Transparency Myanmar

transparency.myanmar@gmail.com

Theworldtoday.org, By Ashley South, May 2010

ယခုနှစ် နှောင်းပိုင်းတွင် ရွေးကောက်ပွဲ ကျင်းပရန် အတွက် မြန်မာ စစ်အစိုးရသည် ရွေးကောက်ပွဲ ဥပဒေ ငါးခုကို မတ်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ အချို့ အတိုက်အခံများနှင့် နိုင်ငံရေးသမားများက ရွေးကောက်ပွဲကို သပိတ်မှောက်လိမ့်မည် ဖြစ်သော်လည်း အချို့က ၁၉၉၀ နောက်ပိုင်း ပထမဆုံးအကြိမ် ရရှိသည့် အခွင့်အရေးတွင် ပါဝင်ရန် ပြင်ဆင်လျက် ရှိကြသည်။

ရွေးကောက်ပွဲသည် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အစီအမံများပင် ဖြစ်ပြီး၊ သူ၏ နေရာ ဆက်ခံရေး မဟာဗျူဟာကို ပြသခြင်း ဖြစ်သည်။ ၎င်းကိုယ်တိုင် နေ့စဉ်နှင့်အမျှ ကိုင်တွယ်နေရသော တိုင်းပြည်ရေးရာများမှ ရုန်းထွက်လိုဟန် ရှိပြီး၊ အကြွင်းမဲ့ အာဏာကို မည်သည့် ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကိုမျှ မပေးခဲ့ရန် စီမံထားခြင်း ဖြစ်သည်။ ကန့်လန့်ကာ နောက်ကွယ်မှ အာဏာ ဆက်လက် ချုပ်ကိုင်ရေး အစီအမံ တစ်ခုလည်း ဖြစ်သည်။

အကယ်၍ ဦးသန်းရွှေနှင့် သူ၏ အတွင်းစည်း အသိုင်းအဝိုင်းသည် ယခု လုပ်ငန်းစဉ်များတွင် ၎င်းတို့ ချုပ်ကိုင်မှု မပြုလုပ်နိုင်ဟု ယူဆလာသည့် တစ်နေ့တွင် ယခု ရွေးကောက်ပွဲများကို ဖျက်ပစ်နိုင် သေးသည်။ ယခု ဇာတ်ညွှန်းတွင် အာရုံလွှဲရန် လှည့်ဖျားချက် အနေဖြင့် တိုင်းပြည်၏ အရေးပေါ် အခြေအနေဟု အထင်ရောက်စေမည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပဋိပက္ခ အသစ်တစ်ဖန် ဖြစ်စေရန် ဆွပေးခြင်းပင် ဖြစ်ပေသည်။ အမှန်တကယ်တွင်မူ အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်များသည် လွန်ခဲ့သော အနှစ် နှစ်ဆယ်ခန့်ကပင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်ရန် သဘောတူညီထားခဲ့ပြီး ဖြစ်သည်။

အစိုးရသည် ရှေ့ဆက် သွားလိမ့်မည်ဟု ယုံကြည်ရပြီး၊ ရွေးကောက်ပွဲများသည် မြန်မာနိုင်ငံတွင် စစ်တပ်၏ ချုပ်ကိုင်မှုကို စုစည်းမိစေပြီး တရားဝင်စေရန် ဖန်တီးပေးလိမ့်မည် ဖြစ်သည်။ ထိုအကြောင်းများကြောင့်ပင် အတိုက်အခံ လှုပ်ရှားသူ အများစုသည် အဆိုပါ ဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသည်။ ထိုအထဲတွင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် အစိုးရ၏ အစီအစဉ် အတိုင်း ဆောင်ရွက်ရန် ငြင်းဆိုခဲ့သည်။ မကြာသေးမီက NLD သည် ရွေးကောက်ပွဲတွင် ပါဝင်ရေး အတွက် မှတ်ပုံတင် လိမ့်မည် မဟုတ်ကြောင်း ကြေညာခဲ့သည်။

သို့သော် မည်သို့ဆိုစေကာမူ အစိုးရက ချုပ်ကိုင်ထားမှု မရှိသော နိုင်ငံရေးသမားများ၊ အစိုးရကို ဆန့်ကျင်နေသော အဖွဲ့များ ရွေးကောက်ပွဲတွင် ပါဝင်ရန် ပြင်ဆင်နေသူများလည်း ရှိသည်။ အဆိုပါ ပြင်ဆင်နေသော အဖွဲ့များတွင် တိုင်းရင်းသား ကိုယ်စားလှယ် အချို့လည်း ပါဝင်သည်။ တိုင်းရင်းသားများသည် တိုင်းပြည် လူဦးရေ၏ သုံးပုံတစ်ပုံခန့် ရှိသည်။

 ပြောင်းလဲမှု တစ်ခုခု အတွက်

လွတ်လပ်သော ကိုယ်စားလှယ်များသည် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် အဘယ်ကြောင့် စိတ်ဝင်စားရသနည်း။ ၎င်းတို့သည် အစိုးရက တင်းကြပ်စွာ ချုပ်ကိုင်ထားသော ရွေးကောက်ပွဲ အပေါ် စိတ်ဝင်စားမှု တစ်ခုတည်းကြောင့် မဟုတ်ပေ။ ၎င်းတို့သည် မြန်မာနိုင်ငံရေး အဖြေအတွက် နည်းလမ်း တချို့တွေ့ရှိထားပြီး ထိုနည်းလမ်းကို အစိုးရ စီမံသော လမ်းကြောင်း အတွင်းမှသာ လုပ်နိုင်လိမ့်မည်ဟု ယုံကြည်သောကြောင့် ဖြစ်သည်။ အချို့ကိစ္စများတွင် အလားအလာ ကောင်းသော အခွင့်အလမ်းများ အချို့ကိုပင် လင်းလက် ရောင်ခြည် သန်းနေသည်ကို တွေ့နေရပြီ ဖြစ်သည်။

မြန်မာနိုင်ငံကဲ့သို့ ဖိနှိပ်မှုများ ရှိသော တိုင်းပြည်တွင် ရွေးကောက်ပွဲမှ နိုင်ငံရေး ကွက်လပ်များ ဖန်တီးပေးနိုင်လိမ့်မည် ဟူသော သီးသန့် ခံယူချက်များ ရှိလာခဲ့သည်။ အမှန်တကယ်ပင် အစိုးရသည် စစ်တပ်နှင့် ပတ်သက် ရင်းနှီးသော စီးပွားရေးသမားများ အပါအဝင် လုပ်ငန်းရှင်များအား ၎င်းတို့ အကျိုးစီးပွား အတွက် ပိုမို ကျယ်ပြန့်သော အခွင့်အလမ်းများ ပြုလုပ်ပေးလိမ့်မည် ဖြစ်သည်။

နိုင်ငံရေးသမားများနှင့် လေ့လာသူ အများစုကမူ ယခုလို လိပ်ခဲတည်းလည်း အခြေအနေထက် စာလျှင် ပြောင်းလဲမှု တစ်ခုက ပိုကောင်းသည်ဟု ခံယူကြသည်။ စစ်တပ်မှ ထုတ်ပြန်သော ဥပဒေ အောက်တွင် နေရသည်ထက်စာလျှင် ပြဿနာများ ရှိနေသည် ဆိုဦးတော့၊ အခြေခံ ဥပဒေ တစ်ခုမှ ထုတ်ပြန်သော ဥပဒေများ အောက်တွင် ပို၍ နေလိုပေသည်။ အမှန်တကယ်ပင်၊ ယခု ရွေးကောက်ပွဲများသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ထွက်ပေါက် မဟာဗျူဟာ (Exit Strategy) ပင် ဖြစ်ငြားလည်း အားပေးသင့်သည်ဟု မြန်မာနိုင်ငံတွင် ပြောင်းလဲမှုကို လိုလားသူ အများစုက ဆိုကြသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး ရှုခင်းကို လေ့လာသူ အများစုကမူ အတိုက်အခံ၏ အဓိက အခက်အလက် နှစ်ခုကို သိရှိ နားလည်ကြသော မြို့ပြ အခြေခံသော ဒီမိုကရေစီ လှုပ်ရှားမှုများ ဖြစ်သည်။ နောက်တစ်ခုမှာ စုစည်းမှု သိပ်မရှိသော တိုင်းရင်းသား သူပုန်များ ဖြစ်သည်။ တိုင်းရင်းသား သူပုန်များသည် တစ်ချိန်က တိုင်းပြည် တနံတလျား လှုပ်ရှားခဲ့ကြသော်လည်း မကြာသေးမီနှစ်များ အတွင်း ထိုင်းနယ်စပ် ကွက်ကွက်တွင်သာ လှုပ်ရှားနိုင်တော့သည်။ မြန်မာ အစိုးရသည် အဆိုပါ နယ်စပ်ဒေသများတွင် သူပုန်များကို တိုက်ခိုက်မှုများ အဆက်မပြတ် ပြုလုပ်ခဲ့ခြင်းကြောင့် ထောင်ပေါင်း များစွာသော အရပ်သားများ ထွက်ပြေးခဲ့ကြရသည်။

 တတိယ အင်အားစု

သို့သော် မြန်မာနိုင်ငံ၏ နိုင်ငံရေး ရှုခင်းတွင် အခြား အရေးကြီးသော နယ်ပင် ကဏ္ဍများလည်း ရှိနေသေးသည်။ ထိုအထဲတွင် စစ်အစိုးရ အပေါ် အလံဖြူ ပြလိုက်သော တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေး အသိုင်းအဝိုင်းမှ အပေါ်လွှာများ (Political Elites) များ ပါဝင်သည်။ အဆိုပါ Political Elites များသည် လက်နက်ကိုင်ထားသူများ မဟုတ်ကြဘဲ၊ အစိုးရ ထိန်းချုပ်ထားသည့် ကြားမှပင် ပြောင်းလဲမှု အတွက် လမ်းကြောင်းရှာ အလုပ်လုပ်နေသူများ ဖြစ်ကြသည်။

အစိုးရနှင့် ရန်လိုခြင်း မပြုဟု သဘောထား ထုတ်ပြထားသော တိုင်းရင်းသား လက်နက်ကိုင်များတွင် ပြင်ဆင်မှု အားအကောင်းဆုံးမှာ ကချင် တိုင်းရင်းသားများပင် ဖြစ်သည်။ ၁၉၉၄ ခုနှစ်က အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသော KIO မှ ထိပ်တန်း ခေါင်းဆောင် အချို့သည် မကြာသေးမီက KIO မှ အငြိမ်းစား ယူခဲ့ကြပြီး၊ ကချင်ပြည်နယ် တိုးတက်ရေး ပါတီ (Kachin State Progressive Party) ထောင်၍ ရွေးကောက်ပွဲ ဝင်ရန် ပြင်ဆင်လျက် ရှိသည်။

အဆိုပါ ပါတီသည် မြန်မာပြည် မြောက်ဖျားရှိ ကချင် လူဦးရေ ကြီးမားသော လူထု၏ ထောက်ခံမှု ရရှိလိမ့်မည် ဖြစ်သည်။ သို့သော် ထိုအခွင့်အလမ်းမှာလည်း ငြင်းပယ်ခံရဖွယ် ရှိနေရာ အကယ်၍ အစိုးရက KIO အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်များကို ရွေးကောက်ပွဲ မတိုင်မီ အစိုးရတပ် လက်အောက် သွပ်သွင်းရေးကို ဆက်လက် ကြိုးစားနေပါက၊ အခွင့်အလမ်း လက်လွတ်ရဖွယ် ရှိသည်။ အစိုးရ၏ ကြိုးပမ်းမှုမှာ ကချင်ပြည်နယ် အပါအဝင် နယ်စပ်များတွင် လက်နက်ကိုင် ပဋိပက္ခများ ပြန်လည် ဖြစ်ပွားရန် အကွက်ဆင်ထားခြင်း ဖြစ်သည်။

နောက်တစ်ခုမှာ ကရင် တိုင်းရင်းသား အသိုင်းအဝိုင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ကရင်လူမျိုး ပါတီ နှစ်ခု ရွေးကောက်ပွဲ ဝင်ရန် ရှိပြီး၊ တစ်ခုမှာ ကရင်ပြည်နယ်မှာ ထွက်ပေါ်လာမည် ဖြစ်ပြီး၊ အခြားတစ်ခုမှာ ရန်ကုန်မြို့တွင် အခြေစိုက်မည် ဖြစ်သည်။ ရန်ကုန်မြို့တွင် အခြေပြုမည့် ပါတီသည် ကရင်စစ်စစ်များ နေထိုင်သည့် မဲဆန္ဒနယ်များ မဟုတ်သည့် ဧရာဝတီတိုင်းမှ မြန်မာလူမျိုးများပါ ရောထွေး နေထိုင်သည့် ကရင်ရွာများထံမှ ဆန္ဒမဲများ ရရှိရန် ကြိုးပမ်းလိမ့်မည် ဖြစ်သည်။

အရေးကြီးသော အချက်တစ်ခုမှ ထွက်ပေါ်လာသော ပလေယာများမှာ မြန်မာ့နိုင်ငံရေး၏ တတိယ အင်အားစု (Third Force) နှင့် ဆက်နွယ်နေခြင်းပင် ဖြစ်သည်။ အဆိုပါ တတိယ အင်အားစုသည် မူရင်းအားဖြင့် မြန်မာအများစုအား အရွေ့အတွက် အကူအညီပေးရန် ကြိုးစားနေသော အင်အားစု ဖြစ်သည်။ ထိုအရပ်ဖက် ကွန်ယက် (Civilian Network) သည် စစ်အစိုးရ ကျောထောက်နောက်ခံပြု ပါတီများကို မရွေးချယ်မိစေရန်၊ ပါတီများ အတွက် ဖြစ်သည်။ NLD နှင့် မဆိုင် လွတ်လပ်စွာ ရပ်တည်သော နိုင်ငံရေးအရ NLD နှင့် အမြင်မတူသူများကို ဆိုလိုသည်။

တိုင်းရင်းသားများနှင့် လက်နက်ကိုင် ပဋိပက္ခများ နှစ်ပေါင်း ခြောက်ဆယ်ခန့် ကြာပြီးနောက် ယခု ကျင်းပမည့် ရွေးကောက်ပွဲသည် တိုင်းရင်းသားများနှင့် အခြား အီလစ် (Elite) အုပ်စုများ အတွက် နိုင်ငံရေး ရည်မှန်းချက်များ ပုံဖော်ရန်နှင့် အမျိုးသား နိုင်ငံရေး စင်မြင့်တွင် ယှဉ်ပြိုင်ရန် ရတောင့်ရခဲ အခွင့်အရေးပင် ဖြစ်သည်။ ထိုသို့ ပြောရခြင်းမှာ တိုင်းရင်းသား ပါတီ အများစုသည် အမျိုးသား အဆင့် လွှတ်တော် နှစ်ခုထက်စာလျှင် မိမိတို့ ဒေသဆိုင်ရာ လွှတ်တော်များတွင် အနိုင်ရရန် အာရုံပြုထားကြ သည်။ ၎င်းတို့သည် သက်ဆိုင်ရာ ပြည်နယ် တိုင်းလွှတ်တော်များတွင် အမတ်နေရာ များများရရှိခြင်း အားဖြင့် တိုင်းရင်းသားများနှင့် အုပ်ချုပ်သူများကြား ရာစုနှစ် တစ်ဝက်ကျော်ကြာ ပဋိပက္ခ ဖြစ်ပွားနေသော ကိစ္စရပ်များ အတွက် ပြေရာပြေကြောင်း စကားပြောရာတွင် သြဇာ လွှမ်းမိုးမှု ရှိလိမ့်မည် ဖြစ်ပေသည်။

တိတိကျကျ ဆိုရသော် တိုင်းရင်းသား နိုင်ငံရေးသမားများ မျှော်လင့်သော အချက်များမှာ ၎င်းတို့ လူမျိုး အများစု နေထိုင်ရာ ဒေသ ကျောင်းများ၊ ရုံးများတွင် ၎င်းတို့ တိုင်းရင်းသား ဘာသာ သင်ကြားခွင့်၊ အသုံးပြုခွင့် ရရှိရေး၊ ၎င်းတို့ ဒေသရှိ သဘာဝ သယံဇာတများ ထုတ်ယူ သုံးစွဲခွင့် ရရှိရေးနှင့် အစိုးရထံမှ ရန်ပုံငွေ ခွဲဝေ ရရှိရေးများ ဖြစ်သည်။ ထို့အပြင် ၎င်းတို့က နိုင်ငံရေး ကွက်လပ်များ ပိုမို ဖန်တီးနိုင်ရေး၊ သို့မှသာ အရပ်သား လူ့အဖွဲ့အစည်းကို အခြေခံ၍ လူ့အဖွဲ့အစည်း တိုးတက်မှု ရှိစေနိုင်မည်ဟု မျှော်လင့်ကြသည်။ ထို့အပြင် ရေရှည် အောက်ခြေမှ စ၍ ဒီမိုကရေစီ ကျကျ ခံစားရရှိနိုင်ရေးကို မျှော်လင့်ကြသည်။

သို့သော် ရွေးကောက်ပွဲတွင် ပါဝင်ခြင်းဖြင့် အစိုးရ၏ လုပ်ငန်းစဉ်များကို တရားဝင် အသိအမှတ် ပြုလိုက်သကဲ့သို့ ဖြစ်ခြင်း၊ စစ်တပ်မှ အုပ်ချုပ်ရေးကို စုစည်းနေမှုအား ထောက်ခံလိုက်သကဲ့သို့ ဖြစ်နေခြင်း စသည့် အများက အထင်မှား အမြင်မှားနိုင်သည့် အန္တရာယ်နှင့် ရင်းကြရသည်။ ထို့အပြင် ရွေးကောက်ပွဲ ဝင်ခြင်းကြောင့် ၎င်းတို့၏ ရပ်တည်ချက် အပေါ် တိုင်းရင်းသား အသိုင်းအဝိုင်းက စိတ်ပျက်ခြင်းကို ခံရကာ အင်အားချိနဲ့ လာနိုင်ပေသေးသည်။ ထို့ကြောင့် ၎င်းတို့၏ တဖြည်းဖြည်း ပြောင်းလဲမှုကို ဖြစ်စေရန် ကြိုးစားမှုသည် မယိမ်းမယိုင်သည့် မူရှိသည်ဟု ဆိုရမည် ဖြစ်ပြီး၊ ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ထားခြင်း ဖြစ်သည်ဟု ဆိုရပေမည်။

 နိုင်ငံတကာ၏ ထည့်သွင်း စဉ်းစားမှု

ရွေးကောက်ပွဲ အပေါ် နိုင်ငံတကာ၏ အမြင်ကို အလေးထား စဉ်းစားရမည် ဆိုလျှင် တရုတ်နိုင်ငံ၏ အနေအထားမှာ အရေးတကြီး ထည့်သွင်း စဉ်းစားရမည့် အချက် ဖြစ်သည်။ မြန်မာနိုင်ငံ မြောက်ဖက်ရှိ အိမ်နီးချင်း နိုင်ငံကြီးသည် ၎င်း၏ အဓိက ပထဝီ မဟာဗျူဟာအရ ဆရာကြီး ဖြစ်နေသည်။ တရုတ်နိုင်ငံသည် မြန်မာ ဗိုလ်ချုပ်များ၏ ဥပဒေမဲ့ အုပ်ချုပ်ခြင်းများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကဲ့သို့သော နေရာများတွင် အကာအကွယ် ပေးခဲ့ပြီး၊ အပြန်အလှန်အားဖြင့် မြန်မာနိုင်ငံ၏ သဘာဝ သယံဇာတများကို ခံစားခွင့် ရခဲ့သည်။ ထို့အပြင် အာဆီယံ အဖွဲ့ကြီးမှ နိုင်ငံများ အပေါ်တွင်မူ ၎င်းတို့၏ သြဇာလွှမ်းမိုးမှု မရှိသော်လည်း အလေး ဂရုတော့ ပြုရသည်။ ထိုနိုင်ငံများသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ခြင်း ထိနေကြပြီး နိုင်ငံ တည်ငြိမ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကိုသာ ရှာဖွေနေကြသည်။

ဥရောပနှင့် အမေရိကန်တို့၏ မြန်မာနိုင်ငံ အပေါ် သဘောထားများသည် နားထောင်၍ လေးစားဖွယ် ကောင်းသော်လည်း ရိုးသားမှု မရှိသောကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး အပေါ် သြဇာ လွှမ်းမိုးမှု သိပ်မရှိလှပေ။ ဗြိတိသျှ အစိုးရက ဖြစ်စေ၊ အမေရိကန် ပြည်ထောင်စုက ဖြစ်စေ၊ ဥရောပ သမဂ္ဂက ဖြစ်စေ၊ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ ရွေးကောက်ပွဲများကို ကျင်းပတော့မည် ဖြစ်သည်။ အကယ်၍ ရွေးကောက်ပွဲ မကျင်းပ ဖြစ်ခဲ့လျှင်သော်မှ၊ အနောက်နိုင်ငံ၏ ဖိအားများကြောင့်ကား မဟုတ်ပေ။ မြန်မာနိုင်ငံရေးတွင် အနောက်နိုင်ငံများ၏ သြဇာလွှမ်းမိုးမှု မရှိရခြင်းမှာ မြန်မာနိုင်ငံရေး၏ သဘာဝကို နားလည်မှု လွဲခြင်းကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံတွင်းမှ ရွေးကောက်ပွဲ ဝင်ရန် ကြိုးစားနေသူများသည် အစိုးရ၏ အကန့်အသတ်များ ကြားမှ ထွက်ပေါက် အနည်းငယ် အတွင်းမှ အကောင်းဆုံး မျှော်လင့်၍ ကြိုးစားနေကြရခြင်း ဖြစ်သည်။ ၎င်းတို့သည် မြန်မာနိုင်ငံ ပြင်ပမှ နိုင်ငံရေးသမားများ ထက်စာလျှင် အမှန်တကယ် နေရာ ပိုရသင့်ပြီး၊ ၎င်းတို့ကို နားလည် ပေးကြရသူများမှာလည်း နိုင်ငံတွင်းရှိ အကန့်အသတ်များနှင့် အခွင့်အလမ်းများကို ချိန်ထိုး စဉ်းစားပြီးမှ နားလည်ပေးကြရခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Nation, 31st May 2010

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၈၇၄ ကို ချိုးဖောက်မှုအဖြစ် သံသယ အဖြစ် လက်နက်များ တင်ဆောင်လာသည့် မြောက်ကိုရီးယား သင်္ဘောတစ်စင်း မြန်မာနိုင်ငံတွင် ယခင်လက ဆိုက်ကပ်ခဲ့ကြောင်း အတည်ပြုခဲ့ပြီးနောက် အမေရိကန် ပြည်ထောင်စုက လျင်မြန်စွာ တုန့်ပြန်လှုပ်ရှား ခဲ့သည်။ ရက်အနည်းငယ် ကြာပြီးနောက် ဧပြီလ တတိယပတ် အတွင်းတွင် အမေရိကန် နိုင်ငံခြားရေး ဌာနက အာဆီယံမြို့တော်များသို့ အရေးပေါ် အကြောင်းကြားလွှာ ပေးပို့ခဲ့ရာတွင် မေ ၃ ရက် မှ ၅ ရက်အထိ ဆီယက်တယ်နှင့် ဝါရှင်တန်ဒီစီတွင် ကျင်းပရန် စီစဉ်ထားသော အာဆီယံ - အမေရိကန် စီးပွားရေး ဝန်ကြီးများ တွေ့ဆုံပွဲကို မြန်မာ ကိုယ်စားလှယ် အဆင့်အတန်း အားလုံး မပါဝင်ဘဲ ပြုလုပ်ရန် အကြံပြုခဲ့သည်။ ထိုသို့ လွန်ကဲသော အပြုအမူသည် အာဆီယံ ခေါင်းဆောင်များကို အံ့အားသင့်စေခဲ့သည်။

အမေရိကန်၏ ရာဇသံသည် ခြောက်လုံး၊ လှန့်လုံး မဟုတ်သော်လည်း စိတ်အနှောင့်အယှက် ဖြစ်ကြောင်း အမှန်တကယ် ထုတ်ပြလိုက်ခြင်း ဖြစ်သည်။ မြောက်ကိုရီးယား အပေါ် အရေးယူ ပိတ်ဆို့ထားသော ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံက လေးစား လိုက်နာကြောင်း တစ်စုံတစ်ရာ လုပ်ဆောင်ခဲ့ခြင်း မရှိပါက ကြောက်မက်ဖွယ် အကျိုးဆက်များ ဖြစ်ပေါ်လာလိမ့်မည် ဟူသော ပြင်းထန်သည့် သတိပေးမှုကို မြန်မာနှင့် ကျန်အာဆီယံ တစ်ဖွဲ့လုံးထံ ယခုတစ်ခေါက် ပေးပို့ရန် အမေရိကန်က ဆန္ဒရှိနေသည်။ နိုင်ငံရေး ကိစ္စများကို အသာထား၍ ယခု မြန်မာနိုင်ငံ၏ နျူကလီယာ ရည်မှန်းချက်သည် အနာဂတ် အာဆီယံ - အမေရိကန် ဆက်ဆံရေးကို ထိခိုက်စေလိမ့်မည် ဖြစ်သည်။ အမေရိကန် - အာဆီယံ စီးပွားရေး ကောင်စီမှ တဆင့် အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံး နှင့် အာဆီယံ စီးပွားရေး ဝန်ကြီးများ အကြား လအတန်ကြာ အသေးစိတ် ကြိုတင် စီစဉ်ထားခဲ့သော သြဇာကြီးမားသည့် စီးပွားရေး တွေ့ဆုံပွဲကို အမေရိကန်က အဆင့်လျှော့ ကျင်းပခဲ့ခြင်းသည် ပထမဆုံး အကြိမ် ထုံးစံ မဟုတ်သော ဆောင်ရွက်မှု တစ်ခု ဖြစ်ခဲ့သည်။

စင်္ကာပူမှ လွဲ၍ ကျန်အာဆီယံ နိုင်ငံအားလုံး နီးပါးက ၎င်းတို့၏ ကုန်သွယ်ရေး (သို့) စက်မှုဝန်ကြီးများ စေလွှတ်ရန် ဆုံးဖြတ်ခဲ့ကြချိန်တွင် အမေရိကန် တောင်းဆိုသည့် အတိုင်း မြန်မာ ကိုယ်စားလှယ်များ မပါဘဲ တွေ့ဆုံပွဲကို ဆက်လက် စီစဉ်ပြုလုပ်သင့်ကြောင်း သဘောတူခဲ့ကြသည်။ သို့ရာတွင် လိုက်လျော ညှိနှိုင်းမှု အချို့ ပြုလုပ်အပြီးတွင် ဝါရှင်တန် ဒီစီ မြန်မာသံရုံးမှ ယာယီသံရုံး တာဝန်ခံ အဆင့်ကို လက်ခံ တက်ရောက်ခွင့် ပေးရန် အမေရိကန်က အလျော့ပေး သဘောတူခဲ့သည်။ သို့သော်လည်း ရန်ကုန်မှ သံတမန်များကို တိုက်ရိုက် စေလွှတ်လိုသော မြန်မာ အစိုးရက ထိုအစီအစဉ်ကို လက်ခံခြင်း မပြုရန် ရွေးချယ်ခဲ့သည်။ ထို့အပြင် အာဆီယံ၏ သဘောတူညီမှု မရှိဘဲ "အရှေ့တောင်အာရှ စီးပွားရေး အသိုင်းအဝိုင်း တွေ့ဆုံပွဲ" ဟု နာမည်သစ်ကို သုံးစွဲခဲ့ခြင်းမှာ ရယ်ရွှင်ဖွယ် ကောင်းလှသည်။ ၎င်းမှာ ယခင်က သုံးခဲ့ဖူးသော အမည်တစ်ခု ဖြစ်ဖွယ် ရှိသည်။

လတ်တလောတွင် မြန်မာနိုင်ငံသို့ ဒုတိယ အကြိမ် သွားရောက်ခဲ့သော အရှေ့အာရှနှင့် ပစိဖိတ်ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က စစ်အစိုးရ ခေါင်းဆောင်များအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၈၇၄ ကို အပြည့်အဝ လိုက်နာ ကျင့်သုံးရန် ဒဲ့ဒိုး ပြောကြားခဲ့သည်။ ဤသည်မှာ မြောက်ကိုရီးယားနှင့် မြန်မာအကြား ဆက်နွယ်မှု ကြီးထွားလာခြင်းနှင့် နျူကလီယာ ဆက်စပ် နည်းပညာများ လွှဲပြောင်း ပေးပို့ခြင်းတို့ အပေါ် ဝါရှင်တန်၏ အပြင်းအထန် စိုးရိမ်မှုကို ပြသခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သော ဇွန်လကလည်း မြောက်ကိုရီးယား ကုန်သင်္ဘော ကန်နမ်သည် အမေရိကန် ရေတပ်၏ နောက်ယောင်ခံမှုကြောင့် မြန်မာသို့ ဦးတည်နေရာမှ ပြန်လှည့်သွားခဲ့သည်။

အဖျက်စွမ်းအားကြီး လက်နက်များ တပ်ဆင်ရာတွင် အသုံးပြုမည့် အဆင့်မြင့် ပလူတိုနီယံ ထုတ်လုပ်နိုင်မည့် နျူကလီယာ ဓာတ်ပေါင်းဖို တည်ဆောက်ရာတွင် မြန်မာနိုင်ငံကို မြောက်ကိုရီးယားက ကူညီ ထောက်ပံ့နေသည့် အထောက်အထားများကို ၂၀၀၀ ခုနှစ်ကပင် အနောက်နိုင်ငံ ထောက်လှမ်းရေး အဖွဲ့များက စုဆောင်း ရရှိခဲ့သည်။ မြန်မာ စစ်တပ်မှ ထွက်ပြေး ခိုလှုံလာသော တပ်မတော် အရာရှိ နှစ်ဦးထံမှ ရရှိသော သတင်းများ၊ တယ်လီဖုန်း ကြားဖြတ် နားထောင်မှုများ၊ ထိုင်း - မြန်မာ နယ်စပ်မှ ပေးပို့သော ထောက်လှမ်းရေး သတင်းများကို အသုံးပြု တင်ပြထားသည့် အစီရင်ခံစာများအား မနှစ်က ထုတ်ပြန်ခဲ့ရာ သတင်းအချက် အားလုံးက မြန်မာနိုင်ငံ၏ နျူကလီယာ ရည်မှန်းချက်ကို လက်ညှိုးညွှန်ပြ နေသည်။

ယင်းသို့ အစီရင်ခံစာများ နောက်ဆုံးအကြိမ် ထွက်လာသောအခါ စစ်အစိုးရ၏ နျူကလီယာ ရည်ရွယ်ချက်များ အပေါ်တွင် စစ်ရေး ကျွမ်းကျင်သူများနှင့် မဟာဗျူဟာ ပညာရှင်များ အကြား သံသယများ ကြီးထွားလာခဲ့သည်။ အများစုကမူ အထောက်အထား ပြည့်စုံမှု မရှိဟု ဆိုကြသည်။ အချို့ကမူ နိုင်ငံတကာ အမြင်တွင် စစ်အစိုးရ သိက္ခာကျစေရန် ကြိုးစားမှုဟု ရှုမြင်ကြသည်။ နောက်ဆက်တွဲ မေးမြန်းစူးစမ်းမှု အနေဖြင့် အထူးသဖြင့် လက်ရှိ လျှို့ဝှက် နျူကလီယာ အစီအစဉ်တွင် တိုက်ရိုက် ပတ်သက်ခဲ့သူ မြန်မာ့ တပ်မတော် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းအား မေးမြန်းခဲ့ရာ မြန်မာ အစိုးရသည် နျူကလီယာ နည်းပညာကို စုံစမ်း လေ့လာနေသည် ဟူသော အချက် ရှင်းလင်းစွာ ပေါ်ထွက်လာသည်။ IAEA တွင် အလုပ်လုပ်ခဲ့ဖူးသော အရာရှိ တစ်ဦးထံမှ ကျွမ်းကျင်သူ မှတ်ချက်နှင့်အတူ များပြားသော သတင်း အချက်အလက်သစ်များ အပေါ် အခြေခံ တင်ပြသည့် အထူး အစီရင်ခံစာကို ယခု တစ်ပတ်တွင် ထုတ်ပြန်မည် ဖြစ်သည်။

ယခုအတိုင်း ဆိုပါက ၁၉၉၅ အရှေ့တောင်အာရှ  နျူကလီယာ လက်နက် ကင်းစင်ရေးဇုံ SEANWFZ နှင့် မပြန့်ပွားရေး သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုးခဲ့သော အာဆီယံနှင့် အဖွဲ့ဝင်များ၏ ရည်မှန်းချက်များ ပြည့်ဝရန် အလှမ်းဝေးနေဦးမည် ဖြစ်သည်။ လောလောဆယ်တွင် အာဆီယံသည် SEANWFZ ဆိုင်ရာ ပဋိဥာဉ် စာတမ်းကို လက်မှတ်ထိုးရန် အဓိက နျူကလီယာ ပါဝါ နိုင်ငံကြီးများ အားလုံးကို ခက်ခက်ခဲခဲ စည်းရုံးနေသည်။ ၎င်းပဋိဥာဉ်ကို လက်ခံရန် တရုတ်နိုင်ငံကလည်း နှောင့်နှေး ကြန့်ကြာနေသည်။

အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် နျူကလီယာ စွမ်းအင်နှင့် လုံခြုံမှု အပေါ် တူညီသော ပုံစံ တစ်ခုဖြင့် မည်ကဲ့သို့ ဆက်လက် လှုပ်ရှားကြမည် ဆိုသည်ကို အာဆီယံ အဖွဲ့အတွင်း တခဲနက် သဘောတူညီမှု မရရှိခြင်းကြောင့် ယခုကိစ္စမှာ ဆက်လက် ရှုပ်ထွေးနေဦးမည် ဖြစ်သည်။ နျူကလီယာ လက်နက် မပြန့်ပွားရေး သဘောတူ စာချုပ် အဖွဲ့ဝင် နိုင်ငံများ၏ မကြာသေးမီက ကျင်းပခဲ့သော ညီလာခံတွင် သဘာပတိ အဖြစ် ဆောင်ရွက်ကာ ဦးဆောင်ကဏ္ဍမှ ပါဝင်နေသည့် ဖိလစ်ပိုင်နိုင်ငံ၏ နျူကလီယာ လက်နက် မတပ်ဆင်ရေး မူဝါဒကို အာဆီယံက ယေဘုယျအားဖြင့် ထောက်ခံထားသည်။

ထိုင်း၊ ဘရူနိုင်း၊ မြန်မာနှင့် အင်ဒိုနီးရှားတို့က နျူကလီယာ စမ်းသပ်မှု အပြည့်အဝ တားမြစ်ချက် စာချုပ်ကို ယခုတိုင် လက်မှတ် မထိုးသေးခြင်းမှာလည်း မဖြေရှင်းနိုင်သေးသည့် ပြဿနာ တစ်ခု ဖြစ်သည်။ အင်ဒိုနီးရှား၏ ကိစ္စကို ကြည့်လျှင် ၎င်းနိုင်ငံသည် စာချုပ်၏ နောက်ဆက်တွဲ ၂ စာရင်းတွင် ပါဝင်နေပြီး သဘောတူညီချက်များကို ဆက်လက် ကျင့်သုံးရန်အတွက် အဆိုပါ စာရင်းတွင် ပါဝင်သော ၄၄ နိုင်ငံစလုံးက လက်မှတ် ရေးထိုးရမည် ဖြစ်သည်။ လာမည့် အောက်တိုဘာလတွင် ဟနွိုင်း၌ ပြုလုပ်မည့် အာဆီယံ ထိပ်သီး ညီလာခံတွင် အာဆီယံအဖွဲ့ အတွင်း ကျင့်သုံးနိုင်မည့် အများသဘောတူ အနေအထား တစ်ရပ်ကို အာဆီယံ ခေါင်းဆောင်များ လေ့လာ သုံးသပ်ကြမည် ဖြစ်သည်။ ထို့အပြင် တောင်တရုတ်ပင်လယ်၊ ရာသီဥတု အပြောင်းအလဲ၊ နျူကလီယာ နည်းပညာ ဆက်စပ်ကိစ္စများ စသည့် အကဲခတ်သည့် ကိစ္စများ အပေါ်တွင် အာဆီယံ အနေဖြင့် မည်သို့ ကိုင်တွယ်မည် ဆိုသည့် ပြဿနာမှာလည်း ကျန်ရှိနေသေးသည်။

လတ်တလော ဝါရှင်တန် ဒီစီတွင် ကျင်းပခဲ့သော နျူကလီယာ ညီလာခံတွင် နျူကလီယာ စွမ်းအင် ငြိမ်းချမ်းစွာ အသုံးပြုရေးနှင့် မပြန့်ပွားရေး ဆိုင်ရာ သဘောထားများ တင်ပြကြရန် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံမှ ခေါင်းဆောင်များကို အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ဖိတ်ကြားခဲ့သည်။ ၎င်းတို့က နျူကလီယာ အကြမ်းဖက် ဝါဒကို တားဆီးရန် ဆောင်ရွက်မည့် ညီလာခံ၏ အစီအစဉ်ကို ထောက်ခံခဲ့ကြသည်။ အဆိုပါ အာဆီယံ အဖွဲ့ဝင်များတွင် စွမ်းအင်ရင်းမြစ် အတွက် ငြိမ်းချမ်းစွာ အသုံးပြုမည့် နျူကလီယာ ဓာတ်အားပေး စက်ရုံများ တည်ဆောက်ရန် ရေရှည် အစီအစဉ်များ ရှိနေသည်။ ဗီယက်နမ်က နျူဓာတ်အားပေး စက်ရုံ နှစ်ရုံ တည်ဆောက်ရန် ယခင်ကပင် ဆုံးဖြတ်ထားခဲ့ပြီး ထိုင်းနိုင်ငံကလည်း လာမည့် ၁၀ နှစ် အတွင်း နျူဓာတ်အားပေး စက်ရုံ တစ်ရုံ တည်ဆောက်ရန် စီစဉ်နေသည်။ အင်ဒိုနီးရှားကလည်း နျူကလီယာ စွမ်းအင်ကို လေ့လာရန် လွှတ်တော်၏ ခိုင်မာသော အားပေး ထောက်ခံမှုကို ရရှိထားသည်။ စင်္ကာပူ စီးပွားရေး မဟာဗျူဟာ ကော်မတီကပင်လျှင် ၎င်းတို့ ကျွန်းနိုင်ငံ၏ စွမ်းအင် ဖူလုံရေး အတွက် ရေရှည် ဖြေရှင်းနည်း အဖြစ် နျူကလီယာ စွမ်းအင်ကို စဉ်းစားသင့်ကြောင့် အကြံပြုထားသည်။ အိုဘားမားသည် ယခုလ ဒုတိယပတ် အတွင်း အင်ဒိုနီးရှားသို့ သွားရောက်မည့် အချိန်တွင် ယခုကိစ္စကို အသေအချာ ထပ်မံ ဆွေးနွေးဦးမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ နျူကလီယာ လုပ်ငန်းစဉ် အပေါ် ထိုင်းလုံခြုံရေး ယန္တရားက ဂရုတစိုက် မရှိခြင်းမှာ စိတ်ဝင်စားစရာ အကောင်းဆုံး အချက်ပင် ဖြစ်သည်။ ယခင် နှစ်ကုန်ပိုင်းက ကာကွယ်ရေး ကောင်စီ၏ ထုံးစံ မဟုတ်သော အစည်းအဝေး နှစ်ကြိမ် ပြုလုပ်ခဲ့ခြင်းမှလွဲလျှင် သြစတြေးလျ ထောက်လှမ်းရေးနှင့် ရင်းနှီးစွာ ဆက်ဆံ လုပ်ကိုင်နေသည့် ထိုင်းစစ်ဖက် ထောက်လှမ်းရေး အရာရှိ လက်တဆုပ်စာ အတွင်း၌သာ ယခုကိစ္စကို ဆွေးနွေးခဲ့ကြသည်။ အငြင်းပွားဖွယ် နျူကလီယာ အစီအစဉ်ကို စတင်မည့် နျူကလီယာ စွမ်းရည် အားလုံးကို ဖော်ပြခြင်း မပြုသည့် မြန်မာနိုင်ငံ၏ ရည်မှန်းချက်ကို ထိုင်းအမျိုးသား လုံခြုံရေး ကောင်စီက ယခုတိုင် မယုံကြည်သေးပါ။ စိုးရိမ် ပူပန်သော အရာရှိများကမူ ပြည်တွင်းရေး ပြဿနာများအား ဦးစားပေး ဖြေရှင်းနေရဆဲ အခြေအနေကို စောဒက တက်လျက် ရှိသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ရာသီဥတု ပြောင်းလဲမှုအပေါ် ထိရောက်သော ဆောင်ရွက်ချက်များ ပြုလုပ်နိုင်ရေးအတွက် နိုင်ငံတကာ အကူအညီ အထောက်အပံ့များ ရရှိရန် အတူ လက်တွဲ လုပ်ကိုင်သွားမည်ဟု အာဖဂန် နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ ကမ္ဘောဒီးယား၊ လာအို၊ မော်လဒိုက်၊ မြန်မာနှင့် နီပေါ အပါအဝင် အီးယူမှ ကိုယ်စားလှယ်များ သဘော တူညီလိုက်ပြီ ဖြစ်သည်။

မေလ ၃၀-၃၁ ရက်နေ့၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ဒါကာမြို့တွင် ကျင်းပသော ကမ္ဘာ့ ဥတုရာသီ ပြောင်းလဲမှု မဟာမိတ်အဖွဲ့ (GCCA)၏ အာရှဒေသ ဆိုင်ရာ ကွန်ဖရင့်၌ အဆိုပါ နိုင်ငံများမှ ကိုယ်စားလှယ်များက အာရှဒေသတွင်း ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ စိန်ခေါ်ချက်များကို ဆင်ခြင် သုံးသပ်ခဲ့ကြသည်။

ရာသီဥတု ပြောင်းလဲမှုကို ထိန်းချုပ်နိုင်ရေးအတွက် ထိရောက်မှု ရှိသော ကမ္ဘာလုံးဆိုင်ရာ သဘော တူညီချက် ထွက်ပေါ်ရန်နှင့် ထိရောက်သော မဟာဗျူဟာများနှင့် ဆောင်ရွက်ချက်များ ဖြစ်ပေါ်စေရန် လိုအပ်သော ဘဏ္ဍာရေး ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကိုလည်း ကိုယ်စားလှယ်များက အသေးစိတ် ဆွေးနွေးခဲ့ကြသည်။

အာရှဒေသရှိ ဖွံ့ဖြိုးမှု နိမ့်ကျသော နိုင်ငံများ၊ သေးငယ်သော ကျွန်းနိုင်ငံများအား ရာသီဥတု ဖောက်ပြန်မှုနှင့် ပတ်သက်၍ အကူအညီ အထောက်အပံ့ ပေးရန် ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ မော်လဒိုက် နိုင်ငံနှင့် အီးယူမှ ကိုယ်စားလှယ်များက ပူးတွဲ ကြေညာချက် တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။ အဆိုပါ သဘောတူ ကြေညာချက်အရ အီးယူသည် အမျိုးသား ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ မဟာဗျူဟာများ ချမှတ်ရေးအတွက် ငွေကြေးထောက်ပံ့မှုများ ပြုလုပ်သွားမည် ဖြစ်သည်။

GCCA အဖွဲ့ကို ၂၀၀၇ ခုနှစ်တွင် ဥရောပ ကော်မရှင်က စတင် တည်ထောင်ပေးခဲ့သည်။ အီးယူနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ၊ အထူးသဖြင့် ဖွံဖြိုးမှု နိမ့်ကျသော နိုင်ငံများနှင့် အသေးစား ကျွန်းနိုင်ငံများ အကြား ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ၊ ဒိုင်ယာလော့ခ်များ ထဲထဲဝင်ဝင် ပြုလုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဥရောပ ကော်မရှင်က တည်ထောင်ပေးခဲ့ခြင်း ဖြစ်သည်။ ယခုအခါ GCCA စေ့စပ် ညှိနှိုင်းမှုများကြောင့် အီးယူနှင့် ဒေသတွင်း အုပ်စုများအကြား သဘောတူ ကြေညာချက်များစွာ ထွက်ပေါ်ခဲ့ပြီး ဖြစ်သည်။ ၂၀၀၈-၂၀၁၀ နှစ်များတွင် အီးယူက GCCA အတွက် ယူရိုငွေ သန်း ၁၀၀ ဘတ်ဂျတ် ချထားပေးနိုင်ခဲ့သည်။

Europolitics ဝက်ဘ်ဆိုက်မှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အမျိုးသား ဒီမိုကရေစီ အဖွဲ့ (NLD)က ၂၀၁၀ ဒီမိုကရေစီ ရွေးကောက်ပွဲကို သပိတ် မှောက်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာစစ်အစိုးရက မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ဒေသရှိ အကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသော နိုင်ငံရေး အကျဉ်းသားများ၏ အမြင်နှင့် ရပ်တည်မှုကို သိရှိရန် စုံစမ်း မေးမြန်းလျက် ရှိကြောင်း စုံစမ်း မေးမြန်းလျက် ရှိကြောင်း သိရသည်။

မြန်မာ စစ်အစိုးရ၏ Special Branch(SB) အဖွဲ့မှ ထောက်လှမ်းရေး အရာရှိများက စစ်ကိုင်းတိုင်း၊ ရွှေဘို အကျဉ်းထောင်ရှိ နိုင်ငံရေး အကျဉ်းသားများထံသို့ သွားရောက်ပြီး နိုင်ငံရေး အမြင်များကို မေးမြန်း စုံစမ်းနေကြကြောင်း နာဂစ် ဆိုင်ကလုန်း ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့သောကြောင့် ယင်းအကျဉ်းထောင်တွင် ဖမ်းဆီး အကျဉ်းချခံထားရသော မယဉ်ယဉ်ဝိုင်း၏ အစ်မဖြစ်သူ အဆိုအရ သိရသည်။

"သူ့(မယဉ်ယဉ်ဝိုင်း)ကို NLD ရွေးကောက်ပွဲ ဝင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို ထင်မြင်သလဲလို့ မေးကြတယ်။ သူကလည်း NLD ရဲ့ ရပ်တည်မှုက ဘာလဲဆိုတာတောင် မသိဘူးလို့ ဖြေခဲ့တယ်လို့ ပြောတယ်" ဟု မယဉ်ယဉ်ဝိုင်း၏ အစ်မဖြစ်သူ မမိုးက ပြောကြားသည်။ မမိုးသည် ပြီးခဲ့သည့် မေလအတွင်း မယဉ်ယဉ်ဝိုင်း ဖမ်းဆီး ထိန်းသိမ်းခံထားရသော ရွှေဘို အကျဉ်းထောင်သို့ သွားရောက် တွေ့ဆုံခဲ့သည်။ အဆိုပါ ရွှေဘို အကျဉ်းထောင်တွင် မယဉ်ယဉ်ဝိုင်း အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂၂ ဦး ဖမ်းဆီးထိန်းသိမ်း ခံထားရသည်။

"ပြီးတော့ ထောက်လှမ်းရေး အရာရှိကြီးတွေက NLD ရဲ့ ရွှေဂုံတိုင် ကြေညာချက်ကို ထုတ်ပြပြီး သူ့ကို ပေးဖတ်တယ်။ ပြီးတော့ သူဘယ်လို ထင်သလဲဆိုတာကို ပြောခိုင်းတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ရွှေဂုံတိုင် ကြေညာစာတမ်းကို NLD ပါတီက ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။ ယင်း ကြေညာစာတမ်းတွင် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေးရေး၊  ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် ပြုရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင် ရေးဆွဲရေး၊ NLD နှင့် စစ်အစိုးရ အကြား ဒိုင်ယာလော့ခ် စတင် ပြုလုပ်ရေး  အစရှိသည်တို့ကို တောင်းဆို ထားသည်။

ထောက်လှမ်းရေး အရာရှိများက ၎င်းတို့ SB အဖွဲ့မှ ဖြစ်ကြောင်း အသိပေး ပြောဆိုပြီး အကျဉ်းထောင်ထဲမှ နိုင်ငံရေး အကျဉ်းသားတိုင်းကို တွေ့ဆုံ မေးမြန်းကြကြောင်း မမိုးက ဖြည့်စွက် ပြောဆိုသည်။  ယင်းသို့ NLD ၏ ရွေးကောက်ပွဲ သပိတ်မှောက်မှုနှင့် ပတ်သက်၍ နိုင်ငံရေး အကျဉ်းသားများကို ထောက်လှမ်းရေး အရာရှိများ သွားရောက် တွေ့ဆုံ မေးမြန်းရသည့် အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။ စစ်အစိုးရက နိုင်ငံတကာ အသိုင်းအဝိုင်း၏ စိတ်ကျေနပ်မှု ရယူနိုင်ရေးအတွက် ကြိုးပမ်းလျက် ရှိရာ သဘောထား ပျော့ပျောင်းသော နိုင်ငံရေး အကျဉ်းသားများကို ရွေးကောက်ပွဲ မတိုင်မီ ဦးစားပေး လွှတ်ပေးရန် ရည်ရွယ်ခြင်းလည်း ဖြစ်နိုင်သည်။

မြန်မာ တစ်နိုင်ငံရှိ အကျဉ်းထောင်များတွင် နိုင်ငံရေး လှုပ်ရှားသူများ၊ သတင်းစာ ဆရာများ၊ ရှေ့နေများ၊ သံဃာတော်များ၊ လူမှုကယ်ဆယ်ရေး လုပ်ကိုင်သူများ အပါအဝင် နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၂၁၅၀ ဦး ဖမ်းဆီး ထိန်းသိမ်း ခံထားရသည်။ မယဉ်ယဉ်ဝိုင်းမှာ ၂၀၀၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဒုက္ခ ရောက်သူများကို အကူအညီ ပေးခဲ့ရာ စစ်အစိုးရက တရားမဝင်သော အသင်းအဖွဲ့များဆိုင်ရာ အက်ဥပဒေဖြင့် ထောင်ဒဏ် ၄ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့သည်။

အကျဉ်းထောင်သို့ သွားရောက်ပြီး မယဉ်ယဉ်ဝိုင်းနှင့် တွေ့ဆုံစဉ် စကား ပြောဆိုမှုများကို SB မှ အရာရှိနှစ်ဦးက အသံသွင်းစက်ဖြင့် ဖမ်းယူခဲ့ကြောင်း မမိုးက ပြောကြားသည်။ သို့သော် မြန်မာ အနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ အကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသော နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများက အလားတူ မေးမြန်းမှုမျိုး ပြုလုပ်မှု မရှိသေးကြောင်း ပြောကြားသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဋ္ဌေးကြွယ် ဖမ်းဆီး အကျဉ်းချ ခံထားရေသော အကျဉ်းထောင်သို့ သွားရောက်ခဲ့သော်လည်း အထူး ထောက်လှမ်းရေး အဖွဲ့မှ အရာရှိများ လာရောက် မေးမြန်းမှုများ မရှိသေးကြောင်း ၎င်း၏ ညီမဖြစ်သူက ပြောကြားသည်။

"သူ့(ကိုဋ္ဌေးကြွယ်)ရဲ့ ကျန်းမာရေး အခြေအနေက ကောင်းပါတယ်။ NLD နဲ့ ပတ်သက်ပြီး အဲဒီလိုမျိုး သူ့ဆီကို လာမေးတာ မရှိသေးပါဘူး" ဟု ၎င်းက ပြောကြားသည်။ "သူ့ရဲ့ သဘောဆန္ဒကတော့ ရွေးကောက်ပွဲမှာ နိုင်ငံရေးသမားတွေ အားလုံး ပါဝင်ပြီး မျှမျှတတ ဖြစ်ဖို့ပါပဲ။ နိုင်ငံရေး သမားတိုင်း ပါဝင်ခွင့် မရတဲ့ ရွေးကောက်ပွဲမျိုးကို သူ့အနေနဲ့ လက်မခံနိုင်ဘူးလို့ ပြောပါတယ်" ဟု ဆိုသည်။

DVB သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ဖိလစ်ပိုင်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသော Benigno Noynoy Aquino သည် အာဆီယံနိုင်ငံ ခေါင်းဆောင်များတွင် မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ထိထိရောက်ရောက် ပြောဆိုပေးသူ တစ်ဦးအဖြစ် ရပ်တည်သင့်ကြောင်း ဖိလစ်ပိုင်နိုင်ငံရေး လှုပ်ရှားသူများပါဝင်သော အဖွဲ့တစ်ဖွဲ့က တိုက်တွန်းလိုက်သည်။

"Noynoy အနေနဲ့ မိမိရဲ့မိခင်ဖြစ်သူ ရပ်တည်ပြောဆိုခဲ့တဲ့ ပုံစံအတိုင်း မြန်မာစစ်အစိုးရကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ဝေဖန်သူ သမ္မတတစ်ဦးလိုနေသွားဖို့ ကျွန်တော်တို့က တိုက်တွန်း လိုက်ပါတယ်" ဟု Free Burma Coalition အဖွဲ့မှ ဖိလစ်ပိုင်လူမျိုး ပြောခွင့်ရပုဂ္ဂိုလ် Aguinaldo Bans ကပြောကြားသည်။

ဖိလစ်ပိုင်သမ္မတသစ်ဖြစ်မည့် Noynoy Aquino သည် မြန်မာစစ်အစိုးရကို နိုင်ငံရေး ဖိအားပေးရာတွင် အာဆီယံကို ကောင်းစွာ ဦးဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်။ "မြန်မာစစ်အစိုးရလိုမျိုး အာဏာရှင်စနစ် ကျင့်သုံးတဲ့ အစိုးရစနစ်မျိုးကို ဖိလစ်ပိုင်တွေက ရွံရှာမုန်းတီးတယ် ဆိုတဲ့ အချက်ကို သူ့အနေနဲ့ ထုတ်ဖော်ပြသရမှာပါ" ။

ယခင်သမ္မတဟောင်း Corazon Aquino (Noynoy ၏မိခင်) သည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတစ်ဦးဖြစ်ခဲ့သည်။ ယခုအခါ Free Burma Coalition အဖွဲ့မှ အဖွဲ့ဝင်များသည် Davao နှင့် Makati မြို့များတွင် မြန်မာစစ်အစိုးရ၏ ဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပမည့် အစီအစဉ်ကို ရှုတ်ချသည့် ဆန္ဒပြပွဲများ ပြုလုပ်လျက်ရှိသည်။

မြန်မာစစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများကိုကြည့်ပါက မြန်မာပြည်သူလူထု၏ အကျိုးစီးပွားကို မည်သို့မျှ အကျိုးအမြတ် မဖြစ်ထွန်းနိုင်ဟူသော အချက်ကိုတွေ့မြင်ရကြောင်း FBC ကဆိုသည်။

"မြန်မာနိုင်ငံမှာ စစ်ဘက်ရွေးကောက်ပွဲ မဟုတ်ဘဲ စစ်မှန်တဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲ ပေါ်ထွန်းဖို့ လိုအပ်တယ်။ အခု ကျင်းပဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ စစ်တပ်က မျိုးဆက်သစ်တွေ နေရာရဖို့ (သို့) ရွေးချယ်ခံရဖို့ လုပ်နေတာပါ။ လူ့အခွင့်အရေး ချိုးဖောက်သူတွေကို ရွေးကောက် တင်မြှောက်လို့ကတော့ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ နည်းလမ်းတကျ နိုင်ငံရေး ပြောင်းလဲမှုတွေ ဖြစ်လာမှာမဟုတ်ပါဘူး" ဟု Aguinaldo Bans ကပြောကြားသည်။

Philippine Daily Inquirer မှသတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

"မှန်ကန်မှုမရှိသော ဒီမိုကရေစီ ရွေးကောက်ပွဲက တည်ငြိမ်အေးချမ်းမှုကို ထိခိုက်လာဖွယ် ရှိသည်"

ဇွန်လ ၂ ရက်၊ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် အနေဖြင့် မြန်မာပြည်တွင်းမှ လူ့အခွင့်အရေး ကိစ္စများကို ထုတ်ဖော် ပြောဆိုသင့်ကြောင်း Human Rights Watch (HRW) က မစ္စတာ ဝမ်ကျားပေါင်ထံသို့ မေလ ၃၁ ရက်နေ့တွင် စာတစ်စောင် ပေးပို့လိုက်သည်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ဒေသတွင်း ရေရှည်လုံခြုံမှုအပေါ် ဂယက် ရိုက်ခတ်မှု ရှိကြောင်း၊ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲ ကာလအတွင်း တရုတ်နိုင်ငံက သြဇာလွှမ်းမိုးမှု ရှိသော ပလေယာ တစ်ဦးအဖြစ် ရပ်တည်သင့်ကြောင်း HRW အဖွဲ့က ဆိုသည်။

တရုတ် ခေါင်းဆောင်များ အနေဖြင့် မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲကို အဆောတလျင် ထောက်ခံမှု ပေးသည့် ပုံစံမျိုး မပြုလုပ်သင့်ကြောင်း၊ မြန်မာ စစ်အစိုးရကို စစ်မှန်ပြီး တရားမျှတမှု ရှိကာ သက်ဆိုင်သူ အားလုံး ပါဝင်နိုင်သော ရွေးကောက်ပွဲ တစ်ရပ် ကျင်းပ ပေးလာအောင် ဖိအားပေး ပြောဆိုသင့်ကြောင်း HRW အဖွဲ့က တိုက်တွန်းသည်။

"စစ်အစိုးရသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေသူဖြစ်ရာ တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ကောင်းစွာ ဖြည့်ဆည်းပေးနိုင်ခြင်း ရှိမည် မဟုတ်ပေ" ဟု HRW မှ အာရှရေးရာ ဒါရိုက်တာ Elaine Pearson က စာထဲတွင် ထည့်သွင်း ရေးသားသည်။

"သို့သော် ဘေဂျင်း အစိုးရ၏ မူဝါဒများသည် မြန်မာ စစ်အစိုးရကို ယနေ့အချိန်အထိ အားပေး အားမြှောက် ပြုလုပ်နေသည့် သဘောမျိုး ဖြစ်နေသည်ကို တွေ့ရသည်။ မြန်မာပြည်တွင်း အသွင်ကူးပြောင်းမှု ဖြစ်ပေါ်အောင် တွန်းအားပေးခြင်းထက် စစ်အုပ်ချုပ်ရေး ဆက်လက် ရှင်သန်အောင် အားပေးနေသလိုလည်း ဖြစ်သည်" ဟု ဆိုသည်။

တရုတ် အစိုးရသည် ၎င်း၏ မူဝါဒဖြစ်သော အချုပ်အခြာပိုင် နိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်မှု မပြုရေး အတိုင်း မြန်မာပြည်တွင်းရေးကို စွက်ဖက်မှု မပြုဘဲ စစ်အစိုးရကို အလျင်းသင့်သလို အားပေးအားမြှောက် ပြုလုပ်နေသည်ဟု HRW က ဆိုသည်။

မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံတွင်း အခွင့်အရေး ချိုးဖောက်မှုများသည် ပြည်တွင်း ဖိအားပေးမှုများကို ဖြစ်ပေါ်စေပြီး ထိုမှတစ်ဆင့် နယ်စပ်ဒေသများသို့ ပျံ့နှံ့ ကူးစက်လာနိုင်ကြောင်း၊ ဒုက္ခသည် အမြောက်အမြား ဝင်ရောက်ခြင်း၊ မတည်မငြိမ်မှုများ၊ ရုန်ရင်းဆန်ခတ်မှုများ ဖြစ်ပွားခြင်း အစရှိသော အရေးကိစ္စများ ဖြစ်ပေါ်ကာ တရုတ်နိုင်ငံသို့လည်း ရိုက်ခတ်မှု ရှိနိုင်ကြောင်း HRW က ထောက်ပြ ပြောဆိုသည်။

သို့အတွက်ကြောင့် တရုတ်နိုင်ငံသည် အိမ်နီးချင်းကောင်း တစ်ဦးဖြစ်ရေး ဟူသည့် မူဝါဒအတိုင်း မြန်မာ စစ်အစိုးရ၏ အခွင့်အရေး ချိုးဖောက်မှုများကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုသင့်ကြောင်း HRW က ပေးပို့သော စာတွင် ထည့်သွင်း ရေးသားထားသည်။

အဆိုပါ စာတွင် အရေးကိစ္စ လေးခုကို မီးမောင်း ထိုးပြထားသည်။ ယင်းတို့မှာ -- ၂၀၁၀ ရွေးကောက်ပွဲ၊ နယ်စပ်ဒေသများ လုံခြုံရေး ကင်းမဲ့နေမှု၊ ဒေသတွင်း စေ့စပ်ညှိနှိုင်းရေးနှင့် ဒစ်ပလိုမေစီ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဆက်ဆံရေး အစရှိသည်တို့ ဖြစ်သည်။

တရုတ်သည် မြန်မာနိုင်ငံအတွက် အကြီးဆုံး အိမ်နီးချင်းနိုင်ငံ ဖြစ်သလို အရေးကြီးသော ကုန်သွယ်ဘက် နိုင်ငံလည်း ဖြစ်သည်။ စစ်လက်နက်များ ထောက်ပံ့သူလည်း ဖြစ်ကာ နိုင်ငံတကာ အခင်းအကျင်းတွင် သံတမန်နည်းအရ ကာကွယ် ပြောဆိုပေးနေသူလည်း ဖြစ်သည်။

တရုတ်အနေဖြင့် ပို၍ လက်တွေ့ကျသော နည်းလမ်းမျိုး သုံးကာ မြန်မာနိုင်ငံတွင်း စစ်မှန်သော ပြောင်းလဲမှုများကို ဖော်ဆောင်ပေးသင့်ကြောင်း၊ ထို့အတူ မြန်မာ့အရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် လက်တွဲ ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းသည်။

"တရုတ်အနေဖြင့် သတိထားရမည့် အချက်မှာ စစ်အစိုးရကို ထောက်ပံ့ပေးမှုများ ဆက်လက် ပြုလုပ်နေခြင်းသည် စစ်အစိုးရအနေဖြင့် နိုင်ငံတွင်း ဖိနှိပ်မှုများ ကျူးလွန်လာအောင် လုပ်ဆောင် ပေးနေသကဲ့သို့ ရှိသည် ဟူသောအချက်ပင် ဖြစ်သည်။ ဤနည်းလမ်းသည် ဒေသတွင်း မတည်မငြိမ်မှုများကိုလည်း ပိုမို ဖြစ်ပေါ်စေသည်" ဟု ဆိုသည်။

HRW ဝက်ဘ်ဆိုက်မှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(www.padaukmyay.blogspot.com မှ ကူးယူဖော်ပြသည်။)

(မေ ၂၆ ရက်နေ့ထုတ် The Los Angeles Times သတင်းစာမှာ ဖော်ပြထားတဲ့ ဆောင်းပါးရှင် Matthew Frankel ရဲ့ Myanmar boycott is misguided ဆောင်းပါး ဖြစ်ပါတယ်။ Matthew Frankel ဟာ ၀ါရှင်တန် အခြေစိုက် the Brookings Institution က သုတေသန ပညာရှင် ဖြစ်ပါတယ်။ )

အပေါ်ယံ ကြည့်လိုက်ရင်တော့ အတိုက်အခံတွေက ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဆုံးဖြတ်လိုက်တဲ့ သတ္တိပြောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဖျက်သိမ်းခံရတဲ့ ဘ၀ ရောက်စေတာ တောင်မှ ထောက်ခံဖို့ ကောင်းတဲ့ အလုပ် ဖြစ်ပါတယ်။ အခု ရွေးကောက်ပွဲဟာ ၁၉၉၀ နောက်ပိုင်း ပထမဆုံး လုပ်မယ့် ရွေးကောက်ပွဲ ဖြစ်ပြီး ရွေးကောက်ပွဲဥပဒေမှာ အကျဉ်းသား တွေကို နိုင်ငံရေး ပါတီဝင် ဖြစ်ခွင့် မပေးတာကြောင့် အတိုက်အခံတွေက ဒေါ်အောင်ဆန်းစုကြည်ကို စွန့်ပစ်မယ့်အစား ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ အတိုက်အခံတွေက လက်ရှိအစိုးရကို တရားဝင်အောင် လုပ်ပေး တာထက် ပါတီ ဖျက်လိုက်တာက ပိုကောင်းတယ်လို့ ရှုမြင်ခဲ့ကြတာပါ။

အာဏာရှင် အစိုးရကို ရင်ဆိုင်နေရတဲ့ အတိုက်အခံ ပါတီတစ်ခု အတွက် ရွေးကောက်ပွဲ ၀င်တာရော၊ သပိတ် မှောက်တာရော နည်းလမ်း နှစ်ခုလုံးဟာ အောင်မြင်ဖို့ အခွင့်အရေး သိပ်မရှိလှပါဘူး။ ဒါပေမယ့် လတ်တလော သမိုင်း ဖြစ်စဉ်တွေ အရကတော့ ရွေးကောက်ပွဲကို သပိတ် မှောက်တာဟာ မှားတဲ့ လမ်းကြောင်းကို ရွေးတာ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ ၁၉၉၀ နောက်ပိုင်းမှာ ရွေးကောက်ပွဲကို သပိတ်မှောက်တာ၊ ဒါမှမဟုတ် သပိတ်မှောက်မယ်လို့ ခြိမ်းခြောက်တဲ့ ဖြစ်စဉ် ၁၇၇ ခုကို ကျွန်တော် လေ့လာ ကြည့်တော့ ဒီနည်းလမ်းဟာ လိုချင်တဲ့ အစိုးရ အပြောင်းအလဲကို မဖြစ်စေရုံသာမက အကြိမ် အတော် များများမှာ လက်ရှိအစိုးရကို ပိုပြီး အခြေခိုင်အောင် လုပ်ပေးလိုက် သလိုတောင် ဖြစ်သွားတာ တွေ့ရပါတယ်။

နောက်ဆိုးကျိုး တစ်ခုကတော့ သပိတ် မှောက်ခြင်းဟာ သပိတ်မှောက်တဲ့ ပါတီကို ဘေးရောက် သွားအောင် လုပ်သလိုဖြစ် သွားတာဖြစ်ပြီး ဒီအဖြစ်ဟာ မြန်မာနိုင်ငံမှာ ပိုပြီး မှန်နေပါတယ်။ အခုဆို အင်န်အယ်လ်ဒီဟာ လွှတ်တော်ထဲမှာ ပါဝင်ခွင့် မရှိတော့ရုံသာမက တရားဝင် ရပ်တည်လို့လည်း မရတော့ပါဘူး။ အင်န်အယ်လ်ဒီက ခွဲထွက်တဲ့ ပါတီတစ်ခု ရွေးကောက်ပွဲ ၀င်မယ် ဆိုပေမယ့် ကင်မရွန်း၊ ဂမ္ဘီယာ၊ ဗင္နီဇြဲလား၊ ဇမ္ဘီယာ နိုင်ငံတွေရဲ့ အတွေ့အကြုံအရ မူလ ပါတီလောက် အရေးမပါ နိုင်တော့ပါဘူး။ နောက်ပြီး ဒေါ်စုကြည်က အဲဒီပါတီကို လူသိရှင်ကြား ဝေဖန်ရှုံ့ ချထားပြီး သပိတ်မှောက်မှုကို ပိုပြီး ခိုင်မာအောင် လုပ်ထား ပါသေးတယ်။

မြန်မာ အတိုက်အခံ ပါတီဟာ ခံစားမှု ပြင်းထန်၊ ဒေါသူပုန် ထနေတဲ့ တစ်ခြား အတိုက်အခံ ပါတီတွေလိုပဲ သူတို့ ဆုံးဖြတ်ချက်က လက်ရှိ အစိုးရအပေါ် နိုင်ငံတကာက ဖိအားပေးမှုတွေ ပိုပြီး ပြင်းထန်လာ စေလိမ့်မယ်လို့ အလောင်းအစား လုပ်လိုက်တာပဲ ဖြစ်ပါတယ်။ အင်န်အယ်လ်ဒီ ပါတီ တည်ထောင် သူလည်းဖြစ်၊ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်လည်း ဖြစ်တဲ့ ဦးဝင်းတင်က ပြီးခဲ့တဲ့မတ်လမှာ ၀ါရှင်တန်ပို့စ် သတင်းစာက နေပြီး နိုင်ငံတကာ မိသားစုအနေနဲ့ ရွေးကောက်ပွဲ သပိတ် မှောက်တာကို လက်ခံဖို့နဲ့ ရွေးကောက်ပွဲကို လက်မခံ ပယ်ချဖို့ စိတ်အား ထက်သန်စွာနဲ့ ဆောင်းပါးရေး တောင်းဆိုခဲ့တယ်။ ဒီမဟာဗျူဟာရဲ့ ပြဿနာက ပြင်ပ အင်အားစု တွေဟာ အထူးသဖြင့် မြန်မာနိုင်ငံလို သိပ်အရေးမပါတဲ့ နိုင်ငံနဲ့ ပတ်သက်ရင် ဒီလိုကိစ္စမှာ ၀င်လုပ် ပေးနိုင်တာ သိပ်မရှိတာပဲ ဖြစ်တယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မယ်ဒလင်း အောဘရိုက်က ၁၉၉၀စု အကုန်မှာ လုပ်တဲ့ အတိုက်အခံတွေ သပိတ်မှောက်ပြီး အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲ အပြီး ၁၈ လ အကြာမှာ မာလီနိုင်ငံကို အာဖရိကတိုက်ရဲ့ ဒီမိုကရေစီ ခိုင်မာတဲ့ နိုင်ငံအဖြစ် ချီးမွမ်းခန်း ဖွင့်ခဲ့တယ်။ ၂၀၀၃ ခုနှစ် အဇာဘိုင်ဂျန် ရွေးကောက်ပွဲကို အတိုက်အခံတွေက သပိတ်မှောက်တဲ့ အပြင် ရွေးကောက်ပွဲ အပြီးမှာလည်း ဆန္ဒပြမှုတွေ လုပ်ခဲ့တယ်။ ဒါပေမယ့် ရွေးကောက်ပွဲအပြီးမှ အမေရိကန်က ခပ်မြန်မြန်ပဲ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် ပြုခဲ့တာ တွေ့ရပါတယ်။

နောက်တစ်ခါ အနောက်နိုင်ငံတွေ အနေနဲ့ မြန်မာအပေါ် နောက်ထပ် ဘာဖိအားတွေ ထပ်ပေးနိုင်မှာလဲ ဆိုတာလည်း မသေချာလှဘူး။ မြန်မာဟာ အပယ်ခံနိုင်ငံ ဘ၀နဲ့ ဒဏ်ခတ် အရေးယူမှုကို ခံနေရတာ အတော် ကြာနေပါပြီ။ အခု အမေရိကန် ဆီးနိတ်က ဒေါ်စုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုတဲ့ အပေါ် စစ်ဗိုလ်ချုပ်တွေက ဘာလိုမှ တုန့်ပြန်မှာ မဟုတ်ပါဘူး။ နောက်ပြီး စစ်တပ်က အခု ရွေးကောက်ပွဲကို ဒီမိုကရေစီ အတွက် ပထမ ခြေလှမ်းအဖြစ် ပုံဖော်နေတော့ နိုင်ငံတကာ အနေနဲ့ ဒီရွေးကောက်ပွဲကို ပြင်းပြင်း ထန်ထန် ဆန့်ကျင်ဖို့လည်း မဖြစ်နိုင်ဘူး။

ရွေးကောက်ပွဲ သပိတ်မှောက်မှုကြောင့် အကျိုးဖြစ်ထွန်းတဲ့ ရလဒ်တွေကိုရခဲ့တဲ ရှားရှား ပါးပါး ဖြစ်ရပ်တွေကို ပြန်ကြည့် တော့လည်း ဒီလိုဖြစ်ရတာဟာ ပြည်ပကြောင့် မဟုတ်ဘဲ ပြည်တွင်း အကြောင်းကြောင့် ဖြစ်တဲ့အပြင် ဒီမိုကရေစီ ကျင့်သုံးနေပြီး ဖြစ်တဲ့ နိုင်ငံတွေမှာသာ ရလဒ်ကောင်း ရတာ ဖြစ်တယ်၊ အာဏာရှင် အုပ်ချုပ်ဆဲ နိုင်ငံမှာ အောင်မြင်တာ မဟုတ်ဘူး ဆိုတာလည်း တွေ့ရပြန်တယ်။ အထင်ရှားဆုံး ဥပမာ ကတော့ ပီရူးမှာဖြစ်ပြီး သမ္မတ ဖူဂျီမူရီကို ဆန့်ကျင်တဲ့ အင်အားစုတွေက ရွေးကောက်ပွဲ သပိတ်မှောက်တာ အပြင် အင်အား ကောင်းတဲ့ ဆန္ဒပြမှုတွေ၊ သပိတ် မှောက်မှုတွေကို လုပ်ပြီး သမ္မတကို ဖယ်ရှားနိုင်ခဲ့တယ်။ အဲဒီ အဖြစ်အပျက်မှာ နိုင်ငံတကာ ဖိအားက မဆိုစလောက်ပဲ ရှိခဲ့တာ ဖြစ်ပါတယ်။

အကောင်းဆုံး နည်းလမ်း ကတော့ အတိုက်အခံတွေ အနေနဲ့ ဒေါ်စုကြည်မပါလဲ ရွေးကောက်ပွဲကို ၀င်ပြိုင်ဖို့ ဖြစ်ပြီး အသစ် ဖွဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီကို ထောက်ခံမှုတွေ ပေးသင့်တယ်။ ရွေးကောက်ပွဲစနစ်က စစ်အစိုးရဘက်ကို မျက်နှာသာ ပေးနေတယ် ဆိုတာတောင် ၁၉၉၀ ရွေးကောက်ပွဲတုံးက အမတ်နေရာ ၃၉၂ နေရာနိုင်ခဲ့တဲ့ ပါတီဟာ အခု အကြိမ်မှာလည်း နေရာ အတော် များများ နိုင်နိုင်ပါသေးတယ်။

ဒီနေရာမှာ ဇင်ဘာဘွေ နိုင်ငံရဲ့ နမူနာကို လေ့လာဖို့ လိုတယ်။ ၁၉၉၅ ရွေးကောက်ပွဲ တုံးက အတိုက်အခံတွေက မူဂါဘီရဲ့ တရားမျှတမှု မရှိတဲ့ လုပ်ရပ်ကို ကန့်ကွက်တဲ့ အနေနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက် လိုက်တော့ အာဏာရ ပါတီက နေရာ အားလုံး နီးပါး နိုင်သွားခဲ့တယ်။ ဒီသင်ခန်းစာကို ယူပြီး ၂၀၀၀ ပြည့်နှစ် ရွေးကောက်ပွဲ ၀င်ပြိုင်တော့ အတိုက်အခံတွေက အာဏာရ ပါတီထက် ငါးနေရာပဲ လျော့ပြီး ၅၇ နေရာ အနိုင်ရခဲ့တယ်။

ဒီတော့ အတိုက်အခံ ပါတီဝင် ပြိုင်လို့ ပိုပြီး ပွင့်လင်းတဲ့ ဒီမိုကရေစီ ကျတဲ့ မြန်မာနိုင်ငံ ဖြစ်လာမယ်လို့တော့ တထစ်ချမပြော လိုပါဘူး။ ဒါပေမယ့် ရွေးကောက်ပွဲ ၀င်မပြိုင်ရင် ဖြစ်မယ့် အကျိုးထက်တော့ ပိုကောင်းမှာ သေချာပါတယ်လို့ပဲ ဆိုချင်ပါတယ်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB, by Aye Nai, 31st May 2010

      တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ငါးခုက ပြောကြားရာတွင် ၎င်းတို့သည် အစစ်အမှန် ဖြစ်ပေါ်ရေးနှင့် တိုင်းရင်းသား အားလုံး သာတူညီမျှ အခွင့်အရေး ရရှိရေးနှင့် ကိုယ်ပိုင် ဆုံးဖြတ်ခွင့် ရရှိရေး အတွက် အတူတကွ လက်တွဲ လုပ်ကိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

      အဆိုပါ မဟာမိတ်များသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသား နယ်စပ်ဒေသများတွင် မြောက်ဖျား ချင်း အမျိုးသား တပ်ဦး (Chin National Front) မှသည် အရှေ့ဘက် ထိုင်းနယ်စပ် ကရင် KNU အထိ နေရာ ယူထားသည်။ အဆိုပါ မဟာမိတ်အဖွဲ့တွင် မွန်ပြည်သစ်ပါတီ (NMSP)၊ ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) နှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) တို့လည်း ပါဝင်သည်။

      KIO ၏ နိုင်ငံခြားရေးရာ ညှိနှိုင်းရေးမှူး James Landau က DVB သို့ ပြောကြားရာတွင် ယခု သဘောတူညီချက်မှာ အစပင် ရှိသေးကြောင်း နောက်ထပ် တိုင်းရင်းသား တပ်များကို စည်းရုံးရဦးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းက ဖြည့်စွက် ပြောကြားရာတွင် မိမိတို့၏ ရည်မှန်းချက်မှာ အစိုးရကို တိုက်ခိုက်ရန် မဟုတ်ကြောင်း၊ မိမိတို့ လိုချင်သည့် အချက်များ ရရှိအောင် အစိုးရအား စည်းရုံးနိုင်ရေး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

      မဟာမိတ်ဖွဲ့ရေး အကြံဥာဏ်မှာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင် ရရှိသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား အာဏာ လွှဲမပေးခြင်းကြောင့်၊ အမျိုးသား ညီလာခံ ကျင်းပစဉ်က စတင် ဆွေးနွေးစဉ် ရရှိခဲ့ခြင်း ဖြစ်သည်။

      မဟာမိတ် ဖွဲ့စည်းရေးမှာ အကောင်အထည် ပေါ်မလာခဲ့ဘဲ ယခု စစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင်များကို ၎င်းတို့ လက်အောက် နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဖိအားပေးမှုအပေါ် တိုင်းရင်းသားများကြား ညီညွတ်ရန် လိုအပ်သောကြောင့် ယခု ထွက်ပေါ်လာရခြင်း ဖြစ်သည်။

      ငြိမ်းချမ်းရေး ယူထားသော တိုင်းရင်းသား လက်နက်ကိုင် (၁၈) ဖွဲ့အနက် အများစု အသွင်ပြောင်းရန် ငြင်းဆိုခဲ့ခြင်းကြောင့် စစ်ရေးအရ အရေးယူခံရမည်ဟု ခြိမ်းခြောက်ခံနေရသည်။ အစိုးရသည် ရွေးကောက်ပွဲ မတိုင်မီ ၎င်းတို့ အပေါ် ထောက်ခံမှုများအား စုစည်းလျက် ရှိသည်။

      ၁၉၉၇ ခုနှစ် ကလည်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား  ထောက်ခံရန် အဖွဲ့ တစ်ချို့ ပူးပေါင်း သဘောတူညီချက် ရရှိခဲ့ဖူးသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်ခဲ့ရမှုသည် အာရှဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်မှု တစ်ခုဖြစ်ကြောင်း ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံ ခေါင်းဆောင်များက တညီတညွတ်တည်း ပြောကြားလိုက်သည်။

သို့သော် တရုတ်နိုင်ငံက ယင်းစစ်သင်္ဘော နစ်မြုပ်မှုနှင့်ပတ်သက်၍ မြောက်ကိုရီးယား နိုင်ငံအပေါ် ပြစ်တင် ပြောဆိုခြင်းမရှိခဲ့ပေ။

သင်္ဘောနစ်သည့် ကိစ္စနှင့်ပတ်သက်ပြီး တောင်ကိုရီးယားက တရုတ်နိုင်ငံကို ရပ်တည် ပြောဆိုပေးရန် ဖိအားပေးမှုများ ရှိသော်လည်း တရုတ်က ရေငုံနှုတ်ပိတ် လုပ်နေခဲ့သည်။ တောင်ကိုရီးယားက မိမိတို့၏ Cheonan စစ်င်္ဘောသည် မြောက်ကိုရီးယား၏ တော်ပီတို ဒုံးကျည်ဖြင့် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ပြောဆိုသော်လည်း မြောက်ကိုရီးယားကမူ မဟုတ်မမှန်ကြောင်း ငြင်းပယ်ထားသည်။

Cheonan သင်္ဘောနစ်မြုပ်မှုသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ခြိမ်းခြောက်မှုဖြစ်သည် ဟူသော သုံးသပ်ချက်မှာ တောင်ကိုရီးယားနိုင်ငံ၊ အပန်းဖြေစခန်းဖြစ်သော ဂျီဂျူးကျွန်းတွင် ပြုလုပ်သော ထိပ်သီးဆွေးနွေးပွဲ၌ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့၊ Cheonan သင်္ဘော တိုက်ခိုက်ခံရပြီး ကတည်းက ကိုရီးယား ကျွန်းဆွယ်ဒေသ၌ တင်းမာမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ထိုဖြစ်ရပ်ကြောင့် သင်္ဘောသား ၄၆ ဦး သေဆုံးခဲ့ရသည်။

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က သင်္ဘောနစ်မြုပ်မှုသည် အရေးအကြီးဆုံးသော ကိစ္စဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း ပြစ်တင်ဝေဖန်မှုများ မပြုလုပ်ခဲ့ပေ။

ယခုအချိန်တွင် အရေးတကြီး လုပ်ဆောင်ရမည့် ကိစ္စမှာ သင်္ဘောနစ်မြုပ်မှုကြောင့်ဖြစ်သော ဂယက်ရိုက်ခတ်မှုများကို ကောင်းစွာ ကိုင်တွယ်ဖြေရှင်းပြီး ယင်းကိစ္စနှင့် ဆက်နွှယ်သော တင်းမာမှုများကို တဖြည်းဖြည်းချင်း လျှော့ချသွားကာ ဖြစ်နိုင်ခြေရှိသော ပဋိပက္ခများကို ရှောင်ရှား သွားရန်ဖြစ်ကြောင်း မစ္စတာ ဝမ်ကျားပေါင်က ပြောကြားသည်။

"အာရှဒေသတွင်း ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုထိန်းသိမ်းရေးဆိုတာ ကျွန်တော်တို့ရဲ့ မစ်ရှင်ပါ။ တရုတ်နိုင်ငံဟာ အဲဒီမစ်ရှင်ကို အကောင်အထည်ဖော်နိုင်ဖို့ နိုင်ငံတိုင်းနဲ့ ပြင်းထန်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက်လုပ်ကိုင်သွားမှာပါ" ဟု ဝမ်ကျားပေါင်က ပြောသည်။

ပါဝါချိန်ခွင်လျှာ

တရုတ်နိုင်ငံသည် မြောက်ကိုရီးယားအား ပြစ်တင်ပြောဆိုမှု ပြုလုပ်ရန် ငြင်းပယ်ခဲ့သည်။ သို့သော် သက်သေအထောက်အထားများကို လက်တွေ့ကျကျ အကဲဖြတ်ကြည့်ရှု လေ့လာမည်ဟု ဆိုသည်။

တရုတ်သည် မြောက်ကိုရီးယား၏ အရင်းနှီးဆုံး ကုန်သွယ်ရေး မိတ်ဘက်ဖြစ်သလို ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံလည်းဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံက စစ်သင်္ဘော တိုက်ခိုက်ခံရမှုကို လုံခြုံရေးကောင်စီသို့ တင်သွင်းမည်ဟုဆိုသည်။

ဂျပန်နိုင်ငံဝန်ကြီးချုပ် Yukio Hatoyama က တောင်ကိုရီးယားနိုင်ငံ သမ္မတကို ထောက်ခံမှုပြုကြောင်း၊ မြောက်ကိုရီးယားအပေါ် စွပ်စွဲပြောဆိုမှုများကို လက်သင့်ခံကြောင်း ပြောဆိုခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံအပေါ် ပိုမိုတင်းကြပ်သော ပိတ်ဆို့အရေးယူမှုများ ပြုလုပ်သွားမည်ဟုလည်း ဆိုထားသည်။

တောင်ကိုရီးယား၊ ဂျပန်နှင့် တရုတ် ထိပ်သီးဆွေးနွေးပွဲမှာ ကုန်သွယ်ရေးကိစ္စကို အာရုံစိုက်ရန် ဖြစ်သော်လည်း သင်္ဘောနစ်မြုပ်သည့်ကိစ္စကို ပိုမိုအလေးပေးခဲ့ကြရကြောင်း သတင်းဌာနများက ဆိုသည်။

ဆိုးလ်မြို့ အခြေစိုက် BBC သတင်းထောက် John Sudworth က ယခု သင်္ဘောနစ်မြုပ်သည့် ကိစ္စကြောင့် ဒေသတွင်း ပါဝါချိန်ခွင်လျှာ ပြောင်းလဲမှုဖြစ်ပေါ်စေကြောင်း ပြောကြားသည်။ အကယ်၍ တရုတ်ကသာ မြောက်ကိုရီးယား၏ အပြစ်ကို လက်သင့်ခံလိုက်ပါက တရုတ်သည် မိမိကိုယ်မိမိ အရေးပါ အရာရောက်ပြီး ဂုဏ်သိက္ခာရှိသူတစ်ဦးထက် တာဝန်ရှိသူတစ်ဦးအဖြစ် သတ်မှတ်လာသည့် သဘောမျိုး ပြသရာရောက်နိုင်ကြောင်း John Sudworth ကပြောသည်။

BBC သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာစစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအပေါ် နယ်ခြားဒေသစောင့်တပ် ပြောင်းလဲ ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး ဖိအားပေးမှုများ တိုးမြှင့် လုပ်ဆောင်လာရာ တိုင်းရင်းသား လက်နက်ကိုင်အုပ်စု ငါးဖွဲ့ စုပေါင်းပြီး စစ်ရေးဖြင့် တစ်ပြိုင်နက်တည်း တုံ့ပြန် တိုက်ခိုက်မှုများ ပြုလုပ်ရန် သဘောတူညီမှု ရယူထားကြောင်း တိုင်းရင်းသား လက်နက်ကိုင် အုပ်စု ခေါင်းဆောင်တစ်ဦးက ပြောကြားသည်။

မေလ ၂၁ ရက် နှင့် ၂၄ ရက်၊ ထိုင်း-မြန်မာ နယ်စပ်ဒေသတွင် ပြုလုပ်သော တွေ့ဆုံ ဆွေးနွေးပွဲ၌ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုငါးစုက ယင်းသို့ စစ်ရေးတုံ့ပြန်မှုများ ပူးပေါင်း လုပ်ကိုင်သွားရန် လျှို့ဝှက်စွာ သဘော တူညီခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ အုပ်စုငါးစုမှာ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ကရင် အမျိုးသား ယူနီယံ (KNU) နှင့် ကယန်း အမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့ ဖြစ်ကြသည်။

"ကျွန်တော်တို့ သဘောတူညီချက်ရဲ့ အဓိက အချက်ကတော့ စစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေ အပေါ်မှာ နိုင်ငံရေးအရရော စစ်ရေးအရပါ တိုက်ခိုက်မှုတွေ လုပ်လာမယ်ဆိုရင် အကျပ်အတည်း အခက်အခဲတွေကို အတူ လက်တွဲပြီး ရင်ဆိုင် တိုက်ခိုက်ဖို့ပါပဲ" ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့သော မွန်ပြည်သစ်ပါတီ ခေါင်းဆောင်က Mizzima သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ရန် ညီညွတ်သော ဝ ပြည်နယ်တပ်ဖွဲ့ (UWSA) နှင့် ရှမ်းပြည်နယ် တပ်ဖွဲ့ (မြောက်ပိုင်း) (SSA-N) တို့ကို ဖိတ်ကြားခဲ့သော်လည်း ၎င်းတို့က တက်ရောက်နိုင်ခဲ့ခြင်း မရှိကြောင်း သတင်းရင်းမြစ် တစ်ခုက ပြောသည်။

စစ်အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများအား နယ်ခြား ဒေသစောင့်တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းပြီး ၎င်း၏ လက်အောက်သို့ ဝင်ရောက်ရန် ဖိအားပေးလျက် ရှိသည်။ သို့သော် UWSA၊ KIO၊ NMSP၊ SSA-N နှင့် ကရင် တိုင်းရင်းသား အုပ်စုများ ဖြစ်သော KNU/KNLA ငြိမ်းချမ်းရေး ကောင်စီတို့က ငြင်းပယ်ခဲ့သည်။

"ဒီသဘောတူညီချက်ရဲ့ တခြား အရေးကြီးတဲ့ အချက်တွေကတော့ ကျွန်တော်တို့ အုပ်စုထဲကတစ်စု တိုက်ခိုက်ခံရမယ်ဆိုရင် အကူအညီ အထောက်အပံ့တွေ ပေးဖို့နဲ့ စစ်ဆင်ရေးတွေ တစ်ပြိုင်နက်တည်း ပူးတွဲ လုပ်ဆောင်သွားဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ တခြား ရွေးခြယ်စရာ မရှိဘူး" ဟု ကချင်အမျိုးသား တပ်ဦးမှ ဗဟိုကော်မတီဝင် တစ်ဦးက ပြောသည်။

အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုငါးခုမှ ခေါင်းဆောင်များသည် ပြီးခဲ့သည့် ဇန်နဝါရီလတွင် တိတ်တဆိတ် တွေ့ဆုံခဲ့ကြသည်။ ယခင် သမားရိုးကျ မဟာမိတ်အဖွဲ့ ပုံစံမျိုးထက် ပူးပေါင်း လက်တွဲသည့် ပုံစံဖြင့် စစ်အစိုးရကို ရင်ဆိုင်သွားရန် သဘောတူပြီးနောက် ယင်းသို့ တိတ်တဆိတ် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ပိုမို တက်ရောက်နိုင်မည့် တွေ့ဆုံ ဆွေးနွေးပွဲများ မကြာသေးခင် ကာလတွင် ကျင်းပ ပြုလုပ်ရန်လည်း သဘောတူညီမှု ရရှိခဲ့ကြသည်။ အဓိက ဦးတည်ချက်မှာ အပစ်အခတ် ရပ်စဲထားသော အုပ်စုများနှင့် အပစ်အခတ် မရပ်စဲရသေးသော အုပ်စုများအကြား သဘောတူညီမှု တစ်ရပ် ရယူကာ ညီညွတ်သော အင်အားစု အဖွဲ့တစ်ခု ဖွဲ့စည်းရေးပင် ဖြစ်သည်။

Mizzima သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.