Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. ပထမဆုံးအကြိမ် မြန်မာ့ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာညီလာခံ ပြုလုပ်မည်
  2.  ရန်ကုန်တွင် ဟိုတယ်ခန်းအကြီးကျယ်မလုံလောက်မှု လာမည့်ငါးနှစ်အထိ ဆက်ကြုံနေမည်
  3. အလုပ်မလုပ်သော စီမံကိန်းမြေများကို ပြန်သိမ်းရန် လွှတ်တော်က အစိုးရကို တိုက်တွန်း
  4.  အဓိကရုဏ်းနှိမ်နှင်းရေးတပ်ဖွဲ့ မြန်မာအစိုးရ တိုးချဲ့ဖွဲ့စည်းမည်

ပထမဆုံးအကြိမ် မြန်မာ့ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာညီလာခံ ပြုလုပ်မည်

မြန်မာ့ဘဏ်လုပ်ငန်းနှင့်  ဘဏ္ဍာရေးဆိုင်ရာ ညီလာခံကို ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့မှ ၁၈ ရက်အထိ ပထမဦး ဆုံးအကြိမ်အဖြစ် ကုန်သည်ကြီးများဟိုတယ်၌ ပြုလုပ်ကျင်းပသွားမည် ဖြစ်ကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရသိရသည်။

ထိုညီလာခံ၌ မြန်မာ့ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာကဏ္ဍများ၏  အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို ဆွေးနွေးသွားမည် ဖြစ်ပြီး နိုင်ငံတကာမှ ငွေကြေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ၂၀၀ ကျော်တက်ရောက်လာကြမည် ဖြစ်ကြောင်း သိရသည်။ ယင်းညီလာခံ ပြုလုပ်ခြင်းဖြင့် မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်မှုမှ တစ်ဆင့် နိုင်ငံတကာသို့ ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်လာမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုညီလာခံသည် တစ်ခုတည်းသော မဟာဗျူဟာမြောက်ဘဏ်၏ လုပ်ငန်းဆိုင်ရာ ညီလာခံဖြစ်ပြီး ယင်းဘဏ်သည် ဘဏ်လုပ်ငန်း နယ်ပယ်အတွင်းရှိ လူများ ၊ ဆန်းသစ်တီထွင်သော နည်းပညာများနှင့် အကောင်းဆုံးသော လုပ်ထုံးလုပ်နည်း များကို ပေါင်းစပ်ပြီး မြန်မာ့ဘဏ်လုပ်ငန်း၏ အနာဂတ်ကို  ပုံဖော်ဆောင်နိုင်သော နေရာတစ်ခုလည်းဖြစ်သည်။  အဆိုပါ ညီလာခံသို့  ပြည်တွင်းရှိ ဘဏ်များအပြင် ဂျပန်၊ စင်ကာပူ၊ နယူးဇီလန်၊ သြစတြေးလျ၊ ထိုင်း စသောနိုင်ငံတကာမှ ဘဏ်လုပ်ငန်းရှင်များ ကလည်း တက်ရောက်လာကြမည်ဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ ၂၀၁၃ ခုနှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ဘဏ်လုပ်ငန်းနှင့် ငွေကြေးကဏ္ဍတွင် စီမံခန့်ခွဲမှု အားအနည်းဆုံး နိုင်ငံအဖြစ် ပါဝင်ကြောင်း သိရသည်။


 ရန်ကုန်တွင် ဟိုတယ်ခန်းအကြီးကျယ်မလုံလောက်မှု လာမည့်ငါးနှစ်အထိ ဆက်ကြုံနေမည်

ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်တွင် ရုံးခန်းများ ဖွင့်လှစ်ထားသည့် ကုလသမဂ္ဂရုံးခန်းများ ဖွင့်လှစ်ထားသည့် ကုလသမဂ္ဂ ရုံးခန်းများသည် လာမည့်လတွင် ဈေးနှုန်းများ ကြီးမြင့်လာ သောကြောင့် ပြောင်းရွေ့တော့မည်ဖြစ်ကြောင်း သိရှိရ သည်။

ကုလသမဂ္ဂရုံးများသည် ကုန်သည်ကြီးများဟိုတယ် ပဉ္စမထပ်တွင် ၂၀၀၇ ခုနှစ်ကတည်းက ဖွင့်လှစ် လာခဲ့ခြင်း ဖြစ်ပြီး ပြီးခဲ့သည့် သြဂုတ်လက တစ်နှစ်စာ နောက်ဆုံးစာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

“ဟိုတယ်ခတွေရဲ့ ဈေးနှုန်းက မိုးထိအောင် တက်နေတယ်။ ငှားလိုအားနဲ့ ရှိတဲ့အခန်းက မမျှတဘူး ဖြစ်နေတယ်” ဟု ကုလသမဂ္ဂ ရန်ကုန်ရုံးခန်းမှ ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်း ကပြောကြားခဲ့သည်။

အိမ်ခြံမြေ ကြော်ငြာလုပ်ငန်းတစ်ခု ဖြစ်သော ဆီပီယိုဆားဗစ်စ်၏ အဆိုအရ  ရန်ကုန်မြို့ရှိ ဟိုတယ်ခန်းများသည် လွန်ခဲ့သော နှစ်နှစ်ခန့်က ရာခိုင်နှုန်း ၃၀ ခန့်သာ ပြည့်ခဲ့သော်လည်း ယခုအခါ ကမ္ဘာလှည့်များနှင့် စီးပွားရေး လုပ်ငန်းရှင်များ လှိမ့်ဝင်လာ နေသဖြင့် အမြဲတမ်း ပြည့်နေကြောင်း သိရရှိသည်။

ရန်ကုန်ရှိ ကုန်သည်ကြီးများဟိုတယ်၏ အခန်းတစ်ခန်းနှုန်းထားသည် အမေရိကန်ဒေါ်လာ ၂၃၅ ဒေါ်လာ ဖြစ်သော ကြောင့် ဟောင်ကောင်ရှိ ကုန်သည်ကြီးများ ဟိုတယ်၏ အခန်းခဈေးနှုန်း  ၁၅၅ ဒေါ်လာထက် ခရီးသည်များ တိုးပွားလာမှု၊ ဆောက်လုပ်ရေး လုပ်ငန်းများ နောက်ကျကျန်ရစ်ခြင်း၊ စီးပွားရေး၊ ဥပဒေရေးရာနှင့် နိုင်ငံရေးစွန့်စားမှုများ ရှိနိုင်ခြင်းတို့ကြောင့် ရန်ကုန်သည် လာမည့်ငါးနှစ်အတွင်း ဟိုတယ်အခန်းများ အကြီးအကျယ် မလုံလောက်မှု ကြုံနေရဦးမည်ဟု ဂျုန်းလန်းလာဆေး ဟိုတယ်အုပ်စု၏ ထိုင်းနှင့် အင်ဒိုချိုင်းနားဆိုင်ရာ ဒုတိယအမှုဆောင် ဥက္ကဋ္ဌ အင်ဒရူးလန်း ကပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်းများအသင်း ဥက္ကဋ္ဌ ဦးရန်ဝင်းက “မြန်မာနိုင်ငံမှာ ဟိုတယ်အခန်းတွေက လိုအပ်နေဦးမှာပါ။ အဲ့ဒါကြောင့် Local ဟိုတယ်တွေကိုလည်း update လုပ်နေပါတယ်။ အခုမြန်မာနိုင်ငံကို ခရီးသည် တစ်သန်းဝင်တယ်။ ဟိုတယ်တွေက လိုလာပါတယ်။ လာမည့် ၂၀၂၀ မှာ မြန်မာနိုင်ငံကို ခရီးသည် ခုနှစ်သန်းကနေ ရှစ်သန်း ကြားဝင်မယ်လို့ ခန့်မှန်းထား ပါတယ်။ ဟိုတယ်တွေကတော့ လိုအပ်နေမှာပါ။ ဈေးနှုန်းအရတော့ ဒေါ်လာ ၃၀၊ ၄၀ နဲ့ ငှားနေတဲ့ အခန်းတွေရှိသလို အင်တာနေရှင်နယ် အခန်းတွေလည်းရှိတယ်။ အဲ့ဒါကြောင့် ဟိုတယ်တွေ လိုအပ်သလောက် ထပ်ဖြည့်နိုင် အောင် လက်ရှိမှာ ဟိုတယ်အကြီးစားတွေနဲ့ အသေးစားတွေ ဆောက်လုပ်နေပါတယ်” ဟု ပြောကြားခဲ့သည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးတွင် ဟိုတယ်အခန်းပေါင်း ၈၀၀၀ ကျော်ရှိပြီး နိုင်ငံတကာ အဆင့်ဟိုတယ်အခန်းမှာ ၃၀၀၀ သာရှိကြောင်း သိရှိရသည်။


အလုပ်မလုပ်သော စီမံကိန်းမြေများကို ပြန်သိမ်းရန် လွှတ်တော်က အစိုးရကို တိုက်တွန်း

မြန်မာနိုင်ငံတွင် မြေဈေးများ ကြီးမြှင့်နေရခြင်း အကြောင်းရင်းတစ်ခု ဖြစ်သည့် စီမံကိန်း အကြောင်းပြ လက်ဦးမှုရယူ ထားသည့် လက်တွေ့ စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိသော မြေများကို ပြန်လည်သိမ်းယူ၍ အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်နေသူ များကို ချထားပေး ရန် လွှတ်တော်က အစိုးရအဖွဲ့အား တိုက်တွန်းလိုက်ကြောင်း သိရှိရသည်။

“မြန်မာနိုင်ငံဟာ မလိုအပ်ဘဲ မြေဈေးအကြီးမြှင့်ဆုံး တိုင်းပြည်ဖြစ်နေရပါတယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဇူလိုင်လ ၄ ရက်နေ့တွင် ကျင်းပခဲ့သော အမျိုးသားလွှတ်တော်၌ အဆိုတင်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ပြီး ထိုကဲ့သို့ မြေဈေးကြီးမြင့်နေခြင်းကြောင့် ပြည်ပရင်းနှီးမြှုပ်နှံ သူများအတွက် အဟန့်အတား ဖြစ်မည့်အပြင် မြန်မာနိုင်ငံ အတွက်လည်း တိုးတက်မှု အရှိန်အဟုန်ကို နှေးကွေးစေကြောင်း ၎င်းက ပြောကြားခဲ့သည်။

အထူးသဖြင့် တနင်္သာရီတိုင်းဒေသကြီးကို မြန်မာနိုင်ငံ၏ ဆီအိုးကြီးဖြစ်လာစေရန် ၁၉၉၉ ခုနှစ်က ပြည်တွင်းကုမ္ပဏီ များအား ဆီးအုန်းစိုက်ရန်အတွက် မြေဧက ငါးသိန်းချ ထားပေးခဲ့ရာ ၂၀၁၃ ခုနှစ်တွင်မူ ကုမ္ပဏီများက အဆိုပါပမာဏ၏ နှစ်ဆဖြစ်သော ဧက ဆယ်သိန်းခန့်အထိ အမည်ပေါက် ရယူခဲ့သော်လည်း ပြီးခဲ့သည့်မတ်လက သွားရောက် လေ့လာမှုများ အရ အချိန် ၁၄ နှစ်ကြာမြှင့်သော်လည်း စိုက်ဧက သုံးသိန်းကျော်သာ ရှိသေးကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် ကုမ္ပဏီများအနေဖြင့် ဆီးအုန်းအနစ်နာခံ စိုက်ပျိုးခြင်းကြောင်း စက်ယန္တရားများ၊ ကားများ စသည့် တန်ဖိုးကြီး ပစ္စည်းများကိုလည်း အခွန်လွတ် တင်သွင်းခဲ့ပြီး ဇိမ်ခံကားပါမစ်များလည်း ရရှိ၍ မြတ်ရရှိခဲ့ကြကြောင်း သိရှိရသည်။

မောင်ဝိတ်မိသားစု ကုမ္ပဏီ၏ လျာထားချက်အရ ၁၀၂၀ ဧကကို ခရိုင်စက်မှု/ကုန်ကြမ်း စာရင်းအရ လုံးဝစိုက်ပျိုးခြင်း မရှိသေးကြောင်း တွေ့ရှိရသော်လည်း၊ တိုင်းချုပ်စာရင်းတွင်မူ ၁၀၂၀ ဧကလုံး စိုက်ပျိုးပြီးဖြစ်၍ စိုက်ရန်မကျန်တော့ကြောင်း ဖော်ပြထားသဖြင့် စာရင်းကွဲလွဲမှုများ ရှိနေကြောင်း သိရှိရသည်။

အထက်ပါ အခြေနေများကြောင့် မြေနေရာရယူထား၍ ၁၄ နှစ်ကြာသည့်အထိ လုပ်ကိုင်ခြင်း မရှိသေးသော စီမံကိန်း ဝင်မြေများကို စိစစ်ကာ ပြစ်လည်သိမ်းယူကာ အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မည့် ပြည်တွင်း၊ပြည်ပ လုပ်ငန်းရှင်များကို ချထားပေးသင့်ပါကြောင်း အဆိုကို တင်ပြခြင်းဖြစ်သည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ ကပြောကြားခဲ့ကြောင်း သိရသည်။


 အဓိကရုဏ်းနှိမ်နှင်းရေးတပ်ဖွဲ့ မြန်မာအစိုးရ တိုးချဲ့ဖွဲ့စည်းမည်

မြန်မာအစိုးရသည် အဓိကရုဏ်း နှိမ်နှင်းရေးတပ်ဖွဲ့များကို အင်အားတိုးချဲ့ဖွဲ့စည်း၍ အဓိကရုဏ်း လုပ်ငန်းစဉ်များ ကိုလည်း နိုင်ငံတကာစံနှုန်းများ နှင့်အညီလေ့ကျင့်ပေး သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူး ချုပ် ကျော်ဇံမြင့်က ဇူလိုင်လ ၃ ရက်တွင် ပြောကြားခဲ့သည်။

တရားမဝင် အဖွဲ့အစည်းများ၏ အဖျက်အမှောင့် လုပ်ရပ်များကြောင့် နိုင်ငံနှင့်ပြည်သူတို့၏ အကျိုးစီးပွားများ ထိခိုက်နိုင်ကြောင်း လက်ရှိကျင်းပဆဲ ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က သတိပေးခဲ့သည်။

အကြမ်းဖက်မှုများနှင့် အဓိကရုဏ်းများကို ရင်ဆိုင်တုံပြန်နိုင်ရေးအတွက် ရဲတပ်ရင်းများ ဖွဲ့စည်းထားပြီး မိတ္ထီလာမြို့ တွင်လည်း ရဲတပ်ရင်းတစ်ရင်း ထပ်မံဖွဲ့စည်းရန် စီစဉ်ထားသည့်အပြင် နေပြည်တော်နှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့များကို အထောက်အကူ ပေးနိုင်ရေးအတွက် ပုဂ္ဂလိကလုံခြုံရေး ကုမ္ပဏီသုံးခု ဖြင့် ထပ်မံအားဖြည့်သွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

လက်ရှိအသုံးပြုနေသော အဓိကရုဏ်းဆိုင်ရာ ကျင့်ထုံးများကို အပြောင်းအလဲပြုလုပ်ပြီး နောက် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံတကာစံနှုန်းများနှင့်အညီ ပို့ချမည့် အဓိကရုဏ်း ဖြေရှင်းရေးလုပ်ငန်း သင်တန်းစဉ်များသို့ တက်ရောက် သင်ကြားရမည် ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် သြစတေးလျနိုင်ငံနှင့် ဥရောပသမဂ္ဂတို့၏ အကူအညီဖြင့် အဓိကရုဏ်း နှိမ်နှင်းရေး လုပ်ငန်းစဉ် သင်တန်း များကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ အဆိုအရ သိရှိရသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. မွတ်ဆလင်တို့၏  အခက်အခဲနှင့် ပတ်သက်၍ အီရန်နှင့် မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံ

(Far News Agency မှ 4 July 2013 ရက်စွဲပါ “Iranian deputy FM meets Myanmarese Counterpart on situation of Muslims” သတင်းကို ဘာသာပြန်ဆိုပါသည်)

  1. မြန်မာတယ်လီကွမ်း လိုင်စင်တင်ဒါတွင်ဗီယက်နမ်ကုမ္မဏီ ရှုံးနိမ့်

(Thanh Nein News မှ 24 June 2013 ရက်စွဲပါ “Vietnam telecom misses out on Myanmar mobile license” သတင်းကို ဘာသာပြန်ဆိုပါသည်)

  1. သေစေလောက်သည့် ရောဂါများတိုက်ဖျက်ရေး ထိုင်းနှင့် မြန်မာပူးပေါင်းဆောင်ရွက်မည်

(Bernama သတင်းဌာနမှ 4 July 2013 ရက်စွဲပါ Thailand, Myanmar Join Forces Against Deadly Diseases ကိုဘာသာပြန်ဆိုသည်)


မွတ်ဆလင်တို့၏  အခက်အခဲနှင့် ပတ်သက်၍ အီရန်နှင့် မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံ

(Far News Agency မှ 4 July 2013 ရက်စွဲပါ “Iranian deputy FM meets Myanmarese Counterpart on situation of Muslims” သတင်းကို ဘာသာပြန်ဆိုပါသည်)

အီရန်နိုင်ငံသည် ရိုဟင်ဂျာမွတ်ဆလင်တို့၏ အခက်အခဲကို ကူညီရန်အတွက် စာနာမှုအကူအညီများ ပေးပို့ရန် ပြင်ဆင်နေကြောင်း အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး အရပ်ချီက ဗုဒ္ဓဟူးနေ့ နေပြည်တော်တွင် မြန်မာဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးဇင်ယော် နှင့်တွေ့ဆုံစဉ် ပြောကြားသည်။

၎င်းက ဗုဒ္ဓဘာသာဝင်များနှင့် ရိုဟင်ဂျာများအကြား ဖြစ်ပွားနေသော လူမျိုးရေး ပဋိပက္ခများအပေါ် အီရန်အစိုးရနှင့် ပြည်သူများက အထူးစိုးရိမ်နေကြောင်း ပြောကြားခဲ့ပြီး၊ ပြဿနာကို မှန်ကန်စွာ ဖြေရှင်းရန်အတွက် ထိရောက်သော ဆောင်ရွက်ချက်များ ပြုလုပ်ရန် မြန်မာအစိုးရကို တိုက်တွန်းသည်။

ထို့အပြင် အီရန်သည် ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ရန်  အဆင်သင့်ရှိနေပြီး၊ ရိုဟင်ဂျာတို့၏ ခက်ခဲသော အခြေ အနေကို ကူညီပေးလိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်မှ လူမျိုးရေး အဓိကရုဏ်းကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သူ ၁၄၀,၀၀၀ ကျော်ရှိကြောင်း UNHCR က ဇွန်လတွင် ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် ဇွန်လက ပထမအကြိမ် အဓိကရုဏ်းကြောင့် ၇၅,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး၊ အောက်တိုဘာလ ဒုတိယအကြိမ် အဓိကရုဏ်းကြောင့် ၃၆,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု UNHCR က ဆိုပါသည်။

“အကြမ်းဖက်မှုကို တိုက်ရိုက်မခံရပေမယ့် လုံခြုံရေးတင်းကြပ်မှုကြောင့် သက်မွေးဝမ်းကျောင်းလုပ်ငန်း  ဆုံးရှုံးရသူ တွေက ပိုများပါတယ်။ တစ်ချို့ဆိုရင် အထောက်အပံ့ရဖို့အတွက်နေအိမ်ကို စွန့်ခွာသွားကြတယ်” ဟု UNHCR ပြောရေးဆိုခွင့်ရှိသူ အေဒရီယမ်အက်ဒွပ် ကပြောကြားထားသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်မှ လူများစီးထွက်မှုကို ရပ်သွားစေရန်နှင့် ဘေးကင်းစွာ ဆန္ဒအလျှောက် ပြန်လာစေမည့် အခြေအနေကို ဖန်တီးပေးရန် UNHCR က တိုက်တွန်းလျက်ရှိသည်။

ထို့အပြင် နိုင်ငံတကာ ကူညီမှုကို လိုအပ်နေသော ဒုက္ခသည်များအား တံခါးဖွင့်ပေးထားရန် အာဆီယံဒေသတွင်း အစိုးရများကို UNHCR က တိုက်တွန်းထားသည်။

သနားစရာအကောင်းဆုံး ဒုက္ခသည်များကို အကောင်းဆုံး ကူညီနိုင်ရန်နှင့် ကယ်ဆယ်ရေးပစ္စည်း ဖြန့်ဖြူးမှု တိုးတက်စေရန်အတွက် ပြည်တွင်း အိုးမဲ့အိမ်မဲ့ ဒုက္ခသည်များကို အရေးပေါ်မှတ်ပုံတင် စာရင်းသွင်းရန် လိုအပ်သည်ဟု UNHR က ထုတ်ဖော်ပြောဆိုထားပါသည်။


မြန်မာတယ်လီကွမ်း လိုင်စင်တင်ဒါတွင်ဗီယက်နမ်ကုမ္မဏီ ရှုံးနိမ့်

(Thanh Nein News မှ 24 June 2013 ရက်စွဲပါ “Vietnam telecom misses out on Myanmar mobile license” သတင်းကို ဘာသာပြန်ဆိုပါသည်)

ပြုပြင်ပြောင်းလဲနေသော မြန်မာနိုင်ငံ၌ ၆ လကြာ စိတ်လှုပ်ရှားဖွယ် တယ်လီကွမ်း အော်ပရေတာလိုင်စင် တင်ဒါ ပြိုင်ပွဲတွင်  နော်ဝေ၏ Telenor နှင့် ကာတာ၏ Ooreedo တို့ အောင်ပန်းဆွတ်ခူး သွားခြင်းကြောင့်၊ မြန်မာ မိုဘိုင်း အော်ပရေ တာ လိုင်စင်ပြိုင်ပွဲတွင် ဝင်နွှဲခဲ့သော ဗီယက်နမ်စစ်တပ်ပိုင် Viettel ကုမ္မဏီရှုံးနိမ့် သွားပြီ ဖြစ်သည်။

ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ တန်ဖိုးရှိသော လိုင်စင်တင်ဒါ အောင်သွားသူများသည် မြန်မာနိုင်ငံ တစ်လွှား မိုဘိုင်းဖုန်း ကွန်ယက် တည်ဆောက်၍ ၁၅ နှစ် လုပ်ကိုင်ခွင့် ရရှိကြမည် ဖြစ်သည်။

ယခု တယ်လီကွမ်းအော်ပရေတာ လိုင်စင်နှစ်ခုသည် ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန် အာဏာရလာကာ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာပြီးနောက်ပိုင်း နိုင်ငံခြားကုမ္မဏီများကို အခွင့်အရေးပေးသော အကြီးဆုံးဆုလာဒ် များထဲတွင် ပါဝင်သည်ဟု Bloom berg ကဆိုပါသည်။

“မိုဘုန်းဖုန်း ပျံ့နှံ့သုံးစွဲမှုနှုန်း ၇၀% ရှိသော ကမ္ဘောဒီးယား၊ ၈၇% ရှိသော လာအို တို့နှင့် နှိုင်းယှဉ်လျှင် ၇% ခန့် သာရှိသော မြန်မာဈေးကွက်တွင် ကြီးမားသော အခွင့်အလမ်းကို ဆုံးရှုံးခဲ့ရခြင်းကြောင့် မိမိတို့ကုမ္မဏီ မပျော်ပါ။” ဟု ဗီယက်နမ် စစ်တပ်ပိုင် Viettel ကုမ္မဏီ ပြောရေးဆိုခွင့်ရှိသူက ပြည်တွင်း Vn Express သတင်းဌာနသို့ ပြောကြားသည်။

သို့ရာတွင် နိုင်ငံတကာ ကုမ္မဏီကြီး ၁၇ ခုနှင့် ပြိုင်ဆိုင်ခဲ့ရခြင်းကြောင့် ယခုရလာဒ်ကို တုန်လှုပ်ခြင်း မရှိပါဟု ၎င်းက မှတ်ချက်ပေးသည်။

ပြိုင်ပွဲအစောပိုင်းတွင် ကမ္ဘာ့အကြီးဆုံး Vodafone နှင့် ဒုတိယအကြီးဆုံး China Mobile တို့ နှုတ်ထွက် သွားခြင်းကြောင့် မျှော်လင့်ချက်များ တက်လာခဲ့သည်ဟု  Viettel ကဆိုပါသည်။

ဗီယက်နမ် စစ်တပ်ပိုင် Viettel သည် ကင်မရွန်း၊ ဟေတီ၊ ပီရူး၊ မိုဇမ်ဘစ်၊ တန်ဇန်းနီးယား နိုင်ငံများတွင်လည်း ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။


သေစေလောက်သည့် ရောဂါများတိုက်ဖျက်ရေး ထိုင်းနှင့် မြန်မာပူးပေါင်းဆောင်ရွက်မည်

(Bernama သတင်းဌာနမှ 4 July 2013 ရက်စွဲပါ Thailand, Myanmar Join Forces Against Deadly Diseases ကိုဘာသာပြန်ဆိုသည်)

နယ်စပ်ဒေသ တစ်လျှောက်တွင် သွေးလွန်တုပ်ကွေး၊ ငှက်ဖျား၊ ဝမ်းပျက်ဝမ်းလျှော ရောဂါ သို့မဟုတ် AIDS ကဲ့သို့ ကူးစက်လွယ်ပြီး အသက်အန္တရာယ် ထိခိုက်စေနိုင်သည့် ရောဂါများ တိုက်ဖျက်ရေးအတွက် ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ကြမည် ဖြစ်ကြောင်း ထိုင်းသတင်းဌာန(TNA) က ရေးသား ဖော်ပြသည်။

ထိုင်းနိုင်ငံတောင်ပိုင်း နယ်စပ်ဒေသမြို့ဖြစ်သော ရနောင်းပြည်နယ် ပြည်သူ့ကျန်းမာရေးရုံးအဖွဲ့ အကြီးအကဲ ဒေါက်တာ ဆူရီရာကူဟာရက်က ထိုသို့ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံသည် ကော့သောင်းမြို့နယ်မှ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားခံရသူ ကလေးငယ်နှစ်ဦးကို ရနောင်းမြို့ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဖြစ်သည်ဟု သတင်းထောက်များကို ပြောကြားသည်။

မြန်မာနိုင်ငံ ကော့သောင်းမြို့နယ်သည် သွေးလွန်တုပ်ကွေး ဆိုးရွားစွာ ပျံ့နှံ့ဖြစ်ပေါ်လျက်ရှိပြီး ယင်းရောဂါကြောင့် အနည်းဆုံး လူနာငါးဦးခန့် သေဆုံးခဲ့ရပြီဖြစ်သည် ဟူသော သတင်းများကြား သိရကြောင်း ၎င်းက ပြောဆိုသည်။

ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး စီမံချက်ဖြင့် သေစေနိုင်သည့် ရောဂါများဖြစ်သော ငှက်ဖျား၊ ဝမ်းပျက် ဝမ်းလျှော သို့မဟုတ် AIDS တို့ကိုလည်း တိုက်ဖျက်သွားမည် ဖြစ်သည်ဟု ၎င်းက အတည်ပြု ပြောကြားသည်။

ရနောင်းပြည်နယ်နှင့် ကော့သောင်းမြို့ နယ်အကြားတွင် တရားဝင် နယ်စပ်ဖြတ်ကျော်ဂိတ် သုံးခုနှင့် သဘာဝ အတိုင်း သွားလာနိုင်သည့် နယ်စပ်ဝင်ပေါက် ၅၀ ကျော်ရှိသည်။ အဆိုပါ ဒေသများမှ တိုးရစ်များနှင့် ရွှေ့ပြောင်းလုပ်သားများ အပါအဝင် ပြည်သူ ထောင်ပေါင်းများစွာ ကူးလူးသွားလာလျက် ရှိကြသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive