Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“နိုင်ငံတစ်ဝန်းလုံးမှာ ဆင်းရဲတွင်းနက်နေတဲ့ ပြည်သူတွေရှိတယ်။ ဒီပြည်သူတွေ အဆင်ပြေဖို့အတွက် အရင်ဆုံး ငြိမ်းချမ်းရေး ရအောင် လုပ်ရမယ်။ ပြီးရင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ပြီး ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်နိုင်မယ်ဆိုရင် အားလုံး ငြိမ်းချမ်းသွားနိုင်မယ်”

၂၀၁၃ သြဂုတ်လ ၁၆ ရက်နေ့ထုတ် Yangon Times နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိခိုက်မည့်လုပ်ရပ်များအား ကယန်းငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီက တားဆီးမည်” သတင်းမှ ကယန်းပြည်သစ်ပါတီမှ ဗိုလ်မှူးကြီးစောလွင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“နိုင်ငံတကာမှာက နည်းပညာတွေ အရမ်းတိုးတက်နေတော့ သူတို့နိုင်ငံက စနစ်တွေကလည်း ကျွန်တော်တို့ နိုင်ငံထက်စာရင် အရမ်းကို မြင့်မားနေတယ်။ ဒါကြောင့် သူတို့က နံပါတ် ၁၀ လောက် ရောက်နေရင် ကျွန်တော်တို့က အခုမှ ၁ ကနေစပြီး လိုက်လို့မရဘူး။ တစ်ဆင့်ချင်း မသွားဘဲနဲ့ လိုအပ်ရင် လိုအပ်သလို အဆင့်ကျော်သွားရမယ်။ ဥပမာ- နိုင်ငံတကာမှာ ပေဂျာစသုံးပြီးမှ ဖုန်းကို သုံးနေတဲ့ အချိနှ်မှာ ကျွန်တော်တို့က ပေဂျာကို မသုံးဘဲ ဖုန်းကို တိုက်ရိုက်တန်းသုံးတယ်။ အဲလို သဘောမျိုးပါပဲ”

၂၀၁၃ သြဂုတ်လ ၁၆ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “နိုင်ငံတကာအဆင့်မီ အာမခံနည်းစနစ် ဖြစ်လာစေရေး တိုးတက်နေသော နည်းပညာ အသုံးပြုရန်လိုအပ်ဟု ဘဏ္ဍာရေးဒုဝန်ကြီး ပြောကြား” သတင်းမှ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“တချို့က ပြောတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေတယ်ဆိုတာ အစိုးရကခိုင်းလို့ ဆိုပြီးတော့ ကျွန်တော်တို့ကို မလိုတဲ့သူတွေက ဒီလိုမမှန်တာတွေ လျှောက်ပြောတော့ ဘယ်ကောင်းပါ့မလဲ။ တကယ်တော့ အစိုးရနဲ့ ဘာမှ မသက်ဆိုင်ဘူး။ အစိုးရလူဆိုရင် အဖွဲ့အစည်းတွေက ဘယ်လာချင်ပါတော့မလဲ။”

                   ၂၀၁၃ သြဂုတ်လ ၁၆ ရက်နေ့ထုတ် Yangon Times နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် အစိုးရနှင့် မည်သို့မျှ ပတ်သက်မှုမရှိဟု SNLD ပါတီပြော” သတင်းမှ SNLD ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒီဆိပ်ကမ်းတွေရဲ့ ကုန်သွယ်မှုက ရာခိုင်နှုန်း ၈၀ လောက်ရှိနေတော့ နိုင်ငံထဲကို ၀င်လာတဲ့ ကုန်ပစ္စည်း ၁၀၀ မှာ ၈၀ လောက်က ရန်ကုန်ဆိပ်ကမ်းက ၀င်နေတာ။ ရန်ကုန်ဆိပ်ကမ်းဆိုတာလည်း လက်ရှိ ကျွန်တော်တို့ လုပ်နေတဲ့ ဆိပ်ကမ်းတွေ မဟုတ်ဘူး။ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွေကို ပြောတာ။ အခု ကျွန်တော်တို့ လုပ်နေရတာက ပမာဏ သေးသေးလေးမှာပဲ လုပ်နေရတာ။ တကယ်တမ်း ပမာဏကြီးကြီးနဲ့ နိုင်ငံအပေါ် ထိရောက်မှုရှိမှာက အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွေအထိ လုပ်နိုင်မှပဲ ထိရောက်မှာ”

၂၀၁၃ သြဂုတ်လ ၁၆ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ စစ်ဆေးရန် ပြင်ဆင်ထား” သတင်းမှ တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ ညွှန်ကြားရေးမှူး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ပြီးသွားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရော။ လက်ရှိလုပ်ဆောင်နေတဲ့ဟာတွေရောကို ကြည့်ရင် KIA နဲ့လည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတာပဲ။ တအောင်း (ပလောင်) နဲ့လည်း သိပ်အဆင်မပြေဘူး။ နောက် တစ်ခြား ရှမ်း လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း ကြိုကြား ကြိုကြား တိုက်ပွဲတွေ ဖြစ်နေတာတွေ့ရတယ်။ ဒါတွေရဲ့ အားနည်းချက်ကို ရှာဖွေပြီး ဘယ်လို ပြုပြင်ရင် ကောင်းမလဲဆိုတာ အရေးကြီးတယ်။ ဒီတော့ နှစ်ဖက်စလုံးမှ အဓိက အားနည်းနေတာတော့ စောင့်ကြည့် အဖွဲ့အစည်း မရှိတာဘဲ။ ဒီတော့ တစ်ဖက်နဲ့ တစ်ဖက် အပြစ်ဖို့တာပဲ ရှိတယ်။ အဖြေက ရှာမရဘူးဖြစ်နေတယ်။ ဒါကြောင့် ပြည်သူလူထုတွေနဲ့ နိုင်ငံရေးပါတီတွေ ပါဝင်တဲ့ စောင့်ကြည့်အဖွဲ့တွေ ဖွဲ့စည်းဖို့ အခုငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ထည့်ဆွေးနွေးသွားမှာ”

၂၀၁၃ သြဂုတ်လ ၁၇ ရက်နေ့ မြန်မာသံတော်ဆင့် အတွဲ (၂) ၊ အမှတ် (၂၃) တွင် ပါရှိသော “အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးများအတွက် စောင့်ကြည့်အဖွဲ့များ ဖွဲ့စည်းရေး တိုင်းရင်းသားများ ဆွေးနွေးမည်” သတင်းမှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


တပ်မတော် မြေသိမ်းမှုများကို လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ဆက်မဆွေးနွေးရန် သူရဦးရွှေမန်းမှ တားမြစ်ပေးခဲ့ရ

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းသည် သြဂုတ် ၁၅ ရက်တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်၌ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာ အပိုင်း (၃) နှင့် စပ်လျဉ်း၍ ဆွေးနွေးစဉ် တပ်သိမ်းမြေကိစ္စများ အကြိမ်ကြိမ်ထည့်သွင်း ဆွေးနွေးကြသည့်အတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ကျော်ဦးလွင်က တပ်မတော်နှင့် ပြည်သူအကြား သွေးခွဲမှုပုံစံသက်ရောက်စေသဖြင့် ဆက်လက် ဆွေးနွေးခွင့်မပြုရန် ဝင်ရောက်တားမြစ်ခဲ့ရာ သူရဦးရွှေမန်း ကလည်း ယင်းတင်ပြချက်ကို လက်ခံကာ ဆွေးနွေးမှုကို တားမြစ်ပေး ခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဘရှိန်က တပ်မတော်က သိမ်းဆည်းထားသော လယ်ယာမြေကိစ္စများကို ဆွေးနွေးတင်ပြနေစဉ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်က “တပ်မတော်ကို ပြည်သူနဲ့အကြားမှာ သွေးခွဲမှုဖြစ်အောင် အကြိမ်ကြိမ်ပြောဆိုနေတဲ့သဘောမျိုး သက်ရောက်တဲ့အတွက် နာယကကြီးအနေနဲ့ တားမြစ်ပေးပါရန်နှင့် ဒီဆွေးနွေးမှုများကို မှတ်တမ်းတင်ခြင်းမှ ပယ်ဖျက်ပေးပါရန် ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံပါတယ်”ဟု ပြည်ထောင်စုလွှတော်နာယကထံသို့ တင်ပြခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်ကလည်း “နာယကကြီးဦးဆောင်တဲ့ ဒီပွင့်လင်းမြင်သာမှုရှိတဲ့ လမ်းကြောင်းကို ပေးနေတဲ့အချိန်မှာ တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေအနေနဲ့ ဒီလို အထင်အမြင်လွဲမှားစေအောင် ဟန့်တားတဲ့ အပြုအမူမျိုးကတော့ မလိုလားအပ်ဘူးလို့ တင်ပြလိုပါတယ်။ ကျွန်တော်ဆွေးနွေးတာကလည်း တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေကို ထိခိုက်နစ်နာအောင် တစ်လုံးတစ်ပါဒမှ မပါဘူး”ဟု ပြည်ထောင်စုလွှတ်တော်နာယကထံသို့ ပြန်လည်တင်ပြခဲ့သည်။

ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ယနေ့တင်ပြချက်များမှာ ပြည်ထောင်စု ၀န်ကြီးဌာန၊ ပြည်ထောင်စု အစိုးရ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများသို့ ပြောဆိုရန် လုံလောက်မှုရှိပြီ ဖြစ်ကြောင်း၊ ယနေ့တပ်မတော်နှင့် ဆိုင်သည့် အပိုင်းကို ဆက်လက် ဆွေးနွေးခြင်း မပြုဘဲ ကျန်သည့် အပိုင်းကိုသာ ဆက်လက်ဆွေးနွေးရန် ပြောကြားသည်။


စည်ပင်မှ ခွင့်ပြုချက်မရမီကြိုဆောက်သောကန်ထရိုက်တာများအတွက် ဒဏ်ကြေးတိုးမြှင့်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ခွင့်ပြုမိန့်မကျသေးဘဲ ကြိုတင်ဆောက်လုပ်သော ကန်ထရိုက်တာများ၏ အဆောက်အအုံများအပေါ် ဒဏ်ကြေးငွေကောက်ခံခြင်းကို ထပ်မံတိုးမြှင့်လိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအဆောက်အအုံနှင့် အင်ဂျင်နီယာဌာန၏ သတင်းထုတ်ပြန်ချက်မှ သိရသည်။ အဆိုပါ သတင်းထုတ်ပြန်ချက်အရဒဏ်ကြေးငွေကိုယခင်နှစ်များကတစ်ပေလျှင် ကျပ် ၇၀၀ ကျော်သာ ကောက်ခံခဲ့ပြီး ၂၀၁၃ ခုနှစ် သြဂုတ်လမှ စတင်၍ တစ်ပေလျှင် ငွေကျပ်နှစ်သောင်းကျော်အထိ တိုးမြှင့်လိုက်ကြောင်း သိရသည်။

လက်ရှိရန်ကုန်မြို့အတွင်းရှိဆင်ခြေဖုံးမြို့နယ်အချို့တွင် ခွင့်ပြုချက်မကျမီမြေဖောင်ဒေးရှင်းများ ကြိုတင် ဆောင်ရွက်နေခြင်း၊ စည်ပင်၏ မြေပိုင်နက်သို့ ကျော်လွန်ဆောက်လုပ်နေခြင်းတို့အပြင် စည်ပင်မှ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိခြင်းနှင့် ပတ်ဝန်းကျင်၏ထောက်ခံချက် မရရှိဘဲဆောက်လုပ်နေမှုများ ရှိနေခြင်းတို့ကြောင့် ထိုသို့ဒဏ်ငွေကိုစည်းကြပ်တိုးမြှင့်ရခြင်းဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့ပြင် ရန်ကုန်မြို့အတွင်းအဆောက်အအုံများတည်ဆောက်ရာတွင် အဆင့်မြှင့်တင်နိုင်ရန်အတွက် စံချိန်စံညွှန်းများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အတိအကျသတ်မှတ်ပေးလျက်ရှိပြီး အထပ်မြင့် အဆောက်အဦးတည်ဆောက်မှုတွင် နည်းစနစ်ကျနစေရန်အတွက် ဇုန်များဖြင့်ခွဲခြားသတ်မှတ်တော့မည်ဖစ်ကြောင်း ရန်ကုန် မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းအရသိရသည်။

ထိုသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများဖြင့် ကိုက်ညီမှု မရှိသည့် အဆောက်အအုံများကို ဆောက်လုပ်ခွင့်မပေးခြင်း၊ တည်ဆောက်ပြီး အဆောက်အအုံများကိုလည်း မြေပြင်ထိ ပြန်လည်ဖြိုချခြင်းအပြင် ဆောက်လုပ်ရေးလိုင်စင်ရုတ်သိမ်းသည် အထိအရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် လူနေအိမ် တည်ဆောက်မှုကို ၂၀၁၃-၁၄ ခုနှစ်၏ သုံးလအတွင်းအလုံးရေ ၉၀၀ ကျော် ထိစည်ပင်မှ ခွင့်ပြုပေးခဲ့ခြင်းကြောင့် အိမ်ယာတည်ဆောက်မှုနှုန်းမှာယခုနှစ်တွင် ပျမ်းမျှအလုံးရေ သုံးသောင်းကျော်ထိရှိနိုင်ပြီးယခင်နှစ်များထက် နှစ်ဆမြင့်တက်နေသည်။

မြို့ပြကျွမ်းကျင်ပညာရှင်များ၏ တွက်ချက်ခန့်မှန်းမှုများအရရန်ကုန်မြို့သို့ ပြောင်းရွှေ့အခြေချသူများမှ တစ်နှစ် ထက်တစ်နှစ် ပိုမိုများပြားလျက်ရှိပြီး စာရင်းဇယားဖြင့် တွက်ချက်မှုအရ ၂၀၄၀ ပြည့်နှစ်များတွင် လက်ရှိလူဦးရေ ခြောက်သန်းမှ ၁၀ သန်းကျော်ထိတိုးပွားလာနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ စီးပွားရေးမြို့တော်ရန်ကုန်တွင် နှစ်စဉ်လူနေအိမ်အခန်းပေါင်း သုံးသောင်းကျော် လိုအပ်နေပြီး အမှန်တကယ်တည်ဆောက်နိုင်မှု ပမာဏမှာ တစ်သောင်းဝန်းကျင်သာရှိနေသေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ စာရင်းဇယားများအရသိရသည်။


  ယခုနှစ်အတွင်းတွင် E-Government စနစ် အကောင်အထည်ဖော် ဆောင်ရွက်မည်

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် e-Government စနစ်ကို ပီပီပြင်ပြင် ပေါ်ပေါက်လာရေးအတွက် ယခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ့်၏ ပြောကြားချက်အရ သိရသည်။

ယခုလက်ရှိတွင် e-Government စနစ် ပီပီပြင်ပြင် ဖြစ်ပေါ်လာရေးအတွက် အစိုးရနှင့် ADB ဘဏ်တို့ ပူးပေါင်း၍ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း တန်ဖိုးရှိ စီမံချက်တစ်ခု ရေးဆွဲရန်ရှိနေပြီး အဆိုပါစီမံချက်အတွက် နိုင်ငံတော်အစိုးရ၏ အတည်ပြုချက်ကို သြဂုတ်လတွင်ရရှိရန် မျှော်လင့်နေကြောင်း ADB ဘဏ်၏ သြဂုတ်လ အစောပိုင်းတွင် ထုတ်ပြန်ခဲ့သော ကြေညာချက်အရ သိရှိရသည်။

ထိုကဲ့သို့ ထုတ်ပြန်ခဲ့မှု နှင့် စပ်လျဉ်း၍ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က “အချိန်တော့ အတိအကျ မသိသေးပါဘူး။ သမ္မတကြီး ကတိပေးထားတဲ့အတိုင်း e-Government စနစ်ကို ဒီနှစ်အတွင်းမှာ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ” ဟု ဆိုသည်။

e-Government စနစ်ကို မြန်မာနိုင်ငံတွင် ယခင်ကတည်းက ဆောင်ရွက်နေမှုများ ရှိသော်လည်း ၀န်ကြီးဌာန အချို့က ဆောင်ရွက်ရာတွင် အားနည်းချက်များရှိနေသောကြောင့် ယခုအခါ ပီပီပြင်ပြင်ဆောင်ရွက်နိုင်ရန် ဆက်သွယ်ရေး ၀န်ကြီးဌာနက ဦးစီး၍ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ဒုဝန်ကြီး ဦးရဲထွဋ်က ရှင်းပြသည်။

“အဲဒီအတွက် ၀န်ထမ်းတွေကို စနစ်တကျ သင်ကြားပို့ချမှုတွေ ပြုလုပ်ပြီးပါပြီ၊ နည်းပညာ အထောက်အပံ့တွေနဲ့ နည်းစနစ်တွေပဲ လိုအပ်ပါတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် e-Government စနစ်သာ အကောင်အထည်ဖော်နိုင်ခဲ့ပါက ၀န်ကြီးဌာနအသီးသီးတွင် ဖြစ်ပွားနေသော အဂတိလိုက်စားမှုများကို လျှော့ချပေးနိုင်မည် ဖြစ်ပြီး၊ ယခုဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် တောင်ကိုရီးယားနိုင်ငံနှင့် ADB ဘဏ်တို့မှ ကူညီလျက်ရှိပြီး အနောက်နိုင်ငံအချို့မှလည်း ကူညီရန် စိတ်ဝင်စားလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ e-Government ဖော်ဆောင်ရေးကိစ္စနှင့် ပတ်သက်၍ အိုင်တီလုပ်ငန်းရှင် ဦးရဲမြတ်သူကမူ လုပ်ငန်းစဉ်များအတွက် နည်းပညာအထောက်အပံ့သည် အရေးကြီးသည်ဆိုသော်လည်း လုပ်ငန်းဆောင်ရွက်မည့် ၀န်ထမ်းများ၏ capacity မြှင့်တင်ခြင်း နှင့် ၀န်ကြီးဌာနများ တစ်စုတစ်စည်းတည်း လုပ်ငန်းဖော်ဆောင်ရန် စည်းမျဉ်း၊ စည်းကမ်းများကိုချမှတ်ပြီး ၀န်ကြီးဌာနအားလုံး၏ ဆောင်ရွက်ချက်များကို စီမံကွပ်ကဲမည့် ခေါင်းဆောင်တစ်ဦးက သတ်မှတ် တာဝန်ချထားရန် လိုအပ်ကြောင်း၊ လုပ်ငန်းစဉ်များအတွက် နိုင်ငံတော် အစိုးရ နှင့်  အစိုးရဌာနအသီးသီး၏ ပူးပေါင်းဆောင်ရွက်မှု သည် လွန်စွာအရေးကြီးကြောင်း သုံးသပ်ပြောကြား သည်။

“ဒီစနစ် အကောင်အထည်ဖော်ဖို့ အစိုးရက အကြိမ်ကြိမ် ကြိုးစားနေတာ ရှိတယ်။ ဒါပေမဲ့ အစိုးရ ၀န်ကြီးဌာန အသီးသီးရဲ့ ပူးပေါင်းဆောင်ရွက်မှုက အားနည်းနေတယ်။ အထူးသဖြင့် ဌာနဆိုင်ရာတွေက ကြောက်ပြီး ခေါင်းရှောင်နေကြတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံအစိုးရ အနေဖြင့် e-Government စနစ် အကောင်အထည်ဖော်ရန်အတွက် ယခင်နှစ် ကတည်းက စတင်ပြောဆိုခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတော်သမ္မတ အကြံပေး ဒေါက်တာအောင်ထွန်းသက် ဦးဆောင် သော အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့သော်လည်း အဆိုပါစနစ် အကောင်အထည်ပေါ်ခြင်း မရှိသေးပေ။


 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive