တစ်ပါတီအော်တိုကရေစီနှင့် တစ်ပါတီ ဒီမိုကရေစီ
ကျော်ဝင်း
( ၂၀၁၀ ခုနှစ် ဧပြီလ ၁ ရက်နေ့ထုတ် ရန်ကုန်တိုင်း ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆရာကျော်ဝင်းရဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ပါတီစုံ ဒီမိုကရေစီ စနစ်မှာလည်း တစ်ပါတီတည်းက အပြတ်အသတ် နိုင်နေခဲ့ရင် အန္တရာယ်ရှိတယ် ဆိုတာကို သမိုင်း အတွေ့အကြုံများနဲ့ ထောက်ပြထားတာ ဖြစ်ပါတယ်။ ဒီဆောင်းပါးကို ရေးတဲ့ အချိန်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဦးစီး အစည်းအဝေး မထိုင်ခင် ဖြစ်မှာပါ။ ဆောင်းပါး ထွက်လာချိန်မှာ ဖြစ်ပေါ်သွားခဲ့တဲ့ ဆုံးဖြတ်ချက်များနဲ့ ပတ်သက်ပြီး ဆရာကျော်ဝင်း ဘယ်လိုများ ရေးဦးမလည်း မသိပါဘူး။)
ဖရိုင်းမင်းစကား
တစ်ပါတီ အော်တိုကရေစီ (One- Party Autocracy) ထက် ပိုဆိုးသော စနစ်တစ်ခု ရှိသည် ဆိုလျှင် ဤစနစ်မှာ အခြားမဟုတ်၊ 'တစ်ပါတီ ဒီမိုကရေစီ' (One- Party Democracy) သာ ဖြစ်လိမ့်မည်" ဟု ဆိုပါသည်။ ဤအဆိုကို တင်လိုက်သူမှာ နယူးယောက် တိုင်း(မ်)ဂျာနယ်လစ် သောမတ်ဖရိုင်းမင်း (ကမ္ဘာပြားပြီ-ရေးသူ) ဖြစ်သည်။ သူက သူတို့နိုင်ငံ (အမေရိက) ကွန်ဂရက် လွှတ်တော်တွင် သဲကြီးမဲကြီး အငြင်းပွား နေကြသော 'ကျန်းမာရေးစောင့် ရှောက်မှုဆိုင်ရာ' 'စွမ်းအင် ဆိုင်ရာ' ဒီဘိတ်များကို ညွှန်းပြီး ဤစကားကို စိတ်ပျက်လက်ပျက် ဆိုလိုက်ခြင်း ဖြစ်သည်။ ဖရိုင်းမင်းက သူ့အဆိုနှင့် ပတ်သက်ပြီး ယခုလို ဆက်ရှင်းပါသည်။ "တစ်ပါတီ အော်တိုကရေစီမှာ ချို့ယွင်း အားနည်းချက်များ အပြည့်ရှိသည် မှန်သော်လည်း အကယ်၍ ခေါင်းဆောင်မှုကသာ အမြော်အမြင်ကြီးလျှင် ဖွံ့ဖြိုး တိုးတက်ရေးကို တစ်စုံတစ်ရာတွန်း တင်နိုင်စရာရှိသည် ဆိုသည်။ ဤအတွက် ယနေ့ တရုတ်ပြည်ကြီးကို ဥပမာ ပြသည်။ တစ်ပါတီ ဒီမိုကရေစီတွင်ကား ဖွံ့ဖြိုးရေး အမြော်အမြင်ထက် ဆန့်ကျင်ဘက် အင်အားစု အပေါ် အပြုတ်တိုက်ရေးကသာ အဓိကဖြစ်နေရာ 'အများညီ ဘုံလမ်းကြောင်း' (Common Ground) ပျောက်သွားတော့သည်။ သို့နှင့်အမျှ ဖွံ့ဖြိုးရေး အာဂျင်ဒါပင် မချနိုင် ဖြစ်ရတော့သည် စသည်ဖြင့် သုံးသပ်ပါသည်။ ဤသို့ဘာကြောင့် ဖြစ်ရသည်ကို ဆက်လက်ဆန်းစစ်ကြည့်ရာ အမေရိကန် နိုင်ငံရေးတွင် နက်ရှိုင်းစွာ အမြစ်တွယ်လျက် ရှိသော 'ဖြူ-မည်း နိုင်ငံရေး' (Polarized Politics) ကို သွားတွေ့သည်။ အဓိက ပြိုင်ဘက် ပါတီကြီးနှစ်ခု (ဒီမိုကရက်တစ်နှင့် ရီပတ်ဘလီကင်) ကြား၊ အပြန်အလှန် ထိန်းညှိရမည့် အစား၊ အပြန်အလှန် ဖယ်ထုတ်ဖို့ ကြိုးစား လာကြရာမှ ဒီမိုကရေစီ၏ ဗဟို အူတိုင်ဖြစ်သော 'အထိန်း၊ အထေ'(Check and Balance) တို့ အားနည်းချည့်နဲ့ လာရသည်။ ဤတွင် အထိန်းအထေ နိုင်ငံရေး မဟုတ်တော့ဘဲ အရှုံးအနိုင် နိုင်ငံရေး ဖြစ်လာရတော့သည်။ ဤသည်ပင် တစ်ပါတီ ဒီမိုကရေစီ စနစ် ထွက်ပေါ် လာနိုင်စရာ ရှိသည့် အဓိက ရေခံမြေခံဟု ဆိုပါသည်။
မြန်မာ့နိုင်ငံရေးအတွေ့အကြုံ
ဝန်ခံရလျှင် စာရေးသူအနေဖြင့် သူတို့ (အမေရိက) နိုင်ငံရေးထက် ဖရိုင်းမင်း ပြောသော 'တစ်ပါတီဒီမိုကရေစီ' ဆိုသည့် ဝေါဟာရကို ပိုစိတ်ဝင်စားမိသည်။ 'ယေဘုယျအားဖြင့် ပါတီစုံသဘောဆောင်သော ဒီမိုကရေစီ နိုင်ငံရေးစနစ်တွင် 'တစ်ပါတီ ငါတကောစနစ်'(One Party Unilateralism) ဖြစ်ပေါ်နိုင်ပါသလော... "နုနယ် သေးသော မြန်မာ့ဒီမိုကရေစီ အတွေ့အကြုံ တွင် ဤအဖြစ်မျိုးနှင့် တိုးခဲ့ရသည်မျိုး ရှိသည်ဟု စဉ်းစားမိသည်။ တိတိကျကျ ဆိုရလျှင် လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပထမဆုံး ရွေးကောက်ပွဲ (တစ်နည်း) ၁၉၅၁ ရွေး ကောက်ပွဲ အတွေ့အကြုံ ဖြစ်ပါသည်။
ထိုစဉ်က အာဏာရပါတီမှာ (သန့်ရှင်တည်မြဲ မကွဲသေးသော) ဖဆပလ ဖြစ်သည်။ ဖဆပလကို ကျကျနန် စိန်ခေါ်နိုင်သော (တစ်နည်း) အထိန်းအထေ လုပ်နိုင်သော ပြိုင်ဘက်ဖြစ်ဖွယ် ရှိသည်မှာ ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ)ဖြစ်သည်။ သို့သော် ထိုအချိန်က ဗကပမှာ ဥပဒေဘောင် အတွင်း မရှိတော့ပါ။ တောနှင့် တောင်တွင် ရောက်ရှိနေပြီ ဖြစ်ပါသည်။ သို့နှင့်တိုင် မတရားအသင်း ကြေညာ ခံရသေးသည်လည်း မဟုတ်ပါ။ (၁၉၅၂ ရောက်မှ မတရားအသင်း ကြေညာခံရခြင်း ဖြစ်ပါသည်။) ဆိုရလျှင် ရွေးကောက်ပွဲဝင် မ၀င် ရွေးချယ်ခွင့် ရှိသေးသည့် အနေအထား ဖြစ်ပါသည်။ သို့သော် ရွေးကောက်ပွဲ လမ်းကြောင်း ကို ငြင်းခဲ့သည်။ အကျိုးဆက်ကား ပြောပလောက်သော အတိုက်အခံ မရှိသည့် တစ်နည်း အထိန်းအထေ ကင်းမဲ့သည့် ဖဆပလ တစ်ပါတီ ဒီမိုကရေစီ ပေါ်ထွက်လာခြင်းပင် ဖြစ်တော့သည်။
အဆိုပါ ဖဆပလ တစ်ပါတီဒီမိုကရေစီနှင့် ပတ်သက်ပြီး နာမည်ကြီး ဂျာနယ်လစ် တစ်ဦးဖြစ်သူ အမေရိကန် သတင်းစာ ဆရာကြီး ရစ်(ခ်ျ)ဗတ်ဝဲ(လ်)က ယခုလို ရေးသား သုံးသပ်ပြခဲ့ဖူး ပါသည်။ "၁၉၅၀ မှ ၁၉၅၆ အတွင်း ဖဆပလ အစိုးရ၏ ပါလီမန်လုပ်ငန်း၊ အုပ်ချုပ်ရေး လုပ်ငန်းနှင့် အထွေထွေ လုပ်ငန်းစဉ် အားလုံးကို ကြီးစိုးလွှမ်း ထားသည်မှာ တရားဝင် အတိုက်အခံ ကင်းမဲ့သည့် တစ်ပါတီ အာဏာရှင် အနေအထားပင် ဖြစ်ပါသည်။ ဤသည်၏ အကျိုးဆက်ကား လွတ်လပ်ခါစ နိုင်ငံတစ်ခု အနေဖြင့် ဒီမိုကရေစီ အနှစ်သာရများနှင့် ဝေးသထက် ဝေးသွားခြင်းပင် ဖြစ်တော့သည်". . . စသည်ဖြင့်။
ရှုထောင့်နှစ်မျိုး
ယခုနှစ် ၂၀၁၀ တွင် ရွေးကောက်ပွဲ အသေအချာ ကျင်းပတော့မည် ဖြစ်ရာ ရွေးကောက်ပွဲ အပေါ် ဗဟိုပြု ငြင်းခုံနေကြသော မြန်မာ့နိုင်ငံရေး ဒီဘိတ်ကြီး ပို၍ ကျယ်ကျယ် လောင်လောင် ဖြစ်လာပါသည်။ စာရေးသူ၏ အမြင်အရ ဆိုရလျှင် ယေဘုယျ အားဖြင့် ရှုထောင့်နှစ်မျိုးဖြင့် အဆိုပါ ဒီဘိတ်ကြီးတွင် ပါဝင် ငြင်းခုံ နေကြသည်ဟု ထင်ပါသည်။ "လက်တွေ့ အလုပ်ဖြစ်ရေး ရှုထောင့်" (Pragmatic Point of View) နှင့် "နှုန်းစံအခြေပြု ရှုထောင့်" (Normative Point of View )တို့ဖြစ်သည်။ အထူးသဖြင့် နှုန်းစံအခြေပြု ရှုထောင့်က ပို၍ အသံကျယ်နေသည်လား သဘောရသည်။
ဤရှုထောင့်အရ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ယခုလောလောဆယ် ထွက်ပေါ်လာသော ဥပဒေ၊ နည်းဥပဒေများ ကို မိမိတို့ စိတ်ကူး နှုန်းစံများပေါ် တင်ကြည့်ပြီး တန်ဖိုးဖြတ်သည်။ ပြောရလျှင် ၁၉၅၁ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ ကွန်မြူနစ်များ၏ စဉ်းစားပုံမျိုး ဖြစ်သည်။ ဤစဉ်းစားမှုဖြင့်ပင် ရွေးကောက်ပွဲကို ငြင်းပယ်ခဲ့ရာ ဆိုခဲ့ပြီးသော ၁၉၅၁-၅၆ ဖဆပလ တစ်ပါတီ ဒီမိုကရေစီ ပုံစံ ထွက်ပေါ်လာသည်။ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု တစ်လျှောက် အစဉ်အလာ ကြီးခဲ့သော နိုင်ငံရေးပါတီကြီး တစ်ခုသည် ရယ်ဒီကယ် ရေစီးတွင် လှော်ရင်း နစ်ခဲ့ရသည်။
စာရေးသူအထင် အရေးကြီးဆုံးမှာ "ဆုံးဖြတ်ချက်" ဖြစ်ပါသည်။ အထူးသဖြင့် ယခုကျွန်တော်တို့ နိုင်ငံကြုံတွေ့ ရင်ဆိုင် နေရသော အလှည့်အပြောင်း ကာလမျိုးတွင် နိုင်ငံရေး ခေါင်းဆောင်တို့၏ ဆုံးဖြတ်ချက်မှာ ပို၍ အရေးကြီးသည်ဟု ထင်ပါသည်။ မိမိတို့ ဟဒယနှင့် တွေ့သည် မတွေ့သည် အပထား။ မိမိကိုယ်စားပြုသော အဖွဲ့အစည်း၏ ရပ်တည်ရေး၊ မိမိနိုင်ငံ အနာဂတ် အကျိုးစီးပွား တို့ကို လက်တွေ့ကျကျ ချည်းကပ်ဖို့ လိုမည်ထင်သည်။ စိတ်လှုပ်ရှားမှုများကို ကျော်ပြီး အမြော်အမြင်ရှိရှိ စဉ်းစားဆုံးဖြတ် ကြစေချင်သည်။ စဉ်းစားဆုံးဖြတ် ပေးကြပါ ဟုလည်း မေတ္တာရပ်ခံ အပ်ပါသည်။
ကျော်ဝင်း --Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.