Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၂.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း (၂)

  1. အာရှဆက်သွယ်ရေးကုမ္ပဏီများ မြန်မာဈေးကွက်ကို မျက်စိကျ

(Channel News Asia မှ 21 March 2012 ရက်စွဲပါ Asian telecos eyes Myanmar market သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. ရင်းနှီးမြှုပ်နှံသူများအတွက် ခွင်သစ်တစ်ခုသည် မြန်မာပြည်လော

(NASDAR မှ 21 March 2012 ရက်စွဲပါ Myanmar: the coming investor paradise သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

****************************************************************

အာရှဆက်သွယ်ရေးကုမ္ပဏီများ မြန်မာဈေးကွက်ကို မျက်စိကျ

(Channel News Asia မှ 21 March 2012 ရက်စွဲပါ Asian telecos eyes Myanmar market သတင်းကို ဘာသာ ပြန်ဆိုသည်)

အာရှတယ်လီဖုန်း ဆက်သွယ်ရေး ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် ခေတ်နောက်ကျနေသော ဖွံ့ဖြိုးမှုကို အားပေးမြှင့်တင်ရန်အတွက် မြန်မာတို့၏ မတို့မထိရသေးသော ဈေးကွက်တွင် ဝေစုရရှိရန် မျှော်မှန်းလျက်ရှိသည်။

အာရှ၏ လုပ်သက်ရင့် ဈေးကွက်များတွင် လူပြည့်နေပြီ ဖြစ်သောကြောင့် အာရှ တယ်လီဖုန်း ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံ၌ စွန့်စားရမည့် အန္တရာယ် ရှိနေသည့်တိုင်အောင် ဈေးကွက်ဝေစု ရရှိရန် တိုက်ပွဲဝင်ကြလိမ့်မည်ဟု အကဲခတ် လေ့လာသူများက မျှော်လင့်ထားကြသည်။

မြန်မာအစိုးရက တယ်လီဖုန်း ဆက်သွယ်ရေးကဏ္ဍကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအား ဖွင့်ပေးရန် အစီအစဉ်များကို စဉ်းစားနေသည်ဟူသော သတင်းသည် မြုပ်လုဆဲဆဲ အနေအထားမှ ကိုယ်ဖော့ရန် လိုအပ်နေသော အာရှဆက်သွယ်ရေး ကုမ္ပဏီများနှင့် ကွက်တိအံဝင်ခွင်ကျ ဖြစ်နေပြီး အထူးသဖြင့် တယ်လီဖုန်း ဆက်သွယ်ခွင့် အတွက် ငွေပိုပေးရန် ဝန်မလေးသော မြန်မာနိုင်ငံသားတို့၏ သဘာဝမှာ စိတ်ဝင်စားစရာ ဖြစ်နေသည်။

ISEAS မှ အကြီးတန်း ဧည့်သုတေသနပညာရှင် ဦးတင်မောင်သန်းက "ပိုက်ဆံတတ်နိုင်တဲ့ လူတန်းစားတွေနဲ့ စီးပွားရေးသမားတွေက တယ်လီဖုန်း ပစ္စည်းတွေကို အလွန်အကျွံ ဈေးကြီးကြီးပေးပြီး ဝယ်နေရပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ကျပ် ၂၅ သိန်းပေးဝယ်ခဲ့ရတဲ့ ဆင်းမ်ကတ် တစ်ခုဟာ အခုတော့ ကျပ် ၅ သိန်း ပေးဝယ်နေရပါတယ်။ ဒါကြောင့် အခု ကျပ် ၁ သိန်း (ဒေါ်လာ ၁ဝဝ ဝန်းကျင်) နဲ့ရောင်းမယ်ဆိုရင်တောင် တယ်လီဖုန်း ကုမ္ပဏီတွေ အမြတ်ထွက်နေကြဦးမှာပါ" ဟု ရှင်းလင်း ပြောကြားသည်။

လက်ရှိ ကာလအထိ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍကို နိုင်ငံပိုင် မြန်မာ့စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေး လုပ်ငန်း (MPT) က တစ်ဦးတည်း လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားသည်။

IDC သုတေသနအဖွဲ့က အင်တာနက်နှင့် Broadband ထိုးဖောက် ပျံ့နှံ့မှုသည် အလွန်နှေးကွေးကာ ယမန်နှစ်က ၁.၂% မျှသာ ရှိခဲ့သည်ဟု ပြောကြားသည်။ ပြီးခဲ့သော ၃ နှစ်အတွင်း အစိုးရထံမှ မိုဘိုင်းဖုန်း ငှားရမ်း သုံးစွဲမှုသည် ၁၄ဝ% မြင့်တက်လာခဲ့သော်လည်း ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများ၌သာ အခြေခံ အဆောက်အဦ ကွန်ရက်ကို ဦးစားပေး တည်ဆောက်ထားသည်။ (သို့တိုင်အောင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း MPT ၏ ဝန်ဆောင်မှု အရည်အသွေး ညံ့ဖျင်းနေခြင်းကို အထင်အရှား သက်သေပြနေသော အချက်မှာ တယ်လီဖုန်း ဆက်လျှင် အမြဲတမ်း မပါမဖြစ် ပြောဆိုနေရသော "ကြားရလား။ ကြားရလား" ဟူသော စကားပင် ဖြစ်သည်။)

ထိုကဲ့သို့ ထူးထူးခြားခြား ခေတ်နောက်ကျနေသော နိုင်ငံတွင် ဖွံ့ဖြိုးရန် အခွင့်အလမ်းများ ရှိနေသည်ကို အကဲခတ် လေ့လာသူ အများစုက သဘော တူညီထားကြသည်။ Gartner Research သုတေသနဌာနမှ ဒုတိယ ဥက္ကဋ္ဌ Bertrand Bidaud က "Sing Tel လို စင်ကာပူ ကုမ္ပဏီတွေအတွက်တော့ မြန်မာနိုင်ငံဟာ အလားအလာ ကောင်းတဲ့ ဈေးကွက် ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အာဆီယံဒေသဟာ စင်ကာပူကုမ္ပဏီတွေအတွက် အနီးဆုံး ပင်လယ်ရပ်ခြား ဖြစ်ပြီး ကြီးမားတဲ့ ခွင်သစ်တစ်ခု ဖြစ်နေလို့ပါ" ဟု ပြောကြားသည်။

ဒေသတွင်း တယ်လီဖုန်းကုမ္ပဏီများ အနေဖြင့် ဒေသတွင်း လုပ်ငန်း တိုးချဲ့ရန် ကျွမ်းကျင်မှုနှင့် ငွေရင်းငွေနှီး ရှိကြသည်ဟု Gartner Research က မျှော်မှန်းထားသော်လည်း မြန်မာကဲ့သို့ ဈေးကွက်သစ်များတွင် အန္တရာယ်များ ရှိနေဆဲ ဖြစ်သည်။

TMT (Asia Pacific) with Fitch Ratings အကြီးအကဲ Steve Durose က "ကျွန်တော် ပြောချင်တဲ့ စကားတစ်ခွန်းကတော့ မြန်မာနိုင်ငံကို ဈေးကွက်သစ်၊ နယ်မြေသစ်မှာ အလုံးအရင်းလိုက် ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတိုင်းဟာ ဒီနိုင်ငံရဲ့ ယုံကြည်စိတ်ချရမှု အားနည်းခြင်းကို ကြုံတွေ့ရလိမ့်မယ် ဆိုတာပါပဲ" ဟု သတိပေး ပြောဆိုသည်။

မြန်မာဈေးကွက်သည် အလားအလာကောင်းသော်လည်း မလွဲမသွေ ကြုံရမည့် အန္တရာယ်များကို ရှောင်ရှားရန်အတွက် ရင်းနှီးမြှုပ်နှံမှုကို တစ်ဆင့်ပြီး တစ်ဆင့် ပြုလုပ်သွားသင့်သည်ဟု အကဲခတ် လေ့လာသူများက အကြံပြုထားသည်။

****************************************************

ရင်းနှီးမြှုပ်နှံသူများအတွက် ခွင်သစ်တစ်ခုသည် မြန်မာပြည်လော

(NASDAR မှ 21 March 2012 ရက်စွဲပါ Myanmar: the coming investor paradise သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံမှ အာဏာရ တပ်မတော်အစိုးရသည် ဆယ်စုနှစ်များစွာ အညှာအတာ ကင်းမဲ့စွာ ဖိနှိပ် အုပ်ချုပ်ခဲ့ပြီးနောက်တွင် ပြည်သူလူထုနှင့် စီးပွားရေးကို ကိုင်တွယ်သည့် ဥပဒေများ ခေတ်မီအောင် ပြုပြင်ပြောင်းလဲရေးကို ရုတ်တရက် စိတ်အားထက်သန်လာခဲ့သည်။

ပြီးခဲ့သောနှစ်အတွင်း နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း၊ ကမ္ဘာကျော် ဒီမိုကရေစီ လှုပ်ရှားသူ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ထိန်းသိမ်းထားမှု အဆုံးသတ်ကာ တွေ့ဆုံ ညှိနှိုင်းခြင်းတို့ အပါအဝင် ပြုပြင်ပြောင်းလဲမှု များစွာကို သမ္မတ ဦးသိန်းစိန်အစိုးရက ပြုလုပ်ပြသခဲ့သည်။

ယင်းကဲ့သို့ ပြုပြင်ပြောင်းလဲမှုများသည် နိုင်ငံရေး နယ်ပယ်ကိုသာမက မြန်မာနိုင်ငံ၏ ရပ်တန့်နေသော ဖွံ့ဖြိုးမှုကိုလည်း အားဖြည့် တွန်းအား ပေးနိုင်မည် ဖြစ်သည်။ ယခု နောက်ဆုံး စီးပွားရေး ပြုပြင် ပြောင်းလဲမှုများတွင် မြန်မာနိုင်ငံ၌ နိုင်ငံခြား ကုမ္ပဏီများအနေဖြင့် ယခင်ကကဲ့သို့ ဒေသခံ စီးပွားဖက် မလိုအပ်တော့ဘဲ စီးပွားရေးလုပ်ခွင့် ရလာခြင်း၊ ပြည်သူပိုင် မသိမ်းပါဟု အစိုးရက အာမခံချက်ပေးခြင်း၊ ပုဂ္ဂလိကမြေ အသုံးပြုမှုနှင့် အမြတ်ငွေ ပြန်ပို့မှုဆိုင်ရာ တားမြစ်ချက်များကို ဖြေလျှော့ပေးခြင်း၊ နိုင်ငံခြား ကုမ္ပဏီများအား ၅ နှစ် အခွန်သက်သာခွင့် ပေးခြင်းတို့ ပါဝင်သည်ဟု Financial Times သတင်းစာက ရေးသားဖော်ပြထားသည်။

ထို့ပြင် ပြဿနာကြုံနေရသော ပြည်တွင်းသုံးကျပ်ငွေကို ထိန်းချုပ်ရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်စိတ်ချမှုကို ရရှိစေရန်အတွက် မြန်မာကျပ်ငွေ နှုန်းရှင်မျှောခြင်းကို ဧပြီ ၁ ရက်တွင် စတင်မည်ဟု ဆိုသည်။

ထိုကဲ့သို့ နိုင်ငံတိုးတက်ပြောင်းလဲရေး ကြိုးပမ်းမှုများသည် ယခင်က မည်သည်မျှ ဖြစ်မလာသော လေလုံးထွား ဖွံ့ဖြိုးရေး ကြွေးကြော်သံများကဲ့သို့ မဟုတ်ဘဲ အမှန်တကယ် ဖြစ်ကြောင်း သက်သေပြလျက် ရှိသည်။ သမ္မတ ဦးသိန်းစိန်၏ လစ်ဘရယ် ပြောင်းလဲမှုကို နိုင်ငံတကာ သံတမန် အသိုင်းအဝိုင်း ကလည်း ခိုင်ခိုင်မာမာ ထောက်ခံခဲ့ကြပြီး နှစ်ပေါင်း ၅ဝ အတွင်း ပထမဆုံး အမေရိကန် အဆင့်မြင့် တာဝန်ရှိသူ တစ်ဦး၏ မြန်မာခရီးစဉ် အဖြစ် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်သည် နေပြည်တော်သို့ ရောက်ရှိလာခဲ့သည်။

အမေရိကန် ရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံသို့ ရောက်ရှိလာစေရန်အတွက် အရေးကြီးသော အချက်မှာ သံတမန်ဆိုင်ရာ ဆက်ဆံရေးပင် ဖြစ်ပြီး အမေရိကန် အစိုးရအနေဖြင့် အမေရိကန် ရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံ၌ စီးပွားရေးအသစ် ထူထောင်ခြင်းကို တားမြစ်ထားသော ဥပဒေများကို ပထမဦးစွာ ပြန်လည် ရုတ်သိမ်းရမည် ဖြစ်သည်။ နော်ဝေအစိုးရက ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ တားမြစ်ချက်များကို ဇန်နဝါရီတွင် ရုတ်သိမ်းပေးခဲ့ပြီး အီးယူကလည်း စီးပွားရေး ပိတ်ဆို့ထားမှုများကို ရုတ်သိမ်းရန် အလေးအနက် စဉ်းစားနေပြီ ဖြစ်ရာ အမေရိကန် အစိုးရကလည်း ထိုသို့ ရုတ်သိမ်းပေးရန် စဉ်းစားလာခြင်းမှာ ကျိုးကြောင်း မှန်ကန်ပေသည်။

ဖော်ပြပါ အရေးယူမှုများကြောင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုသည် အိမ်နီးချင်း အိန္ဒိယ၊ တရုတ်၊ ထိုင်း တို့၏ နောက်တွင် ဝေးလံစွာ ပြတ်ကျန်ရစ် ခဲ့သော်လည်း ၂၁ ရာစု အာရှ အင်အားကြီးနိုင်ငံများ အကြားတွင် ခွထိုင်နေသော အနေအထားကြောင့် ဖွံ့ဖြိုးမည့် အလားအလာများ ကြီးမားနေသည်ကို တွေ့ရသည်။

ထို့ပြင် မက်မောဖွယ် သယံဇာတများနှင့် မပျက်စီးသေးသော တောတောင်ရေမြေကို ပိုင်ဆိုင်ထားသော မြန်မာနိုင်ငံသည် ရေနံ၊ ဓာတ်ငွေ့ လုပ်ငန်း ဗဟိုချက်၊ ပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်း ဗဟိုချက်နှင့် ရင်းနှီး မြှုပ်နှံသူများအတွက် နယ်မြေသစ် ဖြစ်လာနိုင်ပေသည်။

မြန်မာ့ အပြောင်းအလဲမှ အကျိုးအမြတ် ရကြမည့် အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများသည် ဗီယက်နမ်၊ ထိုင်းတို့ နည်းတူ မြန်မာနိုင်ငံ၏ သီးခြား စီးပွားရေးအခွင့်အလမ်းများကို လေ့လာ ရှာဖွေလျက် ရှိသည်။

*************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၂.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း (၁)

  1. အမေရိကန်၊ အီးယူနှင့် ကုလ ရွေးကောက်ပွဲ လေ့လာသူများကို မြန်မာဖိတ်ကြား

(EU Business မှ 21 March 2012 ရက်စွဲပါ Myanmar invites US, EU, UN election observers သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. ထိုင်း ရက်ချာဘူရီ ကုမ္ပဏီက ထားဝယ် ဓာတ်အားပေး စက်ရုံကိစ္စ နှစ်လသုံးလအတွင်း ဆုံးဖြတ်မည်

(Reuters မှ 21 March 2012 ရက်စွဲပါ Thai Ratchaburi to decide on Dewai plant in 2-3 months သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. ဂြိုလ်တုလွှတ်တင်ရန် ကြေညာအပြီး တရုတ်က မြောက်ကိုရီးယားနှင့် ပွင့်လင်းစွာ ဆွေးနွေး

(CNN မှ 19 March 2012 ရက်စွဲပါ Jaime A. FlorCruz ရေးသားသော China holds 'frank' talk with North Korea after satellite announcement သတင်းကို ဘာသာ ပြန်ဆိုသည်)

********************************************************

အမေရိကန်၊ အီးယူနှင့် ကုလ ရွေးကောက်ပွဲ လေ့လာသူများကို မြန်မာဖိတ်ကြား

(EU Business မှ 21 March 2012 ရက်စွဲပါ Myanmar invites US, EU, UN election observers သတင်းကို ဘာသာ ပြန်ဆိုသည်)

လာမည့်လ ကြားဖြတ်ရွေးကောက်ပွဲများအား အနီးကပ် ကြည့်ရှုနိုင်ရန် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ကုလ သမဂ္ဂတို့မှ ရွေးကောက်ပွဲ လေ့လာသူများကို မြန်မာနိုင်ငံက ဖိတ်ကြားခဲ့ကြောင်း အစိုးရ တာဝန်ရှိသူတစ်ဦးက ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်သည်။ ယင်းတို့သည် အာဆီယံနိုင်ငံများမှ စေလွှတ်သော ရွေးကောက်ပွဲ လေ့လာသူ နှစ်ဆယ်ခန့်နှင့်အတူ ပူးပေါင်း လေ့လာနိုင်မည် ဖြစ်သည်။

"အာဆီယံ၊ အီးယူ၊ အမေရိကန်နဲ့ ကုလသမဂ္ဂတို့က ပူးပေါင်းအဖွဲ့နဲ့ အလားသဏ္ဌာန် တူသွားပါလိမ့်မယ်" ဟု အမည်မဖော်လိုသူ အဆိုပါ တာဝန်ရှိသူက AFP သို့ ပြောသည်။ "နိုင်ငံခြားက လူတွေ စေလွှတ်မှာလား။ ပြည်တွင်းက လူကိုပဲ ခိုင်းမှာလားဆိုတာကတော့ အဆိုပါ နိုင်ငံတွေအပေါ် မူတည်ပါတယ်" ဟု ယင်းက ပြောသည်။ သို့သော် လေ့လာသူ မည်မျှ ခွင့်ပြုမည် ဆိုသည်ကိုမူ ပြောကြားခြင်း မရှိပေ။

မြန်မာနိုင်ငံရှိ အမေရိကန် သံရုံးကလည်း နိုင်ငံတကာ လေ့လာသူများ ခွင့်ပြုမှုကို ကြိုဆိုခဲ့သည်။ "သူတို့ရဲ့ ခြေလှမ်းက အားတက်ဖွယ် ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ ဒီရွေးကောက်ပွဲဟာ အရေးကြီးတယ်လို့ ကျွန်တော် ခံစားမိပါတယ်" ဟု သံရုံး ပြောခွင့်ရပုဂ္ဂိုလ် Mike Quinin က ပြောသည်။ သို့သော် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မူမမှန်မှုများနှင့် ပတ်သက်သော သတင်းပေးပို့မှုများ၊ ခြိမ်းခြောက်မှုများ စသည်တို့ကို ကိုင်တွယ်ရန်လိုအပ်သည်ဟု ယင်းက ဆိုသည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် စစ်တပ်မဟာမိတ် နိုင်ငံရေးပါတီက အနိုင်ရရှိခဲ့ရာ ခြိမ်းခြောက်မှုများ၊ လိမ်ညာမှုများ ရှိကြောင်း တိုင်ကြားမှုများကြောင့် အကျည်းတန်ခဲ့ရသည်။ ထိုစဉ်က နိုင်ငံခြား ရွေးကောက်ပွဲ လေ့လာသူများနှင့် နိုင်ငံတကာ မီဒီယာများကို ခွင့်မပြုခဲ့ပေ။

***********************************************

ထိုင်း ရက်ချာဘူရီ ကုမ္ပဏီက ထားဝယ် ဓာတ်အားပေး စက်ရုံကိစ္စ နှစ်လသုံးလအတွင်း ဆုံးဖြတ်မည်

(Reuters မှ 21 March 2012 ရက်စွဲပါ Thai Ratchaburi to decide on Dewai plant in 2-3 months သတင်းကို ဘာသာ ပြန်ဆိုသည်)

ထိုင်းနိုင်ငံမှ ရက်ချာဘူရီ ကုမ္ပဏီ (Ratchaburi Electricity Generating Holding Pcl) သည် မြန်မာနိုင်ငံ ထားဝယ်တွင် လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်ရေး စီမံကိန်းအား စွန့်လွှတ်လိမ့်မည် မဟုတ်ဘဲ လောင်စာဆီသုံး အမျိုးအစား စက်ရုံတည်ဆောက်ရေးကို နှစ်လ သုံးလအတွင်း ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း အကြီးတန်း အမှုဆောင်တစ်ဦးက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

"ထားဝယ်စီမံကိန်းကို ကျွန်တော်တို့ ဆက်လက် လုပ်ဆောင်နေပါတယ်။ အခုတော့ ဘယ်လို ပုံစံမျိုး ရင်းနှီးမြှုပ်နှံရမယ် ဆိုတာ လေ့လာနေပါတယ်။ ဓာတ်အားပေး စက်ရုံအတွက် လောင်စာဆီသုံး စက်ရုံ တည်ဆောက်ဖို့ စဉ်းစားနေပါတယ်" ဟု အကောင်အထည်ဖော်ရေး အရာရှိချုပ် Peerawat Pumthong က သတင်းထောက်များသို့ ပြောကြားခဲ့သည်။ ရက်ချာဘူရီသည် ထိုင်းနိုင်ငံတွင် အကြီးဆုံး ပုဂ္ဂလိက ဓာတ်အား ထုတ်လုပ်သူ ဖြစ်သည်။

မြန်မာအစိုးရသည် ဇန်နဝါရီလက ပတ်ဝန်းကျင်ဆိုင်ရာ ကန့်ကွက်မှုများကြောင့် မဂ္ဂါဝပ် လေးထောင် ထုတ်လုပ်နိုင်မည့် ထားဝယ် အထူး စက်မှုဇုန်တွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကို ရုတ်တရက် ရပ်နားခဲ့သည်။ မဂ္ဂါဝပ် လေးရာ ထုတ်လုပ်မည့် ကျောက်မီးသွေး မသုံးသည့် စက်ရုံမှာမူ ဆက်လက် ရှိနေဆဲ ဖြစ်သည်။

"ကျွန်တော်တို့ မဂ္ဂါဝပ် လေးရာကို ပြန်စဉ်းစားနေပါတယ်" ဟု Peerawat က ပြောသည်။ Peerawat သည် နိုဝင်ဘာ ၁၆ ရက်က ထိုင်းနိုင်ငံ၏ အကြီးဆုံး အဆောက်အဦး ကန်ထရိုက်တာ အီတာလျှံ-ထိုင်း နှင့် သဘောတူ စာချုပ် လက်မှတ်ရေးထိုးခဲ့ရာ စီမံကိန်း ဖွံ့ဖြိုးမှုအတွက် ကနဦး ခြေလှမ်းအဖြစ် ဖြစ်နိုင်ခြေ လေ့လာမှု တစ်ခု လုပ်ဆောင်ရန် ပါရှိသည်။

သို့သော် အီတာလျံ-ထိုင်းက မြန်မာနိုင်ငံ တောင်ပိုင်းတွင် ၂၅ဝ စတုရန်း ကီလိုမီတာကို အရှေ့တောင်အာရှ၏ အကြီးဆုံးစက်မှုဇုန်အဖြစ် ပြောင်းလဲရန် အစီအစဉ်ကို သံသယများ ရှိနေကြသည်။

အီတာလျံ-ထိုင်းသည် ပထမဆင့်အဖြစ် လမ်းများ၊ ဆက်သွယ်ရေးကွန်ရက်များ၊ ဝန်ဆောင်မှုများနှင့် ဆိပ်ကမ်းအတွက် လိုအပ်သော ဒေါ်လာ ၈.၅ ဘီလျံ ငွေကြေးအတွက် သေချာမှု မရှိသေးပေ။ ရက်ချာဘူရီတွင် နိုင်ငံပိုင် ထိုင်းလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ (EGAT) က ၄၅% ပိုင်ဆိုင်ထားသည်။

Peerawat က သီးခြား ပြောကြားခဲ့ရာတွင် ရက်ချာဘူရီသည် ကမ္ဘောဒီးယားနိုင်ငံ၌ လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်ရန် လေ့လာလျက် ရှိရာ ၂ဝ၁၂ တတိယ လေးလပတ်ထက် နောက်မကျစေဘဲ ဆုံးဖြတ်နိုင်မည်ဟု မျှော်လင့်ရသည်။

ရက်ချာဘူရီမှ ရှယ်ယာများသည် ဒေါ်လာ ၁.၉၆ ဘီလျံ တန်ဖိုးရှိပြီး ၄၁.၇၅ ဘတ်တွင် ဝ.၆% ဖြင့် ရပ်တန့်သွားသည်။ အဓိက ညွှန်းကိန်းမှာ ဝ.၉% ထိ တက်လာခဲ့သည်။

************************************************

ဂြိုလ်တုလွှတ်တင်ရန် ကြေညာအပြီး တရုတ်က မြောက်ကိုရီးယားနှင့် ပွင့်လင်းစွာ ဆွေးနွေး

(CNN မှ 19 March 2012 ရက်စွဲပါ Jaime A. FlorCruz ရေးသားသော China holds 'frank' talk with North Korea after satellite announcement သတင်းကို ဘာသာ ပြန်ဆိုသည်)

ပြုံယမ်းက ဂြိုလ်တုလွှတ်တင်ရန် အစီအစဉ်ကို ကြေညာအပြီးတွင် နိုင်ငံတကာမှ ကန့်ကွက်မှုများကို လှုပ်နှိုးခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်၏ အခြေအနေနှင့် ပတ်သက်၍ မြောက်ကိုရီးယားနှင့် ပွင့်လင်းစွာ လေးနက်စွာ ဆွေးနွေးခဲ့ကြောင်း တရုတ်က ပြောသည်။

ကိုရီးယားကျွန်းဆွယ်နှင့် ပတ်သက်သော တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် Wu Dawei သည် မြောက်ကိုရီးယား အကြီးတန်း နျူကလီယာ စေ့စပ်ညှိနှိုင်းသူ Ri Yong Ho နှင့် တနင်္လာနေ့က ဘေဂျင်းတွင် တွေ့ဆုံခဲ့သည်။

Wu က တရုတ် CCTV သို့ ပြောကြားရာတွင် ယင်းနှင့် Ri တို့သည် ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်းရေး ထိန်းသိမ်းရန်နှင့် ပြုံယမ်း၏  ဂြိုလ်တုအစီအစဉ်များနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ခဲ့သည်ဟု ဆိုသည်။

တရုတ်သည် မြောက်ကိုရီးယားအပေါ် တာဝေးပစ် ဒုံးကျည် အစီအစဉ်အား ဖိအားပေးသည့် သဘော ရှိနေသည်။ ပြုံယမ်းကမူ ဒုံးကျည်တွင် ကမ္ဘာပတ်လမ်းထဲသို့ လွှတ်တင်မည့် ဂြိုလ်တု တင်ဆောင်ထားသည်ဟု ဆိုသည်။

တောင်ကိုရီးယားကမူ အဆိုပါ ကြေညာချက်သည် အလေးအနက်ထားရမည့် ရန်စမှုဟု ဆိုခဲ့ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို သွေဖယ်နေသည်ဟု ပြောခဲ့သည်။

ဂျပန် ကာကွယ်ရေးဝန်ကြီး Naoki Tanaka က ယင်းအစီအစဉ်သည် ဂျပန်နိုင်ငံအတွက် အန္တရာယ်ရှိသည်ဟု ဆိုပါက အဆိုပါ ဒုံးပျံကို ဖျက်ဆီးပစ်ရေးကို အမိန့်ပေးရန် စဉ်းစားရလိမ့်မည်ဟု တနင်္လာနေ့က ပြောကြားခဲ့သည်။

တရုတ် အမှုဆောင် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Zhang Zhijun သည် သောကြာနေ့က မြောက်ကိုရီးယား သံအမတ် Ji Jae Ryong နှင့် တွေ့ဆုံ အပြီးတွင် စိုးရိမ်မှုကို ဖော်ထုတ်ခဲ့သည်ဟု Xinhua သတင်းဌာနက သတင်း ထုတ်ပြန်ခဲ့သည်။ "ကျွန်တော်တို့အနေနဲ့ ရိုးရိုးသားသား မျှော်လင့်တာ ကတော့ သက်ဆိုင်တဲ့ နိုင်ငံတွေအနေနဲ့ အေးအေးဆေးဆေး ရှိနေကြစေပြီး ပိုမိုရှုတ်ထွေးလာမယ့် တင်းမာမှုတွေ မြင့်တက်လာမှကို ရှောင်ရှားဖို့ပါပဲ" ဟု Zhang က ပြောခဲ့သည်ကို ကိုးကား၍ ဆင်ဟွာက သတင်း ထုတ်ပြန်ခဲ့သည်။

တရုတ်သည် အိမ်နီးချင်းအပေါ် လူသိရှင်ကြား ဖိအားပေးခဲလှသော နိုင်ငံဖြစ်သည်။ မြောက်ကိုရီးယားသည် ဘေဂျင်း၏ နိုင်ငံရေး၊ စီးပွားရေးနှင့် သံတမန်ရေးအရ ထောက်ခံ ပံ့ပိုးမှုပေါ်တွင် တည်မှီနေရသည်။ ဒုံးပျံလွှတ်တင်မှုကို ဧပြီလ ၁၂ ရက်မှ ၁၆ ရက်အတွင်း လုပ်ဆောင်မည် ဖြစ်ပြီး မြောက်ကိုရီးယားသည် ပညာရှင်များနှင့် မီဒီယာများကို ကြည့်ရှုရန် ဖိတ်ကြားမည်ဟု စီစဉ်ထားသည်ဆိုသည်။ ပြုံယမ်းသည် IAEA ကိုလည်း ပြန်လာရန် ဖိတ်ကြားထားကြောင်း IAEA က တနင်္လာနေ့က ပြောကြားခဲ့သည်။

****************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs