Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၁.၆.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ဘင်္ဂလားဒေ့ရှ်၏ငြင်းပယ်ပိုင်ခွင့်

(19 June 2012 ရက်စွဲပါ New York Times တွင် Dan Morrism ရေးသားသော Bangladdesh's right to refusal ကိုဘာသာပြန်သည်။)

  1. လန်ဒန်တွင် ဒလိုင်လားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံဆွေးနွေး

(The Washington Post  မှ 20 June 2012 ရက်စွဲပါ “Dalai Lama and Myanmar`s Aung San Suu Kyi meet for talks during visits to London” သတင်းကိုဘာသာပြန်ဆိုသည်။)

  1. မြန်မာနိုင်ငံ၌ နိုင်ငံခြားသားများအား လုပ်ငန်းပိုင်ဆိုင်ခွင့်ပြုတော့မည်

(AFP သတင်းမှ 20 June 2012 ရက်စွဲပါ “Myanmar to allow foreign ownership of firms:Minister” သတင်းကို ဘာသာပြန်ဆိုသည်။)

****************************************************************

ဘာသာပြန်သတင်းများ        

ဘင်္ဂလားဒေ့ရှ်၏ငြင်းပယ်ပိုင်ခွင့်

(19 June 2012 ရက်စွဲပါ New York Times တွင် Dan Morrism ရေးသားသော Bangladdesh's right to refusal ကိုဘာသာပြန်သည်။)

(ရိုဟင်ဂျာကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာမီဒီယာများ၏ ရပ်တည်ချက်ကို သိစေလို၍ ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံမှ ရိုဟင်ဂျာများသည် အရိုင်းစိုင်းဆုံးလူများ ဖြစ်ပုံရသည်။ ၎င်းတို့သည် သေရမည်ကို ငြင်းဆန်လျက် ရှိသည်။

ရိုဟင်ဂျာများသည် မြန်မာဗုဒ္ဓဘာသာများ၊ ဘင်္ဂါလီလူမျိုးများနှင့် အာရပ်သင်္ဘောသားများမှ ဆင်းသက်လာသော မွတ်ဆလင်များဖြစ်ပြီး ၎င်းတို့၏ ဇာတိမြေတွင် ဥပဒေမလိုက်နာခြင်းများ၊ အများ၏ မနှစ်သက်မှုများ ရှိသည်။ ဒုက္ခသည်များအဖြစ်လည်း မည်သူမျှလက်မခံလိုကြပေ။

ပြီးခဲ့သည့်အပတ်ကတည်းက ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် မြန်မာနိုင်ငံရခိုင်ပြည်နယ်မှ ဗုဒ္ဓဘာသာဝင်များ၏ တိုက်ခိုက်မှုကြောင့် လှေများ ဖြင့် ထွက်ပြေးလာကြသော ရိုဟင်ဂျာ(၈၀၀)ခန့်အား ပြန်လည်နှင်ထုတ်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်သည် ရိုဟင်ဂျာသုံးသိန်းခန့်ကို လက်သင့်မခံလိုပေ။ ယခု ထပ်မံရောက်လာသူများအား ခွင့်ပြုရန် ဝါရှင်တန်နှင့် အခြားအစိုးရများ၏ မေတ္တာရပ်ခံမှုကို လက်မခံခဲ့ပေ။

ဘင်္ဂလားဒေ့ရှ်က အဆိုပါ မျှော်လင့်ချက်ကင်းမဲ့နေသော မိသားစုများကို အကူအညီပေးရန် ငြင်းဆန်ခဲ့မှုသည် နိုင်ငံတကာ ကတိကဝတ်များကို ချိုးဖောက်သည့်သဘောရှိသည်။ ဘင်္ဂလားဒေ့ရှ်ကမူ ထိုသို့မဟုတ်ကြောင်း ငြင်းဆန်သည်။

ယနေ့အထိမူ ဘင်္ဂလားဒေ့ရှ်သည် ဒုက္ခသည်များအား ငြင်းဆိုမှုနှင့်ပတ်သက်၍ ဥပဒေနှင့်ကိုင်၍ အေးဆေးပြောဆိုလျက်ရှိသည်။ "ဘင်္ဂလားဒေ့ရှ်ဟာ ဒုက္ခသည်များနေရာပေးရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာ ဥပဒေ၊ ကွန်ဗင့်ရှင်း စသည်များကို လက်မှတ်ရေးထိုးထားခြင်း မရှိပါဘူး။ ဒါကြောင့် ရိုဟင်ဂျာတွေကို ခိုလှုံစရာပေးဖို့ တာဝန်မရှိပါဘူး"ဟု နိုင်ငံခြားရေးဝန်ကြီး Dipu Moni က ပြီးခဲ့သည့်အပတ်က ပြောသည်။

ယခုကိစ္စနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများ အကောင်းဆုံးလုပ်ကိုင်မှုမှာ ရက်စက်သောဖြစ်ရပ်များကို ကန့်ကွက်ဆန့်ကျင်ကြောင်း ပြောဆိုမှုပင်ဖြစ်မည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနှင့် လူဦးရေအထူထပ်ဆုံးနိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ၁၉၇၈ နှင့် ၁၉၉၁ ခုနှစ်တို့တွင် ရိုဟင်ဂျာများ ရှင်းထုတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်က နေရာပေးထားခဲ့ဘူးကြောင်း၊ ၎င်းတို့၏ သန်း(၁၆၀)သောလူဦးရေတို့၏ လိုလားချက်များ ပြည့်မီရေးကိုပင် ရုန်းကန်နေရလျက်ရှိပြီး၊ နောက်ထပ်ရောက်လာမည့် ဒုက္ခသည်များ၏ အရေးကိုထည့်သွင်းမစဉ်းစားနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများက ပြောသည်။

Moni ၏ကြေညာချက်သည် ကမ္ဘာတစ်လွှားတွင် ရိုဟင်ဂျာများ ဒုက္ခခံစားနေရသည့် ပုံရိပ်များ ပလူပျံနေချိန်တွင် သူတစ်ပါး၏ ဒုက္ခနှင့် ခံစားမှုများကို ဂရုမပြုပဲ ထွက်ပေါ်လာခြင်းဖြစ်သည်။

ရိုဟင်ဂျာများသည် မြန်မာနိုင်ငံတွင်းတွင် အများ၏အမုန်းတရားကို များစွာကြုံတွေ့နေရသည်။ အခြားတိုင်းရင်းသားအုပ်စုများကို နိုင်ငံသား တစ်ပိုင်းပုံစံ ခွင့်ပြုသော်လည်း၊ လူဦးရေ(၈)သိန်းမျှရှိသော ရိုဟင်ဂျာများမှာ နိုင်ငံသားဖြစ်ခွင့်မရပဲ တရားဝင်နိုင်ငံမဲ့များ ဖြစ်လျက်ရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းနယ်တွင် ရိုဟင်ဂျာသုံးသိန်းခန့် နေထိုင်လျက်ရှိရာ အနိမ့်ဆုံးအဆင့်ဖြင့်သာ ဆက်ဆံပြီး အခြေအနေမှာ အနည်းငယ်သာရုံသာရှိသည်။ လူသားချင်းစာနာသော အကူအညီများမရအောင် တားဆီးထားသည်။ အချို့မှာ အလွန်တရာပင်ပန်းပြီး လုပ်ခအနည်းငယ် သာရသော အလုပ်များရကြပြီး၊ ၎င်းတို့၏ မိန်းမများ၊ သမီးများမှာ သားကောင်များဖြစ်ကြရသည်။ မကြာသေးမီက စာရေးသူ၏မိတ်ဆွေ ဘင်္ဂလားဒေ့ရှ် သတင်းဆရာတစ်ဦးသည် ရိုဟင်ဂျာအမျိုးသမီးများကို အရေးယူခံရခြင်းမရှိပဲ အဓမ္မပြုကျင့်ကြောင်း စွပ်စွဲခံရသူ ဒေသခံကောင်စီလူကြီးတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ "သူက ငြင်းပါတယ်၊ ဒါပေမယ့် နောက်တော့ပြောတာက ဘယ်ဘင်္ဂလားဒေ့ရှ်လူမျိုးမဆို ရိုဟင်ဂျာအမျိုးသမီးတွေကို အဓမ္မပြုကျင့်ရင် ဘာမှဖြစ်စရာ အကြောင်းမရှိဘူး"ဟု ၎င်းက ပြောသည်ဟု ဆိုသည်။

စစ်အာဏာရှင်စနစ် အောက်တွင် ကာလကြာရှည်ဖိနှိပ်ခံခဲ့ရသော မြန်မာလူမျိုးများအနေဖြင့် ယခုကဲ့သို့သော လူမျိုးရေးခွဲခြားဆက်ဆံရေးမျိုးကို အချိန်အကြာကြီး မွေးမြူထားခြင်းမှာ စဉ်းစားလျှင်ပင် ရှက်ဖို့ကောင်းလှသည်။ အတိုက်အခံခေါင်းဆောင်နှင့် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ပင်လျှင် ရိုဟင်ဂျာများကို ထောက်ခံရန် ရှောင်ရှားလျက်ရှိသည်။

၁၉၇၁ ခုနှစ်ကမှ လွတ်လပ်ရေးရပြီး ဒုက္ခသည်ပြဿနာများ ကြီးစွာခံစားရသော ဘင်္ဂလားဒေ့ရှ်သည် ကူညီရန် စိတ်အားထက်သန်မှုမရှိခြင်းမှာ ဖြစ်သင့်ပြီး သနားဖွယ်ကောင်းသည်။

သို့ဆိုလျှင် မည်သို့လုပ်ကြမည်နည်း။

ဘင်္ဂလားဒေ့ရှ်အနေဖြင့် အခြေအနေများ ငြိမ်သက်သွားပါက ပြန်ပို့မည်ဟူသော ခိုင်မာသော နားလည်မှုယူ၍ ဒုက္ခသည်အသစ်များကို လက်ခံ သင့်သည်။ အကယ်၍ မြန်မာနိုင်ငံသည် ၎င်း၏လူများကို ပြန်လည် လက်မခံခဲ့ပါက ချမ်းသာသော တတိယနိုင်ငံတစ်ခုက ၎င်းတို့ကိုလက်သင့်ခံသင့်သည်။

ဘင်္ဂလားဒေ့ရှ်သည် ၎င်း၏ ကိုယ်ပိုင်ပြဿနာများနှင့် ပြည့်နှက်နေပြီးဖြစ်သည်။ အခြားတိုင်းပြည်တစ်ခု၏ အမုန်းတရားများကြောင့် ဖြစ်လာသော အကျိုးဆက်များအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေသင့်ပေ။

                                                                ****************************************

လန်ဒန်တွင် ဒလိုင်လားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံဆွေးနွေး

(The Washington Post  မှ 20 June 2012 ရက်စွဲပါ “Dalai Lama and Myanmar`s Aung San Suu Kyi meet for talks during visits to London” သတင်းကိုဘာသာပြန်ဆိုသည်။)

ပြည်ပရောက် ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားက မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လန်ဒန်မြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု ပြောကြားလိုက်သည်။

ဗုဒ္ဓဟူးနေ့က ၎င်း၏ ဝက်ဘ်ဆိုဒ်တွင်တင်ထားသော သတင်းလွှာတွင် ဘုန်းတော်ကြီး ဒလိုင်လားမားက “နိုဗယ်ဆုရှင်နှစ်ဦးသည် အင်္ဂါနေ့က နာရီဝက်ခန့် သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့သည်”ဟု ဖော်ပြထားသည်။

ဒလိုင်လားမားက ၎င်းအနေဖြင့် သူမ၏ ရဲရင့်မှုကို အမှန်တကယ်လေးစားကြောင်းနှင့် သူမသည် လူသားတို့အပေါ် ကြီးကြီးမားမား ပေးဆပ်သူ တစ်ဦးဟု ယုံကြည်ကြောင်းကို ဒေါ်အောင်ဆန်းစုကြည်အား ပြောကြားခဲ့သည်ဟု ဆိုသည်။

၂၄ နှစ်တာကာလအတွင်း ပထမဆုံးဥရောပခရီးထွက်လာသော ဒေါ်အောင်ဆန်းစုကြည်၏ ၆၇ နှစ်မြောက်မွေးနေ့တွင် အထက်ပါတွေ့ဆုံမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာကျော် မြန်မာဒီမိုကရေစီခေါင်းဆောင် အမျိုးသမီးသည် ၂၀၁၀ခုနှစ် နိုဝင်ဘာလတွင် ယခင်မြန်မာအစိုးရ အကြီးအကဲဟောင်း ၏အမိန့်ဖြင့် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သည်။

တရုတ်နိုင်ငံလက်အောက်မှ တိဗက်ပြည်လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေသော အသက် ၆၇ နှစ်အရွယ် ဘုန်းတော်ကြီး ဒလိုင်လားမား သည်လည်း အလားတူ ဥရောပခရီးစဉ်လှည့်လည်နေသည်ဟု သိရှိရသည်။

                                                                    ***************************************

မြန်မာနိုင်ငံ၌ နိုင်ငံခြားသားများအား လုပ်ငန်းပိုင်ဆိုင်ခွင့်ပြုတော့မည်

(AFP သတင်းမှ 20 June 2012 ရက်စွဲပါ “Myanmar to allow foreign ownership of firms:Minister” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံတွင် မကြာမီလွှတ်တော်က အတည်ပြုမည်ဟုမျှော်လင့်ရသော ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်အရ ပြည်တွင်းကုမ္ပဏီလုပ်ငန်းများကို နိုင်ငံခြားသားများ အပြည့်အဝပိုင်ဆိုင်ခွင့် ပြုတော့မည်ဟု အကြီးတန်းတာဝန်ရှိသူ တစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

ပြည်တွင်းလုပ်ငန်းတွေမှာ ၃၅ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းအထိရင်းနှီးမြှုပ်နှံဖို့ နိုင်ငံခြားကုမ္ပဏီတွေကို ခွင့်ပြုတော့မှာပါဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးခန့်ဇော်က ပြောကြားခြင်းဖြစ်သည်။

“၁၀၀ ရာခိုင်နှုန်းရင်းနှီးမြှုပ်နှံချင်တဲ့သူတွေကို ကျွန်တော်တို့ သေသေချာချာ စစ်ဆေးခွင့်ပြုသွားမှာပါ”ဟု ရန်ကုန်မြို့တွင် ကျင်းပသော ရင်းနှီးမြှုပ်နှံမှုဖိုရမ်၏ အဝန်းအဝိုင်းတွင် ဒုဝန်ကြီးက သတင်းထောက်များအား ပြောကြားခဲ့သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကိုဆွဲဆောင်ရန် ရည်မှန်း ထားပုံရသော မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဝါဒီ သမ္မတဦးသိန်းစိန်က ပြုပြင်ပြောင်းလဲမှု နောက်အဆင့်၏ အဓိကဦးစားပေးမှာ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဖြစ်လိမ့်မည်ဟု အင်္ဂါနေ့က ရုပ်သံမိန့်ခွန်းတွင် ပြောကြားသွားခဲ့သည်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ သူတို့ကို ဥပဒေတွေနဲ့ ကာကွယ်ပေးမှသာ လာရောက် ရင်းနှီးမြှုပ်နှံကြမှာဖြစ်တဲ့အတွက်ကြောင့် ဥပဒေ စည်းမျဉ်း၊ စည်းကမ်းတွေဟာ အလွန်အရေးကြီးတဲ့အပြင် ရင်းနှီးမြှုပ်နှံသူတွေအတွက် လှုပ်သာလှည့်သာရှိဖို့လိုအပ်ပါတယ်”ဟု ယခင် ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်သူ လက်ရှိသမ္မတကပြောကြားသည်။

                                ****************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၁.၆.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံကို မည်သို့ ကူညီနိုင်မလဲ

(18 June 2012 ရက်စွဲပါ Khaleiy Times တွင် Radek Sikorski(ကိုယ်ပိုင်အမြင်) ရေးသားသော How do we help Bruma? ကိုဘာသာပြန်ဆိုသည်။)

  1. မြန်မာအစိုးရ ပွင့်လင်းမြင်သာမှုရှိရန် နိုင်ငံတကာအခွင့်အရေးအဖွဲ့ကြိုးပမ်း

(UPI သတင်းဌာနမှ 18 June 2012 ရက်စွဲပါ Advocacy group eyes Myanmar's transparency ကိုဘာသာပြန်ဆိုသည်)

  1. ဂျပန်အမျိုးသားကာကွယ်ရေးတက္ကသိုလ်တွင် မြန်မာစစ်ပညာသင်များကို လက်ခံရန်ရှိ

(The Yomiuri Shimbun မှ 19 June 2012 ရက်စွဲပါ“ National Defense Academy may take Myanmar Students” သတင်းကိုဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံကို မည်သို့ ကူညီနိုင်မလဲ

(18 June 2012 ရက်စွဲပါ Khaleiy Times တွင် Radek Sikorski(ကိုယ်ပိုင်အမြင်) ရေးသားသော How do we help Bruma? ကိုဘာသာပြန်ဆိုသည်။)

(Radek Sikorski သည် ပိုလန်နိုင်ငံခြားရေးဝန်ကြီးဖြစ်သည်။)

အရှေ့အလယ်ပိုင်းတစ်လွှားနှင့် ယခုမြန်မာနိုင်ငံတို့၏ အခြေအနေများကြောင့် ခေတ်ပြိုင်ကမ္ဘာ့နိုင်ငံရေးတွင် မေးခွန်းများစွာအနက်မှ ထွက်ပေါ်လာသည့် ကြီးကျယ်သောမေးခွန်းမှာ နိုင်ငံများသည် မအောင်မြင်သော အာဏာရှင်စနစ်မှ အများပါဝင်သောစနစ်တစ်ခုသို့ မည်သို့ပြောင်းလဲသွားနိုင်သနည်းဟူသော မေးခွန်းဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးများသည်လည်း နေရာတကာတွင် အရေးကြီးသော မူဝါဒဆိုင်ရာမေးခွန်းများကို ကြုံတွေ့နေရသည်။ ၎င်းမှာ နိုင်ငံတစ်ခုသည် နိုင်ငံရေးအရ အသွင်ကူးပြောင်းရေးကာလကို စတင်ခဲ့ပြီဆိုလျှင်၊ နိုင်ငံအများသည် မည်သည့်အချိန်တွင် အကူအညီပေးသင့်ပြီး၊ အကောင်းဆုံးအကူအညီပေးနိုင်သည့် နည်းလမ်းမှာ အဘယ်နည်းဟူသော မေးခွန်းဖြစ်သည်။

တော်လ်စတွိုင်း၏ အဆိုကိုဖော်ပြရလျှင် ပျော်ရွှင်ဖွယ် အသွင်ကူးပြောင်းရေးကာလရှိသော တိုင်းပြည်တိုင်းသည် အားလုံးတူညီကြသည်။ စိတ်ပျက်ဖွယ် အသွင်ကူးပြောင်းရေးတိုင်းတွင် ပင်ကိုယ်၌ကပင် စိတ်ပျက်ဖွယ်များ ရှိနေသည်။ စစ်အေးကာလအပြီး အလယ်ပိုင်းဥရောပ(Central Europe)တစ်လွှားတွင်ရှိခဲ့သော ပျော်ရွှင်ဖွယ် အသွင်ကူးပြောင်းရေးများ ပိုမိုလွယ်ကူခဲ့ရခြင်းမှာ ကွန်မြူနစ်ဟောင်းများသည် ၎င်းတို့ကိုယ်တိုင် အာဏာသေဆုံးသွားသလောက်ရှိခြင်းကြောင့် ငြိမ်းချမ်းစွာအာဏာကို စွန့်သွားကြသည့် အချက်ကြောင့်ဖြစ်သည်။ တချိန်တည်းမှာပင် ဥရောပအနောက်ပိုင်းနိုင်ငံများ၊ အမေရိကန်နှင့် အခြားနိုင်ငံများမှ ရက်ရောစွာ ကူညီထောက်ပံ့မှုများကလည်း ပြန်လည်ပေါင်းစည်းရေးအတွက် လွယ်ကူစေရန် စိတ်ဆန္ဒဖြစ်စေရခြင်း၊ ပြီးခဲ့သော အမှောင်ဖုံးသောအတိတ်ကြောင့် ဖြစ်ပေါ်လာသော အမျိုးမျိုးသော ခံစားချက်များအပေါ် ထိန်းထိန်းသိမ်းသိမ်းနှင့် လက်စားချေ ပြစ်ဒဏ်မပေးသည့်နည်းလမ်းဖြင့် ကိုင်တွယ်ရန်ကို ဖြစ်စေခဲ့သည်။

အထက်က ဖော်ပြခဲ့သော အသွင်ကူးပြောင်းရေးဖြစ်စဉ်များသည် ဥရောပသမဂ္ဂ၊ OSEC၊ နေတိုးနှင့် ဥရောပကောင်စီကဲ့သို့သော တရားဝင်အဖွဲ့အစည်းများ၏ ကျယ်ပြန့်သောကွန်ရက်များရှိသည့် နေရာများတွင် ဖြစ်ခဲ့ခြင်းကြောင့် တရားဥပဒေစိုးမိုးမှု အပြည့်အဝရှိခဲ့သည်။ အဆိုပါ အထောက်အကူဖြစ်စေသော အကြောင်းများကြောင့် အမျိုးသားမူဝါဒချမှတ်သူများအတွက် လမ်းပြမြေပုံကိုဖြည့်ဆည်းပေးပြီး အစွန်းရောက်သူများ သြဇာမလွှမ်းမိုးနိုင်ရေး ကန့်သတ်ရာတွင် အထောက်အကူဖြစ်သည်။ ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို အရာရာတိုင်းသည် လွယ်ကူလှသည်တော့ မဟုတ်ပေ။ ဆီးရီးယားနိုင်ငံကဲ့သို့သော အများပြည်သူမနှစ်သက်သော အစိုးရများသည် ပိုမိုကြမ်းတမ်းစွာ၊ အပျက်အစီးများဖြစ်စေပြီး အာဏာကိုဖက်တွယ်ထားနေဆဲဖြစ်သည်။ သို့တည်းမဟုတ် လစ်ဗျားကဲ့သို့ ၎င်းတို့ အာဏာစွန့်သည့်လမ်းကြောင်းတစ်လျှောက် ပြဿနာသစ်ပေါင်းစုံ ဖန်တီးသွားမည်ဖြစ်သည်။ သို့တည်းမဟုတ် အီဂျစ်မှာကဲ့သို့ တည်ငြိမ်မှုကိုထိန်းသိမ်းရင်း ဒီမိုကရေစီကျကျ တာဝန်ယူတက်မှုကို ကြိုးစားအကောင်အထည်ဖော်ပေးခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

မြန်မာနိုင်ငံတွင်မူ နောက်ထပ်မော်ဒယ်တစ်ခု တွေ့ရပြီး၊ စစ်တပ်မှ ဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်အပြီးတွင် အားလုံးပါဝင်သော အစိုးရသစ်တစ်ခုကိုထိန်းချုပ်ပြီး၊ ရည်ရွယ်ချက်ရှိရှိဖြင့် ကြိုးစားရွှေ့နေပုံကို ထင်ထင်ရှားရှားတွေ့နေရသည်။ ၎င်းတို့သည် ပိုလန်၌ ကွန်မြူနစ်များပြီးဆုံးချိန်က အဖြစ်အပျက်နှင့် ဆင်တူမှုများစွာရှိသည်။ စစ်တပ်အီလစ်များသည် ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်ပြီးတစ်ဆင့်သာ သွားလိုသည်။ သို့သော် ၎င်းတို့နေရာအတွက် ကာကွယ်ထားလိုသည့် ဆန္ဒရှိပြီး၊ ကစဥ့်ကလျားဖြစ်ရပ်များကို ရှောင်ရှားရန် ဆုံးဖြတ်ထားပုံရသည်။ အတိုက်အခံကို လူချစ်လူခင်ပေါသောခေါင်းဆောင်က ဦးဆောင်လျက်ရှိပြီး၊ ကြီးမားသောလူထုထောက်ခံမှုကို ရရှိထားသည်။ အာဏာရအလွှာသည် လူကြိုက်များသော အတိုက်အခံအတွက် လွှတ်တော်တွင် လမ်းဖွင့်ပေးခဲ့သော်လည်း၊ တစ်ပြည်လုံးအနိုင်ရမှုအတွက် တုန်လှုပ်မှုဖြစ်စေခဲ့သည်။

ထို့ထက်ပို၍ ပိုလန်တွင် မှန်ကန်စွာလုပ်ဆောင်နိုင်ခဲ့သကဲ့သို့ မြန်မာနိုင်ငံမှ အတိုက်အခံများသည် ၎င်းတို့ကို ထောက်ခံသော သည်းမခံနိုင်တော့သည့် လူထုကြီးကျေနပ်အောင်လည်း လုပ်ဆောင်ရန်လိုသကဲ့သို့၊ အာဏာလက်ရှိကိုင်ထားသူများ၏ အနာဂါတ်လှပရေးအတွက် လုပ်ဆောင်နိုင်ရန်၊ ကျွမ်းကျင်စွာ ထိန်းညှိလုပ်ဆောင်ရမည် ဖြစ်သည်။

သို့သော် အဓိကကျသော ခြားနားမှုများလည်း ရှိပါသေးသည်။ မြန်မာနိုင်ငံတွင် အလွန်တရာကွဲပြားသော ပြည်တွင်းနိုင်ငံရေးဒိုင်းနမစ်များရှိသည်။ ထိုအထဲတွင် အမျိုးမျိုးသောတိုင်းရင်းသားများ၊ ဘာသာစကားမတူသော အသိုင်းအဝိုင်းများ ရှုပ်ထွေးသောဆက်ဆံရေးများ ရှိနေသည်။ ပိုလန်၏ အသွင်ကူးပြောင်းရေးတွင် ထိုသို့သော လူမှုရေးအရ ကွဲပြားမှုများမရှိခဲ့ပေ။

ထို့အပြင် ပိုလန်တွင် ကွန်မြူနစ်များပြိုကွဲစဉ်ကနှင့် မတူသောအချက်မှာ မြန်မာနိုင်ငံသည် လက်ရှိစနစ်အတွင်းမှာပင် စီးပွားရေးအရ ပါဝင်ကြသူများ ရှိနေခြင်းဖြစ်သည်။ ၎င်းတို့သည် ရရှိထားသော အခွင့်ထူးများကို ဆက်လက်ထိန်းသိမ်း ရယူလိုကြသည်။ ခြုံ၍ဆိုရလျှင် နိုင်ငံမှန်မှန်ပြောင်းလဲရေးအတွက် စံနှင့် စံနှုန်းများလိုက်နာလာရေးကို အားပေးမည့် နိုင်ငံတကာအဖွဲ့အစည်းများ မရှိခြင်းဖြစ်သောကြောင့်၊ မြန်မာနိုင်ငံသည် ကိုယ့်လမ်းကိုယ်ရှာဖွေ လျှောက်လှမ်းရမည် ဖြစ်သည်။ ယခုအစောပိုင်းက စာရေးသူသည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ရာ သမ္မတဦးသိန်းစိန်နှင့်လည်းကောင်း၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့်လည်းကောင်း၊ အခြားလှုပ်ရှားသူများနှင့်လည်းကောင်း တွေ့ဆုံခဲ့သည်။ စာရေးသူ သဘောပေါက်သောအချက်မှာ မြန်မာနိုင်ငံသည် မှန်ကန်သောလမ်းကြောင်းပေါ်တွင် ခိုင်မာစွာရွေ့နေပြီဆိုသည့် အချက်ဖြစ်သည်။

ဤကြီးမားပြီး၊ သယံဇာတကြွယ်ဝသောနိုင်ငံသည် ထင်သလောက်ဖြစ်မလာသည်မှာ ကြာခဲ့ပြီဆိုသည်ကို အားလုံးက လက်ခံကြသည်။ အာဏာကိုဖွင့်၍ ယှဉ်ပြိုင်ရခြင်းထက်စာလျှင် ပြန်လည်စည်းလုံးညီညွတ်မှုကိုအခြေခံသော တစ်ဆင့်ခြင်း ချဉ်းကပ်မှုကိုသာ အားလုံးကသဘောတူကြသည်။ မဟုတ်လျှင် တိုင်းရင်းသားကိစ္စတွင် လျှင်မြန်စွာ ထိခိုက်နစ်နာမှုများ ရှိလာနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင်ပြီး၊ စီးပွားရေးတိုးတက်ကြီးထွားရေးကို အရှိန်မြှင့်နေသမျှကာလပတ်လုံး အထက်ပါအားလုံး သဘောတူသောအမြင်ကို လက်ခံနေရလိမ့်မည် ဖြစ်သည်။ အီးယူအနေဖြင့် ၎င်း၏ ဖွံ့ဖြိုးတိုးတက်ရေးအကူအညီနှင့် ဖြန့်ဝေမှုလုပ်ငန်းစဉ်တို့သည် မြန်မာ့အသိုင်းအဝိုင်းအပေါ် မျှတစွာ၊ ပွင့်လင်းမြင်သာစွာ အကျိုးရှိပြီး အများပါဝင်သောစနစ်နှင့် ပြန်လည်စည်းလုံးညီညွတ်မှုကို အထေက်အကူပြုစေရေး သေချာစေရန်လိုအပ်သည်။

ပိုလန်မှာမူ မြန်မာနိုင်ငံအား ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တိုက်ရိုက်ဖြည့်ဆည်းပေးမှုများ ပြုလုပ်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံမှ ဆုံးဖြတ်ချက်ချမှတ်သူများ၊ အတိုက်အခံခေါင်းဆောင်များနှင့် စီးပွားရေးကဏ္ဍမှကိုယ်စားလှယ်များအား အသွင်ကူးပြောင်းရေးနည်းပညာ( technology of transition)ကိုနားလည်အောင် ကူညီလုပ်ဆောင်ပေးနေသည်။ ယနေ့ပိုလန်နိုင်ငံကို ဥရောပ၏ အသန်စွမ်းဆုံးသော စီးပွားရေးဖြစ်အောင် အထောက်အကူဖြစ်စေသည့် နည်းပညာပြုပြင်ပြောင်းလဲမှုကို စာရေးသူနှင့်အတူ စီးပွားရေးကိုယ်စားလှယ်များလိုက်ပါပြီး၊ ကြီးမားသော ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို ရှင်းလင်းခဲ့ကြသည်။

စာရေးသူ၏ မြန်မာနိုင်ငံခရီးစဉ်မှ အားတက်ဖွယ်အကောင်းဆုံးအချက်မှာ တံခါးဖွင့်ရန်စိတ်အားထက်သန်ခြင်းနှင့် အခြားနိုင်ငံများ၏ အာဏာရှင်မှဒီမိုကရေစီသို့ အသွင်ကူးပြောင်းရာတွင် ထိခိုက်နာကျင်မှုများကို သင်ခန်းစာယူလိုခြင်းပင် ဖြစ်သည်။ ကျွန်ုပ်တို့၏ ဒီမိုကရေစီအလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသမီးငယ်တစ်ဦးက တက်ရောက်လာသော သတင်းစာဆရာများနှင့် ပို့ချသူများအား“မြန်မာနိုင်ငံဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဥပမာတစ်ခုလို ကျွန်မတို့ထင်ပါတယ်။ အခုတော့ဝေးကွာတဲ့ တိုင်းပြည်တွေမှာလည်း အလားတူအတွေ့အကြုံတွေ ရှိခဲ့တယ်ဆိုတာ ကျွန်မတို့ သိခဲ့ရပါပြီ။ သိပ်အထီးကျန်တယ်လို့ မခံစားရတော့ပါဘူး။ခင်ဗျားတို့လည်း ဒီနည်းနဲ့အောင်မြင်ခဲ့တာပဲ”ဟု ပြောကြားခဲ့သည်။

အဆိုပါ စိတ်ဓာတ်ရှိပြီး သင့်လျော်သော နိုင်ငံတကာအကူအညီများနှင့်ဆိုပါက မြန်မာနိုင်ငံသည် အောင်မြင်လိမ့်မည်ဟု ကျွန်တော်ယုံကြည်နေမိပါတော့သည်။

*************************************

မြန်မာအစိုးရ ပွင့်လင်းမြင်သာမှုရှိရန် နိုင်ငံတကာအခွင့်အရေးအဖွဲ့ကြိုးပမ်း

(UPI သတင်းဌာနမှ 18 June 2012 ရက်စွဲပါ Advocacy group eyes Myanmar's transparency ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လျက်ရှိသော နိုင်ငံတကာ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေး ကုမ္ပဏီကြီးများအတွက် ပွင့်လင်း မြင်သာပြီး ခိုင်မာမှုရှိသော ဥပဒေစည်းမျည်းစည်းကမ်းများထုတ်ဖော်ပေးရန် EarthRights International အဖွဲ့က ဖိအားပေးတောင်းဆိုထားကြောင်း UPI သတင်းဌာနက ရေးသားသည်။

ရေနံတူးဖော်ရေး ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Total မှ အမှုဆောင်အရာရှိချုပ်နှင့် ဥက္ကဌဖြစ်သူ Christophe de Margerie သည် ယခု ဇွန်လဆန်း ပိုင်းတွင် မြန်မာနိုင်ငံသို့ရောက်ရှိလာပြီး ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအရာရှိကြီးများနှင့် တွေ့ဆုံခဲ့သည်။ ၎င်း၏ Total ကုမ္ပဏီ သည် ရွှေသဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ကွက်တွင် လုပ်ကိုင်လျက်ရှိသည်။

နိုင်ငံတကာအလုပ်သမားအဖွဲ့(ILO)၌ မိန့်ခွန်းပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က "မြန်မာနိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း(MOGE)သည် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုနှစ်ခုစလုံးမရှိကြောင်း" ပြောကြားသည်။ MOGE သည် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ရေးအခန်းကဏ္ဍတွင် ဝင်ရောက် လုပ်ကိုင်လျက်ရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကြီးကြပ်လျက်ရှိသည်။

EarthRights International အဖွဲ့သည် အခြားလုပ်ငန်းအုပ်စုများနှင့် ပူးပေါင်းပြီးTotal အပါအဝင် နိုင်ငံတကာ ရေနံနှင့်သဘာဝဓာတ်ငွေ့ ကုမ္ပဏီ များက မြန်မာအစိုးရသို့ပေးချေသော ငွေကြေးစာရင်းဇယားများကို ထုတ်ပြန်ရန် တောင်းဆိုလျက်ရှိသည်။ EI အဆိုအရ အဆိုပါ ငွေပေးချေမှုစာရင်းကို ထုတ်ပြန်မည့်ကိစ္စအား စွမ်းအင်ကုမ္ပဏီများက ငြင်းပယ်ခဲ့ကြကြောင်း၊ အကြောင်းမှာ စာချုပ်စာတမ်းနှင့် သက်ဆိုင်သော အရေးကိစ္စများ ရှိနေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

မည်သို့ပင်ဆိုစေ EI က ကန်ထရိုက်စာချုပ်များ ပြန်လည်စိစစ်သုံးသပ်ခဲ့ရာ "တိကျခိုင်မာသော တားမြစ်မှု" တစ်စုံတရာ မတွေ့ရကြောင်း အဆိုပါ အဖွဲ့က ဆိုသည်။ မြန်မာနိုင်ငံတွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိသော Total ကုမ္ပဏီသည် ၂၀၀၈ ခုနှစ်အတွင်း မြန်မာအစိုးရထံသို့ ဒေါ်လာ ၂၅၄ သန်းကျော် ပေးသွင်းခဲ့သည်ဟု ဖော်ပြခဲ့ကြောင်း EI ကဆိုသည်။ အဆိုပါ ငွေကြေးမှာ ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းမှ ဖြစ်သည်။

                                                                  **********************************

ဂျပန်အမျိုးသားကာကွယ်ရေးတက္ကသိုလ်တွင် မြန်မာစစ်ပညာသင်များကို လက်ခံရန်ရှိ

(The Yomiuri Shimbun မှ 19 June 2012 ရက်စွဲပါ“ National Defense Academy may take Myanmar Students” သတင်းကိုဘာသာပြန်ဆိုသည်)

ဂျပန်နိုင်ငံ အမျိုးသားကာကွယ်ရေးတက္ကသိုလ်တွင် မြန်မာနိုင်ငံမှ ကျောင်းသားများအား တက်ရောက်ခွင့်ပေးရန် ဂျပန်အစိုးရက ကမ်းလှမ်းခဲ့ပြီး နောက် အဆိုပါကိစ္စနှင့်ပတ်သက်၍ နှစ်နိုင်ငံဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေသည်ဟု သိရှိရသည်။

မြန်မာနိုင်ငံမှ သမ္မတဦးသိန်းစိန်အစိုးရက ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို အရှိန်မြှင့်လုပ်ဆောင်နေခြင်းကြောင့် အနောက်နိုင်ငံများထံမှ ရင်းနှီးမြှုပ်နှံမှုများသာမကပဲ၊ ကာကွယ်ရေးဆိုင်ရာအပြန်အလှန် ဆက်ဆံဖလှယ်မှုများပါ တိုးတက် ဖြစ်ပေါ်လျက်ရှိသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

ဖေဖော်ဝါရီလအတွင်းက ဂျပန်အစိုးရ ဒုတိယကာကွယ်ရေးဝန်ကြီး ဟီရိုနိုရီကာနာဇာဝါ၏ မြန်မာနိုင်ငံခရီးစဉ်တွင် စစ်ဖက်ပညာသင်နှင့် စစ်ဖက် သုတေသနဆိုင်ရာကိစ္စများအပါအဝင် ကာကွယ်ရေးဆိုင်ရာ အပြန်အလှန်ဖလှယ်မှုများ တိုးမြှင့်ရန် နှစ်ဖက်အာဏာပိုင်များ သဘောတူညီမှုရရှိခဲ့ကြသည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ အဆိုပါ ခရီးစဉ်အတွင်း ဂျပန်နိုင်ငံက မြန်မာစစ်ဖက် ပညာတော်သင်များကိုလက်ခံရန် အဆိုပြုခဲ့ခြင်း ဖြစ်သည်ဟု ဂျပန်ကာကွယ်ရေးသတင်းရပ်ကွက်က ဆိုသည်။

ဂျပန်နိုင်ငံကာနာဂါဝါစီရင်စု ယိုကိုဆူကာရှိ အမျိုးသားကာကွယ်ရေးတက္ကသိုလ် NDA သည် အခြား ၁၄ နိုင်ငံမှ စစ်ဖက်ပညာတော်သင် ကျောင်းသား ၅၈၀ ခန့်ကို တက်ရောက်ခွင့်ပေးထားပြီး၊ ယခုအဆိုပြုချက် လက်တွေ့ အကောင်အထည်ပေါ်လာပါက မြန်မာစစ်ပညာသင်ကျောင်းသားများ ကို ပထမဆုံးအကြိမ်လက်ခံမှုအဖြစ် မှတ်တမ်းဝင်သွားမည် ဖြစ်သည်။

ဂျပန်ကာကွယ်ရေးတက္ကသိုလ်သို့ တက်ရောက်ခွင့်ရမည့် မြန်မာစစ်ဖက်အရာရှိငယ် ကျောင်းသားလောင်းများသည် ပုံမှန် ၄ နှစ်သင်တန်း မတက်ရောက်မှီ တစ်နှစ်ကြိုတင်၍ ဂျပန်ဘာသာစကားကို သင်ယူရမည်ဟု အဆိုပါသတင်းရပ်ကွက်က ဆိုသည်။

                                                    **************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs