Transparency Myanmar

transparency.myanmar@gmail.com

The Irrawaddy, By Wai Moe, 19th April 2010

ပြီးခဲ့သည့် စနေနေ့က မြစ်ဆုံ ရေလှောင်တမံ စီမံကိန်းတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက်၊ ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) တာဝန်ရှိသူများသည် အစိုးရ တာဝန်ရှိသူများနှင့် တနင်္လာနေ့က မြစ်ကြီးနားတွင် တွေ့ဆုံခဲ့သည်။

KIO အနေဖြင့် လာမည့် ကြာသပတေးနေ့တွင် နယ်ခြားစောင့်တပ် ပြောင်းလဲရေး အတွက် အဖြေ ပေးရမည် ဖြစ်သည်။

KIO ဌာနချုပ် လိုင်ဇာမှ လာသော သတင်းများအရ KIO ဗဟို ကော်မတီဝင် KIA ဒုဦးစီးချုပ် ဗိုလ်မှူးချုပ် ဆွမ်လွတ်ဂမ်မော်သည် တနင်္ဂနွေနေ့က မြစ်ကြီးနားသို့ သွားရောက်ခဲ့သည်ဟု ဆိုသည်။

ယခု အစည်းအဝေးသည် အရေးပေါ် အစည်းအဝေး ဖြစ်ကြောင်း KIO မှ ပုဂ္ဂိုလ် တစ်ဦးက ပြောသည်။ ၎င်းတို့သည် မြစ်ဆုံ ရေကာတာ စီမံကိန်း ဗုံးကွဲမှုနှင့် ပတ်သက်၍ ဆွေးနွေးလိမ့်မည်ဟု ယူဆရကြောင်း ဆိုသည်။

အဆိုပါ အစည်းအဝေးသို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းနှင့်အတူ ဆက်သွယ်ရေး ဝန်ကြီး၊ ကချင်ပြည်နယ် အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးအသင်း ဗဟို အလုပ် အမှုဆောင် ကော်မတီဝင် ဗိုလ်ချုပ် သိန်းဇော်လည်း တက်ရောက်ခဲ့သည်ဟု သိရှိရသည်။

မြစ်ကြီးနား အနီး မြစ်ဆုံဒေသတွင် တရုတ် အစိုးရက တည်ဆောက်လျက် ရှိသော မြစ်ဆုံ ရေလှောင်တမံ စီမံကိန်းတွင် စနေနေ့က ဗုံး ၂၆ လုံး ကွဲခဲ့ရာ ၁၂ လုံးမှာ ပေါက်ကွဲခြင်း မရှိကြောင်း ဒေသခံများထံမှ လာသော သတင်းများအရ သိရှိရသည်။

ချင်းမိုင်ရှိ ကချင် သတင်း အေဂျင်စီမှ လာသော သတင်းများအရ ဗုံးပေါက်ကွဲမှုအရ တရုတ် ပညာရှင် လေးဦး သေဆုံးပြီး၊ ၁၂ ဦး ဒဏ်ရာ ရရှိကြောင်း ဆိုသည်။

ပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားသူများနှင့် ဒေသခံများက ယင်းစီမံကိန်းသည် အဆိုပါ ဒေသရှိ လူများ၏ လူနေမှုဘဝ နှင့် ဧရာဝတီ မြစ်ကြီးနှင့် ပတ်သက်သော လူများ၊ ပတ်ဝန်းကျင်များကို ထိခိုက်မှု ရှိသည်ဟု ကန့်ကွက်ခဲ့ကြသည်။

အချို့ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များက KIO ကို ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ပုဂ္ဂိုလ်ရေး အမြင်အရ အပြစ်တင်ခဲ့ကြသည်ဟု ဆိုသည်။

"တချို့ အစိုးရ ပုဂ္ဂိုလ်တွေက ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး KIO ကို စွပ်စွဲလိုကြပါတယ်။ ဒါပေမယ့် ဒါက အဓိပ္ပါယ် မရှိပါဘူး။ KIO နဲ့ ပတ်သက်ခြင်း မရှိပါဘူး" ဟု လိုင်ဇာမှ လာသော သတင်း တစ်ရပ်က ဆိုသည်။ ယခု ဖြစ်ရပ်၏ နောက်ကွယ်တွင် KIO နှင့် တရုတ် အာဏာပိုင်များ ကြားတွင် ဆက်ဆံရေး ထိခိုက်အောင် ပြုလုပ်လိုသူများက လုပ်ဆောင်ဖွယ် ရှိကြောင်း အဆိုပါ သတင်းက ပြောသည်။

ယခု ဗုံးပေါက်ကွဲမှုများမှာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ကြားတွင် နယ်ခြားစောင့်တပ် ပြောင်းလဲ ဖွဲ့စည်းရေး ကိစ္စနှင့်ပတ်သက်၍ အခြေအနေများ တင်းမာနေချိန်တွင် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

စစ်ဖက်ရေးရာ လုံခြုံရေးဌာန အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် အပါအဝင် စစ်ဖက်မှ တာဝန်ရှိ ပုဂ္ဂိုလ်များက ဧပြီလ ၂၂ ရက်နေ့တွင် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လိုက်နာရန် ပျက်ကွက်ပါက တရားဥပဒေအရ အရေးယူမှုများကို ရင်ဆိုင်ရမည် ဖြစ်ကြောင်း ဆိုသည်။ အဆိုပါ ပြောဆိုချက်ကို အဓိပ္ပါယ် ဖွင့်ဆိုပါက ဧပြီလ ၂၈ ရက်ခန့်တွင် တရားမဝင် အဖွဲ့အစည်း အဖြစ် ကြေညာခြင်း ခံရနိုင်သည်ဟု ဆိုသည်။

တရုတ် - မြန်မာ နယ်စပ်မှ သတင်းတစ်ရပ်က ပြောကြားရာတွင် ပြီးခဲ့သည့် မတ်လကုန်နှင့် ဧပြီလဆန်းက မြန်မာ စစ်တပ် အာဏာပိုင်များသည် KIO၊ UWSA နှင့် NDAA တပ်များနှင့် တွေ့ဆုံရာတွင် လေသံ တင်းမာခဲ့သည်ဟု ဆိုသည်။

ယခု မြစ်ကြီးနား၌ တွေ့ဆုံရာတွင် ကချင် ကိုယ်စားလှယ် အဖွဲ့အနေဖြင့် နယ်ခြားစောင့်တပ် ကိစ္စကိုလည်း ဆွေးနွေးလိမ့်မည်ဟု မျှော်လင့်နေကြသည်။

"အခုအထိတော့ KIO ဟာ ရပ်တည်ချက် မပြောင်းပါဘူး။ ပင်လုံ သဘောတူညီချက် အရ ပြည်ထောင်စု ကာကွယ်ရေး အင်အားစု ခံယူချက်ကိုပဲ ထောက်ခံပါတယ်" ဟု KIO သတင်း တစ်ရပ်က ပြောသည်။ အဆိုပါ ပြောဆိုမှုသည် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်အရ ကချင်နှင့် အခြား တိုင်းရင်းသား အဖွဲ့များသည် မိမိတို့ ဒေသနှင့် နယ်စပ် ဒေသများတွင် အပြည့်အဝ အုပ်ချုပ်ခွင့် ရရှိမည် ဟူသော အချက်ကို ရည်ညွှန်းခြင်း ဖြစ်ပေသည်။

တချိန်တည်းတွင် ပြီးခဲ့သည့် ကြာသပတေးနေ့က ရန်ကုန်တွင် သင်္ကြန်ပွဲ၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ လူ ရှစ်ဦး သေဆုံးပြီး၊ ၁၇၀ ဦး ဒဏ်ရာ ရရှိကြောင်း နိုင်ငံပိုင် သတင်းစာများက ဖော်ပြသည်။ ထိုနေ့တွင်ပင် တရုတ် - မြန်မာ အဓိက နယ်စပ်ဂိတ် မူဆယ်ရှိ ၁၀၅ မိုင် ဂိတ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ ထိခိုက်မှု မရှိကြောင်း သိရှိရသည်။

မူဆယ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း မူဆယ်နှင့် လိုင်ဇာရှိ တရုတ် - မြန်မာ နယ်စပ် ကုန်သွယ်ရေးမှာ ပုံမှန် ဖြစ်ကြောင်း ဧရာဝတီမှ လုပ်ငန်းရှင် တစ်ဦးအား ဆက်သွယ် မေးမြန်းချက် အရ သိရှိရသည်။

ထိုင်းမြန်မာ နယ်စပ်တွင် အခြေစိုက်သော အပစ်အခတ် ရပ်စဲထားသော မွန်ပြည်သစ် ပါတီသည် ကြာသပတေးနေ့တွင် မော်လမြိုင်၌ မြန်မာ စစ်တပ် အာဏာပိုင်များနှင့် တွေ့ဆုံမည် ဖြစ်ပြီး၊ DKBA သည် နယ်ခြားစောင့်တပ် ကိစ္စနှင့် ပတ်သက်၍ စနေနေ့တွင် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံမည် ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

IPS News, By Larry Jagan, 10th April 2010

အရှေ့တောင် အာရှ ခေါင်းဆောင်များသည် လတ်တလော ပြီးစီးသွားသော ၎င်းတို့၏ နှစ်လည် ညီလာခံတွင် မြန်မာ အစိုးရကို ခပ်မာမာ တွန်းအားပေးခဲ့ခြင်း မရှိဘဲ လာမည့် မြန်မာနိုင်ငံ ရွေးကောက်ပွဲများကို လက်ခံ ယုံကြည်စရာ ကောင်းအောင် ကျင်းပစေရန် ပါးပါးနပ်နပ် ချည်းကပ်ကာ အသာအယာ တွန်းခြင်းဖြင့် ပြုလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။

အဓိက အတိုက်အခံ NLD ပါတီက သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သော ရွေးကောက်ပွဲများ အပေါ် နိုင်ငံတကာက စိုးရိမ် ပူပန်နေချိန်တွင် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံက အထက်ပါ နည်းလမ်းဖြင့် ကိုင်တွယ်ရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

"အေးအေးဆေးဆေး ဆက်ဆံတာက ပိုပြီးတော့ ကောင်းပါတယ်" ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး နာတာလီဂါဝမ်က ဟနွိုင်း ညီလာခံ အဝန်းအဝိုင်းတွင် IPS သတင်းဌာနသို့  ပြောလိုက်ပြီး "ဖိအား ဝင်နေပုံ ရတဲ့သူတွေ မပါဘူးဆိုရင် ကျွန်တော်တို့ အနေနဲ့ သီးသန့် ပွင့်ပွင့်လင်းလင်း တွန်းအားပေး နိုင်ပါလိမ့်မယ်" ဟု ဆက်လက် ပြောကြားသည်။

ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲနှင့် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့် လက်ထက်တွင် နိုင်ငံရေး အပြောင်းအလဲ ပြုလုပ်ရေး တွန်းအားပေးရန် ကြိုးစားခဲ့သော ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်း ဆူရာကတ် ဆာသီရာထိုင်း ကျင့်သုံးခဲ့သည့် ပေါ်ပေါ်ထင်ထင် ဝေဖန် ဆက်ဆံရေး မူဝါဒကို မြန်မာ အစိုးရက ကန့်ကွက်ခဲ့ဖူးသည်။

၂၀၀၄ အောက်တိုဘာတွင် ဗိုလ်ချုပ်ကြီး ခင်ညွန့် ဖယ်ရှားခံရပြီး နောက်ပိုင်း မြန်မာ အစိုးရက အာဆီယံ မဟာမိတ်များနှင့်ပင် နိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမှုများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးရန် လုံးဝ စိတ်မပါကြောင်း ပြသခဲ့သည်။

သို့ရာတွင် စစ်အစိုးရကို လူသိရှင်ကြား အဆက်မပြတ် ကာကွယ် ပေးခဲ့သော အာဆီယံ အဖွဲ့ကို ရွေးကောက်ပွဲဖြင့် စိတ်အနှောင့်အယှက် ပေးခြင်း မပြုရန် အာဆီယံ နိုင်ငံများ၊ အထူးသဖြင့် အင်ဒိုနီးရှား၊ စင်္ကာပူ၊ ထိုင်းနိုင်ငံတို့က အနည်းဆုံး တစ်ဦးခြင်း အနေဖြင့် မြန်မာ အစိုးရကို ဖိအားပေးရန် ရည်ရွယ်ထားကြသည်။

"နိုင်ငံတကာက လက်ခံနိုင်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပပါမယ်လို့ မြန်မာ အစိုးရက ကတိပေးထားတာကို ကျွန်တော်တို့ အဆက်မပြတ် သတိပေး သွားမှာပါ" ဟု နာတာလီဂါဝမ်က ပြောကြားခဲ့သည်။

အာဆီယံ နှစ်လည် ညီလာခံ၏ တရားမဝင် ဆွေးနွေးမှုနှင့် သီးသန့် ဆွေးနွေးမှုများတွင် မြန်မာနိုင်ငံ ကိစ္စကို ဦးစားပေး အစီအစဉ် အဖြစ် ထည့်သွင်းထားချိန်တွင် အာဆီယံ အဖွဲ့၏ တရားဝင် ကြေညာချက်၌ မြန်မာနိုင်ငံနှင့် ရွေးကောက်ပွဲကို ယာယီ ထုတ်ဖော် ရည်ညွှန်းမှုမျှသာ ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရသည်။ မဲရွေးပွဲများကို အောက်တိုဘာ (သို့) နိုဝင်ဘာတွင် ကျင်းပရန် မျှော်လင့်ထားကြသော်လည်း ကျင်းပမည့် ရက်ကို တရားဝင် ထုတ်ပြန် ကြေညာခြင်း မရှိသေးပါ။

မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည် ပေါင်းစည်းရေးနှင့် လွတ်လပ် မျှတ၍ တံခါးဖွင့် ကြိုဆိုသည့် ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးတို့၏ အရေးကြီးပုံကို မိမိတို့ အလေးအနက် ပြောကြားလိုကြောင်း၊ သို့မှသာ မြန်မာနိုင်ငံ၏ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုး တိုးတက်မှုကို ရရှိနိုင်မည် ဖြစ်ကြောင်း ညီလာခံ အပြီး ထုတ်ပြန်သော အာဆီယံ ဥက္ကဌ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

"ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး ဒီမိုကရေစီ ပြည့်ဝသင့်ပါတယ်။ ဒါမှသာ နိုင်ငံရေး ပါတီ အားလုံး ပါဝင် ယှဉ်ပြိုင်မှုနဲ့အတူ စစ်မှန်တဲ့ အမျိုးသား ပြန်လည် ပေါင်းစည်းမှုကို ရနိုင်မှာပါ" ဟု ညီလာခံ သဘာပတိ အဖြစ် ဆောင်ရွက်သူ ဗီယက်နမ် ဝန်ကြီးချုပ် ငုရင်တန်ဒေါင်းက နောက်ဆုံး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ "ဒီအချက်တွေကသာ နိုင်ငံ တည်ငြိမ်မှုကို အထောက်အကူပြုမှာ ဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးမှု အခြေခံ တွေကိုလည်း ဖန်တီးပေးပါလိမ့်မယ်" ဟု ၎င်းက ဆိုသည်။

ဆယ်စုနှစ် တစ်စု နီးပါး အတွင်း အပျော့ပြောင်းဆုံး ဖြစ်သော အာဆီယံ ကြေညာချက်တွင် NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ဖော်ပြခြင်းကို ရှောင်ရှားထားသည်။ ညီလာခံသို့ လာရောက်နိုင်ခဲ့ခြင်း မရှိသည့် ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဗဲ့ဂျာဂျီဗား အား ဝိုင်းပတ်နေသည့် နိုင်ငံရေး ပြဿနာများက လတ်တလော ဖြစ်ရပ်များကို လောင်းရိပ်မိုးနေခြင်းကြောင့် မြန်မာနိုင်ငံသည် ယခု တစ်ကြိမ်တွင်လည်း အပြစ်တင်ခံရမည့် အရေးမှ ကံကောင်း ထောက်မစွာ ဘေးမသီ ရန်မခ လွတ်မြောက် လာခဲ့ပြန်ပြီ ဖြစ်သည်။

မြန်မာနိုင်ငံအား ဖြစ်နိုင်သမျှ အပျော့ပြောင်းဆုံး သတ်မှတ် ရည်ညွှန်းရန် ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရသော ဗီယက်နမ်တို့ အတွက် ယခု ညီလာခံက စိတ်သက်သာရာ ရစေခဲ့သည်ဟု ညီလာခံသို့ တက်ရောက်ခဲ့သော အမည် မဖော်လိုသည့် သံတမန်များ၏ အဆိုအရ သိရှိရသည်။

"ဗီယက်နမ်က နိုင်ငံရေးကို စိတ်မဝင်စားပါဘူး။ မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံဖို့ အခွင့်အလမ်း အဖြစ် တည့်တည့်ပဲ မြင်ကြတာပါ" ဟု ဗီယက်နမ် သတင်းထောက် တစ်ဦးက ပြောကြားသည်။ ဟနွိုင်းနှင့် မော်လမြိုင် အကြား အသစ် ဖွင့်လှစ်လိုက်သော လေကြောင်းလိုင်းက ဤအချက်ကို ပြသနေသည်။

ညီလာခံ မတိုင်မီ ဗီယက်နမ် ဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ ခေတ္တ သွားရောက်ခဲ့ခြင်းမှာ မတော်တဆ တိုက်ဆိုင်မှု ဟုတ်ပုံ မရပါ။ မြန်မာနိုင်ငံကို ၎င်း၏ အဓိက ထောက်ခံ အားပေးသူ ဘီဂျင်း ထံမှ ခွာထုတ်ရန် စည်းရုံးရေးကို ဟနွိုင်းက အထူးပင် စိတ်ဝင်စားနေပြီး မြန်မာ ခေါင်းဆောင်များကို ဝါရှင်တန်နှင့် ညှိနှိုင်း ဆွေးနွေးရန် အကြံပေးလျက် ရှိသည်။

အရေးကြီးသည့် လမ်းဆုံလမ်းခွ၌ ရောက်ရှိနေသော မြန်မာနိုင်ငံကို အင်ဒိုနီးရှားက အကူအညီနှင့် အတွေ့အကြုံများ မျှဝေရန် ကမ်းလှမ်းထားသည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး နာတာလီဂါဝမ်က ပြောကြားခဲ့သည်။ ၁၉၉၈ တွင် အာဏာရှင် ဆူဟာတို ပြုတ်ကျပြီး နောက်ပိုင်း ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းခဲ့ခြင်းကို ရည်ညွှန်းကာ နာတာလီဂါဝမ်က "အင်ဒိုနီးရှား ကိုယ်၌က အခုလို အကျပ်အတည်း ကာလက လွတ်မြောက်ကာစ ဖြစ်လို့ မြန်မာနိုင်ငံကို နားလည်စာနာ ပေးနိုင်ပါတယ်" ဟု ပြောကြားခဲ့သည်။

"ကျွန်တော်တို့ရဲ့ ၁၉၉၉ ခုနှစ် ပထမဆုံး ဒီမိုကရေစီ ရွေးကောက်ပွဲတွေကလည်း ပြည့်စုံ မှန်ကန်မှု မရှိခဲ့ပါဘူး။ ကျွန်တော်တို့လည်း ပါလီမန်မှာ စစ်တပ် အတွက် နေရာတွေ ပေးခဲ့ရပါတယ်" ဟု ၎င်းက ပြန်ပြောင်း သုံးသပ်ပြသည်။ "ဒါပေမယ့် အဲဒီ အချိန်က စပြီး ရွေးကောက်ပွဲတိုင်းဟာ ပိုပိုပြီး ကောင်းမွန် ပြည့်စုံလာပါတယ်။ ဒီမိုကရေစီ ကူးပြောင်းရေးဟာ လုပ်ငန်းစဉ် တစ်ခုပါ။ ဒါ့ကြောင့် မြန်မာနိုင်ငံ အခု လုပ်နေတာတွေဟာ ဒီရွေးကောက်ပွဲတွေနဲ့ အတူ ဒီမိုကရေစီ ခရီးရှည်ကို စတင် ချီတက်လိုက်တာပါပဲ" ဟု ၎င်းက အားပေး တိုက်တွန်းသည်။

စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး George Yeo ကမူ ညီလာခံတွင် သတင်းထောက်များအား ပြောကြားရာ၌ "လာမယ့်လတွေက မြန်မာနိုင်ငံ အတွက် အရေးကြီးတဲ့ ကာလ ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ မြန်မာနိုင်ငံ ဘာဖြစ်မလဲ ဆိုတာကို မြန်မာ ပြည်သူတွေကသာ ဆုံးဖြတ်ရမှာပါ။ ကျွန်တော်တို့က အပြင်လူတွေပါ။ အမြန်ဆုံး တိုးတက် ပြောင်းလဲအောင် လုပ်ဆောင် ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု ဆိုခဲ့သည်။

"စစ်မှန်တဲ့ အမျိုးသား ပြန်လည် ပေါင်းစည်းမှု ရရှိဖို့ နည်းလမ်းကို အခု ရွေးကောက်ပွဲတွေက ဖြည့်ဆည်းပေးလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်" ဟု ပြောကြားသူမှာ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ် ဖြစ်ပြီး ၎င်းက ဆက်လက်၍ "အကူအညီ၊ အထောက်အပံ့တွေ ကမ်းလှမ်းဖို့ ကျွန်တော်တို့ အဆင်သင့်ပါပဲ" ဟု ပြောကြားလိုက်သည်။

နိုင်ငံတကာ အကဲခတ်များနှင့် လေ့လာသူများ၏ အကြံဥာဏ်ကို မြန်မာ အစိုးရက ရှောင်ရှားခဲ့သည့် ဤကိစ္စနှင့် ပတ်သက်၍ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး နာတာလီဂါဝမ်က "အထင်ရှားဆုံး သက်သေ သာဓက ပြရရင် အင်ဒိုနီးရှားရဲ့ ၁၉၉၉ ရွေးကောက်ပွဲဟာ နိုင်ငံခြား မိတ်ဆွေတွေရဲ့ အတွေ့အကြုံတွေကို ရယူခဲ့မယ် ဆိုရင် အပြစ် အနာအဆာ ပိုကင်းခဲ့မှာပါ" ဟု IPS သို့ ပြောကြားခဲ့သည်။

၁၉၉၉ ခုနှစ် ဆူဟာတို ခေတ်လွန် ပထမဆုံး ရွေးကောက်ပွဲကို အကဲခတ်မည့် စောင့်ကြည့် လေ့လာသူများကို အင်ဒိုနီးရှားက ခွင့်ပြုခဲ့သည်။ "ဒါပေမယ့် စောင့်ကြည့် လေ့လာသူတွေ၊ အကဲခတ်သမားတွေကို အသုံးပြုဖို့ ကျွန်တော်တို့ ရှောင်ရှားခဲ့သင့်တယ်။ ရွေးကောက်ပွဲ အတွေ့အကြုံ ရှိတဲ့သူ တစ်ဦးတစ်ယောက်ရဲ့ အကြံဥာဏ်ကသာ ပိုပြီးတော့ အသုံးဝင်ပါတယ်" ဟု ၎င်းက မှတ်ချက်ပေးသည်။

သို့ရာတွင် အာဆီယံ ခေါင်းဆောင်များက ၎င်းတို့ အနေဖြင့် မြန်မာ အစိုးရ အပေါ် အနည်းငယ်မျှသာ လွှမ်းမိုးနိုင်မည် ဆိုသည်ကို ကောင်းစွာ သဘောပေါက်ကြသည်။ စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး George Yeo က "ကျွန်တော်တို့က မြန်မာနိုင်ငံကို အရေးယူနိုင်တဲ့ အနေအထားမှာ မရှိပါဘူး။ တကယ်လို့ တရုတ်နဲ့ အိန္ဒိယက မြန်မာနဲ့ ဆွေးနွေး ညှိနှိုင်းနေတုန်းပဲ ဆိုရင် ကျွန်တော်တို့ကလည်း ဆွေးနွေးရုံပဲပေါ့" ဟု ပွင့်လင်းစွာ ပြောကြားခဲ့သည်။

သို့သော်လည်း မြန်မာ အစိုးရ၏ ပွင့်လင်းရန် မလိုလားမှုကို အာဆီယံ ခေါင်းဆောင်များ စိတ်ပျက် ပင်ပန်းနေကြပြီ ဖြစ်သည်။ "ကျွန်တော်တို့ကို ဗိုလ်ချုပ်ကြီး သိန်းစိန် ပြောသမျှကတော့ ရွေးကောက်ပွဲတွေကို ဒီနှစ် ကျင်းပမှာပါ။ လုပ်ငန်းစဉ်ကို ထိန်းချုပ်မယ့် ရွေးကောက်ပွဲ ဥပဒေကိုလည်း ထုတ်ပြန် ပြီးပါပြီ။ နိုင်ငံရေး ပါတီတွေလည်း မှတ်ပုံတင် နေကြတယ်။ ဒါတွေပါပဲ" ဟု ဆူရင်က စိတ်ပျက် လက်ပျက် ပြောပြခဲ့သည်။

ရွေးကောက်ပွဲ ကော်မရှင်၏ ပြင်ဆင်မှုများ ပြီးစီးသွားပါက ရွေးကောက်ပွဲ ရက်ကို ကြေညာလိမ့်မည်ဟု ဆူရင်က ပြောကြားသည်။ "တခြား အသေးစိတ် အချက်အလက်တွေ ကျွန်တော်တို့ မသိရဘူး၊ မြန်မာနိုင်ငံ ကိစ္စကတော့ ကျွန်တော်တို့ စိတ်ရှည် သည်းခံဖို့ပဲ ရှိပါတယ်" ဟု ၎င်းက တွေးတွေးဆဆ ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Biz.thestar.com.my, 17th April 2010

Asean – China Free Trade Area (ACFTA) အဖွဲ့ကြီး၏ အကျိုးကျေးဇူးများ ရရှိရေး အတွက် အဖွဲ့ဝင် နိုင်ငံများ အတွင်းရှိ စိန်ခေါ်မှုများနှင့် အခက်အခဲများကို ဖြေရှင်းရန် လိုအပ်လျက် ရှိကြောင်း Bank of China (M) Bhd မှ အမှုဆောင် အရာရှိချုပ် Zheng Jingbo က ပြောကြားလိုက်သည်။

ACFTA ကို စတင် တည်ထောင် လိုက်ကတည်းက အဖွဲ့ဝင် နိုင်ငံများနှင့် နယ်စပ် ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးများကြား ပြိုင်ဆိုင်မှုများ တိုးတက်လာခဲ့ကြောင်း ၎င်းက ဆိုသည်။ ပြိုင်ဆိုင်ရာတွင် သူတပါးအား ထိခိုက် နစ်နာမှုများ ရှောင်ရှားရေး အတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် စနစ်တကျ စီစဉ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

"တရုတ်နိုင်ငံရော အာဆီယံ အဖွဲ့ကြီးပါ ဖွံ့ဖြိုးဆဲ နိုင်ငံ ဖြစ်နေဆဲ ဖြစ်လို့ စီးပွားရေး လုပ်ငန်းများသော် လည်းကောင်း၊ စက်မှုလုပ်ငန်းများ သော်လည်းကောင်း၊ အချင်းချင်း ထပ်နေဦးမှာပဲ၊ လက်ခံမှုကို တိုးတက်လာစေပါတယ်" ဟု သူက ပြောသည်။

ACFTA သည် ဇန်နဝါရီလ ၁ ရက်နေ့မှ စ၍ စတင် အသက်ဝင်လာရာ လူဦးရေအရ ကမ္ဘာ့ အကြီးဆုံး ကုန်သွယ်မှု ဧရိယာကြီး ဖြစ်ပြီး ၁.၉ ဘီလီယံ စားသုံးသူများ ရှိသော ဈေးကွက်ကြီးလည်း ဖြစ်သည်။

Bursa Malaysia တွင် စာရင်းပေါက်သော တရုတ် ကုမ္ပဏီများ အပေါ် စိတ်ဝင်စားမှု နည်းပါးသော ကိစ္စနှင့် ပတ်သက်၍ Zheng က ပြောကြားရာတွင် ဒေသခံ ရင်းနှီးမြှုပ်နှံသူများ ကြားတွင် နားလည်မှုနှင့် သတင်း အချက်အလက် နည်းပါးမှုကြောင့်ဟု ဆိုသည်။

"ရင်းနှီးမြှုပ်နှံသူများ အနေနဲ့ သက်ဆိုင်ရာ ကုမ္ပဏီ အလိုက် အလားအလာများကို သဘောပေါက်ရန် အတွက် စီးပွားရေး လုပ်ငန်းများ အကြောင်း နားလည်ရမှာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

တရုတ် ကုမ္ပဏီများ မလေးရှားတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု နည်းတူ အပြန်အလှန် အနေနှင့် မလေးရှား ကုမ္ပဏီများ တရုတ်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုတွင် စီးပွားရေး၏ သဘော သဘာဝကို နားလည်ပြီး၊ အစိုးရ မူဝါဒများကို နားလည်ရန်မှာ အရေးကြီးကြောင်း၊ သို့မှသာ ရင်းနှီးမြှုပ်နှံ၍ ဖြစ်လာနိုင်သော Zheng Jingbo က Tunku Abdul Rahman တက္ကသိုလ်တွင် မနေ့က "China – Asean Free Trade Area: Dancing with Opportunities and Challenges" ခေါင်းစဉ်ဖြင့် ကျင်းပသော ဟောပြောပွဲတွင် ပြောကြားခဲ့သည်။

၎င်းက ဆက်လက် ပြောကြားရာတွင် အာဆီယံနိုင်ငံ အချို့ကြားတွင် ရှိသော မသေချာ မရေရာမှုများနှင့် ပြည်တွင်း အငြင်းပွားမှုများကို သေချာစွာ မဖော်ထုတ်နိုင်လျှင် ACFTA အတွင်းရှိ စီးပွားရေး လှုပ်ရှားမှုများကို ထိခိုက်နိုင်သည်ဟု ပြောခဲ့သည်။

Zheng သည် မလေးရှားရှိ China Enterprises Accociation ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။ ၎င်းက ဆက်လက် ပြောကြားရာတွင် ACFTA ၏ အကျိုး သက်ရောက်မှုများသည် ယွမ်ငွေကို နိုင်ငံတကာက အသိအမှတ် ပြုလာအောင် အထောက်အကူ ပြုပြီး၊ ယွမ်ငွေကို ဒေသတွင်း ငွေကြေးစနစ် တစ်ခု အဖြစ် မြှင့်တင်နိုင်ကြောင်း ဆိုသည်။

"ယွမ်ကို နိုင်ငံတကာသုံး ဖြစ်ရေးအတွက် အခြေအနေများ ချမှတ်ပြီး ဖြစ်ပါတယ်။ တရုတ် စီးပွားရေးနှင့် စီးပွားရေး ခိုင်မာမှုကို အရှိန်မြင့်စေပြီး၊ ငွေကြေးစနစ်ကို တည်ငြိမ်စေမယ်၊ နိုင်ငံတကာက အန္တရာယ်များကို လျှော့ချနိုင်မည်" ဖြစ်ကြောင်း ၎င်းကပင် ပြောကြားခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The takata post, 13th April 2010

          စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည် ပေါင်းစည်းမှု ရရှိစေမည့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ ဖြစ်ပေါ်ရေးအတွက် နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုများနှင့် ပြည်တွင်း ဖိအားပေးမှုကို ပူးတွဲ၍ တွန်းအား ပေးသင့်ကြောင်း တနင်္လာနေ့က နိုင်ငံတကာ ဆွေးနွေးပွဲတွင် ဒီမိုကရေစီ လှုပ်ရှားသူများက ပြောကြားခဲ့သည်။

          ယခုနှစ်ကုန်တွင် ကျင်းပမည့် မြန်မာနိုင်ငံ ရွေးကောက်ပွဲများသည် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုကို ဆောင်ကြဉ်းပေးရန် ပျက်ကွက်လိမ့်မည်ဟု မျှော်လင့်ထားမှုကို ဖိုရမ်တွင် ဆွေးနွေးခဲ့ကြ သည်။ အပြစ်ပေး အရေးယူမှုနှင့် ပြည်တွင်း ဖိအားပေးမှုတို့ဖြင့် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းကို တွန်းအားပေး မြှင့်တင်ရမည် ဖြစ်ပြီး တစ်ချိန်တည်းတွင်ပင် လက်ရှိ အုပ်ချုပ်သူများနှင့် အတိုက်အခံ အဖွဲ့အစည်းများ အကြား ပြန်လည် ပေါင်းစည်းရေးကို စောင့်ကြည့် စစ်ဆေး သွားရမည်ဟု ကမ္ဘာတစ်ဝှမ်းမှ ဒီမိုကရေစီ လှုပ်ရှားသူများက သဘော တူညီခဲ့ကြသည်။

          ဦးစားပေး ကိစ္စ ဖြစ်သော နှစ်ဖက် အင်အားစုများ ညှိနှိုင်းရေးနှင့် အရေးယူ ပိတ်ဆို့မှုများ ပိုမို ချမှတ်ရေးတို့ကို မဆောင်ရွက်နိုင်ပါက မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု ဖြစ်ပေါ်လာမည် မဟုတ်ကြောင်း နော်ဝေ အခြေစိုက် DVB မှ ဒုတိယ ညွှန်ကြားရေးမှူး ခင်မောင်ဝင်းက ပြောကြားခဲ့သည်။

          "ကျွန်တော်တို့ဟာ မြန်မာနိုင်ငံနဲ့ ညှိနှိုင်း ဆွေးနွေးရမှာ ဖြစ်သလို တစ်ချိန်မှာ အရေးယူ ပိတ်ဆို့မှု တွေကိုလည်း ပြုလုပ်ဖို့ ရွေးချယ်ရပါလိမ့်မည်" ဟု ၎င်းက ဆိုသည်။

          ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း ၁၁၀ မှ ဒီမိုကရေစီ လှုပ်ရှားသူ ၆၀၀ ခန့်ကို ဖိတ်ကြား၍ ဧပြီ ၁၁ မှ ၁၄ အထိ ပြုလုပ်ခဲ့သော ကမ္ဘာ့ ဒီမိုကရေစီ လှုပ်ရှားမှု နိုင်ငံတကာ ဆွေးနွေးပွဲ၏ အဝန်းအဝိုင်းတွင် ဦးခင်မောင်ဝင်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

          မြန်မာနိုင်ငံအတွင်း ပြုပြင် ပြောင်းလဲရေးအတွက် ပြည်တွင်း ဖိအားပေးမှု လိုအပ်ပုံကို အလေးထား ပြောကြားသူ ဦးခင်မောင်ဝင်းက ယခုအချိန်ထိ အောင်မြင်မှု အနည်းငယ်သာ ရရှိကြောင်း ပြောသည်။

          ၎င်းက ဆက်လက်၍ "၁၉၉၀ ရွေးကောက်ပွဲက စလို့ ကျွန်တော်တို့ အကြိမ်ပေါင်း များစွာ ဆန္ဒပြခဲ့ကြပေမဲ့ စစ်တပ်က အင်အားကြီးတော့ အောင်မြင်မှု လုံးဝ မရခဲ့ပါဘူး။ အရှိအတိုင်း ပြောရမယ်ဆိုရင် သာမန်ပြည်သူတွေ နောက်တစ်ကြိမ် လမ်းပေါ် ထွက်ပြီး ဆန္ဒပြဖို့ ခင်ဗျား မမျှော်လင့်နိုင်ပါဘူး။ နောက်ပြီး ပြင်ပ အကူအညီ မပါဘဲ အပြည့်အဝ လုပ်ဆောင်လိမ့်မယ် လို့လည်း မျှော်လင့်လို့ မရပါဘူး" ဟု ပြောကြားခဲ့သည်။

          အမေရိကန် ပြည်ထောင်စုနှင့် အခြား အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ ချမှတ်ထားသည့် အချိန်တွင် အင်ဒိုနီးရှား အပါအဝင် အရှေ့တောင် အာရှ နိုင်ငံများက ပိတ်ဆို့မှုများကို ဆန့်ကျင် ကန့်ကွက်နေမှုကြောင့် စီးပွားရေးအရ ပြစ်ပယ်ထားမှုသည် ပြုပြင် ပြောင်းလဲရေးကို ဆောင်ကြဉ်းရန် အထောက်အကူ ရလိမ့်မည် မဟုတ်ပါ။

          ဒါဘင် အခြေစိုက် ဒီမိုကရေစီ ဖွံ့ဖြိုးရေး အစီအစဉ်မှ အမှုဆောင် ဒါရိုက်တာ Rama Naidu က ပြောကြားရာတွင် စစ်ဖက် အုပ်ချုပ်သူများ အာဏာ လွှဲပြောင်းပေးအောင် စည်းရုံးရန်အတွက် တောင်အာဖရိကတွင် အသုံးပြုခဲ့သော နည်းလမ်းကို မြန်မာနိုင်ငံအတွက် လက်ခံ စဉ်းစားသင့်သည်ဟု ဆိုသည်။

          လူဖြူ၊ လူမည်း ခွဲခြားသည့် စနစ်အောက်မှ တောင်အာဖရိက နိုင်ငံ လွတ်မြောက် ရှင်သန်ခဲ့ခြင်းမှာ ၎င်းတို့၏ အမှန်တရားအပြင် ပေါင်းစည်း ညှိနှိုင်းရေး ကော်မရှင်က ဖိနှိပ်သူများနှင့် ဖိနှိပ်ခံများ ၂ ဘက်စလုံးအတွက် အဖြေထွက်နိုင်မည့် ဆုံးဖြတ်ချက် ရရှိရန် စီမံ ဆောင်ရွက် နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။ ကော်မရှင်သည် လူဖြူ၊ လူမည်း ခွဲခြားမှုစနစ် အတွင်းမှ ရာဇဝတ် ကောင်များကို တရားရုံးသို့ ပို့ဆောင်ခဲ့ခြင်း မရှိပါ။

          "ပြန်လည် ပေါင်းစည်းမှု ရရှိဖို့ ကြိုးစားနေတဲ့ အချိန်မှာ အလျော့ပေး ညှိနှိုင်းမှုတွေ လုပ်ရပါမယ်။ ဒီကိစ္စနဲ့ ပါတ်သက်လို့ နိုင်ငံတိုင်းမှာ ကိုယ်ပိုင် ယဉ်ကျေးမှုတွေ၊ လက်ခံနိုင်မည့် နည်းလမ်းတွေ ရှိပါတယ်။ ဒီနေရာမှာ ပြည်တွင်း စံနှုန်းတွေကိုပဲ အသုံးပြုနိုင်ပါတယ်။ နိုင်ငံတကာ စံနှုန်းဖြစ်တဲ့ ရာဇဝတ်သားတွေကို ခုံရုံးတင်ဖို့ ဆိုတာက ဒီနေရာ အကောင်းဆုံး နည်းလမ်း မဖြစ်နိုင်ပါဘူး" ဟု ၎င်းက ဆွေးနွေးခဲ့သည်။

          "ပြန်လည် ပေါင်းစည်းရေး လုပ်ငန်းမှာ အတိတ်က ရာဇဝတ်ကောင်တွေကို လက်စားချေတာတို့ အပြစ်ပေးတာတို့ကို ကန့်သတ်ထားသင့်ပါတယ်။ ဒီမိုကရေစီ လုပ်ငန်းစဉ်ကို မတည်မငြိမ် ဖြစ်စေနိုင်တဲ့ အတွက် ဖြစ်ပါတယ်" ဟု ဝါရှင်တန် အခြေစိုက် National Endowment for Democracy မှ အကြီးအကဲ Carl Gurshman ကလည်း ပြောကြားသည်။

          "ကျွန်တော်တို့ အလျှော့ပေး လိုက်လျောမှုတွေ လုပ်ရပါမယ်။ လူတိုင်းအတွက် အဆင်ပြေမယ့် အလယ်အလတ် နည်းလမ်းကို ရှာရမှာပါ။ စစ်အစိုးရ အနေနဲ့ အာဏာ မရှိတော့ပေမဲ့ သူတို့အတွက် စိတ်ချရတဲ့ အနာဂတ် ရှိမယ်ဆိုရင် ပြုပြင် ပြောင်းလဲရေးအတွက် ပိုပြီး တံခါးဖွင့် ပေးလိမ့်မယ်လို့ ယူဆ ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Cov.cn, 15th April 2010

          လူ ၆၀၀ ကျော် သေဆုံးခဲ့သော တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ငလျှင်ကြောင့် တရုတ် သမ္မတ ဟူကျင်းတောင်းနှင့် ဝန်ကြီးချုပ် ဝမ်ကျားပေါင်တို့က ၎င်းတို့ စီစဉ်ထားသော နိုင်ငံရပ်ခြား ခရီးစဉ်များကို ဆိုင်းငံ့လိုက်သည်။

          ကြာသပတေးနေ့နှင့် သောကြာနေ့တွင် ပြုလုပ်မည့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တရုတ်ထိပ်သီး ညီလာခံအပြီး ဗင်နီဇွဲလားနှင့် ပီရူးသို့ ဝင်ရောက်မည့် ခရီးစဉ်များနှင့် ဘရာဇီးသို့ သွားရောက်မည့် နိုင်ငံတော် ခရီးစဉ်တို့ကို "ဟူ" က ဆိုင်းငံ့လိုက်သည်။

          ဝန်ကြီးချုပ် ဝမ်ကျားပေါင်ကလည်း ဧပြီ ၂၂ မှ ၂၅ အတွင်း သွားရောက်မည့် ဘရူနိုင်း၊ အင်ဒိုနီးရှားနှင့် မြန်မာ ခရီးစဉ်များကို ရွှေ့ဆိုင်းလိုက်သည်။

          ဗုဒ္ဓဟူးနေ့က တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကွင်ဟိုင်းပြည်နယ်တွင် အင်အား ၇၀၁ မဂ္ဂနီကျူရှိသော ငလျင်လှုပ်မှုကြောင့် လူ ၆၀၀ ကျော် သေဆုံးပြီး ၃၁၃ ဦး ပျောက်ဆုံးကာ ၉၁၁၀ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

          အဆိုပါ ငလျင်ကြောင့် လူပေါင်း ၁ သိန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသည်ဟုလည်း သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ စစ်အစိုးရ အနေဖြင့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးအတွက် အကောင်အထည် ဖော်နိုင်ခြင်း မရှိပါက မိမိတို့၏ စေ့စပ် ညှိနှိုင်းရေး မူဝါဒကို ပြန်လည် သုံးသပ်ရမည် ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုက သတိပေး ပြောဆိုလိုက်သည်။

ကျင်းပရန် ရှိသော ဒီမိုကရေစီ ရွေးကောက်ပွဲတွင် အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်များ ပါဝင်ခွင့် မရရှိအောင် ပြုလုပ်ထားသည့် ကိစ္စအပေါ် အမေရိကန် ပြည်ထောင်စု အနေဖြင့် လွန်စွာ စိုးရိမ် ပူပန်မိပါကြောင်း အစိုးရ အရာရှိကြီး တစ်ဦးက ဆိုသည်။

"ရွေးကောက်ပွဲ ဥပဒေဆိုတာနဲ့ ပြောရင် မျှတမယ်လို့ ထင်ပါတယ်။ အဲဒီ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း တွေကြားမှာ ဒိုင်ယာလော့ခ် တစ်ရပ် ထွက်ပေါ် လာဖို့ ကျွန်တော်တို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ အခု ရောက်နေတဲ့ အဆင့်တွေကို ကြည့်ပြီး ကျွန်တော်တို့ အတော့်ကို စိတ်ပျက်မိပါတယ်" ဟု အရှေ့ အာရှနှင့် ပစိဖိတ် ဒေသရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က ပြောကြားသည်။

"ကျွန်တော်တို့ရဲ့ ယခုသဘောထားကို မြန်မာ စစ်အစိုးရထံ တိုက်ရိုက် အကြောင်းကြားပြီးပါပြီ။ နောက်ပြီးတော့ မြန်မာ စစ်အစိုးရနဲ့ ဒိုင်ယာလော့ခ် စတင်ဖို့ တိုက်တွန်းခဲ့တဲ့ နိုင်ငံတွေကိုလည်း အသိ ပေးထားပြီး ဖြစ်ပါတယ်" ဟု ဝါရှင်တန်မြို့ Center for Strategic and International Studies တွင် ပြုလုပ်သော အမေရိကန်-မလေးရှား ဆက်ဆံရေး ဖိုရမ်၌ Kurt Campbe က ပြောဆိုသည်။

"အမေရိကန် အစိုးရအနေနဲ့ နောက်ဆက်တွဲ အကြောင်းကြားမှုတွေ ထပ်လုပ်ဖို့ လိုမယ်လို့ မထင်ပါဘူး၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေ ဆက်လက် အကောင်အထည် ဖော်သွားနိုင်ဖို့ ခေါင်းဆောင်မှု အပိုင်းက ဘာတွေလုပ်မလဲ ဆိုတာကို ကျွန်တော်တို့ အနေနဲ့ စောင့်ကြည့်ဖို့ လိုပါမယ်" ဟုလည်း ဆိုသည်။

မစ္စတာ Kurt Campbell သည် တရုတ်နိုင်ငံ ဝန်ကြီးချုပ် ဝမ်ကျားပေါင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မှု မပြုမီ ယင်းသို့ သုံးသပ်ချက်များ ပေးခဲ့ခြင်း ဖြစ်သည်။ တရုတ် ဝန်ကြီးချုပ်သည် ဧပြီလ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့ အရှေ့တောင် အာရှ ဒေသ ခရီးစဉ်တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်မည် ဖြစ်သည်။

တရုတ်သည် အထီးကျန် ဖြစ်နေသော မြန်မာနိုင်ငံ၏ အရေးပါသော မဟာမိတ် တစ်ဦး ဖြစ်သကဲ့သို့ ကုန်သွယ်ဖက် နိုင်ငံတစ်ခုလည်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ ကြွယ်ဝသော သဘာဝ ဓာတ်ငွေ့များကိုလည်း လောင်စာ မွတ်သိပ် ဆာလောင်လျက် ရှိသော တရုတ်နိုင်ငံက ရယူရန် စိတ်ပြင်းပြလျက် ရှိသည်။

သမိုင်းကြောင်းကို ကြည့်လျှင် ဘေဂျင်းအစိုးရသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်လျက် ရှိသော မြန်မာ စစ်အစိုးရအပေါ် နိုင်ငံတကာ၏ ပိတ်ဆို့ အရေးယူမှုများကို အကာအကွယ် ပေးခဲ့သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် ယခုနှစ် အတွင်း ကျင်းပရန် ရှိသည့် ရွေးကောက်ပွဲသည် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အကောင်အထည် ဖော်ပေးနိုင်မည်ဟု မျှော်လင့်မိကြောင်း တရုတ်အစိုးရက မစ္စတာ ဝမ်ကျားပေါင်၏ မြန်မာနိုင်ငံ ခရီးစဉ်အကြောင်း ထုတ်ပြန် ကြေညာရာတွင် ထည့်သွင်း ပြောဆိုသည်။ ရွေးကောက်ပွဲကြောင့် အမျိုးသား တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်မှုများလည်း ဖြစ်ပေါ်မည်ဟု မျှော်လင့်သည်ဟု ဘေဂျင်းအစိုးရက ဆိုသည်။

လက်ရှိ စစ်အစိုးရက ထုတ်ပြန်ထားသော ရွေးကောက်ပွဲ ဥပဒေမှာ လွန်စွာ ပြစ်တင် ဝေဖန် ခံနေရသည်။ အကြောင်းမှာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သူမ၏ အမျိုးသား ဒီမိုကရေစီ အနေဖြင့် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်း မပြုနိုင်အောင် ပိတ်ပင် တားဆီးမှုများ ပါဝင်နေသောကြောင့် ဖြစ်သည်။

ယခု ကျင်းပမည့် ရွေးကောက်ပွဲသည် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ပြုလုပ်မည့် ဒီမိုကရေစီ ရွေးကောက်ပွဲ ဖြစ်သည်။ သို့သော် မိမိတို့အနေဖြင့် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည် ဆိုပါက ဒေါ်အောင်ဆန်းစုကြည်ကို ပါတီခေါင်းဆောင် အဖြစ်မှ ဖယ်ထုတ်ရမည် ဖြစ်သောကြောင့် ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း NLD က ကြေညာခဲ့သည်။ အမေရိကန် သမ္မတ ဘားရက်အိုဘားမား အုပ်ချုပ်ရေး အဖွဲ့သည် မြန်မာနိုင်ငံအပေါ် နှစ်ကာလ ကြာရှည်စွာ အထီးကျန် ဖြစ်အောင် ပိတ်ဆို့ အရေးယူသည့် မူဝါဒ ကျင့်သုံးခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် စစ်အစိုးရနှင့် စေ့စပ် ညှိနှိုင်းယူမည့် မူဝါဒကို ပြောင်းလဲ ကျင့်သုံးခဲ့သည်။

ယခု စစ်အစိုးရက ထုတ်ပြန်သော အတိုက်အခံ ပါတီအပေါ် ဖိနှိပ်ချုပ်ခြယ်သည့် ရွေးကောက်ပွဲ ဥပဒေကြောင့် မြန်မာနိုင်ငံအပေါ် ထားရှိသော စေ့စပ်ညှိနှိုင်းရေး မူဝါဒကို ပြန်လည် သုံးသပ်ရန် အမေရိကန် လွှတ်တော် ဥပဒေပြု အမတ်များက အိုဘားမား အုပ်ချုပ်ရေး အဖွဲ့ကို တိုက်တွန်း ပြောဆိုထားသည်။

မြန်မာ စစ်အစိုးရ ခေါင်းဆောင်များနှင့် ချိတ်ဆက်နေသော အမေရိကန် ဘဏ်ငွေ စာရင်းများကို ပိတ်ပင်နိုင်ရေးနှင့် နိုင်ငံခြားဘဏ်များ အနေဖြင့် စစ်အစိုးရနှင့် ပူးပေါင်းပြီး
စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေမှုများကို ပိတ်ပင်ရေး စသည်တို့အတွက် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဥပဒေ သတ်မှတ် ပြဋ္ဌာန်းပေးရန် အမေရိကန် ဆီနိတ်တာ  ၉ ဦးက အိုဘားမား အုပ်ချုပ်ရေး အဖွဲ့ထံသို့ စာတစ်စောင် ရေးသား ပေးပို့ခဲ့သည်။

မြန်မာနိုင်ငံအပေါ် တင်းကျပ်သည့် ပိတ်ဆို့ အရေးယူမှုများ ထပ်မံ ပြုလုပ်ရန် အစီအစဉ်ရှိ၊ မရှိဟူသော အချက်ကို မေးမြန်းရာတွင် မစ္စတာ Kurt Campell က "ပိတ်ဆို့ အရေးယူမှုတွေကို ဖြေလျှော့ပေးဖို့ မရှိဘူး ဆိုတာကိုတော့ ပြောလို့ ရပါတယ်" ဟု ဆိုသည်။

AFP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

http://national-leader-su.blogspot.com မှကူးယူ ဖော်ပြသည်။

 

"ဘယ်လိုပဲဖြစ်ဖြစ်ပေါ့အန်တီစုရယ် ကျွန်တော်တို့ရဲ့ နိုင်ငံရေးဘယ်တော့မှမသေဘူးလို့ ကျွန်တော်

တော့ အသေအချာယုံကြည်တာပဲ။"

ရှေ့နေကြီးဦး ဉာဏ်ဝင်းသည် ဒေါ်အောင်ဆန်းစုကြည်ကိုမကြည့်ဘဲ ခေါင်းငိုက်စိုက်ချရင်း

ညည်းပြော ပြောလိုက်သည်။

"နိုင်ငံရေးက အခုမှစမှာ ဦးဉာဏ်ဝင်းရဲ့"

"ဗျာ"

ဒေါ်အောင်ဆန်းစုကြည် က ရုတ်တရက်နိုင်ငံရေးက အခုမှစမှာဟု ပြောလိုက်သဖြင့် ဦးဉာဏ်ဝင်းမှာ

ဗျာကနဲ ဖြစ်သွားသည်။

ဒေါ်အောင်ဆန်းစုကြည် ။ ဟုတ်တယ်လေ ဦးဉာဏ်ဝင်းရဲ့ ကျွန်မနဲ့ NLD တွဲရက်အနေအထားကို ဗိုလ်ချုပ်ကြီးက ဘယ်တော့ မှ မဆွေးနွေးဘူးဆိုတာရှင်းနေတာဘဲ။ ကျွန်မတို့ နိုင်ငံရေးအသစ် တစ်ရပ်စရမယ်လေ

ဦးဉာဏ်ဝင်း။ နိုင်ငံရေးအသစ်၊ ဟုတ်လား ဒေါ်စု

ဒေါ်အောင်ဆန်းစုကြည် ။  ဟုတ်တယ်လေ အဲဒီနိုင်ငံရေး အသစ်မှာ ကျွန်မနဲ NLD ကို ခွဲထုတ် ထားတာ တွေ့ရမယ်။ အဓိက ဆုံးဖြတ်ချက်က ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကြောင့်ပါ။ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်အတွက် စစ်အစိုးရကို ထွက်ပေါက်ပေးရမယ်။ ဒါပေမဲ့ အဲဒီလိုထွက်ပေါက် ပေးတဲ့ အတွက် ကျွန်မတို့လည်း သိက္ခာမကျရဘူး။ စစ်အစိုးရလည်း သိက္ခာမကျရဘူး။

ဦးဉာဏ်ဝင်း။ ကျွန်တော်တို့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို မေ့လိုက်ပါတော့မယ်လို့ ပြောတာနဲ့ ဘာများ ကွာလို့လဲ ခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည် ။ အဲဒီလိုလုပ်ရင် ကျွန်မတို့သိက္ခာကျတယ်။ အထူးသဖြင့် မဲပေးထားတဲ့ ပြည်သူလူထု သိက္ခာကျတယ်။ နောက်ပြီး အဲဒီလို အလျှော့ပေးတာဟာ စစ်သားကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး တို့လည်း သိက္ခာကျတယ်။ အခုလိုပါတီ ဖျက်ပေးလိုက်တော့ နှစ်ဖက်စလုံး အဆင်ပြေ သွားတာပေါ့။

ဦးဉာဏ်ဝင်း။ အဲဒီစစ်ဗိုလ်တွေက နှစ်ဖက်သိက္ခာမကျအောင် ရက်လွန်နေတဲ့ ရွေးကောက်ပွဲရလဒ်ကို သွယ်ကာဝိုက်ကာ ဖျက်ပေးလိုက်တယ်လို့ မြင်နိုင်ပါ့မလား။ သူတို့က အဲဒီလိုမမြင်ရင် ကျေးဇူးလည်း

ဘယ်တင်ပါ့မလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ကျွန်မသူတို့ကျေးဇူးတင်တာမခံချင်ပါဘူး။ ကိုယ့်စေတနာနဲ့ကိုယ် အကျိုးပေးမှာပဲ။

ဦးဉာဏ်ဝင်း။ ဒါလည်းဟုတ်ပါတယ်ခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည် ။ နောက်တစ်ခုရှိသေးတယ်။ ဒါကတော့ မဟာဗျူဟာအပိုင်းပေါ့လေ။ သူတို့အပေါ် ညစ်ပတ်တဲ့ မဟာဗျူဟာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မမြင်ချင်တဲ့ အကွက်တစ်ကွက်ကိုလည်း ရွှေ့လိုက်တာ။

ဦးဉာဏ်ဝင်း။ ကျွန်တော် နားမလည်ဘူးခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည် ။ ဦးဉာဏ်ဝင်းရဲ့ ရှင်ကလည်း အရန်ကော။ စစ်တပ်ဆိုတာ သူတို့မှာ ရန်သူရှိဖို့လိုတယ်လေ။ ကျွန်မက ဗိုလ်ချုပ်ကြီးဘာလုပ်မလဲ သိချင်လို့-သူပြောပြောနေတဲ့ရန်သူ ကိုလိုနီနယ်ချဲ့လက်ထက် လက်ဝေခံ အဖွဲ့ကြီးကိုဖျက်ပေးလိုက်တာလေ။

ဒေါ်အောင်ဆန်းစုကြည် ။ ဦးဉာဏ်ဝင်းက တယ် ရိုးတာကိုး။ ကျွန်မက ဗိုလ်ချုပ်မှူးကြီးကို surprise လုပ်တာဟာ မှန်ပေမယ့် ကျွန်မတို့ဟာ သူထင်သလို ရန်သူမဟုတ်ဘူး ဆိုတာသာပြလိုက်တာလေ။

သူထင်သလို ကျွန်မတို့ဟာ ရန်သူ မဟုတ်ဘူးလို့ သူသိသွားမယ်။ ဒါပေမဲ့ လက်ညှိုးထိုးစရာ ရန်သူလည်း မရှိတော့ဘူး ဖြစ်သွားမယ်။

ဦးဉာဏ်ဝင်း။ ဒေါ်စုရယ် အဲဒီဟာကတော့ သိပ်မြင့်တာပဲ။ ကျွန်တော် မနည်း စဉ်းစားယူ ရတယ်။ ဒါပေမဲ့ ပါတီကြီး ပျက်သွားတာတော့ အဖတ်တင်နေမှာပေါ့ခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည် ။ အဲဒါကြောင့် ဦးဉာဏ်ဝင်းတယ်ရိုးတာကိုးလို့ ကျွန်မပြောတာလေ။ ပါတီဆိုတာ ဗိုလ်ချုပ်မှူးကြီးနဲ့ ကျွန်မ ဆွေးနွေးတာ အဆင်ပြေသွားရင် အချိန်မရွေး ပြန်ထောင်လို့ ရတယ်လေ။ Dialogueဖြစ်သွားရင် ပါတီတင် အဆင်ပြေသွားတာ မဟုတ်ဘူး။ တစ်မျိုးသားလုံး ဖြစ်နေတဲ့ us & them ပါ ပျောက်သွားမှာလေ။

ဦးဉာဏ်ဝင်း။ ဒီလိုဆိုတော့လည်း ဟုတ်သားပဲနော်။ ၀မ်းသာလိုက်တာဒေါ်စုရယ်။ ကျွန်တော် ဦးဝင်းတင်တို့ကို ပြောလိုက်မယ်။

ဒေါ်အောင်ဆန်းစုကြည် ။ မပြောနဲ့ဦး။ Dialogue ဖြစ်၊ မဖြစ်က မသေချာသေးဘူးလေ။ နောက်တခု ကျမ ပြောချင်သေးတယ်။ NLD ခေါင်းဆောင်တွေဟာ ကျမကို မှီခိုလွန်းတယ် လို့ထင်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အန်ကယ်ဦးဝင်းတင် တို့ကိုလည်း ကျမ မထိန်းနိုင်ဘူး။ ICC ကိစ္စလို ဟာမျိုးပေါ့။ ကျမ အဲဒါသဘောမတူဘူး။ ကျမ ပြည်သူတွေကိုလည်း ကျမက သူတို့ကို ပါတီထက်ပိုပြီး အလေးထားတာကို သိစေချင်တယ်။ ဒီအခြေအနေ ဟာ ပြည်သူတွေ မြင်ချင်တဲ့ အောင်ဆန်းစုကြည် ဖြစ်ဖို့ဖန်လာတာဘဲလို့ သဘောထားတယ်။

ဦးဉာဏ်ဝင်း။ ဒေါ်စုဟာ NLD နောက်တွဲကြီးမပါရင် တိုင်းပြည် အတွက် ပိုအလုပ်လုပ်နိုင်လိမ့်မယ်လို့  နိုင်ငံခြားသားတွေ ပြောတာ ခဏခဏ ကြားဘူးတယ်။ ဒါပေမဲ့ အဲဒီ အခြေအနေဖြစ်လိမ့်မယ်လို့ ကျွန်တော် တခါမှ မတွေးဘူးဘူး။

ဒေါ်အောင်ဆန်းစုကြည် ။ မပူပါနဲ့ ဦးဉာဏ်ဝင်းရယ်။ ပါတီကိုကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင်ကျမ လုပ်ပေးဦးမှာပါ။

ဦးဉာဏ်ဝင်း။ Dialogue မဖြစ်ရင် ဘယ်လိုလုပ်မလဲဒေါ်စု။

ဒေါ်အောင်ဆန်းစုကြည် ။ ဒါဆိုလည်း ကျွန်မတို့က တပ်မတော်ကိုဂုဏ်သိက္ခာရှိရှိ ထွက်ပေါက် ပေးလိုက်ခြင်းရဲ့ ရလဒ် ကိုတော့ မြင်ရမှာပေါ့။ သူတို့ မသိလည်း ကိစ္စမရှိဘူးလေ။ ရန်သူမရှိတော့တဲ့အတွက် ရွေးကောက်ပွဲကိုတော့ သူတို့ စိတ်ချလက်ချ လုပ်ရဲသွားမယ်။ ရလဒ်ကိုအသိအမှတ်ပြုရလိမ့်မယ်။ ကျွန်မ တစ်ခါတည်း ပြောလိုက်မယ်။ ဒီရွေးကောက်ပွဲကနေ ဗိုလ်ချုပ်မှူးကြီးရချင်တဲ့ ရလဒ် ရမှာ မဟုတ်ဘူး ။

ဦးဉာဏ်ဝင်း။ ဒါပေမဲ့ ကျွန်တော်တို့တော့  ဒီရွေးကောက်ပွဲမှာ ဘေးရောက်သွားပြီပေါ့။

ဒေါ်အောင်ဆန်းစုကြည် ။ ကျွန်မ ဟာ ဗိုလ်ချုပ်မှူးကြီးပြောပြောနေတဲ့ အာဏာကို ဖြတ်လမ်းက လိုချင်နေတဲ့သူ မဟုတ်ဘူးလေ။ ဒီတော့ ရွေးကောက်ပွဲက အရေးမကြီးပါဘူး။ ဗိုလ်ချုပ်မှူးကြီးဘာကြောင့်ကျွန်မကို စကားမပြောတာလဲ သိလား။ သူ့မှာ မသိကိန်းငါးခုရှိနေလို့။

ဦးဉာဏ်ဝင်း။ ဘယ်လို မသိကိန်းများလဲခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည် ။

၁။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကနေ ကျွန်မ ဘာလိုချင်သလဲ။

၂။ ဒီပဲရင်းကို ကျွန်မ တကယ်မေ့လိုက်ပြီလား။

၃။ သူ့ရဲ့လမ်းညွှန်မြေပုံကို ကျွန်မ လက်ခံသလား။

၎။ ၂၀၀၈ အခြေခံဥပဒေကို ကျွန်မ ပြန်ပြင်ချင်နေသေးလား။

၅။ ရွေးကောက်ပွဲမှာ NLD ဘယ်လောက်နိုင်မလဲဆိုတဲ့ ငါးခုပေါ့။

အခု ကျွန်မက အဲဒီငါးခုထဲမှ တိုင်းပြည်အတွက် ရေရှည်လိုအပ်တဲ့ ၂၀၀၈ အခြေခံဥပဒေကိစ္စကိုပဲ

သူတို့နဲ့ ဆွေးနွေးချင်လို့ ပါတီကို ဖျက်ပေး လိုက်တာလေ။ ဗိုလ်ချုပ်မှူးကြီးဟာ ကျွန်မ တစ်ယောက်တည်းမှန်း သေချာရင်တော့ စကားပြောဖို့ သတ္တိရှိမယ်ထင်ပါတယ်။

ဦးဉာဏ်ဝင်း။ အဲဒါတော့ အန်တီစု ဗိုလ်ချုပ်မှူးကြီးကို အထင်ကြီး လွန်သွားပြီ ထင်တယ်ခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည် ။  ကျွန်မသူ့ကို စစ်သားကြီးတစ်ယောက် အဖြစ် မြင်ချင်ပါတယ်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ဟိုတုန်းက သင်္ကြန်နဲ့ အခု သင်္ကြန်
သန်းစိုးလှိုင်
ဧပြီ ၁၈၊ ၂၀၁၀
၂၀၁၀ သင်္ကြန်မြင်ကွင်းများ
ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံး ဖြစ်တဲ့ ဒဂုံမြို့သစ် မြောက်ပိုင်းက လမ်းသွယ်တခုမှာပါ။ ဒီနှစ် သင်္ကြန် အကျနေ့ညပါ။ အချိန်က ည၇နာရီခွဲ ၀န်းကျင်ရှိနေပါပြီ။ မအေးအေးခိုင်ဟာ ၂လမ်း ၃လမ်းကျော်မှာ ရှိတဲ့အင်တာနက်ဆိုင် ဖွင့်လား မဖွင့်လားဆိုတာကို ကြည့်ဖို့ရာ အတွက် အိမ်ကနေ စက်ဘီးနဲ့ ထွက်လာပါတယ်။ ညနေ ၆နာရီကျော်ပြီမို့လို့ ဘယ်သူမှ ရေမလောင်းတော့ဘူးလို့ ယုံကြည်ပြီး ရေချိုးပြီး အ၀တ်အစားလဲလာပါတယ်။ စက်ဘီးနင်းလို့ထွက်ခါစ လမ်းတလမ်းကျော်သာသာမှာ လမ်းနဘေးမှာ မူးနေဟန်တူတဲ့ လူငယ်တအုပ်က ရေပုံးတွေဘေးမှာချပြီး ရပ်နေကြပါတယ်။
ဒီအချိန်ကြီးမှာတော့ ရေမလောင်းတန်ဘူးလို့ ယူဆပေမယ့် သူစက်ဘီး အနားအရောက်မှာ ရေပုံးကိုယူပြီး အားနဲ့လှမ်းလောင်းလိုက် ပါတော့တယ်။ မအေးအေးခိုင် အနေနဲ့စိတ်တော်တော်လေး ဆိုးပြီး ဒီအချိန်ကြီးမှာ ရေလောင်းရသလား၊ ညနေ ၆နာရီကျော်နေပြီ မသိဘူးလားလို့ ပြောတဲ့အခါမှာ အဆိုပါ လူငယ်အုပ်က ရင့်သီးတဲ့ စကားလုံး၊ ရန်စတဲ့စကားလုံးတွေနဲ့ ပြန်ပြောပါတယ်။ သူအနေနဲ့ ရင်ဆိုင်ပြီး ဆက်စကားများနေရင် တဘက်က လူငယ်အုပ်က အလျော့ပေးမယ့်ပုံ မပေါ်တာလို့ အခြေအနေကို သဘောပေါက်ပြီး ရှေ့ဆက်မသွားတော့ပဲ အိမ်ကိုသာ ပြန်လှည့်လာပါတော့တယ်။
သူ့အဖြစ်ကို အိမ်မှာပြန်ပြောပြတဲ့အခါ အိမ်သူအိမ်သားတွေက နေ့ခင်းကလည်း မိန်းကလေးတဦး စက်ဘီးစီးလာတာကို ရေပုံးနဲ့ မျက်နှာကိုလှမ်းပက်တာကြောင့် စက်ဘီးလဲပြီး မိန်းကလေးခမျာ ကတ္တရာလမ်းပေါ် လဲကျသွားတယ်လို့ ပြောပြကြပါတယ်။
အခုအဖြစ်ဟာ ရန်ကုန်မြို့မှာရော အခြားသော မြို့ကြီးတွေမှာပါ ယခုနောက်ပိုင်း ကြုံတွေ့နေရတဲ့ အခြေအနေပါ။ သင်္ကြန် အကျနေ့ နေ့ခင်းမှာပဲ ရန်ကုန်မြို့ ဦးချစ်မောင်လမ်းနဲ့ ဂွတ္တလစ်ဈေးဆုံတဲ့ မီးပွိုင့်ဒေါင့်မှာ နာရေး ပို့ဖို့ရာအတွက်သွားကြမယ့် ကားတန်းဟာ သင်္ကြန်ရေပက်ခံမဏ္ဍပ်ရှေ့ ပိတ်နေတဲ့ကားတွေကြောင့် ရှေ့မတိုးနိုင်ပါဘူး။ ယာဉ်ထိန်းရဲတွေလည်း ဘယ်လိုမှ ရှင်းလင်းလို့ မရတာကြောင့် ဒီအတိုင်း ရပ်ကြည့်နေလိုက် ကြပါတယ်။ ကားတန်းထဲမှ ဆလွန်းကားတစ်စီးမှာ နာရေးအတွက်သွားမယ့် သံဃာတော်နဲ့ နာရေးပို့သူတွေ စီးနင်းလာကြပါတယ်။ လမ်းပိတ်လို့ စောင့်နေရတဲ့  အဆိုပါဆလွန်းကား ဘေးမှန်တွေကို ပိတ်ထားပေမယ့် ဘေးမဏ္ဍပ်မှ ရေပက်သူတွေ မီးသတ်ပိုက်နဲ့မှန်ကို အတင်းထိုးနေကြပါတယ်။ ကားမှန်ဟာ မီးသတ်ပိုက်ကြောင့် ခါရမ်းနေပါတယ်။ ကားထဲမှာ သံဃာပါသလား၊ ရေပက်ခံကားလား၊ အခြားသော ကိစ္စနဲ့လာတဲ့ကားလား ဆိုတာကို ရေပိုက်နဲ့ထိုးသူတွေ သိသလား မသိလားတော့ မပြောတတ်ပါ။ အချိန်အတန်ကြာမှ အဆိုပါလူအုပ်ထဲမှ တဦးက မြင်ပြီးရေပိုက်ထိုးသူတွေကို လှမ်းတားခဲ့ပါတယ်။
မြန်မာပြည်ရဲ့ သင်္ကြန်ဟာ သင်္ကြန်ရေကစားသူတွေကိုသာ ရေပက်တာမဟုတ်တော့ပဲ  ရေမကစားပဲ အခြားသော ကိစ္စနဲ့ မသွားမဖြစ်သွားလာသူတွေကိုပါ နာကျင်အောင်၊ ကသိကအောင့်ဖြစ်အောင် ချောင်ပိတ်ပြီး ရေပက်နေကြတဲ့ အဖြစ်ရောက်နေကြပြီလားလို့ အခုလိုအဖြစ်ကို ကြုံတွေ့ရသူတွေက မေးခွန်းထုတ်လာကြ ပါတယ်။
ရန်ကုန်မှာ သင်္ကြန်အကြို မတိုင်မီ တရက်အလိုလောက် ကတည်းက ဘတ်စကား စပါယ်ယာအချို့က ဖြတ်သွားတဲ့ အခြားဘတ်စကားပေါ်မှ ခရီးသည်ကို ရေဗူးတွေနဲ့ လှမ်းပက်သွားတာလည်း တွေ့မြင်ခဲ့ရပါသေးတယ်။ သင်္ကြန်ကာလ မရောက်သေးလို့ မမျှော်လင့်ထားတဲ့ ခရီးသွားသူတွေရေစိုပြီး ဒုက္ခရောက်ကြ ရပါတယ်။
အထက်ပါ အဖြစ်တွေဟာ ယခုနှစ်ပိုင်း သင်္ကြန်တွေမှာ ကြုံတွေ့နေကြရတဲ့ ပုံရိပ်တွေလိုဖြစ်နေပါပြီ။ သင်္ကြန်တွင်းမှာ ရေမကစားလိုပေမယ့် အကြောင်းကိစ္စ တခုခုရှိလို့ သွားလာချင်သူတွေအတွက် ရေမပက်အောင် တောင်းပန်လို့လည်း မရ၊ တဦးနဲ့တဦး အနေခက်အောင်၊ ကသိကအောင့်ဖြစ်အောင် လုပ်ကြတာက သင်္ကြန်လားလို့ မေးရမယ့်သဘောဆောင်လာပါတယ်။
အတိတ်ကသင်္ကြန်
ဒီလို ပုံရိပ်မျိုးဖြစ်ပေါ်နေတဲ့ ယနေ့ မြန်မာ့ရိုးရာသင်္ကြန်နဲ့ လွန်ခဲ့တဲ့ ၁၅နှစ် အနှစ် ၂၀ ဟိုဘက်က သင်္ကြန်ဘယ်လိုကွာခြား သလဲဆိုတာကို အရင်သင်္ကြန်လည်းမှီ ယခုသင်္ကြန်လည်း ကြုံတွေ့နေကြတဲ့ လူလတ်ပိုင်းအရွယ် တချို့ကိုမေးမြန်းကြည့်ပါတယ်။
အသက် ၄၀ အရွယ် ရန်ကုန်မှာကြီးပြင်းပြီး တက္ကသိုလ်ဘွဲ့ရတဲ့သူ တယောက်က ``အရင်တုန်းက သင်္ကြန်က အလှပြကားတွေ၊ သင်္ကြန်သံချပ်တွေ၊ ရေကစားမဏ္ဍပ်တွေ ပိုများတယ်။ ၀တ်ပုံစားပုံ သိပ်မပြောင်းသေးဘူး၊ လုံချည်၊ ပုဆိုး ရှပ်အကျီနဲ့ ရေလည်ခံကြတယ်။ အဲဒီတုန်းက ဆုပေးမဏ္ဍပ်တွေမှာ သင်္ကြန်သံချပ်ပြိုင်တာ အကပြိုင်တာကို လိုက်ကြည့်ကြတယ်။ နောက်ဆုံးဆုပေးတဲ့ညဆို ညလုံးပေါက်နီးပါး ဖြေဖျော်ယှဉ်ပြိုင်ကြတာ၊ အလှပြယာဉ်နာမည် တွေထဲက မှတ်မိသလောက်ဆို အမေ့သား၊ ကျွန်ုပ်တို့သည်တို့၊ ဆူးကြားမှ ဗူးခါး ၊ အကြိုက်ဆုံးက သံချပ်ထိုးတာတွေပါပဲ။ အဲဒါတွေကို နှမြောတယ်။ တစ်နှစ်လုံးရဲ့ လူမှု မကျေနပ်ချက်တွေ မညီမျှတာတွေကို ထင်ဟပ်တာ သံချပ်တွေပဲ´´လို့အရင်တုန်းက သင်္ကြန်ကို ပုံဖေါ်ပြပါတယ်။
အစိုးရ၀န်ထမ်းဟောင်း တဦးဖြစ်ပြီး အသက်၄၀ ကျော် အမျိုးသားတဦးကလည်း ဟိုတုန်းကသင်္ကြန်ရဲ့ အနှစ်သာရနဲ့ အခုသင်္ကြန်ရဲ့ အနှစ်သာရကို ပိုင်းခြားစိတ်ဖြာပြီး အခုလို``ဟိုတုန်းက မန္တလေး သင်္ကြန်မှာဆို မြို့မငြိမ်းသီချင်း၊ မြို့မကိုပေါ သီချင်းတွေနဲ့ ရှေးမြန်မာခေတ်က လိုသပြေခက်နဲ့ ရေပက်တာမျိုးမဟုတ်ပေမယ့် သင်္ကြန်ရေကစားတာ အခုလောက် ကြမ်းတမ်းတာမတွေ့ရဘူး။ အကတွေ၊ ယိမ်းတွေနဲ့ မဏ္ဍပ်တွေမှာ ဖြေဖျော်ရင်းရေကစားကြတာ။
အခုမနေ့တနေ့ ကန်တော်ကြီးပတ်လမ်းက မဏ္ဍပ်တခုကို ကျွန်တော်ရောက်တယ်။ အဲဒီမှာ ဘောင်းဘီကျပ်ကျပ်နဲ့ ဆေးဆိုးဆံပင်နီနီ ကျားကျားနဲ့ သီချင်းက ဟစ်ဟော့တွေ၊ ရော့ခ်တွေနဲ့ ဒေးကလပ်၊ နိုက်ကလပ်လို ကနေကြတာပဲ တွေ့ခဲ့ရတယ်။ အတုယူလွဲကြတာလို့ ထင်တယ်။ ၀တ်စားဆင်ယင်မှုမှာလည်း မိန်းကလေးတွေက စွပ်ကျယ်တွေနဲ့ ၊ အရင်တုန်းက သင်္ကြန်ဟာ လေမှုတ်တူရိယာနဲ့ သင်္ကြန်၊ အခုသင်္ကြန်ကတော့ အနောက်တိုင်း တေးဂီတနဲ့ ဒစ်စကိုကလပ် လိုသင်္ကြန်ဖြစ်နေပြီ။
အရင်က စိတ်ထွက်ပေါက်အနေနဲ့ သံချပ်ထိုးကြတယ်။ သမ၀ါယမဆိုင်က အဖြစ်အပျက်တွေ၊ ဌါနဆိုင်ရာနဲ့ ပတ်သက်တဲ့ ပြုပြင်စရာတွေ ပျက်ကြတော့ နားခံသာတယ်။ အခုသံချပ်မရှိတော့ သင်္ကြန်ရဲ့ ပုံစံဟာ ရယ်စရာ၊ ဖြေလျော့စရာ အသက်ကင်းမဲ့သွားသလိုပဲ၊ အစိုးရကလည်း မဏ္ဍပ်အချို့မှာ ယိမ်းတို့ အကတို့ကို ပေါ်လစီတရပ်နဲ့ ကသလိုကခိုင်း၊ သက်ကြီးရွယ်အို ခေါင်းလျှော် ခြေသည်းလက်သည်း ညှပ်တာကို ပေါ်လစီအနေနဲ့ လုပ်သလိုလုပ်ခိုင်းတာ မျိုးတော့တွေ့ရတယ်´´လို့ ပြောပါတယ်။
အစိုးရ ပုံဖေါ်တဲ့သင်္ကြန်နဲ့ အစိုးရရဲ့ ကိုင်တွယ်ပုံ
တရားဝင် ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေ ဥပဒေတွေအရ အထက်ကလို ည ၆နာရီ ကျော်မှ ရေလောင်းတာမျိုး ခွင့်ပြုမထားသလို၊ တဖက်သား မခံနိုင်အောင် ရေဘော်လုံး၊ ရေခဲထုပ်၊ ဆပ်ပြာရည်ဂက်စ်ဘူးတို့နဲ့ ရေကစားက ထောင်ဒဏ် ၃နှစ် ချမှတ်နိုင်တယ်၊ သရုပ်ပျက် ယဉ်ကျေးမှုကိုရှောင် ကြဉ်ပါ စသဖြင့်သတင်းစာတွေမှာ နေ့စဉ်ကြေငြာ သတိပေးတာ တွေ့ရပါတယ်။
သို့ပေမယ့် အရေးယူတာမျိုးတော့ မတွေ့ရသလောက် ရှားပါးပါတယ်။ ရန်မဖြစ်ပွားအောင် ထိန်းသိမ်းတာမျိုးထက် ရန်ဖြစ်ပြီးမှသာ ဖမ်းဆီးတာမျိုးလုပ်ပါတယ်။ မဏ္ဍပ်တွေမှာ သရုပ်ပျက် ၀တ်ဆင်ပြီး ရေမကစားရလို့ အမိန့်ထုတ်ပေမယ့်လည်း အဲဒီလို ကစားတဲ့ မဏ္ဍပ်များထဲမှာ စစ်တပ်အရာရှိကြီး သားသမီး၊ လူကြီးသားသမီးနဲ့ လုပ်ငန်းရှင်ကြီးတွေရဲ့ သားသမီးတွေလည်း ပါဝင်နေလို့ ဥပဒေကို လိုက်နာအောင် ဘယ်တုန်းကမှ လုပ်ဆောင်ခဲ့တာ မတွေ့ရပါဘူး။
သတင်းစာတွေမှာ တီဗီတွေမှာ ပုံဖေါ်တဲ့ သင်္ကြန်ဆိုတာဟာ ယိမ်းအက၊ မြန်မာအဆိုအကနဲ့ မြို့တော်ဝန်မဏ္ဍပ်၊ ဌါနဆိုင်ရာမဏ္ဍပ်တွေ၊ ကုမ္ပဏီကြီးအချို့ရဲ့ မဏ္ဍပ်များသာ ဖြစ်ပါတယ်။ အများစု ဆင်နွဲနေတဲ့ သင်္ကြန်ရုပ်ပုံတွေကို တီဗီတွေ အစိုးရသတင်းစာတွေမှာ မမြင်တွေ့နိုင်ပါဘူး။ လမ်းမှာ တဦးကိုတဦး မခံချင်အောင် နောက်ပြောင်တာ၊ နိုင်ထက်ကလူ ပြုတာမျိုးတွေကို တိုင်ကြားလို့ ဘယ်ရဲ ဘယ်လုံခြုံရေးကမှ အရေးယူဆောင်ရွက်ပေးတာမျိုး မတွေ့ရပါ။
သင်္ကြန် သံချပ်ရဲ့ နိဂုံး
န၀တ အစိုးရတက်ပြီးတဲ့နောက်မှာ သင်္ကြန်သံချပ်တွေကို တဖြည်းဖြည်းနဲ့ ပိတ်ပင်လာပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း လူတွေရဲ့ နိုင်ငံရေး နိုးကြားမှု အရှိန်မြင့်လာတာနဲ့ အမျှ သင်္ကြန်သံချပ်မှာလည်း နိုင်ငံရေး အကြောင်းက ပိုမိုလွှမ်းမိုးလာပါတယ်။ အန်အယ်လ်ဒီ ပါတီ ပေါ်ထွက်လာပြီးနောက် အန်အယ်လ်ဒီက သင်္ကြန်သံချပ်ထိုးတာ အစိုးရကို သရော်တာ၊ နိုင်ငံရေးအရ သံချပ်နဲ့ ဝေဖန်တာတွေ ဖြစ်လာတဲ့နောက်မှာ န၀တ အစိုးရအနေနဲ့ သင်္ကြန်သံချပ်တွေကို ပိတ်ပင်ခဲ့တာပါ။
လူတွေရဲ့ စားဝတ်နေရေး ဒုက္ခ၊ ပတ်ဝန်းကျင်မှာ ကြုံတွေ့နေရတဲ့ မမျှတတာတွေကို ဖြေလျော့ပေးနိုင်မယ့်  သင်္ကြန်သံချပ်တွေကို န၀တ အစိုးရက နိုင်ငံရေး ရှုထောင့်တခုထည်းကနေ ကြည့်ပြီး လုံးဝပိတ်ပင်ခဲ့တာပါ။ အဲဒီဟာရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ လူတွေရဲ့ ထွက်ပေါက်ဟာ လူအချင်းချင်း မခံချင်အောင် နောက်ပြောင်ခြင်း၊ ၊ အရက်သေစာ ပိုမိုသောက်စားလာခြင်း ရန်ဖြစ်ပွားခြင်းတွေ လို့ အရင်သင်္ကြန်ရော ယခုသင်္ကြန်ကိုပါ ကြုံဖူးသူတွေကကောက်ချက်ချကြပါတယ်။
သင်္ကြန်ဟာ ဘောလုံးပွဲလို မကျေနပ်ချက်တွေကို ဖွင့်ထုတ်ရာနေရာ တခု၊ ကာလတခုဖြစ်နေပြီလား လို့ထင်မှတ်စရာပါ။
သင်္ကြန်ကာလမှာ ဖြစ်ပျက်တဲ့ အချင်းချင်း ရန်ဖြစ်တာ၊ တယောက်ယောက်ကို မခံနိုင်လောက်အောင် ရေပက်ခြင်းဖြင့်  ပျော်ရွှင်ကျေနပ်နေကြတာတွေဟာ သာမန်အချိန်မှာ မြင်တွေ့ရလေ့မရှိတဲ့ မြင်ကွင်းတွေပါ။ အဲဒီအချက်နဲ့ ပတ်သက်ပြီး အသက် ၄၀ အရွယ်ရှိ ရန်ကုန်မြို့ခံ တဦးက``တခါတလေ စဉ်းစားမိတယ်။ တနှစ်လုံးမကျေနပ်မှုချက်တွေကို သင်္ကြန်မှာ ဖေါ်ထုတ်နေသလားလို့ ထင်မိတယ်´´လို့ကောက်ချက်ချပါတယ်။
ဆယ်စုနှစ် နှစ်ခုဝန်းကျင် အတွင်း အခုလို ပြောင်းလဲလာတာဟာ ဘယ်လို အကြောင်းတွေကြောင့်လဲ ဆိုတာ ဆန်းစစ်လေ့လာ သင့်ပါတယ်။ သားနှစ်ယောက်ရဲ့ ဖခင်ဖြစ်သူ ၄၈နှစ် အရွယ် ကိုဝင်းငြိမ်းကတော့ ``အရင်တုန်းက သံချပ်တွေရှိတယ်။ အခုမရှိတော့ဘူး၊ သံချပ်ကလူတွေရဲ့ ထွက်ပေါက်တခု လို့ထင်တယ်။ အခုက အခြားနည်းနဲ့ ထွက်ပေါက်ရှာကြတာပေါ့´´လို့ သူ့အမြင်ကို ပြောပါတယ်။ 
(Photos - Internet, Daylife Pictures)

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ပါတီရှင်သန်ရေးမှသည် ဒီမိုကရေစီရှင်သန်ရေးသို့ အင်န်အယ်ဒီပါတီ၏အရွေ့
          သင်္ကြန်တွင်း အချိန်ရသလောက်မှာ အင်န်အယ်ဒီပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဟံသာဝတီဦးဝင်းတင်နဲ့ စကားပြောဖြစ်ပါတယ်။ မေးခွန်းတွေ မေးဖြစ်တယ်။ ပါတီရဲ့ အပြောင်းအလဲတွေ၊ ရပ်တည်မှုတွေနဲ့ ဆရာပြောခဲ့တဲ့ ခွင် ၄ ခွင်၊ ထောက် ၄ ထောက်ထဲက ပါတီတွင်း တည်ဆောက်ရေးအလားအလာကို ပြောဖြစ်ပါတယ်။
          မေလဆန်းဖို့ မပြောနဲ့ဦး၊ ဧပြီလတောင် မကုန်သေးခင်၊ သင်္ကြန်ကာလတွင်းမှာတောင် အင်န်အယ်ဒီနဲ့ ပတ်သက်ပြီး အပြင်ကရှုမြင်သုံးသပ်ပုံ မျိုးစုံကြားနေရချိန်မှာ - နိုင်ငံရေးပါတီအဖြစ်ထက် နိုင်ငံရေးပါတီအဖြစ်က လျှောကျသွားတဲ့ အင်န်အယ်ဒီ၊ နိုင်ငံရေး ဆက်မလုပ်နိုင်တော့တဲ့ အင်န်အယ်ဒီ၊ ပြိုကွဲတော့မယ် အင်န်အယ်ဒီလို့ တံဆိပ်ကပ်၊ ကင်ပွန်းမျိုးစုံ တပ်လာကြတာကိုတွေ့ရတဲ့အကြောင်း ထုတ်ဖော်ပြောဆိုဖြစ်ပါတယ်။
          ဆရာက မိုးမခကို ပြန်လည်ထောက်ပြရာမှာ နံမည်ပေး၊ ကင်ပွန်းမျိုးစုံတပ်ခံရတာဟာ အင်န်အယ်ဒီပါတီအတွက် အထူးအဆန်းမဟုတ်ကြောင်း၊ ယခင်က နှစ်ပေါင်းများစွာမှာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျဖမ်းဆီးထိန်းသိမ်းခံထားရစဉ်ကတည်းက အင်န်အယ်ဒီကို အများက ကင်ပွန်းတပ်ခဲ့ကြတာက - "ပါတီရှင်သန်ရေးကိုသာ ဦးစားပေးရပ်တည်တဲ့ ပါတီ" ဆိုတာ ဖြစ်ကြောင်း၊ ဒ့ါအပြင် "စစ်အစိုးရရဲ့ အငြိုအငြင်ကို မခံနိုင်တဲ့ ပါတီ" တခုလို့လည်း ပြောကြသေးတဲ့အကြောင်း၊ ယခုလို မတ်လ ၂၉ မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီက ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို လက်မခံနိုင်ဘူး၊ အဲသည်ဥပဒေအရ ထပ်မံမှတ်ပုံတင်မှာ မဟုတ်ဘူးလို့ တခဲနက်ဆုံးဖြတ်ချက်ချလိုက်ပြန်တော့လည်း နောက်ထပ် အခုလိုမျိုး တံဆိပ်ပေါင်းစုံ၊ ကင်ပွန်းအမည်စုံ ပေးကြပြန်လို့ အသစ်အဆန်း မဖြစ်ကြောင်း ပြန်လည် ပြောကြားပါတယ်။
          ဆရာက ပါတီရဲ့ ဖြတ်သန်းလာခဲ့ရတဲ့ လမ်းကြောင်းကို ပြန်လည် သုံးသပ်ပြရာမှာ -
"ပါတီရဲ့ ခေါင်းဆောင်မှုဟာ အရင်တုံးက အခြေအနေကို ပြန်ကြည့်မယ်ဆိုရင် ဟုတ်လား၊ စစ်အုပ်စုနဲ့ ထိပ်တိုက်မရင်ဆိုင်ဘူး၊ အာခံတာမျိုးတွေ၊ ဆန့်ကျင်တာမျိုးတွေကို ထုတ်ဖော်မပြသချင်ဘူး။ စစ်အစိုးရရဲ့ ဥပဒေဘောင်အတွင်းမှာပဲ ငြိမ်ငြိမ်ပဲ နေချင်တယ်ဆိုတာမျိုးတွေ ဖြစ်နေခဲ့တယ်။ ဒီသဘောမျိုးကို ၁၉၉၀ ရွေးကောက်ပွဲလွန်ကာလမှာ ကျင့်သုံးခဲ့တယ်။ ၁၉၉၅ မှာ ဒေါ်စု နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာချိန်အတွင်းမှာတော့ ပါတီဟာ လှုပ်လှုပ်ရှားရှား ပြန်ဖြစ်လာတယ်။ နောက်ပြီးတော့ ၂၀၀၀ ကနေ ၂၀၀၂ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ပြန်ကျချိန်မှာ ပါတီမှာ ပြန်ပြီးတော့ ပါတီရှင်သန်ရေးတို့၊ စစ်အစိုးရနဲ့ ပြသနာမဖြစ်စေရေးတို့က အသံပြန်ကျယ်လာတယ်။ ၂၀၀၃ ဒီပဲယင်း အရေးအခင်းပြီးနောက်ပိုင်းမှာလည်း ပါတီရဲ့ ရည်တည်ချက်ဟာ ထိုအတိုင်းပဲ ပါတီရှင်သန်ရေးက အရေးကြီးတယ်၊ အစိုးရနဲ့ ပြသနာမဖြစ်စေနဲ့တို့က အဓိကဖြစ်နေခဲ့တာကို တွေ့ရတယ်" လို့ ပြောပြပါတယ်။
အဲသည်မှာ ဆရာဦးဝင်းတင်ကို မေးမိတဲ့ မေးခွန်းက အဲသည်လိုမျိုး ကန့်သတ်တဲ့ရပ်တည်ချက်နဲ့ ပါတီက ခေါင်းဆောင်မှုပေးနေချိန်မှာ ပါတီဝင်တွေ၊ တက်ကြွတဲ့ ပါတီခေါင်းဆောင်တွေ၊ အမျိုးသမီးတွေ၊ လူငယ်တွေဟာ အဲသည်ချမှတ်ထားတဲ့အတိုင်း မနေခဲ့ကြဘူး။ သူတို့နည်း သူတို့ဟန်နဲ့ အတိုက်အခံနိုင်ငံရေးမှာ တက်တက်ကြွကြွ လှုပ်ရှားခဲ့ကြတယ်။ လှုပ်ရှားခဲ့ကြလို့ သူတို့တတွေကို စစ်အစိုးရက အရေးယူတာအပြင်ကို ပါတီကလည်း အရေးယူခဲ့တာတွေ ရှိတယ်မဟုတ်လား ဆိုတဲ့ အချက် ဖြစ်ပါတယ်။
"ဟုတ်တယ်။ ပါတီက အရေးယူတဲ့နေရာမှာ ပါတီရဲ့ ရပ်တည်ချက်၊ လမ်းညွှန်ချက်၊ စည်းမျဉ်း စည်းကမ်းတွေ ဖောက်ဖျက်လို့၊ နားမထောင်လို့ ဆိုပြီးတော့ ပါတီကနေ ဖယ်ရှားတဲ့အထိ အရေးယူတာမျိုးတွေ ရှိခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က ပြန်လွတ်လာတိုင်းမှာ အဲသည်လိုမျိုး အရေးယူခံရသူတွေကို ပြန်ပြီးတော့ ခေါ်တယ်၊ တွဲခေါ်တယ်။ ဆွေးနွေးညှိနှိုင်း ပြန်လည်တည်ဆောက်တာတွေ လုပ်လေ့ရှိတယ်။ ပါတီထဲမှာ ဘယ်လိုဖြစ်နေသလဲဆိုတော့ - ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင်အပြင်၊ တိုင်းကနေစလို့ မြို့နယ် ကျေးလက်အထိ ခေါင်းဆောင်တွေ၊ ပါတီဝင်တွေဟာ ပါတီစကားနားမထောင်လို့ ဆိုပြီး ဖယ်ရှားခံရတာတွေ၊ အရေးယူခံရတာတွေ ရှိတယ်။ တချို့ဆိုရင် အရေးယူပုံက ပါတီရုံးခန်းကို မလာရဘူးဆိုတာမျိုး အထိတောင် ရှိတယ်။ ဥပမာ - ထင်ရှားတဲ့သူတွေ ပြောရရင် နော်အုံးလှတို့၊ ဗိုလ်မှူးမောင်အေးတို့လို လူမျိုးတွေ ရှိတယ်။ အတော်များများ ရှိတယ်။ အဲသည်တော့ ပါတီမှာ အနည်းနဲ့ အများ စည်းရုံးမှု အားနည်းလာတာပေါ့ကွာ။ အယူအဆတွေ သီးခြားရှိလာတဲ့ လက္ခဏာတွေ ပေါ်ပေါက်လာတာမျိုးတွေ ဖြစ်လာတယ်။ ပါတီတွင်း ပါတီပြင်ပမှာ တယောက်တပေါက် ပြောသံ ဆိုသံတွေ ထွက်လာရတာပေါ့" လို့ ဆရာက ဖြေကြားပါတယ်။
အဲသည်မှာ ပါတီရဲ့ ခေါင်းဆောင်မှုအောက်ကကင်းကွာလာတဲ့ အင်န်အယ်ဒီပါတီဝင်တွေ၊ ခေါင်းဆောင်တွေရဲ့လှုပ်ရှားမှုတွေဆိုတာ ၂၀၀၇ သံဃာ့အရေးအခင်းမှာ အင်န်အယ်ဒီပါတီက လွှတ်တော်ကိုယ်စားလှယ်တွေက သံဃာတော်တွေနောက်က လွှတ်တော်ကိုယ်စားလှယ်အလံ ထောင်ပြီး ချီတက်လာတာမျိုးတွေ၊ အင်န်အယ်ဒီ လူငယ်တွေ၊ အမျိုးသမီးအဖွဲ့တွေက သူတို့အစီအစဉ်နဲ့ သူတို့ သံဃာ့သပိတ်မှာ ပါဝင်အားပေးဆောင်ရွက်မှုတွေကို ပြောနိုင်ပါသလား ဆိုတဲ့ မေးခွန်းကို ဆရာက ဖြေကြားရာမှာ -
" ဟုတ်တယ်။ ခေါင်းဆောင်ပိုင်းက အကန့်အသတ်တွေ ချမှတ်ထားတဲ့အခါ အင်န်အယ်ဒီပါတီတခုလုံးအနေနဲ့ ၂၀၀၇ မှာ မလှုပ်ရှားနိုင်ခဲ့ဘူး။ တညီတညွတ်တည်း မစဉ်းစားနိုင်ခဲ့ကြဘူး။ ပါတီရဲ့ ဦးဆောင်မှုက အားနည်းတော့ လူထုကလည်း လိုက်ပါသင့်သလောက် မပါလာတော့ဘူး။ အင်န်အယ်ဒီက အမတ်တွေက သီးခြားဝင်ရောက် လှုပ်ရှားလာကြရတယ်။ တော်တော်များများ ရှိတယ်။ သို့သော် မဖြစ်ခဲ့ဘူး။ အံတုဖို့ မလုပ်ချင်ဘူး။ စိုးရိမ်မှုတွေ၊ ကြောက်ရွံ့တဲ့ သဘောထားတွေက အားကောင်းခဲ့တယ် ပေါ့ကွာ။ အဲသည်မှာ ဒေါ်အောင်ဆန်းစုကြည်က သူလုပ်နိုင်တဲ့ အတိုင်းအတာနဲ့တော့ သူ ထွက်ပြီး ရပ်တည်ခဲ့တယ်။ ခြံထဲက ထွက်လာပြီး သပိတ်မှောက်သံဃာတော်တွေကို ရှိခိုးတယ်။ သူ့အိမ်ရှေ့ကို ရောက်လာတဲ့ သံဃာတော်တွေ၊ ပြည်သူတွေရဲ့ တောင်းဆိုချက်ကို အတတ်နိုင်ဆုံး လိုက်နာမှုပြသခဲ့တယ် လို့ ဆိုနိုင်တယ်။ ဒါကိုလည်း နည်းပညာတွေ ဆက်သွယ်ရေးတွေ ကောင်းလို့ ကမ္ဘာက မျက်မြင်သက်သေဖြစ်သွားရတာလည်း အရေးကြီးတဲ့ အချက်ပဲနော်။ အဲသည်လိုမျိုး လူတွေက မြင်နေရတာတောင်မှ ပါတီက ရှေ့တန်း မထွက်နိုင်ခဲ့ဘူး။ ပါတီရဲ့ ခေါင်းဆောင်ပိုင်းက သူတို့ ဆုပ်ကိုင်ထားတဲ့ ရပ်တည်ချက်နဲ့ ကွဲလွဲတဲ့ အရေးအခင်းကို လက်မခံနိုင်ခဲ့ဘူး။ အဲလိုပြောချင်တယ်။" လို့ ဆရာက ပြောကြားပါတယ်။
အဲသည်မှာ ဆရာ့ကို ဆက်ပြီး ဆွေးနွေးမိတာက ၂၀၀၇ အရေးအခင်းမှာ စစ်အစိုးရက သံဃာနဲ့ လူထုကို အကြမ်းဖက်ပြီး ရက်ရက်စက်စက် နှိမ်နှင်းပစ်ခဲ့တယ်။ အဲဒါပြီး မကြာဘူး၊ ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုဖို့ ကြိုးစားတယ်။ အဲသည်မှာ ပြည်သူလူထုနဲ့ အင်န်အယ်ဒီပါတီကြားမှာ ကွာဟချက်က ထင်ရှားနေတဲ့အတွက်၊ ဒါ့အပြင် အင်န်အယ်ဒီပါတီကလည်း ထင်ရှားတဲ့ ဆုံးဖြတ်ချက်တခုချမှတ်ပြီးတော့ ပြည်သူလူထုကို ဦးဆောင်မှုမပေးနိုင်တဲ့အတွက် စစ်အစိုးရက နည်းမျိုးစုံ သုံးပြီးတော့ သူတို့ရဲ့ အခြေခံဥပဒေကို အတည်ပြုဖို့ ကြိုးစားတဲ့အခါမှာ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေကို ပါတီက မထုတ်ပြန်နိုင်ခဲ့ဘူး ဆိုတဲ့ အချက်ကို ပြောမိပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ သူလုပ်နိုင်တဲ့ အတိုင်းအတာထဲက ၂၀၀၈ အခြေခံဥပဒေဆန္ဒခံယူပွဲမှာ သူ့အနေနဲ့ ကန့်ကွက်မဲပေးခဲ့တယ်လို့ သိရတဲ့အကြောင်း ပြောပြမိပါတယ်။
"၂၀၀၈ အခြေခံဥပဒေမှာ အားလုံးက အဓိကအဆုံးအဖြတ်ပေးရမယ့် အင်န်အယ်ဒီပါတီရဲ့ ခေါင်းဆောင်မှုကို ၀ိုင်းကြည့်နေကြတာ၊ ၀ိုင်းပြီးတော့ စောင့်ကြည့်နေကြတာ ဖြစ်တယ်။ အဲဒီမှာလည်း ခုနင်က ပြောပြီးဖြစ်တဲ့ ပါတီ ရှင်သန်ရေးက အရေးကြီးတယ်၊ စစ်အစိုးရနဲ့လည်း အတိုက်အခံအဖြစ်မခံနိုင်ဘူးဆိုတဲ့ အယူအဆတွေ အားကောင်းနေတာတွေကြောင့် ဒီလိုပဲ ဖြစ်ခဲ့ရတယ်လို့ ပြောချင်ပါတယ်။" လို့ ဆရာ ဦးဝင်းတင်က မှတ်ချက်ပေးပါတယ်။
အဲသည်နောက် ၂၀၀၈ စက်တင်ဘာမှာ ဆရာဦးဝင်းတင် ထောင်က လွတ်မြောက်လာပါတယ်။ ထောင်က၊ အစိုးရက သူ့ကို လွှတ်ပေးလိုက်တာပါ။ သူကတော့ အဲသည်ကတည်းက နိုင်ငံရေးအကျဉ်းသားတဦး၊ ထောင်သားတဦးလို့ ရပ်တည်နေဆဲပါပဲ။ အဲသည်အတွက် ထောင်ဝတ်စုံ ရှပ်အက်ျီအပြာကြီးကို ဆက်လက် ၀တ်ဆင်နေဆဲပဲ ဖြစ်ပါတယ်။ ဆရာလွတ်မြောက်လာပြီးနောက် အင်န်အယ်ဒီပါတီမှာ ဆရာက မူလအတိုင်း ပါတီဝင်တဦး၊ ခေါင်းဆောင်တဦးအနေနဲ့ ဆက်လက်ရပ်တည် လှုပ်ရှားလာခဲ့တာကြောင့် ပါတီရဲ့ ခေါင်းဆောင်မှုနဲ့ ဆရာနဲ့ ကြားမှာ ဘယ်လို နားလည်မှုတွေ တည်ဆောက်ခဲ့ကြသလဲ ဆိုတာကို မေးဖြစ်ပါတယ်။
"ကျနော် ထောင်က ထွက်လာတယ်။ ထွက်ပြီး ၂ ရက် ၃ ရက်အတွင်းမှာ ဦးအောင်ရွှေ ကိုယ်တိုင်က လာရောက်ဖိတ်ခေါ်တယ်။ ပါတီမှာ မူလအတိုင်း ဆက်လက်ဆောင်ရွက်ကြဖို့။ ကျနော်က စီအီးစီတာဝန်တွေ၊ ရာထူးတွေက အသာထားလိုက်ပါ။ မလိုပါဘူး။ ကျနော်က ပါတီမှာ လုပ်စရာရှိတာနဲ့  နိုင်ငံရေးတွေ ဆက်လုပ်မယ်။ ပါတီအင်အားတောင့်လာအောင် ဆက်လုပ်မယ်။ စီအာရ်ပီပီ - ပြည်သူ့လွှတ်တော်ကိုယ်စားပြုအဖွဲ့နဲ့ ဆက်လုပ်မယ်။ သည်လိုမျိုး သဘောထားပေးလိုက်တယ်။ နောက်ပြီးတော့ ကျနော်က ဦးအောင်ရွှေတို့ကို မေတ္တာရပ်ခံတာက ပါတီတွင်း အရေးယူတာတွေကို ပြန်ပြီး စဉ်းစားကြပါ။ စည်းကမ်းထိန်းသိမ်းရေးအရ၊ လုပ်ငန်းစဉ်၊ မူဝါဒတွေကို ဆန့်ကျင်လို့ အရေးယူတာတွေကို ယူပါ။ သို့သော် ပါတီဝင်တွေကို ပြင်းပြင်းထန်ထန်ကြီး အရေးယူတယ်ဆိုတာ၊ ဖယ်ရှားတယ်ဆိုတာမျိုးတွေ မလုပ်ကြပါနဲ့။ ရန်သူတယောက်လိုမျိုး အရေးမယူပါနဲ့။ အဲသည်လိုမျိုး မေတ္တာရပ်ခံပါတယ်။"
ဆရာက ဆက်လက်ပြီး ဥပမာ ပေးရာမှာ -
" ပါတီဝင်တဦးက တာဝန်က ချတယ်။ တနှစ် အရေးယူတယ်။ ရပါတယ်။ ထားပါ။ သို့သော် သူ့ကို ပါတီက ပြန်လည် ထူထောင်ခွင့်၊ ပြန်လည်တည်ဆောက်ခွင့်တွေ ပေးရမယ်။ ပြန်ပြီးတော့ မိတ်ဆွေတွေ အချင်းချင်း လက်တွဲညှိနှိုင်းမှုတွေ ပြုကြရမယ်။ ကျနော်တို့ ပါတီတွင်းမှာ အာဏာရှင်ဆန်တဲ့အရေးယူမှုမျိုးအစား အားလုံးအတူတကွ ညှိညှိနှိုင်းနှိုင်း ဆွေးနွေး သင့်မြတ်မှုတွေနဲ့ တည်ဆောက်ကြဖို့ကို ကျနော်က မေတ္တာရပ်ခံပါတယ်။ နောက်ပိုင်းမှာ အဲသည်လိုမျိုး ပြေပြေလည်လည်တွေ ဖြစ်လာပါတယ်။ ၂၀၀၈ နောက်ပိုင်းမှာ အရေးယူမှုတွေ မရှိတော့ဘူးလားလို့တော့ မဟုတ်ဘူး။ ရှိတာပါပဲ။ အရေးယူတာတော့ ရှိပါတယ်။ ပါတီက ဖယ်ရှားတာတို့၊ ထုတ်ပယ်တာတို့မျိုးတွေ မရှိတော့ဘူးလို့ ပြောချင်ပါတယ်။"
၂၀၀၈ နှောင်းပိုင်းက စတင်ပြီး ဆရာဦးဝင်းတင် အကျဉ်းထောင်က လွတ်မြောက်လာပြီးတဲ့နောက် ပါတီတည်ဆောက်ရေးအတွက် ဘယ်လိုခြေလှမ်းတွေ၊ တိုးတက်မှုတွေ ထင်ရှားလာတာတွေ ရှိပါသလဲဆိုတဲ့ မေးခွန်းကို ပြန်လည် ဖြေကြားရာမှာ -
"ကျနော်လွတ်လာပြီးနောက် နှစ်ကုန်ပိုင်းမှာ အကျဉ်းသား ၆ ထောင်ကျော်ကို စစ်အစိုးရ လွှတ်ပေးပြန်ပါတယ်။ အဲသည်မှာ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော် ပါတယ်။ အဲသည်မှာ ပါတီဝင်ရဲဘော်တွေကို ပြန်လည် ဖိတ်ခေါ်ခဲ့ကြတယ်။ ပြန်ပြီးလက်တွဲကြဖို့ကို လိုက်လံပြောဆိုကြတယ်။ ပါတီရဲ့ ခေါင်းဆောင်မှုမှာ သဘောထားပြောင်းလာတဲ့သဘောကို ထုတ်ဖော်ပြသ ဆောင်ရွက်ကြပါတယ်။ ယုံကြည်မှုအားနည်းနေသေးတဲ့အတွက် အကုန်အစင် အောင်မြင်တယ်လို့တော့ မဆိုနိုင်ပါဘူး။ နောက်ပြီးတော့ ပါတီကနေ ခပ်ခွာခွာနေပြီးတော့ သီးခြား စုဖွဲ့ လှုပ်ရှားမှုတွေကလည်း သူ့ဟာနဲသူ အားကောင်းနေတာတွေ ရှိတယ်။ ကျယ်ပြန့်လာတာတွေကိုလည်း အဲသည်တုန်းက တွေ့နေရတယ်။ နော်အုံးလှတို့ အင်္ဂါဆုတောင်းအဖွဲ့ဟာ မြို့နယ်တွေ အနှံ့ပြန့်လာတယ်။ ဗိုလ်မှုးမောင်အေးဆိုရင် နိုင်ငံရေးစာတမ်းတွေ ရေးတယ်၊ တင်သွင်းတာတွေ လုပ်နေတယ်။ ဒါတွေ သူ့ဟာနဲ့သူ ရှိနေတယ်။" လို့ ဆရာက ဖြေပါတယ်။
သို့သော်လည်း အဲသည်လိုမျိုး ပါတီမှာ ယုံကြည်မှုတည်ဆောက်ဖို့ကာလက အေးအေးဆေးဆေးရှိတဲ့ ကာလမဟုတ်သော်ငြား၊ အင်န်အယ်ဒီပါတီက ၂၀၀၉ ဧပြီမှာ ရွှေဂုံတိုင်ကြေငြာစာတမ်းကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို ပြန်လည်ဆွေးနွေးဖို့၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုကြဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ ဒေါ်စုအပါအ၀င် ပြန်လည် လွှတ်ပေးကြဖို့၊ စစ်အစိုးရနဲ့ အတိုက်အခံအင်အားစုတွေ တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ကို မီးမောင်းထိုး တောင်းဆိုပြနိုင်ခဲ့တာကို တွေ့နိုင်ပါတယ်။ အဲသည်ဆောင်ရွက်ချက်တွေကြောင့် အင်န်အယ်ဒီကို ပြည်သူတွေက ယုံကြည်မှုပြန်လည်ရရှိမယ်လို့ မျှော်လင့်ချက် ရောင်ခြည်သန်းမယ် မကြံသေးခင်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ထဲကို အမေရိကန်နိုင်ငံသား ယက်တော ခိုးဝင် ကျုးကျော်ဖို့ ကြံစည်တဲ့ အမှုအခင်းဖြစ်ပွားပါတော့တယ်။ အဲသည်မှာ အင်န်အယ်ဒီပါတီက ဘယ်လိုမျိုး ဒေါ်အောင်ဆန်းစုကြည်အတွက်၊ ပါတီအတွက် ရင်ဆိုင် ဖြေရှင်းကြသလဲဆိုတဲ့ မေးခွန်း မေးစရာ ဖြစ်လာပါတယ်။ ဦးဝင်းတင်က ပြန်လည် ဖြေကြားရာမှာ -
"အဲသည်အရေးကိစ္စဖြစ်တဲ့အခါကျတော့ ပါတီရဲ့ ခေါင်းဆောင်မှုက အရင်တုံးကလို ပြန်ဖြစ်သွားတယ်။ ပါတီက စစ်အစိုးရနဲ့ ထိပ်တိုက်မရင်ဆိုင်လိုဘူး။ စစ်အစိုးရခွင့်ပြုထားတဲ့အတိုင်း တရားရုံးထဲမှာ သွားရင်ဆိုင်ကြမယ်။ သည်လို ဖြစ်လာတယ်။ အဲသည်မှာ ကျနော်က အင်းစိန်ထောင်ရှေ့မှာ ကျနော့်သဘောနဲ့ကျနော် ဒေါ်အောင်ဆန်းစုကြည်အတွက် မိမိဆန္ဒကို ဖော်ထုတ်တဲ့ အနေနဲ့ သွားပြီး ထိုင်တယ်။ အနီးဆုံး လမ်းဘေးမှာ သွားထိုင်တယ်။ ကျနော်နဲ့အတူ မိတ်ဆွေတွေ၊ ပါတီဝင်တွေကလည်း မိမိသဘောနဲ့ မိမိ လိုက်ပါလာကြတယ်။ ပါတီရဲ့ ခေါင်းဆောင်ပိုင်းက ဘာပြောသလဲဆိုတော့ ပါတီခေါင်းဆောင်တဦးက လမ်းဘေးမှာ သွားပြီး မထိုင်သင့်ဘူး။ နောက်ပြီးတော့ ပါတီရဲ့ အစုအဖွဲ့တွေဖြစ်တဲ့ လူငယ်တို့၊ အမျိုးသမီးတို့ကလည်း မသွားရဘူး။ ဒါမျိုးဖြစ်လာတယ်။"
လို့ ဆရာက ပြောပြပါတယ်။ အဲသည်အချိန်က ပြည်သူလူထုရဲ့ အခမ်းကဏ္ဍကို မေးကြည့်တဲ့အခါမှာ ဆရာက .
" လူတွေက လာနေတာပဲ။ ပါတီဝင်တွေကလည်း အဝေးကြီးကနေ လာကြတယ်။ ဘုန်းကြီးတွေလည်း လာကြတယ်။ ဈေးထဲကလူတွေက မုန့်တွေ ကျွေးတယ်။ ရေတွေ တိုက်ကြတယ်။ ကြံဖွံ့တွေက ငါတို့နား တံပျက်စည်းတွေ လာလှဲကြတယ်။ မျက်နှာတွေကို သဲတွေနဲ့ ပက်နေတဲ့ အတိုင်းပဲ။ မျက်နှာတွေ ကာထားရတယ်။ ရဲတွေ၊ မီးသတ်တွေက ငါတို့ရှေ့မှာ လာပိတ်တယ်။ နေရာလာလုတယ်။ အဲသည်ကြားထဲက ဆန္ဒထုတ်ဖော်ပြသရတာ ဖြစ်တယ်။ ငါက ပြောတယ်။ ဆန္ဒထုတ်ဖော်ခြင်းဆိုတာဟာ ပြည်သူတွေနဲ့ ပါတီက ဒေါ်အောင်ဆန်းစုကြည်နဲ့ တသားတည်း တသွေးတည်း ရှိတယ်ဆိုတာကို ထုတ်ဖော်ပြသတာ။ စည်းလုံးညီညွတ်တယ် ဆိုတာကို ထုတ်ဖော်ပြသတာ။ အဲသည်လိုမျိုး။ အဲသည်မှာ ပါတီနဲ့ လူထုဟာ နီးစပ်သွားတာပဲ။ လူထုနဲ့ ထိတွေ့တဲ့ အလေ့အထတခုကို ထုတ်ဖော်ပြသတဲ့ သဘောဖြစ်သွားတယ်။" လို့ ဖြေကြားပါတယ်။
အဲသည် ၂၀၀၉ မေလက စတင်တဲ့ ယက်တောအမှုအခင်းကိစ္စမှာ ဆရာဦးဝင်းတင်က ဆန္ဒပြဖို့ ဆူပူလှုံဆော်ဖို့ ကြံစည်ခဲ့တာ မဟုတ်ဘူးလား။ အဲသလိုမျိုး ပြင်ဆင်ခဲ့တာ မဟုတ်ဘူးလားလို့ မေးမိတော့ ဆရာက သည်လို ဖြေကြားပါတယ်။
" အဲဒီမှာ ကျနော့်ကို စွတ်စွဲကြတာက ၈၈ အရေးတော်ပုံကာလတုံးက ကျနော်တို့စာနယ်ဇင်းသမားတွေ ထုတ်ခဲ့တဲ့စာစောင် "ဆန္ဒဖော်သံ" ဆိုလား မသိဘူး၊ ရှိဖူးတယ်။ ကျနော်က အရေးတော်ပုံလေသံပစ်တယ်ပေါ့ဗျာ။ အဲသလိုမျိုး ကျနော့်ကို ပြောဆိုကြတယ်။ ဒါကတော့ ပါတီရှင်သန်ရေးဆိုတဲ့ အသံက ကြားရတဲ့သူတွေအတွက် နားဝင်ချိုတယ်ပေါ့ဗျာ။ နောက်ကွယ်က စစ်အစိုးရရဲ့ အငြိုအငြင်မခံနိုင်လို့၊ အာမခံနိုင်လို့ ဆိုတာကို ၀န်ခံလိုက်တာထက် ပါတီရှင်သန်ရေးလို့ ပြောလိုက်တာ၊ ဆင်ခြေပေးလိုက်တာက လူကြားလို့ကောင်း၊ လက်ခံချင်စရာ ကောင်းသလိုဖြစ်နေတယ်။ တကယ်က လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခွဲခြားပစ်လိုက်တဲ့သဘော၊ ကန့်သတ်ပစ်လိုက်တဲ့သဘောဖြစ်သွားတယ်။ နောက်ပြီးတော့ ကိုကျော်ညွန့်ဆိုတဲ့ ပြည်သူတဦးက မခံမရပ်နိုင်ဖြစ်လွန်းလို့ ဆန္ဒပြတဲ့အထိ ဖြစ်ခဲ့တယ်။ ကျနော်နဲ့ ၂ ခါလောက် ဆုံပါတယ်။ ကျနော်က တားပါတယ်။ ကျနော်တို့ ဆန္ဒဖော်ထုတ်ပြသကြမယ်။ ဒီသဘောကိုပဲ ရှင်းပြတယ်။ မရဘူး။ သူက မခံမရပ်နိုင်ဖြစ်လွန်းတော့ တဦးချင်းထွက်ပြီး ဆန္ဒပြတော့တာပဲ။ ဒါမျိုးတွေ ရှိတယ်" လို့ ပြောပြပါတယ်။
အဲသည်လိုမျိုး ၂၀၀၈ နဲ့ ၂၀၀၉ ၂ နှစ် လုံးလုံးမှာ လူထုနဲ့ မနီးစပ်နိုင်၊ ပါတီဝင်အချင်းချင်း နားလည်မှု အင်အားတွေ တောင့်တင်းအောင် ထိထိရောက်ရောက် မလုပ်နိုင်ခဲ့တဲ့ ပါတီက ၂၀၁၀ မှာ စစ်အစိုးရရဲ့ ရာဇသံဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံ၊ ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို လိုက်နာပြီး ပါတီကို မှတ်ပုံတင်ဆိုတဲ့ တောင်းဆိုချက်ကို ပြတ်ပြတ်သားသား ပယ်ချနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး ပါတီက ဘယ်လိုမျိုး အသွင်ပြောင်းလာလို့လဲလို့ မေးခွန်းထုတ်ဖြစ်ပါတယ်။
"ဒါတွေကတော့ စစ်အစိုးရနဲ့ တရားရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စံနမူနာကို ယူပြီးတော့ ပါတီဝင်တွေကော၊ ပြည်သူလူထုကပါ အမြင်ရှင်းလာတယ်လို့ မြင်ပါတယ်။ ၂၀၀၉ နှစ်ကုန်ကနေပြီးတော့ ၂၀၁၀ နှစ်ဆန်းက စပြီးတော့ အင်န်အယ်ဒီပါတီဟာ Reform ကို လုပ်လာခဲ့တယ်။
အဲသည်လို လုပ်ဖြစ်တာကလည်းဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း အကျယ်ချုပ်ပြန်လည်ကျခံနေရသည့်ကြားက ဦးသန်းရွှေဆီ စာပို့တဲ့ဆီမှာ - တိုင်းပြည်ရဲ့ အကျိုးရှိရာအကြောင်းတွေကိုပဲ ဆွေးနွေးလိုပါတယ်။ ပါတီက အသက်ကြီးနေပြီ ဖြစ်တဲ့ လူကြီးတွေကို ကန်တော့ချင်တယ်။ ပြီးတော့ ပါတီရဲ့ စီအီးစီတွေနဲ့လည်း တွေ့ချင်တယ်လို့ မေတ္တာရပ်ခံခဲ့တယ်။ နောက် စစ်အစိုးရက စီစဉ်ပေးလို့ အင်န်အယ်ဒီက စီအီးစီက လူကြီး ၃ ဦးနဲ့ တွေ့တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က ပါတီဟာ ပြန်လည် ဖွဲ့စည်းကြဖို့၊ ပြန်လည် ပြုပြင်ကြဖို့ အချိန်ကျပြီလို့ ယူဆတယ်လို့ ထင်မြင်ချက်ပေးပါတယ်။ အဲသည်အချက်ပေါ်မူတည်ပြီးတော့ ပါတီတွင်းမှာလည်း ဆွေးနွေးမှု၊ ငြင်းခုန်မှုတွေ ဖြစ်ခဲ့ပါသေးတယ်"
လို့ ဆရာက ဖြေပါတယ်။
အဲသည်မှာ မိုးမခက ၀င်ရောက် ဖြည့်စွက်ရာမှာ - အဲသည်တွေ့ဆုံကန်တော့ပွဲမှာ ဒေါ်စုက ပါတီပြန်လည်ပြင်ဆင်ဖွဲ့စည်းကြဖို့ မှာကြောင်း ဦးလွင်က ထုတ်ဖော်ပြောဆိုတယ်။ မီဒီယာများက တဆင့်။ သို့သော် ကျန်တဲ့ လူကြီး ၂ ဦးဖြစ်တဲ့ ဦးအောင်ရွှေနဲ့ ဦးလွန်းတင်တို့က စီအီးစီကို စာထုတ်ပြန်ပြီးတော့ ငြင်းခဲ့ပါတယ်။ အဲသည်အကြောင်းအရာက အချိန်အနည်းငယ်ကြာ အေးသွားခဲ့ပြီးမှ ၂၀၀၉ ဒီဇင်ဘာမှာ ဦးဉာဏ်ဝင်းနဲ့ ဦးဝင်းတင်ကတဆင့် ပြန်လည် လှုပ်ရှားမှုတွေ ဖြစ်လာတယ်လို့ ထင်တဲ့အကြောင်းကို ဆရာ့ကို မှတ်ချက်ပေးတော့ ဆရာက ပြောကြားရာမှာ -
"ဟုတ်ပါတယ်။ နောက်ပိုင်းမှာ Reform ကိစ္စက ဦးဉာဏ်ဝင်းက တဆင့် ကျနော့်ဆီကို ရောက်လာတယ်။ ကျနော်နားလည်တာကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီကို ဦးဆောင်ရာမှာ၊ သဘောထားပေးရာမှာ အာဏာရှင်မဆန်ဘူး။ ဂရုလည်း စိုက်ပါတယ်။ သူလုပ်ချင်တာကို လူတွေ လိုက်နာခြင်း၊ မလိုက်နာခြင်းကို စောင့်ကြည့်နေပုံရပါတယ်။ အများသဘောကို လေးစား၊ အနည်းစုကိုလည်း နားထောင်ပြီး အစုအဖွဲ့နဲ့အတူ လုပ်ကိုင်တဲ့သဘောပါပဲ။ ဒါကြောင့် ကျနော်ကလည်း စီအီးစီတွေအားလုံး - ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင်အပါအ၀င် အားလုံးနဲ့ တင်ပြဆွေးနွေးပြီး အများလက်ခံအောင် ဆွေးနွေးပြီး သဘောတူကြလို့ ၂၀၁၀ နှစ်ဆန်းက စလို့ စီအီးစီတွေ၊ စီစီတွေစတဲ့ အစုအဖွဲ့တွေ ပေါ်ပေါက်လာကြတာ ဖြစ်ပါတယ်။"
          အဲသည်လိုမျိုး စီအီးစီတွေ၊ စီစီတွေ တိုးချဲ့ဖွဲ့စည်းလိုက်ပြီးတဲ့နောက်မှာ အားလုံးသိကြတဲ့အတိုင်း စစ်အစိုးရက ၎င်းတို့စိတ်တိုင်းကျ ချုပ်ချယ်ကန့်သတ်မှုတွေ အပြည့်နဲ့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေတွေ ထုတ်ပြန်ပြီး ၎င်းတို့ရဲ့ ရွေးကောက်ပွဲအသစ်တခုကို ပြန်စဖို့ ခြေလှမ်း တိုးလိုက်ပါတော့တယ်။ အဲသည်အခါကျတော့လည်း အင်န်အယ်ဒီပါတီရဲ့ ဓာတ်ပြားဟောင်းကြီးဖြစ်တဲ့ ပါတီရှင်သန်ရေးနဲ့ စစ်အစိုးရကို အာမခံရေးဖက်က အသံတွေ၊ လှုပ်ရှားမှုတွေ ပြန်လည် ပေါ်ပေါက်လာခဲ့ပြန်တာပါပဲ။
သို့သော်လည်း သည်တကြိမ်မှာတော့ဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှင်းလင်းပြတ်သားတဲ့ သင်္ကေတစကား (ဗူးသီး)၊ ပြီးတော့ ဒေါ်စုရဲ့ အာဏာရှင်မဆန်ဘဲ ဒီမိုကရေစီဆန်တဲ့ အမှာစကား (သူ့အနေနဲ့တော့ ပါတီကို မှတ်ပုံမတင်လို၊ သို့သော်ပါတီ ဆုံးဖြတ်ချက်ကို လိုက်နာမည်)၊ ပါတီဝင် ခေါင်းဆောင်များ၊ လူငယ်များ၊ အမျိုးသမီးများရဲ့ ရဲရင့်တဲ့ ဆုံးဖြတ်ချက်၊ ပြန်ကြားရေးတာဝန်ခံများနဲ့ ပါတီခေါင်းဆောင်အသီးသီးထံက (ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးဉာဏ်ဝင်း တို့အပါအ၀င်) လျို့ဝှက် မျိုသိပ်ခြင်းမရှိတဲ့ ပွင့်လင်းသော သဘောထားပြန်ကြားချက်များကို မြန်မာပြည်သူလူထုကိုယ်တိုင်ကပါ တလေးတစား အားပေးထောက်ခံမှုများပါဝင်လာတဲ့နောက်မှာ ၂၀၁၀ မတ် ၂၉ ပါတီရဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့တာ ဖြစ်တယ်လို့ ထင်မြင်ယူဆမိပါကြောင်း၊ အဲသည်ရဲ့နောက် အင်န်အယ်ဒီပါတီရဲ့ အချိုးအကွေ့ကို ဘယ်လိုမျိုး ဆရာဦးဝင်းတင်အနေနဲ့ မှတ်ချက်ပေးလိုကြောင်း မေးမြန်းပါတယ်။
"အခု တောက်လျောက် ပြောဆိုဆွေးနွေးခဲ့ကြတဲ့ ပါတီရဲ့ လမ်းကြောင်းတလျှောက်လုံးကို ကြည့်ပြီးတော့ အခု အခြေအနေကို နှိုင်းယှဉ်လိုက်မယ်ဆိုရင် - တိုတိုကတော့ ပါတီဟာ အရင်တုံးကလိုမျိုး အာဏာရှင်ဆန်တဲ့ အပြုအမူတွေနဲ့ ကျင့်သားရနေရာကနေပြီး အခုချိန်ကစလို့ ဒီမိုကရေစီဆန်တဲ့ အပြုအမူတွေကို ပြောင်းလဲ ကျင့်သုံးရပ်တည်လာတာ ဖြစ်တယ်။ ပါတီဝင်နဲ့ ပြည်သူတွေအချင်းချင်းမှာ ကိုယ့်နဲ့မတူ ကိုယ့်ရန်သူလိုသဘောထားတာမျိုးကနေ မိတ်ဆွေတွေလိုမျိုး ဆက်ဆံမှု၊ အပြုသဘောပို ဖြစ်လာကြတယ်။
ဒီထက် တဆင့်တက်ပြီးပြောရရင် - အခု ပါတီကို မှတ်ပုံမတင်ဘူးလို့ ဆုံးဖြတ်လိုက်တဲ့နောက်မှာ နဂိုက အရင်ရှိနှင့်နေတဲ့ ခေါင်းဆောင်မှုတွေ၊ ဗဟိုဦးစီးမှုတွေ ပျက်ပြယ်သွားတာမဟုတ်သော်ငြား၊ ဒါတွေက မှေးမှိန်သွားပြီ။ စုဖွဲ့မှုတွေ ပြောင်းလဲသွားပြီ ဆိုတဲ့ သဘောဖြစ်သွားပါတယ်။ အရင်တုံးကလို ပါတီခေါင်းဆောင်တွေက တပိုင်း၊ ပါတီဘေးရောက်နေတဲ့ အစုအဖွဲ့တွေက တပိုင်း မဟုတ်တော့ဘဲ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ တိုင်းကနေ ဌာနချုပ်အထိ စည်းတွေ ခြားထားတာတွေ လျော့ကျသွားတယ်လို့ မြင်ရမှာ ဖြစ်ပါတယ်။ အားလုံးက အတူတကွ စုဝေးပြီး တိုင်ပင်ဆွေးနွေး ဖြေရှင်းလုပ်ကိုင်ကြဖို့ လမ်းတွေ၊ အမြင်တွေ ပွင့်သွားတဲ့ သဘောလို့ မြင်ပါတယ်။
အရင်က ကြွေးကြော်ခဲ့တဲ့ ပါတီရှင်သန်ရေး ကနေပြီးတော့ ကျနော်တို့တတွေက နိုင်ငံရေး ရှင်သန်ရေး၊ အရေးတော်ပုံ ရှင်သန်ရေး နဲ့ ဒီမိုကရေစီလိုလားတဲ့ လူထုရှင်သန်ရေးကို ရပ်တည်လိုက်တာဖြစ်တယ်လို့ ပြောချင်ပါတယ်။ အဲသည်အတိုင်းရပ်တည်လိုက်တဲ့အတွက် ပါတီဟာ ပြည်သူလူထုနဲ့ တသားတည်းမှာ အတူ ရှင်သန်နေမှာ ဖြစ်ပါတယ်။ အင်န်အယ်ဒီ ဆိုတဲ့ ဒီ/ချုပ်မှာ ဆိုရင် မိတ်ဆွေဟောင်း၊ မိတ်ဆွေသစ်တွေ အပြင်၊ အင်အားသစ်တွေ၊ မျိုးဆက်သစ်တွေရဲ့ အဖိုးတန်တဲ့ သယံဇာတတွေ - ဒီ/လှုပ်တွေ တိုးတက်လာတော့မယ်လို့ မြင်ပါတယ်။ အဲသည်လိုမျိုး ဆက်လက် ချီတက်ကြရမှာ ဖြစ်တယ်" လို့ ဆရာက ဖြေကြားပါတယ်။
နောက်ဆုံးအနေနဲ့ အင်န်အယ်ဒီပါတီနဲ့ ပါတီဝင်များ၊ ခေါင်းဆောင်များရဲ့ အခုလိုမျိုး ဆက်လက်ရပ်တည်ပြီး လျောက်လှမ်းသွားမယ့် လမ်းကြောင်းမှာ မလိုက်ပါလိုသူများ၊ လက်တွဲဖြုတ်လိုသူများနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး သဘောထားသလဲဆိုတာကို မေးမြန်းခဲ့ပါတယ်။
"၂၀၀၈ အခြေခံဥပဒေရဲ့ ဘောင်အတွင်းကနေပြီးတော့ ကျနော်တို့ကတော့ မရှင်သန်နိုင်ဘူး။ တချို့ကတော့ အဲသည်ဥပဒေဘောင်အတွင်းကနေ ရှင်သန်မယ်လို့ စဉ်းစားချင် စဉ်းစားကြလိမ့်မယ်။ အဲသည် ဥပဒေဘောင်အတွင်းက ဥပဒေလမ်းကြောင်းက ၀င်ချင်သူတွေလည်း ရှိနိုင်တာပါပဲ။ ဥပမာ ရှိတဲ့ လူ ၁၀ ဦးမှာ ၃ ဦးလောက်က ရွေ့သွားနိုင်ပါတယ်။ ပါတီရဲ့ ရပ်တည်ချက်က အစုအဖွဲ့ပုံစံ ပြောင်းသွားပြီဖြစ်တဲ့အတွက် ဒါမျိုးတွေလည်း ရင်ဆိုင်ရနိုင်တယ်ဆိုတာ စဉ်းစားထားရပါမယ်" လို့ ဦးဝင်းတင်က ဖြေကြားသွားပါတယ်။
ဆရာဦးဝင်းတင်နဲ့ အခါအခွင့်သင့်သလို မေးမြန်းမိတဲ့ မေးခွန်းတွေကို ဆက်လက်တင်ပြပါဦးမယ်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.