Transparency Myanmar

transparency.myanmar@gmail.com

BBC News ,Date: 26 - Nov - 2009

        ကိုပင်ဟေဂင်တွင် ကျင်းပမည့် ကုလသမဂ္ဂ ရာသီဥတု ဆွေးနွေးပွဲသို့ တက်ရောက်ရန် အမေရိကန်ပြည်ထောင်စု သမ္မတ Obama ၏ ဆုံးဖြတ်ချက်ကို ဥရောပ ခေါင်းဆောင်များက ကြိုဆိုလိုက် ပါသည်။

          ဆွီဒင် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီး Andreas Carlgren က Obama ၏ တက်ရောက်မှုသည် မျှော်လင့်ချက်များ ပိုမို တိုးပွားလာစေသည်ဟု ဆိုပါသည်။

          အစောပိုင်းက အမေရိကန် ပြည်ထောင်စုထုတ်ပြန်သော ကြေညာချက်တွင် သမ္မတ Obama သည် အဆင့်တစ်ခုတွင် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု ဖြတ်တောက်ခြင်းကို စီစဉ်လျက် ရှိပြီး၊ ၂၀၂၀ ခုနှစ် တွင် (၁၇ %) ဖြတ်တောက်မှုဖြင့် စတင်မည် ဖြစ်ပါသည်။

          သို့သော် ပတ်ဝန်းကျင်ဆိုင်ရာ အရေး လှုပ်ရှားသူများက အမေရိကန်၏ ရည်မှန်းချက်မှာ စိတ်ပျက်ဖွယ် ကောင်းသည်ဟု မြင်ကြကြောင်း BBC မြောက်အမေရိက အယ်ဒီတာ Mark Mardell က ပြောပါသည်။

          ကိုပင်ဟေဂင်တွင် Obama ၏ တက်ရောက်မှုသည် ရလဒ်ကောင်းများ ထွက်ပေါ်ရေးအတွက် အရေးပါကြောင်း ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ အရာရှိချုပ် Yvo de Boer က ပြောကြား လိုက်ပါသည်။

          ဒိန်းမတ် ဝန်ကြီးချုပ် Lars Loekke Rasmussen က ပြောကြားရာတွင် Obama ၏ တက်ရောက်မှုသည် ရည်မှန်းချက် ကြီးမားသော ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးမှုတွင် သမ္မတတစ်ဦး အနေဖြင့် ပါဝင် ပူးပေါင်း ဆောင်ရွက်မှုကို ပြသလိုက်ခြင်း ဖြစ်ပါသည်ဟု ဆိုပါသည်။

          သမ္မတ Obama သည် အစည်းအဝေး ဖွင့်လှစ်အပြီး (၂) ရက်အကြာ ဒီဇင်ဘာလ (၉) ရက်နေ့ တွင် ရောက်ရှိမည် ဖြစ်ပါသည်။

          သို့သော် Obama သည် (၁၂) ရက် ကြာမည့် အစည်းအဝေး ပြီးဆုံးသည်အထိ နေမည်မဟုတ်ပဲ Oslo တွင် ကျင်းပမည့် ငြိမ်းချမ်းရေး နိုဘယ်ဆုပေးပွဲသို့ ဆုလက်ခံရန် ဆက်လက် ခရီးဆက်မည် ဖြစ်ကြောင်း တာဝန်ရှိ ပုဂ္ဂိုလ်များက ပြောကြားခဲ့ပါသည်။

          ယခု ကုလသမဂ္ဂ ရာသီဥတု ထိပ်သီးအစည်းအဝေးသည် ၁၉၉၇ ခုနှစ်က ချုပ်ဆိုထားသော Kyoto Protocol ကို အစားထိုးမည့် စာချုပ်သစ်ကို ရေးဆွဲရန် ရည်ရွယ်ထားပါသည်။ သို့သော် စောင့်ကြည့် လေ့လာသူများကမူ ဖြစ်နိုင်လိမ့်မည် မထင်ဟု ပြောကြားခဲ့ပါသည်။

          အမေရိကန် တာဝန်ရှိသူများက ပြောကြားရာတွင် ဝါရှင်တန်သည် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ၂၀၀၅ ခုနှစ်မှ စတင်လျှော့ချခဲ့ရာ ၂၀၂၀ ခုနှစ်တွင် (၁၇%)၊ ၂၀၂၅ ခုနှစ်တွင် (၃၀%)၊ ၂၀၃၀ ခုနှစ်တွင် (၄၂%) နှင့် ၂၀၅၀ ခုနှစ်တွင် (၈၃%) ဖြတ်တောက်ပြီးမည်ဟု ဆိုပါသည်။

          သို့သော် အခြားတိုင်းပြည် အများစုကမူ ၎င်းတို့၏ ရည်မှန်းချက်များကို ၁၉၉၀ ခုနှစ် ကိန်းဂဏန်းများကို အခြေခံ၍ ပေးကြပါသည်။

          BBC ပတ်ဝန်းကျင်ဆိုင်ရာ သတင်းထောက် Richard Black က ပြောကြားရာတွင် အမေရိကန်သည် ၁၉၉၀ ခုနှစ် ကတည်းကစ၍ နှစ်စဉ် ဓာတ်ငွေ့ထုတ်လွှတ်မှု (၁၅ %) ခန့် တိုးတက်လျက်ရှိရာ၊ ၎င်း၏ လျှော့ချမှု ရာခိုင်နှုန်းသည် နည်းပါးနေပါသည်ဟု ထည့်သွင်း ပြောကြားခဲ့ပါသည်။

          အဆိုပါ အချိန်ဇယားအတိုင်း EU ၏ (၂၀ %) လျော့ချရန် အစီအစဉ်ထက် စာလျှင် အမေရိကန်တို့သည် နည်းနေသေးပြီး၊ အားလုံး သဘောတူမည့် ပမာဏမှာ (၃၀ %) ဖြတ်တောက်မှု ပြုလုပ်ရမည် ဖြစ်ပါသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများက တောင်းဆိုထားသည့် (၂၅ %) နှင့် (၄၀ %) ကြား ဖြတ်တောက်ရန် ထက်ပင် နည်းနေပါသေးသည်။

          ဥရောပ သမဂ္ဂ ဥက္ကဋ္ဌ တာဝန်ယူနေရသော ဆွီဒင်နိုင်ငံမှ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီး Carlgren က အမေရိကန်၏ ဓာတ်ငွေ့ထုတ်လွှတ်မှု လျော့ချရေး ရည်မှန်းချက်ကို သဘောကျကြောင်း သို့သော် ပြည့်စုံသော စိတ်ဓာတ်အားထက်သန်မှု လိုအပ်ကြောင်း ပြောခဲ့ပါသည်။

          ကိုပင်ဟေဂင်တွင် သဘောတူညီချက် အောင်မြင်စွာ ထွက်ပေါ်ရေးသည် အမေရိကန်နှင့် တရုတ်တို့၏ ပြည့်စုံ လုံလောက်သော စိတ်အားထက်သန်သည့် ရည်မှန်းချက်များ အပေါ်တွင် မူတည်သည်ဟု ၎င်းက ပြောပါသည်။

          အဆိုပါ ထိပ်သီး အစည်းအဝေးသို့ နိုင်ငံပေါင်း (၁၉၂) နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက် ကြမည် ဖြစ်ပါသည်။

          ဗြိတိသျှ ဝန်ကြီးချုပ် Gordon Brown ၊ ပြင်သစ်သမ္မတ Nicolas Sarkozy နှင့် ဘရာဇီး သမ္မတ Luis Inacio Lula Da Silva တို့လည်း တက်ရောက်ကြမည် ဖြစ်ပါသည်။

          ဥရောပ ကော်မရှင် ဥက္ကဋ္ဌ Jose Manual Barroso က နိုင်ငံခေါင်းဆောင် တော်တော်များများ တက်ရောက်လေ ကောင်းလေ ဖြစ်ကြောင်း ပြောပါသည်။

          ကမ္ဘာပေါ်တွင် လေထု ညစ်ညမ်းမှု အများဆုံး နိုင်ငံဖြစ်သော တရုတ်နိုင်ငံမှ သမ္မတ Hu Jintao ကမူ တက်ရောက်ရန် ပြောကြားခြင်း မရှိသေးပါ။

          အမေရိကန်သည် တရုတ်ပြီးလျှင် လေထု ညစ်ညမ်းမှုတွင် ဒုတိယ အများဆုံးနိုင်ငံ ဖြစ်ပါသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

24 Nov 20009 (DBV News)

          ထိုင်းမြန်မာ နယ်စပ်တစ်လျှောက်ရှိ စခန်းများတွင် လက်ရှိ နေထိုင်နေသော မြန်မာ ဒုက္ခသည်များကို ဂျပန်သို့ ပြန်လည် နေရာချထားရေး ကိစ္စတွင် အကူအညီပေးရန် ဂျပန်ဝန်ကြီးချုပ်က ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီသို့ တောင်းဆိုလိုက်ပါသည်။

          မြန်မာနိုင်ငံသား ဒုက္ခသည် ၁၃၀၀၀၀ ခန့်အနက် အများစုမှာ ကရင်ပြည်နယ် အရှေ့ပိုင်း တိုက်ပွဲများကြောင့် ထွက်ပြေးလာသူများ ဖြစ်ပြီး နယ်စပ်တစ်ဖက် ထိုင်းနယ်မြေပေါ်ရှိ အဓိက ဒုက္ခသည် စခန်းကြီး ၉ ခုတွင် လက်ရှိ နေထိုင်နေကြပါသည်။

          ၂၀၁၀ မှ စတင်၍ လာမည့် ၃ နှစ်အတွင်း တစ်နှစ်လျှင် မြန်မာ ဒုက္ခသည် ၃၀ ကို နေရာ ချထားရန်အတွက် ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီး UNHCR ထံမှ အကူအညီ လိုအပ်သည် ဟု ဂျပန်က ပြောကြားပါသည်။

          ထိုင်းနိုင်ငံရှိ ဒုက္ခသည် စခန်းများမှ မြန်မာဒုက္ခသည် ၁၇၀၀၀ ခန့်ကို တတိယနိုင်ငံများသို့ နှစ်စဉ် နေရာရွှေ့ပြောင်း ချထားပေးလျက် ရှိပြီး အဓိကအားဖြင့် အမေရိကန်ပြည်ထောင်စုသို့ ခေါ်ယူလေ့ ရှိပါသည်။ အရေအတွက် ၅၀၀၀ မှ ၈၀၀၀ အထိ ရှိသော ဒုက္ခသည်အသစ်များသည် စခန်းများဆီသို့ နှစ်စဉ် ရောက်လာတတ်ပါသည်။

          ယခင်က မြန်မာအစိုးရကို သိသာစွာ လိုက်လျောမှုကြောင့် လူ့အခွင့်အရေးအုပ်စုများ၏ ပြစ်တင် ဝေဖန်ခြင်း ခံခဲ့ရသော ဂျပန်သည် ယခုအခါ မြန်မာဒုက္ခသည်များကို လက်ခံ အခြေချခွင့်ပေးသည့် ပထမဆုံး အာရှနိုင်ငံ ဖြစ်လာပါသည်။

          သို့ရာတွင် ယခင်လက လူ့အခွင့်အရေးအဖွဲ့ ၈ ဖွဲ့မှ ဂျပန်အစိုးရထံ ပေးပို့သော စာတွင် နိုင်ငံရေး ခိုလှုံခွင့် ရရှိရန် ကြိုးစားနေသော မြန်မာ ရိုဟင်ဂျာဒုက္ခသည်များကို လုံလောက်စွာ အကွာအကွယ်ပေးရန် ပျက်ကွက်မှုဖြင့် "တိုကျို" ကို ပြစ်တင် ဝေဖန်ထားပါသည်။

          အထက်ပါ ပေးစာတွင် ပါဝင် လက်မှတ်ထိုးခဲ့သူ တစ်ဦးဖြစ်သည့် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ တိုကျို ဒါရိုက်တာ Kanac Doi က ဂျပန်အစိုးရ၏ နောက်ဆုံး ကြေညာချက်ကို ကြိုဆို ထောက်ခံလိုက်ပြီး ယခုထက် ပိုမို ထိရောက်စွာ ဆောင်ရွက်ရန် တိုက်တွန်းလိုက်ပါသည်။

          နှစ်စဉ် ဒုက္ခသည် ၃၀ ကိုသာ နေရာချထားပေးရန် ကန့်သတ်ထားပါသည်။ အဆိုပါ အရေအတွက်မှာ အလွန်နည်းသောကြောင့် ဂျပန်အနေဖြင့် UNHCR နှင့် ပူးပေါင်း ဆောင်ရွက်ကာ စီမံကိန်းကို ချဲ့ထွင်စေလိုပါသည်ဟု သူမက ဆက်လက် ပြောကြားပါသည်။

          ရိုဟင်ဂျာများ အပါအဝင် မြန်မာနိုင်ငံသားများ အားလုံးကို ညှင်းဆဲဖိနှိပ်မှုများ ရပ်ဆိုင်းစေရန် ဂျပန်က မြန်မာအစိုးရကို အမှန်တကယ် ဖိအားပေးရမည်ဟု ဆိုပါသည်။

          ယခု ကြေညာချက်သည် မြန်မာ ဒုက္ခသည်များအား အကာအကွယ်ပေးရန် ပိုမို ဆောင်ရွက်စရာများ လိုအပ်နေသေးကြောင်း ဂျပန် DPT အစိုးရသစ်က အမူအရာ ပြလိုက်ခြင်းပင် ဖြစ်သည်ဟု သူမက ကောက်ချက်ချပါသည်။

          လာမည့်နှစ် မြန်မာနိုင်ငံ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှု အခြေအနေများကြောင့် ဒုက္ခသည်များ လှိုင်းလုံးသဖွယ် နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်လာနိုင်မှုနှင့် ပတ်သက်၍ စိုးရိမ်ပူနေကြောင်း ထိုင်းနိုင်ငံက လောလောဆယ် ထုတ်ဖော် ပြောကြားလိုက်ပါသည်။

          ရွေးကောက်ပွဲ မတိုင်ခင် လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့များအား နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် မြန်မာအစိုးရ၏ ကြိုးစားမှုကြောင့် ပြဿနာ အကျပ်အတည်းများ ဖြစ်ပွားလာနိုင်ခြင်း နှင့်ပတ်သက်၍ နယ်ခြားဒေသရှိ ကယ်ဆယ် ထောက်ပံ့ရေး အဖွဲ့များကလည်း ပူပန်လျက် ရှိပါသည်။

          ယခုနှစ် အစောပိုင်းက ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် ကိုးကန့်တပ်ဖွဲ့များ တိုက်ခိုက်ကြခြင်းကြောင့် ဒုက္ခသည် ၃၇၀၀၀ ခန့် တရုတ်နိုင်ငံတွင်း ထွက်ပြေးခဲ့ကြခြင်း၏ ရလဒ်အဖြစ် ယခု စိုးရိမ်ပူပန်မှုများ ထွက်ပေါ်နေခြင်း ဖြစ်ပါသည်။

--
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.