Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၅.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. မူဝါဒအလွဲများက အဓိကတရားခံဟု ဦးမြင့်ပြောကြား

(Indo Asian News Service မှ 3 Mar 2012 ရက်စွဲပါ Flawer policies Myanmar biggest Set back : official ကို ဘာသာပြန်ဆိုသည်)

  1. မူဝါဒ အပြောင်းတွင် မြန်မာကျပ်ငွေနှုန်းရှင် မျှောရန် နီးစပ်လာ

(Bloomberg News မှ 4 March 2012 ရက်စွဲပါ Myanmar nearing currency float in policy shift ကို ဘာသာ ပြန်ဆိုသည်)

  1.  မြန်မာဈေးကွက်ကို အာရုံပြုရန် တိုင်ဝမ်စီးပွားရေးများအား တိုက်တွန်း

(The China Post မှ 3 March 2012 ရက်စွဲပါ Businesses urged to focus on Myanmar Market ကို ဘာသာ ပြန်ဆိုသည်)

************************************************************************

မူဝါဒအလွဲများက အဓိကတရားခံဟု ဦးမြင့်ပြောကြား

(Indo Asian News Service မှ 3 Mar 2012 ရက်စွဲပါ Flawer policies Myanmar biggest Set back : official သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် စွမ်းအားရင်းမြစ်များ ချို့တဲ့နေခြင်းမဟုတ်ဘဲ ကိုယ့်ကိုကိုယ်  ပြန်လည်ဖျက်ဆီးသော မူဝါဒအလွဲများ ကျင့်သုံးခဲ့ခြင်းဖြစ်မည်ဟု သမ္မတဦးသိန်းစိန်၏ စီးပွားရေးအကြံပေးဖြစ်သူ ဦးမြင့်က ပြောကြားလိုက်သည်။

မကြာမီကာလအတွင်း အစိုးရအတွေ့အကြုံရမည့် စိန်ခေါ်မှုများနှင့် ရည်မှန်းချက်များကို ဆွေးနွေးရန် ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲတစ်ခုတွင် ဦးမြင့်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ယခု သီတင်းပတ်အတွင်း ပြုလုပ်ခဲ့သော ယင်းအလုပ်ရုံဆွေးနွေးပွဲကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနနှင့် ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA တို့ ပူးပေါင်းကာ ကမကထပြု စီစဉ်ကျင်းပခဲ့သည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးပြီးနောက်ပိုင်း နှစ်ပေါင်း ၅၀ တစ်လျှောက်လုံးမှာ စွမ်းအား ရင်းမြစ်တွေ ချို့တဲ့ခဲ့တာကြောင့် မဟုတ်ပဲ ကိုယ့်ကိုကိုယ် ပြန်လည်ပျက်စီးစေမယ့် မူဝါဒအလွဲတွေ၊ အကြံဥာဏ် အလွဲတွေကို လက်ခံကျင့်သုံးခဲ့လို့ ခုလို နောက်ကျကျန်ရစ်ခဲ့ရတယ်ဆိုတာကို အမှန်အတိုင်း သိကြဖို့ အရေးကြီးပါတယ်”ဟု ဦးမြင့်က ပြောဆိုသွားသည်။

"ပထမဦးဆုံးနဲ့ အရေးကြီးဆုံးကတော့ ကျွန်တော်တို့ရဲ့လက်ရှိအဆင့်ဟာ ဘယ်နေရာမှာလဲဆိုတာကို ပွင့်ပွင့်လင်းလင်း၊ အဂတိကင်းကင်းနဲ့ အကဲဖြတ်ရမယ့် ကိစ္စပဲဖြစ်ပါတယ်" ဟု ဦးမြင့်က ပြောကြားသွားခဲ့သည်။

**********************************************************************

မူဝါဒ အပြောင်းတွင် မြန်မာကျပ်ငွေနှုန်းရှင် မျှောရန် နီးစပ်လာ

(Bloomberg News မှ 4 March 2012 ရက်စွဲပါ Myanmar nearing currency float in policy shift ကို ဘာသာ ပြန်ဆိုသည်)

ဆယ်စုနှစ် ၅ စု စစ်အုပ်ချုပ်ရေးအလွန် မြန်မာနိုင်ငံသည် အနောက်နိုင်ငံများနှင့် စီးပွားရေးလက်တွဲ ဆောင်ရွက်ရန် ကြိုးစားနေပြီ ဖြစ်သောကြောင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို နောက်ပြန်ဆွဲထားမည့် အန္တရာယ် တစ်ခု ဖြစ်သော "ပုံသေငွေလဲနှုန်း" ကို ဖျက်သိမ်းရန် ဆုံးဖြတ်ချက် ထွက်ပေါ်လုနီးနေပြီ ဖြစ်သည်။

အာဏာပိုင်များသည် မကြာမီအတွင်း ကျပ်ငွေနှုန်းရှင် မျှောမည့် အပြောင်းအလဲကို ထုတ်ပြန်ကြေညာမည် ဖြစ်ပြီး ငွေလဲနှုန်း တစ်ဒေါ်လာလျှင် ၈ဝဝ ကျပ်ထက် မကျော်အောင် ထိန်းသိမ်းရန် ကြိုးစားမည် ဖြစ်သည်။ ကျပ်ငွေ တန်ဖိုးကို ဗဟိုဘဏ်က ကြားဝင် ထိန်းချုပ်မည့် ဘဏ်များအကြား ငွေလဲအိတ်ချိန်း ဈေးကွက်ကိုလည်း ထူထောင်ကြလိမ့်မည်ဟု အမည်မဖော်လိုသော အတွင်းသိ သတင်းရပ်ကွက်က ပြောကြားသည်။

အဆိုပါအစီအစဉ်သည် မနှစ်က အာဏာရလာပြီးနောက်ပိုင်း စစ်အုပ်ချုပ်ရေး၏ ဆိုးမွေများကို စတင် ဖယ်ရှားလျက် ရှိသည့် သမ္မတဦးသိန်းစိန်၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို အရှိန်မြှင့်တင်နိုင်မည် ဖြစ်သည်။ ထို့ပြင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်မည့် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲများ အပြီးတွင် ပိတ်ဆို့အရေးယူမှုများကို ပြန်လည် သုံးသပ်ရန် အမေရိကန်နှင့် ဥရောပနိုင်ငံများက ကတိပြုထားကြခြင်းကြောင့် ယခု အပြောင်းအလဲသည် ကမ္ဘာနှင့် မြန်မာ စီးပွားရေး ပြန်လည် ချိတ်ဆက်မည့်လမ်းကိုလည်း ခင်းပေးပါလိမ့်မည်။

"ဒီကိစ္စဟာ ပြုပြင်ပြောင်းလဲရေးသမားတွေအတွက် သိသာတဲ့ အောင်ပွဲတစ်ခုပါ။ ဆုံးရှုံးသွားမယ့်သူတွေ ကတော့ ငွေလဲနှုန်း အဟောင်းနဲ့ စီးပွားရှာနေကြတဲ့ တပ်မတော် ထိပ်တန်း လူ့မလိုင်တွေပဲ"ဟု ဩစတြေးလျ Macquarie University မှ မြန်မာ့စီးပွားရေး သုတေသန ပညာရှင် ပါမောက္ခ ရှောင်တာနဲလ်က မှတ်ချက်ပေးသည်။

ပြင်ပဈေးကွက် ငွေလဲနှုန်းထက် ၁၂၅ ဆခန့် တန်ဖိုးရှိသော တစ်ဒေါ်လာ ၆ ကျပ်ခွဲ ငွေလဲနှုန်းသေးကို အဆုံးသတ်ကာ နှုန်းရှင် မျှောမည့် အစီအစဉ်သည် နိုင်ငံတကာ ငွေကြေး ရံပုံငွေအဖွဲ့ IMF ၏ အထူးအခွင့်အရေးများ ကိုပါ ရရှိစေမည် ဖြစ်သည်။ ယခင်အစိုးရက ရင်းနှီးငွေ စီးဆင်းမှုကို ထိန်းချုပ်ထားခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ၌ ငွေလဲနှုန်း ၇ မျိုးခန့် အမွေ ကျန်ရစ်ခဲ့သည်။

ယခုကဲ့သို့ ရှုပ်ထွေးလွန်းသော ငွေလဲနှုန်း ပေါင်းစုံနှင့် စနစ်ကို ဖျက်သိမ်းခြင်းသည် အာရှ၏ ဈေးကွက်သစ် ဖြစ်လာရန် အလားအလာ ကောင်းနေသော မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှု အတားအဆီးများကို လျှော့ချ ဖယ်ရှားလိမ့်မည်ဟု ဝါရှင်တန် အခြေစိုက် IMF အဖွဲ့က ဇန်နဝါရီ ၂၅ တွင် ပြောကြားခဲ့သည်။

နှစ်ပေါင်း ၂ဝ ကျော် အရေးယူ ပိတ်ဆို့ခံရခြင်းကြောင့် ဘဏ်လုပ်ငန်း နည်းပညာကျွမ်းကျင်မှုများ၊ ငွေကြေး စနစ် ခေတ်မီအောင် အားထုတ်မှုများ ပျောက်ဆုံးနေသော မြန်မာဘဏ်များသည် ယခုအခါ ဒေသတွင်း ဘဏ်လုပ်ငန်းများထံမှ လေ့လာသင်ယူရန် ကြိုးစားနေရသည်။

အကယ်၍ ပိတ်ဆို့မှုများ ရုတ်သိမ်းမည် ဆိုပါက မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် ကြိုးစားနေသော အမေရိကန်နှင့် ဥရောပကုမ္ပဏီများထဲတွင် Standard Chartered Plc. နှင့် General Electric Co. တို့လည်း ပါဝင်သည်။ ၁၉၉၉ ခုနှစ်က ကမ္ဘာလုံးဆိုင်ရာ ကုန်ဈေးနှုန်း တက်မှုကို ကြိုတင် ခန့်မှန်းနိုင်ခဲ့သူ Rogers Holding Ltd ဥက္ကဋ္ဌ ဂျင်မ်ရော်ဂျာ(Jim Rogers)က ဖြစ်နိုင်မည်ဆိုလျှင် ပိုင်ဆိုင်ငွေအားလုံးကို မြန်မာနိုင်ငံတွင် မြှုပ်နှံထားလိုသည်ဟု ဖေဖော်ဝါရီ ၂၂ က ဆိုထားသည်။

အိန္ဒိယ၊ တရုတ် စသော အင်အားကြီး နိုင်ငံများနှင့် နယ်စပ်ချင်း ထိစပ်နေကာ ရာဘာ၊ သဘာဝဓာတ်ငွေ့ အပါအဝင် သယံဇာတများ ကြွယ်ဝပြီး လူဦးရေ ၆၄ သန်း နေထိုင်သော မြန်မာနိုင်ငံသည် ၁၉၆ဝ ခုနှစ်များ အစောပိုင်းတွင် ဒီမိုကရေစီ ဆိတ်သုဉ်းပြီးနောက်ပိုင်း ကမ္ဘာ့စီးပွားရေးနယ်ပယ်နှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။

အစိုးရသည် ပြည်တွင်းဘဏ် ၁၁ ခုကို ဘဏ်ချင်း ဆက်သွယ်ဆောင်ရွက်သည့် ဈေးကွက်တွင် အမေရိကန် ဒေါ်လာ၊ ယူရို၊ စင်ကာပူ ဒေါ်လာတို့ကို တရားဝင် လုပ်ကိုင်ခွင့်ပြုမည့် လိုင်စင်များ ပေးရန် ပြင်ဆင်လျက် ရှိပြီး ဘဏ်များကလည်း ထိုင်း၊ စင်ကာပူ၊ တရုတ် စသော ကုန်သွယ်ဖက်နိုင်ငံများမှ ပြည်ပဘဏ်များနှင့် ဆက်သွယ် ဆောင်ရွက်ရန် ကြိုးစားနေသည်ဟု အတွင်းသတင်းရပ်ကွက်က ဆိုသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ယခုစနစ်သစ်အရ နိုင်ငံခြား ငွေလဲလှယ်ခြင်းကိုပါ ကိုင်တွယ် ဆောင်ရွက်မည် ဖြစ်သည်။ ပို့ကုန်ရငွေဖြင့်သာ သွင်းကုန်များကို ငွေချေးရန် စည်းကမ်းသတ်မှတ်ထားသော ငွေကြေး စီးဝင်မှု ထိန်းချုပ်စည်းကမ်းများကို လျှော့ချခြင်းသည် အထူးသဖြင့် တရုတ်နိုင်ငံမှ ဈေးပေါသော သွင်းကုန်များ ဒလဟော စီးဝင်လာမှုကို တားဆီးရန်အတွက် အချိန်ယူဆောင်ရွက်ရလိမ့်မည်ဟု အမည်မဖော်လိုသူတစ်ဦးက ဆိုသည်။

Japan External Trade Organization မှ သုတေသနပညာရှင် ကိုရီကူဘို၏ ဇန်နဝါရီလ အစီရင်ခံစာ တစ်စောင်အရ ၂ဝဝ၆ တွင် တစ်ဒေါ်လာ ၁၃ဝဝ ကျပ်မှ ယခုနှစ်တွင် တစ်ဒေါ်လာ ၈ဝဝ ကျပ်သို့ အရှေ့တောင်အာရှ အမြန်ဆုံးနှုန်းဖြင့် တန်ဖိုးတက်သွားခဲ့သော ပြင်ပဈေးကွက် လဲလှယ်နှုန်းကြောင့် ယှဉ်ပြိုင်နိုင်စွမ်း ကျဆင်းနေသော မြန်မာပုဂ္ဂလိက ပို့ကုန်လုပ်ငန်းများကို ယခု ငွေလဲလှယ်နှုန်း အရှင်မျှောထားခြင်းက အထောက်အကူ ပြုလိမ့်မည်ဟု သိရသည်။

ပြီးခဲ့သော ဆယ်စုနှစ် တစ်ခုလုံး ထိုင်းနိုင်ငံသို့ သဘာဝ ဓာတ်ငွေ့ ရောင်းချခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ၏ အရံ နိုင်ငံခြားငွေသည် ၂ဝဝဝ ခုနှစ်တွင် ဒေါ်လာ သန်း ၂ဝဝ မှ ၂ဝ၁ဝ တွင် ဒေါ်လာ ၅.၅ ဘီလျံသို့ ထိုးတက်သွားခဲ့သည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် ADB ၏ ကိန်းဂဏန်းများက ပြသနေသည်။ မြန်မာနိုင်ငံ ဗဟိုဘဏ်၏ ရည်မှန်းချက်မှာ ကျပ်ငွေတန်ဖိုးကို ထိန်းသိမ်းရန် ဖြစ်သည်ဟု ADB က ဖော်ပြထားသည်။

"ငွေလဲနှုန်း ၂ မျိုး ဈေးကွက်ကြောင့် နောက်ဆုံးမှာ အစိုးရက ထိန်းချုပ်နိုင်ခြင်း မရှိတဲ့ ဘဝကို ရောက်သွားပါတယ်။ အခုလို အစိတ်စိတ်အမွှာမွှာ နိုင်ငံခြား ဈေးကွက်ကို ပြန်လည် စုစည်း ပြင်ဆင်မှုကြောင့် အစိုးရနဲ့ ဗဟိုဘဏ်က ပုဂ္ဂလိက ငွေလဲနှုန်းဈေးကွက်ကို ထိန်းချုပ်နိုင်မှာ ဖြစ်သလို ပိုမို တည်ငြိမ်မှုလည်း ဖြစ်လာပါလိမ့်မယ်" ဟု ဂျပန် ပညာရှင် ကူဘိုက မှတ်ချက်ပေးသည်။

ကျပ်ငွေ နှုန်းရှင်မျှောရန် စီစဉ်မှုကြောင့် တရားဝင် ငွေလဲနှုန်းကို အသုံးပြုနေကြသော နိုင်ငံပိုင် ဘဏ်လုပ်ငန်းများ အထိနာကြမည် ဖြစ်ပြီး အကယ်၍ မှန်ကန်စွာ စီမံခန့်ခွဲနိုင်ခြင်း မရှိပါက ဒေဝါလီခံခြင်း၊ ချေးငွေ လည်ပတ်မှု မရှိခြင်း၊ ငွေကြေးအပ်နှံသူ မရှိခြင်း စသော အလားအလာများကို ရင်ဆိုင်ရလိမ့်မည်ဟု ကူဘိုက ရေးသား တင်ပြထားသည်။

လတ်တလောတွင် နိုင်ငံခြားဘဏ်များအား မြန်မာနိုင်ငံတွင်း ငွေကြေးဆောင်ရွက်ခွင့် တားမြစ်ထားသော ဥပဒေများမှာလည်း အာဆီယံ အဖွဲ့၏ သဘော တူညီမှုများအရ ၂ဝ၁၅ တွင် ပြင်ဆင်ပြောင်းလဲပေးရမည် ဖြစ်သည်။ လက်ရှိ ရန်ကုန်မြို့တော်တွင် ကိုယ်စားလှယ် ရုံးခန်း ဖွင့်လှစ်ထားသော နိုင်ငံခြားဘဏ် ၁၃ ခုအနက် ၁ဝ ခုမှာ အာဆီယံနိုင်ငံများမှ ဖြစ်သည်ဟု ဗဟိုဘဏ်၏ ထုတ်ပြန်မှုအရ သိရှိရသည်။

နိုင်ငံပိုင် မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB၊ မြန်မာ့ ရင်းနှီမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် MICB၊ မြန်မာ့စီးပွားရေးဘဏ် MEB တို့ကိုပြည်ပတွင် လုပ်ငန်းဆောင်ရွက်ခွင့် ပြုထားသော်လည်း အမေရိကန်က ဘဏ္ဍာရေးအရေးယူမှုများ ချမှတ်ကာ ပိတ်ဆို့ထားသည်။

ထို့ပြင် အမေရိကန် အရေးယူမှုများတွင် မြန်မာနိုင်ငံမှ သွင်းကုန်များကို တားမြစ်ခြင်း၊ ကယ်ဆယ် ထောက်ပံ့ရေး ငွေကြေးများကို ထိန်းချုပ်ခြင်း၊ မြန်မာနိုင်ငံထွက် ကျောက်မျက် သယံဇာတများကို ပစ်မှတ်ထား ပိတ်ပင်ခြင်း စသည်တို့လည်း ပါဝင်သည်။ အီးယူကလည်း လက်နက်ရောင်းဝယ်မှု တားမြစ်ခြင်း၊ သတ္တုသယံဇာတ တင်သွင်းမှု တားမြစ်ခြင်း အပါအဝင် အရေးယူမှုများ ချမှတ်ကာ အရေးယူထားသည်။

"မြန်မာအစိုးရသည် ဘတ်ဂျတ်လိုငွေကို ဖြည့်ရန်အတွက် ငွေစက္ကူရိုက်ထုတ်နေရခြင်းကို လျှော့ချလျက် ရှိပြီး ငွေကြေးလိုအပ်ချက်ကို ဖြည့်ဆည်းရန် အတွက် ပြည်တွင်း ရင်းနှီးမြှုပ်နှံသူများအား ငွေတိုက် စာချုပ်များ ပိုမို ထုတ်ဝေ ရောင်းချမည့် အလားအလာ ရှိနေသည်။ သို့သော်လည်း မကြာမီ အတောအတွင်း နိုင်ငံခြားသားများကို ငွေတိုက်စာချုပ်များ ရောင်းချပေးရန် အလားအလာ မရှိသေးပါ" ဟု အတွင်းသတင်းရပ်ကွက်က ဆိုသည်။

"မြန်မာ့စီးပွားရေး ခေတ်မီ တိုးတက်ရေးသည် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု နယ်ပယ်ကို အားပေးခြင်း၊ ငွေကြေးကဏ္ဍကို ခေတ်မီအောင် ပြုပြင်ခြင်း၊ ကုန်သွယ်မှုနှင့် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက် လွတ်လပ်ခွင့် ပေးခြင်း စသော ဆောင်ရွက်ချက်များဖြင့် တိုးတက်မှု အနှောင့်အယှက်များကို ဖယ်ရှားမည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်လာလိမ့်မည်။ မြန်မာအစိုးရ၏ လက်ရှိ အားထုတ်မှုများသည် လမ်းကြောင်းမှန်ပေါ်တွင် ရှိနေသည်" ဟု IMF အဖွဲ့က ဇန်နဝါရီလက မှတ်ချက် ပေးထားသည်။

********************************************************************

 မြန်မာ့ဈေးကွက်ကို အာရုံပြုရန် တိုင်ဝမ်စီးပွားရေးသမားများအား တိုက်တွန်း

(The China Post မှ 3 March 2012 ရက်စွဲပါ Businesses urged to focus on Myanmar Market ကို ဘာသာ ပြန်ဆိုသည်)

ကမ္ဘာ့စီးပွားရေး၏ အနာဂတ်သည် အာရှတွင် ရှိကြောင်း၊ မြန်မာနိုင်ငံသည် တိုင်ဝမ်စီးပွားရေးလုပ်ငန်း များအတွက် အလားအလာကောင်းသော ဈေးကွက် ဖြစ်ကြောင်း ထိုင်း-တိုင်ဝမ် စီးပွားရေးအဖွဲ့အဥက္ကဋ္ဌ Norman Chang က ကြာသပတေးနေ့က ဘန်ကောက်တွင် ပြောကြားခဲ့သည်။

အမေရိကန်နှင့် ပြည်ထောင်စုတွင် စီးပွားရေးအားနည်းလာပြီး၊ ဥရောပတွင်လည်း ကြွေးမြီများ ပြဿနာ ရှိနေခြင်းကြောင့် တိုင်ဝမ် စီးပွားရေး လုပ်ငန်းများသည် အာရှကိုသာ အဓိက အာရုံပြုသင့်ကြောင်း Chang က (၁၉)ကြိမ်မြောက် အာရှတိုင်ဝမ်ကုန်သည်ကြီးများအသင်း (ATCC) အစည်းအဝေးတွင် မိန့်ခွန်းပြောကြားခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ အာရှနိုင်ငံ(၁၃)နိုင်ငံမှ တိုင်ဝမ်စီးပွားရေးအုပ်စုများမှ ကိုယ်စားလှယ်(၃၀၀) တက်ရောက်ခဲ့သည်။

၎င်းက ထိုင်းနိုင်ငံအခြေစိုက် တိုင်ဝမ်စီးပွားရေး လုပ်ငန်းများအတွက် မြန်မာဈေးကွက် အရေးပါပုံကို အလေးအနက်ထား ပြောကြားခဲ့ပြီး၊ နေရာချင်း နီးကပ်နေမှု၊ မြေကြီးများ အလွယ်တကူရရှိနိုင်မှုနှင့် ဘာသာစကား အတားအဆီး နည်းခြင်းတို့ကို တွေ့မြင်ရကြောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် လုပ်အားခဈေးနှုန်းများ တက်လာခြင်းနှင့် မြန်မာနိုင်ငံတွင် မြေဈေးပေါခြင်းတို့သည် မြန်မာဈေးကွက်ကို စိတ်ဝင်စားစေသည့် အကြောင်းများ ဖြစ်ကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံသည် တဖြည်းဖြည်း၎င်း၏ ဈေးကွက်ကို တံခါးဖွင့်လာခြင်းကြောင့် တိုင်ဝမ်စီးပွားရေး လုပ်ငန်း မြန်မာနိုင်ငံတွင် သွားရောက် ရင်းနှီးမြှုပ်နှံရန် အချိန်ကောင်းဖြစ်ကြောင်း ၎င်းက အလေးအနက်ပြောခဲ့ပါ သည်။

အစည်းအဝေး တက်ရောက်လာသူ Straits Exchange Foundation မှ ဥက္ကဋ္ဌ Chiang Pin-Kung က အရှေ့တောင်အာရှ ဈေးကွက် အရေးပါပုံကို အလေးအနက် ပြောခဲ့ပြီး၊ တိုင်ဝမ်စီးပွားရေးလုပ်ငန်းများ ရှေ့ဆက် တိုးတက်ရေးအတွက် ၎င်းတို့သည်အရေးကြီးကြောင်း ဆိုခဲ့သည်။

ATCC ကို ၁၉၃၃ ဇူလိုင်တွင် တည်ထောင်ခဲ့ပြီး၊ အာရှတိုက်ရှိ တိုင်ဝမ် စီးပွားရေးလုပ်ငန်းရှင်များကြား စီးပွားရေး သတင်းများ ဖလှယ်နိုင်ရန် ရည်ရွယ်၍ တည်ထောင်ခဲ့ကြောင်း ၎င်း၏ ဝက်ဆိုဒ်အဆိုအရ သိရှိရသည်။

****************************************************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၎.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ရန်ကုန် နည်းပညာ နွေဦး

(The Economist မှ 3 March 2012 ရက်စွဲပါ Yangon digital spring ကို ဘာသာ ပြန်ဆိုသည်)

  1. ပိုမိုနီးကပ်လာသော မြန်မာ့ အိမ်နီးချင်းများ

(Bangkok Post မှ 28 Feb 2012 ရက်စွဲပါ Neighbours to the West get closer ကို ဘာသာ ပြန်ဆိုသည်)

***********************************************************************

ရန်ကုန် နည်းပညာ နွေဦး

(The Economist မှ 3 March 2012 ရက်စွဲပါ Yangon digital spring ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံသည် နည်းပညာ ဆီလီကွန်တောင်ကြားကို လွန်ခဲ့သော ၇ နှစ်က ဖွဲ့စည်း ထူထောင်ပြီးနောက်ပိုင်း ပထမဦးဆုံး စုဝေးကျင်းပသည့် Barcamp က နည်းပညာ ဂုရုလေးများကို အတူတကွ စုဝေးပေးခဲ့သော နေရာမှာ Sam Jose လည်း မဟုတ်။ Banglore လည်း မဟုတ်။ ကမ္ဘာ့နည်းပညာ အနိမ့်ကျဆုံး တိုင်းပြည်တစ်ခုဖြစ်သော မြန်မာနိုင်ငံ၏ ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၁ ရက်က လုပ်ငန်းရှင်များ၊ ဘလော့ဂါများ ငါးထောင်ကျော် စုဝေးခဲ့ကြသည်။

ထိုပွဲ၌ ရေပန်းစားသော ဟောပြောသူမှာ နိုင်ငံ၏ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်သည်။ လက်ရှိမြန်မာအစိုးရသည် အပြောင်းအလဲကို လက်သင့်ခံခြင်းဖြင့် ကမ္ဘာကြီးကို ဆက်လက် အံ့အားသင့်စေလျက် ရှိသည်။ ဘက်စုံထောင့်စုံ ချို့တဲ့နေသည့် အိုင်တီကဏ္ဍ ဖွံ့ဖြိုးလာအောင် ပြုလုပ်ရန် သိသိသာသာ ဆန္ဒရှိလာခြင်းကိုလည်း ငြင်း၍ မရနိုင်ပါ။ မြန်မာအစိုးရသည် အင်တာနက် အတားအဆီးများကို လျှော့ချပေးပြီး Facebook နှင့် Twitter ကဲ့သို့သော လူမှုကွန်ရက် မီဒီယာများကို ခွင့်ပြုထားပြီး ဖြစ်သည်။ မြန်မာလူထုသည် နိုင်ငံတကာသတင်းစာများကို ဖတ်ကာ Skype မှတစ်ဆင့် ဆက်သွယ်နေကြပြီ ဖြစ်သည်။ Barcamp ၏ စပွန်ဆာများထဲတွင် အစိုးရဆက်သွယ်ရေး ဝန်ကြီးဌာနလည်း အပါအဝင် ဖြစ်လာသည်။

ယခုအခါ မြန်မာအစိုးရအနေဖြင့် စီးပွားရေးနှင့် ဖွံ့ဖြိုးရေးကဏ္ဍတွင် အိုင်တီလုပ်ငန်း အရေးကြီးကြောင်း နားလည် သိရှိလာပြီ ဖြစ်သော်လည်း ဆောင်ရွက်စရာ များစွာ ကျန်ရှိနေပေသည်။ မြန်မာနိုင်ငံတွင် ကွန်ပျူတာပိုင်ဆိုင်သူမှာ အနည်းငယ်မျှသာ ရှိသည့်အပြင် ကမ္ဘာ့နေရာတကာတွင် လူတကာ အလွယ်တကူ အသုံးပြုနိုင်သော အင်တာနက်ကိုလည်း မြန်မာနိုင်ငံတွင် လက်တစ်ဆုပ်စာကသာ အသုံးပြုနိုင်ကြသေးသည်။ အင်တာနက် ချိတ်ဆက်ခ စရိတ် ဒေါ်လာ ၈၅ဝ (ကျပ် ၆ သိန်း)၊ လစဉ်ကြေး ဒေါ်လာ ၄ဝ မှ ၁၅ဝ (ကျပ် ၃ သောင်းမှ တစ်သိန်းနှစ်သောင်း) ခန့် ကုန်ကျသော မြန်မာနိုင်ငံတွင် နိုင်ငံတကာ၌ အလကားနီးပါး ရောင်းချနေသော မိုဘိုင်းဖုန်း Sim ကတ်ကိုလည်း ဒေါ်လာ ၇ဝဝ (ကျပ် ငါးသိန်း) ဖြင့် ရောင်းချလျက် ရှိသည်။

လတ်တလောတွင် အိုင်တီကဏ္ဍအတွက် တောင်းဆိုမှုများ လိုအပ်ချက်များ ကြီးထွားလျက်ရှိသည်။ အာရှနှင့် အနောက် ကုမ္ပဏီများကလည်း လုပ်ဖော်ကိုင်ဖက်များအဖြစ် လက်တွဲရန် မျှော်လင့်နေကြသည်။ ထို့ပြင် မိုဘိုင်းဖုန်း စရိတ်စကကို မည်သို့ လျှော့မည်နည်။အိန္ဒိယနှင့် ဖိလစ်ပိုင်မှ အိုင်တီလုပ်ငန်းများကို ယှဉ်ပြီုင်ရန် သတင်းအချက်အလက် စင်တာများ မည်သို့ ထူထောင်မည်နည်း စသည့် အဆိုပြုမှုများကို အစိုးရအနေဖြင့် ပြေးပေါက်မရှိ ရင်ဆိုင်နေရသည်။ Call Center ကို ထူထောင်ထားသော်လည်း အွန်လိုင်းဈေးဝယ်ကဏ္ဍများက အဆင်မပြေဖြစ်ကြသည်ကို တွေ့ရသည်။ အွန်လိုင်းမှ ဆက်သွယ်ဆောင်ရွက်မှု များကို ယခုနှစ်အတွင်း စတင်နိုင်မည်ဟု အများစုက မျှော်လင့်လျက် ရှိသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အားတက်စရာ အပြောင်းအလဲ လက္ခဏာများ တွေ့မြင်နေရသော်လည်း မြန်မာ့ ဆိုက်ဘာ နယ်ပယ် နိုးထမှုများ၊ Broadband အမြန်နှုန်းဖြင့် တိုးတက်လာမည်ဟု မျှော်လင့်သူ တစ်ဦးမျှ မရှိသေးပါ။

*********************************************************************

 ပိုမိုနီးကပ်လာသော မြန်မာ့ အိမ်နီးချင်းများ

(Bangkok Post မှ 28 Feb 2012 ရက်စွဲပါ Neighbours to the West get closer ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ စတင်နေဆဲ ဒီမိုကရေစီနှင့် စီးပွားရေးအသွင်ကူးပြောင်းမှုသည် တောင်အာရှနှင့် အရှေ့တောင် အာရှအကြား စီးပွားရေး ဆက်နွယ်မှုများ ခိုင်မာအားကောင်းအောင် ပူးပေါင်း ဆောင်ရွက်လိုကြသော အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့အတွက် မကြုံစဖူး အခွင့်အလမ်းကို ဖန်တီးလျက် ရှိသည်။ ထို့အတွက်ကြောင့် ဇန်နဝါရီ ၂၆ ရက်တွင် ကျင်းပခဲ့သော နိုင်ငံတော်နေ့ အခမ်းအနားသို့ ထိုင်းဝန်ကြီးချုပ် ရင်းလက်ရှင်နာဝပ်ထရာအား အထူး ဧည့်သည်တော် အဖြစ် အိန္ဒိယအစိုးရက ဖိတ်ကြားခဲ့ခြင်းမှာ တိုက်ဆိုင်မှုတစ်ခုကား မဖြစ်နိုင်ပေ။ ထို့ထက် ပိုထင်ရှားသော အချက်မှာ စီးပွားရေးနှင့် လုံခြုံရေးကိစ္စများ လာရောက်ဆွေးနွေးရင်း အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းကို မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန် ဖိတ်ကြားခဲ့သည့် မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ ခရီးစဉ်နှင့် ထိုင်းဝန်ကြီးချုပ်၏ နယူးဒေလီခရီးစဉ်တို့ တိုက်ဆိုင်နေခြင်း ဖြစ်သည်။

စစ်အေးတိုက်ပွဲအပြီး ၁၉၉၁ နောက်ပိုင်း စီးပွားရေးအရ ပြန်လည် ဆက်ဆံမှု တိုးတက်ကာ အိန္ဒိယ-ထိုင်း သံတမန် ဆက်ဆံရေး နွေးထွေးလာပြီးနောက် ယခု ထိုင်းဝန်ကြီးချုပ်ရင်းလပ် ဖန်တီးနေသော အခွင့်အလမ်း ပြတင်းပေါက်ကို အထူးဂရုစိုက်ရန် လိုအပ်ပြီး ပေါ့ပေါ့ဆဆ သဘောထား၍ မရနိုင်ပါ။  အိန္ဒိယ၏ အရှေ့မျှော်ဝါဒနှင့် ထိုင်း၏ အနောက်ကြည့်ဝါဒများကို ၁၉၉၂ ခုနှစ်နှင့် ၁၉၉၆ ခုနှစ်များတွင် အသီးသီး ရေးဆွဲခဲ့ကြသော်လည်း လတ်တလော မြန်မာနိုင်ငံ၏ တံခါးဖွင့် ပြောင်းလဲမှုများက အိန္ဒိယ-ထိုင်း နှစ်နိုင်ငံ ဆက်ဆံမှု ညှိနှိုင်းဆောင်ရွက်မှုကို ပိုမို နီးကပ်လာစေရန်အတွက် မမျှော်လင့်ခဲ့ဖူးသော အခွင့်အလမ်းကို ဖန်တီးပေးနေပြီ ဖြစ်သည်။ အိန္ဒိယနှင့် ထိုင်း နှစ်နိုင်ငံစလုံးသည် မြန်မာနိုင်ငံကို အရေးယူသည့် အနောက်အုပ်စု၏ အရေးယူမှုအစီအစဉ်တွင် ပါဝင်ရန် အမြဲတမ်း ငြင်းပယ်ခဲ့သည့် အလျှောက် မြန်မာနိုင်ငံအပေါ် ထားရှိခဲ့သော ယခင် မူဝါဒများ မှားယွင်းခြင်းမရှိဟု သတ်မှတ် ယူဆထားခဲ့ကြသည်။ ယခုအခါ မြန်မာအစိုးရက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တံခါးဖွင့်ပေးထားပြီ ဖြစ်၍ အငြင်းပွားစရာများ ရှင်းလင်းသွားပြီ ဖြစ်သည်။

လွန်ခဲ့သော ၁ဝ နှစ်အတွင်း ထိုင်းဝန်ကြီးချုပ်များက နယူးဒေလီသို့ ၇ ကြိမ်၊ အိန္ဒိယဝန်ကြီးချုပ်က ဘန်ကောက်သို့ ၃ ကြိမ် အပြန်အလှန် လည်ပတ်ခြင်း အပါအဝင် နှစ်နိုင်ငံ ဆက်ဆံရေး နွေးထွေး တိုးတက်လာသည့် အလျှောက် နှစ်နိုင်ငံလုံးအတွက် မြန်မာ့ခွင်အသစ်မှာ မူလကပင် ခိုင်မာနေခဲ့ပြီး ဖြစ်သည်။ စီးပွားရေး ဆက်ဆံမှုများ ဖွံ့ဖြိုးလာခဲ့ပြီးနောက် ထိုင်းတို့၏ အနောက်မျှော် မူဝါဒသည် အိန္ဒိယနှင့် ထိတွေ့ဆက်ဆံခြင်းကို ပိုမို စောင်းပေးလာခဲ့သည်။ အိန္ဒိယနိုင်ငံ၏ အလွန်ကြီးမားသော လူလတ်တန်းစားအလွှာသည် ထိုင်းကုန်စည်များအတွက် အရေးကြီးသော ဈေးကွက်ဟု ရှုမြင်ခဲ့ကြကာ အိန္ဒိယဈေးကွက်တွင် စားသုံးသူသန်း ၁၃ဝဝ ခန့်၏ အားပေးမှုကို ရရှိနေကြောင်း တရားဝင် အစီရင်ခံစာများက ထပ်တလဲလဲ ဖော်ပြသည်။

၂ဝဝ၃ တွင် အာဆီယံနိုင်ငံများအနက်မှ ပထမဦးဆုံး အိန္ဒိယနှင့် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် ရရှိခဲ့သော ထိုင်းနိုင်ငံသည် ကုန်စည် ၈၂ မျိုးကို အခွန်စည်းကြပ်မှု မရှိသလောက်နီးပါးဖြင့် မြန်ဆန်စွာ တင်ပို့နိုင်ခဲ့သည့်အလျောက် ချက်ခြင်း လက်ငင်းပင် အကျိုးအမြတ်များ ရရှိခဲ့သည်။ ထိုင်းဘတ်ငွေ တန်ဖိုး တက်မှု ရှိလာသော်လည်း နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးသည် ၂ဝ၁၁ တွင် ဒေါ်လာ ၇ ဘီလျံမှ ၂ဝ၁၄ တွင် ဒေါ်လာ ၁၄ ဘီလျံသို့ ထိုးတက်သွားမည်ဟု မျှော်လင့်ရသည်။ ထိုင်းနိုင်ငံသည် အိန္ဒိယနှင့် ကုန်သွယ်ရာ၌ ၂ဝဝဝ ခုနှစ်များ အစောပိုင်းတွင် ပျမ်းမျှဒေါ်လာသန်း ၂ဝဝ ခန့် လိုငွေ ပြခဲ့သော်လည်း ယခုအခါ ပိုငွေဒေါ်လာ ၁ ဘီလျံခန့် အသာစီးရနေပြီ ဖြစ်သည်။

လုံခြုံရေးကဏ္ဍတွင်လည်း အန်ဒမန်ပင်လယ်ပြင် ရေပြင်ပိုင်နက် မျှဝေ သုံးစွဲမှု ရလဒ်အဖြစ် ပုံမှန်ပူးတွဲ ကင်းလှည့်ခြင်း၊ လေ့ကျင့်ခြင်းနှင့် ၂ဝ၁၁ တွင် ကာကွယ်ရေး ဒိုင်ယာလော့ခ်အသစ် ဆွေးနွေးခြင်း အပါအဝင် ရေတပ်ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်လာသည်။ နယူးဒေလီနှင့် ဘန်ကောက်တို့သည် အရှေ့အာရှ ဖိုရမ်၊ အာရှ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲများတွင် အိန္ဒိယနှင့် ဆွေးနွေးဘက်ဖြစ်နေသော အာဆီယံ အဖွဲ့မှ တစ်ဆင့် ဆက်သွယ်ဆောင်ရွက်လျက် ရှိသည်။ ထို့ပြင် ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ဘင်္ဂလားပင်လယ်အော် လှုပ်ရှားမှု အဖွဲ့နှင့် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့များတွင်လည်း တည်ထောင်သူများအဖြစ် နှစ်နိုင်ငံစလုံး ပါဝင်ကြသည်။ ထိုနှစ်ဖွဲ့တွင် မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်သော်လည်း တရုတ်က ပါဝင်ခြင်းမရှိပေ။

လက်ရှိနှစ်များတွင် အာရှတိုက်၌ တရုတ်ဩဇာ ကြီးမားလာခြင်းကြောင့် အိန္ဒိယနှင့် ထိုင်းတို့သည် ယင်းတို့၏ အစဉ်အလာ၊ ပထဝီနိုင်ငံရေး အနေအထားကို ပြန်လည် ဟန်ချက် ထိန်းညှိနေကြပြီး နယူးဒေလီနှင့် ဘန်ကောက်သည် တစ်ဦးအပေါ် တစ်ဦး အမြင်သစ်များဖြင့် ချဉ်းကပ်လျက် ရှိသည်။ အိန္ဒိယ အနေဖြင့် အရှေ့နှင့် အရှေ့တောင်အာရှ၊ ဖွံ့ထွားနေသော တရုတ်၊ အမေရိကန်၏ ပစိဖိတ် ဗဟိုချက်နှင့် စွမ်းအင်ရင်းမြစ်အသစ်၊ စားသုံးသူ ဈေးကွက်အသစ်၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းအသစ်များ ရရှိရေးတို့ကို အထူးအာရုံကျလျက် ရှိသည်။ ရင်းလပ်သည် အိန္ဒိယ သမ္မတနိုင်ငံနေ့ကို ၂ဝ၁ဝ နောက်ပိုင်း သုံးကြိမ်ဆက်တိုက် တက်ရောက်ခဲ့သော အရှေ့တောင်အာရှ ခေါင်းဆောင်တစ်ဦး ဖြစ်သည်။

ထိုင်းအတွက်မူ အိန္ဒိယသည် မိတ်ဆွေ ဖွဲ့ရမည့် အင်အားကြီးနိုင်ငံ အဖြစ်သာမက ထိုင်းကိုယ်ပိုင် ယဉ်ကျေးမှုကို လွှမ်းမိုးထားသော လူ့အဖွဲ့အစည်း တစ်ခုလည်း ဖြစ်သည်။ ထိုင်းတို့သည် တရုတ်နှင့် ကုန်သွယ်ရေး လိုငွေပြမှု ကြီးမားလာခြင်းကို တန်ရုံသင့်ရုံသာ စိုးရိမ်သော်လည်း အမေရိကန်နှင့် ပူးကပ်စွာ ရပ်တည်ခဲ့သည့် သမိုင်း သင်ခန်းစာကို မေ့လျော့ခြင်း မရှိသောကြောင့် ဒေသတွင်း အခြားနိုင်ငံများကိုပါ ရင်းနှီးစွာဆက်ဆံရန် ကြိုးစားလျက် ရှိသည်။ ယင်းသို့ ကောင်းမွန်လာသော ဆက်ဆံရေးက နယူးဒေလီနှင့် ဘန်ကောက်အား အစိုးရခေါင်းဆောင်ပိုင်းထိ "မြန်မာနိုင်ငံမှ အခွင့်အလမ်းသစ်" အတွက် ပူးပေါင်းဆောင်ရွက်မှုကို ဖြစ်ပေါ်စေသည်။ အိန္ဒိယ-ထိုင်း ပူးတွဲကြေညာချက်တွင် ပါဝင်သော တတိယနိုင်ငံတစ်ခု၌ စွမ်းအင် ရင်းမြစ် ပူးတွဲရှာဖွေရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ရေကြောင်းကဏ္ဍ ပူးတွဲအကောင်အထည် ဖော်ရေး အစီအစဉ်၌ မြန်မာနိုင်ငံသည် ရုတ်တရက် ဦးစားပေး အဆင့်သို့ ရောက်ရှိလာခဲ့သည်။

နောက်ထပ် ကိစ္စတစ်ခုမှာ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုစီးပွားရေးဇုန် စီမံကိန်း ဖြစ်သည်။ ယင်းစီမံကိန်းသည် တောင်အာရှနှင့် အရှေ့တောင်အာရှကြား မဟာဗျူဟာမြောက် စင်္ကြန်လမ်းဖြစ်လာမည့် အပြင် တောတောင် ထူထပ်၍ မအေးချမ်းသော အရှေ့မြောက် အိန္ဒိယ-မြန်မာ နယ်စပ် လမ်းကြောင်းအတွက် ကုန်ကျစရိတ် သက်သာခြင်း၊ တိုက်ရိုက် လမ်းပေါက်ခြင်း၊ ပိုမိုလုံခြုံစိတ်ချရခြင်း၊ ရေကြောင်းလိုင်းကျပ်သော မလက္ကာ ရေလက်ကြားကို ရှောင်လွှဲနိုင်ခြင်း စသော အားသာချက်များ ရှိနေသည်။

ထားဝယ်စီမံကိန်းကို အကောင်အထည်ဖော်ရန် အီတာလျံ-ထိုင်း ကုမ္ပဏီကို ကန်ထရိုက်ပေးခဲ့သော မြန်မာအစိုးရ၏ ဆုံးဖြတ်ချက်သည် အဆိုပါ စီမံကိန်းကို စိတ်ဝင်စားကြောင်း ထုတ်ဖော် ပြောဆိုကြသော အိန္ဒိယနှင့် တရုတ်ကြားတွင် ခက်ခဲစွာ ဆုံးဖြတ်ရသော အနေအထားကို လွတ်မြောက်သွားစေသည်။ ယင်းစီမံကိန်းအတွက် အီတာလျံ-ထိုင်း ကုမ္ပဏီကို ရံပုံငွေ ပံ့ပိုးရန် ဘန်ကောက်အစိုးရက ကတိပြုထားပြီ ဖြစ်သော်လည်း နိုင်ငံခြား ရင်းနှီး ထည့်ဝင်ငွေ များစွာ ရရှိရန် လိုအပ်နေဆဲ ဖြစ်သည်။ ရင်းလပ်၏ နယူးဒေလီ ခရီးစဉ်တွင် အီတာလျံ-ထိုင်း တာဝန်ရှိသူများပါ လိုက်ပါလာကြပြီး အာရှ၏ အရေးပါသော အရှေ့ အနောက် စင်္ကြန်လမ်းအဖြစ် တံခါးပွင့်သွားမည့် ယင်းစီမံကိန်းတွင် အိန္ဒိယ ပူးပေါင်းပါဝင်ရန် ထိုင်းဝန်ကြီးချုပ်က ကမ်းလှမ်းခဲ့သည်ဟု သိရသည်။

ထို့ပြင် အိန္ဒိယနှင့် ထိုင်းတို့၏ ရှိရင်းစွဲ ကုန်သွယ်ရေးလမ်းကြောင်းများအတွက် အခြားအခွင့်အလမ်းများလည်း ရှိနေသည်။ အိန္ဒိယတို့၏ အရှေ့မျှော်ဝါဒတွင် ယင်း၏ ကုန်းတွင်းပိတ် အရှေ့မြောက် ၇ ပြည်နယ်ကို အရှေ့တောင်အာရှ ထွက်ပေါက် စီးပွားရေးပလက်ဖောင်း အဖြစ် အသွင်ပြောင်းရန် ကြံစည်ထားသည်။ ထိုင်းကလည်း အိန္ဒိယ အရှေ့မြောက်ပိုင်း ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများကို စိတ်ဝင်စားကြောင်း ပြောကြားထားပြီး ထိုင်းကုန်စည်များ ပိုမိုထိုးဖောက်နိုင်ရန် ကျယ်ပြန့်သော ကုန်သွယ်ရေးလွတ်လပ်ခွင့်များ ရရှိအောင် အဆက်မပြတ် စည်းရုံးလျက် ရှိသည်။

နောက်ဆုံးတွင် လွန်ခဲ့သော နှစ်ပေါင်း ငါးဆယ်က ကုလသမဂ္ဂက ပထမဆုံးစိတ်ကူးယဉ်ခဲ့သော ဒေလီ-ဘန်ကောက် အာရှအမြန်လမ်းမကြီး စီမံကိန်း အမှန်တကယ် ဖြစ်လာရန် အခွင့်အရေး ရှိလာပြီ ဖြစ်သည်။ နှစ်နိုင်ငံ စလုံးသည် ယင်းတို့ နယ်စပ်ဂိတ်များနှင့် မြန်မာအကြား ဆက်သွယ်ရေးလမ်းကြောင်းများကို တိုးချဲ့ ရင်းနှီးမြှုပ်နှံနေကြပြီး မြန်မာနိုင်ငံအတွင်း ပြတ်တောက်နေသော လမ်းပိုင်းများကိုလည်း အပြီးသတ်ရန် ကြိုးစားနေကြသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ များစွာ ခေတ်နောက်ကျနေသော အခြေခံ အဆောက်အဦးနှင့် လမ်းများကို အဆင့်မြှင့်ရန် စိတ်ဝင်စားကြောင်း နယူးဒေလီနှင့် ဘန်ကောက်က ထုတ်ဖော် ပြောဆိုထားသည်။ မြန်မာနိုင်ငံ၏ နောက်ဆုံး တံခါးဖွင့် ပြောင်းလဲမှုသည် တောင်အာရှနှင့် အရှေ့တောင်အာရှကြား ဆက်သွယ်ရေးနှင့် စီးပွားရေး ပေါင်းစည်းမှုကို တွန်းတင်ပေးနိုင်မည့် အခွင့်အလမ်းဖြစ်ကြောင်း သုံးသပ် တင်ပြလိုက်ရသည်။

************************************************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs