Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၈.၉.၂၀၁၂

ပြည်တွင်းသတင်း

  1. ကိုယ်ပိုင်လျှပ်စစ်ဖြင့် ဂျပန်လုပ်ငန်းစုသုံးခု သီလဝါစက်မှုဇုန်စီမံကိန်း တည်ဆောက်မည်
  2. မြန်မာ့စာတိုက်လုပ်ငန်း ကုမ္ပဏီအဖြစ်ရပ်တည်မည်
  3. အခြေခံလူတန်းစားများ အတိုးနှုန်းသက်သာစွာဖြင့် အလွတ်ငွေချေးယူနိုင်ပြီ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ ဥပဒေပြဋ္ဌာန်း
  2. မိုးသီးဇွန်အဖွဲ့နှင့် ဒေါက်တာနိုင်အောင်အဖွဲ့အား ဒီမိုမိတ်ဆွေအချို့ တွေ့ဆုံဆွေးနွေး

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

ကိုယ်ပိုင်လျှပ်စစ်ဖြင့် ဂျပန်လုပ်ငန်းစုသုံးခု သီလဝါစက်မှုဇုန်စီမံကိန်း တည်ဆောက်မည်

ဂျပန်လုပ်ငန်းစုကြီးသုံးခုမှ ကိုယ်ပိုင်လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်များဖြင့် သီလဝါစက်မှုဇုန်စီမံကိန်း တာဝန်ယူ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

“ဒီလုပ်ငန်းတွေကို ဂျပန်လုပ်ငန်းစုကြီးသုံးခုနဲ့ နိုင်ငံတော်အစိုးရနဲ့ မြန်မာနိုင်ငံ စက်မှုလက်မှု ကုန်သည်လုပ်ငန်းရှင်များအသင်းချုပ်တို့က ပူးပေါင်း ပြီး ဆောင်ရွက်သွားမှာပါ။ ဒီသီလဝါဆိပ်ကမ်းမှာ ရင်းနှိးမြှုပ်နှံဖို့အတွက်လည်း ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ထားပါတယ်။ ၂၀၁၃-၂၀၁၄ လောက်မှာ ပြီးမယ်လို့ ထင်ပါတယ်”ပာု UBFCCI မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကိုယ်ပိုင်လျှပ်စစ်ဖြင့် သီလဝါဆိပ်ကမ်းစီမံကိန်း တည်ဖော်တည်ဆောက်မည့် ဂျပန်လုပ်ငန်းစုကြီးသုံးခုမှာ မစ်ဆူဘီရှီလုပ်ငန်းစု၊ Marubeni နှင့် Sumitomo လုပ်ငန်းစုများဖြစ်ပြီး ယင်းလုပ်ငန်းစုများမှ မြန်မာအစိုးရနှင့် ပူးပေါင်း၍ ၄၉ ရာခိုင်နှုန်းရှယ်ယာထည့်ဝင်ကာ တည်ဆောက်သွားမည်ဖြစ်ပြီး ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ယင်းသီလဝါဆိပ်ကမ်းစီမံကိန်းတွင် အစုရှယ်ယာများပါဝင်နိုင်ရန် နိုင်ငံတော်အစိုးရမှ ဖိတ်ခေါ်ထား ကြောင်း သိရသည်။

“ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံတစ်ရုံနဲ့ စက်မှုလုပ်ငန်းအများအပြားပါတဲ့ သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ဂျပန်အစိုးရက ဘဏ္ဍာ ရေးအကူအညီတွေ ပေးသွားမှာပါ။ ပြီးတော့ သမ္မတကြီးရဲ့ ဂျပန်နိုင်ငံခရီးစဉ်မှာလည်း မြန်မာနိုင်ငံအတွက် ဂျပန်နိုင်ငံက နောက်ထပ်ချေးငွေတွေ ရယူနိုင်ဖို့ အတွက် သဘောတူညီခဲ့ပါတယ်။ ဒီက သီလဝါဆိပ်ကမ်းမှာ ပြည်တွင်း၊ ပြည်ပက လုပ်ငန်းတွေလုပ်ကိုင်နိုင်ဖို့အတွက် ဖိတ်ခေါ်ထားပါတယ်”ပာု စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေမည့် စတော့အိတ်ချိန်းဈေးကွက် ထူထေင်နိုင်ရန် ဂျပန်ဒိုင်ဝါလုပ်ငန်းအုပ်စုက သဘော တူညီခဲ့ပြီး မြန်မာအစိုးရအနေဖြင့် ဂျပန်နည်းပညာကုမ္ပဏီကြီးများနှင့် ပူပေါင်းဆေင်ရွက်နိုင်ရန် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ ဌာနတစ်ရပ် ထူထောင် သွားမည်ဖြစ်ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မြန်မာ့စာတိုက်လုပ်ငန်း ကုမ္ပဏီအဖြစ်ရပ်တည်မည်

မြန်မာ့စာတိုက်လုပ်ငန်းအနေဖြင့် အကျိုးအမြတ် ပိုမိုဖြစ်ထွန်းနိုင်စေရန် ကုမ္ပဏီအဖြစ်ရပ်တည်၌ စာတိုက်လုပ်ငန်းအား ဝန်ဆောင်မှုသစ်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ စီမံကိန်းနှင့် လေ့ကျင့်ရေဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“အရင်နှစ်ပိုင်းမှာ မြန်မာ့စာတိုက်လုပ်ငန်းက အရှုံးတွေနဲ့ပဲ ရင်ဆိုင်ခဲ့ရတယ်။ ဒါ့ကြောင့် မြန်မာ့စာတိုက်လုပ်ငန်းကို ကုမ္ပဏီအဖြစ် ရပ်တည် လုပ်ကိုင်နိုင်အောင် ဆောင်ရွက်သွားမှာပါ။ ပြီးတော့ ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့လည်း ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အတွက် ပိုပြီးခွင့်ပြုပေးသွားမှာပါ။ လက်ရှိတော့ ပြည်တွင်းအမြန်ချောပို့လုပ်ငန်းကို ပုဂ္ဂလိကကုမ္ပဏီသုံးခုနဲ့ ပူးပေါင်းလုပ်ကိုင်နေပါတယ်”ပာု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

မြန်မာ့စာတိုက်လုပ်ငန်းအနေဖြင့် အရည်အသွေးမီ အဆင့်မြင့်နည်းပညာများ အသုံးပြု၍လည်းကောင်း၊ အရည်အချင်းပြည့်ဝသည့် ဝန်ထမ်း ကောင်းများ ခန့်အပ်၍လည်းကောင်း၊ IT နည်းပညာအသုံးပြု၍လည်းကောင်း ပြည်သူများအတွက် ဝန်ဆောင်မှုကောင်းများဖြင့် ကုမ္ပဏီအဖြစ် ရပ်တည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့စာတိုက်လုပ်ငန်းသည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှစတင်၍ ဝန်ဆောင်မှုတစ်ခုအဖြစ် စာပို့လုပ်ငန်းမှ ပြည်ပစာပို့ခများကို ပြည်ပ ရိုးရိုး စာတစ်စောင်လျှင် အခြေခံစာပို့ခ ကျပ် ၃၀ မှ ကျပ် ၅၀၀ နှုန်းသို့ လည်းကောင်း၊ ပြည်ပမှတ်ပုံတင်စာတစ်စောင်လျှင် အခြေခံစာပို့ခ ကျပ် ၈၀ မှ ကျပ် ၁,၂၀၀ နှုန်းသို့လည်းကောင်း တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

အခြေခံလူတန်းစားများ အတိုးနှုန်းသက်သာစွာဖြင့် အလွတ်ငွေချေးယူနိုင်ပြီ

အသေးစားငွေရေး၊ ကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီအနေဖြင့် INGO ငါးဖွဲ့၊ NGO ရှစ်ဖွဲ့၊ သမဝါယမ ၄၁ ဖွဲ့နှင့် ကုမ္ပဏီ ၂၃ ခုအား အသေးစားငွေရေး၊ ကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်များ ချထားပေးပြီးဖြစ်သည့်အတွက် အခြေခံလူတန်းစားများအနေဖြင့် အပေါင်ပစ္စည်း ထားရန်မ လိုဘဲ အတိုးနှုန်းသက်သာစွာဖြင့် အလွတ်ငွေချေးယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့က တစ်နေ့လုပ်မှ တစ်နေ့စားရတာပါ။ အပိုဝင်ငွေရယ်လို့ ဘာမှမရှိဘူး။ ခုလို အပေါင်ပစ္စည်းထားဖို့မလိုဘဲနဲ့ ငွေချေးနိုင်မယ်ဆိုတော့ ဝမ်းသာစရာပေါ့။ တခါတလေ ဆေးခန်းပြဖို့တောင် ပိုက်ဆံကအဆင်မပြေဘူး။ အတိုးနှုန်းကလည်း သက်သက်သာသာနဲ့ဆိုတော့ ဝန်ပိတာမရှိဘဲ ပြန်ဆပ် နိုင်မှာပါ”ပာု လှိုင်သာယာမြို့နယ်တွင်းနေထိုင်သူတစ်ဦးက ပြောကြားသည်။

အသေးစားငွေရေး၊ ကြေးရေးဥပဒေပါ လုပ်ပိုင်ခွင့်ခြောက်မျိုးအနက် လက်ရှိအချိန်တွင် အသေးစားချေးငွေထုတ်ပေးခြင်းနှင့် အပ်ငွေလက်ခံခြင်း နှစ်မျိုးကိုသာ ဆောင်ရွက်ခွင့်ပြုထားပြီး အသေးစားငွေရေး၊ ကြေးရေးကော်မတီအနေဖြင့် အခြေခံလူတန်းစား၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ အခြေခံလူ တန်းစားများ၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးအခြေအနေများ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး၊ ချွေတာစုဆောင်းသည့်အလေ့အထ ပြုစုပျိုးထောင်ရေး၊ အသေးစားစီးပွားရေးလုပ်ငန်းရှင်အသစ်များ ပေါ်ထွက်လာစေရေး၊ အိမ်တွင်းစီးပွားရေးလုပ်ငန်း များ ဖန်တီးပေးရန်နှင့် ချဲ့ထွင်ပေးရေး၊ အခြေခံလူတန်းစားများအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအပြင် အခြားဝင်ငွေရရှိနိုင်သော နည်းလမ်းများဖြင့် အကူအညီပေးရေး၊ ပြည်တွင်း၊ ပြည်ပမှ နည်းပညာများရယူဖြန့်ဖြူးရေး စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် အခြေခံလူတန်းစားများအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်လျက်ရှိသည့် တရားမဝင်ငွေချေးသူများအား လျော့နည်းပပျောက်နိုင်စေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အသေးစားငွေရေး၊ ကြေးရေး ကြီးကြပ်မှုကော်မတီကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ အဖွဲ့ ဝင် ၃၀ ဦးဖြင့် ၂၀၁၁ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် အမိန့်ကြေငြာစာအမှတ် ၅၈/၂၀၁၁ ဖြင့် ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

YC

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ ဥပဒေပြဋ္ဌာန်း

ပြည်ထောင်စုလွှတ်တော်မှ နိုင်ငံခြား ပို့ကုန်၊ သွင်းကုန်ကဏ္ဍ မြင့်တက်လာနိုင်စေရန် ၂၀၁၂ စက်တင်ဘာလ ၇ ရက်နေ့တွင် ပို့ကုန်၊ သွင်းကုန် ဆိုင်ရာဥပဒေကို ပြဋ္ဌာန်းကြေညာခဲ့သည်။

ယခုကဲ့သို့ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းရခြင်းမှာ နိုင်ငံတော် စီးပွားရေးဆိုင်ရာ အခြေခံမူများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် ပို့ကုန်သွင်းကုန်ဆိုင်ရာမူဝါဒများကို ချမှတ်နိုင်ရန်၊ နိုင်ငံတော်၏ ပို့ကုန်သွင်း ကုန်ဆိုင်ရာမူဝါဒများနှင့် ဆောင်ရွက်ချက်များသည် နိုင်ငံတကာကုန်သွယ်မှုစံများနှင့်အညီ ဖြစ်စေရန်၊ ပို့ကုန်သွင်းကုန်ဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရာ တွင် ချောမွေ့လွယ်မြန်ဆန်စေရန်အတွက် ရည်ရွယ်၍ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း ပို့ကုန်သွင်းကုန်ဥပဒေတွင်ပါရှိသည်။

ထို့ပြင် ပို့ကုန်သွင်းကုန်ဥပဒေ၌ တားမြစ်ချက်များအနေဖြင့် ကန့်သတ်ပိတ်ပင်ထားသော ကုန်ပစ္စည်းများအား ပြည်ပသို့ တင်ပို့ခြင်း၊ တင်သွင်း ခြင်း မပြုလုပ်ရန်၊ ခွင့်ပြုချက်ရယူရမည့် ကုန်ပစ္စည်းများအား သက်ဆိုင်ရာ၏ ခွင့်ပြုချက်ဖြင့်သာ တင်ပို့ခြင်း၊ တင်သွင်းခြင်းများ ပြုလုပ်ရန်နှင့် မည်သည့်ခွင့် ပြုချက်ရရှိသူမျှ စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်းမပြုရန်တို့ဖြစ်ကြောင်း သိရသည်။

မည်သည့်ပုဂ္ဂိုလ်မဆို ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များအား ဖောက်ဖျက်ကျူးလွန်ခြင်း၊ လိုက်နာဆောင်ရွက်ခြင်းများမရှိပါက ၎င်း ပုဂ္ဂိုလ်အား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမည်ဖြစ်ပြီး ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ ပြစ်မှုတစ်ရပ်ရပ် ကို ကျုးလွန်ရန်အား ထုတ်သူ(သို့)အားပေးကူညီသူအား ယင်းပြစ်မှုကို ကျူးလွန်သူကဲ့သို့ ပြစ်ဒဏ်ချမှတ်ရမည့်ပြင် ပြစ်မှုကျုးလွန်ရာတွင် အကျုံးဝင်သော သက်သေခံပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်သည်။

ပို့ကုန်၊ သွင်းကုန် ဥပဒေတွင် အမည်နှင့်အဓိပ္ပါယ်ဖော်ပြချက်၊ ရည်ရွယ်ချက်၊ ပို့ကုန်သွင်းကုန်ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကြီးကြပ်ကွပ်ကဲ ခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များနှင့် အထွေထွေအခန်းတို့ ပါဝင်သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မိုးသီးဇွန်အဖွဲ့နှင့် ဒေါက်တာနိုင်အောင်အဖွဲ့အား ဒီမိုမိတ်ဆွေအချို့ တွေ့ဆုံဆွေးနွေး

စက်တင်ဘာလ ၇ရက်နေ့ နေ့လည် ၁နာရီခွဲအချိန်ခန့်မှစတင်၍ မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာဖြင့် လေ့လာရေးခရီးအဖြစ် ရောက်ရှိလာသည့် ယခင် ၁၉၉၂ခုနှစ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၏ ဥက္ကဋ္ဌဖြစ်သည့် ဒေါက်တာနိုင်အောင်နှင့် ဒေါက်တာသောင်းထွန်းအား လက်ရှိ ပြည်တွင်းဒီမိုကရေစီမိတ်ဆွေပါတီအချို့မှ ဗဟန်းမြို့နယ် ရွှေဂုံတိုင်မှတ်တိုင်အနီးရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင် အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးကြောင်း သိရသည်။

"ဒီပွဲမှာ တက်ရောက်လာကြတဲ့ ဒီမိုကရေစီမိတ်ဆွေပါတီအချို့က ဒေါက်တာနိုင်အောင် ဒေါက်တာသောင်းထွန်းနဲ့ အရင်ဆုံး မိတ်ဆက်တယ်။ ဒေါက်တာနိုင်အောင်က သူ့ရဲ့ ကိုယ်ရေးအကျဉ်းအချက်အလက်စာရွက်ကို သတင်းမီဒီယာတွေကို ပေးတယ်။ ပြီးတော့ သူကို တက်ရောက်လာတဲ့ ဒီမိုမိတ် ဆွေပါတီတွေက မေးစရာရှိတာတွေကိုမေးခိုင်းပြီး ဒေါက်တာနိုင်အောင်နဲ့ ဒေါက်တာသောင်းထွန်းက ဖြေတယ်"ဟု အဆိုပါပွဲသို့ တက်ရောက်ခဲ့သည့် အမျိုး သားဒီမိုကရေစီအင်အားစုပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းသို့ ဒီမိုကရေစီမိတ်ဆွေပါတီအချို့နှင့် တွေ့ဆုံခြင်းအား သတင်းမီဒီယာအသီးသီးအား ပါဝင်တက်ရောက်စေသည့် ရည်ရွယ်ချက်မှာ ဝါရင့် နိုင်ငံရေးခေါင်းဆောင်မျာ၏ ဆွေးနွေးသုံးသပ်အကြံပြုချက်များအား နားထောင်ချင်သည့်အတွက်ဖြစ်ကြောင်း၊ ယခု မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အချိန်၌ ၎င်းတို့အနေဖြင့် တခြား မည်သည့်သတင်းစာရှင်းလင်းပွဲကိုမှ ပြုလုပ်ရန်အစီအစဉ်မရှိကြောင်း ဒေါက်တာနိုင်အောင်က အစည်းအဝေးမစခင် သတင်းမီဒီယာများသို့ ပြောကြားသည်။

"ကျွန်တော့်အနေနဲ့ အခုလို တွေ့ဆုံရတာက ဒီထဲမှာ ဝါရင့်နိုင်ငံရေးသမားကြီးတွေလည်းပါတယ်။ သူတို့ရဲ့ အခုလက်ရှိ မြန်မာနိုင်ငံအခြေအနေကို သုံးသပ်ဆွေးနွေးအကြံပြုချက်တွေကို နားထောင်ချင်လို့ ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော့်အနေနဲ့ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ အစီအစဉ်မရှိတဲ့အတွက် အခုအစည်းအဝေးမှာ သတင်းမီဒီယာတွေကို တက်ရောက်ခွင့်ပြုတာဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံတော်သမ္မတနဲ့လည်း တွေ့ဆုံရန် အစီအစဉ်ရှိပါသေး တယ်"ဟု ၎င်းက ဆိုသည်။

ထို့နောက် ယင်းသို့ ဒီမိုကရေစီမိတ်ဆွေပါတီအချို့နှင့် ဒေါက်တာနိုင်အောင်တို့ ဆွေးနွေးရာ၌ လက်ရှိ နိုင်ငံရေးအခြေအနေနှင့် ဒေါက်တာနိုင် အောင်မှ ဆက်လက်လုပ်ဆောင်မည့် အခြေအနေပုံစံတို့အား ထည့်သွင်းဆွေးနွေးကြောင်း သိရပြီး တက်ရောက်လာသည့် ပါတီအချို့မှ ဒီမိုကရေစီနှင့် ငြိမ်း ချမ်းရေးပါတီ၏ အတွင်းရေးမှူး ဦးမျိုးညွန့်မှ ၎င်း၏ လက်ရှိ နိုင်ငံရေး သဘောထားအချို့နှင့် နိုင်ငံရေးကိစ္စရပ်တစ်ချို့ကို ဒေါက်တာနိုင်အောင်အား ပထမ ဦးစွာ မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

"ဒီဆွေးနွေးပွဲမှာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီရဲ့ အတွင်းရေးမှူး ဦးမျိုးညွန့်ကစပြီး သုံးသပ်ပြောကြားပြီး သိချင်တဲ့ အခြေအနေကိစ္စရပ် အချို့ကို ဒေါက်တာနိုင်အောင်ကို စပြီးမေးတယ်။ ပြီးတော့ ညီညွတ်ရေးနဲ့ ငြိမ်ချမ်းရေးပါတီက ဦးထွန်းရွှေ၊ ကျွန်တော်တို့ NDF ပါတီက ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းရယ် ဒီမိုကရက်တစ်ပါတီ (မြန်မာ)ရဲ့ ဥက္ကဋ္ဌ ဦးသုဝေတို့က အသီးသီးမေးမြန်းသုံးသပ်ကြပါတယ်"ဟု NDF ပါတီမှ တာဝန်ရှိသူတစ်ဦး က ဆက်လက်ဆိုသည်။

ယင်းဆွေးနွေးပွဲ၌ NDFပါတီမှ ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းမှ ၎င်းတို့၏ ပါတီသဘောထား၊ ပါတီတည်ထောင်ပုံနှင့် ပါတီ၏ မူဝါဒတစ် ချို့အား ရှင်းလင်းပြောကြားကြောင်း သိရှိရပြီး လက်ရှိ လွှတ်တော်တွင်း ဖြစ်ပွားနေသည့် ကိစ္စရပ်အချို့အား သုံးသပ်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရ သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ဒီမိုကရေစီမိတ်ဆွေပါတီအချို့ဖြစ်သည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ပါတီခေါင်းဆောင်ဖြစ်သည့် ဒေါက်တာသန်းငြိမ်း၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ အတွင်းရေးမှူး ဦးမျိုးညွန့်၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးပါတီ ဦးထွန်းရွှေနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နိုင်ခင်မောင်တို့မှ အသီးသီးတက်ရောက်ခဲ့ကြောင်း သိရသည်။

"ပြီးတော့ ကျွန်တော်တို့ ဒီမိုမိတ်ဆွေပါတီကလည်း ၆ရက်နေ့က မိုးသီးဇွန်ဦးဆောင်တဲ့ ငြိမ်းချမ်းရေးမစ်ရှင်အဖွဲ့နဲ့ ယုဇနဟိုတယ်မှာ တွေ့ဆုံခဲ့ပါ သေးတယ်။ ပြီးတော့ ၁၉၆၂မျိုးဆက်၊ ၁၉၇၄မျိုးဆက်၊ ၁၉၈၈မျိုးဆက်နဲ့ ၂၀၀၇မျိုးဆက် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေပေါင်းပြီး စုပေါင်းဓါတ်ပုံရိုက်ခဲ့ ကြပါတယ်"ဟု NDF ပါတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ပြောကြားသည်။

ထို့ပြင် ဒီမိုကရေစီမိတ်ဆွေပါတီအချို့သည် စက်တင်ဘာလ ၆ရက်နေ့ နေ့လည် ၁နာရီ ယုဇနဟိုတယ်၌ မိုးသီးဇွန် ၇ဦး အဖွဲ့ပါဝင်သည့် ငြိမ်း ချမ်းရေးမစ်ရှင်အဖွဲ့နှင့် တွေ့ဆုံခဲ့ကြသေးကြောင်း ယင်းတွေ့ဆုံမှု၌ တက်ရောက်လာသည့် ဒီမိုကရေစီမိတ်ဆွေပါတီမှ သဘောထားအသီးသီးအား ထုတ် ဖော်ပြောကြား၍ နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံစဉ်က ပြောကြားတင်ပြချက်များကိုလည်း ထည့်သွင်းပြောကြားကြောင်း သိရှိရပြီး မိုးသီးဇွန် ၇ဦးအဖွဲ့ပါဝင် သည့် ငြိမ်းချမ်းရေးမစ်ရှင်အဖွဲ့ သည် စက်တင်ဘာ ၁၀ရက်နေ့ နောက်ပိုင်း၌ ဧရာဝတီတိုင်းအတွင်း ဖြစ်ပွားနေသည့် လယ်ယာမြေကိစ္စများနှင့် ပတ်သက်၍ သွားရောက်လေ့လာရန် အစီအစဉ်ရှိကြောင်း သိရသည်။

ATM

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“စွပ်စွဲပြစ်တင်ခြင်းကို လွယ်ကူစွာ မပြုလုပ်နိုင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပြီး လွှတ်တော်အနေနှင့်လည်း ရှောင်လွှဲ၍မရ၍သာ ယခုအခြေ အနေအထိ ရောက်ရှိခဲ့ခြင်း ဖြစ်တယ်။ နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးကို ဆောင်ရွက်ရန် သန္နိဋ္ဌာန်ချထားသည့်အတွက် လွှတ်တော်က လုပ်ဆောင်ရ မည့် အခွင့်အလမ်းများ ရှိရန်လိုအပ်ကာ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒကို အလေးထားရခြင်း ဖြစ်ပါတယ်”

စက်တင်ဘာ ၈ရက်ထုတ် The Voice Weekly ဂျာနယ် အတွဲ (၈) အမှတ် (၃၆) တွင်ပါရှိသည့် “ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များကို နှုတ်ထွက်ခွင့်ပြု” သတင်းမှ သူရဦးရွှေမန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------------------------------

“ငါးသန်းကို ဖြုတ်လိုက်တဲ့အတွက် မလိုအပ်ဘဲ ငွေမြှုပ်ထားရမယ့်ကိစ္စ အလုပ်လုပ်မယ့်လူတွေအတွက် ဝန်ပေါ့သွားတာပေါ့။ ရင်နှီးမြှုပ်နှံမှုမှာ ၅၀/၅၀ ဖြစ် သွားတာလည်း နိုင်ငံတကာက ညီမျှတယ်လို့မြင်ကြတယ်။ ကိုယ်က အပေါ်စီမယူဘူးဆိုတော့ ကောင်းပါတယ်။ ကျွန်တော်က မျက်ကန်းမျိုးစိတ်နဲ့ ကိုယ့် ပစ္စည်း၊ ကိုယ့်မြေကိုယ့်ရေ ပါသွားမလား အတွေးရှိတယ်။ ဒီဘက်ခေတ်မှာ နှစ် (၃၀) ကူးလို့ကုန်မယ့် သတ္ထုတွင်းဆို နှစ် (၃၀)ကြာလို့ သတ္ထုတွင်းဟောင်း နေရာကို ဒီအတိုင်းထားခဲ့လို့မရဘဲ ရေကန်၊ ပန်းမန်၊ ရှုခင်း ပြန်လုပ်ပေးရမယ်ဆိုတဲ့ ဝန်ခံချက်တွေနဲ့ လုပ်ဆောင်ကြရပြီ။ ကမ္ဘာပေါ်မှာ အတွေ့ အကြုံအရ သဘောထားကြီး အမြင်ကျယ်ကျယ်နဲ့ ကျင့်သုံးနေကြပြီ။ စီးပွားရေးအရ ဖိတ်ခေါ်မယ်ဆိုရင် သဘောထားကြီးသလား၊ အမြင်ကျယ်ရဲ့လားကြည့်တာ နောက် နိုင်ငံရေးတည်ငြိမ်မှုလည်းလိုတယ်။ အခု နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းက ခြုံငုံသုံးသပ်ရရင် ကောင်းတယ်လို့ ပြောရမယ်”

စက်တင်ဘာ ၈ရက်ထုတ် Street View ဂျာနယ် အတွဲ (၁) အမှတ် (၃၅) တွင်ပါရှိသည့် “အမေရိကန်ဒေါ်လာငါးသန်း အနည်းဆုံး ရင်းနှီးမြှုပ် နှံရမယ်ဆိုသောအချက်ကို ပယ်ဖျက်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း အတည်ပြုလိုက်ပြီ” သတင်းမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့် (လသာ)၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၈.၉.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ပိုမိုပွင့်လင်းသော အနာဂတ်သို့ တဖြည်းဖြည်းချင်း သွားနေသည့် မြန်မာ

(VOA သတင်းဌာနမှ 5 September 2012 ရက်စွဲပါ ခေါင်းကြီးပိုင်းဖြစ်သော “Burma Creeping Toward More Open Society” ကိုဘာသာ ပြန်ဆိုသည်)

  1. ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကြောင့် ကုမ္ပဏီလုပ်ငန်းငယ်များ ဘေးရောက်သွားနိုင်

(AFP သတင်းဌာနမှ 4August 2012ရက်စွဲပါ “Myanmar Investment law could soildires small firms” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာသို့တိုးရစ်ဝင်ရောက်မှုတိုးမြင့်လာခြင်းကြောင့် ပြဿနာသစ်များနှင့်ကြုံတွေ့ရ

(VOA သတင်းဌာနမှ 7 September 2012 ရက်စွဲပါ “Tourism Surge Presents New Problems for Burma”ကို ဘာသာပြန်ဆိုသည်)

****************************************

ဘာသာပြန်သတင်းများ

ပိုမိုပွင့်လင်းသော အနာဂတ်သို့ တဖြည်းဖြည်းချင်းသွားနေသည့် မြန်မာ

 (VOA သတင်းဌာနမှ 5 September 2012 ရက်စွဲပါ ခေါင်းကြီးပိုင်းဖြစ်သော “Burma Creeping Toward More Open Society”ကို ဘာသာပြန်ဆိုသည်)

ပြီးခဲ့သည့် ရက်သတ္တပတ် အနည်းငယ်အတွင်း မြန်မာအစိုးရက လုပ်ဆောင်ခဲ့သော ပြုပြင်ပြောင်းလဲမှုများအနက် အချို့မှာ တိုင်းပြည် အနာဂတ် အတွက် လွန်စွာအရေးကြီးပါသည်။ အထူးသဖြင့် အစိုးရက လတ်တလော ထုတ်ဖော်ပြောဆိုထားသည့် သတင်းစာ လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ လှုပ်ရှား ခွင့် အစရှိသည့် အရေးကိစ္စ နှစ်ရပ်မှာ မြန်မာနိုင်ငံအတွက် လွန်စွာအရေးကြီးလှသည်။

ပြန်ကြားရေး ဝန်ကြီးဌာနက ပြီးခဲ့သည့် သြဂုတ်လ လယ်ခန့်တွင် မြန်မာ့မီဒီယာလောကအတွက် လွန်စွာတင်းကြပ်လှသည့် ဆင်ဆာ တည်းဖြတ်မှု လုပ်ငန်းစဉ်ကို ဖျက်သိမ်းပစ်လိုက်သည်။ သို့အတွက်ကြောင့် သတင်းမီဒီယာများမှ အယ်ဒီတာများ အနေဖြင့် ပုံနှိပ်ထုတ်ဝေမှု မပြုမီ ၎င်းတို့ရေးသားသော သတင်း၊ ဆောင်းပါးနှင့် အခြားသော အကြောင်းအရာများကို အစိုးရ ခွင့်ပြုချက် ရယူစရာ မလိုတော့ပေ။ ထိုသို့ အစိုးရ ဆင်ဆာအဖွဲ့သို့ ကြိုတင် တင်ပြစရာ မလိုဘဲ ပုံနှိပ်ထုတ်ဝေခွင့် ပြုမှုကို ပြီးခဲ့သည့် ၂၀၁၁ခုနှစ်အတွင်း အားကစား၊ ဖျော်ဖြေရေး၊ ကျန်းမာရေးနှင့် ကလေးသူငယ်ဆိုင်ရာ မီဒီယာများကို ခွင့်ပြုခဲ့ သည်။

အမှန်စင်စစ် မြန်မာအစိုးရသည် ပြီးခဲ့သည့် ဇွန်လကတည်းက မှုခင်းသတင်းများနှင့် စီးပွားရေးသတင်းများ အသားပေး ဖော်ပြသည့် ဂျာနယ်နှင့် စာစောင်များကို ဆင်ဆာတည်းဖြတ်မှု ရပ်ဆိုင်းခဲ့သလို ဗွီအိုအေ အမေရိကန်အသံ အပါအဝင် အင်တာနက်ဝက်ဘ်ဆိုက် အတော်များများကိုလည်း ဖွင့်ပေးခဲ့ သည်။ နိုင်ငံခြားသတင်းစာဆရာများကိုလည်း မြန်မာပြည်တွင်းသို့ ဝင်ရောက်ခွင့် ပြုခဲ့သည်။ သြဂုတ်လ ကုန်ပိုင်းတွင်မူ ယခင်စစ်အစိုးရ လက်ထက်က နာမည်ပျက်စာရင်း သွင်းထားသော အစိုးရ အတိုက်အခံများနှင့် သတင်းစာဆရာ အချို့ကို ယင်းစာရင်းမှ ပယ်ဖျက်ပေးလိုက်ပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့် သို့မဟုတ် ပြည်ပသို့ ထွက်ခွာခွင့် ပြုခဲ့သည်။ ထိုသို့လုပ်ဆောင်ရခြင်းမှာ တိုင်းပြည်၏ အမျိုးသား အကျိုးစီးပွားအတွက် ဖြစ်သည်ဟု အစိုးရက ကြေညာ သည်။ သို့သော်လက်ရှိ လုပ်ဆောင်နေသော ပြုပြင်ပြောင်းလဲမှုများနှင့် တစ်သားတည်း ပြောရမည်ဆိုပါက အဆိုပါ နာမည်ပျက်စာရင်းမှာ တိုတောင်းလာ သည်ဟုပင် ဆိုရမည်။

ကန့်သတ်ပိတ်ပင်မှုများ ဖယ်ရှားပေးလိုက်မှုမှာလည်း မြန်မာ့အမျိုးသား အကျိုးစီးပွားအတွက်သာ လုံးလုံးလျားလျားဖြစ်သည်။ နာမည်ပျက် စာရင်းတွင် ပါဝင်သူများကို ကြည့်မည်ဆိုလျှင် ၎င်းတို့သည် မြန်မာ့လူ့အဖွဲ့အစည်း တိုးတက်အောင်မြင်မှု မရှိအောင်၊ ဈေးကွက်စီးပွားရေးစနစ် ကျယ်ပြန့်နိုင်မှု မရှိအောင်၊ အစိုးရအနေဖြင့် လိုအပ်သော ပြုပြင်ပြောင်းလဲမှုများ မပြုလုပ်နိုင်အောင် ပြုလုပ်ထားသည့် အဟန့်အတားများ၊ တစ်နည်းအားဖြင့် တိုင်းပြည်၏ ချွတ်ယွင်းချက်များအား ထောက်ပြဝေဖန် ခဲ့ကြသူများပင် ဖြစ်သည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု ဟူသည်မှာ အပြုသဘောဆောင်သော အငြင်းအခုန်များအတွက် ခွင့်ပြုခြင်းဖြစ်ပြီး မီဒီယာ လွတ်လပ်ခွင့် ဟူသည်မှာ အဆိုပါ အငြင်းအခုန်များအတွက် အိုင်ဒီယာများ ဖြန့်ဝေပေးရန်၊ ပြည်သူများအနေဖြင့် စစ်မှန်သော အခြေအနေကို သိရှိထားလည်ပြီး မိမိတို့၏ ကိုယ်ပိုင် အိုင်ဒီယာများ ထုတ်ဖော်ရန်ဖြစ်သည်။

အမှန်စင်စစ် မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရော လွတ်လပ်စွာ ရေးသားခွင့်ပါ မရရှိသေးပေ။ နာမည်ပျက် စာရင်းသွင်းခံရသူများ စာရင်းတွင် လူပေါင်း ၄၀၀၀ခန့် ဆက်လက်ကျန်ရှိ နေဆဲပင်ဖြစ်သည်။ ဝေဖန်ရေး ဆရာများနှင့် သတင်းစာဆရာများ အနေဖြင့် ကန့်သတ်ချက်များ၊ အဟန့် အတားများ ကြားတွင် သတိကြီးစွာဖြင့် လုပ်ကိုင်ပြောဆို ကြရမည်သာပင်ဖြစ်သည်။ အစိုးရကို ဝေဖန်လျှင်လည်းများစွာ သတိထား ရမည်ဖြစ်၏။ လတ်တလော အနေအထားတွင် ပုဂ္ဂလိက နေ့စဉ်သတင်းစာများ ထုတ်ဝေနိုင်ခြင်း မရှိသေးပေ။ အစိုးရကသာ အရာရာကို ထိန်းချုပ်ထားဆဲသာ ဖြစ်လေသည်။ သတင်းစာဆရာများနှင့် မီဒီယာ သမားများမှာလည်း နည်းပါးလျက်ရှိပြီး လွတ်လပ်သော မီဒီယာ ကွန်ယက်ကြီး တစ်ခု ပေါ်ပေါက်နိုင်ရေး အတွက် အခြေခံ အဆောက်အဦမှာလည်း အနည်းငယ်မျှသာရှိသည်။

မြန်မာနိုင်ငံအနေဖြင့် ရှေ့ဆက်လုပ်ဆောင်ရမည့် အရေးကိစ္စများစွာ ကျန်ရှိနေပါသေးသည်ဟု ဆိုနိုင်သော်လည်း ပို၍လွတ်လပ်ပွင့်လင်းမှု ရှိသော လူ့အဖွဲ့အစည်းမျိုး ဖြစ်ပေါ်မည့် လမ်းကြောင်းပေါ်၌ ပထမဆုံးခြေလှမ်းကို တည့်တည့်မတ်မတ် လှမ်းယူလိုက်နိုင်ပြီ ဖြစ်သည်ဟု ဆိုရပါမည်။ ယခုလို ပိုမို ပွင့်လင်းသော၊ ချမ်းသာကြွယ်ဝမှုရှိသော  အနာဂတ်ကို ရောက်ရှိနိုင်မည့် လမ်းကြောင်းပေါ်သို့ တက်ရောက်ခဲ့သော မြန်မာနိုင်ငံကို အမေရိကန် ပြည်ထောင်စု က များစွာအသိအမှတ် ပြုလိုက်သည်။

--------------------------------------------------------------------------------------------------------------------------------

ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကြောင့် ကုမ္ပဏီလုပ်ငန်းငယ်များ ဘေးရောက်သွားနိုင်

(AFP သတင်းဌာနမှ 4August 2012ရက်စွဲပါ “Myanmar Investment law could soildires small firms” သတင်းကို ဘာသာပြန်ဆိုသည်)

စိတ်ဝင်တစား စောင့်ကြည့်နေကြသော မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသည် ပြည်တွင်း ကုမ္ပဏီငယ်လေးများကို ဘေးသို့ကန်ထုတ်ပြီး စီးပွားရေး ပြန်နှိုးရန် ရည်ရွယ်သော အဆိုပြုချက်များ၏ ရည်မှန်းချက်များကို နှောင့်နှေး သွားစေလိမ့်မည်ဟု စီးပွားရေး အသိုင်းအဝိုင်း ဦးဆောင်ပုဂ္ဂိုလ်များက အင်္ဂါနေ့က သတိပေးပြောကြားခဲ့သည်။

ယင်းဥပဒေမူကြမ်းသည် ခဲယဉ်းသော ပိုင်ဆိုင်မှု စည်းမျဉ်းများ ချမှတ်ခြင်းဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို အညွန့်ချိုး ပစ်မည့် အန္တရာယ်ရှိသည်ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်(UMFCCI)က ဝေဖန်ထောက်ပြသည်။

နိုင်ငံခြား ကုမ္ပဏီများ အနေဖြင့် အနည်းဆုံး ဒေါ်လာငါးသန်း ရင်းနှီးမြှုပ်နှံကာ ရှယ်ယာ ၄၉ရာခိုင်နှုန်း ပိုင်ဆိုင်ရမည်ဟူသော အဆိုပြု စည်းမျဉ်းသည် လက်တွဲမည့် ပြည်တွင်းကုမ္ပဏီ တစ်ခုအနေဖြင့် အများစုရှယ်ယာ (၅၁ရာခိုင်နှုန်း) ဝင်ဖြစ်ရန် ဒေါ်လာငါးသန်းထက် မနည်းသော ပိုက်ဆံများ ကို ထည့်ဝင်ရမည်ဟု ဆိုလိုရာရောက်ကြောင်း UMFCCIဥက္ကဋ္ဌ ဦးဝင်းအောင်က ရန်ကုန်မြို့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

“ဒီလိုသာဆိုရင် လာမယ့်စီးပွာရေး အခင်းအကျင်းသစ်မှာ အသေးစားနှင့် အလတ်စား လုပ်ငန်းတွေအတွက် နေရာပျောက်သွား ပါလိမ့်မယ်။ များ ပြားတဲ့ မတည်ငွေ သတ်မှတ်ချက်ဟာ နိုင်ငံခြား ကုမ္ပဏီတွေကိုလည်း ဟန့်တားရာ ရောက်ပါတယ်”ဟု ၎င်းက မှတ်ချက်ပေးသည်။

မြန်မာနိုင်ငံ၏ အပြောင်းအလဲကို နိုင်ငံတကာ အသိုင်းအဝိုင်းက အသိအမှတ်ပြု တုန့်ပြန်ကာ sanctionများကို ဖြေလျှော့ဆိုင်းငံ့ပေး ပြီးနောက်တွင် သံယံဇာတ ကြွယ်ဝသော ဈေးကွက်ကို လေ့လာနေသည့် နိုင်ငံခြား ကုမ္ပဏီများ၏ စိတ်ဝင်စားမှု လျှံတက်လာခြင်းကို ကိုင်တွယ်ရန် ယခုရင်းနှီးမြှုပ်နှံမှု ဥပဒေ က ရည်မှန်းထားခြင်း ဖြစ်သည်။

“နိုင်ငံခြား ကုမ္ပဏီတွေ ဝင်ရောက်လာတဲ့ အချိန်မှာ နည်းပညာ၊ ဈေးကွက်တွေကို ထိတွေ့ခွင့် စသဖြင့် ရရှိနိုင်မှာပါ”ဟု ဦးဝင်းအောင်က ဆိုသည်။ “ကျွန်တော်တို့ရဲ့ အသေးစားနှင့် အလတ်စားလုပ်ငန်း (SMEs)တွေမှာ အားနည်းချက် ရှိတယ်ဆိုတာကို ကျွန်တော်တို့အားလုံး သိကြပြီးသား ပါ”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

လက်ရှိလွှတ်တော်တွင် ဆွေးနွေးနေပြီး မကြာမီ ထုတ်ပြန်မည်ဟု ယူဆရသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ မူကြမ်းသည် အိမ်နီးချင်း အာဆီယံ နိုင်ငံများနှင့်လည်း မယှဉ်နိုင်သောကြောင့် အပြစ်တင် ဝေဖန် ခံနေရသည်။

“ဗဟု”အဖွဲ့မှ ဦးဇော်ဦးက “မြန်မာနိုင်ငံ၏ ယခုဥပဒေသည် တင်းကြပ်သော ပိုင်ဆိုင်မှု စည်းကမ်းများ မသတ်မှတ်ကြသော အိမ်နီးချင်း အာဆီယံ နိုင်ငံများ၏ ဥပဒေများနှင့် မကိုက်ညီပါက များစွာဒုက္ခ တွေ့လိမ့်မည်”ဟု ပြောကြားသည်။

                နှစ်ပေါင်းများစွာ တံခါးပိတ် သံချေးတက် ဆွေးမြေ့သွားပြီးမှ တံခါးပြန်ပိတ်လိုက်သော မြန်မာနိုင်ငံသည် သံယံဇာတ ကြွယ်ဝကာ အိန္ဒိယ၊ တရုတ်၊အာဆီယံ သုံးပွင်ဆိုင် အကြားပထဝီဗျူဟာမြောက် တည်ရှိမှုကြောင့် နိုင်ငံခြားကုမ္ပဏီများ အတွက် အလားအလာကောင်းသော ဈေးကွက်ဟု ရှုမြင်ကြသည်။

စစ်အုပ်ချုပ်ရေး မနှစ်က ပြည်ဖုံးကား ချပြီးနောက်တွင် ထင်ရှားသော အပြောင်းအလဲများကို တစ်သီတစ်တန်း ဆက်တိုက်ပြုလုပ်ခဲ့သော သမ္မတ ဦးသိန်းစိန်သည် ပြုပြင်ပြောင်းလဲမှု ဒုတိယအချီတွင် စီးပွားရေးကို အဓိက ဦးစားပေးရန် ဆုံးဖြတ်ထားသည်ဟု သိရှိရသည်။

                ယခုအချိန်အထိ အစိုးရ၏ အထင်ရှားဆုံး စီးပွားရေး ပြင်ဆင်မှုတစ်ခုမှာ ကုန်သွယ်မှု၊ ရင်နှီးမြှုပ်နှံမှု ချောမွေ့စေရန် ယခင်ရှုပ်ထွေးသော ငွေလဲနှုန်း စနစ်ကို ဖျက်သိမ်း၍ ကျပ်ငွေနှုန်းရှင်မျှောခြင်းကို ဧပြီလတွင် စတင်ခဲ့ခြင်းပင်ဖြစ်သည်။

ထို့နောက်တွင် သတ္ထုတွင်းနှင့် ရေနံဓာတ်ငွေ့ ကဏ္ဍများ၌ လာရောက် ရင်းနှီးမြှုပ်နှံကြရန် နိုင်ငံခြား ကုမ္ပဏီများကို အစိုးရက ဖိတ်ခေါ်ခဲ့သည်။ ယခု အချိန်အထိ မြန်မာ့စွမ်းအင် ကဏ္ဍ၏ အသီးအပွင့်များကို ဆင်ရဲနွမ်းပါးသော မြန်မာပြည်သူများထက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများနှင့် အာဏာပိုင်းများကသာ ခွဲဝေခံစား နေကြသည်ဟု ဝေဖန်ဆန်းစစ် သူများက မှတ်ချက်ပေး ပြောဆိုထားသည်။

--------------------------------------------------------------------------------------------------------------------

မြန်မာသို့ တိုးရစ်ဝင်ရောက်မှု တိုးမြင့်လာခြင်းကြောင့် ပြဿနာသစ်များနှင့် ကြုံတွေ့ရ

(VOA သတင်းဌာနမှ 7 September 2012 ရက်စွဲပါ “Tourism Surge Presents New Problems for Burma”ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသို့ ကမ္ဘာ့လှည့် ခရီးသွား တိုးရစ်နှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် ရောက်ရှိလာသူ နိုင်ငံခြားသား ဦးရေမှာ ၃၀ ရာခိုင်နှုန်းကျော် မြင့်တက်လာသလို ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းမှာလည်း နိုင်ငံတွင်း အပြောင်းအလဲ ဖြစ်မှုများကို ဖော်ကျူးသည့် ညွှန်းကိန်းတစ်ခု ဖြစ်လာသည်။

ယခုနှစ် ၇လတာ ကာလအတွင်း မြန်မာနိုင်ငံသို့ ဆိုက်ရောက်လာသော တိုးရစ်ဦးရေမှာ သုံးသိန်းဖြစ်ပြီး အဆိုပါ ပမာဏသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်း ဝင်ရောက်ခဲ့သော ပမာဏ နီးပါးရှိကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ ဝင်ရောက်လည်ပတ် သူများထဲတွင် ထိုင်းနိုင်ငံမှ အများဆုံးဖြစ်သည်။ ထိုင်းနိုင်ငံပြီးလျှင် ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားတို့ရှိသည်။ ဥရောပ တိုက်သားများမှာမူ မြန်မာနိုင်ငံသို့ ဝင်ရောက်သည့် တိုးရစ်စုစုပေါင်း၏ လေးပုံ တစ်ပုံခန့် ရှိသည်။

လာမည့် ၂၀၁၄ခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံထိပ်သီး ဆွေးနွေးပွဲ လက်ခံကျင်းပချိန်တွင် နိုင်ငံခြားသား တိုးရစ် တစ်သန်းနီးပါးခန့် ဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။ လက်ရှိအနေအထားတွင် နိုင်ငံတစ်ဝန်း၌ ဟိုတယ်အခန်းပေါင်း ၂၅၀၀၀ရှိသည်။ စီးပွားရေးမြို့တော်ဟု ဆိုသော ရန်ကုန် တွင်မူ ဟိုတယ်ခန်း စုစုပေါင်း ၈၀၀၀ရှိသည်။

သို့သော် နိုင်ငံခြား တိုးရစ်ဝင်ရောက်မှု အဆမတန် မြင့်တက်လာခြင်းကြောင့် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းများတွင် လုပ်ငန်းကြန့်ကြာမှုနှင့် အခက်အခဲများ တွေ့ကြုံလာရသလို တိုးရစ်နှင့် စီးပွားရေး ခရီးသွားများ အကြား ဟိုတယ်အခန်း ရရှိရေး ယှဉ်ပြိုင်မှုမှာလည်း မြင့်တက်လာသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အခြေစိုက် Asian Trailsမှ အမှုဆောင် အရာရှိချုပ် Luzi Matzigက မြန်မာနိုင်ငံတွင်း ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း အဆမတန် ကြီးထွားလာခြင်းမှာ မကြုံစဖူးပင် ဖြစ်ကြောင်းပြောဆိုသည်။

"ယခုလို တိုးရစ်ဝင်ရောက်မှု အဆမတန် မြင့်တက်လာတာမျိုးကို ကျွန်တော်တို့ ဘယ်နိုင်ငံမှာမှ မကြုံဖူးပါဘူး။ ဘယ်တုန်းကမှလည်း ဒီလိုမျိုး မဖြစ် ဖူးပါဘူး။ ယခု မြန်မာနိုင်ငံကို သွားချင်တဲ့ ခရီးသည်တွေ များပြားနေချိန်မှာ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ပြဿနာက အတော့်ကို ကိုင်တွယ်ဖြေရှင်းရ ခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ ဟိုတယ်ခန်းတွေ ဒါမှမဟုတ် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ လုံလုံလောက်လောက် မရှိတာပါပဲ" ဟု ပြောကြားသည်။

ဟိုတယ်ခန်း ငှားရမ်းမှု နှုန်းထားများ ဈေးအဆမတန် မြင့်တက်ခြင်း၊ အခန်းငှားရမ်းမှုအတွက် အဆင့်မြင့် ကန်ထရိုက်ချုပ်ဆို ပေးနိုင်မှု မရှိခြင်း အစ ရှိသည်တို့ကြောင့် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းများက မကျေမနပ် ဖြစ်လျက်ရှိသည်ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး မှတ်တမ်းများ တိုးတက်ကောင်းမွန် လာခြင်းကြောင့် အနောက်နိုင်ငံများက သတ်မှတ်ပြဋ္ဌာန်းခဲ့သော ပိတ်ဆို့ အရေးယူမှုများ ဆိုင်းငံ့သွားရာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နိုင်ရေးအတွက် လာရောက်သူ နိုင်ငံခြားသား ခရီးသွားဦးရေမှာလည်း မြင့်တက်လာကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ ယခင်တိုးရစ်များ ပုံမှန်ငှားရမ်းလေ့ရှိသော အခန်းများကို အချို့သော ကုမ္ပဏီကြီးများက ကြိုတင်ဘွတ်ကင် လုပ်ထား ကြသည်။

မြန်မာ့ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဦးဌေးအောင်က တိုးရစ်ဝင်ရောက်မှုနှုန်း မြင့်တက်လာမှုမှာ ကြိုဆိုရမည့် ကိစ္စဖြစ်သော်လည်း စိန်ခေါ်မှု အသစ်များကို ဖန်တီးလာကြောင်း၊ အထူးသဖြင့် လူသားအရင်းမြစ်နှင့် အခြေခံအဆောက်အဦး လိုအပ်ချက်ပင် ဖြစ်ကြောင်း ပြောကြားသည်။

"ကျွန်တော်တို့ အနေနဲ့ အဆင့်အတန်းတွေ၊ ဝန်ဆောင်မှု အဆင့်အတန်းတွေ မြှင့်တင်ရပါမယ်။ အဲဒီကိစ္စဟာ အင်မတန် အရေးကြီးပါတယ်။ နောက် တစ်ချက်က သယ်ယူပို့ဆောင်ရေးပါ၊ ပြည်တွင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေပေါ့။ နောက်ပြီးတော့ ဟိုတယ်တွေ၊ ရှိပြီးသား ဟိုတယ်တွေရဲ့ အဆင့်အတန်းကိုလည်း မြှင့်တင်ရပါမယ်။ ကမ္ဘာလှည့် ခရီးသွားတွေ သွားရောက်ကြည့်ရှုတဲ့ နေရာတွေ ကိုလည်းပဲ အလားတူ အဆင့်မြှင့်တင် ရမှာဖြစ်သလို တိုးရစ်တွေအတွက် နေရာသစ်တွေကိုလည်း ထပ်မံဖွင့်လှစ် ရမှာဖြစ်ပါတယ်"ဟု ဦးဌေးအောင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ယခုအခါ ရန်ကုန်မြို့အနီး၌ နိုင်ငံတကာ လေဆိပ်သစ်ကြီးတစ်ခု တည်ဆောက်ရန် စီစဉ်လျက် ရှိသလို ရန်ကုန်ရှိ တိုက်ခန်းများကို ဟိုတယ်ခန်းအဖြစ် ပြောင်းလဲလျက်ရှိရာ ယခုနှစ်အတွင်း ဟိုတယ်ခန်းပေါင်း ၅၀၀အထိ တိုးမြင့်လာသည်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ကမူ မြန်မာနိုင်ငံအတွက် တိုရစ်ဇင်လုပ်ငန်းဆိုင်ရာ မဟာစီမံကိန်းကြီး တစ်ရပ်ကို ပြင်ဆင်ပေးလျက်ရှိပြီး အာရှဒေသ တွင်း လေကြောင်းလိုင်း များကလည်း မြန်မာနှင့် ချိတ်ဆက်ကာ ခရီးစဉ်သစ်များ ပြေးဆွဲပျံသန်း ပေးလျက်ရှိသည်။

ADBမှ စီးပွားရေးပညာရှင် Alfredo Perdigueroက တိုင်းပြည်စီးပွားရေးအတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးသည် လွန်စွာအခရာကျကြောင်း ပြောကြားသည်။

"ဆိပ်ကမ်းတွေမှာရော နယ်စပ်ဒေသတစ်လျှောက်မှာပါ သယ်ယူပို့ဆောင်ရေးကိစ္စနဲ့ပတ်သက်တဲ့ အဟန့်အတားတွေရှိနေဆဲဖြစ်ပါတယ်။ လုပ်ကိုင်နိုင်မှု စွမ်းအားကို ကြည့်မယ်ဆိုရင် အလုပ်သမားတွေ လိုအပ်လာပါတယ်။ ကျွန်တော်တို့မှာ လုပ်ကိုင်ပေးနိုင်စွမ်းတွေ အသေအချာ ရှိနေပေမယ့် လည်း မြန်မာနိုင်ငံရဲ့ အသက်မွေး ဝမ်းကျောင်းပညာနဲ့ တက္ကသိုလ်ပညာရေးစနစ် ဆိုးရွားညံ့ဖျင်းမှုကြောင့် ဘာမှလုပ်လို့မရပဲ ဖြစ်နေပါတယ်" ဟု ၎င်းက ဆိုသည်။ မြန်မာအစိုးရကမူ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းဆိုင်ရာ မူဝါဒများသည် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် အထောက်အကူဖြစ်ကြောင်း၊ အမျိုးသမီးများ အတွက်လည်း အခွင့်အလမ်းများ ရရှိစေမည်ဖြစ်ကြောင်း၊ ပုံမှန်အနေအထားဖြင့် တိုးရစ်ဝင်ရောက်မှု တိုးတက်လာခြင်းကြောင့် ပြည်တွင်းမှ လူ့အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကျိုးအမြတ် ဖြစ်ထွန်းစေမည် ဖြစ်ကြောင်း ပြောဆိုထားသည်။

************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive