Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၂၀.၃.၂၀၁၂

ပြည်တွင်းသတင်းများ

  1. သတ္တုတွင်းဝန်ကြီးဌာနမှ ပုဒ်မ ၅၀၀ဖြင့် The Voice Weekly Journal သို့ တရားစွဲ
  2. တာမွေ(ယာယီ)ဈေးအား ဈေးသူ/ဈေးသားများ၏ ဆန္ဒအရ လုပ်ဆောင်မည်ဟု ဝန်ကြီးချူပ် ဦးမြင့်ဆွေဂတိပေး
  3. မြန်မာစာနယ်ဇင်းသမဂ္ဂ ပေါ်ပေါက်လာတော့မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ပုံနှိပ်မီဒီယာ ဥပဒေ လွတ်တော်မှ ရေးဆွဲရန် အစီအစဉ်ရှိ
  2. ရွေးကောက်ပွဲ မသမာမှုများရှိနေကြောင်း NLD မှ အရေးပေါ် သတင်းထုတ်ပြန်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

သတ္တုတွင်းဝန်ကြီးဌာနမှ ပုဒ်မ ၅၀၀ဖြင့် The Voice Weekly Journal သို့ တရားစွဲ

မတ်လ ၂၀ရက်နေ့ နေ့စွဲဖြင့် ယနေ့မနက်တွင် အမှတ် (၁) သတ္တုတွင်းလုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးဇော်ကိုကိုသည် ပြည်တွင်းမီဒီယာတစ်ခု ဖြစ်သည့် The Voice Weekly Journal အား အသရေဖျက်မှုဥပဒေ ပုဒ်မ ၅၀၀ဖြင့် အရေးယူပေးပါရန်ဆိုသည့်စာအား ဒဂုံမြို့နယ်ရှိ မြို့နယ်တရားရုံးသို့ လျှောက်ထားလိုက်ပြီဖြစ်ကြောင်း သတင်းများအရ သိရသည်။

ယင်းသို့ လျှောက်ထားခြင်းနှင့် ပတ်သက်၍ ဒဂုံမြို့နယ်တရားရုံးမှ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်တွင် အခြေစိုက်ဖွင့်လှစ်ထားသည့် The Voice Weekly Journal သို့ ယနေ့မနက် ၁၁နာရီခန့်တွင် သမ္မာန်စာပေးပို့ခဲ့ပြီး ယင်း သမ္မာန်စာထဲတွင် လျှောက်ထားခံရသူများဖြစ်သော The Voice Weekly Journal မှ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၊ ပုံနှိပ်ထုတ်ဝေသူ ဒေါ်ခင်ကြွယ်ဦးနှင့် သတ္တုတွင်းဝန်ကြီးသတင်းနှင့် ပတ်သက်ပြီး ရေးသားသည့် သတင်းထောက်များ ပါရှိသည်ဟု The Voice Weeklyမှ အယ်ဒီတာတစ်ဦး၏ ပြောပြချက်အရ သိရသည်။

“ဒီအမှုနဲ့ပတ်သက်ပြီး ဒဂုံမြို့နယ်တရားရုံးက ပြစ်မှုကြီးပုဒ်မ ၅၁နဲ့ လက်ခံထားတာဖြစ်ပါတယ်။ အခု သတ္တုတွင်း ဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဦးဇော်ကိုကိုက ဥပဒေပုဒ်မ ၅၀၀ဆိုပြီး အသရေဖျက်မှုနဲ့ တရားစွဲဖို့သွားပြီး လျှောက်ထားတဲ့အတွက် တရားရုံးကနေ ဒီကနေ့ မနက်ကပဲ ကျွန်တော်တို့ ဆီကို သမ္မာန်စာတစ်စောင် ပို့လိုက်တာပါ။ အဲဒါကို လျှောက်ထားခံရတဲ့သူတွေဖြစ်တဲ့ The Voice Weeklyဂျာနယ်က အယ်ဒီတာချုပ် ဦးကျော်မင်းဆွေရယ်၊ ထုတ်ဝေသူဖြစ်တဲ့ ဒေါ်ခင်ကြွယ်ဦးနဲ့ ပြီးတော့ အဲဒီသတင်းကိုရေးတဲ့ သတင်းထောက်တွေက ခရီးလွန်နေတာကြောင့် သူတို့ကိုယ်တိုင် လက်ခံရရှိတာ မဟုတ်ဘဲ The Voiceမှာရှိတဲ့ စာဝင်ဌာနက ရုံးအနေနဲ့ပဲ လက်ခံထားလိုက်တာဖြစ်ပါတယ်”ဟု အထက်ပါပုဂ္ဂိုလ်၏ ပြောကြားသည်။

ယင်းသို့ ဒဂုံမြို့နယ်တရားရုံးမှ ပေးပို့ခဲ့သည့်သမ္မာန်စာအား လျှောက်ထားခံရသည့်သူများသည် လတ်တလောတွင် ခရီးလွန်နေခြင်းကြောင့် ၎င်းတို့ကိုယ်တိုင် လက်ခံခြင်းမဟုတ်ဘဲThe Voice Weekly သတင်းဌာနရှိ စာဝင်ဌာနက ရုံးအနေဖြင့် လက်ခံထားလိုက်ခြင်းဖြစ်ပြီး လျှောက်ထားခံရသူ များအား ဒဂုံမြို့နယ်တရားရုံးမှ မတ်လ ၂၂ရက်နေ့တွင် ဆင့်ခေါ်၍ ထိုအမှုအား စတင်စစ်ဆေးသွားမည်ဖြစ်ကြောင်း ၎င်း၏ ထပ်မံပြောပြချက်အရ သိရ သည်။

ယင်းကဲ့သို့ တရားစွဲဆိုရခြင်းအကြောင်းအရင်းမှာ The Voice Weekly Journalမှ မတ်လ ၁၂ရက်နေ့တွင် ဖော်ပြခဲ့သည့် “ဝန်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ”သတင်းနှင့် ပတ်သက်၍ ယခုကဲ့သို့ တရားစွဲဆိုရခြင်းဖြစ်ပြီး ယင်းကဲ့သို့နည်းတူ ပြည်တွင်းဂျာနယ် တစ်ခုဖြစ်သည့် မော်ဒန်ဂျာနယ်အား ဆောက်လုပ်ရေးဝန်ကြီးဌာနမှလည်း အသရေဖျက်မှုဥပဒေဖြင့် တရားစွဲဆိုထားပြီး မတ်လ ၂၃ရက်နေ့တွင် ယင်း အမှုအား စတင်စစ်ဆေးမည်ဟု သတင်းများအရ သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

တာမွေ(ယာယီ)ဈေးအား ဈေးသူ/ဈေးသားများ၏ ဆန္ဒအရ လုပ်ဆောင်မည်ဟု ဝန်ကြီးချူပ် ဦးမြင့်ဆွေဂတိပေး

အဆင့်မြင့်ဈေးဆောက်လုပ်ရန် အကြောင်းပြချက်ဖြင့် ဖျက်သိမ်းရန် ပြင်ဆင်နေသည့် တာမွေ(ယာယီ)ဈေးအား ဈေးသူ/ဈေးသားများ၏ ဆန္ဒ သဘောထားအရသာ လုပ်ကိုင်မည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားကြောင်း ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူတစ်ဦး ဖြစ် သည့် ဦးအောင်သိန်းလင်းက မတ်လ ၁၈ ရက်နေ့တွင် ပြောကြားသည်။

ပုဂ္ဂလိကပိုင် ကုမ္ပဏီတစ်ခုဖြစ်သည့် ဂမုန်းပွင့်ကုမ္ပဏီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊  ဈေးများဌာနတို့၏ ပူးပေါင်းဆောင် ရွက်မှုဖြင့် တာမွေ(ယာယီ)ဈေးအား အဆင့်မြှင့်တင်ရန် ယခုနှစ်ဆန်းပိုင်းတွင် ဆောင်ရွက်ခဲ့သည်။

“ဒီဈေးမှာ ဈေးရောင်းချနေတဲ့ ဘယ်ဈေးသူ၊ဈေးသားမှ ဒီဈေးကနေ ပြောင်းလိုစိတ်မရှိပါဘူး။ ဒီနေရာမှာပဲ ဒီလို အစုတ်အပြတ်နဲ့ပဲဖြစ်ဖြစ်၊ အဆင့်မြှင့်ဈေးပဲဖြစ်ဖြစ် နေချင်ပါတယ်”ဟု ယင်းဈေးမှ ကုန်စုံဆိုင်ပိုင်ရှင် ဦးမိုးသူက ပြောကြားသည်။

တာမွေ(ယာယီ)ဈေးအား လက်ရှိရောင်းချနေသည့်နေရာမှ ပြောင်းရွှေ့ခြင်းမပြုရန်အတွက် ယင်းဈေးတွင် လုပ်ကိုင်စားသောက်နေသည့် ဈေးသူ/ ဈေးသား တစ်ထောင်ကျော်က ယင်းတို့၏  ဆန္ဒသဘောထားများကို ပြည်ခိုင်ဖြိုးပါတီထံ တင်ပြခဲ့သည်။

“တိုင်းဒေသကြီး ဝန်ကြီးချုပ်ဆီကို ကျွန်တော်ဖုန်းဆက်ပြီး ဈေးသူ/ဈေးသားတွေရဲ့ သဘောထားတွေကို ပြောပြတော့ ဝန်ကြီးချုပ်ကလည်း ပြည် သူတွေရဲ့ ဆန္ဒအတိုင်း လုပ်ပေးမယ်လို့ ဂတိပေးပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ခိုင်ဖြိုးတာဝန်ခံ ဦးအောင်သိန်းလင်းက ဆိုသည်။

တာမွေဈေးသူ/ဈေးသားများအနေဖြင့် ဦးအောင်သိန်းလင်း၏ ဂတိစကားထက် ပိုမိုတိကျသညိ့ အထောက်အထားများကို ရလိုကြောင်း၊ ဈေးတွင် ကပ်ထားသည့် ဈေးပြောင်းရွှေ့ရန် စာသားများပါဝင်သည့် ဆိုင်းဘုတ်များကို ဖြုတ်ပေးစေလိုကြောင်း ယင်းဈေးသူ/ဈေးသားများကိုယ်စား အုန်းသီး၊ ငှက် ပျောသီးဆိုင်ပိုင်ရှင် ဒေါ်ဌေးဌေးက ဆိုသည်။

“ကျွန်မတို့ဆီကိုလာပြီး ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ်ဆိုတာထက် ပိုတိကျတဲ့ အထောက်အထားတွေပါတဲ့ စာရွက်စာတမ်းတွေ လိုချင်ပါ တယ်”ဟု ယင်း၏ ခံစားချက်ကို ဖွင့်ဟသည်။

ရန်ကုန်မြို့တွင်း ကြုံတွေ့နေရသည့် ဈေးများအား အဆင့်မြှင့်ဈေးများ တည်ဆောက်မည်ဟူသည့် ကိစ္စရပ်သည် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပြည်ခိုင်ဖြိုးပါတီတို့ ပူးပေါင်းလုပ်ဆောင်သည်ဟုလည်း နိုင်ငံရေးပါတီ အများစုက သံသယရှိနေကြသည်။

“အစိုးရက ဖျက်ခိုင်းတယ်။ ဒါကို ပြည်ခိုင်ဖြိုးက ဆရာကြီးလုပ်ပြီး ဝင်တားတော့ ပြည်သူတွေက ပိုချစ်ခင်တာပေါ့။ ဒါတွေသာ တကယ်သေချာ တယ်ဆိုရင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားမယ်”ဟု ဒီမိုကရေစီနှင့် ငြိမ်း ချမ်းရေးပါတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 KP

-----------------------------------------------------------------------------------------------------------------------------------

မြန်မာစာနယ်ဇင်းသမဂ္ဂ ပေါ်ပေါက်လာတော့မည်

စာနယ်ဇင်း လွတ်လပ်မှု၊ စာနယ်ဇင်းသမားများ၏ အခွင့်အရေးကိုကာကွယ်ရန် ဦးတည်၍ဖွဲ့စည်းရန် ပြင်ဆင်နေသည့် မြန်မာစာနယ်ဇင်း သမဂ္ဂအား မတ်လအတွင်း ဖွဲ့စည်းနိုင်ရန် ပြင်ဆင်နေကြောင်း ယင်းကိစ္စရပ်ကို ဦးတည်ဆောင်ရွက်နေသူ ဦးဇော်သက်ထွေးက ယုဇနဟိုတယ်တွင် ပြုလုပ် သည့် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားသည်။

အဆိုပါ သမဂ္ဂဖွဲ့စည်း ပေါ်ပေါ်လာမည်ဆိုပါက ပုဂ္ဂလိကပုံနှိပ်မီဒီယာလုပ်ငန်းတွင် ပါဝင်နေသူများ၊ ပုဂ္ဂလိက ရုပ်သံနှင့် ရေဒီယိုတွင် ပါဝင်နေသူ များ၊ လွတ်လပ်သော  အင်တာနက်သတင်းနှင့် မီဒီယာလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသူအားလုံး ပါဝင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

“မီဒီယာလုပ်ငန်းနဲ့ ထိစပ်နေတဲ့သူတွေအားလုံးကို ပါဝင်စေချင်တာပါ”ဟု ဦးဆောင်ကာ လှုပ်ရှားနေသည့် စာရေးဆရာ မာဂျေက ဆိုသည်။

မတ်လ ၁၈ ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြန်မာစာနယ်ဇင်းသမဂ္ဂ ပေါ်ပေါက်လာရေးအတွက် လုပ်ငန်းကော်မတီငါးရပ်ကို ဖွဲ့စည်းခဲ့သည်။

“မူဝါဒပိုင်းဆိုင်ရာရယ်၊ ဘဏ္ဍာရေးရယ်၊ စည်းရုံးရေးရယ်၊ သတင်းနဲ့ပြန်ကြားရေးရယ် ရုံးအဖွဲ့ရယ်ပါ။ ဒီလိုလှုပ်ရှားမှုတွေ လုပ်နိုင်ဖို့ Stake -holders တစ်ချို့ဆီက အလှူငွေ ကျပ်သိန်းနှစ်ဆယ်ကျော် ရထားပါတယ်”ဟု စာရေးဆရာ မာဂျေက ဆက်လက်ပြောကြားသည်။

အဆိုပါသမဂ္ဂသည် သမ္မတကြီး ဖွဲ့စည်းခိုင်းသည့် လွတ်လပ်သည့် စာနယ်ဇင်းကောင်စီ ဖွဲ့စည်းရန် ပြင်ဆင်နေချိန်နှင့် တိုက်ဆိုင်နေပြီး အင်အား ၁၅၀ ကျော်ရှိကာ နယ်မြို့ကြီးများတွင် အသင်းများ တည်ထောင်ရန် ပြင်ဆင်နေသည့် မြန်မာသတင်းသမားများ ကွန်ရက်၏ စည်းရုံးရေးလုပ်ငန်းစဉ်များ အရှိန်အဟုန်မြှင့်နေသည့် အချိန်နှင့် တိုက်ဆိုင်နေသည်။

KP

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ပုံနှိပ်မီဒီယာ ဥပဒေ လွတ်တော်မှ ရေးဆွဲရန် အစီအစဉ်ရှိ

ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲပြီးစီးသည့် ဟုသတင်းထွက်နေသည့် မြန်မာနိုင်ငံ ပုံနှိပ်သတင်းစာ ဥပဒေကို ပြည်သူလွတ်တော်မှ ရေးဆွဲ သွားရန် အစီအစဉ်ရှိကြောင်း ပြည်သူလွတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် မီဒီယာလောကိုရေးဆွဲပြီး ရှေ့နေချုပ်ရုံးကို တင်ထားသည်ဟု ပြောနေသော်လည်း  လွတ်တော်ကိုယ်စားလှယ် များ ဆွေးနွေးရန် မိတ္တူတောင်းသော်လည်း မရကြောင်း ဥပဒေရေးဆွဲပြဋ္ဌာန်းရန် တာဝန်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ တာဝန်ဖြစ်ကြောင်း ပြန်ကြားဝန်ကြီးဌာနက ဆွဲလို့မရကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

"Media Lawဆိုတာ ပုံနှိပ်မီဒီယာတစ်ခုထဲ မဖြစ်သင့်သလို သတင်းစာဆရာအတွက်လည်း သီးသန့်မဟုတ်ကြောင်း လူအခွင့်အရေးကြေညာစာ အပိုဒ် ၁၉ အရ နိုင်ငံသားအားလုံး သက်ဆိုင်တယ်“ဟု ၎င်းးက ဆိုသည်။

မြန်မာနိုင်ငံ၏ စာနယ်ဇင်းဥပဒေကို စာနယ်ဇင်လောကသာကို ပူပေါင်းပါဝင်ခွင့်မပြုဘဲ ပြန်ကြားရေးဝန်ကြီးဌာနကသာ တဖက်သတ်ရေးဆွဲ ထားပြီး စာနယ်ဇင်သမားများ၏ ထောက်ခံမှုမရဘဲ ဆန့်ကျင်ခြင်းကို ခံနေရသည်ဟု သတင်းဂျာနယ် အယ်ဒီတာတစ်ဦးက ဆိုသည်။

"အားလုံးစိုးရိမ်နေတာ စိစစ်ရေးဖြုတ်လိုက်ပြီး အဲဒီဥပဒေနဲ့ကိုင်မှာကိုပဲ ဥပဒေဆိုတာ ဖွံ့ဖြိုးရေးအတွက် အခွင့်အရေးတွေ ပြဋ္ဌာန်းပြီး ဘာလုပ်လို့ ရတယ် ဘာလုပ်လို့ မရဘူးဆိုတာပဲ ဖြစ်ရမယ်"ဟု ဆိုသည်။

MP

-----------------------------------------------------------------------------------------------------------------------------------

ရွေးကောက်ပွဲ မသမာမှုများရှိနေကြောင်း NLD မှ အရေးပေါ် သတင်းထုတ်ပြန်

လာမည့် ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲရက် နီးကပ်လာသည်နှင့်အမျှ ရွေးကောက်ပွဲဆိုင်ရာ မသမာမှုများမှာ ပိုမို များပြားလာကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ မတ်လ ၁၆ ရက်နေ့နှင့် ၁၉ ရက်နေ့များတွင် အရေးပေါ် သတင်းထုတ်ပြန်ကြေညာခဲ့သည်။

“ထုတ်ပြန်ချက်ထဲမှာလည်း ပါပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် မင်းကင်းမြို့နယ်၊ လောင်းလုံမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ကော့မှူး မြို့နယ်နဲ့ တောင်တွင်းကြီးမြို့နယ်က လစ်လပ်မဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲ မသမာမှုတွေ တော်တော်များရှိနေပါတယ်”ပာု NLD ပါတီမှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ မသမာမှု သတင်းထုတ်ပြန်ချက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ စမြင်ကျေးရွာအုပ်စုတွင် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာစန်းဝင်းမှ ပြည်ခိုင်ဖြိုးပါတီအစည်းအဝေးသို့ မတက်မနေရ တက်ရောက်ရမည်ပာု တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံမဲဆွယ်၍ NLD ပါတီဥက္ကဋ္ဌအား ပုတ်ခတ်ပြောဆိုကာ မူလတန်းလွန်ကျောင်းသို့ မည်သူ့ငွေမှန်း အတိအကျမသိရသည့် ငွေကြေးဖြင့် မူလတန်းလွန်ကျောင်းသို့ ငွေကျပ်  ၃ သိန်းလှူဒါန်းကာ လိုက်လံမဲ ဝယ်ယူလျက်ရှိကြောင်း ဖော်ပြခဲ့ သည်။

ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မတ်လ ၃၀ ရက်နေ့မှ ၃၁ ရက်နေ့အထိသာ ကြိုတင်မဲများ ကောက်ယူရန် ညွှန်ကြားထားသော် လည်း တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ် မဲဆန္ဒနယ်တွင် ၎င်းညွှန်ကြားချက်အား ဆန့်ကျင်ကာ ကော်မရှင်မှ ကြိုတင်မဲများ ကောက်ယူလျက် ရှိကြောင်း၊ မတ်လ ၁၈ ရက်နေ့တွင် ဥတ္တရသီရိရှိ လစ်လပ်မဲဆန္ဒနယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းသူ၏ ပောာပြောပွဲတွင် သစ်သားချွန်ဖြင့် ပစ်ခတ်ခံရခြင်း၊ လက်ရှိ လစ်လပ်မဲဆန္ဒနယ်များရှိ မဲစာရင်းများတွင် မှားယွင်းမှု၊ မပြည့်စုံမှုများမှာလည်း များပြားလျက်ရှိကြောင်း သတင်းထုတ်ပြန် ကြေညာချက်တွင် ဖော်ပြခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ယှဉ်ပြိုင်မည့် ကော့မှူးမဲဆန္ဒနယ်တွင် မဲပေးရမည့်စာရင်း ထုတ်ပြန် ရာ၌ သေဆုံးထားပြီးသူ ၄၁၃ ဦး၏ အမည်စာရင်းပါရှိနေသော်လည်း ၁၃၈၇ ဦး မှာ မဲစာ ရင်းမပါရှိဘဲ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်ရှိ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် လစ်လပ်မဲဆန္ဒနယ်တွင်လည်း မတ်လ ၅ ရက်နေ့ ထိတိုင် မဲစာရင်းများ ရောက်ရှိ လာခြင်း မရှိသေးသည့်အတွက် မတ်လ ၁၂ ရက်နေ့ထိတိုင် မဲစာရင်းများ ကူးယူနိုင်ခြင်း မရှိသေးဘဲ စောင့်ဆိုင်းရလျက်ပင် ရှိနေသေးကြောင်း NLD ပါတီ၏ သတင်းထုတ်ပြန်ကြေညာချက်တွင် ဖော်ပြပါရှိသည်။

                YC

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အခွန်နဲ့ပတ်သက်ပြီးပောရရင် လုပ်ငန်းရှင်တွေအားလုံး အခွန်လိမ်တယ်။ ကျွန်တော်လည်း လိမ်မယ်၊ ဒီလိုလိမ်ရတာက အခွန်ကောက်ခံတဲ့စနစ်ကြောင့်ပါ။ ဥပမာ- မနှစ်က ကျွန်တော်အခွန်သိန်းသုံးထောင်ဆောင်တယ်ဆိုပါ စို့၊ ဒီနှစ်ကျ တော့ အခွန်ရုံးကသိန်းငါးထောင် အခွန်ဆောင်ပါလို့ပြောတယ်။ ကျွန်တော် ဘယ်လိုလုပ်ဆောင်နိုင်ပါ့မလဲ။ မနှစ်က ဒီလောက်မြတ်ပေမယ့် ဒီနှစ် အဲဒီလောက်မြတ်ချင်မှ မြတ်မှာလေ။ မနှစ်က သိန်းသုံးထောင်ကောက်လို့ ဒီနှစ် ငါးထောင် ပေးရမယ်ဆိုတော့ မဟုတ်သေးဘူးလေ။ ဒီတော့ ကျွန်တော်တို့ ဘာလုပ်သလဲဆိုတော့ အစိုးရကို သိန်းငါးရာသွင်းတယ်။ အခွန်ကို သိန်း တစ်ထောင် ပေးလိုက်တယ်။ ဒီတော့ ဘယ်သူနစ်နာသလဲ၊ အစိုးရပဲနစ်နာတယ်။ သိန်းသုံးထောင် ရမယ့်အစား သိန်းငါးရာပဲ ရ လိုက်တယ်”

မတ် ၁၉ ထုတ် The Messenger အတွဲ (၂) အမှတ် (၄၄) တွင်ပါသည့် “စီးပွားရေးလုပ်ငန်းရှင်ကြီးများ အခွန်ရှောင်ကြခြင်းမှာ အစိုးရ၏ အခွန် ကောက်ခံမှု စနစ်အားနည်းချက်ကြောင့်ဟုဆို” သတင်းမှ ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီးတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အစိုးရကအခုလို ပြည်ပမှာရောက်နေတဲ့ သူတွေအတွက်ကိုပါ လိုက်လံပြီးသန်းခေါင်းစာရင်းကောက်ပေးသွားမယ်ဆိုတော့ အဆင်ပြေတာပေါ့။ ဒါပေမဲ့ တရားမဝင်သွားရောက်ခဲ့တဲ့ သူတွေအတွက်ကိုတော့ သေချာစနစ်တကျနဲ့ ကေက်ယူဖို့ လိုတယ်”

မတ် ၁၉ ထုတ် The Messenger အတွဲ (၂) အမှတ် (၄၄) တွင်ပါသည့် “ပြည်ပသို့ တရားမဝင် သွားရောက်နေသည် နိုင်ငံသားများကိုပါ သန်း ခေါင်းစာရင်းကောက်ယူသွားမည်” သတင်းမှ စင်ကာပူနိုင်ငံတွင် တရားဝင် သွားရောက်လုပ်ကိုင်ခဲ့သော ကိုခိုင်သက်ကျော်၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

မေး- စစ်တပ်လွှမ်းမိုးတဲ့ မြန်မာအစိုးရကို အရေးယူပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ တင်းမာတဲ့သဘောထား ရှိတယ်လို့  အစ်မကြီးကို ဝေဖန် ကြ တယ်နော်။

ဖြေ-တိုင်းပြည်စီးပွားရေး ကမောက်ကမဖြစ်တာကို အရေးယူပိတ်ဆို့မှုတွေကြောင့်ဆိုပြီး တချို့က အကြောင်းပြ ပြောဆိုကြတယ်။ ဒါပေမယ့် အဓိက ပြဿနာကတော့ လက်ရှိအုပ်ချုပ်သူအစိုးရရဲ့ ချမှတ်တဲ့ မူဝါဒတွေသာ ဖြစ်တယ်လို့ စီးပွားရေးပညာရှင်တွေက မှတ်ယူကြတယ်။ အစိုးရရဲ့ မူဝါဒ အပြောင်းအလဲဟာ စီးပွားရေးအခြေအနေ ပြောင်းလဲမှုကို ဖြစ်ပေါ်စေမှာပါ။ ဒါဟာ IMF လိုအဖွဲ့အစည်းမျိုးတွေနဲ့ စီးပွားရေးပညာရှင်တွေ ပြောကြတာပေါ့။

မတ် ၂၀ ထုတ် TRUE NEWS အတွဲ (၄) အမှတ် (၂၆) တွင်ပါသည့် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နှင့် အင်တာ ဗျူး” ကောက်နှုတ်ချက်

**************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂ဝ.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း (၁)

  1. အာဏာပိုင်များ၏ မမျှတမှု NLD ကန့်ကွက်

(AFP News မှ 18 March 2012 ရက်စွဲပါ Suu Kyi's party complains of unfair treatment ကို ဘာသာ ပြန်ဆိုသည်)

  1. အိန္ဒိယ UBI ဘဏ် မြန်မာတွင် ရုံးခွဲဖွင့်မည်

(The Telegraph မှ 20 March 2012 ရက်စွဲပါ “UBI to set up office in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

  1. IAEA အား မြောက်ကိုးရီးယားဖိတ်ကြား

(BBC News မှ 19 March 2012 ရက်စွဲပါ UN nuclear watchdog invited North Korea ကို ဘာသာပြန်ဆိုသည်)

  1. စီးပွားရေးနှင့် ယွမ်ငွေကို တရုတ်တို့ မဖြစ်မနေ ပြုပြင်ပြောင်းလဲရမည်ဟု IMF ပြော

(BBC သတင်းဌာနမှ 18 March 2012 ရက်စွဲပါ Lagarde says China must reform economy and yuan ကို ဘာသာပြန်ဆိုသည်)

******************************************************************************

အာဏာပိုင်များ၏ မမျှတမှု NLD ကန့်ကွက်

(AFP News မှ 18 March 2012 ရက်စွဲပါ Suu Kyi's party complains of unfair treatment ကို ဘာသာ ပြန်ဆိုသည်)

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ အကြို အာဏာပိုင်များ၏ မမျှတသော အပြုအမူကို ကန့်ကွက် ထုတ်ဖော် ပြောကြားလိုက်သည်။

စစ်ကိုင်း အနောက်မြောက်ဖက် ကျေးရွာတစ်ရွာမှ ရွာသားများကို လက်ရှိ အာဏာရ ကြံ့ခိုင်ရေးပါတီက ပါတီစည်းဝေးပွဲသို့ အတင်းအကြပ် တက်ရောက်ခိုင်းသည်ဟု NLD ပါတီက ပြောသည်။ ထို့ပြင် ကြံ့ခိုင်ရေးက ကျေးရွာ စာသင်ကျောင်းအတွက် ငွေကျပ် ၃ သိန်းခွဲခန့် လှူဒါန်းခဲ့ပြီး နောက်လ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးအနိုင်ရပါက အလားတူငွေပမာဏကို ထပ်မံ လှူဒါန်းမည်ဟု ကတိပြုပြောဆိုကြောင်း၊ သို့သော် အစိုးရပိုက်ဆံလား၊ ပါတီ ရံပုံငွေလား ဆိုသည်ကို ခွဲခြားပြောဆိုခြင်း မရှိကြောင်း NLD က ထောက်ပြ ဝေဖန်ထားသည်။ ယင်းအပြုအမူများသည် လက်သင့်ခံနိုင်စရာ မရှိသည့်အပြင် ရွေးကောက်ပွဲ ဥပဒေများနှင့်လည်း ဆန့်ကျင်နေသည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားပြု ယှဉ်ပြိုင်မည့် ကော့မှူးမဲဆန္ဒနယ်တွင်လည်း မဲဆန္ဒရှင်စာရင်း၌ ကွယ်လွန်သူ ၄၁၃ ဦး၏ အမည်များ ပါဝင်နေခြင်း၊ မဲပေးခွင့်ရှိသူ ၁၃၈၇ ဦး၏ အမည်များ မဲစာရင်းတွင် မပါဝင်ခြင်း၊ မဲဆန္ဒရှင် ၂၅၉ ဦး၏ အမည်များကို နှစ်ကြိမ်ထည့်သွင်းထားခြင်း စသည့် မသင်္ကာဖွယ် ကိစ္စများကို တွေ့ရှိထားသည်ဟု NLD ၏ကြေညာချက်တွင် ဖော်ပြထားသည်။

ထပ်ပိုင်း အငြိမ်းစား စစ်ဗိုလ်ချုပ်များဖြင့် ဖွဲ့စည်းထားသော ကြံ့ခိုင်ရေးပါတီသည် ပြီးခဲ့သော ၂ဝ၁ဝ နိုဝင်ဘာလ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း ခြိမ်းခြောက်မှုများ၊ လိမ်လည်မှုများ အလွန်အကျွံ ကျူးလွန်ခဲ့ကြောင်း အထောက်အထားများ ပေါ်ထွက်လာသောကြောင့် ကမ္ဘာ့အလယ် အရှက်တကွဲ သိက္ခာကျခဲ့သည်။ ထိုရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား ပါတီဝင်များ မပါဝင်နိုင်အောင် စည်းကမ်း သတ်မှတ်ခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကလည်း ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြသည်။

နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံနေရသောကြောင့် ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် လွဲချော်သွားသူ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ အပြီးတွင်မူ တပ်မတော်အစိုးရက ရွေးကောက်ပွဲ မသမာမှုသတင်းများကို အာရုံပြောင်းလှည့်စားရန် အတွက် အကျယ်ချုပ်ဖမ်းဆီးထားရာမှ ရုတ်တရက် လွှတ်ပေးခဲ့သည်။

ယခု ကြားဖြတ်ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်တော့မည် ဖြစ်သော်လည်း လစ်လပ်အမတ်နေရာ ၄၈ နေရာသာ ပါဝင်သောကြောင့် လွှတ်တော်တွင်း အာဏာရပါတီ၏ ကြီးစိုးမှုကို စိန်ခေါ်ရန် လုံလောက်ဦးမည် မဟုတ်ပေ။ ထို့အပြင် ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသော ကာလမတိုင်မီကပင် ကြိုတင်မဲများ စုဆောင်းပြီးစီးနေပြီဟူသော သတင်းများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်သည်ဟု NLD က ထုတ်ဖော် ပြောဆိုထားသည်။

ယခုကဲ့သို့ NLD က ကန့်ကွက်ခြင်းသည် ပထမဆုံးအကြိမ်ကား မဟုတ်ပေ။ ယခင်လကလည်း NLD ၏ လူထု အစည်းအဝေးပွဲပြီးများ ကျင်းပနိုင်မည့် နေရာများ ပိတ်ပင်ခံရကြောင်း NLD က တိုင်ကြားခဲ့သည်။ သို့သော် နာရီပိုင်းအကြာတွင် တားမြစ်မှုများ ရုတ်သိမ်းသွားသည်ဟုလည်း ထုတ်ပြန်ကြေညာသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဆက်တိုက် ဖြစ်ပေါ်နေသော အပြောင်းအလဲများထဲတွင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဝင်ရန် ဆုံးဖြတ်ခြင်းသည်လည်း အရေးပါဆုံး ပြောင်းလဲခြင်း လက္ခဏာတစ်ခု ဖြစ်နေသည်။ လက်ရှိအစိုးရသစ်က NLD ကို တရားဝင် နိုင်ငံရေး လှုပ်ရှားခွင့် ပေးခြင်း၊ ယခင်က ငြင်းဆိုထားခဲ့သော နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်း၊ တိုင်းရင်းသား သူပုန်များနှင့် အပစ်ရပ် လက်မှတ်ရေးထိုးခြင်းတို့ အပါအဝင် ပြုပြင် ပြောင်းလဲမှုများ ဆက်တိုက် ပြုလုပ်ပြကာ အကဲခတ် လေ့လာသူများ မျက်စိလည်အောင် လုပ်ဆောင်လျက် ရှိသည်။

အစိုးရသည် ပြုပြင်ပြောင်းလဲမှုကို တရားဝင် အသိအမှတ်ပြု ခံရစေရန်နှင့် အနောက်နိုင်ငံ ပိတ်ဆို့ အရေးယူမှုများ ရုတ်သိမ်းစေရန်အတွက် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲတွင် အနိုင်ရသည်ကို မြင်တွေ့လိုပုံရသည်ဟု အကဲခတ် လေ့လာသူများက သုံးသပ် ယုံကြည်လျက် ရှိသည်။

*********************************************************

အိန္ဒိယ UBI ဘဏ် မြန်မာတွင် ရုံးခွဲဖွင့်မည်

(The Telegraph မှ 20 March 2012 ရက်စွဲပါ “UBI to set up office in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

၂၀၁၅ တွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃ ဘီလျံသို့ ရောက်ရှိအောင် နှစ်ဆမြှင့်တင်ရန် စီစဉ်ထားသော အိန္ဒိယ- မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေး လွယ်ကူ ချောမွေ့စေရန်အတွက် အိန္ဒိယနိုင်ငံပိုင် United Bank of India (UBI) ဘဏ်၏ ရုံးခွဲကို ရန်ကုန်မြို့တော်တွင် ဖွင့်လှစ်ရန် စီစဉ်နေပြီဖြစ်သည်။

Bengal ကုန်သည်ကြီးများအသင်းတွင် ပြုလုပ်သော အိန္ဒိယ-မြန်မာ ဆက်ဆံမှုဆိုင်ရာ ဆွေးနွေးပွဲတွင် UBI ဘဏ်ဥက္ကဋ္ဌ ဘာစကာဆင်းက "ရန်ကုန်မြို့မှာ UBI ကိုယ်စားလှယ်ရုံး ဖွင့်ဖို့ ကျွန်တော်တို့ စီစဉ်နေပါတယ်။ ဒီကိစ္စအတွက် အိန္ဒိယအစိုးရဆီက မူအားဖြင့် ခွင့်ပြုချက် ရရှိပြီးဖြစ်ပါတယ်" ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

UBI ဘဏ် ရန်ကုန်ရုံးခွဲကို လာမည့် ဘဏ္ဍာရေးနှစ် ပထမ ၃ လပတ်အတွင်း ဖွင့်လှစ်နိုင်ဖွယ်ရှိသည်ဟု ဘာစကာဆင်းက ဆိုသည်။ "ဒီအစီအစဉ်ကြောင့် ကုန်သည်တွေရဲ့ ငွေပေးငွေယူ အရောင်းအဝယ်ကိစ္စတွေရဲ့ စရိတ်စကကို သက်သာအောင် ကူညီနိုင်မှာဖြစ်တဲ့အပြင် ရလဒ်အနေနဲ့ နှစ်နိုင်ငံ အကြား ကုန်သွယ်ရေး ပိုမို လွယ်ကူချောမွေ့စေမှာ ဖြစ်ပါတယ်" ဟု UBI ဘဏ်ဥက္ကဋ္ဌက ပြောသည်။

အိန္ဒိယ UBI ဘဏ်သည် မြန်မာဘဏ် ၃ ခုနှင့်လည်း နားလည်မှုစာချွန်လွှာများ လက်မှတ် ရေးထိုးထားပြီး ဖြစ်သည်။Bank of India ဘဏ်၊ SBI ဘဏ်၊ Exim ဘဏ် စသော အခြားအိန္ဒိယဘဏ်များသည်လည်း မကြာမီ ကာလအတွင်း မြန်မာနိုင်ငံ၌ ရုံးခွဲများ ဖွင့်လှစ်ကြမည့် အလားအလာ ရှိသည်ဟု UBI ဘဏ်ဥက္ကဋ္ဌ ဘာစကာဆင်းက ပြောကြားသွားသည်။

********************************************************

IAEA အား မြောက်ကိုးရီးယားဖိတ်ကြား

(BBC News မှ 19 March 2012 ရက်စွဲပါ UN nuclear watchdog invited North Korea ကို ဘာသာပြန်ဆိုသည်)

ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ကပြောကြားရာ ၎င်းတို့အား မြောက်ကိုးရီးယားမှ လာရောက် လည်ပတ်ရန် ဖိတ်ကြားထားကြောင်း ဆိုသည်။ မြောက်ကိုးရီးယားသည် လွန်ခဲ့သည့်သုံးနှစ်က ၎င်း၏ စစ်ဆေးရေး လုပ်ဆောင်သူများအား နှင်ထုတ်ခဲ့ဖူးသော နိုင်ငံဖြစ်သည်။

နိုင်ငံတကာ နျူကလီးယားစွမ်းအင် အေဂျင်စီ (IAEA) က ပြောကြားရာတွင် မတ်လ(၁၆)ရက်နေ့က ပြုံယမ်းမှ စာတစ်စောင် လက်ခံရရှိကြောင်း၊ အသေးစိတ်ကိုမူ ညှိနှိုင်းဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြုံယမ်းသည် ပြီးခဲ့သည့်လက ယူရေနီယံသန့်စင်ခြင်း၊ နျူကလီယားနှင့် တာဝေးပစ်ဒုံးကျည် စမ်းသပ်ခြင်းများကို ရပ်ဆိုင်းထားရန် သဘောတူခဲ့သည့် အပြင် ကုလသမဂ္ဂစစ်ဆေးသူများအား တိုင်းပြည်သို့ ဝင်ခွင့်ပေးရန် သဘော တူခဲ့သည်ဟု အမေရိကန်က ပြောသည်။ အပြန်အလှန် အားဖြင့် ဝါရှင်တန်ကလည်း မြောက်ကိုးရီးယားသို့ စားနပ်ရိက္ခာ (၂၄၀၀၀၀) တန်အား ပေးရန် သဘောတူခဲ့သည်။ ထိုသို့လုပ်ဆောင်လာခြင်းမှာ ကင်ဂျုံအန် တက်လာပြီး သုံးလအကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ သို့သော် ပြုံယမ်းက ဒုံးပျံတပ်ထားသောဂြိုလ်တု (Rocket- mounted satellite) လွှတ်တင်မည်ဟု ပြီးခဲ့သည့်အပတ်က ကြေညာခဲ့ရာ မြောက်ကိုးရီးယားက နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်မှုအား သံသယ ဝင်ခဲ့သည်။ မြောက်ကိုးရီးယားကမူ ဂြိုလ်တုလွှတ်တင်မှုမှာ ဧပြီလ ၁၂ မှ ၁၆ ရက်အတွင်း ဖြစ်မည်ဖြစ်ပြီး ခေါင်းဆောင်ကြီး ကင်အီဆွန်း၏ နှစ် ၁၀၀ မြောက်မွေးနေ့အထိမ်းအမှတ် အဖြစ် ဖြစ်ကြောင်း ပြောသည်။ မည်သို့ လွှတ်တင်ခြင်းမဆို ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံဖြတ်ချက်ကို ချိုးဖောက်ခြင်း ဖြစ်ပြီး၊ အမေရိကန်ကလည်း ကြီးမားသော ရန်စမှုဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ဗီယင်နာအခြေစိုက် IAEA က ကြေညာရာတွင် ၎င်းသည် တနင်္လာနေ့က ပြုံယမ်းထံမှ ဖိတ်ကြားချက် လက်ခံရရှိသည်ဟု ဆိုသည်။ ၎င်းက သွားရောက် လည်ပတ်ရေးအတွက် ပြုံယမ်းနှင့်လည်းကောင်း၊ အခြား သက်ဆိုင်သူများနှင့် လည်းကောင်း ဆွေးနွေးသွားမည်ဟု IAEA က ပြောသည်။ “ဘာမှ မဆုံးဖြတ်ရသေးပါဘူး” ဟု IAEA ပြောခွင့်ရပုဂ္ဂိုလ် Gill Tudor က ပြောခဲ့ခြင်းကို ကိုးကား၍ Reuters က ဖော်ပြခဲ့သည်။

ဖိတ်ကြားချက် အသေးစိတ်ကိုမူ IAEA က ဖော်ပြခြင်းမရှိပေ။ IAEA အနေဖြင့် မည်မျှအတိုင်းအတာအထိ စစ်ဆေးခွင့် ရမည်ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးကြောင်း ဗီယင်နာမှ BBC သတင်းထောက် Bethany Bell က သတင်း ပေးပို့ခဲ့သည်။ ယခင်မြောက်ကိုးရီးယားသည် အဓိကနေရာများအား ဝင်ရောက်ရန် ကန့်သတ်ထားကြောင်း သူမက ပြောကြားသည်။

ပြီးခဲ့သည့်ဆယ်နှစ်က ပြုံယမ်းသည် အမေရိကန်နှင့် ညှိနှိုင်းခြင်း အဆင်မပြေမှုကြောင့် IAEA စစ်ဆေးရေးမှူးများကို နှင်ထုတ်ခဲ့ဖူးပြီး ၂၀၀၃ ခုနှစ်ကလည်း နျူကလီယားမပြန့်ပွားရေးစာချုပ်မှ နုတ်ထွက်ခဲ့သည်။ တဖန် နှစ်အနည်းငယ် အကြာတွင် စစ်ဆေးရေးမှူးများအား ပြန်လည်လက်ခံခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ပြန်လည်နှင်ထုတ်ခဲ့သည်။

************************************************

စီးပွားရေးနှင့် ယွမ်ငွေကို တရုတ်တို့ မဖြစ်မနေ ပြုပြင်ပြောင်းလဲရမည်ဟု IMF ပြော

(BBC သတင်းဌာနမှ 18 March 2012 ရက်စွဲပါ Lagarde says China must reform economy and yuan ကို ဘာသာပြန်ဆိုသည်)

ပို့ကုန်တင်ပို့မှုနှင့် ရင်းနှီးမြှုပ်နှံမှုအပေါ် တရုတ်နိုင်ငံ၏ စီးပွားရေးအလွန်အမင်း မှီခိုနေရမှုကို ဘေဂျင်းအစိုးရ အနေဖြင့် ရပ်ဆိုင်းသင့်ပြီဖြစ်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံ ငွေအဖွဲ့(IMF) အကြီးအကဲ Ms Christine Lagarde က အကြံပြုပြောကြားလိုက်သည်။

တရုတ်ပြည်အနေဖြင့် ဈေးကွက်ဦးစားပေးသည့် အပြောင်းအလဲများကို ဆောင်ကြဉ်းနိုင်မည်ဆိုပါက ယွမ်ငွေမှာ ကမ္ဘာလုံးဆိုင်ရာ အရန်ငွေကြေး ဖြစ်လာနိုင်ကြောင်း ၎င်းကပြောဆိုသည်။ Ms Christine သည် ယခု ရက်သတ္တပတ်အတွင်း တရုတ်နှင့် အိန္ဒိယနိုင်ငံများသို့ သွားရောက် လည်ပတ်လျက်ရှိသည်။

ဘေဂျင်းမြို့တော်တွင် တရုတ်နိုင်ငံရေးနှင့် စီးပွားရေးခေါင်းဆောင်များနှင့်တွေ့ဆုံရာ၌ ၎င်းက "ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တည်ငြိမ်မှုရှိလာသည့် အရိပ်အယောင်များ တွေ့မြင်ရပြီ ဖြစ်ကြောင်း" ပြောဆိုသည်။ တရုတ် ခေါင်းဆောင်ပိုင်းသည် ယခုအခါ အပြောင်းအလဲများပြုလုပ်လိုသည့် သဘောမျိုး ရှိနေသည်ကို တွေ့ရကြောင်း၊ ထိုသို့ အပြောင်းအလဲ လုပ်ရာတွင် ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီး တရုတ်ပြည်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်မှု အတွက် အရေးပါသော မောင်းနှင်အားအဖြစ် ဆက်လက်ကျန်ရှိနေနိုင်အောင် အသေအချာ လုပ်ကိုင်သွားရန် လိုအပ်ကြောင်း Ms Christine က ပြောကြားသည်။ မည်သို့ပင်ဆိုစေ တရုတ်အာဏာပိုင်များ အနေဖြင့် မိသားစုဝင်ငွေများ တိုးမြှင့်ပေးရန်လိုအပ်ပြီး စီးပွားရေးတိုးတက်မှု အကျိုးအမြတ်ကို ပြည်သူများ ပိုမိုခံစားနိုင်အောင်လည်း အသေအချာ လုပ်ကိုင်ပေးရန် လိုအပ်ကြောင်း ၎င်းကအကြံပြုပြောဆိုသည်။

ယွမ်ငွေအား ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖြစ်လာရန် တရုတ်ပြည်၏ ဦးတည်ချက်ကို မူဝါဒသဘောအရ  ၎င်းက ကျောထောက်နောက်ခံပြုသည်။ သို့သော် တိကျသေချာသည့် အခြေအနေများ ဖြစ်ထွန်းလာမှသာ အဆိုပါ ဦးတည်ချက် ပြည့်ဝမည်ဖြစ်ကြောင်း သူမကဆိုသည်။

"ဒီကိစ္စအတွက် ခိုင်မာပြီး ပြုပြင်ပြောင်းလဲလွယ်တဲ့ ငွေကြေးလဲလှယ်မှုနှုန်းပါဝင်တဲ့ လမ်းပြမြေပုံတစ်ရပ် လိုအပ်ပါတယ်။ နောက်ပြီးတော့ ပိုပြီး ထိရောက်မှုရှိတဲ့ ငွေပြန်ပေါ်အောင် လုပ်နိုင်တဲ့စနစ်၊ ငွေကြေးစီမံခန့်ခွဲမှုစနစ်၊ အရည်အသွေး မြင့်မားတဲ့ ကြီးကြပ်မှုနဲ့ထိန်းချုပ်မှုစနစ်၊ ကောင်းစွာဖွံ့ဖြိုးမှုရှိတဲ့ ငွေကြေးဈေးကွက်တို့ ပါဝင်ရမှာပါ" ဟု သူမက ပြောသည်။ "အဲဒါတွေအားလုံးဖြစ်ပေါ်လာမယ်ဆိုရင် တရုတ်ယွမ်ငွေ ကမ္ဘာလုံးဆိုင်ရာအဆင့်ကို မရောက်လာနိုင်စရာ မရှိပါဘူး" ဟုလည်း ဆိုသည်။

IMF နှင့် အခြားသော ငွေကြေးအဖွဲ့အစည်းကြီးများက တရုတ်ပြည်သည် ပြည်တွင်းသုံး ယွမ်ငွေကြေးတန်ဖိုးကို နှိမ့်ချထားသောကြောင့် တရုတ်ပို့ကုန် တင်ပို့သူများ အနေဖြင့် မျှတမှုမရှိသော ကုန်သွယ်ရေးအကျိုးအမြတ်များ ရရှိနေကြောင်း ယခင်က ဝေဖန်ပြောဆိုခဲ့ဖူးသည်။

ယခု တရုတ်ပြည်သို့ ခတ္တတဏမျှ သွားရောက်လည်ပတ်ရာတွင် Ms Christine အနေဖြင့် တရုတ်ဒုတိယဝန်ကြီးချုပ် Li Keqiang နှင့်လည်း တွေ့ဆုံခဲ့သည်။ Li Keqiang သည် လက်ရှိဝန်ကြီးချုပ် ဝမ်ကျားပေါင် အငြိမ်းစားယူပါက ၎င်း၏နေရာကို ရယူမည့်သူအဖြစ် ထင်ကြေးပေးခံထားရသူ ဖြစ်သည်။

ကမ္ဘာ့စီးပွားရေးသည် ချောက်ကမ်းပါးစွန်းသို့ရောက်ရှိနေရာမှ ယခုအခါ နောက်သို့ပြန်ဆုတ်နိုင်ပြီဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အပြုသဘော ဆောင်သည့် အမြင်နှင့် သဘောထားမျိုးရှိရန် ပိုမိုလိုအပ်ကြောင်း Ms Christine ကဆိုသည်။ IMF သည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဂရိနိုင်ငံ ကြွေးမြီပြဿနာ အတွက် ချေးငွေ ယူရို ၂၈ ဘီလီယံပေးရန် သဘောတူညီခဲ့သည်။ Ms Christine က အမေရိကန်ပြည်ထောင်စု စီးပွားရေးသည်လည်း ပြန်လည် နာလန်ထူလာသည့် အရိပ်အယောင်များ ရှိလာပြီဖြစ်ကြောင်း ဆိုသည်။

*******************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs