Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၁၅.၂.၂၀၁၃

ဘာသာပြန်သတင်းများ

  1. ငြိမ်းချမ်းရေးကိစ္စဒေါ်အောင်ဆန်းစုကြည်က ကြားဝင်ပေးရန်အဆိုပြုမှုကို ကချင်တို့ပယ်ချ

(14 February 2013 ရက်စွဲပါ Global Post မှ Patrick Winn ၏ Myanmar: Kachin guerrillas turn down Suu Kyi’s offer to broke peace ကိုဘာသာပြန်ဆိုပါသည်)

  1. Prtronas က ရဲတံခွန်လုပ်ကွက်တွင် ပလက်ဖောင်းသစ်ထပ်တိုး

(Offshore News မှ 12 feb 2013 ရက်စွဲပါ “Petronas adds Platform at Yetagon offshore Myanmar” သတင်းကို ဘာသာပြန်ဆိုပါသည်)

  1. မြန်မာနိုင်ငံတွင်ရိုးမနှင့် မစ်ဆူဘီရှီ ဖက်ဆပ်ကုမ္ပဏီဖွဲ့စည်း

(The Business Times မှ 15 February 2013 ရက်စွဲပါ “Yoma enters Mitsubishi Venture in Myanmar” သတင်းကို   ဘာသာပြန်ဆိုပါသည်)

***************************************************************

ဘာသာပြန်သတင်းများ

ငြိမ်းချမ်းရေးကိစ္စဒေါ်အောင်ဆန်းစုကြည်က ကြားဝင်ပေးရန်အဆိုပြုမှုကို ကချင်တို့ပယ်ချ

(14 February 2013 ရက်စွဲပါ Global Post မှ Patrick Winn ၏ Myanmar: Kachin guerrillas turn down Suu Kyi’s offer to broke peace ကိုဘာသာပြန်ဆိုပါသည်)

Photo Credit by Global Post

ပြည်တွင်းစစ်တွင် တိုက်ပွဲများလ (၂၀) ခန့်ရှိပြီဖြစ်ရာ။ တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရကြား ငြိမ်းချမ်းရေးစကားပြောရာတွင် ကူညီနိုင် ကြောင်း အစိုးရဆန့်ကျင်သူအဖြစ်မှ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာသူ ဒေါ်အောင်ဆန်းစုကြည် ကပြောကြားလိုက်ပါသည်။

              တိုင်းရင်းသားစစ်တပ်က မည်သို့တုန့်ပြန်သနည်း။

              မလိုပါ။ ကျေးဇူးတင်ပါသည် ဟုဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် အပေါ်ယံသာနားလည်သူများနှင့် မြန်မာနိုင်ငံတွင်း နိုင်ငံရေးအပူချိန်မြင့် နေသူများကမူ ထိုကိစ္စကို နားမလည် ဖြစ်ရပေမည်။

သူသည် ဒုက္ခရောက်နေသော တိုင်းပြည်အတွက် အစိုးရဆန့်ကျင်သူတို့၏ အသံဖြစ်သလော။

              အတိအကျတော့မဟုတ်ပေ။

ဒေါ်အောင်ဆန်းစုကြည်က ကချင်ပဋိပက္ခတွင် ငြိမ်းချမ်းရေး စကားပြောရာ၌ ပါဝင်ခြင်းမရှိသောကြောင့် အချို့ပြည်သူများ၏ ဝေဖန်မှုကို ခံရကြောင်း၊ သူ့အနေဖြင့် အမြဲပြောခဲ့ကြောင်း၊ အကယ်၍ သက်ဆိုင်သည့်အဖွဲ့ များက အလိုရှိပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်ဟု AP ၏ သတင်းအရ သိရှိရပါသည်။

သို့သော် Democratic Voice of Burma မှ ထုတ်ပြန်သော သတင်းအရ ကချင်စစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမှန်တကယ် သမာသမတ်ရှိလိမ့်မည်ဟု ယုံကြည်ခြင်းမရှိပေ။

ဤလူ့အခွင့်အရေးနှင့်ပတ်သက်သော အထင်ကရ ပုဂ္ဂိုလ်သည် သူ၏တိုင်းပြည်ရှိ နှစ်လိုဖွယ်မရှိသည့် စစ်ပွဲနှင့် ပတ်သက်၍ အဘယ့်ကြောင့် နှုတ်ဆိတ်နေရသည် ဆိုသည်ကို အပြည့်အဝနားလည်ရန် ဤအချက်ကို နားလည်ရမည်ဖြစ်ပါသည်။

နိုင်ငံတကာမီဒီယာများနှင့် အနောက်တိုင်းသံတမာန်များကြားတွင် ကချင်များအပေါ် စာနာစိတ်ရှိကြ ပါသည်။

သို့သော် မြန်မာနိုင်ငံ၏ အစိုးရအသိုင်းအဝိုင်းနှင့် ၎င်း၏သတင်းစာများတွင် ကချင်စစ်သားများကို အကြမ်းဖက်သမားများ ဖြစ်နေပါသည်။ အဆိုပါ အကြမ်းဖက်သမားများနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် ကြိုးပမ်းနေသည်က တစ်ခုဖြစ်ပါသည်။ ၎င်းတို့အပေါ် စာနာမှုရှိကြောင်း ပြသသည် ကတခြားတစ်ခု ဖြစ်ပါသည်။

ထိုအချက်များအပြင် အကြီးတန်းကချင် စစ်ခေါင်းဆောင်များကြားတွင် ခံစားနေရသည့် အချက်တစ်ခု မှာ ဒေါ်အောင်ဆန်းစုကြည် ၎င်းတို့နှင့် ရန်သူဖြစ်သော အစိုးရအာဏာပိုင်များနှင့် နီးကပ်စွာ မဟာမိတ်ဖြစ်နေခြင်း ဖြစ်ပါသည်။

အနောက်အသိုင်းအဝိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြင်းပြင်းထန်ထန်ဝေဖန်မှုများအပေါ် လင်ခံခြင်းမရှိသေးပေ။ သို့သော် မကြာသေးမီက စာရေးသူနှင့် ကေအိုင်အေ ဗိုလ်မှူးကြီး Jame Lum Dau တို့ အင်တာဗျူးတွင် ၎င်းက ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဦးသိန်းစိန်၏ နယ်ရုပ်ကလေးတစ်ခုသာ ဖြစ်ပြီး၊ အမေရိကန်နှင့် ဆက်ဆံရေး အဆင်ပြေစေရန် အသုံးချနေခြင်းသာ ဖြစ်သည်ဟု ဖော်ပြခဲ့ပါသည်။

“ဦးသိန်းစိန် သမ္မတ ဖြစ်ပါတယ်။ သူ့တာဝန်က ပြင်ပကမ္ဘာက ဒေါ်အောင်ဆန်းစုကြည်ကို မြှင့်တင်ပေး နေတယ်လို့ မြင်အောင်လုပ်ပေးရမှာပါ။ သူတိ့မြင့်လာဖို့၊ ဒေါ်အောင်ဆန်းစုကြည် ရဲ့အနေအထားကို မြှင့်ပေးရ မှာဖြစ်ပါတယ်” ဟု ဆိုပါသည်။

“ဒါမှ မင်းတို့ အမေရိကန်တွေက သိပ်ကောင်းတယ်၊ စီးပွားရေးအရ အရေးးယူမှုတွေ ရုပ်သိမ်းပေးရမယ်လို့ဆိုမှာပေါ့။ ဒါ သူတို့ရဲ့ မဟာဗျူဟာပဲ” ဟု ၎င်းကပြောပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ကိုယ်စား စကားပြောပေးရသူဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သို့သော် ယခုအချိန်တွင်မူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အခြားတစ်နေရာတွင်သာ ဝင်ရောက်ပြောရန် KIA က အကြံပြုလျက်ရှိပါသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××

Prtronas က ရဲတံခွန်လုပ်ကွက်တွင် ပလက်ဖောင်းသစ်ထပ်တိုး

(Offshore News မှ 12 feb 2013 ရက်စွဲပါ “Petronas adds Platform at Yetagon offshore Myanmar” သတင်းကို ဘာသာပြန်ဆိုပါသည်)

Photo Credit by Offshore Energy Today.com

Petronas Carigali ရေနံကုမ္ပဏီက မြန်မာကမ်းလွန်လုပ်ကွက်တွင် တွင်းတူးဝင် ပလက်ဖောင်းသစ် တပ်ဆင်ရန်အတွက် Larsen & Toubro (L & T) ကုမ္ပဏီ ကိုကန်ထရိုက်ပေးလိုက်ပြီ ဖြစ်သည်။

၎င်းတွင်းတူးဝင် ပလက်ဖောင်းသစ်ကို Petronas Carigali Myanmar (Hong Kong) ၊ မြန်မာအစိုးရပိုင် MOGE ၊ ထိုင်းနိုင်ငံ၏ PTTEP Intermational နှင့် ဂျပန် JX Nippon Oil Exploration (Myanmar) တို့ ပူးပေါင်း လုပ်ကိုင်နေသော ရဲတံခွန် ကမ်းလွန်စီမံကိန်း၏ Yetagon North Field တွင် တပ်ဆင်မည်ဟု သိရှိရသည်။

L & T ကုမ္ပဏီက ရရှိသော ဒေါ်လာသန်း ၁၀၀ ကျော်တန် ကန်ထရိုက်လုပ်ငန်းတွင် အင်ဂျင်နီယာလုပ်ငန်း၊ ပစ္စည်းကိရိယာဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ တပ်ဆင်ခြင်း၊ ပလက်ဖောင်းစီမံခန့်ခွဲ ခြင်း၊ ပင်လယ်ရေအောက်အနက် ၁၀၈ မီတာ (၃၅၄ ပေ) တွင် ရေအောက်ပိုက်လိုင်း တပ်ဆင်ခြင်း စသော လုပ်ငန်းများ ပါဝင်မည်ဖြစ်သည်။

လုပ်ငန်းသတ်မှတ်ချက်တွင် ရဲတံခွန်စီမံကိန်း၏ မူလရှိပြီးသား ပလက်ဖောင်းနှင့် မြန်ဆန်ချောမွေ့စွာ ချိတ်ဆက်ပေးရမည့် အစီအစဉ်များလည်း ပါဝင်သည်။ အိန္ဒိယ အရှေ့ဖက်ကမ်းခြေ ကတ်တူပါလီရှိ L & T အခြေစိုက်စခန်းက ထုတ်လုပ်တပ်ဆင်ရေး လုပ်ငန်းကို လုပ်ဆောင်ပေးမည်ဟု သိရှိရသည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

မြန်မာနိုင်ငံတွင်ရိုးမနှင့် မစ်ဆူဘီရှီ ဖက်ဆပ်ကုမ္ပဏီဖွဲ့စည်း

(The Business Times မှ 15 February 2013 ရက်စွဲပါ “Yoma enters Mitsubishi Venture in Myanmar” သတင်းကို ဘာသာပြန်ဆိုပါသည်)

Photo Credit by AFP

Yoma Strategic Holdings ၏ ရာနှုန်းပြည့်ပိုင် ကုမ္ပဏီခွဲ Elite Matrix International Ltd သည် မြန်မာနိုင်ငံတွင် မစ်ဆူဘီရှီ Mitsubishi Moptors အတွက် အရောင်းနောက်ဆက်တွဲ ဝန်ဆောင်မှုလုပ်ငန်းများ ကို လုပ်ကိုင်ရန် First Myanmar Investment Co Ltd (FMI) နှင့် ဖက်စပ် ကုမ္ပဏီတစ်ခု ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။

၎င်းဖက်စပ်ကုမ္ပဏီကို Myanmar Motors Pte Ltd ဟု အမည်ပေးမည်ဖြစ်သည်။

သီးခြားပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် Yoma ရိုးမ ကုမ္ပဏီက “မြန်မာနိုင်ငံတွင် Mitsubishi Motors အတွက် အရောင်းနောက်ဆက်တွဲ ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရန် Motors  Corporation၊ Mitsubishi Corporation၊ First Myanmar Investment Co Ltd တို့နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေး ထိုးလိုက်ပြီ ဖြစ်ကြောင်း” သတင်းထုတ်ပြန်ခဲ့သည်။

ယခု သဘောတူညီမှုကြောင့် မြန်မာနိုင်ငံတွင် Mitsubishi Motors အတွက် တရားဝင် အရောင်းနောက်ဆက်တွဲ ဝန်ဆောင်မှုလုပ်ငန်းကွန်ယက် ထူထောင်မှုကို အထောက်အကူဖြစ်စေမည်ဟု သိရှိရသည်။

                              ********************************************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Yangon Chronicle(Quotes & Comments)
Document Yangon Chronicle(Quotes & Comments)

Snapshot of the item below:
Yangon Chronicle(Quotes & Comments)

 

*

*

၁၅.၂.၂၀၁၃

သတင်းနှင့်ဆောင်းပါးကောက်နှုတ်ချက်များ

“ဘဏ်ရဲ့အတိုးနှုန်းကို လျှော့ချမယ်ဆိုတာက အလွယ်တကူလုပ်လို့ရတာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ငွေဖောင်းပွမှုနှုန်းကအစ အကုန်လုံးပြန်ကြည့်ရမှာ ဖြစ်တယ်။ အခြားနိုင်ငံတွေမှာ ဘဏ်အတိုးနှုန်းလျှော့တယ် ဆိုတာက သူတို့မှာ နှစ်တွေသာ ပြောင်းလဲသွားပေမယ့် ကုန်စည်တွေရဲ့စရိတ်စက အစ ပြောင်းလဲမှုမရှိနိုင် အောင် ငွေဖောင်းပွမှုနှုန်းကို ထိန်းထားနိုင်တယ်။”

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ထုတ် Trade Times Journal အတွဲ (၁) အမှတ် (၄၅) တွင်ပါရှိသော “ဘဏ်တိုးနှုန်း လျှော့ချသော်လည်း စီးပွားရေးနိုးထလာရန်မသေချာ” သတင်းမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၏ စီးပွားရေးဆိုင်ရာ အကြံပေး ဒေါက်တာမောင်အောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------

“ဗီယက်နမ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ၂၀၀၅ ခုနှစ်မှာအတည်ပြု ပြဋ္ဌာန်းနိုင်ဖို့အတွက် အကြိမ်ကြိမ် ပြင်ဆင်ခဲ့တယ်။ ကျွန်တော်တို့ဆီမှာ အစိုးရသစ် လက်ထက်ရောက်မှ ပထမဆုံးပြင်ဆင်တာဖြစ်လို့ ကွဲလွဲချက် ကတော့ရှိနေမှာ ဖြစ်ပါတယ်။ ဒါကို improved လုပ်သွားဖို့ပဲ လိုပါတယ်။ လုပ်ဖို့အတွက် နိုင်ငံခြားသားရင်းနှီး မြှုပ်နှံသူတွေလာမှ လုပ်လို့ရမှာဖြစ်တယ်။ ဘာလို့လည်းဆိုတော့ သူတို့ရဲ့အခက်အခဲတွေကို ပြောဆိုဆွေးနွေး သွားရင်းနဲ့ ပြင်ဆင်သွားရမှာ ဖြစ်ပါတယ်။”

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ထုတ် Trade Times Journal အတွဲ (၁) အမှတ် (၄၅) တွင်ပါရှိသော “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေထွက်ရှိပြီး ဖြစ်သော်လည်း ဖြေလျှော့မှုများကို လုပ်ဆောင်ဖို့လို” သတင်းမှ အမျိုသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၏ ပြောကြားချက် အား ကောက်နှုတ်ချက်။

------------------------------------------------------------------------------------------------------------

“မီဒီယာတွေမှာဖော်ပြတာပဲ ဖြစ်ဖြစ်၊ အင်တာနက်မှာပဲဖြစ်ဖြစ် ဒီမိုကရေစီကို သွားနေတဲ့အချိန်မှာ ရှိနေမှာပဲ။ မီဒီယာတွေမှာလည်း ကျွန်တော်တို့ကို ထောက်ခံတဲ့လူရှိသလို၊ တိုက်ခိုက်တဲ့လူတွေလည်းရှိနေမှာပါပဲ။ ဒီလိုကိစ္စ တွေကို အရေးကြီးကိစ္စတစ်ခုလိုလုပ်ဖို့ မလိုဘူးထင်ပါတယ်”

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ထုတ် Trade Times Journal အတွဲ (၁) အမှတ် (၄၅) တွင်ပါရှိသော “ဒေါက်တာဆိတ်ဖွားအရေး သဘောထားကွဲ” သတင်းမှ ဦးဖြိုးမင်းသိန်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

----------------------------------------------------------------------------------------------

“နိုင်ငံရေးဆွေးနွေးပွဲ အစပျိုးစေချင်တယ်။ နိုင်ငံရေးဆွေးနွေးဖို့စီမံကိန်းရေးဆွဲရမယ်။ ဘယ်အချိန်မှာတွေ့မယ်။ နောက်တစ်ခါတွေ့ရင် ဘာခေါင်းစဉ်နဲ့ ဆွေးနွေးမယ်ဆိုတာကြိုပြင်စေချင်တယ်။ ကချင်စစ်ရပ်ဖို့လဲ ဆွေးနွေးစေ ချင်တယ်။ ကချင်က ခပ်ဝေးဝေးကနေ သေနတ်ဖောက်တာ ကြားရတုန်းပဲ”

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၄၆) တွင်ပါဝင်သော “UNFC နဲ့ဆွေးနွေးမှုကနေ နိုင်ငံရေးဆွေးနွေးပွဲအစပြုဖို့မျှော်လင့်” သတင်းမှ ကေအိုင်အိုဒုတိယဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာ၏ ပြောကြားချက်အားကောက်နှုတ်ချက်။

---------------------------------------------------------------------------------------------------

“နောက်ပိုင်းမှာ နိုင်ငံရေးပါတီ၊လွှတ်တော်၊အစိုးရ၊ တပ်မတော်သား အားလုံးပါဝင်တဲ့ အစည်းအဝေးကြီးတွေ ဆက်လုပ်မှာပါ။ အရင်တုန်းက အပစ်အခတ် ရပ်စဲရေးအဆင့်ထိပဲ လုပ်နိုင်ရာကနေ အခုနိုင်ငံရေးဆွေးနွေးပွဲ အထိဆက်လုပ်နိုင်ခဲ့တာဖြစ်တယ်။”

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၄၆) တွင်ပါဝင်သော “တွေ့ဆုံဆွေးနွေးပွဲ UNFC ကြိုတင်ပြင်ဆင်” သတင်းမှ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ၏ ပြောကြားချက်အားကောက်နှုတ်ချက်။

                                 *****************************************************************************************

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၁၅.၂.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးအား ရာထူးမှနုတ်ထွက်ခွင့်ပြု၍ ဧရာဝတီတိုင်းဝန်ကြီးတစ်ဦးနှင့် ပြည်ထောင်စုရာထူးဝန် အဖွဲ့ဝင်နှစ်ဦး ခန့်အပ်
  2. ကျောင်းပြင်ပမူလတန်းပညာရေးစနစ် အကောင်အထည်ဖော်ဆောင်ရွက်တော့မည်
  3. ပထမပင်လုံ၏ မူဝါဒများအတိုင်း ဆက်သွားမည်ပာု RCSS မှ ဒု-ဗိုလ်ချုပ်ကြီး ရွက်ဆစ်ပြောကြား

**********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးအား ရာထူးမှနုတ်ထွက်ခွင့်ပြု၍ ဧရာဝတီတိုင်းဝန်ကြီးတစ်ဦးနှင့် ပြည်ထောင်စုရာထူးဝန် အဖွဲ့ဝင်နှစ်ဦး ခန့်အပ်

နိုင်ငံတော်သမ္မတရုံးမှ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးအား နုတ်ထွက်ခွင့်ပြု၍ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးသစ်တစ်ဦးနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်နှစ်ဦးအား ခန့်အပ်လိုက်ကြောင်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့ရက်စွဲဖြင့် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ဦးတင်စိုးအား ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၆၃ နှင့် တိုင်းဒေသကြီး(သို့) ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၃ ပါပြဋ္ဌာန်းချက်များအရ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့်အတွက် တိုင်းဒေသကြီးရာထူးမှနုတ်ထွက်ခွင့်ပြုလိုက်ကြောင်း အမိန့်အမှတ်(၉/၂၀၁၃)ကို ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ နုတ်ထွက်သွားသည့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးလစ်လပ်နေရာတွင်  အသစ်ပြန်လည်ခန့်အပ်ရန် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ(င)နှင့် ပုဒ်မခွဲ(စ)၊ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ(ဂ) ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ၈၂၊ ပုဒ်မခွဲ(ဂ)နှင့် တိုင်းဒေသကြီး(သို့) ပြည်နယ်အစိုးရအဖွဲ့ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ဆ)၊ ပုဒ်မ ၅၆၊ ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်များအရ ဧရာဝတီတိုင်းဒေသကြီးဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် အစားထိုးခန့်အပ်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အမိန့်အမှတ်(၁၀/၂၀၁၃)ကိုထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၆၊ ပုဒ်မခွဲ(ခ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁၂)တို့ပါ ပြဋ္ဌာန်းချက်များအရ ဦးမန်းမောင်မောင်ညာဏ်၊ ဦးငွန်မောင်း တို့အား ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များအဖြစ် ခန့်အပ်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အမိန့်အမှတ်(၈/၂၀၁၃)ကို ထုတ်ပြန်ကြေညာခဲ့သည်။

YC

              ************************************************

ကျောင်းပြင်ပမူလတန်းပညာရေးစနစ် အကောင်အထည်ဖော်ဆောင်ရွက်တော့မည်

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတိုးတက်မြင့်မားလာနိုင်စေရန် ပညာရေးဝန်ကြီးဌာန၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့နှင့် ပြင်ပအလှူရှင်တို့မှ ပူးပေါင်း၍ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားနိုင်ခြင်းမရှိသည့် ကလေးများအတွက် ကျောင်းပြင်ပမူလတန်းပညာသင်ကြားရေးအစီအစဉ်ကို လက်ရှိ ဘဏ္ဍာနှစ်မှစတင်၍ မြို့နယ်(၇၀)ကျော်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကျောင်းပြင်ပ မူလတန်းပညာရေးလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အကြိုညှိနှိုင်း အစည်းအဝေးကို ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စည်းဝေးပွဲတွင် ကျောင်းပြင်ပမူလတန်းပညာရေးနှင့်ပတ်သက်၍ လုပ်ငန်းသဘောတရားများနှင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပညာသင်ယူရန် အခက်အခဲရှိနေသည့် ကလေးများအား ပညာသင်ယူနိုင်ခွင့် ရရှိနိုင်စေရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဆောင်ရွက်သွားရန် ပညာရေးနိုင်ငံအဆင့် ညှိနှိုင်းရေးမှူး ဦးတင်ညိုက ပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါ ဆွေးနွေးပွဲတွင် ကျောင်းပြင်ပမူလတန်းပညာ သင်ကြားရေးအစီအစဉ်ဆောင်ရွက်နိုင်ရန် သင်တန်းသား ကလေးစာရင်းကောက်ယူရေး၊ အခြေစိုက်စခန်းများ သတ်မှတ်ရေး၊ မြို့နယ်ကြီးကြပ်ရေးမှူးနှင့် ဆရာ၊ ဆရာမများရွေးချယ်ရေး လုပ်ငန်းစဉ်များကို အဓိကထားဆွေးနွေးခဲ့သည်။

YC

***************************************************

ပထမပင်လုံ၏ မူဝါဒများအတိုင်း ဆက်သွားမည်ပာု RCSS မှ ဒု-ဗိုလ်ချုပ်ကြီး ရွက်ဆစ်ပြောကြား

                ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်နယ် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့(RCSS) အနေဖြင့် ဒုတိယပင်လုံ ညီလာခံကျင်းပမည့်အပေါ် ယုံကြည်မှုမရှိဘဲ ယခင်ဗိုလ်ချုပ်အောင်ဆန်း စုစည်းခဲ့သည့် ပထမပင်လုံညီလာခံ၏ မူဝါဒများကို ဆက်လက်ကိုင်စွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့မှ ဒု-ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း ပြည်တွင်းစစ်ပွဲဖြစ်ပွားနေမှုများ လုံးဝရပ်ဆိုင်းရေးအတွက် ပြည်ထောင်စုတိုင်ရင်းသား ညီအစ်ကိုများပါဝင်သော ဒုတိယပင်လုံ ညီလာခံအား ကျင်းပသွားမည်ပာု ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးပါတီအချို့နှင့် နိုင်ငံရေးသမားများက တညီတညွှတ်တည်း ယုံကြည်လျက် ရှိကြောင်း သိရသည်။

၁၉၄၇ ခုနှစ်၌ မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့သည့် ပထမပင်လုံညီလာခံတွင် ရှမ်းပြည်နယ်၏ အချုပ်အခြာအာဏာနှင့် ရပိုင်ခွင့်တစ်ချို့ ဆုံးရှုံးခဲ့ရပြီး ဒုတိယညီလာခံကျင်းပမည်ဆိုပါက ကျန်ရှိသည့် ရပိုင်ခွင့်များပါ ဆက်လက်ဆုံးရှုံးမည်ကို စိုးရိမ်သည့်အတွက် ပထမပင်လုံညီလာခံမူဝါဒများကိုသာ ဆက်လက်ကိုင်စွဲရမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားပါတီများအနေဖြင့်လည်း ဒုတိယပင်လုံညီလာခံ ကျင်းပမည်ဆိုပါက ပထမပင်လုံညီလာခံ မှ အချက်အလက်များကို ပြန်လည်ဖော်ထုတ်၍ လိုအပ်ချက်များကို ထပ်မံဆွေးနွေးရမည်ဖြစ်ကြောင်း သိရသည်။

ပထမပင်လုံညီလာခံတွင် ဗိုလ်ချုပ်နှင့် တိုင်းရင်းသားခေါင်းဆောင်များမှ ချမှတ်ခဲ့သောမူဝါဒများ၊ အချက်အလက်များသည်သာ ပြည်ထောင်စု မြန်မာနိုင်ငံ၊ ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် ခိုင်မာသော အုတ်မြစ် ဖြစ်သည်ဟု ချင်းလက်နက်ကိုင်တပ်ဖွဲ့၏ CNF အဓိပတိကောင်စီ Supreme Council မှ ဆလိုင်းကစ်ခေါ်လျန် ကပြောကြားခဲ့သည်။

လက်ရှိ နိုင်ငံတော်အစိုးရသစ်မှ ကြီးမှူး၍ ပြည်ထောင်စုတိုင်းရင်းသားများအားလုံးပါဝင်သော ပင်လုံညီလာခံကို ၂၀၁၄ ခုနှစ်အတွင်း ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

YC

*************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive