Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၅.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၃)

  1. ၄၃ လတာမျှ မြင့်တက်ခဲ့သည့် ရေနံဈေးနှုန်း ပြန်လည်ကျဆင်း

(BBC သတင်းဌာနမှ 3 Mar 2012 ရက်စွဲပါ Oil price falls back from 43-month high ကိုဘာသာပြန်ဆိုသည်)

  1. စားနပ်ရိက္ခာထောက်ပံ့ရေးအစီအစဉ် မြောက်ကိုရီးယားနှင့် အမေရိကန် အကောင်အထည်ဖော်မည်

(CNN သတင်းဌာနမှ 2 March 2012 ရက်စွဲပါ North Korea, US to set final food aid details ကို ဘာသာ ပြန်ဆိုသည်)

*************************************************************************

၄၃ လတာမျှ မြင့်တက်ခဲ့သည့် ရေနံဈေးနှုန်း ပြန်လည်ကျဆင်း

(BBC သတင်းဌာနမှ 3 Mar 2012 ရက်စွဲပါ Oil price falls back from 43-month high ကိုဘာသာပြန်ဆိုသည်)

ရေနံတင်ပို့သော ပိုက်လိုင်းပေါက်ကွဲမှု ဖြစ်ပွားသည်ဟူသည့် သတင်းပေးပို့ချက်များ မှန်ကန်မှုမရှိကြောင်း ဆော်ဒီအာရေဗျနိုင်ငံက ငြင်းဆိုလိုက်ပြီးနောက် ရေနံဈေးနှုန်းများ ပြန်လည်ကျဆင်းသွားကြောင်း သိရသည်။ အဆိုပါ ရေနံဈေးနှုန်းမှာ လပေါင်း ၄၃ လတာမျှ မြင့်တက်ခဲ့ပြီးနောက် ယခုလို ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ် မတ်လ ၃ ရက်နေ့ နယူးယောက်မြို့ဈေးကွက်တွင် Brent Crude ၏ ဈေးနှုန်းမှာ ရေနံ တစ်ပေပါလျှင် ၁၂၅ ဒဿမ ၆ ဒေါ်လာသို့ ရောက်ရှိခဲ့သည်။ ယခင်က ၁၂၈ ဒဿမ ၄၀ ဒေါ်လာရှိခဲ့ရာမှ ၆ ဒေါ်လာခန့် ကျဆင်းခဲ့ခြင်းဖြစ်သည်။ ရေနံဈေးနှုန်းများသည် ပြီးခဲ့သည့် ၂ဝဝ၈ ခုနှစ် ဇူလိုင်လမှစတင်ကာ အကြောင်းအမျိုးမျိုးကြောင့် အမြင့်ဆုံး အနေအထားသို့ ရောက်ရှိသွားခဲ့သည်။ အဆိုပါ အကြောင်းများတွင် အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်နှင့် ဒေသတွင်း မတည်မငြိမ်မှုများလည်း ပါဝင်သည်။ ထို့နောက် ယမန်နှစ်တွင်ဖြစ်ပွားခဲ့သော လစ်ဗျား ပြည်တွင်းစစ်ကလည်း ရေနံဈေးနှုန်းများ ကျဆင်းမှု မရှိအောင် ဖန်တီးထားသလို ဖြစ်စေခဲ့သည်။

လတ်တလောအနေအထား ရေနံဈေးကွက်အတွင်းကြုံတွေ့နေရသော ပြဿနာတစ်ရပ်မှာ နိုင်ငံ အတော်များများဆီက ဖြစ်ရပ်မျိုးစုံက ဝယ်လိုအားနှင့် ရောင်းလိုအားအပေါ် ဂယက်ရိုက်ခတ်မှု ရှိနေခဲ့ခြင်းပင်ဖြစ်သည်။ အဆိုပါ ဖြစ်ရပ်များက ကုန်သည်ကြီးများအနေဖြင့် ဈေးကွက်တွင်း ခန့်မှန်း ပြောဆိုမှုများပြုလုပ်လာအောင် မကြာခဏ ဆိုသလို တွန်းအားပေးခဲ့သည်။

မတ်လ ၂ ရက်နေ့က အီရန်သတင်းမီဒီယာများတွင် ဆော်ဒီအာရေဗျရှိ ရေနံပိုက်လိုင်း ပေါက်ကွဲမှု ဖြစ်ပွားသည်ဟု ရေးသားဖော်ပြပါရှိခဲ့ရာ ရေနံဈေးနှုန်းများ ကမောက်ကမ ဖြစ်ခဲ့သည်။ ဆော်ဒီနှင့် အီရန်အကြား ဆက်ဆံမှု တည်ငြိမ်သည့်အနေအထားသို့ ရောက်ရှိချိန်တွင် အဆိုပါသတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

အမေရိကန်ကမူ အီရန်နိုင်ငံမှ တင်ပို့သော ရေနံများဝယ်ယူမှုကို ပိတ်ပင်ကန့်သတ်ထားသည်။ ဥရောပသမဂ္ဂ (အီးယူ) ကလည်း အီရန်မှ ရေနံ တင်သွင်းမှုကို ပိတ်ပင်ထားသည်။ သို့အတွက်ကြောင့် အကယ်၍သာ အနောက်နိုင်ငံများ အနေဖြင့် နောက်ထပ် ပိတ်ပင်တားဆီးမှုများ ပြုလုပ်မည်ဆိုပါက အီရန်နိုင်ငံက ပင်လယ်ကွေ့ဒေသမှ ရေနံများ အဓိကသယ်ယူရာ လမ်းကြောင်း ဖြစ်သည့် Hormuz ရေလက်ကြားအား ပိတ်ပင်ပစ်မည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ သတင်းထွက်ပေါ်မှုများသည် ရေနံတင်ပို့သည့် အခန်းကဏ္ဍတွင် မတည်မငြိမ်မှုများနှင့် မရေရာ မသေချာမှုများ ဖြစ်ပေါ်အောင် ဖန်တီးခဲ့ကြောင်း၊ ယခုအီရန်က ထွက်ပေါ်လာသော နောက်ဆုံးသတင်းက စိုးရိမ်ပူပန်မှုများကို ကြီးထွားစေကြောင်း ပြောကြားသည်။

"ရေနံပိုက်လိုင်းသတင်းကြောင့် ရေနံဈေးနှုန်းတွေ သိသိသာသာ မြင့်တက်သွားခဲ့တဲ့ ဖြစ်ရပ်ကို ကြည့်ရင် ဈေးကွက်ထဲမှာ တင်ပို့မှုနဲ့ပတ်သက်တဲ့ ပြဿနာတွေအတွက် စိုးရိမ်စိတ်တွေ ရှိနေတယ်ဆိုတာ ပေါ်လွင်ပါတယ်" ဟု Trading Energy မှ Gene McGillan ကပြောသည်။

အီရန်ထွက် ရေနံများကို အဓိက ဝယ်ယူလျက် ရှိသည့် ဝယ်လက်ကြီးများမှာ တရုတ်၊ ဂျပန်၊ အိန္ဒိယ နှင့် တောင်ကိုရီးယား တို့ကဲ့သို့သော အာရှ အင်အားကြီး နိုင်ငံများ ဖြစ်သည်။ အမေရိကန်ကမူ အီရန်မှ ရေနံ မဝယ်ယူရေးအတွက် အဆိုပါနိုင်ငံများ ယုံကြည်လက်ခံလာအောင် ကြိုးပမ်းလျက်ရှိပြီး တီဟီရန် အစိုးရအပေါ် ဖိအားများ ထပ်ပေးလျက်ရှိသည်။

ယခုနှစ်အစောပိုင်းတွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Timothy Geithner က တရုတ်နှင့် ဂျပန်နိုင်ငံသို့ သွားရောက်ပြီး အီရန်အပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကို ထောက်ခံပေးရန် ကြိုးစားပြောဆိုခဲ့သည်။ သို့သော် အခက်အခဲ ဖြစ်နေသည့်ကိစ္စမှာ အကယ်၍ အီရန်နိုင်ငံမှ ရေနံ ဝယ်ယူမှုများကို ရပ်ဆိုင်းပစ်မည်ဆိုပါက ၎င်းတို့အနေဖြင့် ဝယ်လိုအားကို ဖြည့်ဆည်းပေးရန်အလို့ငှာ အခြားသော ရေနံထုတ်လုပ်သူများနှင့် ချိတ်ဆက်ရမည် ဖြစ်ရာ ဈေးနှုန်းများမြင့်တက်စေနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုလည်း ထိခိုက်နိုင်သည်။ သို့သော် ကမ္ဘာ့ရေနံ ထုတ်လုပ်သူများအနေဖြင့် အီရန်နိုင်ငံမှ ဝယ်ယူနေသည့် ပမာဏကို ဖြည့်ဆည်းပေးနိုင်စွမ်း ရှိကြောင်း အမေရိကန် အာဏာပိုင်များက လိုက်လံပြောဆိုလျက် ရှိသည်။

"အရန်ရေနံတွေ အမြောက်အမြား ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်" ဟု အမေရိကန်စွမ်းအင်ဝန်ကြီး Steven Chu ကဆိုသည်။ တစ်ချိန်တည်းမှာပင် လေ့လာဆန်းစစ်သူများက "ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု အခြေအနေများ အပြောင်းအလဲဖြစ်မှုတို့က ရေနံဈေးနှုန်း ပုံမှန်ဖြစ်အောင် ထိန်းကျောင်းလိမ့်မည်" ဟု ဆိုကြသည်။

"ဒီရေနံဈေးနှုန်းတွေဟာ ကာလတိုတစ်ခုထဲမှာ အဆမတန် မြင့်တက်သွားခဲ့တာပါ။ အခု ဆောင်းရာသီကနေ နွေဦးရာသီထဲကို ကူးပြောင်းပြီး အပူချိန် မြင့်တက်လာတာနဲ့အမျှ ရေနံဝယ်လိုအားလည်းကျဆင်းလာမှာဖြစ်ပါတယ်" ဟု ဟောင်ကောင် အခြေစိုက် Mirae Asset Management မှ စွမ်းအင် သုတေသနဌာန အကြီးအကဲ Gordon Kwan က ပြောသည်။

*******************************************************************

စားနပ်ရိက္ခာထောက်ပံ့ရေးအစီအစဉ် မြောက်ကိုရီးယားနှင့် အမေရိကန် အကောင်အထည်ဖော်မည်

(CNN သတင်းဌာနမှ 2 March 2012 ရက်စွဲပါ North Korea, US to set final food aid details ကို ဘာသာ ပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယားနိုင်ငံမှ အရာရှိကြီးများသည် လာမည့် ရက်သတ္တပတ်အတွင်း စားနပ်ရိက္ခာ ထောက်ပံ့မှုအစီအစဉ် ပြန်လည် စတင်ရေးနှင့် ပတ်သက်၍ အဆုံးသတ်ဆုံးဖြတ်ရန် မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မြောက်ကိုရီးယားနိုင်ငံ လူ့အခွင့်အရေးကိစ္စရပ်များဆိုင်ရာ အမေရိကန်အထူးသံတမန် Robert King သည် မြောက်ကိုရီးယားနိုင်ငံမှ ၎င်းနှင့် ရာထူးအဆင့် တူသည့် အရာရှိကြီးနှင့်တွေ့ဆုံကာ "စားနပ်ရိက္ခာနှင့် အစာအာဟာရဆိုင်ရာ အကူအညီများ ပေးပို့နိုင်ရေးအတွက် နည်းပညာဆိုင်ရာ စီမံ ဆောင်ရွက်မှုများကို အဆုံးသတ် ဆွေးနွေးမည်" ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Victoria Nuland က ပြောသည်။

ထိုသို့ဆွေးနွေးရာတွင် စားနပ်ရိက္ခာများ တင်ဆောင်လာမည့် သင်္ဘောများရပ်နားမည့်ဆိပ်ကမ်းကိစ္စ၊ စားနပ်ရိက္ခာ ဖြန့်ဖြူးရေးလုပ်ငန်းစဉ်ကို စောင့်ကြည့်မည့် ကိစ္စ၊ လုပ်ငန်းစဉ်တွင်ပါဝင်မည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (အန်ဂျီအို) ကိစ္စ အစရှိသည်တို့ ပါဝင်မည်ဟု ဆိုသည်။ အဆိုပါ ဆွေးနွေးပွဲသည် မြောက်ကိုရီးယားသို့ အမေရိကန် စားနပ်ရိက္ခာ ထေက်ပံ့ရေးအစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ နောက်ဆုံး ဆွေးနွေးပွဲ ဖြစ်ကြောင်း မစ္စ Nuland ကဆိုသည်။

"မဟာဗျူဟာအရေးကိစ္စကို ကျွန်မတို့တတွေ လုပ်ကြရမှာပါ။ အာဟာရထောက်ပံ့ရေး အစီအစဉ်နဲ့ ပတ်သက်ပြီး အပြီးသတ်လုပ်ကိုင်ပေးဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်သည် တောင်ကိုရီးယားအပေါ် မြောက်ကိုရီးယားက ရန်ပြုလိုသည့် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ပြီး မကြာမီအချိန်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ မစ္စ Nuland ကမူ မြောက်ကိုရီးယား၏ သုံးသပ်ချက်များသည် ဆက်ဆံရေး ကောင်းမွန်အောင် ကြိုးပမ်းနေသည့် အချိန်သမယအတွင်း အကူအညီ အထောက်အပံ့ တစ်စုံတစ်ရာ မပေးနိုင်ကြောင်း ပြောဆိုသည်။

"ကျွန်မတို့မှာ ကောင်းမွန်မှုရှိတဲ့ လုပ်ငန်းစဉ် အဆင့်ငယ်လေးတွေ ရှိခဲ့ပါတယ်။ အဲဒီလုပ်ငန်းစဉ်နဲ့ ကိုက်ညီမှု ရှိတဲ့ လုပ်ရပ်တွေကို ဆက်လက် လုပ်ဆောင်သွားမှာပါ" ဟု ဆက်လက် ပြောသည်။

မြောက်ကိုရီးယားသည် ယခုရက်သတ္တပတ် အစောပိုင်းကာလတွင် နျူကလီးယား အစီအစဉ်နှင့် ဒုံးကျည်စမ်းသပ်မှုများကို ရပ်ဆိုင်းရန် သဘော တူညီကြောင်း ကြေညာခဲ့ပြန်သည်။ အဆိုပါအစီအစဉ်တွင် ယူရေနီယံ သန့်စင်မှုများ ရပ်ဆိုင်းခြင်း၊ မြောက်ကိုရီးယားနိုင်ငံတွင်းသို့ ကုလသမဂ္ဂ လက်နက် စစ်ဆေးရေး အရာရှိကြီးများ ဝင်ရောက်စစ်ဆေးခွင့် ပြုခြင်း အစရှိသည်တို့လည်းပါဝင်သည်။

အမေရိကန်ပြည်ထောင်စုကမူ ၎င်းတို့အနေဖြင့် ဆင်းရဲနွမ်းပါးသော မြောက်ကိုရီးယားအတွက် တန်ချိန် နှစ်သိန်းလေးသောင်းခန့်ရှိသော စားနပ်ရိက္ခာများ ထောက်ပံ့ ပေးသွားမည်ဟု ဆိုသည်။ မြောက်ကိုရီးယား၏ သဘော တူညီချက်ကို အမေရိကန်အရာရှိကြီးများက သတိကြီးစွာဖြင့် ကြိုဆိုခဲ့ကြပြီး ခြောက်နိုင်ငံ နျူကလီးယားဆိုင်ရာ ဆွေးနွေးပွဲ စတင်နိုင်သည့် အခြေအနေအထိ ရောက်ရှိနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

*************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၅.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့မည်

(Radio New Zealand News မှ 4 March 2012 ရက်စွဲပါ McCully to meet Suu Kyi ကို ဘာသာ ပြန်ဆိုသည် )

  1. ရေနံစိမ်းဈေးနှုန်း ၂၀၀၈ မှ စ၍ အမြင့်ဆုံးသို့ရောက်

(CNN မှ 2 March, 2012 ရက်စွဲပါ Kevin Voigt ရေးသားသော Oil increases to highest level since 2008 ကို ဘာသာ ပြန်ဆိုသည်။)

  1. ထိုင်း-မြန်မာ ဘိန်းတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မည်

(Thai News Agency MCOT မှ 2 March 2012 ရက်စွဲပါ Thailand-Myanmar coordinate fight against drugs ကို ဘာသာ ပြန်ဆိုသည် )

***********************************************************************

နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့မည်

(Radio New Zealand News မှ 4 March 2012 ရက်စွဲပါ McCully to meet Suu Kyi ကို ဘာသာပြန်သည် )

နယူးဇီလန်နိုင်ငံခြားရေးရာဝန်ကြီး Murray MuCully သည် မြန်မာနိုင်ငံသို့ နှစ်ရက်တာ ခရီးသွားရောက်မည် ဖြစ်ပြီး၊ အစိုးရ တာဝန်ရှိသူများ နှင့်လည်းကောင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း တွေ့ဆုံမည် ဖြစ်သည်။

နယူးဇီလန်သည် မြန်မာနိုင်ငံနှင့် ထိပ်တန်းပုဂ္ဂိုလ်ချင်း ထိတွေ့မှု အနည်းငယ်သာ ရှိသည်။ ဒေသတွင်း အရှေ့အာရှ ထိပ်သီး အစည်းအဝေးတွင် တွေ့ဆုံမှုလောက်သာ ရှိသည်။

Mr. McCully သည် မြန်မာနိုင်ငံခြားရေးဝန်ကြီး၏ ဖိတ်ကြားမှုအရ နှစ်ရက်တာသွားရောက်မည် ဖြစ်ရာ နိုင်ငံခြားရေး ဝန်ကြီးနှင့် လည်းကောင်း သမ္မတ ဦးသိန်းစိန်နှင့် လည်းကောင်း အင်္ဂါနေ့တွင် တွေ့ဆုံမည်ဖြစ်သည်။ ယင်းသည် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်သို့သွားရောက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည် ဖြစ်သည်။

အဆိုပါ ခရီးစဉ်မှာ နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး အနေဖြင့် မြန်မာနိုင်ငံသို့ ပထမဦးဆုံးခရီးစဉ် ဖြစ်သည်။

**********************************************************************

ရေနံစိမ်းဈေးနှုန်း ၂၀၀၈ မှ စ၍ အမြင့်ဆုံးသို့ရောက်

(CNN မှ 2 March, 2012 ရက်စွဲပါ Kevin Voigt ရေးသားသော Oil increases to highest level since 2008 ကို ဘာသာပြန်ဆိုသည်။)

အီရန်နှင့် တင်းမာမှုများကြောင့် Hormu2 ရေလက်ကြားကို ဖြတ်၍ ရေနံသယ်ယူခြင်းကို အနှောင့်အယှက်ဖြစ်လာမည်ကို စိုးရွံ့မှုများကြောင့် ရေနံစိမ်း ဈေးနှုန်းသည် 2008ခုနှစ်မှ စ၍ အမြင့်ဆုံးဈေးသို့ ရောက်ရှိခဲ့ပါသည်။

ကြာသာပတေးနေ့က အီရန်သတင်း TV နှင့် အခြားအရှေ့အလယ်ပိုင်းမှ သတင်းများအရ ဆော်ဒီအာရေဗျတွင် ပိုက်လိုင်းတစ်ခု ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း အငြင်းပွားဖွယ်သတင်းများ ထွက်ပေါ်ခဲ့ပြီးနာက် မြောက်ပင်လယ် (north sea)မှ ထွက်သော ရေနံစိမ်း စည်တစ်စည်၏ ဈေးနှုန်းသည် ဒေါ်လာ 128.40 သို့ ရောက်ရှိခဲ့သည်။နယူးယောက် Mercantile Exchange (NYMEX) တွင် ရေနံစိမ်း တစ်စည်လျှင် ဒေါ်လာ(110)ရှိခဲ့သည်။

သောကြာနေ့အစောပိုင်းတွင် မြောက်ပင်လယ်မှ ရေနံဈေးနှုန်းသည် ဒေါ်လာ 125.45 သို့ ကျဆင်းခဲ့ပြီး NYMEX တွင် ဒေါ်လာ 108.50 သို့ ကျဆင်းခဲ့သည်။ "ကျွန်တော်ထင်တယ် အဓိကပြဿနာတွေကတော့ ရေနံရနိုင်တဲ့နေရာတွေမှာ အခက်အခဲတွေဖြစ်တာ၊ ဖြစ်မှာ စိုးရိမ်တာတွေကြောင့်ပါ။ အတိအကျ ပြောရရင် အီရန်ပေါ့" ဟု အမေရိကန် ဖက်ဒရယ်ရံပုံငွေ အကြီးအကဲ Ben Bernanke က အမေရိကန်အထက်လွှတ်တော်ငွေကြေးကော်မတီ သို့ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။ "အချိန်တိုအတွင်း ပြေလျော့သွားမည့် အကြောင်းကတော့ မသေချာသေးပါဘူး" ဟု ၎င်းက ပြောသည်။

မြောက်ပင်လယ်မှ ရေနံစိမ်းဈေးနှုန်းမှာ ယခုနှစ် 15%ကျော် မြင့်တက်ခဲ့ပြီး NYMEX မှ ရေနံစိမ်းဈေးနှုန်း မှာ 8.5ကျော် မြင့်တက်ခဲ့သည်။ အကြောင်းမှာ အီရန်နှင့်တင်းမာမှုများ ဖြစ်ခဲ့ခြင်းကြောင့် ရေနံတင်ပို့ရာတွင် အရေးကြီးသော လမ်းကြောင်းဖြစ်သည့် Hormuz ရေလက်ကြား ပိတ်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

"ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ထုတ်လုပ်မှုနဲ့ စားသုံးမှုတို့နဲ့ ပတ်သက်မှုမရှိပါဘူး။ ပထဝီနိုင်ငံရေး အခြေအနေကြောင့် ဖြစ်တာပါ" ဟု စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အကြီးအကဲ Angel Gurria က CNNသို့ ပြောသည်။

အရှေ့အလယ်ပိုင်းမှ စိုးရိမ်ပူရိမ်ပူပန်မှုများက ဈေးတက်ရန်ဖြစ်စေသကဲ့သို့ တရုတ်နှင့် အခြားတိုးတက်လာသော စီးပွားရေးနိုင်ငံများ၏ တိုး၍ လိုအပ်လာသော လောင်စာကလည်း ရေရှည် ဖိအားပေးမှုကို ဖြစ်စေသည်။

တရုတ်သည် တစ်ရက်လျှင် ရေနံစိမ်းစည် (9.4)သန်း အသုံးပြုပြီး အမေရိကန်နိုင်ငံအသုံးပြုမှု၏ တစ်ဝက် အသုံးပြုကြောင်း အမေရိကန်စွမ်းအင် သတင်း အချက်အလက် အုပ်ချုပ်ရေးဋ္ဌာန၏ 2010 ခုနှစ်က သတင်း အချက်အလက်များအရ သိရှိရသည်။သို့သော် အမေရိကန်၏ အသုံးပြုမှု ပမာဏမှာ အတက်အကျ မရှိသော်လည်း တရုတ်၏ အသုံးပြုမှုမှာ တစ်နှစ်လျှင် 5% မြင့်တက်လျက် ရှိသည်။ တရုတ်သည် ယခုအခါ ကမ္ဘာ့အကြီးဆုံး မော်တော်ကား ဈေးကွက်ကြီး ဖြစ်လာပြီး ပြီးခဲ့သည့်နှစ်က အမေရိကန်တွင် ကား(13)သန်း ရောင်းရချိန်တွင် တရုတ်၌ ကား(18)သန်း ရောင်းချနေရသည်။ "လူတွေ ကားပိုမောင်းလာတာတင် မဟုတ်ပါဘူး။တရုတ်က ပလပ်စတစ် (သို့မဟုတ်) အတုပစ္စည်း အားလုံးဟာ ရေနံကနေ လုပ်တာပါ" ဟု Tsinghua တက္ကသိုလ်မှ Patrick Chovanec က ပြောသည်။

အမေရိကန်နှင့် တရုတ်ပြီးလျှင် တတိယအားဖြင့် ဂျပန်နိုင်ငံသည် တစ်ရက်လျှင် စည် (4.4)သန်း အသုံးပြုပြီး အိန္ဒိယက စည်(3.1)သန်းနှင့် ရုရှက စည်(3)သန်း အသီးသီး အသုံးပြုကြသည်။ အကယ်၍ ရေနံဈေးနှုန်းများ အဆက်မပြတ်တက်နေမည်ဆိုပါက ဖွံ့ဖြိုးဆဲ စီးပွားရေးများအား ထိခိုက်မည် ဖြစ်ကြောင်း သုံးသပ်သူများက စိုးရိမ်လျှက် ရှိသည်။ အဆိုပါ စီးပွားရေးများသည် ငွေကြေးပြဿနာ (recession) ဖြစ်နိုင်သဖြင့် ရုန်းကန်နေရသော အနောက်နိုင်ငံ စီးပွားရေးများကို အထောက်အကူဖြစ်နေသည်။ "ရေနံဈေးနှုန်း သိပ်မြင့်တာဟာ ပုံမှန်အချိန်တွေမှာ တောင်ပုံမှန်ဖွံ့ဖြိုးတိုးတက်မှုကို များစွာ ထိခိုက်စေပါတယ်" ဟု Gurria က ပြောသည်။

ဂျပန်နိုင်ငံအတွက်မူ ရေနံဈေးနှုန်းများ တက်နေခြင်းမှာ ငွေနားကွပ်ပေးလိုက်သလိုဖြစ်ရသည်။ အကြောင်းမှာ ဂျပန်နိုင်ငံသည် နှစ်ပေါင်းများစွာ ငွေတန်ဖိုး မာနေခြင်းအပေါ် ရုန်းကန်နေရခြင်းကြောင့်ဖြစ်သည် ဟု တိုကျိုရှိ JP Morgan သုတေသန ဋ္ဌာန မန်နေဂျင်းဒါရိုက်တာ Jesper Koll က ပြောကြားခဲ့သည်။

"ကမ္ဘာပေါ်မှာ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ အရှိန်မပြတ် တက်လာတာကြောင့် ရေနံဈေးနှုန်းတွေ တက်လာနေပါတယ်။ အဲဒီ အပေါ်မှာ ဂျပန်က အများကြီး အကျိုးရှိပါတယ်။ ဘာလို့လဲဆိုတာ ဂျပန်က ပို့ကုန်ပို့ရာမှာ အားကောင်းလှပါတယ်" ဟု Koll က ပြောသည်။

"တကယ်လို့ အရှေ့အလယ်ပိုင်းမှာ စစ်ဖြစ်ရင်ဖြစ်ဖြစ် Hormu2 ရေလက်ကြားမှာ ပိတ်ပင်ထားရင်ဖြစ်ဖြစ် ရေနံစိမ်း ရနိုင်တဲ့ နေရာမှာ ပြဿနာ ဖြစ်နိုင်တာကတော့ ဆိုးဝါးတဲ့ သတင်းပါပဲ" ဟု Koll က ပြောသည်။

 *********************************************************************************************

ထိုင်း-မြန်မာ ဘိန်းတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မည်

(Thai News Agency MCOT မှ 2 March 2012 ရက်စွဲပါ Thailand-Myanmar coordinate fight against drugs ကို ဘာသာ ပြန်ဆိုသည် )

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ မူးယစ်ဆေးဝါးထိန်းချုပ်ရေး အေဂျင်စီများသည် သက်ဆိုင်ရာ ဖောင်ဒေးရှင်းများ ပါဝင်လျက် မူးယစ်ဆေးဝါး တိုက်ဖျက်ပြီး၊ ဘိန်းစိုက်ပျိုးရေး ဒေသများတွင် အစားထိုးသီးနှံများ စိုက်ပျိုးခြင်းဖြင့် လူနေမှုဘဝ မြှင့်တင်ရေး လုပ်ဆောင်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံရဲချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းသည် ထိုင်းနိုင်ငံ မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိလာပြီး ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေး (ONCB) အကြီးအကဲ ရဲမှူးချုပ် Adul Saengsingkaew နှင့် Mae Fah Luang ဖောင်ဒေးရှင်း အထွေထွေ အတွင်းရေးမှူးချုပ် Disnadda Diskul တို့နှင့် တွေ့ဆုံ့ခဲ့သည်။

ရဲချုပ်သည် ဖောင်ဒေးရှင်း၏ Doi Tung ဖွံ့ဖြိုးရေးစီမံကိန်းသို့သွားရောက် ကြည့်ရှုခဲ့ပြီး၊ ရှမ်းပြည်နယ်တွင် အဆက်မပြတ် လုပ်ဆောင်နိုင်သော နည်းလမ်း စီမံကိန်းတစ်ခု စံပြအဖြစ် အသုံးပြုနိုင်ရန် စဉ်းစားခဲ့သည်။ ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်တွင် ဘိန်းများ စိုက်ပျိုးမှုကြောင့် ဟီးရိုးအင်း ထုတ်လုပ်မှုအတွက် အရေးပါပြီး၊ မူးယစ်ဆေးဝါးကို ထိုင်းနိုင်ငံ မြောက်ပိုင်းမှတစ်ဆင့် ရောင်းဝယ်ကြသည်။

ONBC အကြီးအကဲရဲမှူးချုပ် Adul က ပြောကြားရာတွင် လုပ်ငန်းစဉ်၏ ပထမခြောက်လသည် မြန်မာနိုင်ငံတွင် တိုင်းရင်းသားများနှင့် နားလည်မှု တည်ဆောက်ရမည်ဖြစ်ပြီး၊ မိမိတို့ဒေသများတွင် သစ်တောများဖြင့် နေထိုင်နိုင်ရေး အပေါင်းလက္ခဏာ ဆောင်သော စိတ်သဘောထားများ ဖြစ်လာရန် အားပေးရမည် ဖြစ်သည်ဟု ဆိုသည်။ အေဂျင်စီနှစ်ခုလုံးမှ ထိုင်းတာဝန်ရှိသူများသည် ဒေသခံများ ဘဝအရည်အသွေး မြှင့်တင်ပေးမည့် ဒေသဆိုင်ရာ ကျန်းမာရေး ဆေးခန်းများ ဆောက်လုပ်ခြင်း၊ ဘိန်းအပေါ်မမှီခိုဘဲ ဘဝရပ်တည်နိုင်ရေးတို့အတွက် အကူအညီများ ပေးသွားမည် ဖြစ်သည်။ ဘိန်းစိုက်သည့် ဒေသများတွင် အစားထိုးသီးနှံစိုက်ပျိုးရေးအတွက် လမ်းညွှန်မှုများကို Doi Tung ဖွံ့ဖြိုးရေး စီမံကန်းက ပေးအပ်သွားမည် ဖြစ်သည်။

ONCB နှင့် Mae Fah Luang တို့မှ ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များနှင့် မနက်ဖြန်တွင် ရှမ်းပြည်နယ် တာချီလိတ်တွင် တွေ့ဆုံပြီး မြန်မာနိုင်ငံ မည်သည့် ဒေသတွင် အဆိုပါ စီမံကိန်း ပြုလုပ်မည်ကို သဘော တူညီမှုများအတွက် ဆွေးနွေးကြမည် ဖြစ်သည်။

ထိုင်းအစိုးရသည် မူးယစ်ဆေးဝါးပြဿနာကို အရင်းအမြစ်မှ ဖြေရှင်းသည့်အနေဖြင့် မြန်မာနိုင်ငံတွင် အစားထိုး စိုက်ပျိုးရေးအတွက် နှစ်စဉ် ဘက်ဂျက်အနေဖြင့် ထိုင်းဘတ် (15) သန်း အသုံးပြုရန် ရည်ရွယ်ထားသည်။

သက်ဆိုင်ရာ အစီရင်ခံစာများအရ ထိုင်း-မြန်မာ နယ်စပ်တွင် ဘိန်းစိုက်ပျိုးသော ဧရိယာ 144000 ဧကခန့် ရှိပြီး၊ အဆိုပါ စိုက်ပျိုးမှုမှ ဟီးရိုးအင်း (14) တန်ခန့် ထွက်ရှိရာ ယမန်နှစ်က ထုတ်လုပ်မှုထက် 20% မြင့်တက်လာသည်ဟု သိရှိရသည်။

အာဆီယံအနေဖြင့် 2015 ခုနှစ်တွင် တစ်ခုတည်းသော အာဆီယံ အဝန်းအဝိုင်းထူထောင်ရာတွင် ရှမ်းပြည်နယ်သည် အဓိကပြဿနာ ဖြစ်လာနိုင်သည်။ ထိုသို့ ထူထောင်ရာတွင် သဘောတူညီမှုတစ်ခု၌ အဖွဲ့ဝင် နိုင်ငံများကြား ဘိန်းကင်းစင်ရမည်ဟု ပါရှိသည်။

*******************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs