From the Economist Print Edition
လွန်ခဲ့သော အနှစ် နှစ်ဆယ်မှစ၍ မြန်မာနိုင်ငံအပေါ် ထားရှိခဲ့သော အမေရိကန်၏ မူဝါဒတွင် အသုံးချနိုင်မည့် အထူး ပြုပြင် ပြောင်းလဲမှုများကို လိုအပ်လိမ့်မည် ဖြစ်သည်။ အဆိုပါ မူဝါဒအရ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ အရေးယူပိတ်ဆို့မှု ဥပဒေများ ပြဌာန်းခဲ့ပြီး ရက်စက်သော စစ်အစိုးရ ခေါင်းဆောင်များကို အသိုင်းအ၀ိုင်းနှင့် ဝေးရာသို့ ပို့ဆောင်ခဲ့သည်။ ပိတ်ဆို့မှုကို ထောက်ခံသူများက ယင်းအစီအစဉ်ကို မြန်မာနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီ၍ ချမှတ်သင့်သည်ဟု ပြောခဲ့ကြသည်။ ဝေဖန်သူများကမူ ပိတ်ဆို့အရေးယူမှုမှာ မှားယွင်းကြောင်းကို မြန်မာနိုင်ငံအတွင်းမှ ပြည်သူအများ၏ ဆင်းရဲမွဲတေမှုနှင့် အပြောတစ်ခြား အလုပ်တစ်ခြား လုပ်တတ်သည့် စစ်ဗိုလ်ချုပ်များ၏ ချမ်းသာမှုများကို နှိုင်းယှဉ်၍ မအောင်မြင်နိုင်ကြောင်း ပြောကြား ခဲ့သည်။ အမေရိကန် အစိုးရကလည်း သူ၏မူဝါဒကို ပြန်လည် သုံးသပ်ပြီး လမ်းကြောင်း ပြောင်းရန် ကြိုးစားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ယခုအပတ်အတွင်း ပြုလုပ်ခဲ့သော နှစ်နိုင်ငံ တွေ့ဆုံ ဆွေးနွေးမှုမှာ ဆယ်နှစ်အတွင်း ပထမအကြိမ် ဖြစ်ခဲ့ပြီဖြစ်သည်။
ဝင်ရောက် မစွက်ဖက်ရေး မူဝါဒ၏ ရည်ရွယ်ချက်မှာ စစ်အစိုးရအား ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရန်နှင့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ် စတင်ရန် ဖြစ်သည်။ ထုတ်ဖော်ရန် မလိုဘဲ အများစု၏ ဆန္ဒမှာ စစ်အစိုးရ ပြိုလဲသွားခြင်းကို မြင်တွေ့လိုကြခြင်း ဖြစ်သည်။ သို့သော် လက်တွေ့အားဖြင့် စစ်အစိုးရ ပြိုလဲသွားခြင်းကို သော်လည်းကောင်း၊ ပြုပြင် ပြောင်းလဲမှုများကို သော်လည်းကောင်း မတွေ့ခဲ့ရပေ။ ၂၀၀၇ ဘုန်းတော်ကြီးများ အရေးတွင် အစိုးရ၏ ရက်စက်စွာ ဖြေရှင်းပုံမှာ ၎င်းတို့ ပိုမို ခိုင်မြဲနေသည်ဟု ထင်ကြရသည်။ ယခုမကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်အား အရေးယူမှုကို ကြည့်ခြင်းဖြင့် ၎င်းတို့ကို အသာစီး ရနေပြီဟု သတ်မှတ်နေကြသည်။
ပထမဆုံး အမေရိကန်၏ မြန်မာနိုင်ငံအပေါ် ချဉ်းကပ်မှု ပုံစံအသစ်ကို ပြီးခဲ့သည့် စက်တင်ဘာ ၂၉က နယူးယောက်တွင် တွေ့ခဲ့ရသည်။ ထိုနေ့က လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Campbell သည် မြန်မာဝန်ကြီး ဦးသောင်းကို နယူးယောက်တွင် တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံခဲ့ခြင်းမှာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ၏ စစ်အစိုးရနှင့် တိုက်ရိုက်စကားပြော ဆက်ဆံရန် ရည်ရွယ်ချက်ကို စတင် ဖြည့်ဆည်း ပေးလိုက်ခြင်း ဖြစ်သည်။
အမှန်အားဖြင့် မြန်မာနိုင်ငံကို အရေးယူ ပိတ်ဆို့မှုရော ထိတွေ့ဆက်ဆံရေး နည်းလမ်းများပါ ကြိုးစား ကြည့်ကြပြီး ဖြစ်သည်။ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ တချိန်တည်းတွင် ဂျပန်အပါအ၀င် တရုတ်၊ အိန္ဒိယနှင့် အရှေ့တောင် အာရှနိုင်ငံများသည် မြန်မာနိုင်ငံတွင် ကူးသန်း ရောင်းဝယ်ရေးနှင့် အခြားပူးပေါင်း ဆောင်ရွက်မှုများကို အပတ်တကုတ် ကြိုးစား လုပ်ကိုင်ခဲ့ကြသည်။ မြောက်ကိုရီးယားနှင့် ကိစ္စတွင် မြန်မာက ၎င်း၏ သူတပါးနိုင်ငံရေးရာ ကိစ္စတွင် မစွက်ဖက်ပဲ ဆက်ဆံရေးကို ကောင်းစွာ ပြုလုပ်နိုင်ခဲ့သည်။
သို့သော် အမေရိကန်က အရေးယူ ပိတ်ဆို့မှုများကိုမူ ပယ်ဖျက်မည် မဟုတ်ဟု ပြောကြား ခဲ့သည်။ Campbell က ဆီးနိတ် ကော်မတီသို့ ဦးသောင်းနှင့် နှစ်နာရီကြာ တွေ့ဆုံအပြီး တစ်ရက် အကြာတွင် ပြောကြားရာမှ အရေးယူ ပိတ်ဆို့မှု (Sanction) ကို နှစ်နိုင်ငံ ဆက်ဆံရေး မူဝါဒဖြင့် အစားထိုးခြင်း မဟုတ်ဘဲ ပိတ်ဆို့မှုအပြင် ထပ်မံ ဖြည့်စွက်သော မူဝါဒသာ ဖြစ်ကြောင်း ထည့်သွင်း ထားပါသည်။ အမေရိကန်အနေဖြင့် အချက်သုံးချက်ကို မြန်မာနိုင်ငံက အကောင်အထည် ဖော်နိုင်ပါက ပိတ်ဆို့မှုများ ဖြေလျော့ရေးအတွက် လုပ်ဆောင်သွားမည်ဟု ဖော်ပြထားသည်။
ပထမအချက်၊ ရေတိုစီမံချက်အရ ဒေါ်အောင်ဆန်းစုကြည်မှာ သူမ၏ပြစ်ဒဏ်အတွက် အယူခံဝင်လျက်ရှိရာ၊ မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်မှာလည်း လွတ်လပ်မှုအတွက် သံသယဖြစ်ဖွယ်ရှိရာ၊ သူမသာ လွတ်မြောက်ခဲ့ပါက ကောင်းသောလက္ခဏာဟု ကောက်ယူရမည် ဖြစ်သည်။
ဒုတိယအချက်မှာ သီအိုရီအားဖြင့် အောင်ဆန်းစုကြည်နှင့် သူမ၏ပါတီကို စစ်အစိုးရပြုလုပ် မည့် ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ပြုရန်ဖြစ်သည်။ ဒီလိုပြုလုပ်ခြင်းဖြင့် ဒီမိုကရေစီကို အောင်မြင်စွာ ရပြီဟု မဆိုလိုပါ။ တင်းကြပ်သော ထိန်းချုပ်မှုများနှင့် ပြုလုပ်သော လူထုဆန္ဒခံယူပွဲဖြင့် အတည်ပြု ခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် စစ်တပ်၏ အာဏာ သက်ရောက်မှုက ရှိနေသေးသည်။ သို့သော် နိုင်ငံရေးရာ ငြင်းခုံ ဆွေးနွေးမှု၊ ပြိုင်ဆိုင်မှုကို လုပ်ပိုင်ခွင့် ရှိလာနိုင်သည်။ လက်ရှိတွင် အဆိုပါ အနေအထားမျိုး လုံးဝမရှိပါ။
တတိယအချက်မှာ မြောက်ကိုရီးယားသည် မြန်မာ၏ တပည့်မဟုတ်ဘဲ၊ တရားမ၀င် နျူကလီးယား အန္တရာယ်ဆိုးကို အကောင်အထည် ဖော်ပေးနေသည့် လုပ်ဖော်ကိုင်ဖက် ဖြစ်နေခြင်းပင်တည်း။ မြန်မာမှ အင်ဒိုနီးရှားကဲ့သို့ စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီနိုင်ငံအဖြစ်သို့ ပြောင်းနိုင်သေးသည်။ သို့သော် လက်တွေ့တွင် မြောက်ကိုရီးယားကဲ့သို့ နျူကလီးယားလက်နက်စုပြုံ၍ ပိုင်ဆိုင်လိုခြင်းက အရာရာကို တားဆီးလျက်ရှိပါသည်။