Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၇.၂.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. ကမ္ဘာ့ဘဏ်က မြန်မာ့ ပြုပြင်ပြောင်းလဲမှုများကို ပံ့ပိုးတော့မည်

(Associated Press မှ 16 Feb 2012 ရက်စွဲပါ “World Bank says it will support reforms in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. မြန်မာ့ပြုပြင်ပြောင်းလဲမှုများ အခြေမခိုင်သေး

(Radio Australia News မှ 16 Feb 2012 ရက်စွဲပါ “Burma reforms not set in stone” သတင်းကို ဘာသာပြန်သည်)

  1. မြန်မာရောက် ကုလကိုယ်စားလှယ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးကို အလေးထားပြောကြား

(UN News မှ 16 Feb 2012 ရက်စွဲပါ “Arriving in Myanmar, UN focus on sustainable development” သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. ဘန်ကောက်တွင် ဖောက်ခွဲသူများ အစ္စရေးသံတမန်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ဟု ဆို

(BBC သတင်းဌာနမှ 16 Feb 2012 ရက်စွဲပါ Bangkok blast suspects targeting Israeli diplomats ကို ဘာသာပြန်ဆိုသည်)

****************************************************************************************

ကမ္ဘာ့ဘဏ်က မြန်မာ့ ပြုပြင်ပြောင်းလဲမှုများကို ပံ့ပိုးတော့မည်

(Associated Press မှ 16 Feb 2012 ရက်စွဲပါ “World Bank says it will support reforms in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်။)

နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် ကမ္ဘာ့ဘဏ် က မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အားပေးပံ့ပိုးရန်အတွက် ပြန်လည် တွေ့ထိဆက်ဆံနေကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေခံအဆောက်အအုံနှင့် ဘဏ္ဍာရေးကဏ္ဍကို စိစစ်လေ့လာရန်အတွက် ကျွမ်းကျင်သူများ စေလွှတ်နေကြောင်း ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။

ကမ္ဘာ့ဘဏ်အနေဖြင့် ဘတ်ဂျက်ပွင့်လင်းမြင်သာမှု၏ အရေးကြီးပုံကို မီးမောင်းထိုးပြမည့် အများသိရန် အသုံးစရိတ် ပြန်လည်သုံးသပ်ချက် အစီရင်ခံစာကိုလည်း ပြုစုထုတ်ပြန်မည်ဟု အရှေ့အာရှနှင့် ပစ္စဖိတ်ဆိုင်ရာ ကမ္ဘာ့ဘဏ်ဒုဥက္ကဋ္ဌ Pamela Cox က ကြာသပတေးနေ့တွင် ပြောကြားသည်။

သို့သော်လည်း ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာအစိုးရကို ငွေကြေးအကူအညီပေးနိုင်သီးမည်မဟုတ်ပဲ မြန်မာနိုင်ငံက နိုင်ငံတကာငွေကြေး အဖွဲ့များထံ ပေးဆပ်ရန် ကြွေးမြီများရှင်းလင်းသွားမှသာ ငွေချေးသည့်အစီအစဉ် ပြန်လည်စတင်နိုင်လိမ့်မည်ဟု ကမ္ဘာ့ဘဏ်ကပြောကြားသည်။

တပ်မတော်(စစ်တပ်)က နှစ်ပေါင်း ၅၀ ခန့် အုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံတွင် ထွက်ပေါ်လာသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို တုန့်ပြန် အသိအမှတ်ပြုသည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုက နိုင်ငံတကာငွေကြေး အဖွဲ့အစည်းများ၏ မြန်မာနိုင်ငံအပေါ် နည်းပညာဆိုင်ရာ ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးမှုအပေါ် ယခင်က ကန့်ကွက်ပိတ်ဆို့ထားမှုကို မကြာသေးမီကက ဖယ်ရှားပေးလိုက်ပြီဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ အရှေ့အာရှ ပစ္စဖိတ်ဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Pamela Cox က ထုတ်ပြန်သော ကြေညာချက်တွင် “မြန်မာနိုင်ငံမှ  တိုးတက် ပြောင်းလဲမှုများအပေါ် အားတက်ကျေနပ်မိကြောင်း၊ ဆင်းရဲနွမ်းပါးသူများ၊ ဒုက္ခသည်များ အပါအဝင် မြန်မာပြည်သူအားလုံးအကျိုးရှိမည့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အားပေးထောက်ခံရန်အတွက် မြန်မာအစိုးရနှင့် ပြန်လည်ထိတွေ့ ဆက်ဆံရေး လုပ်ငန်းစဉ်ကို ကမ္ဘာ့ဘဏ်က ပြန်လည် စတင်နေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဆက်သွယ် ဆောင်ရွက်မှုဆိုင်ရာ တာဝန်ယူဆောင်ရွက်မှုများကို အားပေးမြှင့်တင်ရန်အတွက် အရပ်ဖက် အဖွဲ့အစည်းများနှင့် အတူတကွလက်တွဲလုပ်ဆောင်မည်ဖြစ်ကြောင်းဖော်ပြထားသည်။

တစ်ချိန်က အရှေ့တောင်အာရှ၏ ဆန်ကုန်သည်ကြီးဖြစ်ခဲ့ပြီးယခု ဆင်းရဲနွမ်းပါးနေသော မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဝါရှင်တန်အခြေစိုက် ကမ္ဘာ့ဘဏ်၏ ဘုတ်အဖွဲ့အစည်းအဝေးကို ကြာသပတေးနေ့က ပြုလုပ်ပြီးနောက် သူမ၏ အထက်ပါ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ကမ္ဘာ့ဘဏ်သည် မြန်မာအစိုးရအား ငွေချေးခြင်းကို လွန်ခဲ့သော ၂၅ နှစ်ခန့်ကစ၍ ရပ်ဆိုင်းထားခဲ့သော်လည်း ၎င်း၏ ကျွမ်းကျင်သူများက အခြား အလှူရှင်များ၏ လုပ်ငန်းများကို တခါတရံကူညီပေးခဲ့ကြပြီး နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ IMF က မြန်မာနိုင်ငံသို့ စေလွှတ်သော အကဲဖြတ်မစ်ရှင် အဖွဲ့တွင်လည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီတောင်းဆိုသော လူထုကို မြန်မာစစ်တပ်က သွေးမြေကျနှိမ်နှင်းဖြိုခွဲကာ နိုင်ငံကို တံခါးပိတ်လိုက်သော ၁၉၈၈ ခုနှစ်မတိုင်မီ တစ်နှစ်ဖြစ်သော ၁၉၈၇ တွင် ရန်ကုန်အစိုးရကို နောက်ဆုံးအကြိမ်ငွေချေးခဲ့သည်ဟု ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့က အတည်ပြု ပြောကြားထားသည်။ မြန်မာနိုင်ငံတွင် ယခင်က လက်နက်ကိုင်ခဲ့သော တိုင်းရင်းသားအုပ်စုများအတွက် အလုပ်အကိုင်နှင့် သက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဖြည့်ဆည်းပေးရန်နည်းလမ်းများရှာဖွေဆုံးဖြတ်ခြင်းကဲ့သို့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက် အထောက်အကူပြုမည့် နည်းပညာဆိုင်ရာ အကူအညီပေးရန် နည်းလမ်းများကို ရှာဖွေလေ့လာသွားမည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်ကြေညာခဲ့သည်။

***************************************************************************

မြန်မာ့ပြုပြင်ပြောင်းလဲမှုများ အခြေမခိုင်သေး

(Radio Australia News မှ 16 Feb 2012 ရက်စွဲပါ “Burma reforms not set in stone” သတင်းကို ဘာသာပြန်သည်)

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်က မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ အခြေမခိုင်သေးဟု သတိပေး ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် အငြင်းပွားဖွယ် ၂၀၁၀ နိုဝင်ဘာလရွေးကောက်ပွဲကိ စိတ်တိုင်းကျ ကျင်းပပြီးချိန်တွင် အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ချလက်ချလွှတ်ပေခဲ့ပြီးနောက်ပိုင်း အံ့အားသင့်ဖွယ်ရာ အပြောင်းအလဲများ ထွက်ပေါ်လာခဲ့သည်။ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်ဧပြီလတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်အမတ်လောင်းအဖြစ် ပါဝင်ယှဉ်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။

သို့သော်လည်း ကုလအထူးကိုယ်စားလှယ် တိုမားစ်အိုဂျာ ကင်တာနာက Newsline သတင်းဌာနကို ပြောကြားရာတွင် “မြန်မာ့တပ်မတော်သည် ၎င်းတို့၏ အာဏာချုပ်ကိုင်မှုကို လုံးလုံးလျားလျား စွန့်လွှတ်လိုခြင်းမရှိသေး” ဟု ရည်ညွှန်းပြောဆိုခဲ့သည်။ “ကျွန်တော့်အနေနဲ့ ပြောရရင် တချို့ နယ်ပယ်တွေမှာ ပြန်မလှည့်နိုင်တော့ဘူးလို့ယူဆရတဲ့ အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို တွေ့မြင်ခဲ့ရသလို တချိန်ထဲမှာမှာပဲ အရေးကြီးတဲ့ အာဏာ အစိတ်အပိုင်းကို တပ်မတော်က ချုပ်ကိုင်ထားဆဲဆိုတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်” ဟု မစ္စတာ ကင်တာနာက ပြောကြားသည်။ “မြန်မာနိုင်ငံမှာ အရာရာ အားလုံးကောင်းသွားပြီ၊ ဒီမိုကရေစီရှိနေပြီလို့ပြောဖို့ကတော့ သိပ်ကို စောလွန်းပါသေးတယ်” ဟု ကင်တားနားက ဆိုသည်။

လာမည့်ဧပြီလတွင် ကျင်းပရန် စီစဉ်ထားသော ကြားဖြတ်ရွေးကောက်ပွဲများတွင် နိုင်ငံတကာ စောင့်ကြည့် လေ့လာသူများကို အကဲခတ်ခွင့်ပေးရန် မြန်မာအစိုးရက စဉ်းစားနေကြောင်း မိမိကို အသိပေးပြောကြားသည်ဟုလည်း မစ္စတာကင်တားနားက ထုတ်ဖော်ပြောကြားသွားသည်။

**************************************************************************

မြန်မာရောက် ကုလကိုယ်စားလှယ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးကို အလေးထားပြောကြား

(UN News မှ 16 Feb 2012 ရက်စွဲပါ “Arriving in Myanmar, UN focus on sustainable development” သတင်းကို ဘာသာ ပြန်ဆိုသည်)

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိသည် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသော မြန်မာ နိုင်ငံသို့ ငါးရက်ကြာခရီးစဉ် ရောက်ရှိနေပြီး ထိုခရီးစဉ်အတွင်း အစိုးရ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။        

မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားများကို အရေအတွက်များများ လွှတ်ပေးရန် ယခင်လက သမ္မတဦးသိန်းစိန်က ဆုံးဖြတ်ခဲ့ခြင်းကို ကုလ သမဂ္ဂက ကြိုဆိုခဲ့ပြီး အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်အကြား နိုင်ငံရေးဒိုင်ယာလော့ ဆွေးနွေးမှု အပါအဝင် အခြားပြုပြင်ပြောင်းလဲမှုများကိုလည်း အသိ အမှတ်ပြု ချီးကျူးခဲ့သည်။ နေပြည်တော်တွင် ကျင်းပသော ဖွံ့ဖြိုးရေးနှင့် ရွေးချယ်စရာမူဝါဒများဆိုင်ရာညီလာခံသို့ တက်ရောက် လာကြသူများအား ကုလ အထူးအကြံပေး ဗီဂျေးနမ်ဘီယာက “ယခုအချိန်သည် တိုင်းပြည်၏အနာဂါတ်ကို ပုံသွင်းမည့် တိုးတက်ဖွံ့ဖြိုးရေး ကိစ္စရပ်များစွာကို ရွေးချယ်ဆောင်ရွက်ရန် အခွင့်အလမ်း ရှိနေသောကြောင့် နိုင်ငံအတွက် လွန်စွာ အရေးကြီးသောအချိန်ဖြစ်သည်” ဟု ပြောကြားခဲ့သည်။

“ပြုပြင်ပြောင်းလဲရေးအစီအစဉ် စတင်ပြီးနောက်ပိုင်း နယ်ပယ်များစွာမှာ ပြောင်းလဲတိုးတက်မှုကို တွေ့မြင်နေရပါပြီ။ ရှေ့မှာတွေ့ရမယ့် စိန်ခေါ်မှုတွေကတော့ များပြား၊ ရှုတ်ထွေးပါလိမ့်မယ်။ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ဟာ ရည်မှန်းချက်ကြီးလွန်းတယ် ဆိုပေမယ့်လည်း ရရှိ အောင်မြင်နိုင်တဲ့အရာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နယ်ပယ်ကဏ္ဍ အလွှာတွေကြားမှာ သာမကပဲ တခြားနိုင်ငံတွေနဲ့လည်း ပူးကေါင်းပါဝင်ခြင်း၊ တွဲဖက် လုပ်ဆောင်ခြင်း၊ စုစည်းခိုင်မာခြင်း စသည့် အချက်တွေဟာ အောင်မြင်မှု ရဲ့သော့ချက်တွေပါပဲ” ဟု မစ္စတာနမ်ဘီယာက ဆိုသည်။

ထို့အပြင် ထောင်စုနှစ်ရည်မှန်းချက်များအဖြစ် ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ရန် မြန်မာနိုင်ငံက အာရုံစိုက်နေခြင်း အပါအဝင် နိုင်ငံတွင်း စဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးရေး လွယ်ကူချောမွေ့အောင် ဆောင်ရွက်နေမှုများသည်လည်း အရေးကြီးသည်ဟု နမ်ဘီယာက အလေးအနက် ပြောကြားသည်။

“တိုးတက်ဖွံ့ဖြိုးရေးဆိုတာဟာ ညီမျှမှုမရှိရင် မရှင်သန်နိုင်ပါဘူး။ ပြည်မသာမကပဲ နယ်ခြားက ပြည်သူတွေပါ ညီတူညီမျှ ရရှိသင့်ပါတယ်။ ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံတာဟာ လူမှုဆိုင်ရာ အုံကြွမှုတွေအတွက် အကောင်းဆုံး အကာအကွယ်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံစည်းလုံး ညီညွတ်မှုနဲ့ ပြောင်းလဲ တိုးတက်ရေး အတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်တဲ့ လူနေမှုအဆင့် မြှင့်တင်ခြင်းကိစ္စကို အစိုးရသာမကပဲ အရပ်ဖက် အဖွဲ့အစည်း တွေကပါ ဝိုင်းဝန်း လုပ်ဆောင်ရမှာပါ” ဟု နမ်ဘီယာက ရှင်းလင်းပြောကြားသည်။

သမ္မတကြီးဦးသိန်းစိန် ပြောသည့်အတိုင်း ပြောင်းလဲနေသည့်ကမ္ဘာကြီးကို လိုက်မီနိုင်အောင် မြန်မာနိုင်ငံက ကြိုးပမ်းနေခြင်းကို ကုလသမဂ္ဂက အားပေး ထောက်ခံမည်ဟု ဗီဂျေ နမ်ဘီယာက ထပ်မံကတိပြု ပြောဆိုသည်။

“မြန်မာနိုင်ငံဟာ ခုအချိန်မှာ အဆင့်များစွာ ရှေ့တိုးလာခဲ့ပြီ ဖြစ်လို့ ပြည်သူတွေရဲ့ ဘဝတွေ တိုးတက်အောင် ငြိမ်းချမ်းခြင်းနဲ့ တည်ငြိမ်မှု တာရှည် ခံအောင် စီးပွားရေးအခြေအနေကောင်းတွေ တည်ဆောက်နိုင်မယ့် အကူအညီနဲ့ အခွင့်အလမ်းတွေကို နောက်ထပ် မပိတ်ပင်သင့်တော့ပါဘူး” ဟု ကုလသမဂ္ဂ အထူးအကြံပေး နမ်ဘီယာက ပြောကြားခဲ့သည်။

**************************************************************************

ဘန်ကောက်တွင် ဖောက်ခွဲသူများ အစ္စရေးသံတမန်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ဟု ဆို

(BBC သတင်းဌာနမှ 16 Feb 2012 ရက်စွဲပါ Bangkok blast suspects targeting Israeli diplomats ကို ဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုနှင့်ပတ်သက်၍ ထိန်းသိမ်းခံထားရသော အီရန်နိုင်ငံသားများ အုပ်စုသည် ထိုင်းအခြေစိုက် အစ္စရေးသံတမန်များကို ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဆိုသည်။

အစ္စရေးသံတမန်အသိုင်းအဝိုင်းမှ မည်သူမည်ဝါကို အဓိကပစ်မှတ်ထားသည်ကို အသေးစိတ်မသိရှိရသော်လည်း ယင်းအစီအစဉ်သည် အဆင့်မြင့်သော လုပ်ဆောင်ချက်တစ်ရပ်ဖြစ်သည်ဟု ဆိုသည်။ ဂျော်ဂျီယာနိုင်ငံနှင့် အိန္ဒိယနိုင်ငံရှိ အစ္စရေးသံတမန်များအပေါ် တိုက်ခိုက်မှုများနှင့် ဘန်ကောက်မြို့ပေါက်ကွဲမှုတို့ကို ရဲအရာရှိများက ကွင်းဆက်လိုက်ကြည့်ခဲ့ကြသည်။

အစ္စရေးအစိုးရကမူ အဆိုပါ တိုက်ခိုက်မှုသုံးခုတွင် အီရန်အစိုးရက နောက်ကွယ်မှပါဝင်နေကြောင်း စွပ်စွဲပြောဆိုသည်။ သို့သော် အီရန်အစိုးရက ၎င်းအနေဖြင့်ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ဘန်ကောက်မြို့ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး အမျိုးသားနှစ်ဦးကို ထိုင်းရဲက ဖမ်းဆီး ထိန်းသိမ်းထားသည်။ တတိယမြောက်တစ်ဦးမှာ မလေးရှားနိုင်ငံမှတစ်ဆင့် အီရန်နိုင်ငံသို့ ပြန်ရန်ကြိုးပမ်းစဉ် လေဆိပ်၌ ဖမ်းဆီးခံရသည်။ စတုတ္ထမြောက်တစ်ဦးမှာ လူဝင်မှုကြီးကြပ်ရေးအရာရှိများ အဆိုအရ အီရန်နိုင်ငံသို့ ပြန်လည် ရောက်ရှိသွားပြီဟု ယုံကြည်ရသည်။ "သူတို့ရဲ့ပစ်မှတ်က လူပုဂ္ဂိုလ်တွေကိုပါ။ အစ္စရေးသံတမန်တွေပေါ့ဗျာ။ ထိုင်းရဲတပ်ဖွဲ့ မဟုတ်ပါဘူး" ဟု ထိုင်းအမျိုးသားရဲချုပ် Priewpan Damapong ကပြောကြားသည်။ အဆိုပါ တရားခံဟု ယူဆရသူများသည် ပေါက်ကွဲစေသော ပစ္စည်းများကိုင်ဆောင်မှု၊ လူသတ်ရန်ကြိုးပမ်းမှုတို့ဖြင့် အရေးယူခံရဖွယ်ရှိသည်ဟု ၎င်းကဆိုသည်။

အခင်းဖြစ်ပွားသည့်နေ့က ၎င်းတို့တည်းခိုနေထိုင်ရာ အိမ်တွင် ပထမဦးစွာပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားရာ အိမ်ခေါင်မိုး ပွင့်ထွက်သွားခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် ဘန်ကောက်မြို့လယ်တွင် အရေးပေါ်အချက်ပေးသံများ ထွက်ပေါ်ခဲ့သည်။ ထိုအချိန်တွင် အီရန်အမျိုးသားနှစ်ဦးမှာ အိမ်မှ ထွက်ပြေးရန်ကြိုးပမ်းခဲ့ကြောင်း၊ တစ်ဦးမှာ ဒဏ်ရာရရှိခဲ့ပြီး တက္ကစီငှားရန် ကြိုးပမ်းခဲ့ကြောင်းသိရသည်။ တက္ကစီမောင်းသူက အငှားမလိုက်ရန် ငြင်းဆိုသော အခါတွင် အဆိုပါ တက္ကစီယာဉ်ကို ဗုံးတစ်လုံးဖြင့်ပစ်ပေါက်ခဲ့သည်ဟု ရဲများကဆိုသည်။ ထိုသူမှာ နောင်မကြာမီပင် ရဲများ၏ အဝိုင်းခံလိုက်ရရာ ဗုံးဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ သို့သော် ၎င်းသည် ဗုံးဒဏ်ရာဖြင့်ပင် ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးသွားသည်။ ယင်းဖြစ်ရပ်ကြောင့် ထိုင်းရဲတပ်ဖွဲ့ဝင် လေးဦး ဒဏ်ရာရရှိခဲ့ကြသည်။

************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၆.၂.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာ့ဒီမိုကရေစီလမ်းကြောင်းသည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုအားကောင်းစေလိမ့်မည်ဟု အိန္ဒိယဆို

(The Economic Times မှ 15 February 2012 ရက်စွဲပါ India says Myanmar’s democratic path will strengthen bilateral ties ကို ဘာသာပြန်ဆိုသည်)

  1. ကုလသမဂ္ဂ အလှူရှင်ကွန်ဖရင့် ကျင်းပရန် မြန်မာ သဘောတူ

(The Financial Times မှ 10 February 2012 ရက်စွဲပါ Gwan Robinson ရေးသားသော Myanmar agrees to hold UN donor conference ကို ဘာသာပြန်သည်)

***************************************************************************************

မြန်မာ့ဒီမိုကရေစီလမ်းကြောင်းသည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုအားကောင်းစေလိမ့်မည်ဟု အိန္ဒိယဆို

(The Economic Times မှ 15 February 2012 ရက်စွဲပါ India says Myanmar’s democratic path will strengthen bilateral ties ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ဒီမိုကရေစီသို့ ခြေလှမ်းများ လှမ်းနေခြင်းကြောင့် နှစ်နိုင်ငံကြားဆက်ဆံရေး ပိုမိုခိုင်မာစေရန် အထောက်အကူပြုပြီး၊ အိန္ဒိယ ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ပိုမိုရင်နှီးမြှုပ်နှံစေရန် ဖြစ်လာကြောင်း အိန္ဒိယက ယနေ့ ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံဟာ ၎င်းရဲ့ခေါင်းဆောင်တွေချမှတ်ထားတဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းတွေပေါ်မှာ ဆက်လက် လျှောက်လမ်းနေတာကို ကျွန်တော် သံသယမရှိပါဘူး။ နှစ်နိုင်ငံဆက်ဆံရေးဟာ ပိုမိုအားကောင်း နက်ရှိုင်းလာဖို့ပဲ ရှိပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီး Ranjan Mathai က နယူးဒေလီမှ အခမ်းအနားတစ်ခုတွင် ပြောကြားခဲ့သည်။

                ၎င်းက ပြောကြားရာတွင် နှစ်နိုင်ငံရေမြေချင်း ဆက်နေမှုသည် နှစ်နိုင်ငံ၏ ဖြစ်တည်မှု၌ ဆက်စပ်မှုများစွာ ရှိကြောင်း၊ စီးပွားရေးအရ၊ ယဉ်ကျေးမှုအရ ဆက်ဆံရေးများ ဆက်လက်တိုးတက်နေမည်ဆိုပါက ဒေသတွင်း ရုပ်လုံးသစ်တစ်ခု ဖန်တီးနိုင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်နိုင်ဖို့ ရေ၊မြေ၊လေ အဆက်အသွယ်တွေ ပိုမိုကြီးထွားလာဖို့လိုအပ်တယ် ဆိုတာကို ကျွန်တော်တို့ ခံယူထားပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုရာသီဥတု၊ အဆက်အသွယ်တွေ တိုးတက်ကောင်းမွန်လာတာနဲ့အမျှ အိန္ဒိယကုမ္ပဏီတွေဟာ ကဏ္ဍစုံမှာ ရင်းနှီးမြှုပ်နှံ လာနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ယင်းက ဆက်လက်ပြောကြားရာတွင် အိန္ဒိယစီးပွားရေးကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် အဆက်အသွယ်အခွင့်အလမ်းများ ရရှိရန် တက်ကြွစွာ ကြိုးစားလျက်ရှိကြောင်း၊ အိန္ဒိယအစိုးရအနေဖြင့်လည်း 2011 ခုနှစ်က ရန်ကုန်တွင် အိန္ဒိယကုမ္ပဏီပြပွဲ ကျင်းပနိုင်ခြင်းကို များစွာ ဝမ်းသာကြောင်း ပြောသည်။

နှစ်နိုင်ငံ ပြည်သူအချင်းချင်း အဆက်အဆံရှိခြင်းကိုလည်း မြန်မာနိုင်ငံနှင့်ပတ်သက်၍ အာရုံပြုရမည့် နယ်ပယ်တစ်ခု ဖြစ်ကြောင်း Mattai က ဖော်ပြခဲ့သည်။ အိန္ဒိယအစိုးရသည် မြန်မာဘုရားဖူးများအား တိုး၍ အကူအညီပေးလျက် ရှိကြောင်း၊ ဘုရားဖူးများ ပိုမိုလာရောက်စေရန် ဆိုက်ရောက်ဗီဇာ ပေးရန်လည်း ကြိုးစားလျက်ရှိကြောင်းကို ၎င်းက သိရှိကြောင်းဆိုသည်။ “နှစ်နိုင်ငံယဉ်ကျေးမှု အပြန်အလှန်ကိစ္စတွေမှာ စနစ်တကျဖြစ်စေဖို့ ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်ကို မကြာမီ လက်မှတ် ရေးထိုးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောသည်။

****************************************************************************

ကုလသမဂ္ဂ အလှူရှင်ကွန်ဖရင့် ကျင်းပရန် မြန်မာ သဘောတူ

(The Financial Times မှ 10 February 2012 ရက်စွဲပါ Gwan Robinson ရေးသားသော Myanmar agrees to hold UN donor conference ကို ဘာသာပြန်ဆိုသည်)

အကြီးတန်းကုလသမဂ္ဂ တာဝန်ရှိပုဂ္ဂိုလ်များသည် မြန်မာအစိုးရနှင့် ယခုနှစ်တွင် ပထမဆုံးအကြိမ် နိုင်ငံတကာ အကူအညီပေးရေး ကွန့်ဖရင့်ကြီး တစ်ခုကျင်းပရန် ပူးတွဲလုပ်ဆောင်ရေး သဘောတူခဲ့သည်။ ယင်းမှာ တိုင်းပြည်တွင် အရေးပါသော ပြောင်းလဲမှုများအတွက် နောက်ထပ်လက္ခဏာတစ်ခု ဖြစ်သည်။

စားပွဲဝိုင်းဆွေးနွေးပွဲတွင် ကမ္ဘာပေါ်တွင် အကြီးဆုံးနိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများနှင့် အစိုးရအေဂျင်စီများ ပါဝင်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှုအဆင့်လျော့ချရေး၌ အစိုးရကမျှော်မှန်းထားသော 26% မှ 2015 ခုနှစ်တွင် 16% ထိလျော့ချနိုင်ရန် ပစ်မှတ်ထား ဆွေးနွေးသွားမည်ဟု UNDP ဒေသဆိုင်ရာ ဒါရိုက်တာ Ajay Chhibber က ပြောကြားခဲ့သည်။ “အစိုးရနှင့် တွေဆုံဆွေးနွေးရာမှာ ကျွန်တော်တို့ဟာ အကူအညီတွေ ပိုမိုလိုအပ်တယ်ဆိုတာရယ်၊ အကူအညီတွေ ပိုမိုထိရောက်ဖို့လိုတယ် ဆိုတာရယ်၊ ပိုကောင်းတဲ့ အကူအညီပေးရေး အခြေအနေတွေ လိုတယ်ဆိုတာရယ်ကို သဘောတူကြပါတယ်။ အလှူရှင်တွေ အတူတကွ စုစည်းနိုင်မယ့် စားပွဲဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရေး လုပ်ငန်းစဉ်အတွက် စတင် လုပ်ဆောင်ဖို့ သဘောတူပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု လျော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များအတွက် ငွေပမာဏမည်မျှ လိုမည်ဆိုသည်ကို တိုင်းသိပြည်သိ ခန့်မှန်းထားခြင်း မရှိသော်လည်း အချို့မြန်မာနိုင်ငံမှ လူများနှင့် အစိုးရ တာဝန်ရှိသူများက ဒေါ်လာဘီလီယံများစွာ လိုအပ်လိမ့်မည်ဟု ပြောကြားကြသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမွဲတေမှု အဆင့်သတ်မှတ်ချက်တွင် အောက်ဆုံးကွာတား၌ ပါဝင်ပြီး 2011 ခုနှစ်အတွက် တစ်ဦးချင်း GDP မှာ ဒေါ်လာ(700) သာရှိကြောင်း၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ အဆိုအရ သိရှိရသည်။

ယင်းကဲ့သို့ ကွန်ဖရင့်ကျင်းပရန် သဘောတူညီမှု ရရှိခဲ့ခြင်းမှာ အမေရိကန်က အရေးယူမှုအချို့ဖယ်ရှားခဲ့ပြီး ကုလသမဂ္ဂနှင့် အခြားနိုင်ငံစုံ အဖွဲ့များ မြန်မာနိုင်ငံတွင် အကူအညီများ ကျယ်ပြန့်စွာပေးနိုင်ရန် အခြေခံလုပ်ငန်းများ စတင်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ မြန်မာအစိုးရနှင့် ကုလ သမဂ္ဂတို့သည် နေပြည်တော်တွင် တိုင်းပြည်အတွက် စီးပွားရေးမူဝါဒ လမ်းကြောင်းကို လူများစွာဖြင့် မျက်နှာစုံညီ ဆွေးနွေးနိုင်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် လူပေါင်း (450) ကျော် တက်ရောက်ခဲ့ပြီး ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ စိန်ခေါ်မှုများ အထူးသဖြင့် ကျန်းမာရေးနှင့် ပညာရေးအပါအဝင် အရပ်ဖက်တွင် လူ့စွမ်းဆောင်ရည် တည်ဆောက်မှုများကို အာရုံပြု ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးကြသူများတွင် မြန်မာကက်ဘိနက်ဝန်ကြီးများ၊ စီးပွားရေး ပညာရှင်နှင့် အမေရိကန်စီးပွားရေးပညာရှင် Joseph Stiglitz ကဲ့သို့သော သူများနှင့် အာရှနိုင်ငံများမှ တာဝန်ရှိသူများ ပါဝင်သည်။

မြန်မာနိုင်ငံတွင်းသို့ အကူအညီများ အလုံးအရင်းနှင့် ဝင်ရောက်လာနိုင်ရန်မှာ အနောက်နိုင်ငံ အရေးယူမှုများ ရုတ်သိမ်းသင့်ကြောင်း၊ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အနောက်နိုင်ငံအကူအညီပေးရေး အကြီးတန်း တာဝန်ရှိသူများ၊ အစိုးရ တာဝန်ရှိသူများ လာရောက်ခြင်းများအတွက် များစွာ အားတက်ခဲ့ရကြောင်း မြန်မာအစိုးရ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အနောက်နိုင်ငံများက အကယ်၍ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲများ သန့်ရှင်းခဲ့လျှင် နိုင်ငံရေးအကျဉ်းသားများ ကိစ္စ၊ တိုင်းရင်းသားဒေသများရှိ ပဋိပက္ခများ ဖြေရှင်းပြီးခဲ့လျှင် အရေးယူမှုများ ရုတ်သိမ်းမည်ဟု ဆိုခဲ့သည်။

                မြန်မာနိုင်ငံတွင် အရေးယူမှုများရုတ်သိမ်းခဲ့ပြီးသည့်တိုင် စီးပွားရေးလုပ်ငန်းများ အလောထကြီးဝင်ရောက်ရန် အားလုံးက ယုံကြည်စိတ်ချခြင်း မရှိသေးပေ။ မြန်မာနိုင်ငံသို့လာရောက်သော အီးယူဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်နာမင်းကြီး Andris Piebalgs က ပြောကြားရာတွင် အရေးယူမှုများ ရုတ်သိမ်းသွားသည့်တိုင် ဥရောပကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ရင်းနှီးမြှုပ်နှံသူများအား အကာအကွယ်ပေးမည့် ဥပဒေများ အပြည့်အဝ အလုပ်ဖြစ်သည်အထိ အချိန်ယူ စောင့်ဆိုင်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

နေပြည်တော်ဆွေးနွေးပွဲတွင် တက်ရောက်သော ထိပ်တန်းမြန်မာဘဏ်လုပ်ငန်းရှင်က ပြောကြားရာတွင် မေလတွင် ပြည်တွင်းစီးပွားရေး အုပ်စုများက ကြီးမှူးကျင်းပမည့် ငါးကြိမ်မြောက် မြန်မာ့စီးပွားရေးကွန့်ပရင့်ကို တက်ရောက်ရန် နိုင်ငံတကာစီးပွားရေး အုပ်စုများသည် မကြုံစဖူး စိတ်ဝင်စားလျက် ရှိကြသည်ဟု ဆိုသည်။ “တချို့ဆို အဲဒီအချိန်တောင် မစောင့်နိုင်ပါဘူး။ အခု ဂျပန်လူမျိုး(170) နဲ့ စင်ကာပူစီးပွားရေးလုပ်ငန်းရှင် (117) ဦးတို့ လာတာ အပျော်ခရီး သွားဖို့ လာတာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

*****************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs