Transparency Myanmar
transparency.myanmar@gmail.com
yangonchronicle 2011
yangonchronicle 2011
၁၈.၈.၂၀၁၁
ဘာသာပြန်သတင်းများ
မြန်မာသတင်းစာများတွင် ပြည်ပမီဒီယာများကို တိုက်ခိုက်သည့် ၀ါဒဖြန့်စာတမ်းများ ဖယ်ရှား
(Reuter's သတင်းမှ 17 August, 2011 ရက်စွဲပါ "Myanmar papers lift slogans attacking foreign media" သတင်းကို ဘာသာ ပြန်ဆိုသည်။)
                မြန်မာအစိုးရအာဘော် သတင်းစာများက အနောက်နိုင်ငံမီဒီယာများကို တိုက်ခိုက်သည့် သတင်းစာ နောက်ကျောဖုံးတွင် ပါဝင်နေ ကျ ၀ါဒဖြန့် စာတမ်းများကို ဗုဒ္ဓဟူးနေ့တွင် ၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဖယ်ရှားလိုက်ပြီ ဖြစ်ရာ အစိုးရအဖွဲ့အသစ်က အတိုက်အခံ အင်အားစုများ အပေါ် သဘောထား ပျော့ပြောင်းလာနိုင်ဖွယ် ရှိသည့် နောက်ဆုံး လက္ခဏာတစ်ရပ်ဟု ဆိုရမည်ဖြစ်သည်။
                Voice of America (VOA) ၊ British Broadcasting Corp (BBC) နှင့် အခြား အနောက်မီဒီယာများကို "ရန်စနေသည်၊ သွေးထိုး ပေးနေသည်" စသည်ဖြင့် စွပ်စွဲတိုက်ခိုက်သော စာမျက်နှာ ထက်ဝက်ခန့် စာတမ်းများ နေ့စဉ် ဖော်ပြနေခြင်းကို နိုင်ငံပိုင်သတင်းစာ ၃ စောင် စလုံးတွင် ဖယ်ရှားလိုက်ခြင်းဖြစ်သည်။ အဆိုပါ ကြွေးကြော်သံစာတမ်းများက "လေလှိုင်းသံ အဖျက်သမားများ၏ စကား၊ နားမယောင်နဲ့ သတိထား" ဟူ၍လည်း သတင်းစာဖတ်သူများကို သတိပေး ထားသည်။ ၂၀၀၇ သြဂုတ်လတွင် တပ်မတော်အစိုးရက ဆန္ဒပြသံဃာတော်များ ကို သွေးမြေကျ ဖြိုခွဲခဲ့ပြီး နောက်ပိုင်း ယင်းကြွေးကြော်သံ စာတမ်းများကို နိုင်ငံပိုင်သတင်းစာ နောက်ကျောဖုံးတွင် သံမှိုနှက်ထားကာ တစ်စိုက် မတ်မတ် ဖော်ပြခဲ့ခြင်းဖြစ်သည်။
                BBC, VOA နှင့် အခြားနိုင်ငံခြားသတင်းဌာန နှစ်ခုခန့်သည် ကမ္ဘာတွင် Burma ဟုသာ ခေါ်ကြသည့် မြန်မာနိုင်ငံမှ ပြည်သူများ အတွက် စစ်မှန်သော သတင်းထူး၊ သတင်းမှန်များကို လှိုင်းတိုရေဒီယို အစီအစဉ်များနှင့် ဂြိုလ်တု ရုပ်သံတို့မှ တဆင့် မြန်မာဘာသာဖြင့် လွှင့်ထုတ်ဖြန့်ချိ ပေးလျက်ရှိသည်။ ထိုသို့ ပင်လယ်ရပ်ခြား သတင်းဌာနများက ထုတ်လွှင့်ပေးနေသော သတင်းများကို ဖုံးကွယ်ထိန်းချုပ် နိုင်ရန် မြန်မာတပ်မတော် အစိုးရက အစဉ်တစိုက် ရုန်းကန် ကြိုးစားခဲ့သည်။ ယင်းဝါဒဖြန့် ကြွေးကြော်သံများကို ယခုကဲ့သို့ ဖယ်ရှားလိုက်ခြင်း သည် အနှစ် ၅၀ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ကာ အရပ်သားအစိုးရစနစ်ကို စတင်ပေါ်ပေါက်စေသည့် မနှစ်က ရွေးကောက်ပွဲများ နောက်ပိုင်း ပွင့်လင်းလာမှုကို ပြသသည့် နောက်ဆုံး လက္ခဏာ တစ်ရပ်ဟု ဆိုနိုင်သည်။
                ကိုယ်တိုင်စိစစ်တည်းဖြတ်ခွင့်ရသည့် ပုဂ္ဂလိက မီဒီယာအချို့ကလည်း လွှတ်တော်အမတ်များ၏ အစိုးရမူဝါဒ ဝေဖန်မှု အချို့ကို ယခု တလော ခပ်စိပ်စိပ် ဖော်ပြလာကြပြီး မြန်မာနိုင်ငံတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော ပြန်ကြားရေး ၀န်ကြီးဌာနကလည်း သတင်းထောက် များကို အထောက် အကူဖြစ်စေရန် ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ကို ဖွဲ့စည်းကြောင်း ပြီးခဲ့သည့်အပတ်တွင် ထုတ်ဖော် ကြေညာထားသည်။
                မနှစ်က အငြင်းပွားဖွယ် ရွေးကောက်ပွဲများအပြီး နေအိမ်အကျယ်ချုပ် သက်တမ်းစေ့၍ လွတ်မြောက်လာခဲ့သူ "မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်" ကို မြန်မာအစိုးရ အာဘော်သတင်းစာများက ဝေဖန်ထိုးနှက်ခြင်းများလည်း နည်းပါးသွား သည် ကို တွေ့ရှိရ သည်။
                သို့သော်လည်း မြန်မာနိုင်ငံ၏ ရုပ်သံမီဒီယာကို အစိုးရက တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားဆဲဖြစ်သလို၊ နိုင်ငံခြား သတင်းထောက် အများစု မှာလည်း မြန်မာနိုင်ငံတွင် တရားဝင်သတင်းယူခွင့် တားမြစ်ခံရဆဲဖြစ်ပြီး နိုင်ငံခြား သတင်းဌာန ၀က်ဘ်ဆိုဒ် အများစုကိုလည်း ပိတ်ပင် ထားဆဲပင် ဖြစ်သည်။
                လူတော်တော်များများကမူ နိုင်ငံရေးအကျဉ်းသား ခန့်မှန်းခြေ ၂၁၀၀ ကျော်ကို အစိုးရက လွှတ်ပေးသည်အထိ အနောက်နိုင်ငံမှ အရေးယူ ဒဏ်ခတ်မှု Sanctions များ ဆက်လက်ချမှတ်ထားရန် မျှော်လင့်လျှက်ရှိကြသည်။
********************************************************************************
သမ္မတက နိုင်ငံခြားရောက် မြန်မာများ ပြန်လာရန် ဖိတ်ခေါ်
(17 August, 2011 ရက်စွဲပါ VOA News မှ Burmese President invites return of citizens abroad) ကို ဘာသာ ပြန်ဆိုသည်။)
                မြန်မာနိုင်ငံမှ နိုင်ငံခြားသို့ ထွက်ပြေးသွားကြသူများအနေဖြင့် တိုင်းပြည်သို့ပြန်လာပြီး စီးပွားရေးပြန်လည် တည်ဆောက်မှုတွင် ကူညီရန် သမ္မတဦးသိန်းစိန်က တိုက်တွန်းလိုက်သည်။ အတိတ်မှ အမြင်မတူခဲ့မှုများအတွက် ခွင့်လွှတ်ရန် အသင့်ရှိသည်ဟုလည်း ဆိုသည်။
                စီးပွားရေးလုပ်ငန်းရှင်နှင့် လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဦးခင်ရွှေက VOA မြန်မာပိုင်းအစီအစဉ်သို့ ပြောကြားရာတွင် ဦးသိန်းစိန် သည် အဆိုပါမိန့်ခွန်းကို ဗုဒ္ဓဟူးနေ့အစောပိုင်းက စီးပွားရေးနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
                သမ္မတဦးသိန်းစိန်က ၄င်း၏အစိုးရသည် ပြည်တွင်းမှ ဆန့်ကျင်သူများနှင့် တိုင်းပြည်၏ အကောင်းဆုံး အကျိုးစီးပွားအတွက် အတူ တကွ အလုပ်လုပ်လိုကြောင်း ပြောခဲ့သည်ဟု ဦးခင်ရွှေက ပြောသည်။ ယခုအတောအတွင်း အစိုးရ အဆင့်မြင့် အရာရှိတစ်ဦးသည်လည်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နှစ်ကြိမ် တွေ့ဆုံခဲ့သည်။ သို့သော် အစိုးရသည် နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော် အား လွှတ်ပေးရန် လက္ခဏာကား မပြသေးပေ။
                ဦးသိန်းစိန်သည် အဆိုပါ တွေ့ဆုံပွဲဖြင့် ၄င်း၏ အစိုးရ မတ်လကုန်တက်လာကတည်းက ကြိုးပမ်း အားထုတ်မှုများကို ပြောပြခဲ့ခြင်း ဖြစ်သည်ဟု ဦးခင်ရွှေက ပြောသည်။
                သမ္မတက စာရင်းပြုစုထားသော စီးပွားရေးခြေလှမ်းများတွင် အချို့ကုန်ပစ္စည်းအမည်များ သွင်းကုန်အတွက် ပိတ်ထားမှုကို ဖွင့်ပေးခဲ့ ခြင်းလည်း ပါဝင်သည်။ အစိုးရသတင်းစာတစ်စောင်ဖြစ်သော  The New Light of Myanmar က ယခုအပတ် သတင်းထုတ်ပြန်ခဲ့ရာတွင် ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း၊ ရာဘာ၊ ပင်လယ်ထွက်ကုန်နှင့် တရိစ္ဆာန်ထွက် ပစ္စည်းအချို့အတွက် ကန့်သတ်ချက်များ ဖြေလျှော့ပေးခဲ့မှုကို ဖော်ပြခဲ့ သည်။
***************************************************************
ထိုင်ဝမ် အတိုက်အခံ ခေါင်းဆောင်များ ဒေါ်အောင်ဆန်းစုကြည်ထံ လာရောက် လည်ပတ်
(AFP သတင်း မှ 17 Aug 2011 ရက်စွဲပါ “Taiwon’s opposition visits Aung San Suu Kyi” သတင်းကို ဘာသာ ပြန်ဆိုသည်)
                ထိုင်ဝမ် အဓိက အတိုက်အခံပါတီ၏ ထိပ်တန်းတာဝန်ရှိသူများသည် ထိုင်ဝမ်ကျွန်း နိုင်ငံရေးလောကမှ အမျိုးသမီးများ၏ ကဏ္ဍကို ထုတ်ဖေါ် ချီးကျူးပြောဆိုသူ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံ ရှားရှားပါးပါး သွားရောက်တွေ့ဆုံခဲ့ကြသည်ဟု ထိုင်ဝမ် အတိုက်အခံ ပါတီက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။
                ထိုင်ဝမ်ကျွန်းကို တရုတ်နိုင်ငံထံမှ လွတ်လပ်ရေး ရရှိလိုသော Democratic Progressive Party ( DPP ) က ၎င်းတို့ ပါတီ၏ ထိပ်တန်းတာဝန်ရှိသူ အမျိုးသမီး ကိုယ်စားလှယ်အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်အား အင်္ဂါနေ့ က ရန်ကုန်မြို့တွင် သွားရောက်တွေ့ဆုံခဲ့ကြခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
                ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲဝင်မည့် ပါတီဥက္ကဋ္ဌ အမျိုးသမီး ဆိုင်လင်းဝမ်ကို ဒေါ်အောင်ဆန်းစုကြည်က ဆုမွန်ကောင်းများ တောင်းပေး ခဲ့သည်ဟု DPP ပါတီ ကြေညာချက်တွင် ဖေါ်ပြထားသည်။
                ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးလောကတွင် ထိုင်ဝမ်အမျိုးသမီးများ၏ အကောင်းဆုံးစွမ်းဆောင်မှုကို မြင်ရသည့် အတွက် အလွန်ပင် ဝမ်းသာပျော်ရွှင်နေပြီး ဥက္ကဋ္ဌ ဆိုင်လင်းဝမ် နှင့် DPP အမျိုးသမီး နိုင်ငံရေးသမားများကို ဆုတောင်းမေတ္တာပို့ကာ အစွမ်းကုန် တိုက်တွန်း အားပေးခဲ့ သည်ဟု ပါတီ၏ ကြေညာချက်က ဆိုသည်။
                DPP ပါတီ ဥက္ကဌ ဆိုင်လင်းဝမ် သည် ၂၀၁၂ ဇန်နဝါရီ ရွေးကောက်ပွဲများတွင် ထိုင်ဝမ်၏ ပထမဆုံးအမျိုးသမီး သမ္မတ ဖြစ်လာရန်အတွက် ပြိုင်ဖက် လက်ရှိသမ္မတ မာရင်ကျိုးကို စိမ်ခေါ်နေခြင်း ဖြစ်သည်။
                အခြားသော နိုင်ငံအများစုကဲ့သို့ပင် မြန်မာနိုင်ငံသည်လည်း တရုတ်နိုင်ငံကို ထိုင်ဝမ်ထက် ပို၍ တရားဝင် အသိအမှတ်ပြုထားသည်။ မြန်မာ ဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် မနှစ်က နိုဝင်ဘာလ အငြင်းပွားဖွယ် ရွေးကောက်ပွဲများ အပြီး ရက်ပိုင်းအကြာတွင် နေအိမ် အကျယ်ချုပ်ကာလ သက်တမ်းစေ့ကာ လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။
*********************************************************************************
တရုတ်က အမေရိကန်ကို စီးပွားရေး ပြန်လည် နာလံထရေးကိုသာ အာရုံပြုရန် တောင်းဆို
(17 August  2011 ရက်စွဲပါ AP မှ Joe Mc Donald ရေးသားသော China appeals to US to forcus on economic recovery ကို ဘာသာ ပြန်ဆိုသည်)
                အမေရိကန် ဒုတိယသမ္မတ Joseph Biden တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေရာ တရုတ် ဝေဖန်သုံးသပ်သူများက ရုန်းကန် နေရသော အမေရိကန်သည် ၎င်း၏ စီးပွားရေးအား ငွေများထုတ်ပေးခြင်းဖြင့် (cheap credit ) လျှံလာအောင် လုပ်ခြင်းအား ရပ်ဆိုင်းရန် အကြံပြုခဲ့ကြ သည်။
                Biden သည် ဘေဂျင်းသို့ ဗုဒ္ဓဟူးနေ့တွင် ရောက်ရှိလာရာ အကြံပြုချက်များက စောင့်ကြိုလျက် ရှိပြီး အကြံပြုချက်များတွင် အစိုးရ ဘတ်ဂျက် လိုငွေလျော့ချခြင်းမှ စ၍ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး အထိ ပါဝင်သည်။ အဆိုပါ အကြံပေးမှုများသည် အနောက်တိုင်း လေ့လာသူများ နှင့် အတူတူ ဖြစ်သည်။ သို့သော် အဆိုပါ အကြံပေးမှုများမှာ အနောက်နိုင်ငံမှ တရုတ်သို့ ပေးသော အကြံဥာဏ်များ ဖြစ်ပြီး၊ တရုတ်နိုင်ငံမှ ကွန်မြူနစ် ခေါင်းဆောင် များက အစိုးရသည် တစ်ဦး အရေးကိစ္စကို တစ်ဦးက ဝင်မစွက်သင့်ကြောင်း ပြောခဲ့ပြီး၊ အင်အားကြီးနိုင်ငံနှစ်ခု၏ ကံကြမ္မာအလှည့်အပြောင်းကို ဖေါ်ပြ လိုက်သည်။
                “အမေရိကန်ပြည်ထောင်စုသည် အောက်သို့ ထိုးဆင်းနေသည်မှာ ကာလကြာရှည်ပြီ ဖြစ်ပါသည်” ဟု စီးပွားရေး ပညာရှင် Xia Bin က ၎င်း၏ Blog တွင် ဖေါ်ပြခဲ့သည်။ ၎င်းသည် တရုတ်ကက်ဘိနက်နှင့် ဗဟိုဘဏ်သို့ အကြံဥာဏ်များ ပေးသူ ဖြစ်သည်။
                Biden ၏ ယခု ခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ ဒုတိယသမ္မတ Xi Jinping နှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးရရှိရန် ဖြစ်သည်။ Xi Jinping သည် လာမည့်နှစ်တွင် တရုတ်ကွန်မြူနစ် ပါတီခေါင်းဆောင် ဖြစ်လာမည်ဟု ခန့်မှန်းရပြီး။ ဝါရှင်တန်သို့ ယခုနှစ်ကုန်ပိုင်းတွင် လာရောက်မည် ဖြစ်သည်။ Biden သည် တိဘက်နှင့် တိုင်ဝမ်ကိစ္စကို ပြောကြားရန်လည်း မျှော်လင့်ထားသည်။ တိုင်ဝမ်မှာ တရုတ်က တောင်းဆိုနေသော ဒီမိုကရေစီ ကျွန်းနိုင်ငံ ဖြစ်ပြီး ဝါရှင်တန်က လက်နက်များ ဖြည့်ဆည်းပေးလျက် ရှိသည်။ ၎င်း၏ ငါးရက်ကြာခရီးစဉ်၏ နောက်ကွယ်မှ အကြောင်းမှာ အမေရိကန် စီးပွားရေး ကိစ္စ ဖြစ်မည်ကို တရုတ်က စိုးရိမ်ပူပန်နေသည်။
                ဘေဂျင်း၏ အကြီးမားဆုံးသော ကြောက်ရွံ့မှုမှာ အမေရိကန် Federal Reserve မှ ငွေတိုက် စာချုပ်များ တတိယ အကြိမ် ဝယ်ယူရေးပင် ဖြစ်သည်။ ၎င်းကို အရည်အတွက်ဖြင့် ဖြေလျော့ခြင်း တစ်မျိုး (quantitative easing QE ) ဖြစ်သည်။ ၎င်းသည် အတိုးနှုန်းများကို ကျဆင်းစေပြီး၊ စီးပွားရေး အတွင်းသို့ ငွေများ ထည့်သွင်းပေးပြီး ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ခြင်း ဖြစ်စေသည်။ သို့သော် ဘေဂျင်းက စိုးရိမ်သည့်အချက်မှာ ၎င်းသည် ဒေါ်လာနှင့် ရောင်းဝယ်သည့် ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်စေခြင်း၊ လောင်စာဆီ ဖောင်းပွမှုဖြစ်စေခြင်းနှင့် Treasury ကြွေးမြီဒေါ်လာ 1.2 ထရီလီယံ တန်ဖိုးကို ပိုမိုအားနည်းသွားစေမည့် အချက်များ ဖြစ်သည်။
                “အမေရိကန် အနေနဲ့ တတိယအကြိမ် ငွေတိုက်စာချုပ် ထုတ်ရောင်းခြင်း ( QE 3 ) ကို ရှောင်ရှားသင့်ပါတယ်။ ကမ္ဘာက ဒေါ်လာအပေါ် ယုံကြည်မှုတိုးလာစေဖို့ သူ့ရဲ့ ငွေကြေးမူဝါဒကို ပိုမို တင်းကြပ်ရမှာ ဖြစ်ပါတယ်” ဟု နိုင်ငံပိုင် Bank of China မှ ဥက္ကဋ္ဌ Xiao Gang က China Daily တွင် ဗုဒ္ဓဟူးနေ့က ရေးသားခဲ့သည်။ China Daily သည် နိုင်ငံခြားသား စာဖတ်ပရိသတ်အတွက် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော သတင်းစာ ဖြစ်သည်။
                နိုင်ငံခြားရင်းနှီးမြှပ်နှံသူများနှင့် ဒေါ်လာငွေကို အကာအကွယ်ပေးရန် ဘေဂျင်းက ဝါရှင်တန်အား အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။ ၎င်းသည် တိတိပပတောင်းဆိုမှုမျိုးကို လူသိရှင်ကြား ပြုလုပ်ရန် ရှောင်ရှားခဲ့သော်လည်း၊ ယခုအပတ် နိုင်ငံပိုင် သတင်းစာတွင် မှတ်ချက်ပြုရေးသားချက်မှာမူ ၎င်းဖြစ်စေလိုသော အချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြသကဲ့သို့ ရှိသည်။
                “တရုတ်သည် အမေရိကန် စီးပွားရေးမူဝါဒ ပြောင်းလဲမှုများနှင့် အမေရိကန်ဒေါ်လာ တည်ငြိမ်မှုရှိရေးနှင့် ပတ်သက်၍ များစွာပတ်သက်လျက် ရှိသည်” ဟု Xinhua သတင်းဌာနက ဆိုသည်။ စီးပွားရေး ပြဿနာများကို တာဝန်ယူလိုစိတ်အပြည့်ဖြင့် ဖြေရှင်းခြင်းသည် အမေရိကန်- တရုတ် ဆက်ဆံရေးကို တိုးတက်စေလိမ့်မည် ဟု ၎င်းက ဆိုသည်။
                အခြား အစိုးရများကလည်း Federal Reserve ၏ အတိုးနှုန်းများ လျော့ရန် ကြိုးပမ်းမှုသည် ရင်းနှီးမြှုပ်နှံသူများကို ပိုမို အမြတ်ရသည့် တိုးတက် နေသည့် စီးပွားရေးနိုင်ငံများသို့ ရွှေ့ပြောင်းစေမည် ဖြစ်ကြောင်း ဝေဖန်ခဲ့ကြသည်။ သို့မှသာ ၎င်းတို့၏ ငွေကြေးတန်ဖိုးတက်မည် ဖြစ်ပြီး ပို့ကုန်တန်ဖိုးများလည်း တက်စေမည် ဖြစ်သည်။
                တရုတ်အစိုးရ၏ ကြွေးမြီများသည် အမေရိကန်၊ ဂျပန်နှင့် ဥရောပနိုင်ငံများ ထက်စာလျှင် များစွာ နည်းပါးပြီး၊ 2008 ခုနှစ် ကမ္ဘာ့ငွေကြေး ကပ်ဆိုက်မှုကြောင့် ငွေများစွာ ထည့်သွင်းပေးပြီး လျင်မြန်စွာ ပြန်လည် ကုစားနိုင်ခဲ့သည်။
                ဘေဂျင်းသည် အချို့သော တရုတ်လူမျိုးများက အင်တာနက်တွင် အစိုးရက အမေရိကန် ငွေတိုက်စာချုပ် ဒေါ်လာ 3.2 ထရီလီယံ ဝယ်ယူ ထားမှုအား မေးခွန်းထုတ်မှုနှင့် ရင်ဆိုင်ရလျက်ရှိရာ ယခုသတင်းစာတွင် ဖော်ပြထားမှုများက ဝေဖန်မှုများ ကို ဖြေလျော့ရန် အထောက်အကူ ပြုမည် ဖြစ်သည်။ ငွေတိုက်စာချုပ်များမှာ အန္တရာယ် အနည်းဆုံး ပိုင်ဆိုင်မှုပစ္စည်းအဖြစ် မှတ်ယူရမည် ဖြစ်သော်လည်း၊ ဝါရှင်တန်တွင် အငြင်းပွားနေသော အချက်မှာ အစိုးရ ကြွေးမြီ ကန့်သတ်ချက်ကို တက်လာစေခြင်း Standard & Poor’s မှ အမေရိကန်၏ ခရက်ဒစ်ကို အဆင့်သတ်မှတ်ရာတွင် အဆင့် ကျဆင်းခြင်းတို့သည် တရုတ်တွင် သံချောင်းခေါက် သတိပေးမှုဖြစ်စေသည် ဟူသော အချက် ဖြစ်သည်။
                “တရုတ်က ရှုမြင်သကဲ့သို့ အမေရိကန်၏ မူဝါဒချမှတ်မှု မအောင်မြင်ခြင်းကို စိုးရိမ်မှုအပေါ် အာရုံပြုခြင်းဖြင့် တရုတ် တာဝန်ရှိသူများက တရုတ် သည် ကမ္ဘာလုံးဆိုင်ရာ မညီမျှမှုကို ဖန်တီးနေခြင်း၊ အမေရိကန် ငွေတိုက်စာချုပ်များ တွင် ရင်းနှီးမြှပ်နှံမှုမှာ ၎င်းတို့ အပေါ်တွင်သာ တည်မှီနေခြင်းဟု ယူဆနေမှု များကို အာရုံလွှဲနိုင်လိမ့်မည် ဖြစ်ပါသည်” ဟု စီးပွားရေး သုတေသနပညာရှင် Mark Williams က ဆိုသည်။
                တရုတ်ဒေသဆိုင်ရာ အစိုးရများသည် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း နှင့် အခြားကုန်ကျငွေများအတွက် ပေးချေရမှုများ အတွက် ဘဏ် ချေးငွေ ဒေါ်လာ ( 1.6 ) ထရီလီယံ ကြွေးမြီ တင်ရှိနေသည်ဟု ကြေညာခဲ့ရာ Beijing သည် ၎င်း၏ ကြွေးမြီပြဿနာနှင့် ရင်ဆိုင်ရလျက် ရှိသည်။ သို့သော် စီးပွားရေး တိုးတက်မှု မြင့်မားခြင်းသည် ၎င်းကိစ္စကို အလွယ်တကူ စီမံခန့်ခွဲနိုင်လိမ့်မည် ဟူသော သဘောဖြစ်သည် ဟု သုံးသပ်သူများက ပြောသည်။
                Bank of China မှ Xiao နှင့် အခြား သုံးသပ်သူများက ပြောကြားရာတွင် ဝါရှင်တန်သည် ဘတ်ဂျက်နှင့် ကုန်သွယ်ရေးလိုငွေပြမှု လျှော့ချရန် ရေရှည် ပြုပြင်ပြောင်းလဲရေးအတွက် အာရုံပြုရန်နှင့် ငွေစုရန်၊ အလုပ်အကိုင် ဖန်တီးပေးရေး မြှင့်တင်ရန် ပြောဆိုခဲ့သည်။
                “သူတို့ဟာ ဆင်းရဲမွဲတေမှု ကိစ္စကို ဖြေရှင်းဖို့ လုပ်သင့်ပါတယ်” ဟု ပီကင်းတက္ကသိုလ် Development Research Institute မှ သုတေသနပြုသူ Xu Jianguo က တရုတ်ကွန်မြူနစ် ပါတီသတင်းစာ People’s Daily မှ ထုတ်ဝေသော Global Time တွင် ရေးသားခဲ့သည်။
*************************************************************************************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs
yangonchronicle 2011
yangonchronicle 2011
၁၇.၈.၂၀၁၁
ပြည်တွင်းသတင်းများ
ရန်ကုန်တိုင်းဒေသကြီးရှိမြို့နယ်အချို့တွင် FTTX စနစ်အား စက်တင်ဘာလတွင် စတင်သုံးစွဲခွင့်ပြုမည်
ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၇ ခုတွင် FTTX စနစ်ဖြင့် အင်တာနက်သုံးစွဲခွင့်အား ယခုနှစ် စက်တင်ဘာလမှ စတင်ကာ ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း Elite-Tech ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးမှ ပြောကြားခဲ့သည်။
မြန်နှုန်းမြင့် အင်တာနက်သုံးစွဲနိုင်မည့် FTTX ဝန်ဆောင်မှုစနစ်ကို ရုပ်သံလိုင်း၊ အင်တာနက်၊ ဖုန်းဝန်ဆောင်မှုများ ပေးနိုင်ရန် ရည်ရွယ်ကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခုပထမဆုံး အသုံးပြုခွင့်ပေးမည့်စနစ်တွင် ရုပ်သံလိုင်းဝန်ဆောင်မှုအား သုံးစွဲခွင့် မပြုသေးဘဲ အင်တာနက်နှင့် ဖုန်းအသုံး ပြုရန်သာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် FTTX စနစ်သုံးစွဲနိုင်ရန် ဝန်ဆောင်မှုကို ကုမ္ပဏီ ၁၀ခုမှ လုပ်ကိုင်ခွင့်ရရှိထားပြီး စက်တင်ဘာလ တွင် သုံးစွဲနိုင်ရန် Elite-Tech ကုမ္ပဏီနှင့် Fortune International ကုမ္ပဏီနှစ်ခုမှသာ ဝန်ဆောင်မှု ပေးသွားမည်ဖြစ် ကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီ ၂ ခုမှ လသာ၊ လမ်းမတော်၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ပုဇွန်တောင်၊ ကြည့်မြင် တိုင်၊ ဗိုလ်တထောင်မြို့နယ်များတွင် အရင်ဆုံးဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ FTTX စနစ် ဝန်ဆောင်မှုအတွက် ရုပ်သံလိုင်း၊ အင်တာနက်၊ ဖုန်းသုံးမျိုးစလုံးအတွက် ကနဦးတပ်ဆင်ခ ကျပ် ၉ သိန်းနှင့် အင်တာနက်နှင့် ဖုန်း ဝန်ဆောင်မှုအတွက် ကျပ် ၇ သိန်းခွဲ ကျသင့်မည်ဖြစ်ကြောင်းသိရသည်။ FTTX စနစ်ကဲ့ သို့ အင်တာနက်နှင့် ဖုန်းသုံးစွဲနိုင်မည့် ADSL အင်တာနက်လိုင်းများကို ယခုလမှစတင်ကာ ကျပ် ၅ သိန်းဖြင့် ချပေး နေကြောင်း သိရသည်။
FTTX စနစ်၏ အင်တာနက်မြန်နှုန်းများမှာ 512Kbps၊ 1MB၊ 2MB၊ 4MB၊ 8MB ထိရှိပြီး 4 MBနှင့် 8 MB သုံးစွဲ လိုသူများအနေဖြင့် သီးခြားထပ်မံလျှောက်ထားရန် လိုအပ်ကြောင်း သိရသည်။
      Ref : Popular News
-----------------------------------------------------------------------------------------------------------------------------------
နိုင်ငံတော်ဘတ်ဂျက်ဖြင့် ပြည်သူများအတွက် ငွေစုငွေချေးလုပ်ကိုင်မှု စတင်
သတ္တုတွင်းဝန်ကြီးဌာနမှ ဦးဆောင်၍ နိုင်ငံတော်ဘတ်ဂျက်ငွေဖြင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်း ရပ်ကွက်နေ ပြည်သူများအတွက် ချေးငွေများ ရရှိနိုင်စေရန် စီစဉ်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ ဝိုင်းကြီးချုပ်စနစ်ဖြင့် ငွေစုငွေချေးလုပ်ငန်းကို သတ္တုတွင်းဝန်ကြီးဌာနမှ ဦးဆောင်ကြပ်မတ်၍ နိုင်ငံတော် ဘတ်ဂျက်ငွေနှင့် စေတနာရှင် မြို့ပေါ်စီးပွားရေးလုပ်ငန်းရှင်များ၏ မတည်ငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ယခု ငွေစုငွေချေး လုပ်ငန်းသည် နိုင်ငံတော်မှ ဦးဆောင်၍ ပြုလုပ်သည့် လုပ်ငန်းဖြစ်သည့်အတွက် ပြည်သူများ ငွေစုငွေချေး ပြုလုပ်ရာတွင် အတိုးနှုန်း သက်သာစွာနှင့် ချေးငွေများ ရရှိနိုင်မည်ဖြစ်ပြီး ယခုလုပ်ငန်းသည် ငွေစုငွေချေး လုပ်ငန်းဖြစ်သည့်အတွက် ပြည်သူများ ငွေအရင်စုမှသာ ချေးငွေရရှိနိုင်မှာ ဖြစ်ကြောင်း ရပ်ကွက်အမှုဆောင်အဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
နိုင်ငံတော်မှ ပြုလုပ်ပေးသည့် ငွေစုငွေချေးလုပ်ငန်းရပ်တွင် မြို့နယ်နေပြည်သူများချေးငွေ ရရှိနိုင်ရန်ငွေစုငွေချေး အသင်းဝင်ခွင့်လျှောက်လွှာ၊ ချေးငွေလျှောက်လွှာနှင့် ချေးငွေစာချုပ်များတွင် ၅ ယောက်တစ်အုပ်စုအနေနှင့် အဖွဲ့ဝင်အဖြစ် ဖြည့်သွင်းလျှောက်ထားရှယ်ယာဝင်၍ ၎င်း အဖွဲ့ဝင် ၅ ယောက်မှ ငွေကြေးပမာဏ တူညီစွာဖြင့် ချေးငွေ ရယူရမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အစီအစဉ်များအရ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်အချို့ တွင်လည်း ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဗပိာုကော်မတီများကို ဖွဲ့စည်းပြီး နိုင်ငံတော်မှ ချမှတ်ထားသည့် လုပ်ငန်းကြီး ၈ ရပ်နှင့်အညီ စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
                                                      Ref: Popular News
-----------------------------------------------------------------------------------------------------------------------------------
စည်ပင်သာယာရေးကော်မတီ အသစ်ပြန်လည် ဖွဲ့စည်းမည်
အစိုးရသစ်လက်ထက်မှ စတင်၍ မြန်မာနိုင်ငံရှိ မြို့တော်စည်ပင်သာယာရေးအဖွဲ့နှင့် နယ်စပ်စည်ပင်သာယာရေး အဖွဲ့များကို ဖျက်သိမ်းပြီး အသစ်ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ စည်ပင်သာယာရေးအဖွဲ့အစည်းများကို ဖျက်သိမ်းလိုက်ရခြင်းမှာ မြန်မာနိုင်ငံ၌ အစိုးရသစ်အာဏာ တည်ပြီးချိန်မှစ၍ အသက် ဝင်လာသည့် ဖွဲ့စည်းပုံအခြေခံ ၂၀၀၈ နှင့် ကိုက်ညီမှုမရှိတော့သည့်အတွက် ၎င်း အဖွဲ့အစည်းများကို ဖျက်သိမ်းလိုက်ရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံရှိ စည်ပင်သာယာရေးအဖွဲ့အစည်းများကို ဖျက်သိမ်းလိုက်သော်လည်း ကော်မတီအနေနှင့်မူ ဆက်ရှိ နေဦးမည်ဖြစ်ပြီး မြို့တော်စည်ပင်မှ သုံးစွဲရမည့် ငွေကြေးများကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများမှ သုံးလတစ်ကြိမ်ခန့် ဘတ်ဂျက်ချထားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဖျက်သိမ်းလိုက်မည့် အဖွဲ့များနေရာတွင် အသစ်ပြန်လည်ဖွဲ့စည်းမည့် စည်ပင်အဖွဲ့များကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး၏ တိုက်ရိုက် ကြပ်မတ်မှုအောက်တွင် ထားရှိသွားမည်ဖြစ်ပြီး အသစ်ပြန်လည်ဖွဲ့စည်းပြီးပါက မြန်မာနိုင်ငံလုံး၌ စည်ပင်သာယာရေးလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ယခင်က ရန်ကုန်နှင့် မန္တလေးစည်ပင်သာယာရေး ကော်မတီအား နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဥက္ကဋ္ဌက တိုက်ရိုက် ကိုင်တွယ်ခဲ့ပြီး ကျန်ပြည်နယ်နှင့် တိုင်းများရှိ စည်ပင်သာယာရေး ဌာနများကိုမူ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖံွ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာန၏ လက်အောက်တွင် ထားရှိခဲ့သည်။ ယခုအခါတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီကို သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှု အောက်တွင် ထားရှိမည်ဖြစ်ပြီး ကျန်ပြည်နယ်နှင့်တိုင်းများရှိ စည်ပင်သာယာရေး ဌာနများကို ယင်းတိုင်းဒေသကြီးနှင့် ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးဌာနများ လက်အောက်သို့ ရောက်သွားသည့် သဘောဖြစ်ပါသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၈၈ ပုဒ်မခွဲ ၈(က) အရ စည်ပင်သာယာရေးကို စီမံခန့်ခွဲမှုကဏ္ဍ အောက်တွင် ထည့်သွင်းရည်ညွှန်း ထားသည်ကို တွေ့ရသည်။ စီမံခန့်ခွဲရေးကဏ္ဍတွင် (က) စည်ပင်သာယာရေး၊ (ခ) မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေး၊ (ဂ) ဂုဏ်ထူးဆောင် လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ပါဝင်သည်ကို တွေ့ရသည်။
                                                            Ref: 7day News
-----------------------------------------------------------------------------------------------------------------------------------
မြောက်ကိုရီးယားစားနပ်ရိက္ခာရှားပါးလာ၍ မြန်မာ့ဆန်ဝယ်ယူရန်ကြိုးပမ်း
မြောက်ကိုရီးယားနိုင်ငံ၌ လက်ရှိအချိန်တွင် စားနပ်ရိက္ခာရှားပါးလာသည့်အတွက် မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် မြောက်ကိုရီးယား နိုင်ငံမှအရာရှိများ လာရောက်လည်ပတ်ခဲ့ပြီး မြန်မာ့ဆန်အား မြောက်ကိုရီးယား နိုင်ငံသို့ တင်ပို့ရောင်းချရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
၎င်း ဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာ အချက်အလက်များကိုမူ အသေးစိတ် ထုတ်ပြန် ကြေညာခြင်း မရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံရှိ ရန်ကုန်ဆိပ်ကမ်းတစ်ခုတွင် ပြီးခဲ့သည့်တစ်ပတ်အတွင်းမှ စတင်၍ မြောက်ကိုရီးယား အလံတင်  ကုန်တင်သင်္ဘော (Tamangang) တစ်စီးရပ်နားထားကြောင်း သိရသည်။
လက်ရှိအချိန်၌ မြောက်ကိုရီးယားနိုင်ငံတွင် ယခင်နှစ်များက ဆိုက်ကပ်ခဲ့သည့် ရေလွှမ်းမိုးမှုအပါအဝင်  သဘာဝ ဘေးအန္တရာယ်ဆိုးများကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုခံစားနေကြရခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် လပိုင်းအတွင်းကလည်း မြောက်ကိုရီးယားနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ကမ္ဘောဒီးယား နိုင်ငံသို့ သွားရောက်ခဲ့ပြီး  ဆန်ဝယ်ယူရန် ကြိုးစားခဲ့ကြကြောင်း သိရသည်။
                                                            Ref: ပြည်သူ့ခေတ်
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရရှိရန် ရှမ်းတိုင်းရင်းသား မျိုးနွယ်စုများ အသနားခံစာတင်
ကချင်ပြည်နယ်အတွင်း မငြိမ်သက်မှုများကို နှစ်ဖက်သော ခေါင်းဆောင်များမှ မေတ္တာ ကရုဏာ ရှေ့ထားပြီး ထာဝရငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန် ရှမ်းတိုင်းရင်းသားလူမျိုးစု ၄ ခုမှ  ရှမ်းမျိုးနွယ်စု ကိုယ်စားလှယ် ၁၂ ဦးတို့မှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့က အသနားခံစာ တစ်စောင် ပေးပို့ခဲ့ကြောင်း သိရသည်။
ရှမ်းမျိုးနွယ်စု ကိုယ်စားလှယ်များ ဖြစ်ကြသော တိုင်းလုံမျိုးနွယ်စုမှ ဦးစိုင်းမောင်ရွှေ၊ ဦးစိုင်းယီကျန်၊ ဦးစိုင်းထွန်းဖေ၊ ဦးစိုင်းအိုက်ပုနှင့် ဦးစိုင်းအိုက်၊ တိုင်းခမ်းတီးမျိုးနွယ်စုမှ ဦးစောနွဲ့ဆားတော်နှင့် ဦးစောဆွေ၊ တိုင်းလိုင်မျိုးနွယ်စုမှ ဦးမြတ်ခိုင်၊ ဦးခင်အောင်နှင့် ဦးစိုင်းစိန်အုန်း၊ တိုင်ဆာမျိုးနွယ်စုမှ ဦးမာဂမ်၊ တိုင်းလေမျိုးနွယ်စုမှ ဦးစိုင်အောင်စိန်တို့ မှ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ၂၀၁၁ ခုနှစ် ဇူလိုင်လ (၂၄) ရက်တွင် ထာဝရငြိမ်းချမ်းရေး ရရှိအောင် အချက် ၄ ချက်ပါရှိသည့် အသနားခံတင်ပြစာ တစ်စောင်အား ပေးပို့ခဲ့ကြောင်း သြဂုတ်လ ၁၇ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည်။
အဆိုပါ တင်ပြစာတွင် ကချင်ပြည်နယ်အတွင်း မငြိမ်မသက် ဖြစ်ပွားလာပြီး ကချင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု အားနည်းလာသည့်အတွက် လက်ရှိနေထိုင်လျက်ရှိသော ပြည်နယ်သူ ပြည်နယ်သား အားလုံးသည် ကိုယ်စိတ်နှလုံး ချမ်း မြေ့မှု အပြည့်အဝ မခံစားရတော့သဖြင့် နှစ်ဖက်သော ခေါင်းဆောင်များမှ မေတ္တာကရုဏာ ရှေ့ထားပြီး ထာဝရ ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်ပေးကြရန် ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင် ကြသော ရှမ်းတိုင်းရင်းသား မျိုးနွယ်စုများမှ အထူးအသနားခံ တင်ပြအပ်ပါသည် ဟုပါရှိသည်။
ကချင်ပြည်နယ်အတွင်း နေထိုင်ခဲ့ပြီး ရန်ကုန်မြို့တွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးမှ ယခုကဲ့သို့ ကချင် ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ရရှိရန် တင်ပြခဲ့ခြင်း အပေါ် ဖြစ်သင့်သည်ဟု ပြောကြားကာ တစ်နိုင်ငံလုံး အနေအထားအရ ငြိမ်းချမ်းရေးရရှိရန် ကြိုးစား ဆောင်ရွက်သင့်ကြောင်း ပြောကြားသည်။
ကချင်ပြည်နယ်အတွင်း ကချင်မျိုးနွယ်စုများဖြစ်သည့် ဂျိန်းဖော၊ ရဝမ်၊ လီဆူ၊ လာချိတ်၊ လော်ဝေါ်၊ ဇိုင်ဝါး၊ ရှမ်းမျိုးနွယ်စုများဖြစ်ကြသည့် တိုင်းလိုင်၊ တိုင်းဆာ၊ တိုင်းလေ၊ တိုင်းလုံ၊ တိုင်းခမ်းတီး စသည့်လူမျိုးစုများ အများစု နေထိုင် လျက်ရှိပြီး ဗမာနှင့် အခြားမျိုးနွယ်စုများ နေထိုင်လျက်ရှိကြောင်း သိရသည်။
                                                                        YC
-----------------------------------------------------------------------------------------------------------------------------------
မန္တလေးဂျာနယ်များ ပြည်ခိုင်ဖြိုးကို ဖြတ်သန်းပြီးမှ သတင်းတင်ခွင့်ရ
မန္တလေးတွင် အခြေစိုက်ထားသော ဂျာနယ်အချို့အား စာမူများကို ဂျာနယ်တိုက်သို့ မပို့မှီ ပြည်ခိုင်ဖြိုးပါတီထံ တင် ပြရသည်ဟု မန္တလေးမှ ရွေးကောက်ပွဲဝင်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးက ပြောကြားသည်။
“မန္တလေးက ဂျာနယ်လစ်တော်တော်များများနဲ့ ကျွန်တော်တွေ့ဆုံ စကားပြောခြင်းမရှိပါဘူး။ သူတို့ဟာ တိုက်ကို သတင်းမတင်ခင် ပြည်ခိုင်ဖြိုးကို အရင်သံတော်ဦးတင်နေရလို့ပါ။ ဒီကိစ္စကို ကျွန်တော် သက်သေ အထောက်အထားနဲ့ တကွ သိထားပါတယ်။ အခြေအနေပေးတဲ့နေ့ကျရင် ကျွန်တော် ဖော်ထုတ်မှာပါ”  ဟု အဆိုပါ အမည်မဖော်လိုသူ လွှတ်တော် ကိုယ်စားလှယ်လောင်းက ပြောကြားခဲ့သည်။
“ဒါက အမှန်ပဲလေ။ မန္တလေးမှာထုတ်တဲ့ ဂျာနယ်ခြောက်စောင်လုံး ပြည်ခိုင်ဖြိုး ရုံးထဲမှာ ရိုက်ရတာကိုး၊ မထူးဆန်းပါဘူး” ဟု ဝါရင့် သတင်းထောက် တစ်ဦးက အတည်ပြုပြောကြားခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီသို့ သတင်းယူရန်နှင့် အခြားကိစ္စများအတွက် ဝင်ရောက်လာသည့် သတင်းထောက်များ၊ လူ ပုဂ္ဂိုလ်များကို ပြည်ခိုင်ဖြိုးရုံးချုပ်၏ အစောင့်များက မောက်မာစွာ မေးမြန်းဆက်ဆံလေ့ရှိသည်ဟုလည်း ဒေသခံများက ဆိုသည်။
“မန္တလေးက ဂျာနယ်တွေ ပြည်ခိုင်ဖြိုးကို အရင်စာမူပြရတယ်လို့ ကျွန်တော်တို့ ကြားတာတော့ ကြာပါပြီ ၊ သေချာမသိသေးလို့ ပါ” ဟု  ဆေးတက္ကသိုလ် ကျောင်းသားတစ်ဦးက ဆိုသည်။
ပြည်ခိုင်ဖြိုးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၏ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် နေရာအားလုံး အနိုင်ရရှိပြီး တိုင်းဒေသကြီး လွှတ်တော် တစ်နေရာသာ ဆုံးရှုံးခဲ့ကြောင်း သိရပြီး ထိုစဉ်က ကြိုတင်မဲများမှာ ထောင်နှင့်ချီရိုက်ထားခဲ့ကြောင်း စွပ်စွဲချက်များ ထွက်ပေါ်ခဲ့ဖူးသည်။
YC
-----------------------------------------------------------------------------------------------------------------------------------
လွှတ်တော်တွင်း ရပ်ကွက်/ကျေးရွာများနှင့်ဆိုင်သော ဥပဒေတင်ပါက တစည ဝင်ရောက်ဆွေးနွေးမည်
၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့၌ ကျင်းပမည့် ဒုတိယအကြိမ် လွှတ်တော်ပုံမှန် အစည်းအဝေးတွင် ရပ်ကွက်/ကျေးရွာများ နှင့်ဆိုင်သော ဥပဒေများ တင်ပြဆွေးနွေးပါက တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီမှ ဝင်ရောက် ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ရပ်ကွက်/ကျေးရွာများနှင့် ဆိုင်သော ဥပဒေ အကြောင်းအရာ ကိစ္စရပ်များတွင် တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီမှ ဝင်ရောက် ဆွေးနွေးနိုင်ရန် လွှတ်တော် အထောက်အကူပြု ကော်မတီကို စက်တင်ဘာလတွင် ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း တစညပါတီမှ တာဝန်ရှိသူ တစ်ဦး ကပြောကြားခဲ့သည်။
၎င်း တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီမှ ဖွဲ့စည်းမည့် လွှတ်တော်အထောက်အကူပြု ကော်မတီကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍအလိုက်  ကျွမ်းကျင်သည့် ပုဂ္ဂိုလ် ၂၀ ဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်း ဖွဲ့စည်းမည့် လွှတ်တော် အထောက်အကူပြု ကော်မတီမှ အဓိကလုပ်ဆောင်မည့် ကိစ္စရပ်များမှာ လွှတ်တော် အတွင်း တင်ပြသည့် ကိစ္စရပ်များ အပေါ်တွင် ရှုထောင့်ပေါင်းစုံမှနေ၍ တစည လွှတ်တော်ကိုယ်စားလှယ်များ ဝင်ရောက်ဆွေးနွေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ပြီး တစညပါတီမှ ကိုယ်စားလှယ်များ လွှတ်တော်တွင်း၌ ဆွေးနွေးခြင်း၊ မေးခွန်းအဆိုပြုခြင်းများတွင် အထောက်အပံ့ပေးနိုင်ရန် ၎င်းကော်မတီကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း ၎င်းမှ ဆက်လက် ပြောကြားခဲ့သည်။
                                                            Ref : Yangon Time
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
“ဖေ့စ်ဘွတ်ခ်မှာဆိုရင် မိုက်ခဲတွေက အများကြီး။ Status လေးတစ်ကြောင်း တင်လိုက်တာနဲ့ ဝိုင်းပြီး ဆွမ်းကြီး လောင်းကြ တာတွေက အများကြီး။ သူများ Wall မှာသာလိုက်ရေးနေကြတာ၊ ကိုယ့် Wall မှာ ကိုယ့်ဖာသာကိုယ် ရေးထားတဲ့ Note ဘာမှ မရှိရုံမက ကိုယ်ဘယ်သူဘယ်ဝါဆိုတာတောင် ပီပီပြင်ပြင်ရေးမထားဘူး။ အဲဒီလို ကိုယ့် ကိုယ်ကို ဘယ်သူဘယ်ဝါ လို့တောင် မပြောရဲတဲ့သူက စင်ပေါ်တက်ပြီး ကိုယ်နားလည်တာ ကိုယ်ယုံကြည်တာကို ပြောရင်ပဲ ဆဲချင်ကြ၊ တုတ်နဲ့ပစ်၊ ခဲနဲ့ထုချင်ကြတဲ့က အများကြီး”
သြဂုတ် ၁၈ ထုတ် Popular News အတွဲ(၃) အမှတ် (၃၂) တွင်ပါသည့် ဆောင်းပါးရှင် ခင်မောင်ညို(ဘောဂဗေဒ) ၏ “ပွဲအပြန်” ဆောင်းပါးမှ ကောက်နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
“သဘာဝပတ်ဝန်းကျင်ဆိုတာ ပြဿနာကကိုယ်တစ်ယောက်တည်းလည်း ဖြစ်တာမဟုတ်ဘူး။ တစ်ရပ်ကွက်လုံး မီးလောင်ရင် ကိုယ်လည်းမလွတ်ဘူး။ သဘာဝ ပတ်ဝန်းကျင်ဆိုတာ အခုကမ္ဘာကိုထွက် ကြည့်လိုက်ရင် တရုတ်လည်း မုန်တိုင်းဒဏ် တောက်လျှောက်ခံရတာ။ သဘာဝပတ်ဝန်းကျင် ဆိုတာကြီးကတော့ ဝိုင်းကြီးချုပ်ပဲ။ သဘာဝ ပတ်ဝန်းကျင် ဆိုတာကြီး ကောင်းလာဖို့ကတော့ ကိုယ့်ဘက်ကလည်း ပြင်ရမယ်။ ကိုယ်ပြင်ထားရင်လည်း သူများကဖျက်ရင် ပျက်တာပဲ။ ဘာလုပ်မလဲဆိုတာတော့ ထိခိုက်နစ်နာမှုနည်းနိုင်သမျှ နည်းအောင် ပြင်ဆင်ရမှာပေါ့။ ဥပမာအားဖြင့် ဒီရေတောတွေ စိုက်တာ။ ရေကာတာတွေဆောက်တာ။ မုန်တိုင်းဒဏ် ခံနိုင်တဲ့ ဆိုင်ကလုံး ရှဲလ်တာတွေ ဆောက်တာ။ ကြိုပြီး စားနပ်ရိက္ခာတွေ ပြင်တာ စသည်ဖြင့်ပေါ့။ ကြိုပြင်ဆင်ထားတာ။ ဖြစ်လာတော့မှ ဘယ်သူ့ဘယ်သူ လိုက်လက်ညှိုးထိုးနေလို့ မရတော့ဘူး။ ဒါကြောင့် အားလုံဝိုင်းဝန်းကြမှ ရမယ်ဆိုတာ အဲဒါ ကိုပြောတာ”
သြဂုတ် ၁၈ ထုတ် Popular News အတွဲ(၃) အမှတ် (၃၂) တွင်ပါသည့် နိုင်ငံတော်သမ္မတရုံး နိုင်ငံရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်နှင့် ပြောကြားချက်အပေါ် ကောက်နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
 “ဝန်ကြီးဌာနအောက် ရောက်သွားတာကတော့ သေချာပါတယ်။ ဒါပေမဲ့ ကော်မတီအနေနဲ့ကတော့ ရှိနေဦးမှာပါ။ အခု မြို့တော်စည်ပင်က သုံးစွဲတဲ့ ဘတ်ဂျက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက သုံးလတစ်ကြိမ် ချပေးတယ်။ အရင်က ကိုယ့် ဘတ်ဂျက်ကိုကိုယ်သုံးခဲ့ကြတာ”                                              
သြဂုတ် ၁၈ ထုတ် 7DAY NEWS အတွဲ (၁၀) အမှတ် (၂၂) တွင်ပါသည့် “စည်ပင်သာယာရေးအဖွဲ့များကို ဖျက်သိမ်းကာ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအောက်တွင် အသစ်ဖွဲ့စည်းမည်” သတင်းမှကောက်နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
မေး- အရက်စွဲသူတွေများလာရင် လူ့အဖွဲ့အစည်းအတွက် ဆိုးကျိုးတွေ ဘယ်လိုရှိနိုင်မလဲဆရာ။
ဖြေ- သူတို့ခေါ်တော့ Social Economic and Health Impact ပေါ့။ ဥပမာ၊ လူတစ်ယောက် အသည်းခြောက်လို့ ဆေးရုံ တက်ရရင် ဒီလူ အလုပ်ပျက်မယ်။ သူ့မိန်းမက loss of labour ဖြစ်မယ်။ သူဆေးကုရင် ဝယ်ရမယ့် ဆေးတွေက နိုင်ငံခြားက ဆေးတွေလေ။ တွက်ကြည့်လိုက်ရင်တော့ လူတစ်ယောက် အရက်စွဲတာဟာ သူ့တစ်ယောက်တည်းအတွက် ကုန်ကျတာကို တွက်လို့မရဘူး။ နိုင်ငံတော်အတွက် အများကြီး နစ်နာတာတွေ ရှိတယ်။ သူ့ပတ်ဝန်းကျင်မှာ မှီခိုနေတဲ့ လုပ်ငန်းတစ်ခုလုံး ရပ်ဆိုင်းသွားမယ်။ Health Economic တွေ တွက်ကြည့်ရမှ ဘယ်လောက်ကြီး ဆိုးမယ်ဆိုတာ သိမယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ဆရာ့ကို Health Economic တစ်ယောက်က တွက်ပြဖူးတယ်။ Impact က တော်တော် ရှိတယ်။
သြဂုတ် ၁၈ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၂) အမှတ် (၅၆) တွင်ပါသည့် ဒေါက်တာခင်မောင်ဝင်းနှင့် အင်တာဗျူး ကောက်နှုတ်ချက်
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
ဆောင်းပါးကဏ္ဍ
သိမ်မွေ့စွာ ကိုင်တွယ်ရမည့် မြန်မာပြည်မှ တရုတ်များအရေး
ဒီနေ့ မြန်မာနိုင်ငံအပေါ်မှာ သြဇာအညောင်းဆုံးနိုင်ငံကတော့ တရုတ်ပြည်ပဲဖြစ်ပါတယ်။ စစ်တပ် အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံကို ဝိုင်းဝန်းပိတ်ဆို့ထားချိန်မှာ အာဏာရှင်အစိုးရအနေနဲ့ အားကိုးရှာတော့ အိမ်နီးချင်းတရုတ်ပြည်ကို သွားတွေ့ပါတယ်။ အဲ့ဒီတည်းက တရုတ်ရဲ့ ဗီတိုမဲ တစ်မဲရဖို့အရေး တရုတ်တွေ တောင်းဆိုသမျှ လိုက်လျောခဲ့ရပါတယ်။ နိုင်ငံရဲ့ သယံဇာတ အားလုံးနီးပါး တရုတ်ကို အောက်ကြေးနဲ့ထိုးရောင်းရသလို ကိုးကန့်နဲ့ ဝ တိုင်းရင်းသားတွေကို အကြောင်းခံပြီး တရုတ်ပြည်ဘက်က လှိမ့်ဝင်လာတဲ့ တရုတ်တွေကိုလဲ လက်ခံခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ ရှမ်းပြည်မြောက်ပိုင်းနဲ့ မန္တလေးမြို့ကြီးဟာ ကိုးကန့်၊ ဝ စတဲ့ တိုင်းရင်းသားအမည်ခံဝင်ရောက်လာကြတဲ့ တရုတ်တွေကြောင့် တရုတ်ပြည် အငယ်စားနီးပါး ဖြစ်လာ ပါတော့တယ်။ လူဦးရေ သောင်းဂဏန်းတောင်မရှိတဲ့ ကိုးကန့် ဝ တိုင်းရင်းသားတွေဟာ ဘာကြောင့်များ မန္တလေးတစ်မြို့တည်းတင် သိန်းနဲ့ချီရှိနေရတာလဲဆိုတာ စဉ်းစားစရာပါ။
ဝင်ရောက်လာတဲ့ တရုတ်တွေအပေါ်မှာ ဒေသခံတွေအနေနဲ့ ဆန့်ကျင်မှု မရှိခဲ့ပါဘူး။ ကွန်မြူနစ်ပင်ဖြစ်သော်လည်း တရုတ်များအနေနဲ့ ဗုဒ္ဓဘာသာ ကိုလဲ လက်ခံနိုင်တဲ့အတွက် ယှဉ်တွဲနေထိုင်ရေးမှာလဲ ပြဿနာမရှိခဲ့ပါဘူး။ စီးပွားရေး ကျပ်တည်းနေတဲ့ ဒေသခံတွေရဲ့ အိမ်ခြံမြေတွေကို ဈေးကောင်းပေးဝယ် ကြတဲ့အတွက် ကယ်တင်ရှင်တွေလို ဖြစ်လာပါတယ်။ ပြီးတော့ တရုတ်လူမျိုးပိုင် လုပ်ငန်းတွေမှာ အလုပ်အကိုင်တွေ ရလာကြတဲ့ အတွက် တကော(အကိုကြီး)၊ ညန်း ညန်း(ဒေါ်လေး) စတဲ့ တရုတ်အသုံးအနှုန်းလေးတွေဟာလည်း ဒေသခံတွေရဲ့ အသုံးအနှုန်းတွေ ဖြစ်လာပါတော့တယ်။ မန္တလေးသားမှန်ရင် ခေါက်ဆွဲစားတဲ့အခါ တူကို ကျွမ်းကျွမ်းကျင်ကျင်ကိုင်နိုင်တဲ့ အလေ့အထလေးတွေလဲ ဖြစ်လာပါတယ်။ ဒီအထိ ဒေသခံနဲ့ နောက်ပိုင်း ဝင်လာတဲ့ တရုတ်တွေကြားမှာ ပြဿနာမရှိခဲ့ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။
တရုတ်တွေ ဝင်လာတဲ့ ရန်ကို သတိထားမိတဲ့ အုပ်စုတွေလဲ ရှိခဲ့ကြပါတယ်။ နောင်တစ်ချိန်မှာ မြန်မာ့ယဉ်ကျေးမှု ပျောက်ကွယ်ပြီး တရုတ်တွေက ဝါးမျိုသွားလိမ့်မယ်လို့ အပြင်းအထန် ကန့်ကွက်တဲ့ အုပ်စုတွေလဲရှိပါတယ်။ တရုတ်ပြည်နီးပါး ဖြစ်လာပါတော့တယ်။ နိုင်ငံရေးနဲ့ စာနယ်ဇင်းလောကမှာ နာမည်တစ်လုံးရှိခဲ့သူ လူထုဒေါ်အမာဟာ ဒီကိစ္စတွေကို အစောကြီးတည်းက ကြိုတင်သတိပေးခဲ့ပါတယ်။ အောင်ပင်လယ်ဆူးငှက်နဲ့ အခြားစာရေးဆရာများ ကလဲ တရုတ်အန္တရာယ်ကို တောက်လျှောက် ထောက်ပြခဲ့ကြပါတယ်။ နောက်တစ်ခုကတော့ ကိုးကန့်၊ ဝ ငြိမ်းချမ်းရေးအဖွဲ့အမည်ခံပြီး သောင်းကျန်း ချင်တိုင်း သောင်းကျန်း၊ ဗမာလူထုကို ရိုင်းပျစွာ ဆက်ဆံတဲ့ တရုတ်တွေကို မကျေနပ်ကြတဲ့ ဒေသခံတွေပါ။ ဒေသခံတွေအနေနဲ့ တရုတ် တစ်ယောက်နဲ့ ပြဿနာတက်ရင် ငြိမ်းချမ်းရေးကို နှောင့်ယှက်သူအဖြစ် အမှုပတ်ပါတယ်။ ငွေအင်အားတတ်နိုင်တဲ့ တရုတ်တွေကြောင့် ဒေသခံတွေအနေနဲ့ တရုတ်တွေနဲ့ တရားတဘောင် ရင်ဆိုင်ခြင်း မပြုနိုင်ကြပါဘူး။ ဒါကြောင့်လည်း တရုတ်မုန်းတီးရေး အုပ်စုတွေဟာ အားမကောင်းသော်လည်း အတိုင်းအတာတစ်ခုထိ ရှိနေကြ ပါတယ်။
မကြာသေးမှီကတော့ မန္တလေးမှာ တရုတ်ကုန်သည် အုပ်စုနဲ့ ဗမာဒေသခံတွေ တင်းမာမှုဖြစ်ခဲ့ပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်ဟာ ဒေသခံတွေအတွင်းမှာ တော်တော်ကျယ်ပြန့်လာပါတယ်။  အရင် အတူ ယှဉ်တွဲနေထိုင် ခဲ့သမျှ နောက်ပိုင်းဝင်လာတဲ့ တရုတ်တွေရဲ့ မောက်မာရိုင်းစိုင်းမှု၊ တရုတ်အလုပ်ရှင်နဲ့ ဗမာအလုပ်သမား တွေပြဿနာ စသည်ဖြင့် ကိစ္စမျိုးစုံဖြစ်နေခဲ့တာတွေက ကျောက်ဝိုင်းမှာ ပေါက်ကွဲလုနီးနီး ဖြစ်သွားခဲ့ပါတယ်။ ဒေသခံတွေ အနေနဲ့ စီးပွားရေးနိမ့်ပါးနေတာ၊ အစိုးရအပေါ်မှာ မကျေနပ်ချက် အတိုင်းအတာ တစ်ခုထိ ရှိနေတာစသည်ဖြင့် အတွင်းကြိတ် ဖြစ်နေတဲ့ ဒေါသတွေဟာတရုတ်လူမျိုး တွေဘက် မြှားဦးလှည့် သွားပြန်ပါတယ်။ ဒီကြားထဲမှာ မြန်မာတစ်ပိုင်းဖြစ်နေတဲ့ ဒေသခံ တရုတ်များကလဲ နောက်ဝင်လာတဲ့ တရုတ်တွေ အပေါ်မှာ အမြင်ကြည်လင်မှုမရှိကြပါဘူး။ နောက်ဝင်လာတဲ့ တရုတ်တွေက အစိုးရဌာနတွေမှာ အစစအရာရာ ငွေပေးပြီးလုပ်ကြတော့ မြန်မာအစိုးရ ဝန်ထမ်းများက ဒေသခံ တရုတ် တွေကိုလဲ လာဘ်ငွေအဆမတန်တောင်းပါတယ်။ ဒါကြောင့် ရိုးသားစွာ လုပ်ကိုင်စားရတဲ့ ဒေသခံ တရုတ်တွေကလဲ နောက် ဝင်လာတဲ့ တရုတ်တွေကို အမြင်မကြည်ကြပါ။
အခုနောက်ပိုင်းမှာတော့  တရုတ်ပြည်ရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ မြန်မာနိုင်ငံရဲ့ အဓိက အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ဆုံမှာ ရေကာတာတည်ဆောက်မယ့် ကိစ္စကို အထူးပြုပြောဆိုလာကြပါတယ်။ ဧရာဝတီမြစ်ကြီး ပျောက်သွားနိုင်တဲ့အတွက် မြန်မာပြည်သူတွေ ကြားထဲမှာ ဒီရေကာတာကိစ္စကို အပြင်းအထန် ဆန့်ကျင်ကန့်ကွက်မှုတွေ များလာပါတယ်။ မြန်မာအစိုးရကို မဆန့်ကျင်ရဲတဲ့ မြန်မာပြည်သူတွေဟာ တရုတ်အစိုးရကို မုန်းတီးမှု ပိုမို များပြားလာပါတယ်။ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေမှာ တရုတ်ပြည်ဘက်ပို့မယ့် ဓာတ်ငွေ့ပိုက်လိုင်းအတွက် လယ်မြေတွေ အသိမ်းခံရတာ၊ ရွာတွေ အရွှေ့ခံရတာဆိုတဲ့ သတင်းတွေကြောင့်လည်း တရုတ်အစိုးရကို ပိုမို မုန်းတီးလာကြပါတယ်။
အခုလို တရုတ်အစိုးရကို မုန်းလို့၊ မြန်မာပြည်ထဲက တရုတ်တွေကို မုန်းလို့ဆိုတဲ့ ခံစားချက်တွေကို အသုံးချပြီး နိုင်ငံရေး ကစားဖို့ ပြင်ဆင်လာတဲ့ အုပ်စုတွေလဲ ရှိပါတယ်။ ပြည်ပအခြေစိုက်တွေဟာ လူထုကို လမ်းပေါ်တင်ချင်တဲ့အခါ တရုတ်အစိုးရ ဆန့်ကျင်ရေး၊ မြစ်ဆုံ ရေကာတာ ဆန့်ကျင်ရေးတွေကို လှုံ့ဆော်ပြီး လမ်းပေါ်ရောက်အောင်တင်ပါတယ်။ ပြည်တွင်းအခြေစိုက် နိုင်ငံရေးသမားများကလည်း ပြည်သူထောက်ခံမှုရဖို့ မြစ်ဆုံကိစ္စ၊ တရုတ်တွေ တရားမဝင် ပိုင်ဆိုင်ထားတဲ့ ကိစ္စတွေ စိစစ်ဖို့ ဆိုတာတွေ အသံလွှင့်လာကြပါတယ်။ ဒါကို စိတ်ခံစားမှုကို ဦးစားပေးတဲ့ ကျွန်တော်တို့ ပြည်သူတွေ ကောင်းကောင်း အသုံးချခံရဖို့ရှိပါတယ်။ အသုံးချခံရရင် တရုတ်-မြန်မာ အရေးအခင်းဟာ သေချာပေါက်ကို ဖြစ်တော့မှာပါ။ နိုင်ငံတကာမှာလဲ ဒီလို အရေးအခင်းတွေဟာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ တိုင်းပြည်ကျပ်တည်းတဲ့ တစ်နေ့ နိုင်ငံရေး ထွက်ပေါက်အနေနဲ့ ဖြစ်နိုင်ဖွယ်ရာ ရှိကိုရှိပါတယ်။ လူမျိုးရေး အဓိကရုဏ်းဖြစ်တဲ့ တိုင်းပြည်တွေဟာ တည်ငြိမ်မှုနည်းပြီး ဖွံ့ဖြိုးတိုးတက်မှု ဆုတ်ယုတ်သွားတတ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ အဆိုပါ ပြဿနာတွေ ဖြစ်မလာဖို့ဆိုတာ သိမ်မွေ့နက်နဲစွာ ကိုင်တွယ်ရမယ့် ကိစ္စလည်းဖြစ်ပါတယ်။
ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံတွေမှာ တရုတ်လူမျိုးတွေဟာ သူတို့ကိုယ်သူတို့ ထိုင်း၊ စင်္ကာပူ လူမျိုးတွေအဖြစ်သာ ခံယူကြပြီး တရုတ်လူမျိုးဆိုတာကို ငြင်းပယ်လေ့ရှိပါတယ်။ မိမိနေထိုင်ရာ နိုင်ငံရဲ့ လူမျိုးအဖြစ်သာ ဂုဏ်ယူလေ့ ရှိကြပါတယ်။ ဒါဟာ သူတို့နေထိုင်ရာ နိုင်ငံတွေက တရုတ်လူမျိုးရယ်လို့ ခွဲခြားဆက်ဆံခြင်းမရှိတဲ့အပြင် မိမိနိုင်ငံသားအဖြစ် ဂုဏ်ယူချင်စိတ်ပေါက်လာအောင် မူဝါဒတွေ ပြင်ဆင်ထားလို့ပဲဖြစ်ပါတယ်။ အဓိက အချက်ကတော့ တန်းတူညီမျှ အခွင့်အရေး ပေးထားခြင်းပါပဲ။ တန်းတူရည်တူရှိမှုကြောင့် သူငါ ကွဲပြားမှု မရှိတော့ဘဲ မိမိနေထိုင်ရာ နိုင်ငံသားအားလုံးဟာ တစ်စုတစ် စည်းတည်း ဖြစ်လာကြပါတယ်။
မြန်မာနိုင်ငံမှာ ရှိနေတဲ့ တရုတ်လူမျိုးတွေအားလုံးကို တရုတ်ပြည်ပြန်ပို့ဖို့ဆိုတာ မလွယ်လှတဲ့ ကိစ္စတစ်ခုပါ။ အချို့ဟာ နယ်စပ်မှာ နှစ်ပေါင်းများစွာ နေထိုင်လာတဲ့အတွက် မြန်မာပိုင်နက်က တရုတ်လူမျိုးဟာ မြန်မာနိုင်ငံသား အဖြစ်သာ ရှိနေပါသေးတယ်။ တရုတ်ပြည်ကို နှင်ထုတ်ဖို့လည်း မဖြစ်နိုင်တော့တဲ့ အခြေအနေပါ။ နိုင်ငံသားအဖြစ် အသိအမှတ်ပြု မယ်ဆိုရင်လည်း သန်းနဲ့ချီတဲ့ တရုတ်လူမျိုးတွေ လှိမ့်ဝင်လာမယ့် ပြဿနာကလဲ ရှိပြန်ပါတယ်။ ဒါကြောင့် တရုတ် လူမျိုးတွေကို နိုင်ငံသားအဖြစ် သွတ်သွင်းဖို့ ဆိုရင် မြန်မာနိုင်ငံရဲ့ သစ္စာကို ဘယ်လောက်ထိ စောင့်သိရိုသေသလဲ၊ မြန်မာ လူမျိုးအဖြစ် ဘယ်လောက်ခံယူချက်ရှိသလဲဆိုတာတွေနဲ့ တိုင်းတာပြီး နိုင်ငံသားလျှောက်ထားခွင့်ပေးရပါမယ်။ နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ လုံလောက်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ရပါမယ်။ ဥပမာ မျိုးရိုးစဉ်ဆက်ဇယားကြည့်ခြင်း၊ မြန်မာစကားနဲ့ မြန်မာစာတတ်မြောက်မှု အကဲဖြတ်ခြင်း၊ တရုတ်လူမျိုး ကောင်းစားရေး အသင်းအဖွဲ့တွေမှာ ပါဝင်ထားခြင်းရှိမရှိ၊ မြန်မာလူမှုရေးနယ်ပယ်မှာ ပါဝင်ထားခြင်းရှိမရှိဆိုတာတွေဖြစ်ပါတယ်။ ဒီလိုအရည်အချင်းနဲ့ ပြည့်စုံသူတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီး မပြည့်စုံသူတွေကိုတော့ နေရပ်ပြန်ပို့ခြင်း၊ ဧည့်နိုင်ငံသားအဖြစ်သာ အသိအမှတ်ပြုခြင်း စသည်ဖြင့် ပြုလုပ်ပေးနိုင်ပါတယ်။
ဒီလိုကိစ္စတွေ ဆောင်ရွက်တဲ့အခါမှာ အိမ်နီးခြင်း တရုတ်ပြည်နဲ့လည်း ပြဿနာအချို့ရှိနိုင်ပါတယ်။ မြန်မာအစိုးရ အနေနဲ့ တရုတ်ပြည်ကို မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့ တရုတ်လူမျိုးတွေကို အားပေးအားမြှောက်မပြုဖို့၊ အကယ်၍ တရုတ် မြန်မာအရေးအခင်းဖြစ်လာရင် မြန်မာပြည်တွင်းက တရုတ်လူမျိုးတွေ မဆီမဆိုင် အန္တရာယ်ကြုံတွေ့ရမှာဖြစ်သလို တရုတ် ပစ္စည်းတွေ သပိတ်မှောက်တာမျိုးနဲ့ကြုံလာရင်၊ ပြည်သူက အစိုးရကို တရုတ်ပြည်နဲ့ မပတ်သက်ဖို့ ဖိအားပေးလာရင် တရုတ်နဲ့ မြန်မာချစ်ကြည်ရေးကို ထိခိုက်စေမယ့်အပြင် ကုန်သွယ်ရေး နဲ့ အခြားပူးပေါင်းဆောင်ရွက်မှုတွေမှာလည်း နှစ်နိုင် ငံလုံး အတွက် ထိခိုက်နစ်နာစရာတွေဖြစ်လာမယ်ဆိုတာမျိုးတွေ အစိုးရအချင်းချင်း ညှိနှိုင်းသင့်ပါတယ်။
တနေ့တနေ့ အကြောင်းအမျိုးမျိုးနဲ့ ဝင်ရောက်နေတဲ့ တရုတ်လူမျိုးပြဿနာကို မထိန်းနိုင်တော့ရင် ဒီပြဿနာဟာ နိုင်ငံရေးထွက်ပေါက်အဖြစ် မလွဲမသွေ ရောက်ရှိသွားနိုင်တာမို့ နိုင်ငံတော်အစိုးရဟာ ဒီကိစ္စကို သိမ်မွေ့စွာ ကိုင်တွယ်ဖို့ လိုအပ်နေပြီပဲ ဖြစ်ပါတယ်။
××××××××××××××××××××××××××××××××××××××××××××××××××××××××××××××× 
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs