Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၄.၂.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဟောပြောပွဲမှ တန်ဖိုးရှိသောအသိများ

**************************************

ဆောင်းပါးကဏ္ဍ

ဟောပြောပွဲမှ တန်ဖိုးရှိသောအသိများ

ဘုန်းထက်ဝင်း

စာရေးသူသည် မိတ်ဆွေတစ်ဦး၏ အသိပေးမှုဖြင့် ၁၂.၂.၂၀၁၂ တွင် UMFCCI ၌ ကျင်းပသော မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲတစ်ခုကိုတက်ရောက်နိုင်ထောင်ဖြစ်ခဲ့ပါသည်။ ထိပ်သီးစီးပွားရေး ပညာရှင်များ ဖြစ်ကြသော Stiglitz၊ Findlay၊ ဦးလှမြင့်၊ ဦးမြင့် အစရှိသည့် ပုဂ္ဂိုလ်တို့မှ မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာနှင့် ပတ်သက်၍ဟောပြောမည်ဖြစ်သောကြောင့် တက်ရောက် လာသည့် ပရိတ်သတ် များမှာ ခန်းမကြီးနှင့်မဆန့်အောင် ဖြစ်ခဲ့သည်။ စာရေးသူရောက် သည့်အချိန်၌ ပွဲမစသေးသော်လည်း လူများမှာ ပြည့်နှံ့နေသည့်အတွက် နားထောင်ဖို့ နေရာကို အတော်ပင် ရှာယူလိုက်ရပါသေးသည်။ တက်ရောက်လာသည့် ပရိတ်သတ်များထဲတွင် လူငယ်၊ လူလတ်၊ လူကြီးများပါ ဂုရုများ၏ ဟောပြော ပို့ချ မှုများကို စိတ်ဝင်တစား လာရောက်နားထောင်ကြကြောင်း တွေ့ခဲ့ရသည်။

မြန်မာအစိုးရသစ်တက်လာသည်မှာ ၁၀လကြာမြင့်ပြီးနောက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများမှာ ထင်မှတ်ထားသည်ထက် ပိုမို မြန်ဆန်ခဲ့သည့် အတွက် အကူးအပြောင်းကာလတွင် ဖြစ်တန်ရာသော နိုင်ငံရေးမတည်ငြိမ်မှုများ မဖြစ်ပေါ်စေရန် သတိထားလုပ်ဆောင်သင့်သည်ဟု ဝေဖန်ထောက်ပြမှု များလည်း ရှိခဲ့သည်။ သို့သော် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများမှာတော့ များစွာဖြစ်ထွန်းမှု မရှိသေးသည်ကို တွေ့ရသည်။ ကြားဖြတ်ရွေးကောက်ပွဲ အပြီးတွင် ပြည်သူများ၏ စိတ်ဝင်စားမှုမှာ နိုင်ငံရေးမှ စီးပွားရေးသို့ ဦးလှည့်သွားမည်ဖြစ်သောကြောင့် အထက်ပါ ဆွေးနွေးပွဲတွင် ပြောကြားခဲ့မှုများသည် နိုင်ငံ၏ စီးပွားရေးကိုတည်ဆောက်ရာတွင် အဘယ်အတိုင်းအတာထိ အသုံးဝင်နိုင်သည်ကို သုံး သပ်ကြည့်ဖို့ ကောင်းပါသည်။

ဦးဆုံးပြောကြားသွားသူမှာပါမောက္ခ Stiglitz ဖြစ်ပါသည်။ ပါမောက္ခ Stigilitzမှာဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးကို ဖွံ့ဖြိုးဆဲဘောဂဗေဒ ရှုထောင့်မှ အဓိကသုံးသပ်ပြသွားခဲ့ပါသည်။ မြန်မာနိုင်ငံမှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်ယူရာတွင် GDP ကိန်းဂဏန်းများ တိုးတက် လာမှုကို ချည်းမကြည့်ဘဲ စီးပွားရေးကြောင့် လူမှုရေး၊ သဘောဝပတ်ဝန်းကျင် ထိခိုက်မှုနည်းပါးအောင်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရယူနိုင်အောင် ကြိုးစားလုပ်ဆောင်သင့်သည်ဟု ဆွေးနွေးသုံးသပ် သွားသည်။ သံယံဇာတကို အဓိကထားအသုံးပြုသည့် စီးပွားရေးတွင် လူတစ်စုတည်းကသာ ချမ်းသာ လာပြီး နိုင်ငံသား အများစုမှာ ဆင်းရဲမွဲတေလာရသည်ဖြစ်ရာ ယင်းအဆိုးကျော့သံသရာမှ ဖောက်ထွက်နိုင်ရန် လက်ဝါးကြီးအုပ် လုပ်ပိုင်ခွင့် ရှာသည့် အပြုအမှုမျိုး ဖြစ်ပေါ်မှုနည်းပါးအောင် အလေးထားရမည်ဟုပြောကြားသွားခဲ့သည်။

ပါမောက္ခ Stigilitz ပြောကြားသွားသည့်အချက်မှာ ယခုအခါတွင် နိုင်ငံတိုင်းအာရုံစိုက်လာရသည့် အကြောင်းအရာ ဖြစ်ပါသည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မှန်ကန်သော မူဝါဒများဖြင့် ရယူနိုင်စေဦးတော့ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ ရှိခဲ့သော် ယင်းဖွံ့ဖြိုးရေး ဒဏ်သင့်မှုကို မည်သည့်နိုင်ငံမှ လိုလိုလားလားရှိမည် မထင်ပါ။ ထိုအတွက်ကြောင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုမှာ ဖွံ့ဖြိုးရေးမူဝါဒ ဆွေးနွေးပွဲများတွင် မဖြစ်မနေ ပါဝင်လာရပါသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးသည့်နောက်ပိုင်းတွင် ဂျပန်နိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်ဖြင့် ရယူနိုင်ခဲ့ သောကြောင့် လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားလာခဲ့ပြီး ပညာပိုမိုတတ်မြောက်လာခဲ့ကြသည်။ ထိုအတွက်ကြောင့် ဂျပန်ပညာတတ် မိသားစုတို့မှာ ကလေးမွေးဖွားနှုန်း နည်းပါလာခဲ့သည်။ ယင်းဂယက်ကြောင့် ယခုအခါတွင် လူငယ်လုပ်အား နည်းပါးလာရုံမျှမကရှေ့မျိုးဆက်များ၏ ကြိုးစားမှုကြောင့် ဖွံ့ဖြိုးမှုအသီးအပွင့်ခံစားနေရသော ဂျပန်လူငယ်အများစုမှာ ရုပ်ဝထ္တုများသာ ကြွယ်ဝချမ်းသာမှုများကြားတွင် စိတ်ပိုင်းဆိုင်ရာ မလွတ်လပ်မှုများဖြင့် ဘဝ အဓိပ္ပယ်ပျောက်နေရသည်။

ဒုတိယပြောကြားသွားသည့် Findlay မှာ မြန်မာနိုင်ငံနှင့် မစိမ်းသူတစ်ဦးဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် မွေးဖွားပြီး ရန်ကုန်တက္ကသိုလ်တွင် စီးပွားရေးဘာသာကို သင်ယူခဲ့သည့် ပုဂ္ဂိုလ်ဖြစ်ပါသည်။ ပါမောက္ခ Findlay အဓိကပြောကြားသွားသည့် အကြောင်းအရာမှာ ပို့ကုန်တင်ပို့မှုနှုန်းကို ကြည့်ခြင်းဖြင့် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးမှုကိုတိုင်းတာနိုင်သည့်အတွက် ပို့ကုန်တင်ပို့မှု ဦးစားပေးမဟာဗျူဟာ လုပ်ဆောင်ရန် ဖြစ်သည်။ သူက မြန်မာနိုင်ငံကို ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံများဖြစ်လာသည့် တရုတ်နှင့် အန္ဒိယကြားတွင် ရှိနေသောကြောင့် စီးပွားရေးအရ မဟာဗျူဟာကြသည့် နိုင်ငံ ဖြစ်ကြောင်း သုံးသပ်ပြောကြားသွားခဲ့သည်။ ထို့အပြင် ကမ္ဘာ့စီးပွားရေကို ကြည့်ပါကနောက်မှ စီးပွားရေးကိုဖွံ့ဖြိုးအောင်လုပ်သည့် (Late comers) နိုင်ငံ များသည် ရှေ့က နိုင်ငံများထက်ယှဉ်လျှင် ဆယ်စုနှစ် အနည်းငယ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရယူနိုင်ကြောင်း အင်္ဂလန်၊ ပြင်သစ်နှင့် ဂျာမနီ ဥပမာများပေး၍ သုံးသပ်ဖော်ပြသွားသည်။ အာရှတိုက်တွင်တွင် အာရှကျားများသည် ဂျပန်နိုင်ငံ ဥပမာကိုယူ၍ (Opportunity of Japan) ဖွံ့ဖြိုးတိုးတက်မှုကို ရယူသွားနိုင်သဖြင့် မြန်မာနိုင်ငံလည်း ယင်းတို့၏ ပို့ကုန်တင်ပို့မှု ဦးစားပေးမဟာဗျူဟာ ဖွံ့ဖြိုးတိုးတက်မှုကို ရယူသင့်ကြောင့် ပြောကြားသွာခဲ့ပါသည်။ စာရေးသူလည်း သွားစရာတစ်ခုရှိသည်နှင့် ပါမောက္ခ ဦးလှမြင့် ဟောပြောမှုကိုနားထောင်ခွင့်မရခဲ့ပါ။ ယင်းဆွေးနွေးပွဲသည် စာရေးသူကို သုံးသပ်လေ့လာစရာ အတွေးတထောကြီး ချန်ထားခဲ့သည့်အတွက် များစွာတန်ဖိုးရှိလာသည့် ဟောပြောပွဲတစ်ခု ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးမှာဗိုင်းရပ်များဝင်နေသည့် ကွန်ပျူတာတစ်လုံးလိုပင် ဖြစ်သည်။ အချိန်နှောင်းမှ ကုစားနေရသည့်အတွက် မှန်ကန်မှု ရှိစွာ လုပ်ဆောင်နိုင်မှသာလျှင် မလိုလားအပ်သည့် ဆိုးကျိုးများကိုဖယ်ရှားနိုင်မှာ ဖြစ်သည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများကို ကြည့်လိုက်ပါဦး။ ၂၀၁၅ တွင် အာဆီယံစီးပွားရေး အသိုက်အဝန်းအတွက် အရှိန်အဟုန်ကြိုးစား ပြင်ဆင်နေကြသည်။ မြန်မာနိုင်ငံမှာလည်း ယနေ့ယခုမှစ၍ ပြင်ဆင်ထားမှု မရှိလျှင် ပြိုင်ပွဲတွင် အရှုံးနှင့်သာ ယှဉ်ဆိုင်ရပါမည်။ ဈေးကွက်စီးပွားရေးဆိုသည်မှာ ပြိုင်ဆိုင် မှုပေါ်တွင်သာအဓိကမူတည်သောအသိဖြင့် စွမ်းဆောင်ရည် များကို ဖြည့်တင်ထားနိုင်လျှင် နိုင်ငံနှင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ ကြွယ်ဝမှုကို သေချာပေါက် တွေ့မြင်ရမည် ဖြစ်ပါကြောင်း…။

****************************************************************************

 

 

                

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment