Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၉.၃.၂၀၁၂

ပြည်တွင်းသတင်းများ

  1. နေပြည်တော်စီမံကိန်းများသည် လိုအပ်သည့် စီမံကိန်းများဖြစ်ကြောင်း ပြောကြား
  2. အလုပ်သမားအဖွဲ့အစည်း နည်းဥပဒေထုတ်ပြန်
  3. တရုတ်နိုင်ငံရှိ တရားရုံး၌ တရုတ်ကုမ္ပဏီတစ်ခုအား မြန်မာတရားစွဲ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ကေအိုင်အိုနှင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့ ဆွေးနွေးမှု သုံးရက်ကြာ ပြုလုပ်မည်
  1. ဒီချုပ်ဥက္ကဋ္ဌ မဲဆွယ်စည်းရုံးရန် မော်လမြိုင်မြို့နယ်တွင် နေရာအခက်အခဲဖြစ်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

နေပြည်တော်စီမံကိန်းများသည် လိုအပ်သည့် စီမံကိန်းများဖြစ်ကြောင်း ပြောကြား

၂၀၁၂ မတ်လ ၅ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့၌ သက်ဆိုင်ရာ မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးမှ နေပြည်တော်စီမံကိန်းများသည် မဖြစ်မနေ လုပ်ဆောင်ရန် လိုအပ်သည့် စီမံကိန်းများဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော်ရှိ ကိုယ်စားလှယ်များမှ ပြည်ထောင်စုအစိုးရအဖွဲ့၏ တင်ပြလာသောစီမံကိန်းများအနက် ကျပ်ဘီလျံပေါင်း ၃၇၆ ကုန်ကျမည့် စက်မှုဖွံ့ဖြိုးရေးစီမံကိန်းနှင့် ကျပ်ဘီလျံပေါင်း ၅၅၀ ကုန်ကျမည့် နေပြည်တော်ဖွံ့ဖြိုးရေး စီမံကိန်းများအား ရပ်ဆိုင်းထားရန် အဆိုကို ပြည်ထောင်စုဝန်ကြီးမှ အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့တွင် နေပြည်တော်စီမံကိန်း ရပ်ဆိုင်းထားရန်ကိစ္စနှင့် ပတ်သက်၍ မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက ''ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုး ဆွေးနွေးခဲ့သော ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ပြန်လည်ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။ စက်မှုဖွံ့ဖြိုးရေး စီမံကိန်းများသည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ အထူးချေးငွေဖြင့် ဆောင်ရွက်သော စီမံကိန်းများဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်ကပင် Loan Agreement များ သဘောတူ လက်မှတ် ရေးထိုးခဲ့ပါတယ်။ ချေးငွေသက်တမ်းမှာ နှစ်၂၀ ဖြစ်ပါတယ်။ စီမံကိန်းများကို ရပ်ဆိုင်းခြင်းဖြင့် ယင်းချေးငွေများကို တခြားလွှဲပြောင်းသုံးစွဲရန် မဖြစ်နိုင်ကြောင်းနှင့် ဘတ်ဂျက်သဘောအရလည်း ပိုငွေ မထွက်ပေါ် လာနိုင်ကြောင်း တင်ပြပါတယ်'' ဟု ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

ယင်းကိစ္စရပ်နှင့်ပတ်သက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသိန်းညွန့်က ''၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် နေပြည်တော် အထူး စီမံကိန်းအတွက် တောင်းခံထားတဲ့ ငွေလုံးငွေရင်းပမာဏကို တင်ပြသွားမှာဖြစ်ပါတယ်။ အထူးစီမံကိန်းအတွက် ငွေကျပ် ၄၅၀ ဘီလျံဖြစ်ပါတယ်။ တပ်မတော် အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးကို လုပ်ငန်းအပ်ငွေအနေနဲ့ အပ်နှံတာဝန်ပေးမယ့်လုပ်ငန်းက ကျပ်ဘီလျံ ၁၀၀ ဖြစ်ပါတယ်။ နေပြည်တော် တည်ဆောက်ရေးအတွက် ယခင် တည်ဆောက်ပြီး အခြေအနေများကို ဖော်ပြပြီးဖြစ်ပါတယ်။ တည်ဆောက်ဆဲ လုပ်ငန်းတချို့ကို ၂၀၁၁ခုနှစ် ဇူလိုင်လကစပြီး လုပ်ငန်းတွေအားလုံးကို ဆိုင်းငံ့ ထားပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာ ကျင်းပမယ့် (၂၇)ကြိမ်မြောက် ဆီးဂိမ်းနှင့် ၂၀၁၄ ခုနှစ်မှာ ကျင်းပမယ့် ASEAN Summit နှင့် တခြားဆက်စပ် အစည်း အဝေးများအတွက် မဖြစ်မနေလိုအပ်သော ယခင်အစိုးရ လက်ထက်မှ ဆောက်လုပ်ဆဲ လုပ်ငန်းများကိုသာ ဆက်လက်ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသစ်လက်ထက်မှာ လုပ်ငန်းသစ်များ ဆောင်ရွက်ရန် မရှိကြောင်း၊ အထက်က တင်ပြခဲ့တဲ့ဆောင်ရွက်ဆဲ လုပ်ငန်းများ ဟာလည်း မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်တဲ့အတွက် ကိုယ်စားလှယ်တော်ကြီးများအားလုံး အလေးထား စဉ်းစားပေးပါရန် တင်ပြပါတယ်'' ဟု ပြန်လည် ပြောကြားခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

အလုပ်သမားအဖွဲ့အစည်း နည်းဥပဒေထုတ်ပြန်

ယခု ၂၀၁၂ ဖေဖော်ဝါရီ ၂၉ ရက်နေ့ ရက်စွဲဖြင့် အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းတည်ထောင်ရာတွင် အခြေခံအကျဆုံးဖြစ်သည့် အလုပ်သမား အဖွဲ့အစည်းနည်းဥပဒေများကို အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အလုပ်သမားအဖွဲ့အစည်း ဥပဒေကို ၂၀၁၁ အောက်တိုဘာ ၁၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတမှ လက်မှတ်ရေးထိုးခဲ့ပြီး လေးလအကြာတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်မှ လက်မှတ်ရေးထိုး၍ အလုပ်သမားအဖွဲ့အစည်း နည်းဥပဒေများကို ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

“အလုပ်သမားအဖွဲ့အစည်းတွေ ဖွဲ့စည်းချင်တယ်ဆိုရင် အခုထုတ်ပြန်လိုက်တဲ့ ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ သက်ဆိုင်ရာ မြို့နယ် မှတ်ပုံတင်အရာရှိထံမှာ လျှောက်ထားရမှာဖြစ်ပါတယ်။ မြို့နယ်မှတ်ပုံတင်အရာရှိကတစ်ဆင့် မှတ်ပုံတင်အရာရှိချုပ်ထံကို ဆက်တင်ပြရမှာ ဖြစ်ပြီး မှတ်ပုံတင် အရာရှိချုပ်ကသာ အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခွင့်ပြုတယ်၊ မပြုဘူးဆိုတာ အဆုံးအဖြတ်ပေးမှာလို့ နည်းဥပဒေမှာ ဖော်ပြထားပါတယ်”ပာု အလုပ်သမား ဥပဒေရေးရာ ကျွမ်းကျင်သူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံရှိ အလုပ်သမားရေးရာကိစ္စရပ်များ ဖြေရှင်းနိုင်ရန် အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းတည်ထောင်ရာတွင် နည်းဥပဒေ၌ ဖော်ပြ ထားသည်မှာ အခြေခံအလုပ်သမားအဖွဲ့အစည်း ရှိမှသာလျှင် မြို့နယ်အလုပ်သမားဖွဲ့စည်းနိုင်မည်ဖြစ်ကြောင်း၊ မြို့နယ် အလုပ်သမား အဖွဲ့အစည်း ရှိမှသာလျှင် တိုင်းဒေသကြီး/ပြည်နယ် အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းနိုင်မည်ဖြစ်ကြောင်း၊ ပြည်နယ်/တိုင်းဒေသကြီး အလုပ်သမားဖွဲ့အစည်း ရှိမှသာလျှင် အလုပ်သမား အဖွဲ့ချုပ် ဖွဲ့စည်းခွင့်ရှိမည်ဖြစ်ကြောင်း၊ အလုပ်သမားအဖွဲ့ချုပ်ရှိမှသာလျှင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ကို ဖွဲ့စည်းနိုင် မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

“နည်းဥပဒေထဲမှာတော့ လုပ်ငန်းသဘာဝတွေ၊ ပထဝီ အနေအထားအရတွေနဲ့ ပင်လယ်ရေကြောင်းကဏ္ဍတွေအနေနဲ့ကတော့ အလုပ်သမား အဖွဲ့ချုပ်ကို တိုက်ရိုက်ဖွဲ့စည်းခွင့် ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒီလို အလုပ်သမားအဖွဲ့အစည်းတွေ ပေါ်ပေါက်လာမယ်ဆိုရင် မြန်မာနိုင်ငံထဲမှာ ရှိတဲ့ အလုပ်ရှင်နဲ့ အလုပ်သမားကြားက ပြဿနာအချို့ ပြေလည်သွားနိုင်လောက်ပါတယ်။”ပာု အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

                YC

-----------------------------------------------------------------------------------------------------------------------------------

တရုတ်နိုင်ငံရှိ တရားရုံး၌ တရုတ်ကုမ္ပဏီတစ်ခုအား မြန်မာတရားစွဲ

တရုတ်နိုင်ငံရှိ ကျောက်မျက်ကုမ္ပဏီတစ်ခုအား မသမာမှုကျုးလွန်ခဲ့သည့်အတွက် မြန်မာနိုင်ငံရှိ သီတာမြနန်း ကျောက်မျက်ရတနာ တူးဖော် ထုတ်လုပ် ရေးကုမ္ပဏီမှ တရုတ်နိုင်ငံရှိ အလတ်စားတရားရုံးတစ်ခုတွင် ဖေဖော်ဝါရီ ၁၆ရက်နေ့မှ စတင်၍ တရားစွဲဆိုခဲ့ကြောင်း သီတာမြနန်းကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

လွန်ခဲ့သည့် ငါးနှစ်ခန့်က ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၂၂)ကြိမ်မြောက် ကျောက်မျက်ပြပွဲတွင် သီတာမြနန်းကျောက်မျက်ကုမ္ပဏီမှ ယူရို ၁၈ သန်းတန် ကျောက်စိမ်းအရိုင်းတုံး ၂တုံးအား တရုတ်နိုင်ငံရှိ ချန်လုံကုမ္ပဏီနှင့် အရောင်းအဝယ်ပြုလုပ်ခဲ့ပြီး ချန်လုံကုမ္ပဏီမှ တရုတ်နိုင်ငံ ကွမ်တုံ ပြည်နယ်ရှိ ကုမ္ပဏီ ရုံးခွဲသို့ ထိုကျောက်စိမ်းအရိုင်းတုံး ၂တုံးကို သယ်ယူခဲ့ကြကြောင်း သိရသည်။

“ဒီကျောက်စိမ်းအရိုင်းတုံး ၂တုံးကို တရုတ်နိုင်ငံဘက်ကို သယ်ယူခဲ့တာမှာ သယ်ယူစရိတ်နဲ့ အခွန်အခတွေကို ကျွန်မတို့ကုမ္ပဏီကပဲ ကျသင့်ခံရ ပါတယ်။ ကျောက်စိမ်းတွေ တရုတ်ပြည်ဘက်ကို ရောက်ရှိသွားပေမယ့် ချန်လုံကုမ္ပဏီဘက်က တရားဝင်အခွန်ဆောင်ထားတဲ့ ပြေစာတွေ၊ စာရွက်စာတမ်းတွေကို သီတာမြနန်းကုမ္ပဏီကို ပြန်လည်ပေးအပ်ခြင်းမရှိခဲ့တဲ့အတွက် အခုလို တရားစွဲဆိုရတာပါ”ပာု သီတာမြနန်း ကျောက်မျက်ရတနာ တူးဖော်ထုတ် လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သီတာမြနန်းကျောက်မျက်ကုမ္ပဏီမှ ကွမ်တုံပြည်နယ် ဖူစန်မြို့ရှိ အလတ်စားတရားရုံးတွင် တရုတ်နိုင်ငံရှိ ချန်လုံကုမ္ပဏီအား တရားစွဲဆိုထား ခြင်းဖြစ်ပြီး တရားရုံးမှလည်း တိုင်ကြားမှု သတ်မှတ်ချက်နှင့် ကိုက်ညီနေသည့်အတွက် အမှုကို လက်ခံစစ်ဆေးပေးရန် သဘော တူညီခဲ့ကြကြောင်း သိရ သည်။

ထို့ပြင် တရားရင်ဆိုင်နေစဉ် ကာလများအတွင်း ယင်းကျောက်စိမ်းတုံး ၂တုံးအား မည်သူမျှ ကိုင်တွယ်ခွင့်မရရှိနိုင်စေရန် ချိတ်ပိတ် ထားခဲ့ကြောင်း သိရသည်။

“ကျောက်စိမ်း ၂ တုံးနဲ့ ပတ်သက်ပြီးတော့ အရင်ကတည်းက အကြိမ်ကြိမ်ညှိနှိုင်းမှုတွေ လုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် သူတို့ဘက်က မသိချင်ယောင် ဆောင်နေတဲ့အတွက် အခုလို တရုတ်နိုင်ငံအထိ တရားစွဲဆိုရတာဖြစ်ပါတယ်။”ပာု ၎င်းမှဆက်လက်ပြောကြားသည်။

YC

 *****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ကေအိုင်အိုနှင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့ ဆွေးနွေးမှု သုံးရက်ကြာ ပြုလုပ်

မတ်လ ၉ရက်နေ့တွင် အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်သည့်အဖွဲ့တွင် ဦးအောင်သောင်းမှ ဦးဆောင်၍ ကချင် လွတ်မြောက်ရေး အဖွဲ့(KIO)နှင့် ဒုတိယအကြိမ်အဖြစ် တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ထပ်မံတွေ့ဆုံဆွေးနွေးပြီး အပိုင်းသုံးပိုင်းဖြင့် ဆက်လက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်ဟု သတင်းများအရ သိရသည်။

ထိုဆွေးနွေးမှုတွင် ပထမပိုင်း၌ အချက်၈ချက်ပါဝင်ပြီး ယင်းအချက်များထဲမှ တစ်ဖက်နှင့် တစ်ဖက် စွပ်စွဲပုတ်ခတ်ခြင်းများ ရှောင်ကြရန်နှင့် အစိုးရမှ ဖမ်းဆီးထားသူများအား ပြန်လည်လွှတ်ပေးရန်တို့ပါရှိသည်ဟု အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ပထမပိုင်းမှာတော့ အချက်ရှစ်ချက်ပါတယ်။ အဲဒီထဲကမှ လက်ရှိမှာ ဖမ်းဆီးထားတဲ့ လူတွေကို ပြန်လွှတ်ပေးဖို့နဲ့ တရားဝင် ထုတ်ပြန် ကြေညာဖို့ရယ်၊ ပြီးတော့ ဒုတိယပိုင်းမှာ အချက် ၅ချက်ပေါ့။ အဲဒီအချက်တွေထဲက ပင်လုံညီလာခံတစ်ခု ကျင်းပပြီး တိုင်းရင်းသားတွေရော အစိုးရပါ လူထုက သဘောတူညီတဲ့ လုပ်ရပ်တစ်ခုကို ရအောင်လုပ်ဖို့ဆိုတဲ့ အချက်တွေပါတယ်။ နောက်ပြီး တတိယပိုင်းနေနဲ့ကျတော့ အစိုးရအဖွဲ့နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေထဲက တာဝန်ရှိ သူတွေနဲ့ဆက်ပြီး သဘောတူထားတဲ့ အချက်တွေကို ဆောင်ရွက်သွားဖို့ ပြောပြပါတယ်”ဟု အထက်ပါပုဂ္ဂိုလ်၏ ပြောပြ ချက်အရ သိရသည်။

ထို့ပြင် ယင်းအဖွဲ့နှစ်ဖွဲ့သည် မတ်လ ၈ရက်နေ့တွင်လည်း ဆွေးနွေးမှုများပြုလုပ်ခဲ့သော်လည်း အစိုးရမှဘက်မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့၏ လမ်းစဉ်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့တို့၏ လမ်းစဉ်တို့မှာ ကွဲလွဲမှုများရှိနေခဲ့ပြီး ထပ်မံ၍ မတ်လ ၉ရက်နေ့ မနက်ပိုင်းတွင် ဆွေးနွေးခဲ့သည့် တွေ့ဆုံဆွေးနွေးမှု တွင် အစိုးရဘက်မှ ဦးအောင်သောင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ သဘောတူညီခဲ့ခြင်းကြောင့် အဆင်ပြေမှုများ ဖြစ်ပေါ်ခဲ့ပြီး အပစ် အခတ်ရပ်စဲရေးအား ဆက်လက်ဆွေးနွေးရန် ဖြစ်နိုင်သည့် အခြေအနေသို့ ရောက်ရှိနိုင်သည်ဟု အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောကြားချက်အရ သိရသည်။

“ဒီနေ့မှာ သူတို့ဘက်က တပ်ကိစ္စတွေ အပြီးပြတ်ဆောင်ရွက်ထားရန်၊ မနေ့က အဆိုပြုချက်ပေါ်မှာ နှစ်ဖက်သဘောတူရန်နဲ့ နိုင်ငံတကာရဲ့ စောင့်ကြည့် လေ့လာမှုအောက်မှာ လက်မှတ်ထိုးကြရန် တောင်းဆိုထားပါတယ်။ အဲဒါကြောင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့က အပစ်အခတ်ရပ်စဲဖို့ ဆွေးနွေးရန် ဖြစ်နိုင်ချေရှိပါ တယ်လို့ ပြောဆိုနေကြတယ်”ဟု ကေအိုင်အိုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်းကချင်လွတ်မြောက်ရေး အဖွဲ့(KIO)သည် စစ်ရေးလှုပ်ရှားမှုများကြောင့် ပျက်စီးသွားသော ကျေးရွာများအား ပြန်လည် တည်ဆောက်သွားရန်နှင့် ဒေသတွင်းရှိ ပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး လုံခြုံကောင်းမွန်ရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်တိုးတက်စေရေးဆိုသည့် အချက်များကိုလည်း တောင်းဆို ထားသည်ဟု သိရပြီး ယင်းဆွေးနွေးမှုအား မတ်လ ၈ရက်နေ့မှစတင်၍ သုံးရက်ကြာပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းများအရ သိရသည်။

ထိုကချင်လွတ်မြောက်ရေးအဖွဲ့သည် ယခင် ၁၉၉၄ခုနှစ်အချိန်တွင်လည်း အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်အား ရေးထိုး ခဲ့သော်လည်း နအဖအစိုးရလက်ထက်မဖျက်သိမ်းခင်အချိန်၌ပင် ယင်းသဘောတူညီချက်မှာ ပျက်ပြားသွားခဲ့ပြီး ထိုသို့ပျက်ပြားရခြင်းမှာ ယင်းကဲ့သို့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များအား နယ်ခြားစောင့် တပ်များပြုလုပ်ခိုင်းခြင်းနှင့် လက်နက်ချခိုင်းခြင်းများ ပြုလုပ်ခိုင်းသောကြောင့် ဖြစ်သည်ဟုလည်း သတင်းဖော်ပြချက် များအရ သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ဒီချုပ်ဥက္ကဋ္ဌ မဲဆွယ်စည်းရုံးရန် မော်လမြိုင်မြို့နယ်တွင် နေရာအခက်အခဲဖြစ်

မတ်လ ၁၁ရက်နေ့တွင် ပါတီစည်းရုံးရေးအတွက် NLDပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မွန်ပြည်နယ် ခရီးစဉ်တွင် ဟောပြောရန်အတွက် နေရာ အဆင်မပြေဖြစ်ခြင်းကြောင့် သက်ဆိုင်ရာကော်မတီမှ ခွင့်ပြုလိုက်သည့် ယင်းမြို့နယ်ရှိ လူဦးရေ တစ်သိန်းခန့် ဆန့်သည့် ဘောလုံးကွင်း တစ်ကွင်းသို့ သွားရောက် ဟောပြောရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ပထမဟောပြောမယ့်နေရာက မော်လမြိုင်မြို့မှာရှိတဲ့ သံလွင်ဥယျဉ်မှာ ဟောပြောမယ်ဆိုပြီး သက်ဆိုင်ရာကို တင်ပြထားတယ်။ ဒါပေမယ့် စည်ပင်က ဥယျာဉ်မှာရှိတဲ့ ပန်းပင်တွေပျက်စီးမှာစိုးလို့ဆိုပြီး မြို့နဲ့ ၆မိုင်ကျော်လောက်ဝေးတဲ့ ကျွဲခြံကုန်းကျေးရွာက ဘောလုံးကွင်းကို ပေးခဲ့ပါတယ်။ အဲဒီကွင်းကို သွားရ တာလဲ ခက်ခဲသလို တော်တော်လေးလဲ ဝေးတဲ့နေရာတစ်ခု ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်များတွင် လိုက်လံကူညီသည့် NLD အဖွဲ့ဝင် တစ်ဦး၏ ပြောပြချက်အရ သိရသည်။

ပါတီစည်းရုံးရေးအတွက် မော်လမြိုင်မြို့နယ်ရှိ ဘိုကုန်းရပ်ကွက်မှ သံလွင်ဥယျာဉ်တွင် ဟောပြောရန်အတွက် သက်ဆိုင်ရာ ကော်မတီထံသို့ ခွင့်ပြုချက် တောင်း၍ တင်ပြခဲ့သော်လည်း ယင်းဥယျာဉ်အား ခွင့်မပြုခဲ့ဘဲ နောက်ထပ်တင်ပြခဲ့သည့် မော်လမြိုင်မြို့မှ ၆မိုင်အကွာတွင် တည်ရှိသည့် ကျိုက်မရော မြို့နယ်အနီး ကားလမ်းမဘေးမှ ကျွဲခြံကုန်းကျေးရွာတွင်ရှိသည့် ဘောလုံးကွင်း၌သာ ခွင့်ပြုခဲ့ကြောင်း ၎င်း၏ ပြောပြချက်အရ သိရသည်။

ထို့ပြင် NLDပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မော်လမြိုင်မြို့ရှိ Strand Hotelတွင် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့နှင့် ညစာစားပွဲ တစ်ခု ပြုလုပ်မည်ဖြစ်ပြီး ယင်းမြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်မဲဆန္ဒနယ်ဖြစ်သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာအား NLD ပါတီမှ ဒေါ်ခင်ဌေးကြွယ် အပါအဝင်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် တစညပါတီတို့လည်း ဝင်ရောက်ယှဉ်ပြိုင် မည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ညစာစားပွဲ၌တွေ့ဆုံမည့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(MNDF)သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ပါတီဟောင်းတစ်ခုဖြစ်ကြောင်းလည်း သိရှိရသည်။

ATM

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

''နိုင်ငံခြားငွေလဲနှုန်း တန်ဖိုးမြင့်ပြီး  ကူးစက်တတ်တဲ့ Dutch Disease ပြဿနာကို ရှောင်ရှားနိုင်ဖို့ အရေးကြီးဆုံး ဖြစ်ပါတယ်။ အဲဒီလို ငွေတန်ဖိုးတက် တာက ဖွံ့ဖြိုးတိုးတက်မှုကို အတားအဆီးဖြစ်စေတာကြောင့် နိုင်ငံခြားငွေလဲနှုန်းကို ကောင်းစွာစီမံခန့်ခွဲနိုင်ရမှာ ဖြစ်ပါတယ်။ တရုတ်နဲ့ အရှေ့အာရှနိုင်ငံတွေမှာ နိုင်ငံခြားငွေလဲနှုန်း စီမံခန့်ခွဲမှုကို ထိရောက် ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့ သာဓကကောင်းတွေ ရှိပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးရေးလမ်းမှာ တစ်ခုတည်းသော နိုင်ငံခြားငွေလဲနှုန်းသာ ရှိစေတဲ့နည်းနဲ့ ဖွံ့ဖြိုးမှုကို မြှင့်တင်သင့်ပါတယ်။ ငွေလဲနှုန်းအမျိုးမျိုးကြောင့် ဘတ်ဂျက် ခွဲဝေမှုမှာ ထင်သာမြင်သာမရှိဘဲ ထိရောက်မှုကိုလည်း အားနည်းစေတယ်။ ဘတ်ဂျက်ခွဲဝေမှု စနစ်မကျတာနဲ့ မထိန်းချုပ်နိုင်တာတို့က ငွေကြေးဖောင်းပွမှုကို ဖြစ်စေတယ်။ တစ်ခုတည်းသော နိုင်ငံခြားငွေ လဲနှုန်း မထား  နိုင်သေးရင်တောင် ဈေးကွက် ပေါက်ဈေးအရ ဖြစ်ပေါ်နေတဲ့ နိုင်ငံခြားငွေလဲနှုန်းကိုတော့ နိုင်နင်းစွာ စီမံခန့်ခွဲနိုင်ရပါမယ်''

မတ် ၇ ထုတ် BiWeekly ELEVEN အတွဲ (၄) အမှတ် (၄၈) တွင်ပါသည့် “၂၀၁၂ခုနှစ် ဧပြီလ ၁ရက်နေ့မှစ၍ ငွေလဲနှုန်းကို ဈေးကွက်ပေါက် ဈေးအတိုင်း နှုန်းရှင်အဖြစ် ထားရှိမည်”သတင်းမှပါမောက္ခ Dr. Joseph Stiglitz ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ကျွန်တော်က အင်္ဂလန်နိုင်ငံကို ဥပမာနှိုင်းပြီးပြောမယ်။ အင်္ဂလန်အစိုးရက ကျောင်းတွေရဲ့ စီမံအုပ်ချုပ်မှု မှန်သမျှကို သူ့ကျောင်းနဲ့သူ ပေးထားတယ်။ ဒါပေမယ့် လွှတ်တော့မထားဘူး။ စီမံအုပ်ချုပ်မှုကောင်းရင် ကောင်းတဲ့ကျောင်းဆိုတာမျိုးနဲ့ ညံ့ရင်ညံ့တယ်ဆိုတာမျိုး အဆင့်ခွဲပေးထားတယ်။ ဒါက ဘာဖြစ်လာလဲဆိုရင် ကျောင်းတွေရဲ့ အပြိုင်အဆိုင် ကြိုးစားမှုကို ဖြစ်ပေါ်စေတယ်။ နောက်တစ်ခုက သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ အောက်မှာရှိနေရင် တစ်ခုခုဆို ရင် တင်ပြရ၊ ခွင့်ပြုမိန့် တောင်းရနဲ့ မလွတ်လပ်တာမျိုးတွေက ရှိနေမှာပဲ”

မတ် ၈ ထုတ် Popular News အတွဲ (၄) အမှတ် (၁၀) တွင်ပါသည့် “တက္ကသိုလ်၊ ကော်လိပ်များ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရှိလျှင် အနာဂတ်ပညာ ရေး ပိုမိုဖွံ့ဖြိုးမည်” သတင်းမှ နိုင်ငံတကာ ပညာရေး အတိုင်ပင်ခံ ဒေါက်တာ နေဝင်းနိုင်၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဒါဟာ စစ်မှန်တဲ့ ပြည်ထောင်စုကို သွားရာလမ်းကြောင်းပေါ်ကို ရောက်နေတယ်လို့ မြင်ပါတယ်။ အဲဒါကို ဘယ်လောက် အကောင်အထည်ဖော်နိုင်မလဲ၊ လက်ရှိနိုင်ငံရေးဖြစ်စဉ်လမ်းကြောင်းမှာ ရှိနေတဲ့ ပါတီတွေ၊ လွတ်လပ်တဲ့ လူမှုအဖွဲ့အစည်းတွေ၊ Stake holder တွေ ပေါ်မူတည်တယ်။ အဲဒီလိုဖြစ်လာဖို့ ဘယ်လောက် စည်းရုံးနိုင်မလဲ၊ စည်းရုံးနိုင်တဲ့ ပမာဏာပေါ် ဘယ်လောက်ထိ ဖော်ဆောင်နိုင်မလဲ၊ အဲဒီအပေါ်တွေမှာ မူတည်ပြီး ပေါ်ပေါက်လာမယ်လို့မြင် တယ်”

မတ် ၈ ထုတ် Popular News အတွဲ (၄) အမှတ် (၁၀) တွင်ပါသည့် “တိုင်းရင်းသားကိစ္စ သမ္မတ၏ ပြောကြားမှုအပေါ် ရေးရာကျွမ်းကျင်သူ များ ကြိုဆို” သတင်းမှ တိုင်းရင်းသားရေးရာ ကျွမ်းကျင်သူတစ်ဦးဖြစ်သူ တောင်တွင်းကြီး လစ်လပ်မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်ညွန့်၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

**************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၉.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ရွေးကောက်ပွဲကို ရရာနည်းလမ်းဖြင့် အနိုင်ယူရန် တင်းမာသော ပြည်ခိုင်ဖြိုးခေါင်းဆောင်များ လုံးပမ်း

(Bangkok Post မှ 9 March 2012 ရက်စွဲပါ Larry Jagan ရေးသားသော Ruling Party's hardliners seek to win poll at any cost ကို ဘာသာ ပြန်ဆိုသည်)

****************************************************************************************

ရွေးကောက်ပွဲကို ရရာနည်းလမ်းဖြင့် အနိုင်ယူရန် တင်းမာသော ပြည်ခိုင်ဖြိုးခေါင်းဆောင်များ လုံးပမ်း

(Bangkok Post မှ 9 March 2012 ရက်စွဲပါ Larry Jagan ရေးသားသော Ruling Party's hardliners seek to win poll at any cost ကို ဘာသာ ပြန်ဆိုသည်)

မြန်မာ့နိုင်ငံရေး အနာဂတ်ကို ပုံအော လောင်းကြေးထပ်ထားရသော ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲများသည် အမှန်စင်စစ် လစ်လပ် လွှတ်တော်အမတ် နေရာ ၅ဝ အတွက်ကိုသာ ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။ သို့သော် ၂ဝ၁ဝ နိုဝင်ဘာ ရွေးကောက်ပွဲနှင့်မတူသော အချက်မှာ အဓိက အတိုက်အခံပါတီ NLD နှင့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ယခုတစ်ကြိမ် ပါဝင်ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။

ယခုအခါ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ၃ ပတ်မျှသာ လိုတော့သည့်အတွက် မဲဆွယ်စည်းရုံးမှုမှာလည်း အရှိန်အမြင့်ဆုံးတင်နေကြပြီ ဖြစ်သော်လည်း ရွေးကောက်ပွဲများမှာ လွတ်လပ်မျှတမည်လားဆိုသည်မှာ မေးစရာ ဖြစ်နေသည်။ ယခုရွေးကောက်ပွဲတွင် ဤသို့မဖြစ်နိုင်ပါဟု ခိုင်ခိုင်မာမာ ပြောဆိုမှု အချို့လည်း ရှိနေသည်။ သို့သော် အာဏာရပါတီအတွင်း ကန့်သတ်အဆင့်ဖြင့် ထုတ်ပြန်သော မဟာဗျူဟာအစီရင်ခံစာတွင် ၄၈ နေရာစလုံး မည်သည့်နည်းနှင့်မဆို အနိုင်ယူရန် အစီအစဉ်များကို ဖော်ထုတ်ထားသည်။

ယခုရွေးကောက်ပွဲများအပေါ် အားပြုထားသော၊ မူတည်နေသော ကိစ္စများစွာမှာ ပတ်သက်ဆက်နွယ်လျက် ရှိကြသည်။ အီးယူနှင့် အမေရိကန် တို့ကလည်း ယင်းရွေးကောက်ပွဲများ နိုင်ငံတကာ စံညွှန်းမီပါက အရေးယူမှုများ ပြန်ရုတ်သိမ်းပေးရန် စီစဉ်ပြင်ဆင်ထားကြသည်။ ရွေးကောက်ပွဲများကို လွတ်လပ်မျှတစွာ သိက္ခာရှိရှိ ကျင်းပရန် သမ္မတဦးသိန်းစိန်နှင့် လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းတို့က တာဝန်ခံထားကြခြင်း အပေါ် သံသယမရှိသော်လည်း အာဏာရ ပြည်ခိုင်ဖြိုး (USDP)ပါတီဝင် အများစုက အလိမ်အကောက်နည်းမျိုးစုံဖြင့် အနိုင်ယူရန် ကြံစည်နေကြခြင်းကို ဖုံးကွယ်၍ မရနိုင်ပေ။

ပြီးခဲ့သော နိုဝင်ဘာလက သမ္မတကြီး၊ အောက်လွှတ်တော် ဥက္ကဋ္ဌနှင့် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌတို့ တွေ့ဆုံကာ လာမည့် ကြားဖြတ် ရွေးကောက်ပွဲများကို လွတ်လပ်မျှတစွာ ကျင်းပရန် အချက်ကို သဘောတူခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတို့ ပါဝင်ရန် ဆုံးဖြတ်ခြင်း မပြုမီကပင် ယင်းသို့ သဘောတူခဲ့ကြခြင်း ဖြစ်သည်။

ဤကိစ္စကို အစိုးရက အကြိမ်ကြိမ် ကတိပြုထားပြီး ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင် ဦးရွှေမန်းကလည်း လာမည့် ရွေးကောက်ပွဲနှင့် ပတ်သက်သော အရာမှန်သမျှ မြင်သာထင်သာ ရှိရမည်ဟု အမိန့်ထုတ်ပြန်ထားသည်။ ပြီးခဲ့သော ဇန်နဝါရီလက ပြည်ခိုင်ဖြိုးပါတီ အထူးအစည်းအဝေးတွင် ဦးရွှေမန်းက "ပြည်သူကို အနိုင်ကျင့်သော၊ ပါတီမူဝါဒကို ချိုးဖောက်သော၊ ပါတီတွင်း ဒီမိုကရေစီကျင့်သုံးမှုကို နှောင့်ယှက် ဟန့်တားနေသော ပါတီဝင်များအတွက် ပါတီတွင် နေရာမရှိ" ဟု သတိပေး ပြောကြားခဲ့သည်။

သို့သော် ထိုဩဝါဒကို ပါတီဝင်တိုင်းက နာယူခြင်းမရှိကြပါ။ ယခင်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်ပြီး ယခုအစိုးရအဖွဲ့တွင် ဝန်ကြီးရာထူးနှင့် ဝေးခဲ့သော အကြီးတန်းပါတီဝင် အများစုက NLD ပါတီကို ထိုးစစ်ဆင်ရန် စီစဉ်လျက် ရှိသည်။

ရွေးကောက်ပွဲ မဟာဗျူဟာ အစီရင်ခံစာအရ မည်သည့်အခွင့်အရေးမျှ မရှိဟု ဆိုသည်။ သို့ဖြစ်၍ ဧပရယ်ဖူးလ် (ဧပြီ ၁ ရက်)တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် အောင်နိုင်ရေးအစီအစဉ်တွင် တန်စိုးလက်ဆောင် ပေးခြင်း၊ မဲဝယ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မဲလိမ်ခြင်း စသည့်နည်းလမ်းများအပြည့် ထည့်သွင်းထားသည်။ ပြည်ခိုင်ဖြိုး အောင်နိုင်ရေး မဟာဗျူဟာတွင် NLD အမတ်လောင်းများအား ကိုယ်ကျင့်သိက္ခာ လုပ်ကြံ အပုပ်ချခြင်း၊ တန်စိုး လက်ဆောင် ပေးခြင်း၊ မဲရလဒ် ပြင်ဆင်ခြင်း စသည့် အစီအစဉ်များ ပါဝင်သည်။

ပြည်ခိုင်ဖြိုး ပါတီခေါင်းဆောင်များက ယင်းတို့၏အနာဂတ်သည် အစိုးရနှင့် မပတ်သက်ဘဲ လတ်တလော ကြားဖြတ်ရွေးကောက်ပွဲနှင့် လုံးဝ ဆက်နွယ်နေသည်ကို သိရှိနားလည်နေကြပြီ ဖြစ်သည်။ ထို့ကြောင့် လုံးဝ အရှုံးမခံနိုင်ကြဘဲ လက်ရှိအခြေအနေများအရဆိုလျှင် ရွေးကောက်ပွဲ ရလဒ်များသည် ပြည်ခိုင်ဖြိုး ဇာတ်သိမ်းကို ညွှန်ပြနေပြီး သဘောထား တင်းမာသော ခေါင်းဆောင်များအနေဖြင့် ဘေးသို့ရောက်သွားရန် အလား အလာများ ရှိနေပေသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ရင်းနှီးသော အတွင်းလူတစ်ဦး ဖြစ်သူ စက်မှုဝန်ကြီးဟောင်း ဦးအောင်သောင်းသည် ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို ဆန့်ကျင်သော ခေါင်းမာသူ တစ်ဦးအဖြစ် လူသိများသည်။ ၂ဝ၁ဝ ကာလကဲ့သို့ပင် ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးမှုကို ဦးဆောင်နေသူ ဦးအောင်သောင်းသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အမိန့်ကို နာခံသူတစ်ဦးလည်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဆက်လက် ဖြစ်ထွန်းနေသော လုံခြုံမှု၊ အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုများသည် ယခု ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိမှုအပေါ် မူတည်နေသည်ဟု ဦးအောင်သောင်းက ဆိုသည်။ မဲဆွယ်ခြင်းဟူသည် အပြောနှင့် သာမက လက်တွေ့ပါရန်လည်း လိုသည်။ "ဝမ်းဝရန်" မှာ အဓိက ကိစ္စဖြစ်သည်ဟု ပြည်ခိုင်ဖြိုး မဟာဗျူဟာက ဆိုသည်။ ထို့ကြောင့် လမ်းခင်းခြင်း၊ လမ်းပြင်ခြင်း၊ စာသင်ကျောင်းနှင့် ဆေးပေးခန်းများ လှူဒါန်းခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ကတိပေးခြင်း တို့ဖြင့် ပြည်ခိုင်ဖြိုးပါတီကို မဲပေးရန် မက်လုံးပေးလျက် ရှိသည်။ ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီ များကိုလည်း တိုင်းနှင့်ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ကျေးရွာရပ်ကွက် အဆင့်အထိ ဖွဲ့စည်းထားသည်။ ထို့ပြင် တစ်မြို့နယ်လျှင် ကျပ်သိန်း ၅ဝ စီ သုံးစွဲခွင့်ပြုထားသော အထူးဖွံ့ဖြိုးရေး ကော်မတီများကိုလည်း ဖွဲ့စည်းပေးထားသည်။ လိုအပ်ပါက ရံပုံငွေ တိုးမြှင့် သုံးစွဲမည်ဟုလည်း မဲဆွယ်ကြသည်။ ပြီးခဲ့သောလ အနည်းငယ်အတွင်း ယခင်အစိုးရပိုင် လုပ်ငန်းများစွာကို ရောင်းချစုဆောင်းထားခြင်းကြောင့် ရံပုံငွေ မလုံလောက်စရာ မရှိပေ။

ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်မှုများမှာ ကြိုတင် လုပ်ဆောင်ထားသည်ဟုပင် ဆိုနိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူးမဲဆန္ဒနယ်သို့ သွားရာ လမ်းတစ်လျှောက်တွင် လမ်းများကို ပြည်ခိုင်ဖြိုးပါတီက ပြုပြင်နေကြောင်း ရောင်စုံဆိုင်းဘုတ်များ စိုက်ထူထားသည်။ နိုင်ငံတစ်ဝှမ်း ဒေသများတွင်လည်း ဆောက်လုပ်နေသော အခြေခံအဆောက်အဦး စီမံကိန်းများ၊ ဆေးပေးခန်းများ၊ စာသင်ကျောင်းများအတွက် ပြည်ခိုင်ဖြိုးပါတီက ဝင်၍ အမှတ်ယူလျက် ရှိသည်။

ယခုကဲ့သို့  သိသာထင်ရှားသော ရွေးကောက်ပွဲဆိုင်ရာ အကြံအဖန်ကိစ္စများကို စိုးရိမ်ပူပန်သည်ဟု NLD က ထုတ်ဖော် ပြောဆိုထားသည်။ မကြာမီက ရန်ကုန်မြို့တွင် ပြုလုပ်သော NLD သတင်းစာရှင်းလင်းပွဲတွင် ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက "ပြည်ခိုင်ဖြိုးပါတီ အမတ်လောင်း များသည် အခြေခံ အဆောက်အဦနှင့် လျှပ်စစ်မီး ဖြန့်ဝေမှုကို အဆင့်မြှင့်တင်ပေးမည်ဟု ကတိပေးနေကြောင်း" ထောက်ပြ ပြောကြားခဲ့သည်။ ယင်း ကတိကဝတ်များကို ဖြည့်ဆည်းပေးမည့် ပြည်ခိုင်ဖြိုး ရံပုံငွေ မည်သည့်နေရာမှ ရသနည်းဟု NLD က မေးခွန်းထုတ်သည်။ ထိုကဲ့သို့ ကတိများ ပေးခြင်းသည် မဲဝယ်ခြင်းနှင့် အတူတူပင် ဖြစ်ပြီး မလျှော်ကန်သော ဩဇာသုံးခြင်းလည်း ဖြစ်သည်ဟု ဦးဉာဏ်ဝင်းက မှတ်ချက်ပေးသည်။

ပြည်ခိုင်ဖြိုး ရွေူးကောက်ပွဲ မဟာဗျူဟာ စာတမ်းအထောက်အထားအရ မဲဆွယ် စည်းရုံးရေး အစီအစဉ် များတွင် NLD အမတ်လောင်းများ၏ ကိုယ်ရေးအချက်အလက်များကို လေ့လာစုဆောင်းကာ အားနည်းချက်များ ဖော်ထုတ် အပုပ်ချခြင်းလည်း ပါဝင်သည်ကို တွေ့ရသည်။ ဤကိစ္စကို NLD အမတ်လောင်းများ၏ အကျင့်စရိုက်ဆိုးကို ဖော်ထုတ်ကာ ကြောက်ရွံ့မုန်းတီးစိတ်ကို ဖန်တီးရန်ဟု မသဲမကွဲ၊ ဝေဝေဝါးဝါး ရေးသားတင်ပြထားသည်။

ယခင်လက ထားဝယ်စက်မှုဇုန်တွင် မဲဆွယ်စည်းရုံးရာ၌ ထိုဒေသတွင် ကိုယ်ကျိုးစီးပွား မြောက်များစွာ ရှိနေသော ယခင်မွေး/ရေ ဝန်ကြီးဟောင်း ဦးမောင်မောင်သိမ်းက "ပြည်ခိုင်ဖြိုးပါတီကို မဲမပေးပါက အလုပ်အကိုင်များ ဆုံးရှုံးသွားလိမ့်မည်" ဟု ဒေသခံများကို သတိပေး ခြိမ်းခြောက် ပြောဆိုခဲ့သည်။

ပြည်ခိုင်ဖြိုး မဟာဗျူဟာစာတမ်းတွင် ရွေးကောက်ပွဲရလဒ်ကို နောက်ဆုံးနည်းလမ်းအဖြစ် အခွင့်အရေးယူရန် အတိအလင်း ဆိုထားသည်။ အကယ်၍ မဲရေတွက်မှု အားလုံး ရှုံးသွားပါက နောက်ဆုံးမဲစာရင်းကို ပြင်ရန် စီစဉ်ရမည်ဟု ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် အကြီးအကဲများထံသို့ ပေးပို့သော သီးသန့် (ကန့်သတ်အဆင့်) ညွှန်ကြားလွှာတွင် ပါရှိသည်။ ယင်းညွှန်ကြားလွှာတွင် "၂ဝ၁ဝ ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုး အမတ်လောင်းများ ရှုံးနိမ့်ထားသော မဲရုံများကို ဖိအားပေးရမည်။ မဲရုံအရာရှိနှင့် မဲရုံတာဝန်ရှိသူများ အပေါ် ဩဇာရှိအောင် မိတ်ဆွေဖွဲ့ထားရမည်။ ယင်းတို့၏ စီးပွားရေး၊ လူမှုရေး လိုအပ်ချက်များကို လုံလောက်အောင် အကူအညီ ပေးရမည်" ဟု ဖော်ပြထားသည်။ အဆိုပါ ညွှန်ကြားချက်များကို သွယ်ဝိုက် ရေးသားထားသော်လည်း ဖြစ်နိုင်သမျှ မဲလိမ်ရန် ရည်ရွယ်ကြောင်း သိသာ ထင်ရှားနေသည်။

၂ဝ၁ဝ နိုဝင်ဘာလ ရွေးကောက်ပွဲများသည် ကြိုတင်မဲများ အပြည့်ဖြည့်ထားသော မဲပုံးများကြောင့် အဖတ် ဆယ်မရအောင် လုံးဝ နာမည် ပျက်ခဲ့သည်။ ယခုတစ်ကြိမ်တွင်လည်း အလားတူ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်လျက် ရှိကြသည်။

ဦးမောင်မောင်သိမ်းနှင့် ရင်းနှီးသော လက်ရှိရေလုပ်ငန်းဝန်ကြီးသည် ဒေသတွင်း ငါးဖမ်းလှေ သုံးထောင်ခန့်နှင့် ရေလုပ်သား တစ်သိန်းခန့်အား ရက် ၉ဝ ငါးဖမ်းခွင့် ပိတ်ပင်ထားသည်။ ဤကိစ္စသည် ပြည်ခိုင်ဖြိုးအတွက် မဲလိမ်ရန် အသုံးပြုနိုင်မည့် ကြိုတင်မဲများ ထည့်ဝင်ရန် ခြိမ်းခြောက် လုပ်ဆောင်ခြင်းပင် ဖြစ်သည်။

အမတ်လောင်းများအားလုံး အနှောင့်အယှက်ကင်းစွာ ယှဉ်ပြိုင်မှု သေချာစေရန် ရွေးကောက်ပွဲ မဲဆွယ်ခြင်း လုပ်ငန်းစဉ်အစအဆုံးကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် လေ့လာစောင့်ကြည့်ရမည်ဟု ရန်ကုန်အခြေစိုက် အနောက်နိုင်ငံ သံတမန်တစ်ဦးက ဆိုသည်။ "အရင်တစ်ကြိမ်က ပြဿနာ ပေါင်းစုံ ပေးခဲ့တဲ့ ကြိုတင်မဲတွေဟာ ဒီတစ်ကြိမ်မှာလည်း အရေးတကြီး စောင့်ကြည့်ရမယ့် ကိစ္စတစ်ခုပါ" ဟု ယင်းက ပြောသည်။

ရွေးကောက်ပွဲတွင် နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများကို ခွင့်မပြုပါက  NLD အမတ်လောင်းများ အရေအတွက် သိသာစွာ အနိုင်မရခဲ့လျှင် ရလဒ်များ တရားမျှတမှုရှိသည်ဟု လက်ခံပေးရန် ခက်ခဲပါလိမ့်မည်။ သို့သော် ပြည်ခိုင်ဖြိုးပါတီ၏ တင်းမာသော ခေါင်းဆောင်များက ယခု ရွေးကောက်ပွဲတွင် ယင်းတို့အား ဘက်လိုက်ပေးရန် အရေးကြီးသူအဖြစ် တပ်မတော်ကို မျက်စိကျနေပေသည်။

သို့သော် တပ်မတော်သည် ယခုအခါ ပါတီနှင့် ကင်းလွတ်သွားပြီ ဖြစ်၍ ပြည်ခိုင်ဖြိုးပါတီကို မနှစ်သက်ဟု သိရှိသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တပ်မတော်ဘက်မှ ဆန္ဒမဲများကိုပါ ရရှိနိုင်သည်ဟု အကြီးတန်း တပ်မတော်အရာရှိ တစ်ဦးက သုံးသပ်ပြောကြားသည်။

*********************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs