Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂ဝ.၂.၂ဝ၁၂

ဘာသာပြန်သတင်းများအပိုင်း(၂)

  1. ပြုပြင်ပြောင်းလဲမှုသည် ပြည်သူတို့၏ လိုအပ်ချက်နှင့် ကိုက်ညီရန်လိုဟု ကုလကိုယ်စားလှယ်ပြော

(AFP News မှ 18 Feb 2012 ရက်စွဲပါ “Myanmar reforms must reach the needy: UN envoy” သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာဒုက္ခသည်များကိစ္စ ဂျပန်၏ ရည်မှန်းချက် မပြည့်မီ

(The Asahi Shimbun မှ 17 Feb 2012 ရက်စွဲပါ “Japan unlikely to reach goal for Myanmar refugees” သတင်းကို ဘာသာပြန်သည်)

  1. ဘိန်းကိုအရူးအမူးဖြစ်နေသော ဆွေမျိုးများ

(Reuters မှ 19 February, 2012 ရက်စွဲပါ Opium's crazy cousin ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာ့ပြုပြင်ပြောင်းလဲမှုများအပေါ် ဒေါ်အောင်ဆန်းစုကြည် လောင်းကြေးထပ်

(NPR မှ 15 Feb 2012 ရက်စွဲပါ Opposition Leader Bets On Myanmar Reforms ကိုဘာသာပြန်ဆိုသည်)

*****************************************************************************************************

ပြုပြင်ပြောင်းလဲမှုသည် ပြည်သူတို့၏ လိုအပ်ချက်နှင့် ကိုက်ညီရန်လိုဟု ကုလကိုယ်စားလှယ်ပြော

(AFP News မှ 18 Feb 2012 ရက်စွဲပါ “Myanmar reforms must reach the needy: UN envoy” သတင်းကို ဘာသာ ပြန်ဆိုသည်)

ဖွံ့ဖြိုးမှုနိမ့်ကျနေသော မြန်မာနိုင်ငံမှ အသစ်ပြုပြင်ပြောင်းလဲမှုသည် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေး ကဲ့သို့သော နယ်ပယ်များတွင် နိုင်ငံသားများအကျိုးခံစားခွင့်ရှိအောင် ပြုလုပ်ပေးနိုင်ရမည်ဟု ကုလသမဂ္ဂ ထိပ်တန်း တာဝန်ရှိသူက မြန်မာအစိုးရကို တိုက်တွန်း ပြောကြားလိုက်သည်။ ကုလသမဂ္ဂ အကြီးအကဲ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ဗီဂျေးနမ်ဘီယာက သမ္မတဦးသိန်းစိန်၊ အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စသော သော့ချက်ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သော ၅ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အပြီးတွင် အထက်ပါအတိုင်း မေတ္တာရပ်ခံ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၌ နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေး ကျင့်သုံးခဲ့သော တပ်မတော်အစိုးရက အရပ်သားတစ်ပိုင်း အစိုးရသစ်ထံ အာဏာလွှဲပြောင်းပေးပြီး တစ်နှစ်နီးပါးအကြာတွင် မကြုံစဖူး တိုးတက်မှုအဆင့်သို့ ရောက်ရှိခဲ့သော ပြုလုပ်နေဆဲ အပြောင်းအလဲများကို မစ္စတာနမ်ဘီယာက ချီးကျူး ပြောဆိုခဲ့သည်ဟု ကုလသမဂ္ဂသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲများ ယုံကြည် စိတ်ချစရာ သိက္ခာရှိရေး၊ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများနှင့် ငြိမ်းချမ်းမှုရရှိရေး၊ ပြည်သူတို့၏ လိုအပ်ချက်များကို အသိအမှတ်ပြု ဝန်ခံ ဖြည့်ဆည်းပေးရး စသော ဦးစားပေးကိစ္စရပ်များကို မီးမောင်းထိုးပြသခဲ့သည့် ဗီဂျေးနမ်ဘီယာက “ဒီလိုမှသာ အခုအချိန်ထိ ပြုလုပ်ခဲ့သမျှ အပြောင်းအလဲ ကနေ ပြည်သူတွေ စတင်အကျိုးခံစားနိုင်မှာပါ” ဟု ပြောကြားသည်။

"နိုင်ငံရဲ့ တိုးတက်ရေးနဲ့ ဖွံ့ဖြိုးရေးမှာ အင်တိုက်အားတိုက်၊ ညီတူတန်းတူ ပါဝင်လာအောင် ပြည်သူတွေကို တွန်းအား ပေးဖို့အတွက် ဗဟိုအစိုးရနဲ့ ဒေသခံတွေက ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်ဖန်တီးပေးရေးကိစ္စရပ်တွေကို အဓိက တုန့်ပြန်ဆောင်ရွက်ပေးဖို့ လိုအပ်နေတုန်းပါပဲ" ဟု ကုလသမဂ္ဂ အထူးအကြံပေး ကိုယ်စားလှယ်က ကြေညာချက်တွင် ထည့်သွင်းပြောဆိုခဲ့သည်။ မှန်ကန်သော မူဝါဒများရှိမှသာလျှင် ယခုပြုပြင်ပြောင်းလဲမှုများက မြန်မာပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားကို အရှိန်မြှင့်တင်ပေးနိုင်လိမ့်မည်ဟု ဗီဂျေးနမ်ဘီယာက သုံးသပ်ပြောကြားထားသည်။

***************************************************

မြန်မာဒုက္ခသည်များကိစ္စ ဂျပန်၏ ရည်မှန်းချက် မပြည့်မီ

(The Asahi Shimbun မှ 17 Feb 2012 ရက်စွဲပါ “Japan unlikely to reach goal for Myanmar refugees” သတင်းကို ဘာသာပြန်သည်)

ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည် ၉၀ ခန့်ကို တတိယနိုင်ငံအဖြစ် လက်ခံထားသော တိုကျိုအစိုးရ၏ ရည်ရွယ်ချက် ပြည့်ဝမည့် အလားအလာ မရှိဘဲ ဂျပန်နိုင်ငံတွင် နေထိုင်မှုခက်ခဲသည့် ဇာတ်လမ်းများကြောင့် လျှောက်လွှာတင်သူများ စိုးရိမ်ကြောက်ရွံ့လာကြပုံရသည်ဟု သိရှိရသည်။

ဂျပန်နိုင်ငံ၌ သွားရောက်နေထိုင်ရန်ပြင်ဆင်ထားမှုကို မေးမြန်းခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့က အင်တာဗျူးများတွင် ထိုင်းဒုက္ခသည် စခန်းရောက် မိသားစုနှစ်စုမှ လူကိုးဦးတို့ကသာ လျှောက်ထားခဲ့ကြသည်။ ယခုနှစ်သည် ဂျပန်နိုင်ငံ “တတိယနိုင်ငံ အခြေချခွင့်ပေးခြင်း ၃ နှစ်စီမံချက်” ၏ နောက်ဆုံးနှစ် ဖြစ်သည်။ အဆိုပါအစီအစဉ်အရ မိသားစု ၉ စုမှ ဒုက္ခသည် ၄၅ ဦး ဂျပန်နိုင်ငံ၌ အခြေချနေထိုင်လျက်ရှိသည်။ အကယ်၍ ယခု နောက်ဆုံး အင်တာဗျူးများမှ လျှောက်ထားသူအားလုံးကို လက်ခံခဲ့သည့်တိုင်အောင် ဂျပန်အစိုးရ ရည်မှန်းထားသော အရေအတွက်၏ ၆၀ ရာခိုင်နှုန်းမျှသာ ရှိမည်ဟုဆိုသည်။ ဂျပန်နိုင်ငံရောက် ဒုက္ခသည်များက ဂျပန်ယဉ်ကျေးမှုနှင့် အသားကျရန် ခက်ခဲကြောင်းကို ဒုက္ခသည်စခန်းတွင် ကျန်ခဲ့သော ဆွေမျိုးများအား ပြန်လည် ပြောဆိုကြသည်ဟုလည်း ဒုက္ခသည်ကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းက ပြောကြားသည်။ ဂျပန်နိုင်ငံထက် စော၍ အလားတူ အစီအစဉ်ကို စတင်ခဲ့သော အမေရိကန်ပြည်ထောင်စုတွင်မူ ကွဲပြားခြားနားစွာပင် ထိုင်းနိုင်ငံဒုက္ခသည်စခန်းများမှ ဒုက္ခသည် ၅၀၀၀၀ ခန့် သွားရောက် အခြေချ နေထိုင်လျက်ရှိသည်ဟု သိရသည်။

ယင်းကဲ့သို့ ပထမဦးစားပေးနေရာအဖြစ် ဂျပန်နိုင်ငံကို လူကြိုက်မများခြင်းမှာ ယင်းနိုင်ငံတွင် ဒုက္ခသည်များ၏ ဆွေမျိုးမိတ်ဆွေ အသိအကျွမ်း နည်းပါးမှုကြောင့်ဖြစ်သည်ဟု အခြေချအစီအစဉ်နှင့် ကျွမ်းဝင်သော သတင်းရပ်ကွက်က ဆိုသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ နောက်ဆုံး အပြောင်းအလဲများက ဒုက္ခသည်များကို စိတ်ပြောင်းသွားစေသည်ဟုလည်း သိရသည်။ ဇန်နဝါရီလတွင် သမ္မတဦးသိန်းစိန်အစိုးရနှင့် ကရင် လက်နက်ကိုင်များ အပစ်ရပ် သဘောတူခဲ့ပြီးနောက်တွင် ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံး၏ မြန်မာနိုင်ငံသို့ ဒုက္ခသည်များ ပြန်လည် ပို့ဆောင်ရေး အစီအစဉ်ကို ဆက်လက် ရှေ့တိုးဆောင်ရွက်လျက်ရှိသည်။

ထိုင်းနိုင်ငံစခန်းများရှိ ဒုက္ခသည်အများစုမှာ ကရင်များသာဖြစ်ပြီး ယခုအခါ မြန်မာနိုင်ငံတွင်း (ကရင်ပြည်နယ်) သို့ ပြန်လည်အခြေချရန် ပြင်ဆင်သူ အရေအတွက် တိုးပွားလာနေသည်။ သို့သော် အချို့ဒုက္ခသည်များကမူ ဂျပန်နိုင်ငံ၏ အခြေချ နေထိုင်ခွင့်ပေးမှုစီမံချက်ကို သက်တမ်းတိုးရန် တောင်းဆိုနေကြသည်။ ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံမှ ဒုက္ခသည် ၁၃ဝဝဝဝ ခန့် ရောက်ရှိနေသော်လည်း ၄ဝ ရာခိုင်နှုန်းမှာ တရားဝင် မှတ်ပုံတင်ထားခြင်း မရှိပေ။ ဒုက္ခသည်မှတ်ပုံတင်ခြင်းသည် တတိယနိုင်ငံတစ်ခုသို့ သွားရန်လိုအပ်သော စည်းကမ်းချက် တစ်ခုဖြစ်သောကြောင့် ဒုက္ခသည်များ ပိုမို ဝင်ရောက်လာမည်ကို စိုးရိမ်သော ထိုင်းနိုင်ငံက ဒုက္ခသည် မှတ်ပုံတင်ခြင်း အစီအစဉ်ကို ၂၀၀၅ ခုနှစ်ကစ၍ ရပ်ဆိုင်းထားခဲ့သည်။

**************************************************************

ဘိန်းကိုအရူးအမူးဖြစ်နေသော ဆွေမျိုးများ

(Reuters မှ 19 February, 2012 ရက်စွဲပါ Opium's crazy cousin ကို ဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးသုံးစွဲသူများ ပြန်လည်ထူထောင်ရေး ဗဟိုဋ္ဌာနများတွင် ရောက်ရှိနေသူအများစုမှာ မူးယစ်ဆေးသုံးစွဲမှုကြောင့် ဖြစ်သည်။ ဂျပန်တွင် ဖမ်းမိသော မူးယစ်ဆေးဝါးများမှာ ၎င်းနှင့် ပတ်သက်နေပြီး ကုလသမဂ္ဂက ပြောကြားရာတွင် ၎င်း၏နောက်ထပ်ဈေးကွက်ကြီးမှာ ဗီယက်နမ် ဖြစ်သည်ဟု ဆိုသည်။ ယနေ့အချိန်တွင် မက်သာဖက်တမင်းသည် အာရှတိုက်၏ နိုင်ငံအတော်များများတွင် ထိပ်တန်းမူးယစ်ဆေးဝါး ဖြစ်နေသည်။ ၎င်းသည် စီးပွားရေးနှင့် လူမှုရေးနယ်ပယ်တွင် လျင်မြန်စွာ နေရာယူ လာလျက်ရှိသည်။ ၎င်းမှာ ဆေးပြား (pill) အသွင်ရှိပြီး ခရစ်စတယ် ပုံစံဖြင့် ရေခဲကဲ့သို့ (ice) အသွင်သဏ္ဍာန်ရှိသည်။ ထိုင်းနိုင်ငံက ရာဘ (xa ba-အရူးအမူး ဖြစ်စေသောဆေး) ဟု ခေါ်ဆိုကြသည်။ ၎င်းသည် ဈေးပေါသည်ဟု ဆိုနိုင်ပြီး ဆေးစွဲလည်းလွယ်သည်။ ၎င်းကို ယခင်ဘိန်းစိုက်သော မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှ ထုတ်လုပ်သည်ဟု သိရသည်။

အရှေ့တောင်အာရှတွင် ရာဘဆေးပြားဖမ်းမိသည့်နှုန်းမှာ လေးဆခန့်တက်လာခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ဆေးပြား 32 သန်းဖမ်းမိခဲ့ရာမှ ၂၀၁၀ တွင် ဆေးပြား ၁၃၃ သန်းရှိလာပါသည်။ ထိုသို့ တိုး၍ ဖမ်းမိခြင်းမှာ ပိုမို ထုတ်လုပ်ခြင်းကြောင့်ဖြစ်သည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး (UNODC) က ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ ၌ဖမ်းဆီးရမိသော ဆေးပြားမှာ ၂ သန်းသာရှိခြင်းကြောင့် ထိရောက်မှုမရှိဘဲ တာဝန်ရှိသူများက ဆေးပြားထုတ်လုပ်ရာတွင် အဓိကပါဝင်သော အီဖီဒရင်း (ephedrine) နှင့် ဆူဒိုအီဖီဒရင်း (pseudoephedrine) တို့ကို ရောင်းချပေးနေသော အိန္ဒိယနှင့် တရုတ်ကုမ္ပဏီတို့ကို အပြစ်တင်လျက်  ရှိသည်။ ဆေးပြားအများစုကို မြန်မာနိုင်ငံအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကဲ့သို့ဖြစ်နေသော ယခင်ဘိန်းများစွာ စိုက်ခဲ့သော တရုတ်နယ်စပ်ရှိ အထူးဒေသ (၂) မှ ထုတ်လုပ်သည်။ ထိုဒေသကို အပစ်အခတ်ရပ်ထားသည့် လက်နက်အင်အားကောင်းသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ညီညွတ်သော 'ဝ' ပြည်ထောင်စု တပ်မတော် (UWSA) က ထိန်းချုပ်ထားသည်။ အမေရိကန်ပြည်ထောင်စု၏ Drug Enforcement Administration က အရှေ့အာရှတွင် ဟီးရိုးအင်းနှင့် မက်သာဖတမင်း ရောင်းဝယ်ရာတွင် အဓိကအဖွဲ့ကြီးမှာ UWSA ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံ၏ မက်သာဖတမင်း အများစုကို အခြားအာရှနိုင်ငံများသို့ ရောင်းချသေးသည်။ သို့သော် မြန်မာနိုင်ငံတွင်းတွင်လည်း ဈေးကွက်ကြီးလာရာ ဘိန်းနှင့်ဟီးရိုးအင်းကိုပင် မသုံးကြတော့ဟု UNODC က သည်။

**************************************************************************

မြန်မာ့ပြုပြင်ပြောင်းလဲမှုများအပေါ် ဒေါ်အောင်ဆန်းစုကြည် လောင်းကြေးထပ်

(NPR မှ 15 Feb 2012 ရက်စွဲပါ Opposition Leader Bets On Myanmar Reforms ကိုဘာသာပြန်ဆိုသည်)

ယခုအခါ စစ်တပ်ကျောထောက်နောက်ခံ မြန်မာအစိုးရသည် နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်း၊ မီဒီယာဆင်ဆာ တည်းဖြတ်မှုများ ဖြေလျှော့ပေးခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်း အစရှိသည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ပြီး ၎င်းအပေါ် သံသယဖြစ်ကာ အယုံအကြည်မရှိသူ အတော်များများကို အံ့အားသင့်စေခဲ့ပြီးဖြစ်သည်။ သို့သော် ယင်းပြုပြင်ပြောင်းလဲမှုများမှာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်သည့်ကိစ္စလောက် ချီးမွမ်းပြောဆိုမှုမရရှိခဲ့ပေ။ ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း ၂၀ နီးပါး နေအိမ်အကျယ်ချုပ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနောက် မြန်မာ့နိုင်ငံရေးစနစ်အတွင်းမှနေ၍ ယခုအခါ ဒီမိုကရေစီရေး အတွက် ဦးတည်လျက်ရှိသည်။ ပါလီမန်လွှတ်တော်တွင်နေရာတစ်နေရာရရှိရေးအတွက် လာမည့်ဧပြီလ ၁ ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် သူမအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်တော့မည်ဖြစ်၏။ သို့အတွက်ကြောင့် နောက်ဆုံးတွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်လာသည်။ မဲဆွယ်စည်းရုံးရေးအတွက် ခရီးထွက်ရာတွင် သူမ၏ SUV ကား Sunroof မှ မတ်တပ်ရပ်ကာ ထောက်ခံကြိုဆိုသူများကို လက်ဝှေ့ယမ်း နှုတ်ဆက်ပြီး သူမကို ချစ်ခင်သူ၊ ထောက်ခံသူများက ကော့မှူးမြို့နယ်မှ ဖုံထူထပ်သည့်လမ်းဘေးဝဲ၊ ယာတစ်ဖက်တစ်ချက်စီတွင်ရပ်ကာ ပန်းစည်းများဖြင့် ကြိုဆိုကြသည်။ အဆိုပါမြို့နယ်မှာ ကျေးလက်ဒေသတစ်ခုဖြစ်ပြီး သူမဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် တစ်ခုလည်းဖြစ်သည်။

ကော့မှူးမြို့နယ်သို့ ဒေါ်အောင်ဆန်းစုကြည်သွားရောက်ရာတွင် မြို့အဝင်ဝကတည်းက ကရင်တိုင်းရင်းသား လူမျိုးများက ၎င်းတို့၏ ရိုးရာဓလေ့ဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။ ကွမ်းယာများ တမြုံ့မြုံ့ဝါးနေသော လယ်သမားများက ကွမ်းဂျိုးကပ်နေသည့် သွားများပေါ်လွင်သည်အထိ ပြုံးရွှင်စွာ ကြိုဆိုကြသည်ကိုတွေ့ရသည်။ ပါးပြင်ပေါ်တွင် သနပ်ခါး လိမ်းကျံထားသော ကရင်အမျိုးသမီးများလည်းပါသည်။ ကော့မှူးမှာ ဝေးလံ ခေါင်သီသော ကျေးလက်မြို့လေးတစ်မြို့ ဖြစ်ပြီး ရန်ကုန်မြို့မှ မော်တော်ကားနှင့်သွားပါက လေးနာရီလောက်မောင်းရသည်။ ဒေါ်အောင်ဆန်းစုကြည်က အဆိုပါမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ မတူကွဲပြားသော တိုင်းရင်းသားများရှိသောကြောင့်ဖြစ်သည်ဟု ဆိုသည်။

ယင်းမြို့နယ်ဒေသသည် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်အတွင်း နာဂစ်ဆိုက်ကလုန်းမုန်တိုင်းဒဏ် ဆိုးဆိုးရွားရွား ခံစားခဲ့ရသည်။ နာဂစ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချရေးလုပ်ငန်းစဉ်များလုပ်ကိုင်ရာတွင် နှေးကွေးပြီး ထိရောက်မှု မရှိသောကြောင့် ဒေသခံအတော်များများသည် အစိုးရအပေါ်အလွန်အမင်း မကျေမနပ်ဖြစ်လျက်ရှိသည်။ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမှ ကျေးရွာသူရွာသားများအား သူမကို ထောက်ခံမဲပေးရန် ပြောဆိုသည်။ ၎င်းတို့မှာ နေခြစ်ခြစ်တောက် ပူနေသော လယ်ကွင်းထဲတွင်ထိုင်ကာ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးမှုကို နားထောင်ကြသည်။ ထောက်ခံမဲ ရရှိရေးအတွက် ကတိကဝတ်ပြုရာတွင် ဒေါ်အောင်ဆန်းစုကြည်က သတိထား၍ ပြောသည်။ ဖွံ့ဖြိုးတိုးတက်မှုရှိသော မြန်မာနိုင်ငံသစ်ဆီသို့ သွားရမည့် လမ်းမှာ လွယ်ကူချောမွေ့လိမ့်မည်မဟုတ်ဟု သူမကဆိုသည်။

လတ်တလော အစိုးရသစ်ကအကောင်အထည်ဖော်လျက်ရှိသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများသည် ကော့မှူးမြို့နယ် ဒေသကို ပြောင်းလဲပေးနိုင်ခြင်း မရှိသေးပေ။ အဆိုပါ မြို့နယ်တွင် စက်မှုလုပ်ငန်း များများစားစားမရှိသလို အလုပ်အကိုင်လည်းမရှိပေ။ “ကျွန်တော်နဲ့ ကျွန်တော်တို့ ဒေသခံတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးချင်ကြပါတယ်။ ကျွန်တော်နိုင်ငံရေးဆိုတာကိုကောင်းကောင်းနားမလည်ပါဘူး။ ဒါပေမဲ့ ပြည်သူတွေရဲ့ အကျိုးရှိအောင် အစွမ်းကုန် လုပ်ဆောင်ပေးမယ့်သူကိုတော့ ကျွန်တော်ရွေးချယ်ချင်ပါတယ်” ဟု အသက် ၂၅ နှစ် အရွယ် လယ်သမား တစ်ဦး ဖြစ်သော ကိုစထွန်းလင်းကပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ်မတိုင်မီ ကာလများအထိ နိုင်ငံရေးလောကထဲသို့ ဝင်ရောက်ခဲ့ခြင်း မရှိဘဲ ထိုနှစ်နောက်ပိုင်းတွင်မူ နှစ်ပေါင်းများစွာ နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) သည် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲကို မျှတမှုမရှိ ဟုဆိုကာ သပိတ် မှောက်ခဲ့သည်။ သို့သော်ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည်၏ စိတ်သဘောထား ပြောင်းလဲခဲ့ကာလာမည့်ကြားဖြတ်ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့သည်။ NLD မှ အသက် ၈၂ နှစ်အရွယ် ပါတီပူးတွဲတည်ထောင်သူ ဦးတင်ဦးအပါအဝင် သူမ၏လုပ်ဖော်ကိုင်ဖက် အတော်များများက ဒေါ်အောင်ဆန်းစုကြည်ကို အကောင်းမြင်လွန်းသူတစ်ဦးအဖြစ် ထင်မှတ်လျက်ရှိကြသည်။ “ဒီအစိုးရ ဒါမှမဟုတ် ဒီသမ္မတနဲ့ တခြားပုဂ္ဂိုလ်တွေအပေါ် ခင်ဗျားယုံကြည်လို့ရ၊ မရဆိုတဲ့ကိစ္စကို ကျွန်တော်မသိပါဘူး။ ခင်ဗျားအနေနဲ့စစ်တပ်ကို လွယ်လွယ်နဲ့ ယုံလို့မရနိုင်ဘူး။ အဲဒီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ စစ်တပ်က အချိန်မရွေး အာဏာ ပြန်သိမ်းနိုင်တယ်လေ” ဟု နှစ်ပေါင်း ၂၀ တာကာလမျှ ဖမ်းဆီးချုပ်နှောင်ခြင်း ခံခဲ့ရသော သတင်းစာဆရာကြီး ဦးဝင်းတင်ကပြောသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် အရည်အချင်းနှင့် ပြည့်စုံသော အမျိုးသမီးတစ်ဦးဖြစ်ပြီး မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုများကို ဦးဆောင်နိုင်သူတစ်ဦးဖြစ်သည်ကို ယုံကြည်ကြောင်း၎င်းကဆိုသည်။ “အချို့သော အရေးကိစ္စတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သဘောထားချင်းမတူတာတွေရှိပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်ပါ..၊ ကျွန်တော်ဒေါ်အောင်ဆန်းစုကြည်ဘေးကရပ်မှာပါ။ သူ့ကိုထောက်ခံသွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။            အကယ်၍ မိမိသာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရမည် ဆိုပါက စစ်တပ်၏ အာဏာကို စောင်းပေးထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲမည်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုထားသည်။ သို့သော်လည်း လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် သူမအနိုင်ရရှိခဲ့လျှင်သော်လည်း စစ်တပ်နှင့် အာဏာရပါတီ အနေဖြင့် လွှတ်တော်ကို ဆက်လက်သြဇာလွှမ်းမိုးထားနိုင်မည်သာဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲမှုကဲ့သို့သော အရေးကြီးသည့်လုပ်ငန်းစဉ်များကိုလုပ်ကိုင်ရေးမှာ လွယ်ကူမည်မဟုတ်ပေ။ မကြာသေးခင်က NLD ရုံးချုပ်၌ အဆိုပါအရေးကိစ္စနှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားရာတွင် “မိမိအနေဖြင့် စစ်တပ်အာဏာ စွန့်လွှတ်လာအောင် ကြိုးပမ်းနေခြင်းမဟုတ်ကြောင်း” ဒေါ်အောင်ဆန်းစုကြည်က သံတမန်ဆန်ဆန် ပြောဆိုသည်။

“မြန်မာနိုင်ငံဒီမိုကရေစီထူထောင်ရာမှာ တပ်မတော်အနေနဲ့ ကျွန်မတို့နဲ့အတူ လက်တွဲလုပ်ကိုင်စေချင်ပါတယ်။ ဒါဟာ ဘာတစ်ခုမှ စွန့်လွှတ်ဖို့ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ကြိုးပမ်းမှုတွေမှာ ပူးပေါင်းပါဝင်ဖို့ သက်သက်ပါ” ဟု သူမက ဆိုသည်။ မြန်မာအစိုးရသစ်သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အလေးအနက်ထားရှိနေပါသည် ဟူသော ကိစ္စအပေါ် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် လောင်းကြေးထပ်နေပုံရသည်။ ထို့အတူ မြန်မာအစိုးရကလည်း အနောက်တိုင်းပိတ်ဆို့အရေးယူမှုများ ဖယ်ရှားလာအောင် ဒေါ်အောင်ဆန်းစုကြည်လုပ်ဆောင်လိမ့်မည်ဟု လောင်းကြေး ထပ်ကာ သူမကို ပွေ့ဖက်ကြိုဆိုနေခြင်းဖြစ်သည်။ အစိုးရအရာရှိကြီးများကလည်း ဒေါ်အောင်ဆန်းစုကြည်သာ လွှတ်တော်ထဲသို့ ရောက်ရှိသွားမည်ဆိုပါက ဥပဒေပြုသမားမှသည် ကက်ဘိနက်ဝန်ကြီးရာထူးအထိ ရရှိအောင် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောဆိုထားကြသည်။ မည်သို့ပင်ဆိုစေကာမူ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီ အမှန်တကယ် အာဏာရရှိနိုင်ခြင်း ရှိ၊မရှိဟူသောကိစ္စကို လာမည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ မတိုင်မီ ကာလအထိ စောင့်ကြည့်ရမည်ဖြစ်သည်။

*****************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂ဝ.၂.၂ဝ၁၂

ဘာသာပြန်သတင်းများအပိုင်း(၁)

  1. မြန်မာနိုင်ငံမှ မှန်ကန်သော လုပ်ရပ်များသေချာစေဖို့

(VOA News မှ 18 February 2012 ရက်စွဲပါ ခေါင်းကြီးပိုင်းဖြစ်သော Ensuring due process in Burma ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနှင့် တရုတ်သို့ပို့မည့်   ရူပီ ၁၀ သန်းတန် မူးယစ်ဆေးဝါးများမိ

(The Asian Age မှ 19 February 2012 ရက်စွဲပါ Narcotics Worth 1 cr seized, 2 arrested ကို ဘာသာပြန်ဆိုသည်)

  1. နယ်မြေသစ်မှ စိန်ခေါ်မှုများ

(Bangkok Post မှ 20 Feb 2012 ရက်စွဲပါ "Challenges on the new frontier" သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

  1. ဝန်ကြီးချုပ်ဟောင်း အဘီဆစ် နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး

(Bangkok Post မှ 19 February,2012 ရက်စွဲပါ "Abhisit calls on Suu Kyi" ကို ဘာသာပြန်ဆိုသည်။)

************************************************************************

မြန်မာနိုင်ငံမှ မှန်ကန်သော လုပ်ရပ်များသေချာစေဖို့

(VOA News မှ 18 February 2012 ရက်စွဲပါ ခေါင်းကြီးပိုင်းဖြစ်သော Ensuring due process in Burma ကို ဘာသာ ပြန်ဆိုသည်)

ကျွန်ုပ်တို့သည် မြန်မာအစိုးရအား မကြာမီက လွှတ်ပေးခဲ့သော နိုင်ငံရေးအကျဉ်းသားများ အပါအဝင် နိုင်ငံသားများ၏ အခြေခံရပိုင်ခွင့်များကို အကာအကွယ်ပေးရန် တောင်းဆိုသည်။ အာဏာပိုင်များသည် ဇန်နဝါရီလ ၁၃ ရက်နေ့က လွှတ်ပေးခဲ့သော ဦးဂမ္ဘီရအား နာရီအတန်ကြာ ထိန်းသိမ်း မေးမြန်းပြီး ပြန်လွှတ်ခဲ့သည်။ ဦးဂမ္ဘီရသည် ၂၀၀၇ ခုနှစ်က ဘုန်တော်ကြီးများဦးဆောင်သော ဆန္ဒပြမှုတွင် ခေါင်းဆောင်ခဲ့သူ ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုက မြန်မာအစိုးရ၏ ဦးကမ္ဘီရကဲ့သို့သော နာမည်ကျော်နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ မီဒီယာ ကန့်သတ်ချက်များ ဖြေလျော့ပေးခြင်း၊ လူထုအခြေပြုအဖွဲ့အစည်းများအတွက် နေရာ ပိုမိုပေးလာခြင်းနှင့် အတိုက်အခံများရွေးကောက်ပွဲဝင်နိုင်ရန် ခွင့်ပြုလာခြင်းသည် နောက်ထပ် ထပ်မံ လုပ်ဆောင်လိမ့်ဦးမယ်ဟု မျှော်လင့်ရပြီး မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေးအပြည့်အဝ ပြန်လည် ထူထောင်ရန် ကတိပြုခဲ့ပြီး ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီသို့သွားရာလမ်းနှင့် အမျိုးသားပြန်လည် စည်းလုံးညီညွှတ်ရေးအတွက် တိုးတက်မှု များအပေါ် ဆက်လက်ထောက်ခံရန် လုပ်ဖော်ကိုင်ဖက်အဖြစ် ဆက်ရှိ နေရန် ကတိများရှိနေဆဲဖြစ်သည်။ ဒီမိုကရေစီအတွက် တရားဥပဒေစိုးမိုးရေးသည် အရေးကြီးသည်။ ထို့ကြောင့် မြန်မာအစိုးရအား နိုင်ငံသားအားလုံးက အခြေခံရပိုင်ခွင့်များကို ကာကွယ်ပေးရေးလုပ်ဆောင်ရန် ကျွန်ုပ်တို့ တောင်းဆိုသည်။ ထိုသို့ဆိုရာတွင် မကြာသေးမီကလွှတ်ပေးခဲ့သော နိုင်ငံရေးအကျဉ်းသားလည်းပါဝင်သည်။

ကျန်ရှိသော နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချက်ခြင်း ချွင်းချက်မရှိ လွှတ်သင့်သည်။ လွတ်ငြိမ်း ချမ်းသာခွင့်အတွက် အမှန်တကယ် ရည်ရွယ်ပါက လွှတ်ပြီးသော အကျဉ်းသားများအပေါ် အခြေအနေများကန့် သတ်ထားမှုကို ဖယ်ရှားသင့်လှသည်။

******************************************************************

မြန်မာနှင့် တရုတ်သို့ပို့မည့်   ရူပီ ၁၀ သန်းတန် မူးယစ်ဆေးဝါးများမိ

(The Asian Age မှ 19 February 2012 ရက်စွဲပါ Narcotics Worth 1 cr seized, 2 arrested ကို ဘာသာပြန်ဆိုသည်)

ဒေလီရဲတပ်ဖွဲ့၏ အထူးတပ်ဖွဲ့သည် မဏိပူရမှ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံသို့ မူးယစ်ဆေးဝါးရောင်း ဝယ်ခြင်းနှင့် ပတ်သက်သော ဆင်ဒီကိတ် တစ်ခုကို ဖြိုခွင်းနိုင်ခဲ့သည်။ လူနှစ်ဦးအားဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့ထံမှ ရူပီ ၁၀ သန်းတန်းဖိုးရှိ ၁၅၀ ကီလိုဂရမ် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့သည်။

ရဲတပ်ဖွဲ့တာဝန်ရှိသူများသည် Deepak Rastogi (၂၉)နှစ်နှင့် Gurbachan Singh(၃၆ နှစ်) တို့အား သောကြာနေ့ညနေ(၆)နာရီ ခန့်တွင် P.K Puram တွင် ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထံမှ အက်ဖီဒရင်း ၁၅၀ ကီလိုဂရမ်၊ ဆူဒိုအက်ဖီဒရင်းဖြစ်သော Actifin ဆေးပြားကဒ်(၁၈၀၀၀)ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့နှစ်ဦး အသုံးပြုသော ကားတစ်စီးနှင့် မော်တော်ဆိုင်ကယ်အား ဖမ်းဆီးရမိခဲ့သည်။

“ကျွန်တော်တို့မကြာသေးခင်က မူးယစ်ဆေးဝါး အတော်များများဖမ်းမိခဲ့ရာမှာ နိုင်ငံတကာဈေးကွက် ပါတီတွေမှာ သုံးတဲ့ Ecstasy နဲ့ Ice တွေ ပါဝင်ပါတယ်။ စစ်ဆေးလိုက်တော့ မြန်မာနိုင်ငံနဲ့ တရုတ်ကို မဏိပူရ ကတဆင့် မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ ဆင်ဒီကိတ်တစ်ခုရှိတယ်ဆိုတာ ပေါ်လာပါတယ်”ဟု ရဲတပ်ဖွဲ့မှ Arun Kampani က ပြောသည်။ “သောကြာနေ့မှာ သတင်းအတိအကျရတယ်။ Deepak ဟာ ကြီးမားတဲ့ ပမာဏတစ်ခု အလုပ်လုပ်ဖို့ရှိ တယ်လို့ သတင်းရပါတယ်။ သူ့လူ Gurbachan ရဲ့ အကူအညီနဲ့ R.k Puram အတွက် 7 မှ ပစ္စည်းတွေ ဖွက် ထားပါတယ်။ ညနေ ၆ နာရီမှာ Gurbachan ဟာ သူရဲ့ Indigo ကားနဲ့ ပစ္စည်းတွေလာသယ်ပါတယ်။ သူဟာ မြန်မာနိုင်ငံနဲ့ တရုတ်ကို မဏိပူရက တဆင်ပို့မယ့် ပစ္စည်းတွေ ပါလာသေးတယ်။ Deepak ဆီက ၅၀ ကီလိုနဲ့ Gurbachan ထံက ကီလိုဖမ်းဆီးမိပါတယ်”ဟု Kampani က ပြောသည်။

***************************************************************************

နယ်မြေသစ်မှ စိန်ခေါ်မှုများ

(Bangkok Post မှ 20 Feb 2012 ရက်စွဲပါ "Challenges on the new frontier" သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

မြန်မာ့နိုင်ငံရေး အပြောင်းအလဲသည် အားရစရာ ကောင်းပြီး နောက်ပြန် မလှည့်နိုင်တော့သော်လည်း စီးပွားရေး တစ်ခုလုံး၊ ငွေကြေးစနစ်၊ ကျွမ်းကျင်လုပ်သား ရှားပါးမှု စသဖြင့် အလုံးစုံပြင်ဆင်ရေးကိစ္စကို ကြီးမားသောစိန်ခေါ်မှုတစ်ခု အဖြစ် ရင်းနှီး မြှုပ်နှံသူများက ရှုမြင်ထားကြသည်။ အရှေ့တောင် အာရှ၏ နယ်မြေသစ်တစ်ခုဖြစ်နေသော မြန်မာနိုင်ငံ၏ လက်ရှိ ပြုပြင်ပြောင်းလဲမှုများသည် နောက်ပြန်ဆုတ်ရန် မဖြစ်နိုင်တော့သဖြင့် လွန်ခဲ့သော နှစ် ၂၀၊ ဗီယက်နမ်နိုင်ငံ တံခါးဖွင့်ချိန်ကဲ့သို့ လက်မလွတ်သွားစေရန် ထိုင်းကုမ္ပဏီများကို ဝိုင်းဝန်း တိုက်တွန်း အားပေးနေကြသည်။

"ဗီယက်နမ်နိုင်ငံ တံခါးဖွင့်ချိန်တုန်းက ထိုင်းကုမ္ပဏီတွေရဲ့ တုန့်ပြန်မှုကို ကြည့်မယ်ဆိုရင် လက်သွက်၊ ခြေသွက် မရှိဘူးလို့ ပြောရပါလိမ့်မယ်" ဟု ယခင် ထိုင်းဘဏ္ဍာရေးဝန်ကြီးဟောင်း ကွန်ချာတီ ကာဗန်နစ်က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံနှင့် အိန္ဒိယအတွက် မြန်မာနိုင်ငံမှ အခွင့်အလမ်းသစ်များနှင့် ပတ်သက်၍ ဘန်ကောက်တွင် လတ်တလော ပြုလုပ်ခဲ့သော ဆွေးနွေးပွဲတွင် ကာဗန်နစ်က "ဗီယက်နမ် တံခါးဖွင့်မှာ လက်နှေးခဲ့တဲ့ အကြောင်းရင်းတွေ များစွာ ရှိနိုင်ပေမယ့် အဓိကကတော့ ပြိုင်ဖက်လို သဘော ထားခဲ့ကြတဲ့ ၂ နိုင်ငံ အကြားက အေးစက်စက် သမိုင်းကြောင်းဆက်ဆံရေးကနေ မြစ်ဖျားခံလာတဲ့ အယူအဆတွေကြောင့်ပါ။ ဒါပေမယ့် မြန်မာနိုင်ငံကတော့ ဒီလို မဟုတ်ပါဘူး။ မြန်မာနိုင်ငံ တိုးတက်လာတာဟာ ထိုင်းနိုင်ငံအတွက် ခြိမ်းခြောက်မှု မဟုတ်ပဲ ကြီးမားတဲ့ အခွင့်အလမ်း တစ်ရပ်ပဲ ဖြစ်ပါတယ်" ဟု ပြောကြားသည်။

ကာဗန်နစ်က ဆက်လက်၍ "ချမ်းသာကြီးပွားလာသော အိမ်နီးချင်းသည် ထိုင်းနိုင်ငံသို့ တိုးရစ် ခရီးသွား အရေအတွက် များများ ရောက်လာအောင် ကူညီဆွဲဆောင်ပေးမည် ဖြစ်ကြောင်း၊ ပြင်သစ်နိုင်ငံတွင် နှစ်စဉ် ခရီးသွား ၇၅ သန်းခန့် လာရောက်လည်ပတ်ကြခြင်းသည် အိမ်နီးချင်းနိုင်ငံများ ချမ်းသာကြွယ်ဝသောကြောင့် တိုးရစ်များက ပြင်သစ် သာမကပဲ အနီးတဝိုက် နိုင်ငံများကိုပါ ဆက်လက် သွားရောက် လည်ပတ် ကြခြင်းကြောင့် ဖြစ်ကြောင်း၊ သို့ဖြစ်ရာ မြန်မာနိုင်ငံသည် ခရီးသွားကဏ္ဍ (သို့) ထုတ်လုပ်ရေးကဏ္ဍ မည်သို့ပင် တံခါးဖွင့်သည်ဖြစ်စေ၊ ခြိမ်းခြောက်မှု မဟုတ်ပဲ အခွင့်အလမ်းသာ ဖြစ်ကြောင်း" ရှင်းလင်း ပြောဆိုသည်။ အခြား ဆွေးနွေး ဟောပြောသူများကလည်း မြန်မာတို့၏ အပြောင်းအလဲ နောက်ပြန် မလှည့်တော့ဟု သဘောတူခဲ့ကြသည်။ "သူတို့ (မြန်မာအစိုးရ)က နောက်ပြန် မလှည့်နိုင်တဲ့ လမ်းပေါ် ရောက်နေပါပြီ။ ပြန်လှည့်ဖို့ သိပ်ကို ဝေးလွန်းသွားပါပြီ" ဟု ပြောကြားသူမှာ အာရှဖွံ့ဖြိုးရေးဘဏ်၏ ထိုင်းနိုင်ငံ ဌာနေဒါရိုက်တာဟောင်း (ယခု West Indochina တွင် လုပ်ကိုင်နေသူ) Jean-Pierre Verbiest ဖြစ်သည်။

ယင်းအယူအဆကို ထိုင်းအစိုးရ တာဝန်ရှိသူများ၊ PTTEP နှင့် Yoma Strategic Holdings စသော ကုမ္ပဏီကြီးများမှ အမှုဆောင်များကလည်း ထပ်တူထပ်မျှ ထောက်ခံ ပြောဆိုကြသည်။ "ဗီယက်နမ် နိုင်ငံ၏ ၂ ဆ ကျယ်ဝန်းကာ လူဦးရေ သန်း ၆၀ နေထိုင်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၅၀ အတွင်း ထုတ်ယူ သုံးစွဲခြင်း မပြုခဲ့သော သဘာဝ သယံဇာတများ ကြွယ်ဝသည့် မြန်မာနိုင်ငံ၏ အလားအလာမှာ အလွန် ကြီးမားနေသည်။ ထို့အပြင် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ အကြားတွင်လည်းကောင်း၊ အာဆီယံအဖွဲ့တွင် လည်းကောင်း မဟာဗျူဟာမြောက် တည်ရှိနေမှုသည်လည်း လွန်စွာ အဓိကကျ အရေးပါသည်" ဟု ယင်းတို့ အားလုံးက ထုတ်ဖော် ပြောကြားကြသည်။ သို့သော် မြန်မာနိုင်ငံသည် ၂၀၁၀ ခုနှစ်တွင် တစ်ဦးခြင်း ဂျီဒီပီ ၇၄၄ ဒေါ်လာ (သို့) ၂၀၀၉ ခုနှစ်အတွက် ဝယ်ယူ သုံးစွဲနိုင်စွမ်း နှိုင်းယှဉ်ချက် ၁၁၉၆ ဒေါ်လာသာရှိသောကြောင့် အာရှိတိုက်၏ အဆင်းရဲဆုံး နိုင်ငံများထဲတွင် ပါဝင်နေဆဲ ဖြစ်ကြောင်း ဆွေးနွေးပွဲ တက်ရောက်သူများက အသိအမှတ်ပြု ဝန်ခံခဲ့ကြသည်။

မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံ၏ ဓာတ်ငွေ့သုံးစွဲမှု ၂၅%ကို ဖြည့်ဆည်းပေးနေပြီး ယင်းဓာတ်ငွေ့များကို ထိုင်းနိုင်ငံက လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှုအတွက် အသုံးပြုသည့် PTTEP ကဲ့သို့သော ရေနံ ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ရေနံနှင့် ဓာတ်ငွေ့သိုက်အသစ်များ ရှာဖွေကာ တိုးမြှင့် ထုတ်လုပ်ရန် ကြိုးပမ်းနေကြသောကြောင့် အထက်ပါ ကိန်းဂဏန်း ဆက်လက် တိုးပွားလာမည့် အလားအလာ ရှိနေသည်။ လာမည့် နှစ်ပေါင်း ၅၀ ဆက်လက် ထုတ်ယူနိုင်သော ဓာတ်ငွေ့သိုက်များ ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံသည် ၂၀၁၄ ဓာတ်ငွေ့ ထုတ်လုပ်မှု ၂ ဆ တိုးလာမည်ဟု Mr.Verbiest က ပြောကြားသည်။ အဆိုးဖက်က ရှုမြင်ကြည့်သည့်တိုင်အောင် မြန်မာနိုင်ငံသည် လွန်ခဲ့သော နှစ်အနည်းငယ်ကအတိုင်း နှစ်စဉ် ဂျီဒီပီ ၅%ခန့် တိုးတက်ဖွယ် ရှိနေပြီး အကယ်၍ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ကို ဆက်လက် ဆောင်ရွက်သွားမည်ဆိုပါက နှစ်စဉ် ဖွံ့ဖြိုးမှုနှုန်း ၈%သို့ ရောက်ရှိလာလိမ့်မည်ဟု ယင်းက သုံးသပ် ပြောဆိုသည်။ သို့ရာတွင် ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများ ကြီးမားသော်ငြားလည်း မြန်မာနိုင်ငံ ကဲ့သို့သော နယ်မြေသစ်များသည် ချို့ယွင်းချက်များစွာ ရှိနေပြီး လက်ရှိအာဏာရ အစိုးရသစ်အနေဖြင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို သာမကပဲ အခြာအရာ များစွာကိုလည်း ပြောင်းလဲ ပြင်ဆင်ရန် လိုအပ်နေသည်။ အစိုးရ၏ တရားဝင်ဘဏ္ဍာငွေ လွန်စွာ နည်းပါးခြင်း၊ အသုံးစရိတ်များပြားခြင်း၊ အတိုးနှုန်းအမှန်ကို ထိန်းချုပ်ထားခြင်း စသော ပြဿနာများကို ဖြေရှင်းဆောင်ရွက်ရန်အတွက် မက်ခရိုစီးပွားရေး တစ်ခုလုံးကို အစအဆုံး ပြင်ဆင်ရန် အဓိကလိုအပ်လျက် ရှိသည်။

ထို့အပြင် အပ်ငွေ (စုဆောင်းငွေ) အတိုးနှုန်းနိမ့်ခြင်း၊ စွမ်းဆောင်ရည်နှင့် အုပ်ချုပ်စီမံမှု ဆိုင်ရာ အကောင်အထည် ဖော်မှု အားနည်းခြင်း၊ ဘဏ်စနစ်နှင့် ငွေကြေးစနစ် မဖွံ့ဖြိုးခြင်း စသော အခြား အားနည်းချက်များလည်း ရှိနေသည်။ သယံဇာတနှင့် လယ်ယာထွက်ကုန် တင်ပို့မှုအပေါ် မှီခိုရခြင်းကြောင့် ဖြစ်ပေါ်လာသော နိုင်ငံခြားငွေ လဲလှယ်မှု အခွန်သည်လည်း နိုင်ငံ၏ စီးပွားရေးကို ဆွဲချနေသော အကြောင်းရင်း တစ်ခု ဖြစ်သည်။ အခြေခံ အဆောက်အဦး၊ အင်စတီကျူးရှင်းများနှင့် စီးပွားရေးဝန်းကျင် နယ်ပယ်အားလုံး ယေဘူယျ နိမ့်ကျနေမှုသည် အဓိက စိန်ခေါ်မှုများ ဖြစ်သည်ဟု Mr. Verbiest က မှတ်ချက်ပေးသည်။ မည်သို့ပင် ဖြစ်စေ ၂၀၃၀ တွင် မြန်မာနိုင်ငံ၏ တစ်ဦးချင်း ဝင်ငွေသည် ဒေါ်လာ ၃၅၀၀ အထိ တက်လာကာ စီးပွားရေး ကဏ္ဍတစ်ခုလုံး၏ တန်ဖိုး ၂၅၀ ဘီလျံခန့် ရှိလာမည်ဖြစ်၍ ထိုအချိန်တွင် ခန့်မှန်းထားသော ထိုင်းနိုင်ငံ ဂျီဒီပီ၏ လေးပုံတစ်ပုံ နီးပါး ရှိလာလိမ့်မည်ဟု Mr. Verbiest က ယုံကြည်ထားသည်။

သို့သော် မြန်မာနိုင်ငံ၏ လူသား အရင်းအမြစ် ပြန်လည် တည်ဆောက်ရန် လိုအပ်ခြင်းသည် မကြာမီ တွေ့ကြုံရမည့် စိန်ခေါ်မှုကြီးများထဲမှ တစ်ခု ဖြစ်လိမ့်မည်ဟု ဆွေးနွေး ဟောပြောသူများက ဆိုသည်။ မြန်မာနိုင်ငံ၌ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံ အပြီးတွင် အာဏာသိမ်းခဲ့သော တပ်မတော် အစိုးရက တက္ကသိုလ်နှင့် အဆင့်မြင့် ပညာရေးကဏ္ဍကို ဖျက်သိမ်းခဲ့သောကြောင့် ပညာရေးအခွင့်အလမ်းများ ပျက်စီးသွားခဲ့သော မြန်မာနိုင်ငံသည် တရုတ်နိုင်ငံကဲ့သို့ပင် မျိုးဆက် ပြတ်တောက်မှု ဖြစ်စဉ်ကို ကြုံတွေ့ ရင်ဆိုင်နေရသည်။ ပညာမဲ့ခြင်း၏ ဆိုးကျိုးများကို မြန်မာအာဏာပိုင်များ အမှန်တကယ်နားလည် သဘောပေါက်ရန် လွန်စွာ အရေးကြီးနေသည်။ "မြန်မာနိုင်ငံမှာ ပညာတတ်မျိုးဆက် ခါးပြတ်သွားပြီ။ ဒီနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကျော်လောက် တက္ကသိုလ် စစ်စစ်တွေ မရှိတော့လို့ ပညာတတ်(ပညာရှိ)တွေ ဆုံးရှုံးသွားရတာဟာ ကျွန်တော်တို့ အကြောက်ဆုံးစိုးရိမ်မှုပဲ ဖြစ်ပါတယ်" ဟု ပြောကြားသူမှာ Mega We Care ၏ အကြီးအကဲ ဗီဗက်ဒါဝန် ဖြစ်သည်။ သူ၏ ဆေးဝါး ကုမ္ပဏီသည် ထိုင်းနိုင်ငံတွင် အခြေစိုက်ထားသော်လည်း မြန်မာနိုင်ငံတွင် ဝန်ထမ်း ၁၀၀၀ ခန့် အလုပ်ပေးထားကာ လုပ်ကိုင်လည်ပတ်လျက် ရှိသည်။

အထက်ပါ အကြောင်းအရာများသည် မြန်မာနိုင်ငံ၌ အလုပ်ကြမ်း လုပ်သားပေါများသော်လည်း ကျွမ်းကျင် လုပ်သား မရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြသည့် ကုမ္ပဏီ အကြီးအကဲများ၏ စိုးရိမ် ပူပန်မှုများပင် ဖြစ်သည်။

***************************************************************

ဝန်ကြီးချုပ်ဟောင်း အဘီဆစ် နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး

(Bangkok Post မှ 19 February,2012 ရက်စွဲပါ "Abhisit calls on Suu Kyi" ကို ဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံ၏ အတိုက်အခံ ဒီမိုကရက်ပါတီ ခေါင်းဆောင်အဘီဆစ်ဗဲ့ဂျာဂျီဗားသည် စနေနေ့က မြန်မာနိုင်ငံသို့ လာရောက်ကာ မြန်မာနိုင်ငံ၏ အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်တွေ့ဆုံခဲ့သည်ဟု သိရှိရသည်။ မြန်မာအတိုက်အခံ  ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ဝန်ကြီးချုပ်ဟောင်း အဘီဆစ်က "ထိုင်းပြည်သူများနှင့်ထိုင်းအစိုးရသည် လည်းကောင်း၊ အခြား အာဆီယံ အဖွဲ့ဝင်နိုင်ငံများသည် လည်းကောင်း မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုများ တိုးတက်မှုရှိသည်ကို တွေ့မြင်ရန်ဆန္ဒရှိနေကြသည်" ဟု ပြောကြားခဲ့ပြီး လက်ရှိထိုလမ်းကြောင်းအတိုင်း ပြောင်းလဲနေမှုများကိုလည်း အသိအမှတ်ပြုပြောဆိုခဲ့သည်ဟု ဆိုသည်။

"မြန်မာနိုင်ငံမှာ ကျင်းပတော့မယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ စီးပွားရေး၊လူမှုရေး ခြုံငုံသုံးသပ်မှုတွေ အပါအဝင် ကိစ္စရပ်အမျိုးမျိုးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။ အထူးသဖြင့်ကတော့ မြန်မာနိုင်ငံကို စီးဝင်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဘယ်လို နိုင်နိုင်နင်းနင်း ကိုင်တွယ်မလဲ ဆိုတဲ့ ကိစ္စကို ဆွေးနွေးခဲ့ကြပါတယ်" ဟု အဘီဆစ်က ပြောကြားသွားခဲ့သည်။

***************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs