Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၆.၁၁.၂၀၁၂

ဘာသာပြန်သတင်းများ

  1. တနင်္ဂနွေနေ့ ငလျင်ကြောင့် ၂၆ ဦးသေဆုံး၊ အင်္ဂါနေ့တွင် နေပြည်တော်အနီးထပ်မံလှုပ်

(Return Nwes မှ 14 Nov 2012 ရက်စွဲပါ “Myanmar quake death toll up to 26, tremor hits capital” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ပက်စီကိုလာက အချိုရည်ကို မြန်မာနိုင်ငံတွင် ပုလင်းသွပ်ရန် ပြင်ဆင်

(13 nov 2012 ရက်စွဲပါ Reuters မှ Pepsi co to sign Myanmar bottling deal as rivalry with Coke grows ကိုဘာသာပြန်ပါသည်)

  1. လုံးလုံးလျားလျား အာမခံချက်မပေးနိုင်သော ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်

(10 Nov 2012 ရက်စွဲပါ The Economist မှ Myanmar’s Investment Law: Burmese Haze ကိုဘာသာပြန်ပါသည်)

  1. မြန်မာခရီးစဉ်သည် အောင်ပွဲခံခြင်းမဟုတ်ဟု အိုဘားမား လက်ထောက်များပြောကြား

(Associated Press မှ 15 November  2012 ရက်စွဲပါ “ Obama aides: Myanmar visit not a victory lap” သတင်းကို ဘာသာပြန်ဆိုသည်)

***********************************************

ဘာသာပြန်သတင်းများ

တနင်္ဂနွေနေ့ ငလျင်ကြောင့် ၂၆ ဦးသေဆုံး၊ အင်္ဂါနေ့တွင် နေပြည်တော်အနီးထပ်မံလှုပ်

(Return Nwes မှ 14 Nov 2012 ရက်စွဲပါ “Myanmar quake death toll up to 26, tremor hits capital” သတင်းကို ဘာသာပြန်ဆိုသည်)

ပြီးခဲ့သောသတင်းပတ်ကုန် ငလျင်လှုပ်မှုကြောင့်သေဆုံးသူအရေအတွက် ၂၆ ဦး အထိရှိနေချိန်တွင် အင်္ဂါနေ့က နေပြည်တော်အနီးတွင် ငလျင်တစ်ခုထပ်မံလှုပ်သွားခဲ့သော်လည်း လတ်တလောထိခိုက်ပျက်စီးမှုသတင်းများ မရရှိသေးဟု ကယ်ဆယ်ရေးအဖွဲ့အစည်းတစ်ခုက ပြောကြားသည်။

နေပြည်တော်၏ တောင်ဖက် ၃၅ မိုင်အကွာကို ဗဟိုပြု၍ မနက် ၈ နာရီ ၃၀ မိနစ်တွင် ပြင်းအား ၄.၈ မဂ္ဂနီကျု ငလျင်တစ်ခုလှုပ်သွားခဲ့သည်ဟု မြန်မာ့ရုပ်သံက ကြေညာခဲ့သည်။

“ကျွန်မတို့နေပြည်တော်က လူတွေက ငလျင်နဲ့ မစိမ်းပေမယ့် ဒီနေ့မနက်ကတော့ အဆောင်ကနေကြောက်အားလန့်အား ထွက်ပြေးခဲ့ရတယ်။” ဟု အမည်မဖော်လိုသူကုန်သွယ်ရေးဌာနအရာရှိတစ်ဦးက ပြောကြားသည်။ နေပြည်တော်တစ်ဝိုက်ပျက်စီးမှုသတင်းများ မကြားမိသေးဟု သူမကဆိုသည်။

တနင်္ဂနွေနေ့က မန္တလေးအနီးတဝိုက် လှုပ်သွားသော အကြီးစားငလျင်ကြောင့် နောက်ဆက်တွဲ ငလျင်လှုပ်မှုများ ရှိနေဆဲဟု တရားဝင်သတင်းများ ထုတ်ပြန်ထားသည်။

နိုင်ငံတကာ ကြက်ခြေနီ IFRC ၏အဆိုအရ ၎င်းငလျင်ကြောင့် ၂၆ ဦးသေဆုံးခဲ့ပြီး ၂၃၁ ဦးထိခိုက်ဒဏ်ရာရရှိကာ အဆောက်အဦးများ ရာနှင့်ချီ၍ ပျက်စီးသွားခဲ့သည်ဟု သိရှိရသည်။

Save the Children အေဂျင်စီမှ ပရိုဂရမ်ဒါရိုက်တာ ဒဲနစ်ဒီပေါ့ က “နှစ်ဆတိုးရေတွက်မှုတွေရှိနိုင် တာကြောင့်အတိအကျ ပြောဖို့ခက်ပါတယ်။” ဟု ပြောကြားသည်။ ဒါဟာ ပထမနေ့ခန့်မှန်းချက်တွေနဲ့ ကွဲလွဲနေတဲ့ အဓိကဘေးဒုက္ခကြီး တစ်ခုမဟုတ်ပါဘူး” ဟု ၎င်းကမှတ်ချက်ပေးသည်။

အရှေ့တောင်အာရှ IFRC ပြောရေးဆိုခွင့်ရှိသူ ကက်သရင်းရုစ်ကလည်း ၎င်းမှတ်ချက်ကို သဘောတူသည်။ “လတ်တလောမှာ ပြင်ပအကူအညီနဲ့ ထောက်ပံ့မှုတွေ မလိုသေးဘူးလို့ မြန်မာကြက်ခြေနီက ဆုံးဖြတ်ထားပါတယ်။ အခြေအနေကို ထိန်းချုပ်နိုင်ပြီ ဖြစ်ပေမယ့် ဆက်ပြီးအကဲဖြတ်နေတုန်းပါပဲ“ ဟု သူမ ကပြောကြားသည်။

----------------------------------------------------------------------------------------------------

ပက်စီကိုလာက အချိုရည်ကို မြန်မာနိုင်ငံတွင် ပုလင်းသွပ်ရန် ပြင်ဆင်

(13 nov 2012 ရက်စွဲပါ Reuters မှ Pepsi co to sign Myanmar bottling deal as rivalry with Coke grows ကိုဘာသာပြန်ပါသည်)

ပက်စီကိုလာသည်ဆယ်စုနှစ်များစွာ အထီးကျန်ဘဝမှနိုးထလာသော မြန်မာနိုင်ငံတွင်ဈေးကွက်ဝေစုအတွက် ကိုကာကိုလာနှင့် ယှဉ်ပြိုင်မှု အရှိန်မြှင့်ရန် မြန်မာနိုင်ငံ၌ ပုလင်းသွပ်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရန် စကားပြောလျှက်ရှိပါသည်။

ကိုကာကိုလာသည် ယခုနှစ်တွင်နှစ်ပေါင်းခြောက်ဆယ်အတွင်း မြန်မာနိုင်ငံသို့ပထမဆုံးအကြိမ် တရားဝင်သဘောင်္တင်ပို့လာခဲ့ပြီး မြန်မာကုမ္ပဏီ တစ်ခုနှင့် ဖက်စပ်ပြုလုပ်၍ ပုလင်းသွပ်ရန် သဘောတူညီချက်ရထားကြောင်း စက်တင်ဘာလက ပြောကြားခဲ့ပါသည်။

သမ္မတဦးသိန်းစိန်၏အစိုးရသည် စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ကိုင်လာခြင်းကြောင့် အနောက်နိုင်ငံများက အရေးယူမှုများ ရုတ်သိမ်းလာချိန်မှစ၍ နိုင်ငံစုံကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလာကြပါသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ထုတ်လုပ်ရေး တည်ထောင်လိုပါတယ်။ လာမယ့်နှစ်မှာ လတ်မှတ်ရေးထိုးနိုင်ပါလိမ့်မယ်” ဟု ပက်စီကိုလာ (အာရှ) ၏ CEO ဖြစ်သူ Saad Abdul-Latif က ရှန်ဟိုင်းတွင် သတင်းထောက်များသို့ အင်္ဂါနေ့ကပြောကြားလိုက်ပါသည်။

၎င်းကို Saad ကရှန်ဟိုင်းတွင် ပက်စီကဖွင့်လှစ်သည့် မြောက်အမေရိကတိုက် ပြင်ပတွင် အကြီးဆုံးဖြစ်သော စားသောက်ကုန်နှင့် အဖျော် ယမကာသုတေသနဗဟိုဌာန ဖွင့်ပွဲတွင်ပြောကြားခဲ့ပါသည်။

သြဂုတ်လက ပက်စီကိုလာသည် မြန်မာနိုင်ငံတွင် ပက်စီဖြန့်ချီရန် ဒိုင်းမွန်းစတားကုမ္ပဏီနှင့် သဘောတူညီချက်လတ်မှတ်ရေးထိုးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ သဘောတူညီချက်အရ ဒိုင်းမွန်းစတားသည် ပက်စီကိုလာ၊ 7-up နှင့် Marinda တို့ကို တင်သွင်း ဖြန့်ချီ ရောင်းချခွင့် ရမည်ဖြစ်သည်။

----------------------------------------------------------------------------------------------------

လုံးလုံးလျားလျား အာမခံချက်မပေးနိုင်သော ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်

(10 Nov 2012 ရက်စွဲပါ The Economist မှ Myanmar’s Investment Law: Burmese Haze ကိုဘာသာပြန်ပါသည်)

မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံရန်စိတ်အားထက်သန်သူ အနောက်နိုင်ငံမှရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံကို နောက်ဆုံထွက်ပေါ်ပေး မျက်နှာစာ သစ် (Firal Frontier) အဖြစ် အမည်တပ်ကြပါသည်။ ထို့ကြောင့်ပင် တိုးတက်နေသောအာရှတွင် နောက်ဆုံးထွက်ပေါ်လာသော တံခါးဖွင့်လာသည့် နိုင်ငံကြီးတွင် အလောင်းအစားပြုရန်ရင်ခုန်မှုကိုဖမ်းစားခဲ့ပါသည်။ စီးပွားရေးအရအရေးယူမှုများပြီးဆုံးသွားချိန်တွင် တရုတ်နှင့် အိန္ဒိယနိုင်ငံကြားရှိ လူဦးရေ သန်း (၆၀) ရှိသောနိုင်ငံမှ အခွင့်အလမ်းများကို ရယူရန်အသင့်ရှိနေ ကြပါသည်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလဖြစ်နေသော်လည်း စွန့်စားရမည့်ကိစ္စများလည်းရှိနေပါသည်။ တရားစီရင်ရေးကလည်း ရန်ကုန်မြို့တွင် တွေ့နေရဆဲဖြစ်သည် ဗြိတိသျှခေတ်ကကားဟောင်းများ ယိုင်နဲ့နဲ့သွားလာနေပုံနှင့်တူနေပြီး ပျက်ယွင်းနေပါသည်။ ငွေကြေးစနစ်ကလည်း ဟောင်းနွမ်းနေပြီး သုံးမရချေ။ ယခု ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်သည် ပွင့်လင်းမြင်သာမှုနှင့်စည်းမျဉ်းစည်းကမ်းများရှိလာမလားဟု ကြီးမားသောမျှော်လင့်ချက်များဖြစ်စေ ပါသည်။

ကက်ဘိနက်နှင့်လွှတ်တော်ကြားတွင် အပြန်အလှန်သွားပြင်ဆင်ရေးဆွဲပေးပို့နေခြင်းကြောင့် လအနည်းငယ်ကြန့်ကြာနေသော ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို သမ္မတဦးသိန်းစိန်က နိုဝင်ဘာလ (၂) ရက်နေ့တွင် လတ်မှတ်ရေးထိုးအတည်ပြုခဲ့ပါသည်။ သို့သော် အစိုးရကတရားဝင် အင်္ဂလိပ်ဘာသာ သို့ပြန်ဆို၍ ထုတ်ဝေခြင်းကိုလအတန်ကြာစောင့်ရဦးမည်ဖြစ်ပါသည်။ တရားဝင်ထုတ်ပြန်ထားခြင်းမဟုတ်သည့်ဘာသာပြန်များအရ အဆိုပါ ဥပဒေသည် အလွန်ထူးထူးခြားခြားမဟုတ်ပေ။ အဆိုပါဥပဒေသည် အစိုးရကနိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ကြိုဆိုကြောင်းကတိပေးသည့် အရေးကြီးသည့်   သတင်း စကားပါးသည်ဟု အဓိပ္ပါယ်ကောက်ယူနိုင်ပါသည်။ သို့သော် စည်းမျဉ်းစည်းကမ်းထိန်းချုပ်မှုများမှာ ယခင်အတိုင်း မရှင်းမလင်း၊ ဝေဝါးနေဆဲပင် ဖြစ်ပါသည်။

ဥပဒေသစ်သည် အနည်းဆုံးအားဖြင့် အစိုးရအဖွဲ့အတွင်းမှ ပြုပြင်ပြောင်းလဲရေးသမားများအတွက် အောင်ပွဲပင်ဖြစ်ပါသည်။ အပြောင်းအလဲကို ခေါင်းမာစွာတင်းခံနေကြသည့် စစ်တပ်အရာရှိများနှင့် ၎င်းတို့၏ခရိုနီများသည် စီးပွားရေးတွင်၎င်းတို့ရရှိထားသောအခွင့်အရေးများကို ဥပဒေဖြင့် အကာအကွယ်ရရန် လွှတ်တော်တွင်ကြိုးစားခဲ့ကြပါသည်။ နောက်ဆုံးတွင်အောင်မြင်မှုမရခဲ့ပေ။ ဥပဒေသစ်အရ မြန်မာနိုင်ငံတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုတွင် ၁၀၀% ပိုင်ဆိုင်ခွင့်ရမည်ဖြစ်ပါသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် အခွန်ကင်းလွတ်ခွင့် ငါးနှစ်ရမည်ဖြစ်ပါသည်။ မြေငှားရမ်း ခွင့်နှစ်ပေါင်း (၅၀) ရရှိမည် ဖြစ်ပြီး နောက်ထပ်နှစ် (၂၀) သက်တမ်းတိုးခွင့်ရရှိမှုတို့သည် ရင်းနှီးမြုပ်နှံသူများအား နှစ်ရှည်လုံခြုံမှုကိုရရှိစေမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ထီထိုးရသလို လာရောက်လုပ်ကိုင်မည့်သူများအတွက် ရှင်းလင်း၍သေချာနေသောအချက်မှာ ဖြည့်ဆည်းပေးမှုများ လိုအပ်နေ သေးသည်ဆိုသည့်အချက်ဖြစ်ပါသည်။ အင်္ဂလိပ်-မြန်မာ ကပြားရှေ့နေ Robert စံဖေ က မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် ဆုံးဖြတ်ခွင့်အာဏာများစွာ ပေးထားကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများရှင်းလင်းပြတ်သားခြင်းမရှိသည့်စကားလုံးများဖြင့် ရေးသားထားသည့်စည်းမျဉ်းများလိုက်နာရေးတွင် အဆိုပါကော်မရှင် ၏  ဆုံးဖြတ်ခွင့်မှာများနေသည်ဟုဆိုပါသည်။ ၎င်း၏ အဖွဲ့ဝင်များကို အစိုးရကရွေးချယ်ခန့်ထားပါသည်။ ကော်မရှင်သည် ကြီးကြပ်မှုအားနည်းပြီး ဒီမိုကရေစီနည်းနှင့် အခြားနည်းလမ်းများအရအားနည်းပါသည်။ ၎င်းသည် လွှတ်တော်သို့ တစ်နှစ်လျှင်နှစ်ကြိမ်သာအစိရင်ခံရပါသည်။ ထို့ကြောင့် အဂတိ လိုက်စားမှုကို ဖြစ်စေနိုင်ပြီး ဆုံးဖြတ်ချက်ချမှတ်ရာတွင်လည်း ကြောင်းကျိုးခိုင်လုံနိုင်မည် မဟုတ်ပေ။

ဥိးစံဖေက မြန်မာနိုင်ငံတရားရုံးများနှင့် ပြင်ပတွင် အငြင်းပွားမှုများဖြေရှင်းခြင်းနှင့် ပတ်သက်၍ယုံကြည်မှုမရှိကြောင်း စိုးရိမ်ဖွယ်ပြောခဲ့ပါသည်။ တရားစီရင်မှုတွင် ကောင်းစွာလေ့ကျင့်ထားသော ပညာရှင်များနည်းပါးခြင်းအပါအဝင် ပြဿနာများစွာရှိနေပါသည်။ အငြင်းပွားမှုများတွင် နိုင်ငံတကာ ကြားလူက ဝင်ရောက်ဖြေရှင်းပေးခြင်းမျိုးကိုမြန်မာနိုင်ငံက သဘောတူခြင်းမျိုးရှိမှသာ ရင်းနှီးမြှုပ်နှံသူများအတွက်အန္တရာယ်ရှိမှုများ လျော့ပါးသွားနိုင်မည် ဖြစ်ပါသည်။ ထိုသို့သော သဘောတူခြင်းမျိုး မရှိသေးပေ။

ဥပဒေသစ်ထွက်လာခဲ့ပြီဖြစ်သော်လည်း၊ နိုင်ငံခြားငွေများ နိုင်ငံတွင်းသို့ဝင်ရောက်လာရန် မဖြစ်နိုင်သေးပေ။ မြန်မာနိုင်ငံ၏တရားရေးနှင့် ဘဏ္ဍာ ရေးဝန်းကျင်ရှုခင်းမှာ မြူနှင်းများကျ၍ ဝေဝါးဝါးဖြစ်နေသောအခြေအနေတွင်ရှိနေဆဲဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် အစိုးရလုံးလုံးလျားလျား ပြောင်းသွားနိုင်သည့် အခြေအနေများလည်းရှိနေပါသည်။ ပြုပြင်ပြောင်းလဲရေးဆန့်ကျင်သူများက အာဏာပြန်သိမ်းမည်လား သို့မဟုတ် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပင် အနိုင်ရသွားမည်လား ဆိုသည်ကိုမသိနိုင်သေးပေ။

----------------------------------------------------------------------------------------------------

မြန်မာခရီးစဉ်သည် အောင်ပွဲခံခြင်းမဟုတ်ဟု အိုဘားမား လက်ထောက်များပြောကြား

(Associated Press မှ 15 November  2012 ရက်စွဲပါ “ Obama aides: Myanmar visit not a victory lap” သတင်းကို ဘာသာပြန်ဆိုသည်)

သမ္မတအိုဘားမား၏ မှတ်တမ်းဝင်မြန်မာခရီးကို အောင်ပွဲခံမှုတစ်ခုအဖြစ် မရှုမြင်သင့်ကြောင်း ကြာသပတေးနေ့တွင် အိမ်ဖြူတော် တာဝန်ရှိသူ များက သတိပေးပြောကြားလိုက်သည်။

ယခင်အာဏာရှင်နိုင်ငံသို့ ယခုကဲ့သို့ ခရီးသွားရန်အချိန်မတန်သေးဟု ဝေဖန်ကြသူများကို တုန့်ပြန်ချေပရန်ကြိုးစားသည့် အိုဘားမား၏ လက်ထောက်များက “မြန်မာနိုင်ငံတွင် အရေးပေါ်ဆောင်ရွက်ချက် လိုအပ်နေဆဲဖြစ်ကြောင်း၊ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းနှင့် ရခိုင်ပြည်နယ်မှ လူမျိုးရေးတင်းမာမှုကို အဆုံးသတ်ခြင်းတို့ ဖြစ်ကြောင်း” ပြောကြားခဲ့ကြသည်။

အိုဘားမား၏ အာရှရေးရာထိပ်တန်းအကြံပေး ဒန်နီရပ်ဆယ်က “မြန်မာခေါင်းဆောင်များအပေါ် သမ္မတကြီး၏ ပုဂ္ဂိုလ်ရေးမေတ္တာရပ်ခံ တိုက်တွန်းမှုသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ်အောင်ဖိအားပေးရာတွင် ထိရောက်သောနည်းလမ်းတစ်ခု ဖြစ်လိမ့်မည်”ဟု ပြောကြားသည်။

“မြန်မာခေါင်းဆောင်တွေ လမ်းမှန်ပေါ်ကို ခြေချထားပြီလို့ ကျွန်တော်တို့ ယုံကြည်နေတဲ့အချိန်မျိုးမှာ လမ်းမှန်အတိုင်းသူတို့ဆက်သွားအောင် တွန်းအားပေးရမယ့် အခိုက်အတန့်ကို ကျွန်တော်တို့ လက်လွတ်မသွားဖို့ အရေးကြီးပါတယ်”ဟု ရပ်ဆယ်က ဆိုသည်။

အိုဘားမားသည် မြန်မာနိုင်ငံတွင် တနင်္လာနေ့ ရပ်နားချိန်၌် မြန်မာရောက် ပထမဆုံးအမေရိကန်သမ္မတ ဖြစ်လာပါလိမ့်မည်။ အိုဘားမားသည် ယခုအာရှခရီးတွင် ထိုင်းနိုင်ငံနှင့် လူ့အခွင့်အရေး မှတ်တမ်းဆိုးဝါးညံ့ဖျင်းသော ကမ္ဘောဒီးယားနိုင်ငံတို့တွင် ဝင်ရောက်ရပ်နားဦးမည် ဖြစ်သည်။

သမ္မတအိုဘားမားသည် ဖနွမ်းပင်တွင် သက်တမ်းရှည်ဝန်ကြီးချုပ်ဟွန်ဆန်နှင့်တွေ့ဆုံသည့်အခါ ကမ္ဘောဒီးယားနိုင်ငံ၏အတိုက်အခံများ၊ အရပ်ဖက်အဖွဲ့အစည်းများ နှိပ်ကွပ်မှုအပေါ်စိုးရိမ်ပူပန်ကြောင်း ထောက်ပြပြောဆိုမည်ဟုသိရသည်။ ကမ္ဘောဒီးယားသည် အမေရိကန်တို့ ပါဝင်တက်ရောက် သည့် အရှေ့အာရှထိပ်သီး နှစ်ပတ်လည် ညီလာခံကို လက်ခံကျင်းပနေသည်။

အိုဘားမားသည် ညီလာခံအဝန်းအဝိုင်းတွင် တရုတ်ဝန်ကြီးချုပ်ဝမ်ကျားပေါင်နှင့် တွေ့ဆုံမည်ဖြစ်ရာ ဆယ်နှစ်အတွင်းတရုတ်နိုင်ငံ၏ တရားဝင် အာဏာလွှဲပြောင်းမှု မတိုင်မီ နောက်ဆုံးတွေ့ဆုံမှု ဖြစ်ဖွယ်ရှိသည်။

အိုဘားမားသည် ၎င်း၏ ပထမသက်တမ်း တစ်လျှောက်လုံး တရုတ်တို့ သြဇာကြီးလာမှုကို တန်ပြန် ထိန်းညှိရန် ကြိုးပမ်းမှုအဖြစ် အာရှတွင် အမေရိကန်တို့ နေရာရရှိမှုကို မြှင့်တင်ရန် ဦးစားပေး ဆောင်ရွက်ခဲ့သည်။

တရုတ်၏အိမ်နီးချင်းနိုင်ငံများက အာရှဒေသတွင် အမေရိကန်တို့ပိုမိုထိတွေ့လာခြင်းကို ကြိုဆိုကြသည်။ သို့ရာတွင် ၎င်းတို့သည် သယံဇာတ ကြွယ်ဝသော တောင်တရုတ်ပင်လယ်ပြင်ကျွန်းစုများကို ပိုင်ဆိုင်လိုသောတရုတ်နိုင်ငံ၏ ရန်လိုသောအပြုအမူများကို မနှစ်သက်ကြသော်လည်း ဒေသတွင်း စီးပွားရေး အင်အားကြီးနေသောနိုင်ငံနှင့် မိတ်မပျက်အောင် ဆက်လက်ဆက်ဆံလိုကြသည်။

အိုဘာားမားခရီးစဉ်တွင် အာရှဒေသတွင်းပိုင်နက်အငြင်းပွားမှုပြဿနာ ဖြေရှင်းရေးကိစ္စမှန်သမျှကို အိမ်ဖြူတော်တာဝန်ရှိသူများက ငြင်းပယ် ကြသည်။

၆နာရီကြာရပ်နားရန်စီစဉ်ထားသော အိုဘားမား၏မြန်မာခရီးသည် ၎င်းပြန်လည်ရွေးကောက်ခံရပြီးနောက် ပထမဆုံးပြည်ပခရီး၏ အဓိက အစီအစဉ်တစ်ရပ်ဖြစ်သည်။

မြန်မာအစိုးရသည် နှစ်ပေါင်း ၅၀ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လမ်းခွဲကာ နိုင်ငံရေးအကျဉ်းသားတစ်ဖြစ်လဲ လွှတ်တော်အမတ်ဖြစ်နေသူ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြန်လည်သင့်မြတ်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့သောကြောင့် အမေရိကန်ပြည်ထောင်စုကလည်း သံတမန်ရေး ပစ်ပယ်ထားမှုကို အဆုံးသတ်၍ အရေးယူဒဏ်ခတ်မှု sanctions များကိုလည်း ရုတ်သိမ်းပေးခဲ့သည်။

အိုဘားမားသည် ယခုခရီးတွင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးသိန်းစိန်တို့ နှစ်ဦးစလုံးနှင့် တွေ့ဆုံမည်ဖြစ်သည်။ သို့သော်လည်း ယခင်အာဏာရှင် စစ်ဖက်အုပ်ချုပ်သူများက နာမည်ပြောင်းခဲ့ကြသော နိုင်ငံတကာသုံး အမည်နာမ Myanmar ကို သုံးစွဲမည်ဟု မျှော်လင့်၍ မရပါ။

အိုဘားမား၏ အမျိုးသားလုံခြုံရေးအကြံပေး တွမ်ဒွန်နီလွန်က “အမေရိကန်နှင့် မြန်မာအကြား နွေးထွေးလာသောဆက်ဆံရေးသည် တံခါးဖွင့်ခြင်း ၏ အကျိုးကျေးဇူးကို မြောက်ကိုရီးယားကဲ့သို့ နိုင်ငံများအား ပြသနိုင်လိမ့်မည်”ဟု ပြောကြားသည်။

ဝါရှင်တန်ရှိ centre for Strategic and International Studies တွင် တက်ရောက်လာသူများကို ဒွန်နီလွန်က “တကယ်လို့ မြောက်ကိုရီးယားက နျူကလီးယားပြဿနာကို ဖြေရှင်းမယ်ဆိုရင် ဒီလမ်းကို သူတို့လည်း လိုက်နိုင်ပါလိမ့်မယ်မယ်။ ကျွန်တော်တို့ အစကတည်းက ဒါကိုပြောခဲ့ပြီးသားပါ။ သူတို့အလေးအနက်ထားစဉ်းစားရမယ့် အရေးကြီးတဲ့ သာဓကတစ်ခုပါ” ဟု ပြောကြားခဲ့သည်။

သို့သော် အလားတူလမ်းကြောင်းအတိုင်းလိုက်ရန် ပြုံယမ်းအာဏာပိုင်များက ဆုံးဖြတ်ထားသည့်လက္ခဏာမတွေ့ရကြောင်း၊ နျူကလီးယား လက်နက်အစီအစဉ် အဆုံးသတ်ခြင်းနှင့် ပတ်သက်၍ ထင်ရှားသည့် ရည်ရွယ်ချက်ကို ပြသဖို့ လိုအပ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

နျူကလီးယားနှစ်ကြိမ်စမ်းသပ်ထားသော မြောက်ကိုရီးယားသည် ဧပြီလက တာဝေးပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ပြီးနောက်ပိုင်း ၎င်းအစီအစဉ်ကို ဆက်လက်ဆောင်ရွက်နေကြောင်းကို လတ်တလော ဂြိုလ်တုဓါတ်ပုံများက ပြသနေသည်။ ပြည်သူများငတ်မွတ်သေဆုံးနေသော ဆင်းရဲမွဲတေနိုင်ငံက ထိုသို့ တာဝေးပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့သောကြောင့် စားနပ်ရိက္ခာ ထောက်ပံ့ပေးရန် သမ္မတအိုဘားမားအစိုးရ၏ ကြိုးပမ်းမှုအစီအစဉ် ပျက်ပြား သွားခဲ့သည်။

********************************************

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁၆.၁၁.၂၀၁၂

ပြည်တွင်းသတင်း

  1. သတင်းထုတ်ပြန်ရေးအဖွဲ့သစ်ဖွဲ့စည်း
  1. အပစ်ရပ်စောင့်ကြည့်အဖွဲ့များမရှိမှုကြောင့် အစိုးရနှင့် KIO တိုက်ပွဲများဆက်လက်ဖြစ်ပွား

နိုင်ငံရေးသတင်း

  1. နိုင်ငံတော်ငွေကြေးများအား အလွဲသုံးစားလုပ်သူ ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းသုံးဦးအား အရေးယူနိုင်ရန်ဆောင်ရွက်
  2. အချိုးကျကိုယ်စားပြုစနစ်(PR System)အားလက်မခံနိုင်ကြောင်း NBF ကြေညာချက်ထုတ်ပြန်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

  ********************************************************************************************

ပြည်တွင်းသတင်း

သတင်းထုတ်ပြန်ရေးအဖွဲ့သစ်ဖွဲ့စည်း

ပြည်ထောင်စုအစိုးရအဖွဲ့မှ နိုင်ငံတော်လုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက် သတင်းထုတ်ပြန်ရေးအဖွဲ့သစ်ကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ(က)အရ ဖွဲ့စည်းလိုက်ကြောင်း အမိန့်ကြေငြာစာအမှတ် ၈၁/၂၀၁၂ ကိုထုတ်ပြန်ကြေညာခဲ့သည်။

ယင်းသတင်းထုတ်ပြန်ရေးအဖွဲ့အနေဖြင့် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေး၊ သဘာဝဘေးအန္တရာယ် အရေးဆိုင်ရာသတင်းများကို အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ခြင်း၊ သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်းနှင့် သတင်းထုတ်ပြန်ချက်(Press Statement)များ ထုတ်ပြန်ပေးခြင်းများကို တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယင်းအဖွဲ့မှ ပြည်တွင်း၊ ပြည်ပရှိ သတင်းဌာနများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ သတင်းဌာနများသို့အချိန်နှင့်တစ်ပြေးညီသတင်းများဖြန့်ချီပေးရမည်ဖြစ်ပြီး ဝန်ကြီးဌာနအသီးသီးမှ ဖွဲ့စည်းထားသော သတင်းထုတ်ပြန်ရေးအဖွဲ့များနှင့် ချိတ်ဆက်၍ အထောက်အကူပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်အဖြစ် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သိမ်းနှင့် အတွင်းရေးမှူးအဖြစ် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးဦးဉာဏ်ထွန်းတို့မှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး အဖွဲ့ဝင်များအဖြစ် သမ္မတဦးစီးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်း၊ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း အထွေထွေမန်နေဂျာ ဦးရဲနိုင်နှင့် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးမိုးကျော်အောင်တို့က တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ကို အမိန့်ကြေငြာစာအမှတ် ၈၆/၂၀၁၂ ဖြင့် ဖျက်သိမ်းကြောင်းနိုဝင်ဘာလ ၁၄ ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်ကြေညာခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------------------------

အပစ်ရပ်စောင့်ကြည့်အဖွဲ့များမရှိမှုကြောင့် အစိုးရနှင့် KIO တိုက်ပွဲများဆက်လက်ဖြစ်ပွား

              တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)တို့အကြား အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်အဖွဲ့များမရှိသည့်အတွက် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေရခြင်းဖြစ်ကြောင်း ပဋိပက္ခအရေးကျွမ်းကျင်သူ ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။

                နိုင်ငံတော်အနေဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် အပစ်အခတ်ရပ်စဲပြီးဖြစ်သည့် လက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်အကြား မျှတမှုရှိသည့် ကန့်သတ်သည့် စည်းမျဉ်း၊ စည်းကမ်း ဥပဒေများ ထားရှိရမည်ဖြစ်သည်။ အပစ်ရပ်ရေးစောင့်ကြည့်ရေးအဖွဲ့ကိုလည်း နှစ်ဖက်စလုံးမှ ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားရမည်ဖြစ်ကြောင်း သိရသည်။

                လက်ရှိအချိန်တွင် တပ်မတော်သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်နှစ်နီးပါးရရှိထားပြီုးဖြစ်သည့် SSA တောင်ပိုင်းနှင့်တိုက်ပွဲငယ်များဖြစ်ပွားလျက်ရှိနေဆဲဖြစ်သည်။ ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနှင့် မိုးမိတ်မြို့နယ်ကြားတွင် တအောင်းလွတ်လပ်ရေးတပ်မတော်(Tnla) တပ်ရင်း ၁၅၆ နှင့် တိုင်းရင်းသားပူးပေါင်းတပ်များမှ နိုဝင်ဘာလ ၂ ရက်နေ့တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။

                မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များတွင် ဥရောပသမဂ္ဂမှ ကူညီသွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၃ ရက်နေ့တွင် ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ Myanmar Peace Center ၌ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌ H.E.Jose Manuel Barroso တို့ကသဘောတူလက်မှတ်ရေးထိုးခဲ့သည်။

                                   YC         

********************************************************************************************

နိုင်ငံရေးသတင်း

နိုင်ငံတော်ငွေကြေးများအား အလွဲသုံးစားလုပ်သူ ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းသုံးဦးအား အရေးယူနိုင်ရန် ဆောင်ရွက်

              ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း မြန်မာ့အလင်းသတင်းစာတိုက်(ရန်ကုန်)မှ နိုင်ငံတော်ပိုင်ငွေကြေးများအား အလွဲသုံးစားပြုလုပ်ခဲ့သည့် မန်နေဂျာနှင့် ဝန်ထမ်းနှစ်ဦးအား ၁၉၆၃ အများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ-၃ ဖြင့်ထိရောက်စွာ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြပါရှိသည်။

                ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ ငွေကြေးအလွဲသုံးစားမှုများကြောင့် နိုင်ငံပိုင်ပစ္စည်းများနစ်နာဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် တာဝန်ရှိသူများအား အချိုးကျပေးလျော်စေခြင်း၊ အဆိုပါ ဝန်ထမ်းသုံးဦးပိုင်ဆိုင်သော မရွေ့မပြောင်းနိုင်သော ပစ္စည်းများကို ဥပဒေနှင့်အညီထိန်းသိမ်းခြင်း၊ တာဝန်ရှိသူများအား အချိုးကျပေးလျော်စေခြင်းတို့ကို ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။

                ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ကျပ်သန်း ၁၁၇.၇၀၁ ကိုငွေကြေးအလွဲသုံးစားမှုပြုလုပ်ထားပြီး မကြာသေးမီရက်ပိုင်းအတွင်းက လှည့်ပတ်ရန်ပုံငွေအဖြစ် သုံးစွဲနိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနမှ ကျပ်သန်း ၁၃၁၃.၃၉၅ ကိုနိုင်ငံတော်ဘဏ်မှ ချေးယူခဲ့ကြောင်း သိရသည်။

                ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်မှ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း မြန်မာ့အလင်း သတင်းစာတိုက် အပါအဝင် ဝန်ကြီးဌာန (၁၅)ခုမှ နိုင်ငံတော်ပိုင်ငွေကြေးများ အလွဲသုံးစားပြုလျက်ရှိသည်ကိုတွေ့ရှိရကြောင်း လွှတ်တော်သို့အထူးအစီရင်ခံစာတစ်စောင် တင်သွင်းခဲ့သည်။

              YC

-----------------------------------------------------------------------------------------------------------------------------

အချိုးကျကိုယ်စားပြုစနစ်(PR System)အားလက်မခံနိုင်ကြောင်း NBF ကြေညာချက်ထုတ်ပြန်

              ဒီမိုကရေစီနှင့်မိတ်ဆွေပါတီများမှ လွှတ်တော်သို့တင်သွင်းထားသည့် အချိုးကျကိုယ်စားပြုစနစ်(PR System)အား ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ကျင့်သုံးရန်မသင့်လျော်သေးကြောင်း နိုဝင်ဘာလ ၁၀ ရက်နှင့် ၁၁ ရက်နေ့တို့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း(NBF)၏ (၁၃)ကြိမ်မြောက်အစည်းအဝေးဆုံးဖြတ်ချက်အရ သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ကြေညာခဲ့သည်။

                PR System အားကျင့်သုံးရန်လက်မခံရခြင်းမှာ မဲဆန္ဒရှင်ပြည်သူများ၏အခြေအနေအရ ပြည်နယ်များတွင် ကျင့်သုံးရန် အဆင်မပြေကြောင်းနှင့် လက်ရှိပြည်နယ်များ၏ အမည်နာမအခေါ်အဝေါ်များကို ပြောင်းလဲရမည့်ကိစ္စရပ်များကြောင့်ဖြစ်ကြောင်း NBF ၏သဘောထားကြေညာချက်တွင် ဖော်ပြပါရှိသည်။

                ထို့ပြင် နိုင်ငံတော်အနေဖြင့်လည်း အာဏာသုံးရပ်ကို ဗပာို၊ ပြည်နယ်/တိုင်းဒေသကြီးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများသို့ မျှတစွာ အာဏာခွဲဝေပေးသည့်စနစ်ဖြစ်သည့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးသင့်ကြောင်း တိုက်တွန်းခဲ့သည်။

                NBF ၏သဘောထားကြေညာချက်တွင် လာမည့် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့လာရောက်မည့် အမေရိကန်သမ္မတ Mr.Barack Obama ၏ခရီးစဉ်ကိုကြိုဆိုကြောင်းနှင့် ၎င်းမှ မြန်မာနိုင်ငံအတွင်း ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် အကြံဉာဏ်ကောင်းများပေးနိုင်လိမ့်မည်ဖြစ်ကြောင်း သဘောထားကြေညာချက်တွင် ဖော်ပြပါရှိသည်။

                ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း(NBF)အနေဖြင့် ဖက်ဒရယ်စနစ်ကျင့်သုံးသည့်နိုင်ငံများနှင့် ပင်လုံစာချုပ်ပါအချက်များကိုအခြေခံသည့် ဖက်ဒရယ်ဥပဒေကြမ်းကို ယခုလာမည့်လွှတ်တော်အစည်းအဝေးများတွင် တင်သွင်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း NBF အဖွဲ့ဝင်ပါတီတစ်ခုက ပြောကြားသည်။

YC

 *******************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကျွန်တော်တို့ နိုင်ငံအတွက်ပညာရေးအရမ်းအရေးကြီးတယ်။ Education is very important and most important ဆိုတော့ လက်ရှိကျွန်တော်တို့ နိုင်ငံရဲ့ပညာရေးစနစ်ကို ပြောင်းဖို့အတွက် ပညာရေးအတွေ့အကြုံကောင်းတွေ ရှာဖွေဖို့လိုပါတယ်။ ကောင်းမွန်တဲ့ပညာရေးစနစ်တစ်ရပ် ကျွန်တော်တို့နိုင်ငံမှာ ချမှတ်နိုင်ပြီဆိုရင် ကျွန်တော်တို့မျိုးဆက်တွေရဲ့ အနာဂတ်အတွက် စိတ်အေးရပြီ။ အရင်က ဘွဲ့ရပညာမတက်တွေပေါများနေတဲ့ ကျွန်တော်တို့နိုင်ငံကို ဘွဲ့ရပညာတက်လူငယ်တွေ ဦးဆောင်တဲ့ သစ်လွင်လတ်ဆတ်တဲ့နိုင်ငံ ဖြစ်စေချင်ပါတယ်”

နိုဝင်ဘာလ ၁၇ ရက်နေ့ထုတ် First Weekly Journal အတွဲ (၁) အမှတ် (၅၄) တွင်ပါရှိသော “ဘွဲ့ရပညာမတတ်တွေ ပေါများနေတဲ့ ကျွန်တော်တို့နိုင်ငံကို ဘွဲ့ရပညာတက်တွေဦးဆောင်တဲ့ သစ်လွင်လတ်ဆတ်တဲ့နိုင်ငံဖြစ်စေချင်ပါတယ်ဟု ၈၈ မျိုးဆက် ကျောင်းသား ကိုအံ့ဘွယ်ကျော်ပြော” သတင်းမှ ကိုအံ့ဘွယ်ကျော်၏ပြောကြားချက်အား ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------

“အများအားဖြင့်တော့ FDI တွေဝင်လာရင် ငွေအရင်းအနှီးက ဘယ်လောက်ပေါ့။ မြန်မာကဘယ်လောက်ရမယ်ဆိုတာမျိုးတွေပေါ့။ ဥပမာဆိုပါစို့ တိုင်းပြည်ကို သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှု တွေဝင်လာတယ်။ ဒါပေမယ့် အဲဒါက အရက်ထုတ်တာတို့၊ ဆေးလိပ်ထုတ်တာတို့ ဖြစ်နေမယ်ဆိုရင် သဘာဝပတ်ဝန်းကျင်တင်မကဘူး မျိုးဆက်တစ်ခုလုံးအတွက် မကောင်းဘူး။ အများကြီး ခံစားရမယ်။”

နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် News Watchs Journal အတွဲ (၇) အမှတ် (၇၂) တွင်ပါရှိသော “နိုင်ငံတော်စီမံကိန်းအချို့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ပြဿနာနှင့် ရင်ဆိုင်နေရချိန် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ယှဉ်တွဲ လုပ်ဆောင်သွားမည်ဟု ဒုတိယသမ္မတ ကတိပြုပြောကြား” သတင်းမှ ကျန်းမာရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးငြိမ်း ဒေါက်တာခင်မောင်လွင်၏ ပြောကြားချက်အားကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------

“အမှန်ကတော့ သမ္မတက စစ်တပ်နဲ့အတော့်ကို သီးခြားပါ။ စစ်တပ်က စစ်တပ်ပါ။ အုပ်ချုပ်ရေးက အုပ်ချုပ်ရေးပါ။ ကျွန်မဆိုချင်တာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေက ဒီမိုကရက်တစ်ကျဖို့ အနိုင်နိုင်ဆိုတာပါပဲ။ ဒါ့ကြောင့်လည်းစစ်တပ်က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နောက်မှာ အပြည့်အဝရှိနေတယ်ဆိုတာကို ကျွန်မတို့မသိဘူး။ ဘာလို့လဲဆိုတော့ သမ္မတကစစ်တပ်ကို လုံးဝကိုယ်စားမပြုတဲ့အတွက်ကြောင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ နောက်ပြန်မသွားဘူးလို့ ကျွန်မတို့ မပြောနိုင်ပါဘူး။”

နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် News Watchs Journal အတွဲ (၇) အမှတ် (၇၂) တွင်ပါရှိသော “၂၀၀၈ ဖွဲ့စည်းပုံသည် စစ်တပ်ကိုအာဏာ အလွန်အကျွံ့ပေးထားကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

*******************************************************************************************

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive