh, China, India, Myanmar set up business group to promote co-op ကို ဘာသာ ပြန်ဆိုသည်)

************************************************************************************************************

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံအပေါ်အားတက်မှုရှိဟုဆို

(Business Recorder မှ 22 february 2012 ရက်စွဲပါ World Bank encouraged on Myanmar ကို ဘာသာ ပြန်ဆိုသည်)

ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံ၏ တံခါးဖွင့်မှုအသစ်ကို အားတက်မိကြောင်း၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးများကို ကူညီလိုကြောင်း၊ သို့သော် ကြွေးမြီများဆပ်ရမည်ကို သတိထားရန်လိုကြောင်း အင်္ဂါနေ့က ပြောကြားခဲ့ပါသည်။

ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံနှင့် အလုပ်အတူလုပ်၍ ပြည်သူ့ရေးရာ ဝန်ဆောင်မှုလုပ်ငန်းများတိုးတက်ရန်၊ ခေတ်မမှီတော့သော ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍကို အဆင့်မြှင့်ရန်နှင့် ပုဂ္ဂလိက ကဏ္ဍတွင်အခွင့်အလမ်းများ ဖန်တီးပေးရန် မျှော်လင့်နေလျက်ရှိသည်။ “ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ တိုးတက်မှုကို အားရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံနဲ့ ပြန်လည်ဆက်ဆံပြီး ဆင်းရဲနေတဲ့ မြန်မာပြည်သူတွေအကျိုးကို ဆောင်ရွက်နိုင်မယ့် ပြုပြင်ပြောင်းလဲရေးတွေကို ကူညီချင်ပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့်ပစိဖိတ် ဒုဥက္ကဋ္ဌ Panela Cox က ပြောသည်။

ကမ္ဘာ့ဘဏ်က ၎င်းသည် လူထုအခြေပြုအဖွဲ့အစည်းများနှင့် အတူလုပ်ကိုင်ရန် မျှော်လင့်ပြီး တိုင်းရင်းသား ဒေသများတွင် ယခု လုပ်ဆောင်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ကူညီလိုကြောင်း ပြောကြားခဲ့သည်။ သို့သော် မြန်မာနိုင်ငံတွင် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများသို့ ပေးရန်ရှိသော ချေးငွေများပေးရန် ဦးစွာ စီစဉ်ရမည် ဖြစ်၍ ကမ္ဘာ့ဘဏ်အနေဖြင့် လတ်တလော ငွေကြေးကူညီရန် လုပ်ဆောင်ဦးမည် မဟုတ်ဟုဆိုသည်။ ကမ္ဘာ့ဘဏ်၏ စည်းမျဉ်းများတွင် ချေးငွေများဆပ်ရန်ရှိသော တိုင်းပြည်အားငွေကြေးထောက်ပံ့ခြင်း မပြုရန် ဖော်ပြထားသည်။ ၂ဝဝ၈ ခုနှစ် နာဂစ်ဆိုက်ကလုံး အပြီးတွင် ထိုစဉ်က ကမ္ဘာ့ဘဏ်မန်နေဂျင်းဒါရိုက် တာ Juan Jose Daboub က ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံတွင် ချေးငွေများ မဆပ်သေးသဖြင့် ငွေမချေးနိုင်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံတွင် ပေးဆပ်ရန် ကြွေးမြီမည်မျှရှိသည်ဆိုသော ပမာဏကို ဖော်ပြခြင်းမရှိပေ။ တစ်ချိန်က အာရှ၏ဆန်အိုးကြီးဟု တင်စားခြင်းခံရသော မြန်မာနိုင်ငံသည် စီးပွားရေးအရမှားယွင်းစွာ စီမံခန့်ခွဲမှုများကြောင့် များစွာ ဆင်းရဲသွားခဲ့ရသည်။ မြန်မာနိုင်ငံတွင် ငွေကြေးစနစ်မှာလည်း များစွာ ရှုပ်ထွေးပြီး တရားမဝင်ငွေလဲလှယ်နှုန်းမှာ တရားဝင်နှုန်းထက် အဆတစ်ရာ မက ရှိနေသည်။ တရားဝင်ကိန်းဂဏန်း အချက်အလက် အများစုမှာလည်း ယုံကြည်ရခြင်း မရှိသည်ကို ပညာရှင်များက တွေ့ရှိခဲ့ပါသည်။ သို့သော် မြန်မာနိုင်ငံသည် အရပ်သားအစိုးရ တက်လာပြီးသည့် နောက်ပိုင်းတွင် လုပ်ဆောင်ခဲ့သော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကြောင့် စောင့်ကြည့်သူအများစုအား အံ့အားသင့်စေခဲ့သည်။ မြန်မာအစိုးရသည် စီးပွားရေးပြုပြင်မှုများ လုပ်ဆောင်ရန်လည်း မျှော်လင့်ထားရာ ဇန်နဝါရီလက နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအား အခွန်ကင်းလွတ်ခွင့် ရှစ်နှစ်ပေးမည်ဟု ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် အနောက်နိုင်ငံအရေးယူမှုများရှိ နေဆဲဖြစ်သည်။ သို့သော် အမေရိကန်ပြည်ထောင်စု က နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးပြုလုပ်ခြင်းကို ကန့်သတ်ထားခြင်းအား ပယ်ဖျက်ပေးခဲ့သည်။ ထို့အပြင် ဝါရှင်တန်က တိုးတက်မှုများပိုမိုရှိပါက နောက်ထပ် တုန့်ပြန်မှုများ ပြုလုပ်ရန် ဆန္ဒရှိသည်ဟု ပြောကြားခဲ့ပြီး ဖြစ်သည်။

******************************************************************************

ကြားဖြတ်ရွေးကောက်ပွဲသို့ အိမ်နီးချင်း လေ့လာစောင့်ကြည့်သူများ ဝင်ရောက်ကြည့်ရှုခွင့်ပြုရေး မြန်မာအစိုးရ အလေးပေး စဉ်းစားမည်

(CNN သတင်းဌာနမှ 21 Feb 2012 ရက်စွဲပါ Myanmar to consider allowing neighbors to observe elections ကို ဘာသာ ပြန်ဆိုသည်)

လာမည့် ဧပြီလ ၁ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ဒီမိုကရေစီရွေးကောက်ပွဲသို့ အိမ်နီးချင်းနိုင်ငံများမှ စောင့်ကြည့်လေ့လာသူများ ဝင်ရောက် ကြည့်ရှုခွင့်ပြုမည့်ကိစ္စအား မြန်မာအစိုးရက အလေးအနက်ထား စဉ်းစားသွားမည် ဖြစ်ကြောင်း အာဆီယံအဖွဲ့က ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ပြောကြားလိုက်သည်။

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့(အာဆီယံ) နှင့်ပြုလုပ်သည့်ဆွေးနွေးပွဲတွင် မြန်မာသမ္မတ ဦးသိန်းစိန်က ၎င်းအနေဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ လေ့လာသူများအား ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့် ပြုမည့်ကိစ္စကို ထည့်သွင်း စဉ်းစားသွားမည် ဖြစ်ကြောင်းပြောကြားသည်။

"ယခုလို ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခွင့်ပြုမည့်ကိစ္စက ပွင့်လင်းမြင်သာမှုကို ပိုမိုဖြစ်ထွန်းစေမည် ဖြစ်သလို နိုင်ငံတကာအသိုင်းအဝိုင်း၏ မြန်မာအပေါ် ထားရှိသည့် စိတ်စေတနာကို ရရှိစေနိုင်မည်ဖြစ်သည်ဟု ခေါင်းဆောင်နှစ်ဦး သဘောတူညီခဲ့ကြသည်" ဟု အာဆီယံအဖွဲ့က ထုတ်ပြန်သော ကြေညာချက်တွင်ဖော်ပြထားသည်။

မြန်မာသမ္မတဦးသိန်းစိန်သည် အာဆီယံအထွေထွေအတွင်းရေးမှူး ဆူရင်ပစ်ဆာဝမ်နှင့် နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သည့် အာဆီယံ၏ ရည်မှန်းချက်ပန်းတိုင်မှာ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုနှင့် ဒေသတွင်းတည်ငြိမ်မှုကို မြှင့်တင်သွားရန်ဖြစ်သည်။ မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးအောက်သို့ရောက်ရှိခဲ့ပြီးနောက် အစိုးရသစ်က လတ်တလော လုပ်ကိုင်ဆောင်ရွက်လျက် ရှိသည့် ပြုပြင်ပြောင်းလဲမှုများကို နိုင်ငံတကာ အသိုင်းအဝိုင်းက ချီးမွမ်း ကြိုဆိုခဲ့သည်။ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုခံခဲ့ရပြီးနောက် ယခုအခါ မြန်မာစစ်ဗိုလ်ချုပ်ကြီးများက ၎င်းတို့ဆုပ်ကိုင်ခဲ့သော အာဏာကိုတဖြည်းဖြည်းချင်းလျှော့ချလာသည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အမျိုးသားဒီမိုကရေစီပါတီ(NLD) သည်လည်း ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်ခဲ့သော်လည်း ယခုအခါ ကြားဖြတ် ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်လျက်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ်မှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးကောက်ပွဲကော်မရှင်၌ မှတ်ပုံတင်ခဲ့ပြီးဖြစ်သည်။ ထိုသို့လုပ်ကိုင်လာခြင်းမှာ စစ်တပ် ကျောထောက် နောက်ခံ အစိုးရသစ်က နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးခြင်း အစရှိသည်တို့လုပ်ကိုင်ပြသခဲ့သောကြောင့်ပင်ဖြစ်သည်။

NLD ပါတီအနေဖြင့် လွှတ်တော်အမတ်နေရာ ၄၈ နေရာအတွက်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမကို ထောက်ခံသူများ အပါအဝင် နိုင်ငံတကာမှ နိုင်ငံရေးခေါင်းဆောင်ကြီးများက အဆိုပါ ရွေးကောက်ပွဲကို လွတ်လပ်မျှတစွာကျင်းပပေးရန် ဦးသိန်းစိန်အစိုးရအား တိုက်တွန်းပြောဆိုထားကြသည်။ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲ ကာလအတွင်း မြန်မာနိုင်ငံသို့ လောရောက်ခဲ့သော အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များအနေဖြင့် ရွေးကောက်ပွဲဖြစ်စဉ်ကို အတွင်းကျကျ လေ့လာစောင့်ကြည့်မှု မပြုလုပ်နိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာအစိုးရအတိုက်အခံမီဒီယာ ဖြစ်သော ဧရာဝတီမှ အယ်ဒီတာ အောင်ဇော်က ပြောကြားသည်။

"အဲဒီတုန်းက အာဆီယံကိုယ်စားလှယ်တွေကို မဲရုံတွေဆီကိုပဲခေါ်သွားတာ၊ အဲဒီလောက်ပဲလုပ်ပေးခဲ့တာ" ဟု ၎င်းကဆိုသည်။ ထိုနောက်ပိုင်းကာလ မြန်မာအစိုးရသစ်က နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအပါအဝင် အပြုသဘော ဆောင်သည့်လုပ်ကိုင်ဆောင်ရွက်မှုများပြုလုပ်ခဲ့ရာ အမေရိကန်ပြည်ထောင်စုက များစွာအသိအမှတ်ပြုခဲ့သည်။ နှစ်ပေါင်းများစွာ နှိမ်ချခဲ့သည့် သံတမန်ဆက်ဆံရေး ပြန်လည်မြှင့်တင်ပေးသည့်အနေဖြင့် မြန်မာနိုင်ငံသို့ အမေရိကန်သံအမတ်ကြီး ပြန်လည်ခန့်အပ်ထားရှိမည်ဖြစ်ကြောင်း ဝါရှင်တန်အစိုးရကကြေညာခဲ့သည်။

သို့သော် လာမည့် ဧပြီလတွင် ကျင်းပမည့် အဆိုပါကြားဖြတ်ရွေးကောက်ပွဲသည် မြန်မာအစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ပါမည်ဟု ပေးထားသော ကတိကဝတ်များကို စမ်းသပ်မည်ဖြစ်သည်။ ကြားဖြတ်ရွေးကောက်ပွဲအပေါ်နိုင်ငံတကာအသိုင်းအဝိုင်းက များစွာအာရုံစိုက်လာခြင်းကြောင့် မြန်မာအစိုးရ အနေဖြင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများကို ဝင်ရောက်ခွင့်ပြုလာရန်ရှိကြောင်း အောင်ဇော်ကပြောဆိုသည်။ ဥပမာအားဖြင့် ထိုင်းအခြေစိုက် Asian Network for Free Elections ကဲ့သို့သော အဖွဲ့မျိုးကို မြန်မာနိုင်ငံသို့ ဝင်ရောက်လေ့လာနိုင်အောင် အာဆီယံအနေဖြင့် ထောက်ပံ့မှုများ ပြုလုပ်နိုင်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

*************************************************************

အိန္ဒိယ၊ တရုတ်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် စီးပွားရေးလုပ်ငန်းအဖွဲ့ထူထောင်

(Xinhua သတင်းဌာနမှ 20 Feb 2012 ရက်စွဲပါ Bangladesh, China, India, Myanmar set up business group to promote co-op ကိုဘာသာပြန်ဆိုသည်)

ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ အစရှိသည့်နိုင်ငံများမှ စီးပွားရေးလုပ်ငန်းအုပ်စုများသည် ယင်းနိုင်ငံများ အကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ပိုမိုကောင်းမွန်အောင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး တို့ကို အင်အားကောင်းမွန်စွာ လုပ်ကိုင်ဆောင်ရွက်ရန် အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့၌ သဘောတူစာချုပ် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရသည်။

သဘောတူလက်မှတ် ရေးထိုးသည့်အဖွဲ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စက်မှုကုန်သည်ကြီးများ အသင်းချုပ် (FBCCI)၊ တရုတ်ပြည် နိုင်ငံတကာ ကုန်သွယ်ရေး မြှင့်တင်မှုကောင်စီ(CCPIT)နှင့် ယူနန်ပြည်နယ်ပူးတွဲကောင်စီ၊ အိန္ဒိယ အရှေ့မြောက်ပိုင်း စက်မှုလုပ်ငန်းဆိုင်ရာအသင်း(CII)၊ မြန်မာနိုင်ငံ စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများ အသင်း (UMFCCI)တို့ပါဝင်ကြောင်း၊ ယင်းသဘောတူညီချက်မှာ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ စီးပွားရေးလုပ်ငန်း ကောင်စီ(BCIM) တည်ထောင်ရန်ဖြစ်ကြောင်း Xinhua သတင်းဌာနကရေးသားသည်။

BCIM အနေဖြင့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့များအလည်အပတ်သွားရောက်ခွင့်ရရှိရေး၊ စီးပွားရေး သတင်း အချက်အလက်များ အလဲအလှယ် ပြုလုပ်ရေး၊ စီးပွားရေးဆိုင်ရာ နိုင်ငံတကာကွန်ဖရင့်ကြီးများ လက်ခံကျင်းပရေး၊ ကုန်စည်ပြပွဲနှင့် စက်မှုလက်မှုလုပ်ငန်းဆိုင်ရာ ပြပွဲများခင်းကျင်းပြသရေး အစရှိသည်တို့ကို ဦးဆောင်လုပ်ကိုင်ရမည် ဖြစ်ကြောင်း သဘောတူစာချုပ်ပါအချက်အလက်များအရသိရသည်။

ထို့ပြင် BCIM ၏ တရားဝင်အင်တာနက်ဝက်ဘ်ဆိုက်ကို လွှင့်တင်မည်ဖြစ်သလို အဖွဲ့ဝင်နိုင်ငံများ၌ BCIM ၏ စီးပွားရေးဆိုင်ရာ ရုံးခွဲများ ဖွင့်လှစ်ထားရှိမည်ဖြစ်သည်။ သဘောတူလက်မှတ်ရေးထိုးပွဲသို့ တက်ရောက်လာကြသူ များတွင် ဘင်္ဂလားဒေ့ရှ်(FBCCI) မှ ဥက္ကဋ္ဌဟောင်း Annisul Huq၊ တရုတ်(CCPIT) မှ ဒုတိယ အထွေထွေ အတွင်းရေးမှူး Tan Yun၊ Maulana Abul Kalam Azad Institute of Asian Studies မှ ဒါရိုက်တာ Dreradha Datta၊ အိန္ဒိယနိုင်ငံ(CII) မှ ဒေသဆိုင်ရာဒါရိုက်တာ Saugat Mukherjee ၊ မြန်မာနိုင်ငံ UMFCCI မှ ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်တို့ ဖြစ်ကြသည်။

*************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၂.၂.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. အုတ်ကျစ်ကျော်အေး မန္တလေးနှင့် မပြင်နိုင်သေးတဲ့အလွဲများ

*****************************************

ဆောင်းပါးကဏ္ဍ

အုတ်ကျစ်ကျော်အေး နှင့် မပြင်နိုင်သေးတဲ့အလွဲများ

သို့

အယ်ဒီတာ

(ရန်ကုန်ခရော်နီကယ် - YC)

ကျွန်တော်ကတော့ မွေးရပ်မြေကို စွန့်ခွာပြီး တစ်နယ်တစ်ကျေးမှာ အလုပ်လုပ်နေရတဲ့ မန္တလေးသားတစ်ယောက် ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ ဇာတိမြေကို ပြန်မရောက်နိုင်တာလည်း အတော်ကိုကြာခဲ့ပါပြီ။ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတော့ မိသားစုအရေးကိစ္စနဲ့ မန္တလေးကို တစ်ခေါက် ပြန်ခဲ့ရပြန်ပါတယ်။ ကျွန်တော့် မွေးရပ်မြေဟာ ထူးထူးခြားခြား ပြောင်းလဲသွားတာမျိုးတော့ ဘာမှမတွေ့ရသေးပါဘူး။  နိုင်ငံရေးနဲ့ ပတ်သက်ရင်တော့ အရင်အစိုးရ လက်ထက်ကထက်စာရင် လက်ဖက်ရည်ဆိုင်မှာတော့ နိုင်ငံရေးအကြောင်းတွေ ပြောရဲဆိုရဲ ရှိလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် လေသံ ပြင်းထန်တဲ့ အသုံးအနှုန်းမျိုး ပါလာတာ၊ ဥပမာ ကျွန်တော်က “ဦးသန်းရွှေလက်ထက်ကတော့ စစ်အစိုးရမို့လို့ပေါ့၊ သမ္မတကြီး ဦးသိန်းစိန်အစိုးရ လက်ထက်မှာတော့ အရပ်သားအစိုးရ ဖြစ်လာပြီဆိုတော့”ဆိုတဲ့ စကားမျိုးများ ပါလာရင် ကျွန်တော့်ရဲ့ အပေါင်းအသင်းများက ဘေးဘီဝဲယာကို ကြည့်ပြီး ထိတ်လန့်တကြားနဲ့ “တိုးတိုးပြောပါကွ” လို့ လေသံခပ်အုပ်အုပ်နဲ့ သတိပေးကြပါတယ်။ ဆိုရရင် ကျွန်တော်တို့ မန္တလေးသားများဟာ ကျုံးသွင်းပြီး လေ့ကျင့်ထားတဲ့ ဆင်ဆိုးကြီးကို မဝံ့မရဲစမ်းကိုင်ကြည့်နေကြတဲ့ အနေအထားမှာပဲ ရှိသေးတယ်လို့ ပြောရမှာပါ။ “ဆင်ကြီးက အရင်လို မရိုင်းတော့ဘူး၊ ယဉ်သွားပြီ၊ မယုံရင် လာကိုင်ကြ” ဆိုလို့  သွားကိုင်ကြတဲ့ပုံစံပါ။ ဆင်ကြီး ယဉ်သွားပြီဆိုတာ သိပေမယ့် စိတ်ထဲမှာတော့ ငါ့ကိုများ နင်းသတ်လိုက်မလား ဆိုတဲ့ ကြောက်စိတ်လေးကတော့ ကျန်နေဆဲပါ။ ဆင်ကြီးကိုသွားပြီး ကျောသပ်ရင်သပ်လှုပ်နေတုန်း ဆင်ကြီးက နှာမောင်းကြီးမြှောက်ပြီး “ကျီ” လို့ အော်လိုက်ရင် လန့်ပြီးပြေးကြရောဆိုပါတော့။ ကျွန်တော်တို့ မန္တလေးသားတွေက အဲ့လို ဖြစ်နေကြဆဲပါ။ ဖြစ်အောင်လည်း အောက်ခြေအဆင့် အာဏာပိုင်အသေးစားလေးများက မှင်မောင်းကောင်းကောင်းနဲ့ ဟိန်းဟောက်နေဆဲ၊ ခြိမ်းခြောက်နေဆဲပါ။ ပြောရရင် ကျွန်တော်တို့ မန္တလေးဟာ မြန်မာပြည်ရဲ့ စီးပွားရေး ဗဟိုအချက်အခြာကြီး ဖြစ်တာကတစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဝင်ငွေတွေဟာ အခြားပြည်နယ်နဲ့ တိုင်းဒေသကြီး များထက် များပြားတာကတစ်ကြောင်းတို့ကြောင့် လူတွေက စီးပွားရေးဘက်မှာ လည်နေကြတာလည်း ပါမယ်ထင်ပါတယ်။ ကိုယ့်စီးပွားကိုရှာ၊ ကိုယ့် ထမင်း ကိုယ်စား၊ လူမှုရေးလေးကလည်း ကောင်းတတ်ကြ သူများဆိုတော့ နိုင်ငံရေးနိုးကြားမှုက နဲပါးတယ်ဆိုရမှာပါ။ နိုင်ငံရေး နိုးကြားမှုနဲလို့လည်း ၂၀၁၀ ရွေးကောက်ပွဲကို စိတ်ပါလက်ပါ မရှိခဲ့ကြပါဘူး။ မရှိခဲ့လို့ မဲလိမ်ခံရတော့လည်း အစတည်းက ထင်သားပဲဆိုတဲ့ မှတ်ချက်မျိုးနဲ့ နိုင်ငံရေးကို စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ကြတာပါ။ ဒီကြားထဲမှာပဲ အောက်ခြေအဆင့် အုပ်ချုပ်ရေးများရဲ့ ဖိနှိပ်မှုတွေက များလာလေတော့ နိုင်ငံရေးနဲ့ ပတ်သက်ရင် လဖက်ရည်ဆိုင်မှာ အပန်းဖြေရုံလောက်ပဲ သဘောထားကြပါတော့တယ်။ အောက်ခြေအဆင့် ဖိနှိပ်မှုတွေထဲက ကျွန်တော်သိခဲ့ရသမျှ အချို့ကို ဖောက်သည်ချပါရစေ။ ဒါမှလည်း လူတွေက ဘာလို့ ဒီလောက်တောင် ကြောက်နေကြသေးတာလဲဆိုတာ သိရမှာပါ။ ပြောရရင် ကျွန်တော်တို့ မန်းလေး သားများဟာ အုပ်ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်တစ်ဦးဦးက လာဟောက်ရင် ဘာလို့ဟောက်တာလဲ၊ ဘာဥပဒေအရ ဖမ်းချင်ရတာလဲလို့ အပြန်အလှန် မေးခွန်းထုတ်ဝံ့တဲ့ အခြေအနေ မရှိကြသေးပါဘူး။ ရန်ကုန် မှာတော့ ပါတီကြီးတွေရဲ့ လှုံ့ဆော်အားကလည်းကောင်း ၊ မီဒီယာတွေကလည်း အင်အား ကောင်း၊ တိုင်းဒေသကြီး အစိုးရကလည်း ဆောင်ရွက်ချက်တွေကောင်း၊  လူတွေကလည်း နိုင်ငံရေး မျက်စိပွင့်ကြလေ တော့ မန်းလေးနဲ့ယှဉ်ရင် အောက်ခြေအာဏာပိုင်များဟာ ပြည်သူကို အရမ်းကာရော အကြောင်းမဲ့ မနှိပ်စက်ရဲကြပါဘူး။ မန်းလေးမှာတော့ နေရာတကာ တွေ့နေရဆဲပဲ ဖြစ်ပါတယ်။

ပထမဆုံး ဖြစ်ရပ်ကတော့  ချမ်းမြသာစည်ဘက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ကျောင်းသားလေးတွေကို ထိုးကြိတ်ရန်ရှာ ကြပါတယ်။ ဝင်ရောက်တားမြစ်တဲ့ ကျောင်းဆရာတွေ၊ ရပ်ကွက်က လူတွေကိုပါ ထိုးကြိတ်ပြန် ပါတယ်။ ဒီကိစ္စကို  ပြည်သူ့ဒီမိုကရေစီပါတီနဲ့ အခု ပျက်ပြယ်သွားပြီဖြစ်တဲ့ ၈၈ ပြည်သူ့အင်အားပါတီနှစ်ခုက လိုက်ပါဆောင်ရွက်ပေးလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်း အလုပ်ပြုတ်၊ ရဲတပ်ဖွဲ့ဝင်တွေလည်း နေရာပြောင်းခံရနဲ့ ထိရောက်စွာတော့ အရေးယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုမျိုးကိစ္စတွေဟာ လူမသိသူမသိ ဖြစ်နေတာတွေလည်း အများကြီး ကျန်နေပါတယ်။

အယ်ဒီတာလည်း တစ်လောက ဖေ့စ်ဘုတ်စာမျက်နှာတွေမှာ တွေ့လိုက်မှာပါ။ ဟိန္ဒူဘာသာဝင် မိသားစုတစ်စုကို အိုးအိမ်ဦးစီးဌာနနဲ့ စည်ပင်သာယာက ဝန်ထမ်းတွေက နေအိမ်ကနေ အတင်းဆွဲချပြီး အိမ်ကိုသိမ်းလိုက်တဲ့ ကိစ္စပါ။ ဒီကိစ္စဟာ အခုအချိန်မှာတော့ မန္တလေး အခြေစိုက် နိုင်ငံရေးပါတီများဖြစ်တဲ့ ပြည်သူ့ဒီမိုကရေစီပါတီ၊ ၈၈ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ) တို့က လိုက်ပါ ဆောင်ရွက်ပြီး သမ္မတရုံးကို အယူခံဝင် ထားတယ်လို့ သိရပါတယ်။ ကျွန်တော်က ဒီကိစ္စကို ဂျာနယ်တွေကနေ တဆင့် သိနေခဲ့ပါတယ်။ ရောက်တုန်း ရောက်ခိုက် သေသေချာချာသွားပြီး စပ်စုကြည့်တော့မှ မန္တလေး စည်ပင်သာယာရေးကော်မတီနဲ့ အိုးအိမ်ဦးစီးဌာနတို့ဟာ  ဟိန္ဒူ မိသားစုအပေါ်မှာ မတရားသဖြင့် အနိုင်အထက်ပြုကျင့်ပြီး အိမ်ကိုသိမ်းယူလိုက်ကြမှန်း သိလာရပါတယ်။ ဖြစ်ပုံက ဒီလိုပါ။

မန္တလေးနဲ့ အထက်မြန်မာပြည် တလွှားက ဟိန္ဒူဘာသာဝင်တွေဟာ အများအားဖြင့် ဧည့်နိုင်ငံသား မှတ်ပုံတင်တွေပဲ ကိုင်ဆောင်ရလေ့ ရှိပါတယ်။ သူတို့နေထိုင်ရာ အိမ်တွေဟာလည်း ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင် ကြတာမှန်ပေမယ့် ဧည့်နိုင်ငံသားများဖြစ်လေတော့ သူတို့ရဲ့ ဟင်ဒီစကားနဲ့ ပြောရရင် ထီခနာမရှိဘူး (အာမခံချက်မရှိဘူး)လို့ ဆိုရမှာ ဖြစ်ပါတယ်။ နောက်ပြီး မန္တလေးမြို့တော်ဆိုတာကလည်း မကြာခဏ မီးဘေး သင့်တတ် လေတော့ သူတို့ရဲ့ အိမ်မြေပိုင်ဆိုင်မှု အထောက်အထားများဟာ မီးလောင်ပျက်စီးကုန်ကြပါပြီ။ ဒီလိုနဲ့ပဲ သူတို့ဟာ အိုးအိမ်ဦးစီးဌာနနဲ့ စည်ပင်သာယာ ရေး ကော်မတီရဲ့ပစ်မှတ်တွေ ဖြစ်လာကြပါတယ်။ အိုးအိမ်က ဂရံလျှောက် စည်ပင်က ဂရံချပေးနဲ့ ဟိန္ဒူဘာသာဝင် မိသားစု ငါးစုလောက်ဟာ သူတို့ရဲ့ ဘိုးဘွားပိုင်ဆိုင်မှုတွေကို စွန့်လွှတ်ပြီး လမ်းဘေးရောက်ခဲ့ကြရပါတယ်။ အဲ့လိုသိမ်းယူပြီးရင်တော့ စည်ပင်သာယာနဲ့ အိုးအိမ်ဦးစီးတို့ဟာ အသိမ်းခံ မြေတွေ၊ အိမ်တွေကို တရုတ်တွေနဲ့ ကန်ထရိုက်တွေဆီကို ရောင်းချလိုက်ကြပါတယ်။ စည်ပင်နဲ့ အိုးအိမ်ကလူတွေအတွက်တော့ သူများရဲ့ အသိုက်အမြုံကို ဖျက်ပြီး ရတနာပုံကိန်း ဆိုက်သွား ကြတာပေါ့။ မန္တလေးမှာ မိသားစု ငါးစုလောက်နဲ့ လားရှိုးဘက်မှာ မိသားစု သုံးရာနီးပါးရဲ့ အိမ်ခြံ မြေတွေကို ဒီပုံစံအတိုင်း သိမ်းယူခဲ့ကြတာပါ။

                အခု သိမ်းလိုက်တဲ့ ဟိန္ဒိုမိသားစုကတော့ ဗမာရည်ကောင်းကောင်းလည်ပြီး ဆတ်ဆတ်အထိမခံတဲ့ အပြင် ဘိုးဘွားပိုင်ဆိုင်မှုတွေကို လုံခြုံစွာ သိမ်းဆည်းထားနိုင်ခဲ့လို့ ပိုင်ဆိုင်မှု အထောက်အထားတွေလည်း ပြနိုင်ပါတယ်။ သူတို့ဟာ ဧည့်နိုင်ငံသားအဖြစ်နေခဲ့ရတာ မှန်ပေမယ့် အစိုးရသစ် လက်ထက်မှာ နိုင်ငံသား အရည်အချင်း ပြည့်မီလို့ နိုင်ငံသားအဖြစ်လည်း သတ်မှတ်ခံရပြီးဖြစ်သလို နိုင်ငံသားစိစစ်ရေးကဒ်တွေလည်း ရှိနေကြပြီး ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ဟာ ရွေးကောက်ပွဲအပြီးမှာ တည်ထောင်တဲ့ ပြည်သူ့ဒီမိုကရေစီ ပါတီဝင်တွေလည်း ဖြစ်နေကြပြန်ပါတယ်။ အဲ့ဒီပါတီ ဟာလည်း တက်ကြွစွာလှုပ်ရှားနေတဲ့ ပါတီအသစ်ဖြစ်လေတော့ ဒီတစ်ခါမှာ စည်ပင်နဲ့ အိုးအိမ်ဦးစီးဌာနတို့ လည်ပင်းအစ်တဲ့ အခြေအနေ ရောက်သွားပါတယ်။

ဖြစ်ပုံက ဒီလိုပါ။ အိမ်အသိမ်းခံရတဲ့ ဟိန္ဒူမိသားစုဟာ အဲ့ဒီအိမ်ကို ၁၉၃၄ခုနှစ်တည်းက ပိုင်ဆိုင်လာကြတာ ဖြစ်ပြီး အင်္ဂလိပ်အစိုးရ လက်ထက်က ဒီအိမ်ကို ပိုင်ဆိုင်ကြောင်း စာချုပ်စာတမ်းနဲ့ ဂရံတွေလည်း အခုထိ မပျက်မစီး ရှိနေပါသေးတယ်။ အင်္ဂလိပ်အစိုးရလက်ထက်မှာ အဲ့ဒီ အိမ်ကို ပိုင်ဆိုင်ခဲ့ပြီး အခန်းတွေ ကန့်ပြီး ငှားရမ်းခဲ့ပါတယ်။ ဘီအိုစီ ကုမ္ပဏီကလည်း အဲ့ဒီအခန်းတွေထဲက နှစ်ခန်းကို ရုံးခန်းဖွင့်ဖို့ ငှားရမ်းခဲ့ပါတယ်။ ဒီလိုနဲ့ ဟိန္ဒူ မိသားစုက အိမ်ရှင်၊ ဘီအိုစီ ကုမ္ပဏီက အိမ်ငှားအဖြစ် စခန်းသွားခဲ့ကြရာက တော်လှန်ရေးကောင်စီတက်လာတော့ နိုင်ငံခြားသားပိုင် ပစ္စည်းတွေကို ပြည်သူပိုင်သိမ်းယူပါတယ်။ ဒီတော့ ဘီအိုစီကုမ္ပဏီ ရုံးခန်းဖွင့်ထားတဲ့ အခန်းနှစ်ခန်းလည်း ပြည်သူပိုင်သိမ်းတဲ့အထဲ ပါသွား တာပေါ့။ ဒါပေမယ့် တော်လှန်ရေးကောင်စီက ဘယ်လို သတ်မှတ်သလဲဆိုရင် “ ဘီအိုစီက အခန်းနှစ်ခန်းပဲ ပိုင်တယ်၊ ပိုင် တာတောင်မှ အခန်းကို မပိုင်ဘူး ငှားထားတာဆိုတော့ အခန်းနှစ်ခန်းငှားရမ်းခွင့်ကိုပဲ ပိုင်တာဖြစ်တယ်၊ ဒါကြောင့် ဘီအိုစီရဲ့ ငှားရမ်းပိုင်ခွင့်ကို တော်လှန်ရေးကောင်စီက ပြည်သူပိုင် သိမ်းတဲ့အတွက် တော်လှန်ရေးကောင်စီကို ဆက်ငှားရမယ်”လို့ ဆုံးဖြတ်ပေးခဲ့တာပါ။ တော်လှန်ရေးကောင်စီဟာ ဟိန္ဒူမိသားစုကို အိမ်ရှင်အဖြစ် ဆက်လက်အသိအမှတ် ပြုခဲ့သလို ဆိုင်ခန်းနှစ်ခန်းအတွက်လည်း ဘီအိုစီကုမ္ပဏီပေးချေတဲ့ လစာအတိုင်း ငှားရမ်းခပေးချေခဲ့ပါတယ်။ တော်လှန်ရေး ကောင်စီ လက်ထက်မှာ အဲ့ဒီအခန်းနှစ်ခန်း ငှားရမ်းခွင့်ကို မြန်မာ့ကုန်သွယ်ရေးကို လွှဲပေးခဲ့ပါတယ်။ မြန်မာ့ကုန်သွယ်ရေးကလည်း ဟိန္ဒူမိသားစုကို ဆိုင်ခန်းငှားရမ်းခ ဆက်လက်ပေးချေနေခဲ့ပါတယ်။

မြန်မာ့ကုန်သွယ်ရေးကို ဖျက်သိမ်းအပြီးမှာတော့ အဆိုပါ ဆိုင်ခန်းနှစ်ခန်းငှားရမ်းခွင့်ကို အိုးအိမ်ဦးစီးဌာနကို လွှဲပြောင်းပေးခဲ့ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်အထက်က တင်ပြခဲ့သလိုပဲ အိုးအိမ်ဦးစီးဌာနဟာ ဥပဒေကို လက်တစ်လုံး ခြားလုပ်ပြီး ဆိုင်ခန်းနှစ်ခန်း ငှားရမ်းခွင့်ကိုသာမက ဆိုင်ခန်းနှစ်ခန်း တည်ရှိရာမြေကို အိုးအိမ်ဦးစီးဌာန အမည်နဲ့ ဂရံဖောက်ပေးဖို့ မန္တလေး စည်ပင်သာယာရေးကော်မတီထံ လျှောက်ထားခဲ့ပါတယ်။ မန္တလေး စည်ပင်သာယာရေးကော်မတီကလည်း အိုးအိမ်ဦးစီးနဲ့ လက်ဝါးချင်းရိုက်ပြီး ဂရံချထာပေးခဲ့ပါတယ်။ စည်ပင်သာယာရေးကော်မတီအနေနဲ့ အဲ့ဒီလို လုပ်ပိုင်ခွင့် လုံးဝမရှိပါ။ ဒီအဆောက်အအုံကြီးတစ်ခုလုံးမှာ ရှိတဲ့ အခန်းတွေများစွာထဲက အခန်းနှစ်ခန်းရဲ့ ငှားရမ်းခွင့်ကိုသာ ပိုင်တဲ့ အိုးအိမ်ကို ဘာလို့များ အဆောက်အအုံကြီးတစ်ခုလုံးရဲ့ မြေဂရံကို ချထားပေးလိုက်တာလဲ၊ အိုးအိမ်ဦးစီးဌာနကို လွှဲပြောင်း ပေးလိုက်ရတာလဲဆိုတာက တော့ စဉ်းစားလို့မရတဲ့အချက်ပဲ ဖြစ်ပါတယ်။

ဒီပြဿနာကို ကြည့်ရင် ဟိန္ဒူမိသားစုဟာ ဒီအိမ်ကို ပိုင်ဆိုင်ကြောင်း အင်္ဂလိပ်ခေတ်က အထောက်အထားရှိတယ်၊ တော်လှန်ရေးကောင်စီ လက်ထက်က ဆိုင်ခန်းနှစ်ခန်းငှားရမ်းခွင့်ကို ပြည်သူပိုင်သိမ်းယူကြောင်းနဲ့ ကျသင့်တဲ့ ဆိုင်ခန်းနှစ်ခန်းအတွက် ပေးဆောင်ရတဲ့ လခတွေကို မြန်မာ့ ကုန်သွယ်ရေးက အိမ်ပိုင်ရှင် မိသားစုထံ ပေးဆောင်တဲ့  ငွေပေးချလံဖြတ်ပိုင်းတွေ ရှိတယ်၊ ၁၉၈၇ခုနှစ်မှာ ဒီအိမ်ကြီးမီးလောင်တော့ အိမ်ကို ပြန်ဆောက်ဖို့ စည်ပင်မှာ လျှောက်ထားခဲ့လို့ အိမ်ပြန်ဆောက်ခွင့်ပေးခဲ့တဲ့ အထောက်အထားလည်း ရှိတယ်။ အဓိက အကျဆုံးကတော့ ဒီအိမ်ဟာ ပြည်သူပိုင်သိမ်းယူတဲ့ စာရင်းထဲမှာ မပါပါဘူးလို့ သမ္မတရုံးရဲ့ အတည်ပြုခြင်း ခံထားရပါတယ်။ ဒီလောက် အထောက်အထား ပြည့်စုံပါရဲ့သားနဲ့ အိုးအိမ်နဲ့ စည်ပင်ဟာ ဘယ်လိုအကြောင်းနဲ့များ သိမ်းယူလိုက် တာလဲဆိုတာ စဉ်းစားလို့ မရအောင်ပါဘဲ။ သူတို့အနေနဲ့ ယခင်သိမ်းယူခဲ့တဲ့ အိမ်များလို လွယ်လွယ်နဲ့ ရမယ်ထင်ပြီး လုပ်လိုက်ပုံရပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်ဟာ ဒီမိုကရေစီ အရပ်သားအစိုးရဖြစ်လေတော့ မတရားမှုကို လက်မခံတဲ့ နိုင်ငံရေးပါတီများနဲ့ မီဒီယာများကြောင့် ဒီကိစ္စဟာ ဟိုးလေးတကြော် ဖြစ်လာပါပြီ။ သူတို့ခမျာ အင်္ဂလိပ်အစိုးရလက်ထက်လည်း အသိုက်အမြုံမပျက်၊ ဦးနေဝင်းလက်ထက်လည်း ဟန်မပျက်၊ နယက လက်ထက်မှာလည်း အေးချမ်းစွာနေထိုင်ခဲ့ရပြီးကာမှ ဒီမိုကရေစီ အစိုးရလက်ထက်ရောက်မှပဲ အိုးမဲ့ အိမ်မဲ့ ဖြစ်ရပြီလို့ အသိမ်းခံရတဲ့ မိသားစုက ဆိုပါတယ်။ အိုးအိမ်အနေနဲ့ကတော့ သူတို့ဟာ ဥပဒေအတိုင်း ဆောင်ရွက်နေတာ ဖြစ်ကြောင်း၊ ပြည်သူပိုင် သိမ်းတာမဟုတ်ဘဲ မြို့ပြအင်္ဂါရပ်နဲ့အညီ ပြန်လည်တည်ဆောက်ခြင်းသာ ဖြစ်ကြောင်း အကြောင်းပြန်ခဲ့ပါတယ်။ မြို့ပြအင်္ဂါရပ်နဲ့ ညီညွတ်အောင် ယိုယွင်းပျက်စီးနေတဲ့အိမ်ကို အသစ်ပြန်တည် ဆောက်ပြီးလို့ မူလပိုင်ရှင် ဟိန္ဒူမိသားစုထံ ပြန်လည်ပေးအပ်မယ်ဆိုရင်တော့ အိုးအိမ်ဦးစီးဌာနရဲ့ စေတနာတွေကို သာဓုခေါ်ရမယ့်ကိန်းပါ။ ဒါပေမယ့် ခိုင်လုံတဲ့ သတင်းများအရ အိုးအိမ်နဲ့စည်ပင်ဟာ အိမ်ကိုဖြိုချပြီး အိုးအိမ်ဦးစီးဌာနက ပြန်လည် တည်ဆောက်နေခြင်း ဖြစ်ပါတယ်လို့ အကြောင်းပြထားသော်လည်း မြေကိုလည်း ကန်ထရိုက်တာတွေကို ရောင်းချထားတယ်လို့လည်း သိရပါတယ်။

လတ်တလောမှာတော့ အိမ်ကနေ ဖယ်ရှားခ့ရတဲ့ ဟိန္ဒူမိသားစုကို နိုင်ငံရေးပါတီများနဲ့ ဟိန္ဒူဘာသာရေးအဖွဲ့ ခွဲတို့က ဝိုင်းဝန်းစောင့်ရှောက် ထားပြီး အမ်ဘီကာ မယ်တော်ကြီး ဟိန္ဒူဘုရားကျောင်းမှာ နေရာချပေးထားပါတယ်။ နိုင်ငံရေးပါတီတွေကလည်း မတရားမှုအတွက် ဆက်လက် တိုက်ပွဲဝင်ဆဲပါ။

အခု ခိုင်လုံတဲ့ သတင်းများအရတော့ အိုးအိမ်ဦးစီးဌာနနဲ့ စည်ပင်သာယာပေါင်းပြီး အလားတူ အိမ်ခြံမြေတွေ သိမ်းယူဖို့ စီစဉ်ထားတာ အိမ် အလုံးငါးဆယ်လောက်ရှိပါသတဲ့။ လတ်တလောကိစ္စက ဟိုးလေးတကြော် ဖြစ်လာလို့ ဆက်မလုပ်သေးတာလို့လည်း ဆိုပါတယ်။ နိုင်ငံသား မှတ်ပုံတင် မကျသေးရှာတဲ့၊ ပိုင်ဆိုင်မှု အထောက် အထားတွေ ပျောက်ဆုံးနေကြတဲ့ အိမ်ပိုင်ရှင်တွေအတွက်တော့ ရတက်ပွေရဦးမှာ ဖြစ်ပါတယ်။

အိုးအိမ်အကြောင်းပြီးတော့ စည်ပင်သာယာရဲ့ လုပ်စားကွက်လေးတွေ ပြောစရာက ရှိလာပြန်ပါတယ်။ မြို့တော်ဝန် ဦးဘုန်းဇော်ဟန် တက်လာတုန်းက မန်းလေးလူထုက သဘောကျတော်မူကြသတဲ့ဗျ။ သူရောက်လာမှ မန္တလေးကလမ်းတွေ အတော်ပြင်လိုက်တာကိုး။ ဦးအောင်သိန်းလင်းလိုတော့ တစ်ဝက်တည်းခင်းတာ မဟုတ်ဘူးဗျ။ အမှန်အကန်ကို ခင်းပေးတာ၊ ခင်းပေးတာမှ ရွေးကောက်ပွဲဆိုတာ ဘယ်ဆီနေမှန်း မသိခင်တည်းက ခင်းပေးတာပါ။ မြို့ခံလူထုကတော့ မောင်မင်းကြီးသား ဦးဘုန်းဇော်ဟန် ကျန်းမာချမ်းသာ ပါစေပေါ့။ ပြည်သူက မရိုင်းဘူးခင်ဗျ။ ရွေးကောက်ပွဲကျတော့ တိုင်းဒေသကြီး လွှတ်တော်မှာ ကိုယ်စားပြုဝင်ပြိုင်တဲ့ ဦးဘုန်းဇော်ဟန်တစ်ယောက် မဲလိမ်စရာမလိုဘဲ အနိုင်ရခဲ့ပါတယ်။ ( တိတိ ကျကျသိသူ ပြည်ခိုင်ဖြိုးနဲ့ တစည ပါတီဝင်အချို့ရဲ့ ပြောကြားချက်အရ ဦးဘုန်းဇော်ဟန်ဟာ ပြိုင်ဘက်ဖြစ်သူ ဦးဖြိုးဝေသက်ဆိုတဲ့ ချာတိတ်လေးကို ရွေးကောက်ပွဲမှာ ဝင်မပြိုင်တော့ဘို့နဲ့ ကုန်ကျစရိတ်တွေအပြင် ပိုက်ဆံပါ ထပ်ပေးမယ်လို့ ညှိနှိုင်းခဲ့ သေးတယ်။ ဦးဖြိုးဝေသက်က အဘရေ နာမည်စာရင်း သွင်းပြီးသွားလို့ မရတော့ဘူးဗျ၊ ကျွန်တော် စည်းရုံးရေးမဆင်းတော့ပါဘူးလို့ ညှိလိုက်သတဲ့၊ (ဒါနဲ့ပဲ ရွေးကောက်ပွဲအပြီးကျင်းပတဲ့ ဖြိုးဝေသက်ရဲ့ မင်္ဂလာဆောင်မှာ မန္တလေး စည်ပင်သာယာရေး ကော်မတီအမည်ပါတဲ့ လက်ဖွဲ့ငွေဆယ်သိန်း ရလိုက်ပါသတဲ့)။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဦးဘုန်းဇော်ဟန် တစ်ယောက် မဲမသမာမှုတွေ ဘာတွေ စွပ်စွဲခံရခြင်းမရှိဘဲ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် အနိုင်ရလာခဲ့ပါ တယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့မှာလည်း မြို့တော်ဝန်ပဲ ပြန်ဖြစ်လာခဲ့ပါတယ်။ သိပ်မကြာပါဘူး၊ အလွဲသုံးစားလုပ်မှုတွေနဲ့ မြို့တော်ဝန်ဘုန်းဇော်ဟန်ကို ထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ သိပ်မကြာပါဘူး မန္တလေး စည်ပင်သာယာရဲ့ မြို့တော်တည်ဆောက်ရေး လုပ်ငန်းတွေ လည်း လက်ညိုးထိုးပြဖို့ ရှားပါးလာပါတယ်။ ဒါပေမယ့် စည်ပင် အခွန်တွေကတော့ ဆက်တိုက် မြင့်တက်လာသလို ကောက်ခံမှုတွေကလည်း ပိုများလာ ပါတယ်။ တိုင်းဒေသကြီးရဲ့ ရပိုင်ခွင့်အရ စည်ပင်ခွန်ကို စိတ်တိုင်းကျ ကောက်ခွင့်ရလာတော့ မန္တလေးက မိန်းလမ်းမကြီးတွေ ဘယ်နားရပ်ရပ် ယာဉ် ရပ်နားခ တောင်းမယ့်သူက အဆင်သင့်ပါပဲ၊ မော်တော်ဆိုင်ကယ်လေး မရပ်လိုက်နဲ့ ငွေတစ်ရာကျပ်၊ ကန်ထရိုက်ယူ ထားတဲ့ ယာဉ်ရပ်နားရာ နေရာတွေ ကလည်း လာသမျှ ဆိုင်ကယ်တွေ၊ ကားတွေ အလွတ်မပေးတမ်း ကောက်ပါတယ်။ နာမည်ကြီး ဘုရားပုထိုးတွေနဲ့ တောင်သမန်အင်းလို နေရာတွေမှာ ဆိုင်ကယ် တစ်စင်းအပ်ခ ၃၀၀ ကျပ်ကနေ ၅၀၀ ကျပ်အထိ ကောက်ပါတယ်။ ယခင်က ရတနာပုံတက္ကသိုလ်မှာ ၅၀ ကျပ်သာ ကောက်ခံ တာပါ။ ဆိုင်ကယ် အပ်ခတွေကလည်း ယခင်က ၁၀၀ ကျပ်သာ ကောက်ခံပါတယ်။ အခုတော့ သုံးဆကနေ ငါးဆအထိ တိုးလာတာတွေ့ရတယ်။ လမ်းဘေးဈေး သည်များလည်း ပုံစံအမျိုးမျိုးနဲ့ လာသမျှ ဈေးကောက်တွေကို အခွန်တော်ဆက်သရပါတယ်။ အခြားသော အကြောင်းပြချက်နဲ့ ကောက်ခံတဲ့ စည်ပင်ခွန်တွေကလည်း များလှပါတယ်။

ထိုသို့ အခွန်တွေ ကောက်ခံနေသော်ငြား အထက်မှာ ကျွန်တော်တင်ပြခဲ့သလို ဒီငွေတွေကို တိုင်းဒေသကြီးရဲ့ ဘယ်လို အရေးကိစ္စတွေမှာ သုံးနေမှန်း မသိရတော့ပါဘူး။ ပိုပြီးဆိုးတာက အခုလို အိုးအိမ်ဦးစီးဌာနနဲ့ ပေါင်းပြီး လုပ်စား လာတာမျိုးတွေပါ။ မသူတော် ဌာနနှစ်ခု သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့တဲ့ဒဏ်ကို ပြည်သူတွေ လှိမ့်ခံနေရဦးမယ့် ကိစ္စတွေပါပဲ။

အယ်ဒီတာခင်ဗျား။ စာရှည်သွားလို့ ဒီမှာပဲရပ်ခွင့်ပြုပါတော့ခင်ဗျာ။ ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့ မန္တလေးမှာ အောက်ခြေ အဆင့် အုပ်ချုပ်ရေးပိုင်းတွေက ပြည်သူကို ညှဉ်းပန်းနှိပ်စက်မှုတွေ ပိုများလာနေတယ်၊ အရင် စစ်အစိုးရ လက်ထက်ကလိုပဲ အုပ်ချုပ်ရေးပိုင်းတွေရဲ့ ရိုင်းစိုင်း၊မောက်မာမှုတွေကို တွေ့နေရဆဲဖြစ်တယ်၊ ပြည်သူတွေအနေနဲ့လည်း ကြောက်စိတ်တွေက ကျန်နေကြသေးတော့ လက်ရှိ နိုင်ငံရေး အပြောင်းအလဲတွေရဲ့ ကောင်းကျိုးတွေကို မန္တလေး ပြည်သူတွေခမျာ ထိထိရောက်ရောက် မခံစားရရှာပါဘူးလို့ပဲ ဆိုပါရစေတော့ခင်ဗျား။

*****************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs