By Simon Roughneen, From Worldpress.org . 17 Nov 2009
မကြာသေးမီက စင်္ကာပူနိုင်ငံ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူး ဝါရှင်တန်တွင်
အမေရိကန် - အာဆီယံ စီးပွားရေး လုပ်ငန်းကောင်စီမှ ကမကထပြုလုပ်သော
ဆုနှင်းသဘင် အခမ်းအနား သို့ တက်ရောက် စကားပြောခဲ့ပါသည်။ အဆိုပါ
အခမ်းအနားသို့ အမေရိကန်သမ္မတ Obama လည်း တက်ရောက်ပါသည်။ ၎င်း၏ ပြောကြားသော
မိန့်ခွန်း အနှစ်ချုပ်မှာ အာဆီယံနိုင်ငံများသည် တရုတ်၏ သြဇာလွှမ်းမိုးမှု
ချိန်ခွင်လျှာ ညှိရာတွင် မိမိတို့ ဒေသတွင်း အမေရိကန် ပါဝင်လာမှုကို
အရေးပါသည်ဟု မြင်ကြကြောင်းပင် ဖြစ်ပါသည်။
အမေရိကန် - တရုတ် ဆက်ဆံရေးနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပြဿနာများမှ
မထင်မှတ်ပဲ ထွက်ပေါ်လာလာမည့် အဖြစ်အပျက်များသည် လာမည့်ရက်များအတွင်း
သတင်းခေါင်းစဉ်များကို လွှမ်းမိုးနေပေလိမ့်မည်။ ကမ္ဘာ့စီးပွားရေး
နာလန်ထမှုတွင် တရုတ်သည် အဓိကမောင်းနှင်အား အင်ဂျင် ဖြစ်နေချိန်တွင်
ကမ္ဘာကြီးကလည်း အမေရိကန်ပြည်ထောင်စု၏ ကြီးမားသော အင်အားများ ပြန်လာရေးကို
စောင့်နေကြပါသည်။
တရုတ်၏ ကံကြမ္မာကောင်းများသည် ကမ္ဘာကြီးအတွက် များစွာ အထောက်အကူ
ဖြစ်နေသည်မှာ အံ့သြဖွယ်ဖြစ်ကြောင်း Harvard တက္ကသိုလ်၏ Kennedy School of
Government မှ William Overholt က ပြောပါသည်။ ကမ္ဘာ့စီးပွားရေးကို
ပြန်လည်၍ မျှောလိုက်ရာတွင် ကမ္ဘာ့စီးပွားရေး ပြန်လည် ရှင်သန်လာရေးအတွက်
သယံဇာတ အရင်းအမြစ်များကို စကေးကိုက် နေရာချထားနိုင်သောသူမှာ ကမ္ဘာပေါ်တွင်
အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံတည်းသာ ရှိပါသည်ဟု ၎င်းက ဆိုပါသည်။
ယခုနှစ် တိုးတက်မှုအတွက် ခန့်မှန်းရာတွင် အာရှတိုက်တွင် တရုတ်မပါဝင်ဘဲ
တိုးတက်မှုနှုန်းမှာ ၆.၇% မှ ၁.၁% သို့ ကျသွားခဲ့ပါသည်ဟု ကမ္ဘာ့ဘဏ်၏
နောက်ဆုံးရ ကိန်းဂဏန်းများအရ ဆိုပါသည်။ အဆိုပါ ကိန်းဂဏန်းအရ စီးပွားရေး
နာလန်ထမှု မှန်မှန်တိုးတက်နေစေရေးမှာ အလှမ်းဝေးနေသေးသည်ဟု သတိပေးနေသလို
ရှိပေသည်။ သို့ဖြစ်ရခြင်းမှာ အာရှသည် အမေရိကန်နှင့် ဥရောပသို့ တင်ပို့သော
ပို့ကုန်အပေါ်တွင်သာ မှီခိုနေရဆဲ ရှိနေခြင်းကြောင့်ဟု ဆိုပါသည်။
ထို့ကြောင့် အနောက်နိုင်ငံများ စီးပွားရေး မကောင်းမချင်း၊
အာရှစီးပွားရေးလည်း မကောင်းနိုင်ကြောင်း Standard Chartered Bank မှ
Chief Economist Gerard Lyons က ပြီးခဲ့သည့် အပတ် အစီရင်ခံစာတွင်
ရေးသားထားပါသည်။ အာရှ၏ ပြဿနာမှာ ပို့ကုန်အပေါ်တွင်သာ မှီခိုနေရဆဲ
ဖြစ်ခြင်းပင်ဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ရေးသားထားပါသည်။
အမေရိကန်နှင့် ဂျပန်တို့သည် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ
ကိစ္စရပ်များကို ဦးစားပေး ဆောင်ရွက်ကြမည်ဖြစ်သည်။ ဂျပန်ကလည်း အမေရိကန်ကို
ထိတ်လန့်သဖြင့် ၎င်း၏နယ်မြေမှ အမေရိကန် စစ်စခန်းများကို
ပြောင်းရွှေ့နေရာချထားရန် ကြိုးစားနေပြီး၊ အမေရိကန်ကလည်း Hatoyama အစိုးရ၏
မသဲကွဲသော နိုင်ငံခြားရေးရာ မူဝါဒများကို ပိုမိုစိုးရိမ်စွာ
စောင့်ကြည့်နေပါသည်။ စင်ကာပူတွင် ဆွေးနွေးမှုများမှလွဲ၍ ကျန်အရှေ့အာရှ
သုံးနိုင်ငံမှ ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် Obama သည်
ရာသီဥတုပြောင်းလဲမှု၊ နျူကလီယာ မပြန့်ပွားရေး၊ မြောက်ကိုရီးယား၊
အီရန်နှင့် အာဖ ဂန်နစ္စတန် အရေးကိစ္စများကို ဆွေးနွေးလိမ့်မည်ဖြစ်သည်။
မြန်မာအပါအဝင် ASEAN ၁၀ နိုင်ငံအတွက်မူ နိုဝင်ဘာ ၁၅ ရက်နေ့ အစီအစဉ်သည်
ပထမဆုံး အမေရိကန် - အာဆီယံ ထိပ်သီး အစည်းအဝေးအဖြစ် မီးမောင်းထိုး
မှတ်တမ်းဝင်လိမ့်မည် ဖြစ်သည်။
အာဆီယံကို တရုတ်နှင့် ဆက်ဆံရာတွင် ဝါရှင်တန်၏ အထောက်အပံ့ပါဝင်ရေးအတွက်
ပိုမို သေချာစေရန် Obama ၏ စင်္ကာပူခရီးစဉ်က ကြိုးပမ်းလိမ့်မည် ဖြစ်ပါသည်။
Bush အစိုးရလက်ထက်က တရုတ်နှင့် အိန္ဒိယတို့နှင့် ပတ်သက်သော မူဝါဒများတွင်
အောင်မြင်မှုအချို့ ရှိသော်လည်း၊ အရှေ့တောင်အာရှကိုမူ လျစ်လျူပြုစရာအဖြစ်
ခံယူခဲ့ပါသည်။ ဒေသတွင်းတွင် ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံတို့
ကဲ့သို့သော အချိန်ကြာမြင့်စွာကပင် ရှိနေသော အမေရိကန်၏ မဟာမိတ်နိုင်ငံများ
ပါဝင်နေသော်လည်း၊ အကြမ်းဝါဒတိုက်ဖျက်ရေး လုပ်ငန်းများလောက် အရေးမကြီးဟု
ယူဆ၍လည်းကောင်း၊ မြန်မာအစိုးရ၏ ဖိနှိပ်မှုများကြောင့်လည်းကောင်း၊
အမေရိကန်က ဂရုမစိုက်ခဲ့ပါ။
စင်ကာပူကမူ တမူထူးခြားစွာဖြင့် ၂၀၀၇ ခုနှစ်တွင် Bush အစိုးရနှင့်
လွတ်လပ်စွာ ကုန်သွယ်ရေးအတွက် စာချုပ်လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး
အမေရိကန်မှ ပို့ကုန်များ စင်္ကာပူသို့ ၇၃% တိုးတက်ပို့ နိုင်ခဲ့ပါသည်။
ပြီးခဲ့သည့် အင်္ဂါနေ့ကလည်း စင်္ကာပူသည် အာရှပစိဖိတ် လွတ်လပ်စွာ
ကုန်သွယ်ရေးဇုန်အတွက် တိုက်တွန်းမှု အရေးကိစ္စကို တံဆိပ်ကပ်လာပါသည်။ အာရှ -
ပစိဖိတ်ဒေသသည် ကမ္ဘာ့ကုန်သွယ်ရေး၏ တစ်ဝက်ခန့်ကို နေရာယူထားပါသည်။
ကုန်သွယ်ရေးနှင့် ပတ်သက်၍ တင်းကျပ်သော စည်းမျဉ်းများ
လျော့ချရေးလုပ်ငန်းစဉ်တွင် လမ်းဟောင်းသို့ ပြန်လျှောက်ခြင်းမျိုးသည်
စီးပွားရေးပျက်ကပ်မှ နိုးထကာ ကမ္ဘာ့စီးပွားရေးအတွက် အန္တရာယ်ပင်
ဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး George Yeo က
ပြောကြားလိုက်ပါသည်။ အာဆီယံသည် တရုတ်နှင့်လည်းကောင်း၊ အိန္ဒိယနှင့်
လည်းကောင်း ကုန်သွယ်ရေး သဘောတူစာချုပ်များ ချုပ်ဆိုပြီးဖြစ်သော်လည်း၊
Obama ကလည်း လက်မှတ်ရေးထိုးရေးအတွက် တွန်းအားပေးလိမ့်မည် မဟုတ်ဟု
ယူဆရပါသည်။ အမေရိကန်ပြည်ထောင်စုတွင် ၂၆ နှစ်အတွင်း အလုပ်လက်မဲ့နှုန်း
အများဆုံးရှိနေချိန်တွင် အချို့ဒီမိုကရက်များနှင့် အလုပ်သမား သမဂ္ဂများကို
စိတ်အခန့်မသင့်မှုများ ဖြစ်စေနိုင်သောကြောင့် တွန်းအားပေးလိမ့်မည်
မဟုတ်ပေ။
အာဆီယံအတွက်မူ လွတ်လပ်စွာ ကုန်သွယ်ရေးထက် အရေးကြီးသော ကိစ္စမရှိတော့ဟု
ယူဆရကြောင်း၊ Obama အနေဖြင့် အမေရိကန် - အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှု
သဘောတူ စာချုပ်အတွက် စိတ်ဝင်စားမှုရှိကြောင်း ပြသရန်လိုမည်ဟု ထင်ကြောင်း
ဝါရှင်တန်ရှိ Heritage Foundation မှ Walter Lohman ၏ အဆိုအရ
သိရှိရပါသည်။
ယခုလ အစောပိုင်းက စစ်အစိုးရ အုပ်ချုပ်သော မြန်မာနိုင်ငံသို့ အမေရိကန်
နိုင်ငံခြားရေးဌာန အဆင့်မြင့် အာဏာပိုင်များ သွားရောက်ခဲ့ပြီးနောက်
မြန်မာနိုင်ငံကို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲနှင့် ပတ်သက်၍
မျှော်လင့်ချက်ကြီးမားစွာဖြင့် သမ္မတ Obama သည် ၎င်း၏ မိနစ် ၉၀ ကြာ အာဆီယံ
ဆွေးနွေးပွဲတွင် မြန်မာအစိုးရကို ဖိအားပေးလိမ့်မည် ဖြစ်ပါသည်။ Obama
အနေဖြင့် အမေရိကန်တို့၏ ကာလကြာရှည်က ရပ်တည်ချက်ဖြစ်သော
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ အစိုးရ၊
တိုင်းရင်းသားများနှင့် အတိုက်အခံများကြား တွေ့ဆုံဆွေးနွေးရေးတို့ကို
ပြန်လည် ဖော်ပြလိမ့်မည် ဖြစ်ပါသည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က စင်္ကာပူတွင်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာနိုင်ငံတွင်
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် နောက်ထပ်ကန့်သတ်မှုများ ချမှတ်မည်
မဟုတ်ဘဲ၊ ရှိရင်းစွဲ အရေးယူမှုများကိုသာ အဓိပ္ပါယ်ရှိသော တိုးတက်မှုများ
မဖြစ်ပေါ်မချင်း ဆက်လက် ထားရှိသွားမည် ဖြစ်ကြောင်း ပြောခဲ့ပါသည်။
ယခုကိစ္စတွင် သမ္မတ Obama ၏ ပြောဆိုမှုများသည် အခြားအာဏာပိုင်များထက်
ပိုမို လေးနက်လိမ့်မည်ဖြစ်ပြီး၊ ပြုပြင် ပြောင်းလဲရေးအတွက် ဦးစားပေးသော
ပြတ်သားသည့် ကြေညာချက်သည် Asean ၏ ကျန်အဖွဲ့ဝင်များအပေါ်တွင်လည်း
မြန်မာအရေးနှင့် ပတ်သက်၍ တာဝန် ပိုမိုကြီးလာမည် ဖြစ်ပါသည်။
Obama ၏ ပြတ်ပြတ်သားသား ပြောဆိုမှုများသည် ထိုင်းပါလီမန်မှ Kraisak
Choonharan ဖော်ပြခဲ့သော အမေရိကန်၏ မြန်မာနိုင်ငံ အပေါ်မူဝါဒသည်
ရှုတ်ထွေးပြီး အဓိပ္ပါယ် ကောက်ယူရခက်ကြောင်း ပြောဆိုချက်ကို
ချေဖျက်ခဲ့ပါသည်။ Kraisak ၏ ဆိုလိုချက်မှာ Asean ၏ မြန်မာနိုင်ငံအပေါ်
အပြုသဘော ဆက်ဆံမှုများကို မှားသည်ဟု အမေရိကန်က ဆိုသော်လည်း အမေရိကန်တို့
နောက်ဆုံး စစ်အစိုးရနှင့် ပြန်လည်ဆက်ဆံရန် မူဝါဒချမှတ်ခဲ့ခြင်းကို
ရည်ရွယ်ပြောဆိုခဲ့ခြင်းဖြစ်ပါသည်။
တရုတ် နိုင်ငံသည် အမေရိကန် - အာဆီ ထိပ်သီး အစည်းအဝေးကို အသေအချာ အနီးကပ်
စောင့်ကြည့်နေမည်ဖြစ်ပါသည်။ တရုတ်နိုင်ငံသည် ပြီးခဲ့သည့် နှစ်များအတွင်း
အရှေ့တောင်အာရှသို့ ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် စီးပွားရေးနှင့်
နိုင်ငံရေးတို့တွင် အတော်ခြေလှမ်းရောက်ခဲ့ပြီ ဖြစ်ပါသည်။
ထိပ်သီးအစည်းအဝေးမတိုင်မီ တရုတ်သမ္မတဟူကျင့်တောင်၏ မလေးရှားခရီးစဉ်တွင်
မကြာသေးမီက ဖွင့်ပေးလိုက်သော မလေးရှားဘဏ်လုပ်ငန်း ကဏ္ဍတွင် တရုတ်နိုင်ငံ၏
အကြီးဆုံးဘဏ်မှ ခိုင်မာစွာ ဝင်ရောက် နေရာယူရန် ကြိုးစားခဲ့ပြီ ဖြစ်ပါသည်။
ထို့အပြင် တရုတ်သည် ၎င်း၏ သြဇာလွှမ်းမိုးမှုအတွက် ဒေသတွင်းသို့
ပြောင်ပြောင်တင်းတင်း ဝင်ရောက်လာရာ ပြီးခဲ့သည့် အပတ်က ဝါရှင်တန်တွင်
လီကွမ်ယူးက ဘီဂျင်း၏ စစ်အင်အား တိုးချဲ့မှုအတွက် စိုးရိမ်မှုကို
ဖော်ပြခဲ့ပြီး၊ အင်အားချဲ့မှုမှာ ထိုင်ဝမ် အရေး ကြောက်ရွံ့မှုထက်
ပိုကြောင်း ပြောကြားလိုက်ပါသည်။ လီကွမ်ယူ တိုက်ရိုက်ဖော်ပြသော
အချက်တစ်ခုမှာ ပြီးခဲ့သော နှစ်များအတွင်း တောင်တရုတ်ပင်လယ်နှင့်
ကျွန်းများကို တရုတ်၏ အရေးဆိုမှုကြောင့် အရှေ့တောင် အာရှနိုင်ငံ
တော်တော်များများနှင့် တင်းမာမှုများ ရှိခဲ့သောအချက် ဖြစ်ပါ သည်။
အမေရိကန် - အာဆီယံ ထိပ်သီးအစည်းအဝေးသည် အာရှ - ပစိဖိတ်စီးပွားရေး
အသိုင်းအဝိုင်း (APEC)ဆွေးနွေးပွဲ၏ အရန်ဆွေးနွေးပွဲအဖြစ် ပေါ်ထွက်လာခြင်း
ဖြစ်သည်။ APEC သည် မူလအားဖြင့် ၂၁ နိုင်ငံ၊ ချီလီမှ ကနေဒါမှ
ပါပူဝါနယူးဂီနီမှ တောင်ကိုရီးယားအထိ အချင်းချင်း ကုန်သွယ်ရေးနှင့်
စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးတက်ပြုလုပ်ရန် စတင်
ဖွဲ့စည်းခဲ့ပါသည်။ ကမ္ဘာ့ GDP ၏ တစ်ဝက်ကျော်ကျော်သည် APEC ၏ ၂.၇ ဘီလီယံရှိ
လူဦးရေ၏ ထည့်ဝင်မှုများ ပါဝင်ပါသည်။
ယခုအခါ အဖွဲ့ကြီးသည် မိမိ၏ အရေးပါမှု၊ နှစ်နိုင်ငံ
ကုန်သွယ်ရေးဆွေးနွေးပွဲများစွာ ပြုလုပ်ရေးများနှင့်သာ ရုန်းကန်လျက်
ရှိနေပါသည်။ ထို့အပြင် တရုတ်၊ ဂျပန်နှင့် သြစတြေးလျတို့ကလည်း ပင် -
ပစိဖိတ် အသိုင်းအဝိုင်း အယူအဆအတွက် အမြင် အမျိုးမျိုးပေါ်တွင်သာ
မျောနေသဖြင့် APEC ၏ အနာဂတ်ရှိ မရှိ စောင့်ကြည့်ပေတော့မည်။
တစ်ချိန်တည်းတွင် G-20 ၏ အုပ်စုဖွဲ့မှုသည် ယခုအခါ
ကမ္ဘာ့စီးပွားရေးထုတ်လုပ်မှု၏ ၈၀% ထိ နိုင်ငံများကို စုစည်း
ဖော်ဆောင်လာနိုင်ပြီး၊ စီးပွားရေး နာလန်ထူမှု၏ ဗဟိုချက် ဖြစ်လာနေပြီ
ဖြစ်ပါသည်။ ထိုကြောင့် တစ်ချို့က APEC ၏ နေ့ရက်များသည်
ကိန်းဂဏန်းများအဖြစ်သာ ကျန်တော့သည်ဟု မြင်လာကြပြီ ဖြစ်ပါသည်။
ထိုကဲ့သို့လည်း မဖြစ်နိုင်သေးပါ။ East Asia Forum တွင် Peter Drysdale
နှင့် Shiro Armstrong တို့၏ ရေးသားချက်အရ APEC ၏ နိုင်ငံတကာ ပူးပေါင်း
ဆောင်ရွက်ရေးမူဝါဒသည် G-20 မှ ချမှတ်ထားသော ကမ္ဘာ့ ဘဏ္ဍာရေးဆိုင်ရာ
အကျပ်အတည်းကိစ္စများကို ဖြေရှင်းရေးနှင့် ဆောင်ရွက်ရန် ရှိသည့်
ကမ္ဘာ့လုံးဆိုင်ရာ ကိစ္စများကို လိုက်ပါ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု
သိရှိရပါသည်။ ထိုသို့ဆိုလျှင် APEC ဆွေးနွေးပွဲသည် ဒေသတွင်း
ခေါင်းဆောင်များ၏ ထိရောက်သော တွေ့ဆုံမှု ဖြစ်နေဆဲဖြစ်ပြီး၊ အာရှ၏ နောက်ထပ်
ထွက်ပေါ်လာသည့် အင်အားကြီး အိန္ဒိယနိုင်ငံကိုလည်း ပါဝင်ရန် တိုက်တွန်း
နိုင်ခဲ့ပါသည်။
--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---