Canada.com,5 - Dec - 2009
အချိန်မှာ မနက်ခင်း ဝေလီဝေလင်း ဖြစ်ပြီး မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသ ရွာတစ်ရွာမှာ (၁၃) နှစ် အရွယ် ကလေးတစ်ယောက်သည် ခွေးတစ်အုပ် ထိုး၍ ဟောင်လိုက်သော အသံကို ကြားလိုက်ရပါသည်။ သူမ၏ မိဘများသည် သူမတို့ မောင်နှမ တစ်စုကို အမြန် စုစည်းလိုက်ပြီး အစိုးရ စစ်တပ်က စက်သေနတ်များ ပစ်ခတ်၍ တဲများ မီးရှို့နေသော ဇာတိရွာမှ သူတို့ မိသားစု (၁၀) ဦး ထွက်ပြေးလာခဲ့ပါသည်။
အနီးအနားရှိ တောအုပ်အတွင်းမှ မြစ်ကမ်းဘေးတွင် မိသားစု ပုန်းအောင်း၍ ရွာတွင်းမှ မြင့်တက်လာသော မီးခိုးလုံးများကို စောင့်ကြည့်ခဲ့ကြပါသည်။ ညပိုင်းသို့ ရောက်သောအခါ တောထဲမှ ထွက်၍ မြစ်ကို ဖြတ်ကူးကာ အိမ်နီးချင်း ထိုင်းနိုင်ငံအတွင်းမှ ဒုက္ခသည် စခန်းများသို့ ထွက်ခွာခဲ့ကြပါသည်။
၁၉၉၂ ခုနှစ်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက် ဖြစ်ပါသည်။
ယခုအခါ ကြီးပြင်းလာသော ကရင်လူမျိုး ဇစ်ပိုရာမင်းသည် "ကရင်လူမျိုးကို ရှာတွေ့နိုင်မည့် တစ်ခုတည်းသော နေရာမှာ ပြတိုက်ပင် ဖြစ်သည်" ဟု ကြုံးဝါးခဲ့သည့် မြန်မာစစ် အစိုးရ ခေါင်းဆောင်များကို ပြန်လည် သတိရနေပါသည်။
သို့ရာတွင် ကနေဒါ နိုင်ငံ အနှံ့ ပျံ့နှံ့ နေထိုင်ကြသည့် နေရာများအနက်မှ တစ်ခုဖြစ်သော ကနေဒါ အနောက်ဖက် ကမ်းရိုးတန်းတွင် နေထိုင်သော ကရင်လူမျိုးစု အသိုင်းအဝိုင်းလေးက ဘာများ ပြောနိုင်ပါဦးမည်နည်း။
၂၀၀၆ ခုနှစ်တွင် ကနေဒါနိုင်ငံ Langley, BC တွင် ပထမဆုံး အခြေချ နေထိုင်ခွင့်ရသော ကရင်လူမျိုး ဒုက္ခသည် (၃၅၀) ၌ ဇစ်ပိုရာမင်းလည်း ပါဝင်ခဲ့ပါသည်။
သူမသည် ယခုအခါ ဒေသတွင်း ခရိုင်ကျောင်း တစ်ကျောင်းတွင် အလုပ်လုပ်နေပြီး BC (British Columbia) တွင် ဘဝကို နေသားကျအောင် ကြိုးစားနေသော ကရင်လူငယ်များကို ကူညီနေပါသည်။ သူမ ကူညီနေသော မိဘစုံတွဲများအနက် (၂) ဦးမှာ အေလီရှာ (၄၃ နှစ်) နှင့် ၎င်း၏ ဇနီး နွဲ့နွဲ့ (၃၆ နှစ်) တို့ ဖြစ်ပြီး ၂၀၀၇ ခုနှစ်က ရောက်ရှိခဲ့ပါသည်။
ထိုင်းနိုင်ငံ ဒုက္ခသည် စခန်းတွင်းရှိ ဝါးတဲကလေးမှ ထွက်ခွာခဲ့စဉ်က မိမိတို့ မိသားစု အလွန် ပျော်ရွှင်ခဲ့သည်ဟု အေလီရှာက ပြောပြပါသည်။
ကနေဒါ အစိုးရက ၎င်း၏ မိသားစုကို လက်ခံလိုက်ကြောင်း ကြားသိရသည့် အချိန်တွင် အေလီရှာ တွေးမိသည်မှာ "အကယ်၍ မိမိတို့သာ ကနေဒါ ရောက်သွားခဲ့ပါက သွားချင်ရာကို လွတ်လပ်စွာ သွားနိုင်ပြီ၊ ကလေးများအတွက်လည်း မျှော်လင့်စရာ အနာဂတ် ရှိလာပြီ" ဟူ၍ ဖြစ်ပါသည်။
မိသားစုလိုက် Langley သို့ ရောက်ရှိလာပြီး ဆီးနှင်းဖုံးသော တောင်တန်းများ အနားသတ်ထားသည့် တောင်ကြားဒေသကို တွေ့ရသည့်အခါ ဒီနေရာမျိုးကို အိမ်မက်တောင် မမက်ဘူးပါဟု တွေးတောမိကြောင်း ၎င်းက ပြောပါသည်။
ဒေသတွင်း ခရိုင်ကျောင်းမှ အခြေချ အလုပ်သမားတစ်ဦး ဖြစ်သူ လီဇာဆက်ဒလာ က ပြောင်းရွှေ့ အခြေစိုက်သော မိသားစုများကို Seasonal Donation Bank က ကူညီ ပံ့ပိုးကြောင်း၊ ဟော်ကီ အားကစားကလည်း ကရင်လူငယ်များ၏ ကြံခိုင်ရေးကို အထောက်အကူ ပြုကြောင်း ဝမ်းပန်းတသာ ပြောပြပါသည်။ "စုစည်း ညီညွတ်အောင် အမှန်တကယ် အထောက်အကူ ရပါတယ်၊ ကနေဒါ ကလေးများနှင့်လည်း တွေ့ဆုံ ခင်မင်ခွင့် ရပါတယ်" ဟု သူမက ရှင်းပြပါသည်။
ယခင်နှစ်က ကရင် ကလေးငယ်များအတွက် ဟော်ကီ ကစားကွင်း ပစ္စည်းများကို Donation Bank က ပေးအပ် ကူညီခဲ့ပါသည်။ လူငယ်လေးများသည် road hockey ကစားခွင့်ရကြပြီး ဆယ်ကျော်သက် လူငယ် (၄၀) ခန့်မှာ NHL အသင်းဟောင်း Trevor Linden ၏ အစီအစဉ်များတွင် ပါဝင်ဆင်နွှဲ နေကြပြီ ဖြစ်သည်။
"အခုအချိန်မှာ သူတို့ကို သူတို့ ကနေဒီယမ် လို့တောင် ထင်နေကြပြီ။ ပြီးတော့ အရင်က ရေခဲကိုတောင် မမြင်ဘူးတဲ့ ကလေးတွေ အတွက်တော့ သိပ်ကို အံ့သြစရာကောင်းတဲ့ အတွေ့အကြုံပေါ့ရှင်" ဟု ဇစ်ပိုရာမင်းက ဆက်လက် ပြောကြားပါသည်။
ကနေဒါ နိုင်ငံသား တယောက်ရဲ့ တန်ဖိုးကို အလေးထားတတ်အောင် Langley အသိုင်းအဝိုင်းက အမှန်တကယ် စည်းရုံး ဆောင်ရွက်နိုင်သည်ဟု ဆက်ဒလာက ချီးကျူးပါသည်။
ဒီကို ရောက်လာတဲ့ မိသားစုတွေရဲ့ ဇာတ်လမ်းတွေကို ကြားရာတွင် အလွန် ရင်နာမိသည်ဟု ပြောခဲ့သူ ဆက်ဒလာက အခု ကနေဒါမှာ နေထိုင်ခွင့်ရတာ ခေါင်းပေါ်မှာ လုံခြုံတဲ့ အမိုးရှိနေသလို အရမ်း ကံကောင်းတယ်လို့ ခံစားမိပါတယ်ဟု ဖွင့်ဟ ပြောပြခဲ့ပါသည်။
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.