Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၄.၂.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဟောပြောပွဲမှ တန်ဖိုးရှိသောအသိများ

**************************************

ဆောင်းပါးကဏ္ဍ

ဟောပြောပွဲမှ တန်ဖိုးရှိသောအသိများ

ဘုန်းထက်ဝင်း

စာရေးသူသည် မိတ်ဆွေတစ်ဦး၏ အသိပေးမှုဖြင့် ၁၂.၂.၂၀၁၂ တွင် UMFCCI ၌ ကျင်းပသော မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲတစ်ခုကိုတက်ရောက်နိုင်ထောင်ဖြစ်ခဲ့ပါသည်။ ထိပ်သီးစီးပွားရေး ပညာရှင်များ ဖြစ်ကြသော Stiglitz၊ Findlay၊ ဦးလှမြင့်၊ ဦးမြင့် အစရှိသည့် ပုဂ္ဂိုလ်တို့မှ မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာနှင့် ပတ်သက်၍ဟောပြောမည်ဖြစ်သောကြောင့် တက်ရောက် လာသည့် ပရိတ်သတ် များမှာ ခန်းမကြီးနှင့်မဆန့်အောင် ဖြစ်ခဲ့သည်။ စာရေးသူရောက် သည့်အချိန်၌ ပွဲမစသေးသော်လည်း လူများမှာ ပြည့်နှံ့နေသည့်အတွက် နားထောင်ဖို့ နေရာကို အတော်ပင် ရှာယူလိုက်ရပါသေးသည်။ တက်ရောက်လာသည့် ပရိတ်သတ်များထဲတွင် လူငယ်၊ လူလတ်၊ လူကြီးများပါ ဂုရုများ၏ ဟောပြော ပို့ချ မှုများကို စိတ်ဝင်တစား လာရောက်နားထောင်ကြကြောင်း တွေ့ခဲ့ရသည်။

မြန်မာအစိုးရသစ်တက်လာသည်မှာ ၁၀လကြာမြင့်ပြီးနောက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများမှာ ထင်မှတ်ထားသည်ထက် ပိုမို မြန်ဆန်ခဲ့သည့် အတွက် အကူးအပြောင်းကာလတွင် ဖြစ်တန်ရာသော နိုင်ငံရေးမတည်ငြိမ်မှုများ မဖြစ်ပေါ်စေရန် သတိထားလုပ်ဆောင်သင့်သည်ဟု ဝေဖန်ထောက်ပြမှု များလည်း ရှိခဲ့သည်။ သို့သော် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများမှာတော့ များစွာဖြစ်ထွန်းမှု မရှိသေးသည်ကို တွေ့ရသည်။ ကြားဖြတ်ရွေးကောက်ပွဲ အပြီးတွင် ပြည်သူများ၏ စိတ်ဝင်စားမှုမှာ နိုင်ငံရေးမှ စီးပွားရေးသို့ ဦးလှည့်သွားမည်ဖြစ်သောကြောင့် အထက်ပါ ဆွေးနွေးပွဲတွင် ပြောကြားခဲ့မှုများသည် နိုင်ငံ၏ စီးပွားရေးကိုတည်ဆောက်ရာတွင် အဘယ်အတိုင်းအတာထိ အသုံးဝင်နိုင်သည်ကို သုံး သပ်ကြည့်ဖို့ ကောင်းပါသည်။

ဦးဆုံးပြောကြားသွားသူမှာပါမောက္ခ Stiglitz ဖြစ်ပါသည်။ ပါမောက္ခ Stigilitzမှာဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးကို ဖွံ့ဖြိုးဆဲဘောဂဗေဒ ရှုထောင့်မှ အဓိကသုံးသပ်ပြသွားခဲ့ပါသည်။ မြန်မာနိုင်ငံမှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်ယူရာတွင် GDP ကိန်းဂဏန်းများ တိုးတက် လာမှုကို ချည်းမကြည့်ဘဲ စီးပွားရေးကြောင့် လူမှုရေး၊ သဘောဝပတ်ဝန်းကျင် ထိခိုက်မှုနည်းပါးအောင်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရယူနိုင်အောင် ကြိုးစားလုပ်ဆောင်သင့်သည်ဟု ဆွေးနွေးသုံးသပ် သွားသည်။ သံယံဇာတကို အဓိကထားအသုံးပြုသည့် စီးပွားရေးတွင် လူတစ်စုတည်းကသာ ချမ်းသာ လာပြီး နိုင်ငံသား အများစုမှာ ဆင်းရဲမွဲတေလာရသည်ဖြစ်ရာ ယင်းအဆိုးကျော့သံသရာမှ ဖောက်ထွက်နိုင်ရန် လက်ဝါးကြီးအုပ် လုပ်ပိုင်ခွင့် ရှာသည့် အပြုအမှုမျိုး ဖြစ်ပေါ်မှုနည်းပါးအောင် အလေးထားရမည်ဟုပြောကြားသွားခဲ့သည်။

ပါမောက္ခ Stigilitz ပြောကြားသွားသည့်အချက်မှာ ယခုအခါတွင် နိုင်ငံတိုင်းအာရုံစိုက်လာရသည့် အကြောင်းအရာ ဖြစ်ပါသည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မှန်ကန်သော မူဝါဒများဖြင့် ရယူနိုင်စေဦးတော့ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ ရှိခဲ့သော် ယင်းဖွံ့ဖြိုးရေး ဒဏ်သင့်မှုကို မည်သည့်နိုင်ငံမှ လိုလိုလားလားရှိမည် မထင်ပါ။ ထိုအတွက်ကြောင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုမှာ ဖွံ့ဖြိုးရေးမူဝါဒ ဆွေးနွေးပွဲများတွင် မဖြစ်မနေ ပါဝင်လာရပါသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးသည့်နောက်ပိုင်းတွင် ဂျပန်နိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်ဖြင့် ရယူနိုင်ခဲ့ သောကြောင့် လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားလာခဲ့ပြီး ပညာပိုမိုတတ်မြောက်လာခဲ့ကြသည်။ ထိုအတွက်ကြောင့် ဂျပန်ပညာတတ် မိသားစုတို့မှာ ကလေးမွေးဖွားနှုန်း နည်းပါလာခဲ့သည်။ ယင်းဂယက်ကြောင့် ယခုအခါတွင် လူငယ်လုပ်အား နည်းပါးလာရုံမျှမကရှေ့မျိုးဆက်များ၏ ကြိုးစားမှုကြောင့် ဖွံ့ဖြိုးမှုအသီးအပွင့်ခံစားနေရသော ဂျပန်လူငယ်အများစုမှာ ရုပ်ဝထ္တုများသာ ကြွယ်ဝချမ်းသာမှုများကြားတွင် စိတ်ပိုင်းဆိုင်ရာ မလွတ်လပ်မှုများဖြင့် ဘဝ အဓိပ္ပယ်ပျောက်နေရသည်။

ဒုတိယပြောကြားသွားသည့် Findlay မှာ မြန်မာနိုင်ငံနှင့် မစိမ်းသူတစ်ဦးဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် မွေးဖွားပြီး ရန်ကုန်တက္ကသိုလ်တွင် စီးပွားရေးဘာသာကို သင်ယူခဲ့သည့် ပုဂ္ဂိုလ်ဖြစ်ပါသည်။ ပါမောက္ခ Findlay အဓိကပြောကြားသွားသည့် အကြောင်းအရာမှာ ပို့ကုန်တင်ပို့မှုနှုန်းကို ကြည့်ခြင်းဖြင့် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးမှုကိုတိုင်းတာနိုင်သည့်အတွက် ပို့ကုန်တင်ပို့မှု ဦးစားပေးမဟာဗျူဟာ လုပ်ဆောင်ရန် ဖြစ်သည်။ သူက မြန်မာနိုင်ငံကို ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံများဖြစ်လာသည့် တရုတ်နှင့် အန္ဒိယကြားတွင် ရှိနေသောကြောင့် စီးပွားရေးအရ မဟာဗျူဟာကြသည့် နိုင်ငံ ဖြစ်ကြောင်း သုံးသပ်ပြောကြားသွားခဲ့သည်။ ထို့အပြင် ကမ္ဘာ့စီးပွားရေကို ကြည့်ပါကနောက်မှ စီးပွားရေးကိုဖွံ့ဖြိုးအောင်လုပ်သည့် (Late comers) နိုင်ငံ များသည် ရှေ့က နိုင်ငံများထက်ယှဉ်လျှင် ဆယ်စုနှစ် အနည်းငယ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရယူနိုင်ကြောင်း အင်္ဂလန်၊ ပြင်သစ်နှင့် ဂျာမနီ ဥပမာများပေး၍ သုံးသပ်ဖော်ပြသွားသည်။ အာရှတိုက်တွင်တွင် အာရှကျားများသည် ဂျပန်နိုင်ငံ ဥပမာကိုယူ၍ (Opportunity of Japan) ဖွံ့ဖြိုးတိုးတက်မှုကို ရယူသွားနိုင်သဖြင့် မြန်မာနိုင်ငံလည်း ယင်းတို့၏ ပို့ကုန်တင်ပို့မှု ဦးစားပေးမဟာဗျူဟာ ဖွံ့ဖြိုးတိုးတက်မှုကို ရယူသင့်ကြောင့် ပြောကြားသွာခဲ့ပါသည်။ စာရေးသူလည်း သွားစရာတစ်ခုရှိသည်နှင့် ပါမောက္ခ ဦးလှမြင့် ဟောပြောမှုကိုနားထောင်ခွင့်မရခဲ့ပါ။ ယင်းဆွေးနွေးပွဲသည် စာရေးသူကို သုံးသပ်လေ့လာစရာ အတွေးတထောကြီး ချန်ထားခဲ့သည့်အတွက် များစွာတန်ဖိုးရှိလာသည့် ဟောပြောပွဲတစ်ခု ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးမှာဗိုင်းရပ်များဝင်နေသည့် ကွန်ပျူတာတစ်လုံးလိုပင် ဖြစ်သည်။ အချိန်နှောင်းမှ ကုစားနေရသည့်အတွက် မှန်ကန်မှု ရှိစွာ လုပ်ဆောင်နိုင်မှသာလျှင် မလိုလားအပ်သည့် ဆိုးကျိုးများကိုဖယ်ရှားနိုင်မှာ ဖြစ်သည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများကို ကြည့်လိုက်ပါဦး။ ၂၀၁၅ တွင် အာဆီယံစီးပွားရေး အသိုက်အဝန်းအတွက် အရှိန်အဟုန်ကြိုးစား ပြင်ဆင်နေကြသည်။ မြန်မာနိုင်ငံမှာလည်း ယနေ့ယခုမှစ၍ ပြင်ဆင်ထားမှု မရှိလျှင် ပြိုင်ပွဲတွင် အရှုံးနှင့်သာ ယှဉ်ဆိုင်ရပါမည်။ ဈေးကွက်စီးပွားရေးဆိုသည်မှာ ပြိုင်ဆိုင် မှုပေါ်တွင်သာအဓိကမူတည်သောအသိဖြင့် စွမ်းဆောင်ရည် များကို ဖြည့်တင်ထားနိုင်လျှင် နိုင်ငံနှင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ ကြွယ်ဝမှုကို သေချာပေါက် တွေ့မြင်ရမည် ဖြစ်ပါကြောင်း…။

****************************************************************************

 

 

                

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၁၄.၂.၂၀၁၂

ပည်တွင်းသတင်းများ

  1. ရွှေညဝါဆရာတော် ကျောင်းတိုက်မှ မထွက်ခွာမီ ဆွမ်းခံကြွ၍ ဒါယိကာ/မများအား နှုတ်ဆက်မည်
  2. တိုင်ရီဖိနပ်စက်ရုံမှ ညှိနှိုင်းမှု မပြေလည်သည့်အတွက် ဆန္ဒပြရက် ဆက်သွားနိုင်ဟုဆို
  3. ပြည်တွင်းဓာတ်ဆီဈေးနှုန်းများ မြင့်တက်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ဒေါ်အောင်ဆန်းစုကြည်အား ကန့်ကွက်မှု တောင်ပိုင်းခရိုင်ကော်မရှင်အဖွဲ့ခွဲမှ ပလပ်
  2. ရန်ကုန်တိုင်းဒေသကြီးအတွင်း ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း စာရင်း ကြေညာ

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ရွှေညဝါဆရာတော် ကျောင်းတိုက်မှ မထွက်ခွာမီ ဆွမ်းခံကြွ၍ ဒါယိကာ/မများအား နှုတ်ဆက်မည်

ဖေဖော်ဝါရီ ၁၅ရက်နေ့မှစ၍ ကြည့်မြင်တိုင်မြို့နယ်ရှိ သာဓုကျောင်းတိုက်မှ ရွှေညဝါဆရာတော် အရှင်ပညာသီဟသည် ကျောင်းတိုက်မှ ၁၉ရက်နေ့တွင် ထွက်ခွာပေးရမည်ဖြစ်သောကြောင့် ၎င်း၏ ဆွမ်းဒါယိကာ/မများအား နှုတ်ဆက်သည့်အနေဖြင့် ၁၅၊ ၁၆၊ ၁၇၊ ၁၈ရက်များတွင် ကြည့်မြင်တိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်များမှ ရပ်ကွက်အလိုက် မနက် ၈နာရီမှစတင်၍ နောက်ပါကိုယ်တော်များဖြင့် ဆွမ်းခံထွက်မည်ဟု သိရသည်။

ထိုသို့ ရပ်ကွက်အလိုက်ဆွမ်းခံထွက်ရာတွင် ၁၅ရက်နေ့၌ ကမာရွတ်မြို့နယ်ရှိ သုံးလေးငါးခြောက်ရပ်ကွက်များမှ စတင်၍ နှုတ်ဆက်သည့် အနေဖြင့် ဆွမ်းခံထွက်မည်ဖြစ်ပြီး ၁၆ရက်နေ့တွင် သရက်တောရှိ တောင်မြောက်၊ သာဓုကျောင်းတိုက်၏ ရှေ့နောက်၊ မန်ကျည်းတန်းမြောက်ဖက်နှင့် ဗဟိုစံပြငါးဈေးနှင့် ပန်းပင်ကြီးလမ်းတို့၏ အရှေ့အနောက်အားလည်း ကောင်း၊ ၁၇ရက်နေ့တွင် ဗားကရာအိုးဘိုလမ်းမှ ရွှေတိုင်လမ်းအားလည်းကောင်း၊ ၁၈ရက်နေ့တွင် ဈေးရှေ့တွင်ရှိသော မြောင်းကြီးလမ်းမှ ဈေးကလေးဘက်မှ ခြင်းလုံးရုံအထိအားလည်းကောင်း မနက်၈နာရီများတွင် စတင်ဆွမ်ခံသွား မည်ဖြစ်သည်ဟု ရွှေညဝါဆရာတော်၏ မိန့်ကြားချက်အရ သိရသည်။

ထို့ပြင် ၎င်းသည် သံဃာ့မဟာနာယက တိုင်းရုံးတွင် ၁လပိုင်း ၁၉ရက်နေ့မှစ၍ တစ်လပြည့်လျှင် ကျောင်းတိုက်မှ ထွက်ခွာပေးမည်ဖြစ်ကြောင်း ခံဝန်ကတိ လက်မှတ်ထိုးပေးခဲ့သည့်အတွက် ယခုလ ၁၉ရက်နေ့တွင် ထွက်ခွာရခြင်းဖြစ်ပြီး ယင်းသို့ ထွက်ခွာရခြင်းမှာ မန္တလေးတိုင်းရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးဖွင့်ပွဲတွင် ပင်ဝါးရုံတရားဟောကြားခြင်းကြောင့် ဖြစ်သည်ဟုလည်း သတင်းများအရ သိရသည်။

ယခုလ ၁၉ရက်နေ့တွင် အချိန်တန်ပါက သာဓုကျောင်းတိုက်မှ ထွက်ခွာပေးမည်ဖြစ်ပြီး ၎င်းထွက်သွားပါက ဘာမှလွမ်းစရာ မရှိကြောင်းနှင့် “ဆိုဆုံးမ၍ မရသူ”ဆိုသည့် စကားလုံးအား မည်သည့်အချိန်ကျမှ ပျောက်ကွယ်မည်ဖြစ်ကြောင်း မည်သို့ပြုလုပ်ပေးမှ ထိုစကားလုံးအား ထပ်မသုံးကြောင်း ကိုလည်း ၎င်းမှ ထပ်မံမိန့်ကြားသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

တိုင်ရီဖိနပ်စက်ရုံမှ ညှိနှိုင်းမှု မပြေလည်သည့်အတွက် ဆန္ဒပြရက် ဆက်သွားနိုင်ဟုဆို

ဖေဖော်ဝါရီ ၁၃ရက်နေ့တွင် အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန်နှင့် တစ်ပတ်ကျော် ဆန္ဒပြခဲ့ကြသည့် တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများမှ အလုပ်လစာနှင့် ပတ်သက်၍ အလုပ်သမား ကိုယ်စားလှယ် ၃၈ဦးတို့ဖြင့် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ရာတွင် မပြေလည် သေးကြောင်း သိရသည်။

လစာတိုးတောင်းခြင်းနှင့်ပတ်သက်၍ အလုပ်သမားများဘက်မှ ယခင်လုပ်ခလစာမှာ တစ်နာရီလျှင် ၇၅ကျပ်အား ၂၁၅ကျပ်သို့တိုးတောင်းရာ အလုပ်ရှင်မှ ၈၅ကျပ်သာပေးကြောင်း၊ သို့သော် အလုပ်သမား ကိုယ်စားလှယ်များမှ ၁၅၀ ကျပ် ပေးရန် တောင်းဆိုခဲ့သည်။

အလုပ်ရှင်များဘက်မှလည်း အလုပ်ချိန် တစ်နာရီလျှင် လုပ်ခလစာ ၁၀၀ကျပ်ထက်ပို၍ မပေးခြင်းကြောင့် အဆင်မပြေမှုများ ဖြစ်နေပြီး ရက်မှန်ကြေးအား ယခင်အချိန်က ၆၀၀၀ပေးနေပြီး ယခုအခါတွင် ၁၂၀၀၀ အထိပေးရန် တောင်းဆို ခြင်းကိုလည်း ၇၀၀၀ အထိသာ တိုးပေးနိုင်ကြောင်း ပြောသောကြောင့် ယင်းညှိနှိုင်းဆွေးနွေးပွဲမှာ ပြေလည်နိုင်သည့် အနေအထားမရှိသောကြောင့် လာမည့် ဗုဒ္ဓဟူးနေ့တွင် ထပ်မံ၍ ညှိနှိုင်းသွားမည်ဟု ၎င်း၏ ပြောဆိုချက်အရသိရသည်။

အလုပ်ရှင်မှ ပေးနိုင်သည်ဟု သိရသော်လည်း တမင်သက်သက်လုပ်နေခြင်းဖြစ်ပြီး အကယ်၍ အဆင်မပြေမှုများ ဖြစ်နေပါက အလုပ်သမားများ ဘက်မှ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO)သို့ တိုင်ကြားသွားရန်လည်း အစီအစဉ်ရှိကြောင်း အလုပ်သမားများအား ကူညီမှုပေးနေသူတစ်ဦးဖြစ်သည့် မစုစုနွေးမှ ဆိုသည်။

ယင်းတိုင်ရီဖိနပ်စက်ရုံသည် ၁၉၉၇ခုနှစ်တွင် လှိုင်သာယာမြို့နယ် စက်မှုဇုန် ၃တွင် စတင်ဖွင့်လှစ်ထားပြီး တရုတ်နိုင်ငံမှ လာရောက် ရင်းနှီးမြှပ်နှံထားသည့် စက်ရုံဖြစ်ပြီး ယခုကဲ့သို့သော ဆန္ဒပြမှုများလည်း သုံးကြိမ်ခန့် ဖြစ်ပွားခဲ့ဖူး ကြောင်း ဝါရင့်အလုပ်သမားတစ်ဦးမှ ပြောကြားသည်။

ယင်းကဲ့သို့ ဆန္ဒပြမှုများဖြစ်ပွားခြင်းကြောင့် အလုပ်သမားများအတွက် အလုပ်သမားများနေ့ မရောက်ခင် အလုပ်သမား အဖွဲ့အစည်းအား ဖွဲ့စည်းခွင့်ပြုမည် ဖြစ်ကြောင်းကိုလည်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရသိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ပြည်တွင်းဓာတ်ဆီဈေးနှုန်းများ မြင့်တက်

မြန်မာနိုင်ငံ၌ အစိုးရသစ်လက်ထက်မှ စတင်၍ ခွင့်ပြုခဲ့သည့် ပုဂ္ဂလိကစက်သုံးဆီဆိုင်များတွင ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ စတင်၍ ဓာတ်ဆီရောင်းဈေးမှာ တစ်ဂါလန်လျှင် ကျပ် ၂၀၀ ထပ်မံမြင့်တက်သွားခဲ့ကြောင်း ပုဂ္ဂလိကစက်သုံး ဆီဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုကဲ့သို့ ပြည်တွင်းစက်သုံးဆီဆိုင်များတွင် ဓာတ်ဆီရောင်းဈေးနှုန်း ကျပ် ၂၀၀ မြင့်တက်သွားခဲ့သည့်အတွက် ယခင် ဓာတ်ဆီရောင်းဈေးနှုန်း တစ်ဂါလန် ၃၃၅၀ မှ ယခုအခါ ကျပ် ၃၅၅၀ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ထိုသို့ ဓာတ်ဆီဈေးနှုန်းများ ပြန်လည်မြင့်တက်သွားခဲ့သည့်အတွက် အခြေခံပြည်သူလူထုအနေဖြင့် စားဝတ်နေရေးအတွက် ကုန်ဈေးနှုန်းနှင့် ခရီးစရိတ်များ ကြီးမြင့်လာမည်ကို စိုးရိမ်ပူပန်လျက်ရှိပြီး ပုဂ္ဂလိကစက်သုံးဆီဆိုင်များတွင် ဓာတ်ဆီဈေးနှုန်းများ မြင့်တက်လာခဲ့သည့်အတွက် ပြင်ပစက်သုံးဆီ မှောင်ခိုဈေးကွက် တွင်လည်း စက်သုံးဆီဈေးနှုန်းများ လိုက်ပါမြင့်တက်လျက်ရှိကြောင်း သိရသည်။

စက်သုံးဆီဈေးနှုန်းများ မြင့်တက်သွားခြင်းနှင့် ပတ်သက်၍ စီးပွားရေးလေ့လာနေသူတစ်ဦးက “အခုလို စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေတဲ့ အတွက် အခြေခံပြည်သူလူထုရဲ့ စားဝတ်နေရေးအတွက် ကုန်ဈေးနှုန်းတွေပါ လိုက်ပြီးမြင့်တက်မှာ စိုးရိမ်စရာပဲလေ။ တစ်ခြားမပြောနဲ့ လူတွေ သွားဖို့ လာဖို့အတွက် ကားခတွေပါ လိုက်ပြီးမြင့်တက်နေမယ်ဆိုရင် လူတွေဘာနဲ့ သွားစားကြမလဲ။ နိုင်ငံတော်အနေနဲ့လည်း ဒါကို စဉ်းစားသင့်တယ်” ပာု သုံးသပ်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းအား အစိုးရမှ နှစ်ပေါင်း ၅၀ ကျော်ကြာ တာဝန်ယူခဲ့ပြီးနောက် ခေတ်နှင့်အညီ ပြောင်းလဲလာသော ဈေးကွက်စီးပွားရေးနှင့် ပြည်သူများကို ဝင်ရောက်လုပ်ကိုင်စေလိုရေးတို့ကြောင့် ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တွင် ပြည်တွင်းစက်သုံးဆီဖြန့်ဖြူး ရောင်း ချခြင်းလုပ်ငန်းအား ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုခဲ့သည်။

YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ဒေါ်အောင်ဆန်းစုကြည်အား ကန့်ကွက်မှု တောင်ပိုင်းခရိုင်ကော်မရှင်အဖွဲ့ခွဲမှ ပလပ်

ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ကော့မှူးမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်အောင်ဆန်းစုကြည်အား ကိုယ်စားလှယ်အရည်အချင်း ညီညွှတ်မှုမရှိပာု ငြိမ်းချမ်းရေးနှင့် ညီညွှတ်ရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးတင်ရီ၏ ကန့်ကွက်မှုအား တောင်ပိုင်း  ခရိုင်ကော်မရှင်ရုံးမှ ပလပ်ခဲ့ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် လစ်လပ်မဲဆန္ဒနယ်ဖြစ်သည့် ကော့မှူးမဲဆန္ဒနယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် ဝင်ရောက်ယှဉ်ပြိုင်မည့်အပေါ် ပြိုင်ဘက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သည့် ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးတင်ရီက “ဒေါ်အောင်ဆန်းစုကြည်ပာာ ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ ညီညွှတ်မှုမရှိတဲ့အတွက် ဇန်နဝါရီလ ၆ ရက်နေ့မှ တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံကို ကန့်ကွက်လွှာ တင်သွင်းခဲ့ပါတယ်” ပာု ညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား ကိုယ်စားလှယ်အရည်အချင်း ပျက်ယွင်းကြောင်း ဦးတင်ရီ၏ ကန့်ကွက်မှုအပေါ် တောင်ပိုင်းခရိုင် ကော်မရှင်အဖွဲ့ခွဲမှ ပယ်ချခဲ့သည့်အတွက် ငြိမ်းချမ်းရေးနှင့် ညီညွှတ်ရေးပါတီအနေဖြင့် တိုင်းကော်မရှင်၊ ဗပိာုကော်မရှင်နှင့် လွှတ်တော်သို့ထိတိုင် တက်၍ ဆက်လက် ကန့်ကွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးနှင့် ညီညွှတ်ရေးပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

                အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီသည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဗပိာုအလုပ်အမှု ဆောင်အစည်းအဝေးခေါ်ယူ၍ ပါတီမှတ်ပုံတင်ရန်နှင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး ၎င်း အစည်းအဝေး၌ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ လွှတ်တော်တွင်း လစ်လပ်မဲဆန္ဒနယ် (၄၈) နေရာလုံး၌ ဝင်ရောက်ယှဉ်ပြိုင်သွားရန် ကန့်ကွက်သူမရှိ တညီတညွှတ်တည်း ဆုံးဖြတ်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား ဇန်နဝါရီလ ၅ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီမှတ်ပုံတင် ၄၇ ဖြင့် ပါတီမှတ်ပုံတင်ခွင့်ပြုခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း စာရင်း ကြေညာ

မြန်မာနိုင်ငံ၏ လွှတ်တော်တွင်းလစ်လပ်နေရာပြန်လည်ဖြည့်တင်းမည့် ကြားဖြတ် ရွေးကောက်ပွဲများတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လစ်လပ်မဲဆန္ဒနယ်များတွင် ပါဝင်ယှဉ်ပြိုင်မည့် ပါတီများနှင့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လစ်လပ်မဲဆန္ဒနယ် ၆ နေရာတွင် ပါဝင်ယှဉ်ပြိုင်မည့် ပါတီများနှင့် ကိုယ်စားလှယ်လောင်းများမှာ ကော့မှူး မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး(USDP)ပါတီမှ ဒေါက်တာ စိုးမင်းနှင့် ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးတင်ရီမှ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်ရှိ လစ်လပ်မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ဒေါ်စုစုလွင်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP)ပါတီမှ ဦးအောင်ကျော်မင်း၊ အမျိုးသားဒီမိုကရေစီအင်အားစု(NDF) ပါတီမှ ဦးကြည်သန်းတို့မှ ယှဉ်ပြိုင်အရွေးချယ် ခံသွားမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်း လပ်လစ်မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ဒေါက်တာမျိုးအောင်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP)ပါတီမှ ဦးအောင်ဝင်း၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီမှ ဦးဝင်းမြင့်၊ အမျိုးသားဒီမိုကရေစီအင်အားစု(NDF) ပါတီမှ ဦးကြီးမြင့်နှင့် အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဦးဝင်းရွှေတို့မှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မင်္ဂလာတောင်ညွှန့်မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ဒေါ်ဖြူဖြူသင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP)ပါတီမှ ဒေါ်စန္ဒာမြင့်၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဦးသုဝေ၊ အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဦးဘုန်းမြင့်တို့မှ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လစ်လပ်မဲဆန္ဒနယ်တစ်ခုဖြစ်သည့် လှည်းကူးမြို့နယ် မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဦးဖြိုးမင်းသိန်းနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP)ပါတီမှ ဒေါက်တာအောင်မြတ်သူတို့မှ ဝင်ရောက်ယှဉ်ပြိုင် သွားမည် ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ဒေါက်တာမေဝင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP)ပါတီမှ ဦးရဲထွဋ်၊ အမျိုးသားဒီမိုကရေစီအင်အားစု(NDF) ပါတီမှ ဒေါ်ခင်ဖြူဖြူငြိမ်းနှင့် အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဦးရဲမင်းသိန်း (ခ) ရသတို့မှ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ လွှတ်တော်တွင်းလစ်လပ်နေရာ ပြန်လည်ဖြည့်တင်းမည့် ကြားဖြတ်ရွေးကောက်ပွဲများကို ဧပြီလ ၁ ရက်နေ့၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး လွှတ်တော်တွင်း လစ်လပ်မဲဆန္ဒနယ် (၄၈) နေရာရှိကြောင်း သိရသည်။

YC

*****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

မေး- မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခိုင်မာဖို့ဆို အချိန်ဘယ်လောက်ယူရမလဲ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကတော့ နောက်ပြန်မသွားဘူးလို့ ပြောနေပါတယ် ဆရာ့အမြင်သိပါရစေ။

ဖြေ- နောက်ပြန်မသွားချင်တာက ဆန္ဒပါ။ ဒါပေမဲ့ အပြောင်းအလဲတွေမှာ ယေဘုယျသဘောက တစ်ဖြောင့်တည်း မရှိတတ်ပါဘူး။ နှေးသွားတာ၊ နောက်ပြန်ခဏဆုတ်တာ၊ အကြာကြီးဆုတ်တာလတွေလည်း ရှိနိုင်ပါတယ်။ အခုလို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအပါအဝင် အစိုးရ ခေါင်းဆောင်ပိုင်းက နိုင်ငံရေးအရ သံန္နိဋ္ဌာန်ပိုင်းဖြတ်ထားတာကိုတော့ အများကြီးအားတက်စရာကောင်းပါတယ်။

ဒါပေမဲ့ စိုးရိမ်စရာ အခြေအနေတွေလည်း ရှိပါသေးတယ်။ လူတွေရဲ့ မျှော်လင့်ချက် (Expectation) တွေ မြင့်လာရင် အစိုးရပိုင်းက ဖြည့်ဆည်း နိုင်ပါ့မလား။ အဲဒါအပြင် တောင်အဖရိက နိုင်ငံအပြောင်းအလဲအတွေ့ အကြုံတုန်းက ကျွန်တော်တို့ လေ့လာခဲ့ရတာ တကယ်ပြောင်းဖို့ စိတ်ပိုင်းဖြတ် ထားသူ၊ တကယ်ပြောင်းရာမှာ အလုပ်တွေကို တကယ်သိသူက သုံးပုံတစ်ပုံပဲရှိပါတယ်။ ကျန်တဲ့ သုံးပုံတစ်ပုံက ပိုနေမြဲကျားနေမြဲ မပြောင်းချင်သူ၊ နောက်ပ်သုံးပုံတစ်ပုံက ဘာမှမသိ၊ ဘာမှ မလုပ်တတ်တဲ့သူတွေကို ဆိုပါတယ်။ ကျွန်တော်တို့ နိုင်ငံအခြေအနေတော့ မသိပါဘူး။ ကျွန်တော်တို့မှာက အရပ်ဘက် လူ့မှုအဖွဲ့အစည်းတွေကလည်း အားမကောင်းဘူး။ အင်စတီ ကျူးရှင်းတွေကလည်း အားနည်းတယ်။ စီးပွားရေးကလည်း မဖွံ့ဖြိုးဘူး။ ပဋိပက္ခ၊ စစ်ပွဲတွေကလည်း ရှိသေးတယ်။ ဒီအခြေအနေမှာ သည်းညည်းခံစိတ်၊ သဘောထားကြီးကြီးနဲ့ ဝိုင်းဝန်းလုပ်ကိုင်နိုင်မှ ရှေ့ကိုပိုရောက်နိုင်မယ် ထင်ပါတယ်။

ဖေဖော်ဝါရီ ၁၃ ထုတ် The Voice Weekly အတွဲ (၈) အမှတ် (၉) တွင်ပါသည့် “ABSDF ခေါင်းဆောင်းဟောင်း ဦးအောင် သူငြိမ်းနှင့် အင်တာဗျူး” ကောက်နုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အုပ်ချုပ်ရေးကလွှမ်းမိုးတဲ့ တရားစီရင်ရေးစနစ် ရှေ့အနာဂတ်ကာလမှာ ရှိတော့မှာမဟုတ်ပါဘူး။ တည်ဆဲဥပ ဒေအရ တရားစီရင်ရေးလုပ်ငန်းမှာ ပါဝင်ပတ်သက်နေတဲ့ တရားသူကြီးတွေ၊ ဥပဒေဝန်ထမ်းတွေ၊ ရှေ့နေတွေ၊ အမှုလိုက်၊ အမှု ပွဲစားတွေ၊ သက်သေဆင့်ခေါ်သူတွေ အဂတိလိုက်စားရင် ထိရောက်စွာအရေးယူဟန့်တားနိုင် တဲ့ ဥပဒေလိုအပ်ရင် ဥပဒေ ကြမ်းရေးဆွဲပြီး လွှတ်တော်ကို တင်ပြသွားပါမယ်။ အရင်တုန်းကအကြီးအကဲတွေက ၁၀ နှစ်ကျော် အချိန်ယူပြီး ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေပါအချက်တွေက အခုလိုအချိန်မျိုးမှာ ပြန်လည်ပြင်ဆင်ရေး ဆွဲရန် မသင့်သေးပါဘူး။ ဒါပေမဲ့ ပြောင်းလဲနေတဲ့ ခေတ်စနစ်နဲ့ အံဝင်မှုမရှိတဲ့အချိန်ကျရင်တော့ နောက်လူတွေ ကပြင်ဆင်ရေးဆွဲသွားကြမှာပါ”

ဖေဖော်ဝါရီ ၁၆ ထုတ် ရန်ကုန်တိုင်း(မ်) အတွဲ အတွဲ (၈) အမှတ် (၇) တွင်ပါသည့် “အုပ်ချုပ်ရေးကလွှမ်းမိုးသော တရားစီရင်ရေးစနစ် နောင်တွင် ရှိမည်မဟုတ်ဟုဆို” သတင်းမှ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

ကိုကို(စက်မှုတက္ကသိုလ်)- အခုလောလောဆယ် မြန်မာနိုင်ငံကို ရန်ကုန်ကုန်မြို့ကို တွေ့ရတာက Mix Feeiling ပေါ့။ အရောင်တွေ ရောထွေး နေတယ်လို့ ပြောလို့ရသလား။ အဖြူတွေ၊ အမည်းတွေ ရောထွေးနေတယ်လို့ ပြောချင်သလား။

အောင်ဇော်- အဖြူတွေ၊ အမည်းတွေရော ကာလာစုံတယ်။ ဂရေးဖြစ်တာတွေလဲ အများကြီးတွေ့ရတယ်။ ကျွန်တော် တွေ့တာတွေကို ချုပ်ရရင်တော့ ဒိုင်းနမစ်ဖြစ်တယ်လို့ ပြောချင်တယ်။ အပေါင်းလား၊ အနုတ်လားဆိုရင်တော့ ကျွန်တော့်အနေနဲ့ အပေါင်းဘက်ကို ပြောင်းလာတယ်လို့ မြင်ရတယ်။

ဖေဖော်ဝါရီ ၁၆ ထုတ် ရန်ကုန်တိုင်း(မ်) အတွဲ အတွဲ (၈) အမှတ် (၇) တွင်ပါသည့် “ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ အောင်ဇော်နှင့် အင်တာဗျူး” ကောက်နှုတ်ချက်

**************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs