ယနေ့ မြန်မာနိုင်ငံနှင့် ပတ်သက်၍ နောက်ဆုံး ထွက်ပေါ်နေသော သတင်းများကို ကြည့်ရသည်မှာ များစွာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။ စက်တင်ဘာလ ၂၈ ရက်နေ့က သတင်းများအရ မြန်မာ နိုင်ငံ တပ်မတော် အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် အမေရိကန်ပြည် ထောင်စု ဆီနိတ်၏ အရှေ့အာရှနှင့် ပစိ ဖိတ်ဒေသဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ မစ္စတာဂျင်ဝက်ဘ်တို့ တွေ့ဆုံကြသည်။ အမေရိကန် သမ္မတ အိုဘားမား၏ အရှေ့တောင်အာရှ ဒေသဆိုင်ရာ နိုင်ငံခြားရေး ပေါ်လစီသစ်ကို လက်တွေ့ကျကျ အကောင် အထည်ဖော်နေသူ မစ္စတာ ဂျင်ဝက်ဘ်က ယခုလို ထုတ်ဖော် ပြောဆို သည်။
“အမေရိကန်ရဲ့ နိုင်ငံခြားရေး ပေါ်လစီအသစ် ထွက်ပေါ်လာမှုနဲ့ လာမယ့်နှစ် မှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ မြန်မာအစိုးရက ကတိပြုက၀တ် ပြုထားမှုကိုကြည့်ရင် နှစ်နိုင်ငံ ဆက်ဆံရေးဟာ အင်မတန် အရေးပါလာပြီး လှုပ်ရှားမှုရှိတဲ့ အနေအထားကို ပြောင်းလဲတော့မယ် ဆိုတာ ပြသနေသလိုပါပဲ”
အမေရိကန်အစိုးရက လာမည့်၂၀၁၀ ရွေးကောက်ပွဲကို အသုံးချပြီး မြန်မာ တပ်မတော်အစိုးရနှင့် ဆက်ဆံရေး တစ်ရပ် ပြန်လည် ထူထောင်ရန် အာသီသ ရှိနေပါသည်။ မည်သို့ဆိုစေ အများစုကတော့ နှစ်ပေါင်း ၂၀ ကြာကာလ အတွင်း ပထမဆုံး အကြိမ် ကျင်းပပေးမည့် အဆိုပါရွေး ကောက်ပွဲသည် အတု အယောင်မျှသာ ဖြစ်လိမ့်မည်ဟု ယုံကြည်လျက် ရှိကြသည်။ အကြောင်းမှာ အစိုးရက အတိုက် အခံ နိုင်ငံရေး အင်အားစုများကို ယခု ကတည်းကစပြီး ဖိနှိပ် ချုပ်ခြယ်မှုများ ပြုလုပ်နေပြီ ဖြစ်သောကြောင့်ပင်။ ဤသို့ သော အခြေအနေတွင် အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကတ်ကမ်းဘဲလ်က အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံအပေါ် မူဝါဒ ပြောင်းလဲရေး ကိစ္စကို ပီပီပြင်ပြင် ဖြစ်လာအောင်လုပ် ကောင်းမွန် စွာ လုပ်ကိုင် နိုင်ခဲ့သည်။ ဤကိစ္စသည် အမှန်စင်စစ် ချော့တစ်ခါ၊ ခြောက်တစ်လှည့် ပုံစံဖြင့် ချဉ်းကပ်မှုမျိုး ဖြစ်ပြီး လွန်စွာ ထူးခြားပါသည်။ ဆိုလိုသည်မှာ အကယ်၍ မြန်မာနိုင်ငံ၏ ပြည်တွင်းရေး အနေအထားများ ပြောင်းလဲမှု မရှိပါက ပိတ်ဆို့ အရေးယူမှုများကို ဖယ်ရှားပေးမည် မဟုတ်ဘဲ အနာဂတ်တွင် အခြေ အနေများ ဆိုးရွားလာပါက နောက်ထပ် ပိတ်ဆို့ အရေးယူသည့် မူဝါဒသစ်များ ထပ်မံပြုလုပ်မည်ဟု ခြိမ်းခြောက်နေသည့် သဘောပင် ဖြစ်ပါသည်။
မြန်မာနိုင်ငံနှင့် ပတ်သက်သော အမေရိကန် အကျိုးစီးပွားမှာ ရှုပ်ထွေးနေသည်။ လူ့အခွင့်အရေး ကိစ္စသည် အမေရိကန်အတွက် အရေးကြီးသော ကိစ္စဖြစ်နိုင်သလို၊ အရေးမကြီးသော ကိစ္စလည်း ဖြစ်နိုင်သည်။ အိုဘားမား အုပ်ချုပ်ရေးအဖွဲ့ လုပ်ကိုင်နေမှုများကို မည်သူ တစ်ဦးတစ်ယောက် ကမျှ အကဲဖြတ်နိုင်မည် မဟုတ်ပေ။ သို့သော် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ဖောက်ဖျက်နေမှုများကို သဘောထား တင်းမာစွာ ကိုင်တွယ်ရန် နိုင်ငံတကာမှ လူ့အခွင့်အရေး အဖွဲ့အစည်းမျိုးစုံက အမေရိကန် အစိုးရကို ဖိအားပေး နေသည်ဟူ၍ နားလည်ထားကြသည်။ ထို့ပြင် လူ့အခွင့်အရေးကိစ္စသည် အမေရိကန်အတွက် မြန်မာနိုင်ငံကို ပြင်းပြင်းထန်ထန် ဖိအားပေးနိုင်သော လက်နက် တစ်ခုသဖွယ် ဖြစ်နေသည်ဟု ပြောဆိုနေ ကြပါသည်။ အနောက်ကမ္ဘာ၏ မြန်မာနိုင်ငံအပေါ် ထားရှိသော ဖိုးကပ်စ် မှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ သို့ ရာတွင် သူမမှာ နိုင်ငံရေးအတွက် လှုပ်ရှားနေသော အရာတစ်ခု မဟုတ်ပေ။ မြန်မာအစိုးရက ကာလကြာရှည်စွာ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားသောကြောင့် ဒေါ်အောင်ဆန်းစုကြည်မှာ ဖယ် ကျဉ်ခံထားရသလို ဖြစ်နေပြီး မြန်မာလူထုအပေါ် သြဇာလွှမ်းမိုးမှုလည်း တဖြည်းဖြည်းချင်း ကျဆင်းနေသည်။ ဖြစ်နေသည့် အနေအထားမှာ ဒေါ်အောင်ဆန်းစုကြည် အရေးကိစ္စကို ဆက်နွှယ်ပြီး မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုကို အနောက်ကမ္ဘာက ပြောဆိုနေခြင်းပင် ဖြစ်သည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဒီမိုကရေစီ လှုပ်ရှားမှုတွင် အမှန်တကယ် ပါဝင်လာနိုင်လျှင်သော်လည်း လူကြိုက်များ ရေပန်းစားမှု၊ ပုဂ္ဂိုလ် ရေးကျော်ကြားမှု သက်သက်ဖြင့် မြန်မာပြည်သူလူထု အတွက် အကျိုးထူး တစ်စုံတရာ ရှိလာနိုင်မည် မဟုတ်ပေ။
အမှန်တကယ် မဟာဗျူဟာကျသော ရှုထောင့်မှ ကြည့်မည်ဆိုပါက တရုတ်နှင့် မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးကို ဒီမိုကရေစီ ဖော်ဆောင်ရေးထက် ပိုပြီးအလေးပေး စဉ်းစားရမည်ဖြစ်သည်။ မြန်မာအစိုး ရသည် အိမ်နီးချင်းနှင့် အာဆီယံနိုင်ငံ တို့၏ ဖိအားပေးမှုမှ လွတ်မြောက်စေရန် တရုတ်နိုင်ငံ၏ အရှိန်အ၀ါနှင့် သြဇာကို အသုံးချသည်။ ထိုမျှမကသေး။ အနောက်ကမ္ဘာ၏ ပိတ်ဆို့ အရေးယူမှုတို့မှ ရှောင်ရှားနိုင်ရန် လည်း တရုတ်နိုင်ငံကိုသာ အသုံးချလျက်ရှိသည်။ မြန်မာနိုင်ငံမှ သဘာဝ သံယံဇာတများ ကိစ္စသည် လူ့အခွင့်အရေး ကိစ္စများထက်ပင် ပိုအရေးကြီးနေသည်။ မြန်မာအစိုးရသည် ဖြစ်နိုင်ပါက အခြားသော မဟာ အင်အားကြီး နိုင်ငံတစ်ခုခုနှင့် ဆက်ဆံရေး ထူထောင်လိုသည့် သဘောမျိုး ရှိသူဖြစ်နိုင်သည်။ သို့မှသာ အင်အားကြီး တရုတ်နိုင်ငံတစ်ခု တည်းအား အသုံးပြုနေရသည့် ကိစ္စကို ရှောင်ရှားနိုင်မည် ဖြစ်သည်။ ဤအခြေအနေကို အိုဘားမား အုပ်ချုပ်ရေးအဖွဲ့က အခွင့်အရေး တစ်ရပ်အဖြစ် ရှုမြင်ကာ အရှေ့တောင်အာရှ ဒေသတွင်ပါဝါ အပျော့ကို ကျင့်သုံးသွားရန် ကြိုးပမ်းလာခြင်းဖြစ်သည်။ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ အင်ဒိုနီးရှား၊ မြန်မာ စသည့် နိုင်ငံများနှင့် နိုင်ငံရေးအရ မဟာဗျူဟာကျကျ ဆက်ဆံမှုပြုရန် ကြိုးပမ်းလာသည်။
အမှန်တွင် အမေရိကန် ပြည်ထောင်စုသည် အလယ်အလတ် လမ်းစဉ်ကို ကျင့်သုံးနေခြင်းဖြစ်သည်။ အရှေ့တောင်အာရှဒေသ တစ်ခုလုံးနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးသည် သုညအနုတ်ဂိမ်း(zero sumgame) ပုံစံမျိုး မဟုတ်သည်ကို ကောင်းစွာ နားလည် သဘောပေါက်လာသည်။ သို့အတွက်ကြောင့် အပြုသဘောဆောင်သော ဆက်ဆံရေးမျိုး ထူထောင်ရန် ကြိုးပမ်းသည်။ တစ်ဖက်ကကြည့်လျှင်လည်း အရှေ့တောင်အာရှ ဒေသသည် ကမ္ဘာကြီးအတွက် စားနပ်ရိက္ခာ နှင့် သံယံဇာတများ ပေါကြွယ်ဝရာ ဒေ သတစ်ခု ဖြစ်သည်။ ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်းအတွက် အဓိကကျသော အနေအထားတွင်ရှိသည်။ ဂျပန်နှင့် တရုတ်နိုင်ငံ လောင်စာဆီ တင်သွင်းမှု၏ ၈၀ ရာခိုင်နှုန်းမှာ အရှေ့တောင်အာရှ ဒေသ၏ ရေလမ်းကြောင်းကို အမှီသဟဲပြု နေရသည်။ ပထ၀ီနိုင်ငံရေးပ ကတိအနေအထားအရ အရှေ့တောင်အာရှ ဒေသသို့တရုတ်နိုင်ငံ ၀င်ရောက်မှုမှာ ပိုမို ကြီးမားလာမည် ဖြစ်သည်။ အမေရိကန် အနေဖြင့် ဤပွဲကို ၀င်မကစားပါက မည်သည့် အခါမှအနိုင်ရမည် မဟုတ်ပေ။ သမိုင်းကြောင်းကို ပြန်ကြည့်ပါက မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ ပိတ်ဆို့ အရေးယူမှု ပြုလာခဲ့ခြင်းကြောင့် မြန်မာနိုင်ငံကို တရုတ်နိုင်ငံက အတွင်းစည်းကျကျ သြဇာလွှမ်းမိုးမှု ပြုလုပ်နေသလို ပုံစံမျိုး လုပ်ဆောင်နိုင်ခြင်း မရှိခဲ့သည်ကို တွေ့ရသည်။ မြန်မာ တပ်မတော် အစိုးရသည် တရုတ်နိုင်ငံက တစ်စုံတရာ ပြောလာပါက ဂရုစိုက် နားထောင်လေ့ ရှိသည်။ ဥပမာ- တရုတ်-မြန်မာနယ်စပ်ရှိ ကိုးကန့်ဒေသ ပြဿနာကို ကြည့်လျှင် တွေ့နိုင်သည်။ တရုတ်ပြည်က ကိုးကန့်ပြဿနာ အပေါ် စိတ်ဘ၀င်မကျနိုင်ကြောင်း ထုတ်ပြော လာသောအခါ တပ်မတော်အစိုးရက ဖုန်ကျားရှင် ခေါင်းဆောင်သော အုပ်စုကို ချက်ချင်းဆိုသလို နှိမ်းနင်းခဲ့သည်မှာ ထင်ရှားသော သာဓကဖြစ်ပါသည်။ တရုတ်အစိုးရကို မြန်မာ တပ်မတော်အစိုးရက တောင်းပန်မှုများပင် ပြုလုပ်ခဲ့သည်။ အမေရိကန် အပါအ၀င် အနောက် ကမ္ဘာအား မည်သည့်အခါက ဤသို့သော တောင်းပန်မှုမျိုး ပြုလုပ်ခဲ့ဖူးပါသနည်း။ အကယ်၍ မြန်မာနိုင်ငံသာ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်မျိုးထဲတွင်သို့ အမှန် တကယ် ၀င်ရောက်သွားပါက ပို၍အကဲဆတ်သော အရေးကိစ္စများနှင့် ကြုံတွေ့ လာရဖွယ် ရှိသည်။
လက်ရှိ အနေအထားတွင် အပြောခံနေရသည့် ကိစ္စမှာမြန်မာ တပ်မတော်အစိုးရသည် ဖိနှိပ်ချုပ်ခြယ်မှုများနှင့် ညှဉ်းပန်း နှိပ်စက်မှုများကို ဆက်လက် လုပ်ကိုင်နေခြင်းပင် ဖြစ်သည်။ အမေရိကန်နိုင်ငံသား မြန်မာလူမျိုး ကိုကျော်ဇောလွင် ဆိုသူမှာ မြန်မာနိုင်ငံသို့ ပြန်လာစဉ် ရန်ကုန်လေဆိပ်၌ပင် ဖမ်းဆီး ထိန်းသိမ်းခံရသည်။ ၎င်းသည် ပြည်တွင်းရေး မငြိမ်မသက်မှု ဖြစ်အောင် ၀င်ရောက်လာခြင်းဖြစ်ပြီး ရဟန်း သံဃာတော်များ အကြား ပဋိပက္ခဖြစ်အောင် ကြိုးပမ်းနေသည် ဟူသောစွပ်စွဲချက်ဖြင့် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။ သူ၏မိခင်ဖြစ်သူမှာ နိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ထောင်ဒဏ် ငါးနှစ် အပြစ်ပေးခံရပြီး ညီမဖြစ်သူမှာ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သော သံဃာတော်များ ဦးဆောင်သည့် ဒီမိုက ရေစီ ဆန္ဒပြပွဲ၌ ပါဝင်ခဲ့သောကြောင့် ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံခဲ့ရသည်။ အဆိုပါ ဆန္ဒပြပွဲကို ရွှေဝါရောင် တော်လှန်ရေး ဟုခေါ်ဆိုကြသည်။ မြန်မာအစိုးရက ကိုကျော်ဇောလွင်ကို အဖျက် အမှောက်လုပ်ငန်းများနှင့် မြေအောက် လှုပ်ရှားမှုများ လုပ်ကိုင်လျက်ရှိသော အေဘီအက်စ်ဒီအက်ဖ် အဖွဲ့နှင့်လည်း အဆက်အသွယ်များ ပြုလုပ်သည် ဟုစွပ်စွဲထားသည်။ ကိုကျော်ဇောလွင်မှာ အမေ ရိကန်နိုင်ငံသား ဖြစ်သော်လည်း ရန်ကုန် အခြေစိုက် အမေရိကန်သံရုံး၏ အကူအညီ တစ်စုံတရာမ ရရှိသေးပေ။ မြန်မာ အစိုးရ၏ လူ့အခွင့်အရေး ဖောက်ဖျက်မှုများမှာ တဖြည်းဖြည်း ပိုမို ဆိုးရွား လာသည်ဟု ထုတ်ဖော် ပြောဆိုမှုများလည်း အဆက်မပြတ် ထွက်ပေါ်လာသည်။ လူ့အခွင့်အရေး ကိစ္စများ စောင့်ကြည့် လေ့လာသော နိုင်ငံတကာ အဖွဲ့အစည်းကြီးတစ်ခုဖြစ်သည့် amnesty international က မြန်မာအစိုးရသည် နိုင်ငံရေး အကျဉ်းသားများကို နည်းလမ်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်လျက်ရှိသည်ဟု စွပ်စွဲ ထားသည်။
ဤကြားထဲတွင် ကုလသမဂ္ဂက မြန်မာနိုင်ငံအား နှိပ်ကွပ်ရန် အာဆီယံကို တိုက်တွန်းသည်။ ဖမ်းဆီးထားသော အကျဉ်းသားများ အားလုံးကို စေလွှတ်ပေးကာ လွတ်လပ်ပြီး တရားမျှတသော ရွေး ကောက်ပွဲ တစ်ရပ် ကျင်းပပေးစေလိုသည့် ရည်ရွယ်ချက်ဖြင့် တိုက်တွန်းခြင်း ဖြစ်သည်။ ရယ်စရာကောင်းသည့်အချက် မှာ ကုလသမဂ္ဂနှင့် အာဆီယံ၏ ဖိအားပေးမှုများကြောင့်လားတော့ မသိပေ၊ မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသား များကို ဂုဏ်ယူဝံ့ကြွားစွာ စေလွှတ်ပေးသည်။ သို့သော် ၂၅ဦးမျှသာ။ ဖမ်းဆီး ထိန်းသိမ်းထားသော နိုင်ငံရေးအကျဉ်းသား စုစုပေါင်း၏ ၁ ရာခိုင်နှုန်းသာ ဖြစ်သည်။ ကုလအထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက “မှန်ကန်သည့် ဦးတည်ချက်ပေါ်သို့ရောက်မှ မျှော်လင့်ချက်များ ပျက် ပြယ်ရသည်” ဟု သဘောထားတင်းမာစွာ တုံ့ပြန်သည်။
သမိုင်းကြောင်းကိုကြည့်မည်ဆိုလျှင် အာဆီယံအဖွဲ့ဝင်နိုင်ငံများဟူသည် မြန်မာတပ်မတော်အစိုးရကို ကန့်ကွက် ဝေဖန်ရန် လွန်စွာ ၀န်လေးတတ်သူများ ဖြစ်သည်။ အမှန်တကယ်တွင် အာဆီယံအဖွဲ့သည် ဒေသတွင်း တည်ငြိမ်ရေးနှင့် အဖွဲ့ဝင်နိုင်ငံများ အချုပ်အချာ အာဏာ တည်မြဲရေးအတွက် တစ်ဦးနှင့်တစ်ဦး ဒိုင်ယာလော့ခ်များ ပြုလုပ်ရာတွင် လည်းကောင်း၊ အကြံပေးမှုများ ပြုလုပ်ရာတွင် လည်းကောင်း အဆင်ပြေ ချောမွေ့မှု ရှိနိုင်ရေးအတွက်သာ ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ဆိုပါက အာဆီယံသည် ယနေ့ခေတ် ဥရောပသမဂ္ဂ(အီးယူ)လို အဖွဲ့ပုံစံမျိုး မဟုတ်ဘဲ ၁၈ နှင့် ၁၉ ရာစုများဆီက အမျိုးသားရေး စိတ်ပြင်းထန်သော ဥရောပ နိုင်ငံများနှင့် တူနေသည်။ သို့သော် အာဆီယံအနေဖြင့် အထူး သတိပြုရမည့်အချက်မှာ အရှေ့တောင်အာရှ ဒေသဟူသည် မတူညီသော ယဉ်ကျေးမှု၊ ဘာသာတရား၊ နိုင်ငံရေးနှင့် စီးပွားရေး တို့ရှိသော ဒေသတစ်ခုဖြစ်သည် ဟူသောအချက်ပင်။ ယခုအချိန်တွင်လည်း အာဆီယံအနေဖြင့် မြန်မာ့အရေးနှင့် ပတ်သက်ပြီး ရပ်တည်ချက်များ ထူးထူးခြားခြား ပြောင်းလဲလာမည့် အရိပ်အယောင်များ မတွေ့ရသေးပေ။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်သာ တောင်းဆိုထားသည်။ သို့သော်လည်း ထူးထူး ခြားခြား တောင်းဆိုထားသည့် ပုံစံမျိုးမဟုတ်ပေ။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေးအတွက် အာဆီယံ နိုင်ငံများကို တောင်းဆိုသော်လည်း ပြည် တွင်းရေးကို ၀င်ရောက် မစွက်ဖက်လိုသောကြောင့်ဟူသော အကြောင်းပြချက် များကြောင့် ပျက်ပြားသွားရသည် ဟုဆို သည်။ နောက်ထပ် ထူးခြားချက်တစ်ရပ်မှာ ကိုးကန့်ပြသနာ ဖြစ်သည်။ စစ်အစိုး ရက ကိုးကန့်ဒေသကို စစ်ရေးဖြင့် နှိမ်နင်းမှုအား အနောက်နိုင်ငံများ အပါအ၀င် အရှေ့တောင်အာရှနိုင်ငံများက တစ်စုံတရာ ဝေဖန်ခြင်းမရှိသေးပေ။ သို့သော် တရုတ်နိုင်ငံကမူ မိမိတို့ နယ်မြေတွင်း မတည်မငြိမ်မှုများ ကူးစက်လာမည်ကို စိုးရိမ် ထိတ်လန့်လျက် ရှိပါသည်။