Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၂.၁၀.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. မြန်မာမှ အလားအလာကောင်းသော လက္ခဏာများကို ဝါရှင်တန် စောင့်ကြည့်နေကြောင်း ကလင်တန် ပြောကြား
    ( Reuters သတင်းမှ 12 Oct 2011 ရက်စွဲပါ “ Hillary Clinton : US ses promising singnals in Myanmar” သတင်းကို ဘာသာပြန်သည်)
  2. နိုင်ငံရေးအရ အကျဉ်းကျသူများ လွတ်ငြိမ်းချမ်းသာခွင့် စတင်မှုအဖြစ် ထင်ရှားသော အစိုးရဆန့်ကျင်ဝေဖန်သူကို မြန်မာအစိုးရလွှတ်ပေး
    ( AFP, Reuters မှ 12 Oct 2011 ရက်စွဲပါ “ Myanmar frees prominent  dissident as prisoner amnesty begins” သတင်းကို ဘာသာပြန်သည်)
  3. မူးယစ်ဆေးဝါးကိစ္စ မည်မျှကြာကြာခရီးဆက်လေဦးမည်နည်း။
    (10 October 2011 ရက်စွဲပါ Bangkok Post မှ ခေါင်းကြီးပိုင်းဖြစ်သော How Long can this go on? ကိုဘာသာပြန်ထားပါသည်။)

***************************************************************************

ဘာသာပြန်သတင်းများ

မြန်မာမှ အလားအလာကောင်းသော လက္ခဏာများကို ဝါရှင်တန် စောင့်ကြည့်နေကြောင်း ကလင်တန် ပြောကြား

( Reuters သတင်းမှ 12 Oct 2011 ရက်စွဲပါ “ Hillary Clinton : US sees promising singnals in Myanmar” သတင်းကို ဘာသာပြန်သည်။)

မြန်မာ့နိုင်ငံရေး ပြုပြင်ပြေင်းလဲမှု၏ အလားအလာကောင်းသသော လက္ခဏာများကြောင့် အမေရိကန်ပြည်ထောင်စုအနေဖြင့် ကျေနပ်အားတက်လျက် ရှိသော်လည်း ဝါရှင်တန်က တုန့်ပြန်မည့် ဆောင်ရွက်ချက်များကို ကြေညာရန် အချိန်စောလွန်းနေသေးသည်ဟု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က အင်္ဂါနေ့တွင်ပြောကြားသည်။

ဆယ်စုနှစ်ချီ စစ်အုပ်ချုပ်ရေးနှင့် ဖိနှိပ်အုပ်ချုပ်မှုအပြီးတွင် နိုင်ငံရေးအလယ်အလတ်လမ်းစဉ် ကျင့်သုံးရန် လမ်းစများ ထွက်ပေါ်လျက် ရှိသော အရှေ့တောင်အာရှ တံခါးပိတ် မြန်မာနိုင်ငံမှ အဖြစ်အပျက်များကို ဝါရှင်တန်က အနီးကပ် စောင့်ကြည့်နေသည်ဟု ကလင်တန်က Reuters သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောဆိုခဲ့သည်။ မြန်မာအာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် လွှတ်ပေးတော့မည်ဟု မျှော်လင့်ရသည်။

“ ကျွန်မတို့ မြင်ချင်တာက လက်တွေ့ဆောင်ရွက်ပြသမှုတွေပါ။ တကယ်လို့ သူတို့ကသာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးမယ်ဆိုရင်တော့ သိပ်ကို အပြုသဘောဆောင် ကောင်းမွန်တဲ့ လက္ခဏာတစ်ခုလို့ ဆိုရမှာပါ” ဟု ကလင်တန်က မှတ်ချက်ပေးသည်။

သို့သော် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားသော Sanctions များ ရုတ်သိမ်းပေးသည်အထိ အမေရိကန်ပြည်ထောင်စုက တုန့်ပြန် လိုက်လျောဖို့ ရှိသလားဟု Reuters က မေးမြန်းရာတွင် “ ကျွန်မတို့ လုပ်မှာလား၊ မလုပ်ဘူးလား ဆိုတာကို ကြေညာဖို့အတွက် အချိန်နဲနဲစောပါတယ်” ဟု ကလင်တန်က ဖြေကြားသည်။

သူမ ရည်ညွှန်းပြောဆိုသည့် အလားအလာကောင်းသော လက္ခဏာများတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအစိုးရတို့ ဆက်လက်ဆွေးနွေးနေခြင်း၊ ပြည်သူ့သဘောထားကို လိုက်လျောတုန့်ပြန်သည့်အနေဖြင့် ၃.၆ ဘီလျံ ဒေါ်လာ တရုတ်လုပ် ရေလှောင်တမံကို ရပ်ဆိုင်းထားခြင်း စသည့် ကိစ္စများ ပါဝင်သည်။

အဆိုပါ သိသာသော အပြောင်းအလဲများသည် မြန်မာခေါင်းဆောင်များဖက်မှ မဟာဗျူဟာမြောက် ပြောင်းလဲလာမှု၏ရလဒ်လား( သို့ ) နည်းဗျူဟာမြောက် အကွက်ရွှေ့ရုံလောက်ပဲလားဟု မေးမြန်းရာ၌ ‘ ဒီမေးခွန်းရဲ့ အဖြေကိုတော့ မသိပါဘူး’ ဟု ကလင်တန်က ပြောကြားသည်။

***************************************************************************

နိုင်ငံရေးအရ အကျဉ်းကျသူများ လွတ်ငြိမ်းချမ်းသာခွင့် စတင်မှုအဖြစ် ထင်ရှားသော အစိုးရဆန့်ကျင်ဝေဖန်သူကို မြန်မာအစိုးရလွှတ်ပေး

( AFP, Reuters မှ 12 Oct 2011 ရက်စွဲပါ “ Myanmar frees prominent  dissident as prisoner amnesty begins” သတင်းကို ဘာသာပြန်သည်)

နိုင်ငံရေးအရ ထိန်းသိမ်းထားသူများ ပါဝင်လိမ့်မည်ဟု မျှော်လင့်ရသော နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ် စတင် ဆောင်ရွက်မှုအဖြစ် နာမည်ကျော်လူရွှင်တော်၊ ထင်ရှားသောနိုင်ငံရေးသမား ဇာဂနာကို မြန်မာအစိုးရက ဗုဒ္ဓဟူးနေ့တွင် လွှတ်ပေးလိုက်ပြီဖြစ်သည်။

မြန်မာနိုင်ငံ၌ နာမည်တစ်လုံးဖြင့် ထင်ရှားကျော်ဇောသူ ဇာဂနာသည် ၂၀၀၈ မေလက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် စုစုပေါင်း ၁၄၀၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရသော နာဂစ် မုန်တိုင်းအပြီး ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ရန် နှောင့်နှေးကြန့်ကြာနေသည့် ယခင်တပ်မတော်အစိုးရ ခေါင်းဆောင်များကို လူသိရှင်ကြား ပြစ်တင်ဝေဖန်ခဲ့ခြင်းကြောင့် ၂၀၀၈ ဇွန်လတွင် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။

ဒီမိုကရေစီလိုလားသော နိုင်ငံရေးလှုပ်ရှားသူများ၊ သတင်းထောက်များ၊ ဘုန်းကြီးများ၊ ရှေ့နေများ ပါဝင်သော နိုင်ငံရေးအကျဉ်းသား ခန့်မှန်းခြေ ၂၀၀၀ ခန့် လွတ်မြောက်ရေးကိစ္စကို မြန်မာနိုင်ငံအား အရေးယူပိတ်ဆို့ထားကြသည့် အနောက်နိုင်ငံများက ယခင်ကပင် အဓိကထားတောင်းဆိုခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေ အကျယ်ချုပ်မှ မနှစ်က လွတ်မြောက်လာခဲ့သော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရဆန့်ကျင်ဝေဖန်သူများကို လိုက်လျောဆက်ဆံရန် ကြိုးစားလာသော မြန်မာအစိုးရသစ်လက်ထက် ပြုပြင်ပြောင်းလဲလာမှုများတွင် ယခုနိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမှုသည် အထင်ရှားဆုံး လက္ခဏာတစ်ရပ်ပင် ဖြစ်လေသည်။

ဇာဂနာက Reuters နှင့် ပြောဆိုရာ၌ ဗုဒ္ဓဟူးနေ့တွင် လွှတ်ပေးမည်ဟု အာဏာပိုင်များက ပြောကြားထားသော အကျဉ်းသား ၆၃၅၉ ဦးအနက် ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများဟု ခေါ်ဝေါ်သော နိုင်ငံရေးအကျဉ်းသားများ ပါဝင်လိမ့်မည်ဟု သိရှိထားသော်လည်း အကျဉ်းထောင် အသီးသီးမှ မည်မျှလွှတ်ပေးလိုက်ပြီဆိုသည်ကို အရေအတွက် အတိအကျ မသိသေးပါဟု ရှင်းလင်းပြောကြားသည်။

နိုင်ငံတော်တည်ငြိမ်မှုနှင့် ပြည်သူတို့၏ အေးချမ်းသာယာမှုကို ခြိမ်းခြောက်ခြင်း မရှိခဲ့သော အကျဉ်းသားများကို လွှတ်ပေးရန် အသစ်စက်စက် အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သမ္မတကြီးထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက အင်္ဂါနေ့တွင် ဖေါ်ပြခဲ့သည်။

သို့သော်လည်း နိုင်ငံရေးအကျဉ်းသားအားလုံးကို တစ်ကြိမ်ထဲနှင့် လွှတ်ပေးမှာလား ( သို့ ) အရေအတွက် မည်မျှ လွှတ်ပေးမှာလဲဆိုသည်ကိုမူ ယခုအချိန်ထိ သဲကွဲစွာ မသိရသေးပါ။

 ***************************************************************************

မူးယစ်ဆေးဝါးကိစ္စ မည်မျှကြာကြာခရီးဆက်လေဦးမည်နည်း

(10 October 2011 ရက်စွဲပါ Bangkok Post မှ ခေါင်းကြီးပိုင်းဖြစ်သော How Long can this go on? ကိုဘာသာပြန်ထားပါသည်။)

မြောက်ပိုင်းတွင် အသစ်ပေါ်ထွက်လာသော မူးယစ်ဆေးဝါးစစ်ပွဲများက ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ထရာအနေဖြင့် ပြီးခဲ့သည့်အပတ်က သူမပေးခဲ့သည့် အချိန်ထက်စာလျှင် ထိုကိစ္စကိုပိုမိုအချိန်ပေး လုပ်ဆောင်ရန် ရှင်းလင်းစွာ ပြသလိုက်ခြင်း ဖြစ်ပါသည်။

မဲခေါင်မြစ်တွင် မသိနားမလည်သူ (၁၂) ဦးသေဆုံးခဲ့ရခြင်းနှင့် မြစ်အတွင်း လုပ်ကိုင်စားသောက်နေသော ရိုးသားသော ပြည်သူများကို ကြောက်ရွံ့စေခြင်းကို လက်မခံနိုင်ပေ။ မြန်မာစစ်အစိုးရသည် ကာလရှည်ကြာကပင် ရှိနေခဲ့သောတရားမဝင် မူးယစ်ဆေးဝါး လုပ်ငန်းကိုခွင့်ပြုထားခဲ့ပါသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်က ဖြစ်ပွားခဲ့သောသွေးထွက်သံယိုမှုသည် မြန်မာအစိုးရအား မူးယစ်ဆေးဝါးဂိုဏ်းများကို တိုက်ခိုက်ရာတွင် ခပ်ပေါ့ပေါ့စဉ်းစား၍ မရတော့ကြောင်း ပြသလိုက်ခြင်း ဖြစ်ပါသည်။ ယခုအခါ မဆီမဆိုင် တရုတ်နိုင်ငံကပါ ထိုပြဿနာများတွင် ပါဝင်ပတ်သက်လာခဲ့ရရာ ဒေသတွင်းအနေဖြင့် ထိုပြဿနာကိုရှင်းလင်းပစ်ရန် မြန်မာနိုင်ငံအပေါ် ပိုမိုဖိအားပေးရတော့မည် ဖြစ်ပါသည်။

ယခုမြောက်ပိုင်းမှ သွေးထွက်သံယိုမှုများ၏ အရင်းအမြစ်နှင့် ထိုင်းနိုင်ငံရှိ မူးယစ်ဆေးဝါးကျူးလွန်မှုများ၏ မူလအရင်းအမြစ်မှာ အတူတူပင် ဖြစ်ပါသည်။ “ဝ” သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါင်းဆောင်များသည် ၁၉၉၀ ခုနှစ်များအတွင်းက နိုင်ငံတကာ ပြစ်မှုကျူးလွန်ရေး အဖွဲ့ကို တည်ထောင်ခဲ့ပါသည်။ ၎င်းတို့သည် အဓိကမူးယစ်ဆေးဝါးထုတ်လုပ်ရေးစက်ရုံများကို မြန်မာနိုင်ငံအတွင်းတွင် တည်ထောင်ခဲ့ပါသည်။ အစပထမတွင် ၎င်းတို့သည် မူးယစ်ဆေးဝါးများကို ထိုင်းနိုင်ငံရှိလူငယ်များကို ရောင်းချရန် ပစ်မှတ်ထားခဲ့ကြပါသည်။

နှစ်အတန်ကြာသောအခါ “ဝ” ခေါင်းဆောင်များသည် ၎င်းတို့၏ မက်သာဖက်တမင်းများကို သယ်ယူရန် ထိုင်းနိုင်ငံရှိ ရာဇဝတ်မှုကျူးလွန်သူများနှင့် ဆက်သွယ်ခဲ့ပါသည်။ ထို့နောက် တိုင်ဝမ်အခြေစိုက် 14K ရာဇဝတ်မှု ကျူးလွန်သူများအုပ်စုနှင့် ပူးပေါင်း၍ နိုင်ငံခြားသို့ ဟီးရိုးအင်းများကိုသဘောင်္ဖြင့် တင်ပို့ခဲ့ပါသည်။

မကြာသေးမီက “ဝ” များသည် ၎င်းတို့၏ မူးယစ်ဆေးဝါးစက်ရုံများကို ထိုင်းနယ်စပ်မှ တရုတ်နှင့် နီးကပ်သောမြောက်ပိုင်းဒေသနေရာတစ်ခုသို့ ပြောင်းရွှေ့သွားကြောင်းသိရပါသည်။ ထိုင်းထောက်လှမ်းရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတာဝန်ရှိပုဂ္ဂိုလ်များ၏ အဆိုအရတရားမဝင် မက်သာဖက်တမင်းထုတ်လုပ်နေသော ဗဟိုဌာနမှာရှမ်းပြည်နယ် လားရှိုးမြို့ အနောက်တောင်ရှိပန်ဆန်းတွင် ရှိသည်ဟုသိရှိရပါသည်။ ပန်ဆန်းမှာအကျင့်ပျက် ခြစားနေသော “ဝ” ခေါင်းဆောင်များအတွက် လုံခြုံရာနေရာဖြစ်ပြီး မူးယစ်ရာဇာများ၏ ငွေကြေးဗဟိုဌာနဖြစ်ပါသည်။ အရှေ့တောင်အာရှ တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်ရေးနှင့် ပတ်သက်သည်ဟု မှတ်ယူထားသောဘဏ်ကြီးနှစ်ခု၏ အဓိကဘဏ်ခွဲများသည် ပန်ဆန်းတွင် ရှိပါသည်။

တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်ရေး လမ်းကြောင်းမှာပန်ဆန်းတွင် စတင်သည်ဟုဆိုကြပြီး၊ ပစ္စည်းသယ်ဆောင်သူများသည် အရှေ့တောင်ဘက် ထိုင်းနိုင်ငံသို့ ဦးတည်သွားခဲ့ကြသည်ဟု သတင်းများကဆိုပါသည်။ ချင်းရိုင်ပြည်နယ် Chiang Saeတဖက်ကမ်းရှိကာစီနိုသည် ဘမ်းပြလုပ်ငန်းသာ ဖြစ်ပြီးမူးယစ်ဆေးဝါးရောင်းဝယ်သူများ၏ နေရာသာဖြစ်ကြောင်းအာဏာပိုင်များကယုံကြည်လျှက်ရှိပါသည်။

ပြီးခဲ့သည့် အပတ်ကထိုင်းနိုင်ငံအတွင်း မူးယစ်ဆေးပြားများ သန်းနှင့်ချီဝင်ရောက်မှုကို တားဆီးရန် စစ်ဆင်ရေးပြုလုပ်ခံရာ မူးယစ်ဆေးဝါးဂိုဏ်းများက မဲခေါင်မြစ်ပေါ်ရှိတရုတ်အလံတင်ထားသော သဘောင်္နှစ်စီးကို ပြန်ပေးဆွဲခဲ့ပါသည်။ သဘောင်္သားအားလုံးနီးပါး (12)ဦးအား သတ်ပစ်ခဲ့ပါသည်။ ထိုသို့သောလုပ်ဆောင်လာမှုများကို ရပ်ဆိုင်းပစ်ရမည် ဖြစ်ပါသည်။

၂၀၀၀ ပြည့်နှစ်က “ဝ” ခေါင်းဆောင် ပေါက်ယူချမ်းက မြန်မာစစ်အစိုးရအာဏာရှိပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဗိုလ်ချုပ် ခင်ညွန့်အား ၂၀၀၅ ခုနှစ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်မှုများ အဆုံးသတ်မည်ဟုကတိပေးခဲ့ပါသည်။

သို့မဟုတ်ပါက “ကျွန်တော့်ခေါင်းကို ဖြတ်ပါ” ဟု ၎င်းက ပြောဆိုခဲ့ပါသည်။ ၎င်း၏ စကားအတိုင်းလုပ်ဆောင်နိုင်လျှင် ကောင်းလိမ့်မည် ဖြစ်ပါသည်။ အနည်းဆုံးအားဖြင့် ၎င်းအားဖမ်းဆီးထားရမည် ဖြစ်ပါသည်။ ထိုင်းနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် ၎င်းအားဖမ်းဝရမ်းထုတ်ထားပြီး ဖြစ်ပါသည်။ အမေရိကန်နှင့် ထိုင်းအာဏာပိုင်များသည် “ဝ” စစ်ခေါင်းဆောင် Wei Hsueh-Kang နှင့်၎င်း၏ ထိုင်းပါတနာ SurachaiNgernthongfu တို့အားလည်းဖမ်းဝရမ်းထုတ်ထားပါသည်။

အဆိုပါ ပုဂ္ဂိုလ်များနှင့် အခြားသူများကို တရားဥပဒေအရအရေးယူနိုင်မည်ဆိုလျှင် တိုးတက်မှုများရှိလာနိုင်မည် ဖြစ်ပါသည်။ ယခုမူဖြေရှင်းရန် နည်းကောင်းတစ်ခုရှိနေပါသေးသည်။ မြန်မာအစိုးရသစ်သည် ပန်ဆန်းရှိရာဇဝတ်သားများနှင့် ၎င်းတို့၏ စက်ရုံများကို စတင်နှိမ်နင်းနိုင်မည် ဆိုပါကအများ၏ အသိအမှတ်ပြုမှုကိုခံရမည် ဖြစ်ပါသည်။ ထိုင်း၊ တရုတ်နှင့် သံတမန်များသည် ထိုအချက်အား မြန်မာအစိုးရသိစေရန် ရှင်းပြမည် ဖြစ်ပါသည်။ မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်လေပိုကောင်းလေ ဖြစ်ပါသည်။

*************************************************************************************

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011
yangonchronicle 2011

၁၀.၁၀.၂၀၁၁

ပြည်တွင်းသတင်းများ

  1. နယ်အကျဉ်းထောင်များအား ဆက်သွယ်၍မရသေး
  2. FM ရေဒီယို သီချင်းထုတ်လွှင့်ခမပေး

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ  နိုင်ငံတော်သမ္မတထံ လွတ်ငြိမ်းချမ်းသာခွင့်နှင့်ပတ်သက်၍ အိတ်ဖွင့်စာ ပေးပို့
  2. အကျဉ်းမှ လွတ်လာသူများတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရသူ ရာချီ၍ ပါဝင်မည်ဟု သတင်းထွက်ပေါ်
  3. လွှတ်တော်အစည်းအဝေးများ သီတင်းကျွတ်ကာလ ရပ်နားမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. ဖွံ့ဖြိုးရေးအရင်းအနှီး

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းသတင်းများ

နယ်အကျဉ်းထောင်များအား ဆက်သွယ်၍မရသေး

ရန်ကုန်၊ အောက်တိုဘာ ၁၁။

နိုင်ငံတော် သမ္မတကြီး၏ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကြောင့် လွတ်မြောက်လာမည့် အကျဉ်းသားများနှင့် ပတ်သက်၍ ဆက်သွယ် စုံစမ်းရာတွင် အဆင်မပြေမှုများ ဖြစ်ပွားနေကြောင်း နိုင်ငံရေးအကျဉ်းသားမိသားစုများက ပြောကြားသည်။

အကျဉ်းသား ၆၃၅၉ ဦးကို အောက်တိုဘာ ၁၂ ရက်၊ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)မှ စတင်၍ ဆက်တိုက်လွှတ်ပေး  သွားမည်ဟု နိုင်ငံပိုင်သတင်းမီဒီယာများက ယနေ့နေ့လယ် ၁နာရီတွင် ကြေညာသွားသော်လည်း မည်သည့်ပြစ်မှုဖြင့် အကျဉ်းကျနေသူများကို ထည့်သွင်း ကြေညာသွားခြင်း မရှိကြောင်း သိရသည်။

အကျဉ်းဦးစီးဌာနမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက မိမိတို့ဆွေမျိုး၊ သူငယ်ချင်းများ လွတ်မြောက်လာခြင်း ရှိ/မရှိကို သိလိုပါက အကျဉ်းကျရာ အကျဉ်းထောင်များသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ယနေ့နေ့လယ်က ပြောကြားသည်။

 “နယ်ထောင်မှာထားတဲ့ ဖုန်းတွေက အလကား အလှကြည့်ဖို့ထားတာ မဟုတ်ဘူး”ယင်းက ဆိုသည်။

ယင်းကြောင့် မိမိတို့မိသားစုဝင်များ လွတ်မြောက်လာခြင်း ရှိ/မရှိကို အကျဉ်းကျရာ  နယ်ထောင်များသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းမကိုင်ကြောင်း နိုင်ငံရေး အကျဉ်းသားမိသားစုများကို ကူညီစောင့်ရှောက်သည့် ကွန်ယက်ဝင်တစ်ဦးက ဆိုသည်။

“နယ်ထောင်ကို ဆက်သွယ်ဖို့က ဖုန်းကိုပဲအားကိုးရတာ ဖုန်းမကိုင်တော့ ဘယ်လိုမှဆက်သွယ်လို့မရဘူး”ဟု ယင်းက ဆက်လက် ပြောကြားသည်။

အကျဉ်းသားများအား အကျဉ်းထောင်မှ လွှတ်ပေးပြီးနောက် သွားလာရေးစားရိတ် ထုတ်ပေးရာတွင် တစ်ထောင်ကျပ်အောက်သာ ရှိသဖြင့် လွတ်မြောက်လာသော အကျဉ်းသား၏ စားဝတ်နေရေးကို သက်ဆိုင်ရာမိသားစုများက စိတ်ပူပန်နေကြောင်း သိရသည်။

“ကိုကြီး အရင်တစ်ခါ လွတ်တယ်လို့ သတင်းထွက်တော့လည်း အိမ်ကို ကြိုအကြောင်းမကြားတော့ ထောင်ကပေးလိုက်တဲ့ စားရိတ်နဲ့   အဆင်ပြေပါ့မလား စိုးရိမ်တယ်။ အခုလို လွတ်ငြိမ်းချမ်းသာခွင့်ပေးတော့လည်း အိမ်ကို ကြိုအကြောင်းမကြားတော့ သူ့အတွက် စိတ်ပူတယ်”ဟု မြစ်ကြီးနားထောင်တွင် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသည့် ကိုဇာဂနာ၏ ခယ်မဖြစ်သူမငြိမ်းက ဆိုသည်။

အောက်တိုဘာ ၁၁ ရက်နေ့လယ်တွင် ထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် မည်သည့်အကျဉ်းသားများဟူ၍ ခွဲခြားဖော်ပြထားခြင်း မရှိဘဲ အကျဉ်းကျ နေသူများအားလုံးအနက် ထိုက်သင့်သောပြစ်ဒဏ်ကို ကျခံပြီး စည်းကမ်းရှိ၍ အကျင့်စာရိတ္တ ကောင်းမွန်သူ၊ အသက်အရွယ် ကြီးရင့်သူ၊ ကျန်းမာရေး မကောင်းသူ၊ ကိုယ်လက်အင်္ဂါချို့ယွင်းနေသူ အကျဉ်းသားများအား လွှတ်ပေးမည်ဟုသာ ဖော်ပြထားသည်။

KS

-----------------------------------------------------------------------------------------------------------------------------------

FM ရေဒီယို သီချင်းထုတ်လွှင့်ခမပေး

လွန်ခဲ့သည့် နှစ်နှစ်က သဘောတူညီထားသည့် FM ရေဒီယို အသံလွှင့်အစီအစဉ်တွင် သီချင်းတစ်ကြိမ်လွှင်တိုင်း သီချင်းမူပိုင်ခွင့်အရ တစ်ပုဒ်လျှင် ၅၀၀ကျပ် ပေးရန် သဘောတူထားသော်လည်း ယနေ့တိုင် ငွေမရရှိသေးကြောင်း ဂီတအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိ FM ရေဒီယို ခြောက်ခုခန့်ရှိပြီး ၂၀၀၉ ခုနှစ် ဇူလိုင်လကတည်းက သီချင်းလွှင့်မှုအကြိမ်ပေါ် မူတည်ပြီး သီချင်းရေးသားသူ တစ်ဝက်၊ သီဆိုသူ တစ်ဝက်  မူပိုင်ခွင့်အရ တစ်ပုဒ်ငါးရာ သတ်မှတ်ထားသော်လည်း ယနေ့တိုင် ငွေတစ်ပြားတစ်ချပ်မှ မရရှိသေးကြောင်း ဝါရင့်တေးရေးဆရာ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် FM ရေဒီယိုများကို  အစိုးရနှင့်နီးစပ်သူ ခရိုနီများ ပိုင်ဆိုင်ထားပြီး ၎င်းတို့အနေဖြင့်လည်း အကျိုးအမြတ် သေသေချာချာ ရရှိသေးပုံ မရကြောင်း တပ်မတော် အစိုးရလက် ရေနက်ကွင်းစပါးစိုက်ခိုင်းပြီး အကျိုးအမြတ်မရှိ အရှုံးပေါ်နေချိန်တွင် စက်သုံးဆီပါမစ်များ ချပေး၊ ကားပါမစ်များ ချပေးသည့် ပုံစံမျိုးနှင့် FM ရေဒီယိုကို အပြကောင်းအောင် ဟန်ပြလုပ်ကိုင်နေပုံရကြောင်း မြန်မာနိုင်ငံ၏ ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် စာရင်းဝင်တစ်ဦးက ပြောကြားသည်။

လက်ရှိတွင် စီတီးFM၊ ချယ်ရီFM၊ ပတ္တမြားFM၊ ပုဂံ FM၊ ပိတောက်မြေ FM၊ နေပြည်တော်၊ ရွှေ FM၊ မန္တလေးFMတို့ အနေဖြင့် သီချင်းများ ဦစားပေး ထုတ်လွှင့်လျက်ရှိပြီး အခကြေးငွေယူကာ ကြောငြာများ ကြားဖြတ်ထုတ်လွှင့်နေသည်။

မိဖြူ

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ  နိုင်ငံတော်သမ္မတထံ လွတ်ငြိမ်းချမ်းသာခွင့်နှင့်ပတ်သက်၍ အိတ်ဖွင့်စာ ပေးပို့

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ နိုင်ငံတော်သမ္မတကြီးထံသို့ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်၍ မေတ္တာရပ်ခံသည့်   အိတ်ဖွင့်ပေးစာကို ကော်မရှင်အဖွဲ့ဝင်များ ကိုယ်စား ဥက္ကဋ္ဌ ဦးဝင်းမြက အောက်တိုဘာလ ၁၀ ရက် နေ့တွင် လက်မှတ်ရေးထိုး ပေးပို့ခဲ့ကြောင်း သိရှိရသည်။

အိတ်ဖွင့်ပေးစာတွင် ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရ၊ ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားရေး၊ နိုင်ငံသားများ၏ မူလ အခွင့်အရေး၊ တရားဥပဒေစိုးမိုးမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု စသည့်မူများပေါ်တွင် အခြေခံပြီး လုပ်ဆောင်ရာတွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း၊ ဖွဲ့စည်းတည်ထောင်ရာတွင်လည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံမှ ဆုံးဖြတ်ချက်နှင့် အညီ ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့အပြင် ကော်မရှင်သည် ဖွဲ့စည်းတည်ထောင်သည့်နေ့မှစ၍ ကော်မရှင်၏ တာဝန်များကို အပြည့်အဝ ထမ်းဆောင်ပြီး၊ နိုင်ငံသားများ၏ မူလအခွင့်အရေးများ မြှင့်တင်ရန်နှင့် ကာကွယ်ရန် သန္နိဋ္ဌာန်ချထားကြောင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းခြင်းအားဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းများ၏ မျှော်လင့်ချက်ကို တစ်နည်းတစ်လမ်းအနေဖြင့် ဖြည့်ဆည်းရာရောက်သည်ဟု ယူဆကြောင်းကိုလည်း ဖော်ပြ ထားသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် အချို့သောနိုင်ငံတို့၏ မျှော်လင့်တောင့်တချက်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများအား လွှတ်ပေးရေးကိစ္စ တစ်ရပ်ပင်ဖြစ်ကြောင်း၊ တည်ဆဲဥပဒေကို ချိုးဖောက်သဖြင့် အကျဉ်းကျနေသူများအနက် နိုင်ငံတော် တည်ငြိမ်ရေးနှင့် အများပြည်သူ အေးချမ်းသာယာရေးကို ထိပါးမည့်၊ တိုင်းရင်းသား အကျိုးစီးပွားကိုထိပါးမည့် အန္တရာယ်မရှိနိုင်သော အကျဉ်းသားများကို လွှတ်ပေးခြင်းအားဖြင့် နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် နိုင်ငံတော်သမ္မတ၏ မေတ္တာစေတနာကို       ထင်ဟပ်ဖော်ပြသည့်အနေဖြင့် ၎င်းတို့အား ကျခံနေရသော အပြစ်ဒဏ် အသီးသီးမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး အကျဉ်းထောင်မှ လွှတ်ပေးရေးကို အလေးအနက်ထား စဉ်းစားပေးပါရန် မေတ္တာရပ်ခံ တင်ပြထားသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

အကျဉ်းမှ လွတ်လာသူများတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရသူ ရာချီ၍ ပါဝင်မည်ဟု သတင်းထွက်ပေါ်

ရန်ကုန်၊ အောက်တိုဘာ ၁၁။

အောက်တိုဘာ ၁၁ ရက်နေ့က ထုတ်ပြန်လိုက်သော လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လွတ်မြောက်လာမည့် အကျဉ်းသားများတွင် ယုံကြည်ချက် ကြောင့် အကျဉ်းကျခံထားရသူ ရာချီ၍ ပါဝင်မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယနေ့နေ့လည်တွင် ပြောကြားလိုက်သည်။

“ဘယ်သူတွေလွတ်မယ်ဆိုတာတော့ မပြောသေးပါဘူး။ လွတ်မြောက်လာမည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ အကျဉ်းသား အရေအတွက်ကတော့ ရာချီနိုင်ပါတယ်”ဟု ယင်းက ဆိုသည်။

မြန်မာနိုင်ငံအတွင်းရှိ နယ်အသီးသီးမှအကျဉ်းထောင်များတွင် ထောင်ဒဏ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ရှိသည့် အထဲမှ ရာချီ၍ လွှတ်ပေးခြင်းသည် အစိုးရသစ်၏ သဘောထား ကွဲလွဲသူများအပေါ်တွင် ထားရှိသည့် စေတနာအား ပြသလိုက်ခြင်းဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ဆိုသည်။

“လွတ်မြောက်လာတဲ့လူတွေနဲ့ နိုင်ငံတည်ဆောက်ရေးမှာ အလုပ်လုပ်လို့ အဆင်ပြေရင် နောင်ဆက်လက် လွှတ်ပေးမယ်။ ပြည်သူတွေ စိတ်မစောနဲ့ဦးလို့ ပြောထားသလိုပဲ”ဟုယင်းကဆိုသည်။

နိုင်ငံတော်သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံချိန်တွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနှင့် ပတ်သက်သည့် သဘောတူ ညီချက်ကို စတင်အကောင်အထည်ဖော်လိုက်ခြင်း ဖြစ်ကြောင်း လွှတ်တော်ရောက် နိုင်ငံရေး ပါတီတစ်ခု၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“သမ္မတကြီးက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမယ်၊ ဒေါ်အောင်ဆန်းစုကြည်က လွှတ်လာတဲ့သူတွေက နိုင်ငံတော် တည်ဆောက်ရေးကို နှောင့်နှေးတဲ့အလုပ်တွေ လုပ်ဆောင်ခြင်းမရှိအောင် ထိန်းမယ်ဆိုတဲ့ သဘောတူညီချက်ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံအတွက် အလွန်အကျိုး ရှိပါတယ်”ဟု ယင်းက ဆက်လက်ပြောကြားသည်။

 “ကျွန်မကတော့ ဟိုဘက်အိမ်က ဝမ်းသာပြီး ဒီဘက်အိမ်က မှိုင်နေမှာကို မမြင်ချင်ပါဘူး။ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မယ်ဆို အကုန် လွတ်စေချင်ပါတယ်”ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦး၏ညီမက ဆိုသည်။

အကျဉ်းသား ၆၃၅၉ ဦးအား လူသားချင်း စာနာထောက်ထားမှုနှင့် သနားချစ်ခင်မှုတို့ကို အလေးထားသည့်အနေဖြင့် လည်းကောင်း၊ ယင်းတို့၏ မိသားစုများအား ငဲ့ညာသောအနေဖြင့် လည်းကောင်း၊ ယင်းတို့သည် နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံ အကျိုးအတွက် အများပြည်သူနှင့်အတူ တာဝန်ထမ်းဆောင်နိုင်စေရန်အတွက် လည်းကောင်း အကျဉ်းကျနေရာမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ယနေ့ ထုတ်ပြန်ကြေငြာခဲ့သည်။

KS

-----------------------------------------------------------------------------------------------------------------------------------

လွှတ်တော်အစည်းအဝေးများ သီတင်းကျွတ်ကာလ ရပ်နားမည်

ကျင်းပဆဲဖြစ်သော ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများကို အောက်တိုဘာ ၈ ရက်မှ ၁၆ ရက်အထိ ခေတ္တ ရပ်နား ထားမည်ဖြစ်ကြောင်း အောက်တိုဘာ ၇ ရက်နေ့က ကျင်းပသော လွှတ်တော်အစည်းအဝေးများတွင် လွှတ်တော်ဥက္ကဋ္ဌများက ကြေညာသွားကြောင်း သိရသည်။

လွှတ်တော်နှစ်ရပ်ကို သြဂုတ်လ ၂၂ ရက်နေ့က စတင်ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော်ကို ၃၄ ရက်၊ အမျိုးသား လွှတ်တော်ကို ၃၃ ရက် ကျင်းပခဲ့သည်။ လွှတ်တော်အစည်းအဝေးများ ရပ်နားထားသော်လည်း အချို့လွှတ်တော်ရေးရာ ကော်မတီများမှာ အစည်းအဝေးများ ဆက်လက်ပြုလုပ် ကြောင်း သိရှိရသည်။

“လွှတ်တော်အစည်းအဝေးတွေ ရပ်နားပေမယ့် အချို့လွှတ်တော်ရေးရာ ကော်မတီတွေတော့ အစည်းအဝေး လုပ်ကြမယ်။ ကျွန်တော်တို့ ဥပဒေကြမ်းကော်မတီဆိုလဲ တနင်္လာနေ့မှာ အစည်းအဝေးရှိတယ်။ သူ့လုပ်ငန်း တာဝန်ပေါ် မူတည်ပြီး နားတဲ့သူတွေနားမှာပေါ့” ဟု အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာမြတ်ဥာဏစိုးက ပြောကြားခဲ့ သည်။

YC

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

True News - နိုင်ငံတည်ဆောက်နေတဲ့အချိန်မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးက ဘယ်လောက်အရေး ပါသလဲ။

ဦးကိုကိုလှိုင်- အရမ်း အရေးပါတာပေါ့။ နိုင်ငံရေးအရဆိုရင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးက အရမ်းအရေးကြီး ပါတယ်။ နိုင်ငံရေးဆိုတာ နိုင်ငံရှိမှ နိုင်ငံရေးလုပ်လို့ရတာ။ နိုင်ငံမရှိရင် နိုင်ငံရေးလုပ်လို့ မရဘူး။ ဒါကြောင့် အခုကမ္ဘာကို ကြည့်ရင် ပါလတ်စတိုင်းဆိုလည်း နိုင်ငံ အသည်းအသန် တောင်းနေတာ။ ဂျူးတွေဆိုလည်း နိုင်ငံတစ်ခုရဖို့အတွက် စစ်ပွဲလေးကြိမ်လောက် ဆင်နွှဲခဲ့ရတယ်။ နိုင်ငံတစ်ခုဖြစ်ဖို့ မလွယ်ဘူး။ နိုင်ငံတစ်ခုရှိနေဖို့ ဆိုတာလည်း နိုင်ငံထဲမှာပါနေတဲ့ လူမျိုးစုတိုင်းရင်းသားတွေက ဒါကို ကိုယ့်နိုင်ငံဆိုပြီး ခံယူထားမှလည်း ရပ်တည်နိုင်မှာ။ အဲဒီလိုမဟုတ်ဘူး။ သူ့ဟာသူ ခွဲထွက်မယ်ဆိုရင်တော့ ယူဂိုဆလပ်မှာဖြစ်သလို စစ်မီးမငြိမ်းဘဲဖြစ်မယ်။ တိုင်းပြည်ပျောက်ကွယ်သွားမယ်။ ပြည်ထောင်စု မြန်မာနိုင်ငံက အရင်တုန်း ကလည်း ဒီအတိုင်းပဲရှိခဲ့တာပဲ။ ဒီပုံစံအတိုင်း ဆက်ရှိနေဖို့က တိုင်းရင်းသား စည်းလုံးညီညွတ်ရေးမရရင် ပြည်တွင်းငြိမ်းချမ်းရေးလည်း မရနိုင်ဘူး။ ပြည်တွင်းငြိမ်းချမ်းရေး မရရင် တိုင်းပြည်တည်ဆောက်ရေး၊ တိုင်းပြည် စီးပွားရေး ဘယ်လိုလုပ်မလဲ။

အောက်တိုဘာ ၁၁ ထုတ် True News အတွဲ (၄) အမှတ် (၃) တွင်ပါသည့် “နိုင်ငံရေးဆိုင်ရာ အကြံပေးအဖွဲ့ဝင် ဦးကိုကိုလှိုင်နှင့် အင်တာဗျူး” ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ပြည်တွင်းမှာရှိတဲ့ အသေးစားကနေအလတ်စား၊ အလတ်စားကနေအကြီးစားအထိ ဖြစ်လာဖို့ဆိုရင် SMEs လုပ်ငန်းတွေကို ကာကွယ်ပေးဖို့ လိုပါတယ်။ ဥပမာ ပို့ကုန်မှာ အခွန်လျော့တာကနေ လုံးဝအခွန်ကင်းလွတ်ခွင့် ပြုဖို့လိုသလို ပြည်တွင်းလုပ်ငန်းတွေကို ကာကွယ်ဖို့ သွင်းကုန်တွေ အပေါ်မှာ အခွန် ပိုမိုစည်းကြပ်ဖို့ လိုပါတယ်။ အိမ်နီးချင်းနိုင်ငံတွေက ငွေကြေး အရင်းအနှီးတောင့်ပြီး နည်းပညာပိုင်း အားသာသလို Mass Productoion လုပ်နိုင်လို့ ပြည်တွင်းဈေးကွက်ကို ဈေးပေါပေါနဲ့ ထိုးဖောက်တာခံနေရပါတယ်။ နယ်စပ်ကနေ အကောက်ခွန်မဲ့ဝင်လာတဲ့ ပစ္စည်းတွေကို ထိထိရောက်ရောက် ဖော်ထုတ် စစ်ဆေး အရေးယူမယ်ဆိုရင်တော့ ပြည်တွင်းလုပ်ငန်းရှင်တွေ အနေနဲ့ အသက်ရှုချောင်နိုင်ပါတယ်”

အောက်တိုဘာ ၁၂ ထုတ် Weekly ELEVEN NEWS အတွဲ (၇) အမှတ် (၂) တွင်ပါသည့် “တရုတ်နိုင်ငံမှ နည်းမျိုးစုံဖြင့် ဝင်ရောက်လာသော ကုန်ပစ္စည်းများကြောင့် ပြည်တွင်းစက်မှုလုပ်ငန်းများ ရပ်နားရသည်အထိရှိနေ” သတင်းမှ မန္တလေး စက်မှုဇုန်မှ လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

 “လွှတ်တော်ဆိုတာ တိုင်းပြည်ရဲ့အမြင့်ဆုံးအဖွဲ့အစည်းပါ။ လွှတ်တော်ရဲ့ အဆုံးအဖြတ်ဟာ တစ်တိုင်းပြည်လုံးကို လွှမ်းခြုံ သက်ရောက်ပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ်ကို ပုံဖော်မယ့် မူပိုင်းဆိုင်ရာကိစ္စတွေကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းပြီး အများဆန္ဒ ရယူဆုံးဖြတ်ရပါတယ်။ ဒီနေရာမှာ ပြည်သူ့ ကိုယ်စားလှယ်များရဲ့ သဘောဆန္ဒ အစစ်အမှန်ကို ရယူနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ ကျွန်တော်အထက်မှာ တင်ပြခဲ့သလို အားနာစိတ်၊ စိုးရိမ်စိတ်၊ ကြောက်စိတ်တွေနဲ့ နှစ်ရှည်လများ အသားကျနေခဲ့တဲ့ ကျွန်တော်တို့ လူမျိုးတွေအတွက် အမှန်အကန်ဆုံး ဆန္ဒဖော်ထုတ်နိုင်ဖို့ဆိုရင် လျှို့ဝှက်မဲပေး စနစ်သာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီခေတ်မှာ ဒီမိုကရေစီနည်းကျတဲ့ လျှို့ဝှက်မဲပေးစနစ်သာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့် ဒီမို ကရေစီနည်းကျတဲ့ လျှို့ဝှက် မဲပေးစနစ်ကိုပဲ ပြည်သူ့လွှတ်တော် အစည်းအဝေး များမှာ ကျင့်သုံးပေးပါကြောင်း အကြံပြု တင်ပြအပ်ပါတယ်”

အောက်တိုဘာ ၁၃ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၆၃) တွင်ပါသည့် “လျှို့ဝှက်မဲပေးစနစ်သာ အကောင်းဆုံး” အယ်ဒီတာ့ထံ ပေးစာ ကဏ္ဍ” မှ တင့်လွင် (သတင်းဂျာနယ်)၏ သုံးသပ်ချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

 “Integration အကြောင်းကိုလဲသိရမယ်။ သိပြီးတော့ ဆိုးကျိုးကိုချည်းပဲကြည့်ပြီး ကြောက်နေလို့မရဘူး။ နောက်ပြီးတော့ ဆိုးကျိုးကို ဘယ်လို နည်းအောင်လုပ်မလဲ၊ ကောင်းကျိုးကို ဘယ်လိုတိုးပွားအောင် လုပ်မလဲဆိုတာမျိုးကို ကျွန်တော်တို့ ရှာကြံရမယ်။ Liberalization ဆိုတာလဲ တော်တော်များများက အရင်တုန်းက Liberal ization၊ Liberalization အားလုံးက ဖွင့်ပေးရမယ်။ ဖွင့်ပေးရမယ်ဆိုပေမယ့် Liberalization ဆိုတာကိုလဲ တော်တော်များများက မယုံကြည်ကြတော့တဲ့အပိုင်းမှာ ရှိလာတယ်။ Liberalize လုပ်မယ့်အစား sustainable ဖြစ်အောင် လုပ်ပေးဖို့က ပိုအရေးကြီးတယ်။ Trade liberalization နေရာမှာ Sustainable Trade က ဝင်လာတယ်။ ဒီတော့ ဘယ်လိုအကျိုးအမြတ်ကို တိုးပွားအောင် လုပ်မယ်။ ဆိုးကျိုးကို ဘယ်လိုလျှော့ချဖို့လုပ်မယ်ဆိုတာကို နားလည်မှုယူဖို့လိုပါတယ်”

အောက်တိုဘာ ၁၃ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၇) အမှတ် (၃၉) တွင်ပါသည့် “အာဆီယံစီးပွားရေးအသိုက်အဝန်းကို ရင်ဆိုင်ရန် စိုးရွံ့ နေခြင်းထက် ကောင်းကျိုး များသည်ထက်များအောင်သာ ဆောင်ရွက်ရန် ပြင်ဆင်ချိန်တန်ပြီဟု နိုင်ငံတော်သမ္မတ စီးပွားရေး အကြံပေးများ ပြောကြား” သတင်းမှ  နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေးအဖွဲ့ဝင် ဦးဆက်အောင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

ဖွံ့ဖြိုးရေးအရင်းအနှီး

ယခုကမ္ဘာပေါ်ရှိ နိုင်ငံများစုသည် ယင်းတို့နေထိုင်ရာ လူ့အဖွဲ့အစည်းကို ရုပ်ပိုင်းကြွယ်ဝမှုရှိသော၊ ပီတိတွေဖြာနေသော လူ့အဖွဲ့အစည်းဖြစ်ဖို့ ရှေ့ဆယ်စုနှစ်များထက် ပိုမိုစိတ်အားထက်သန် လာကြပြီဖြစ်လေသည်။ လွန်ခဲ့သော နှစ်ငါးဆယ်ခန့်က နိုင်ငံအများစုသည် ကိုလိုနီစနစ်ဆိုးကြောင့် သော်လည်းကောင်း၊ ဝါဒမီးအစွဲများကြောင့်သော်လည်းကောင်း၊ ပြည်တွင်းစစ်ကြာရှည်စွာ ဖြစ်ပွားခဲ့မှုများကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်ကြီးကို ပီပြင်အောင် အကောင်အထည်မဖော်နိုင်ခဲ့ပေ။ အရှင်းရှင် ကုန်ထုတ်လုပ်မှုစနစ်နှင့် ဆိုရှယ်လစ် ကုန်ထုတ်လုပ်မှုစနစ်နှစ်ရပ်အနက် မည်သည့် ကုန်ထုတ်လုပ်မှုစနစ်က လူတွေကို ကြွယ်ဝချမ်းသာလာအောင်၊ လူနေမှုအဆင့်အတန်းမြင့်မားလာအောင် ဆောင်ကြဉ်းပေးနိုင်သည်ကို ရေရာသေချာစွာ မသိရှိခဲ့သည့် အချိန်အခါ လည်း ဖြစ်ပေသည်။

မြန်မာနိုင်ငံသည် အထက်တွင် ဖော်ပြခဲ့ပြီးသော ဖွံ့ဖြိုးမှုကို ဟန့်တားသည့် အကြောင်းသုံးရပ်စလုံးကို ရင်ဆိုင်ခဲ့ရလေသည်။ ပထမဦးဆုံး ကိုလိုနီစနစ်မှ လွတ်လပ်ရေးရပြီးနောက် ကိုလိုနီစနစ်မှ ထားခဲ့သည့် နိုင်ငံရေး၊ စီးပွားရေး အဆောက်အအုံများသည် မြန်မာနိုင်ငံ၏ ပြည်သူများနှင့် အံ့ဝင်ခွင်ကျ မဖြစ်ခဲ့ပေ။ အထူးသဖြင့် နိုင်ငံရေးနယ်ပယ်တွင် အထွေထွေ မရင့်ကျက်မှုများကြောင့် ဂိုဏ်းဂဏများကွဲကာ အမျိုးသားစည်းလုံးညီညွတ်မှု ပြိုကွဲခဲ့ရလေသည်။ ယင်း၏ ရလဒ်အဖြစ် တိုင်းရင်းသားညီအကိုချင်း ထချသည့် ပြည်တွင်းစစ်ကြီးကို နှစ် ၆၀ ကျော်သည်တိုင် ဖြတ်ကျော်နေရဆဲ ဖြစ်ခဲ့ရသည်။ ယင်းနိုင်ငံရေး၊ ပြည်တွင်းစစ်နှင့် ဆက်စပ်တွဲဖက်ဖြစ်ပေါ် ခဲ့သည်မှာလည်း အယူဝါဒမီးဖြစ်လေသည်။ ထိုအယူဝါဒမှိုင်းကို မိခဲ့သော တက်လူ လူငယ်များမှာ ဖွံ့ဖြိုးရေး လုပ်ငန်းကြီး ထက်ထက်သန်သန်လုပ်ဖို့ထက် ယင်းတို့ယုံကြည်ရာ အယူဝါဒ အောင်မြင်ရေးအတွက် တော်လှန်ရေးတရပ် ဖန်တီး ခဲ့ကြလေသည်။ ယင်းသို့ အကြောင်းပေါင်းစုံ၍ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးသစ်ပင်ကြီးမှာ ရှင်သန် ကြီးထွားမလာဘူး၊ အကြိမ်ကြိမ် သင်းသတ်ခံခဲ့ရ လေသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အစိုးရသစ်မှာ ယင်း၏ ရက်ပေါင်း ၁၀၀ ကျော် ကာလအတွင်းတွင်ပင် ထင်မှတ်မထားလောက်အောင် ပြုပြင် ပြောင်းလဲမှုများကို မြန်မြန်ထက်ထက်ဆောင်ရွက်နေကြသည်။ ထိုအတွက်ကြောင့် အချို့သော နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြုပြင် ပြောင်းလဲမှုများမှာ လျင်လျင်မြန်မြန် ဖြစ်ပေါ်နေသည့်အတွက် စိုးရိမ်ဖွယ်အခြေအနေ (မတည်ငြိမ်ဖွယ်အခြေအနေ)သို့ ရောက်ရှိသွားနိုင်သည်ဟု ဝေဖန်ထောက်ပြမှုများလည်း ရှိနေပါသည်။ အချို့သော အဆိုးမြင်သူများကတော့ ယခုကဲ့သို့ စီးပွားရေးပြုပြင်ပြောင်းလဲမှုမျိုးကို ၁၉၉၀ ခုနှစ် အလွန်တုန်းကလည်း ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ယခုတကြိမ်သည်လည်း ယခင်ကဲ့သို့ အမှန်တကယ်မဟုတ်ဘဲ စီးပွားရေး အကျပ်အတည်းကို ရှောင်လွှဲလိုက်သည့် ရေတိုကုစားမှုမျိုးဖြစ်သည်ဟု သုံးသပ်ကြသည်။ ကျွန်တော်အမြင်ကို ပြောရလျှင် ပြုပြင်ပြောင်းလဲမှုများ အသွက်မြန်အောင် ဆောင်ရွက်နေခြင်းမှာ စိုးရိမ်ဖွယ်ဖြစ်သော်လည်း အကျဉ်အတည်းကို ရှောင်လွဲလို၍ ရေတိုကုစားမှုမျိုးဖြစ်သည်ကိုတော့ အကြောင်းပြချက် မခိုင်လုံဟု သုံးသပ်နိုင်ပါသည်။ ၁၉၉၀ အလွန်ပြုပြင်ပြောင်းလဲမှုများတွင် အခြေခံ အဆောက်အအုံဖြစ်သော စီးပွားရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ခဲ့သော်လည်း နိုင်ငံအုပ်ချုပ်ရေးစနစ်မှာ အပြောင်းအလဲမရှိဘဲ အာဏာပိုင် အုပ်ချုပ်ရေးစနစ်ထဲတွင်ပင် ရှိခဲ့ခြင်းကြောင့် စီးပွားရေးတုံ့နှေးမှု ရလဒ်ကို ရရှိခဲ့ခြင်း ဖြစ်လေသည်။ ယခုပြုပြင်ပြောင်းလဲမှုများမှာ အခြေခံ အဆောက်အအုံ အပြောင်းအလဲများတွင်သာမက အပေါ်ထပ်အဆောက် အအုံဖြစ်သော နိုင်ငံရေး အင်စတီကျူးရှင်များလည်း ပြောင်းလဲလာပြီဖြစ်လေသည်။ အရေးကြီးသည်မှာ ဦးဆောင်သူများအနေဖြင့် မိမိတို့ နိုင်ငံရေးစိတ်စေတနာ မလျော့နည်း သွားဖို့နှင့် လွတ်တော်တွင်း၊ လွတ်တော်ပြင်ပ ဒီမိုကရေစီအင်အားစုများက ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင်အတွင်းကနေ ပေးအပ်ထားသော ဒီမိုကရက်တစ် လုပ်ထုံးလုပ်နည်းများကို  အနှစ်သာရရှိရှိ လက်တွေ့ကျင့်သုံးမှသာလျှင် နိုင်ငံဖွံ့ဖြိုးရေး လမ်းကြောင်းပေါ်သို့ တစိုက်မတ်မတ် လျှောက်လှမ်းမိပြီးသား ဖြစ်ပေလိမ့်မည်။

သို့သော် ဖွံ့ဖြိုးရေးအကြောင်းကို ပြောဆိုသည့်အခါ ယင်းနှင့်တစ်တွဲတည်း သုံးသပ်စဉ်းစားလာရသည့် အရာမှာကား ဖွံ့ဖြိုးရေးအရင်းအနှီးများ ဖြစ်လေသည်။ နိုင်ငံအတွင်းတွင် ဖွံ့ဖြိုးရေးအရင်းအနှီး မည်ရွေ့မည်မျှရှိသည်ကို မူတည်၍ အစိုးရမှ ယင်းအရင်းအနှီးရရန် လိုအပ်သော စီးပွားရေး မူဝါဒများကို ချမှတ်အကောင် အထည်ဖော်ရလေသည်။ ပထမဦးဆုံးအနေဖြင့် အရင်းအနှီးစုဆောင်းမှုအပိုင်းဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံသည် နှစ်စဉ် GDP ၏ ရာခိုင်နှုန်းဘယ်လောက်ကို အရင်းအနှီး စုဆောင်းမှုအဖြစ် ထားရှိနိုင်မှာ ဖွံ့ဖြိုးရေးအတွက် လိုအပ်သော အခြေခံအဆောက်အအုံများကို ဆောက်လုပ် နိုင်မည် ဖြစ်လေသည်။ ယခင် ယင်းအရင်းအနှီးထဲတွင် ရုပ်ပိုင်းအရင်းအနှီးတစ်ခုတည်းကိုသာ ပါဝင်သော်လည်း နောက်တွင် လူသားအရင်းအနှီးနှင့် လူမှု အရင်းအနှီးကိုလည်း ထည့်သွင်းစဉ်းစားလာကြလေသည်။ အသိပညာ၊ အတတ်ပညာ၊ နည်းပညာရပ်များကို ကျွမ်းကျင်သော လုပ်သားထု     ကြီးထွားလာသည်နှင့် ကုန်ထုတ်လုပ်မှုစနစ် ပိုမိုလျှင်မြန်သွက်လက်လာပြီး ဖွံ့ဖြိုးရေး မြင့်တင်ပေးနိုင်ခဲ့လေသည်။

သဘာဝအရင်းအမြစ်များရရှိနိုင်မှုမှာလည်း ဖွံ့ဖြိုးရေးကို များစွာအထောက်အကူပြုလေသည်။ အရှင်းရှင် စီးပွားရေးသမိုင်းကို ပြန်ကြည့်လျှင် အင်္ဂလန်သည် ကျောက်မီးသွေးနှင့် သံမဏိ ထွက်ရှိသောကြောင့် ဖွံ့ဖြိုးတိုးတက်လာခဲ့ခြင်း ဖြစ်လေသည်။ သို့သော် သဘာဝအရင်းအမြစ်များသည် တချိန်တွင် အသုံးဝင်နိုင်သော် လည်း နောင်တစ်ချိန်တွင်မူ အသုံးဝင်ချင်မှ ဝင်ပါတော့မည်။ ဥပမာအားဖြင့် ရေနံကို ကြည့်ကြပါစေ။ တချိန်က ရေနံမှာ မြေကြီးထဲကထွက်လာသည့် ခပ်ညစ်ညစ်အမဲရောင် အရည်များသာဖြစ်ခဲ့ပါသည်။ သို့သော် ရေနံကို ကြိုချက်လွှမ်းကျွမ်းစေခြင်းဖြင့် ဓာတ်ဆီရရှိနိုင်သည့် နည်းပညာကို တွေ့ရှိသည့်အခါ ရေနံမှာလည်း အရေးကြီးသော သဘာဝအရင်းအမြစ်ဖြစ်လာခဲ့လေသည်။ နောင်အခါ ဆိုလာနည်းပညာဖြင့် စွမ်းအင် များများရရှိအောင် ဆောင်ရွက်နိုင်ခဲ့လျှင် ရေနံမှာ အရင်တုန်းကလို ခပ်ညစ်ညစ်အမဲရောင် အရည်များအဖြစ်သာ ပြန်လည် ရောက်ရှိသွားနိုင်ပါသည်။ ထိုကြောင့် ဖွံ့ဖြိုးရေးအတွက် အရင်းအမြစ်ရရှိအောင် စနစ်တကျဆောင်ရွက်ရမည်ဖြစ်ပြီး အရင်းမြစ်တစ်ခုတည်းကိုသာ ထုတ်ယူသုံးစွဲရင်း ရှားပါး သွားနိုင်သည့် အကျပ်အတည်းမှကျော်လွန်ရန် နည်းပညာ တီတွင်ဖန်တီးမှုများကိုလည်း မပြတ်ပြုလုပ်ရမည်ဖြစ်လေသည်။

တတိယတစ်မျိုးကို ဖွံ့ဖြိုးမှုကို ရေရှည်ထိန်းသိမ်းထားနိုင်သည့် စီးပွားရေး အင်စတီကျူးရှင်းများ ထွန်းကားအောင် ဆောင်ရွက်ဖို့ပင် ဖြစ်လေသည်။ အထူးသဖြင့် ဈေးကွက်စီးပွားရေးတွင် တရားဥပဒေစိုးမိုးမှုရှိရန် ဖြစ်လေသည်။ သို့မှသာ တရားမဝင် စီးပွားရေးလုပ်ငန်းများ၊ တဝက်တပြတ် တရားဝင်သည့် စီးပွားရေးလုပ်ငန်းများကို တရားဝင်စီးပွားရေး လုပ်ငန်းများအဖြစ် အသွင်ပြောင်းသွားနိုင်မည် ဖြစ်လေသည်။ သို့မှသာ ထိုစီးပွားရေးလုပ်ငန်းများမှ အခွန် အကောက်များ ရရှိကာ အရင်းအနှီးစုဆောင်းမှု လုပ်ဆောင်နိုင်မည်ဖြစ်လေသည်။ တရားမဝင် စီးပွားရေးလုပ်ငန်းများနှင့် တဝက်တပြတ် တရားဝင်သည့် စီးပွားရေးလုပ်ငန်းများမှာ တရားဝင် စီးပွားရေးလုပ်ငန်းများ လုပ်ငန်းများ ဖြစ်လာပါက ချေးငွေရရှိမှု လွယ်ကူလာမှာဖြစ်သည့်အတွက် စီးပွားရေး တိုးချဲ့နိုင်ပါက နိုင်ငံဖွံ့ဖြိုးမှုကို ရယူနိုင်မှာဖြစ်လေသည်။

နောက်ဆုံးအနေဖြင့် စွန့်ဦးတီတွင်မှု စရိုက်ကို အားပေးပြုစုပျိုးထောင်ပေးရေးပင်ဖြစ်ပါသည်။ ဈေးကွက်၏ လိုအပ်ချက်ကိုသိသော စွန့်ဦး တီတွင်သည့် စီးပွားရေး လုပ်ငန်းရှင်များ ရှိမှသာလျှင် ဖွံ့ဖြိုးတိုးတက်မှုကို ရယူနိုင်မှာဖြစ်ပေသည်။ ထိုအတွက်ကြောင့် အချို့သော ဖွံ့ဖြိုးရေး ပညာရှင်များက ပြောကြသည်မှာ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးလိုလျှင် စီးပွားရေးပညာရှင်အယောက် ၁၀၀ မလိုပါ။ စွန့်ဦးတီတွင် စီးပွားရေးလုပ်ငန်းရှင် အယောက် ၁၀၀ သာ လိုပါသည်ဟူ၍ ဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ အစိုးရသစ်အနေဖြင့် ယခုကာလသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အားယူရသည့်ကာလ ဖြစ်လေရာ ဖွံ့ဖြိုးရေးကို ဖန်တီးဖော်ဆောင်သည့် အထက်ပါ ဖွံ့ဖြိုးရေးအရင်းအနှီး များရရှိအောင် ပါးနပ်သည့်မူဝါဒများ ချမှတ်အကောင်အထည်ဖော်ဖို့ လိုပါသည်။ သို့မှသာလျှင် မြန်မာနိုင်ငံ ပြည်သူ၊ ပြည်သားများ အနှစ်နှစ်အလလ တောင့်တနေရသော အရှိန်အဟုန်ဟုန်ဖွံ့ဖြိုးလာသည့် စီးပွားရေး မြင်ကွင်းကို မင်္ဂလာရှိစွာ မြင်တွေ့လာနိုင်မည်ဖြစ်ပါကြောင်း……။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs