၁၉၉၅ ခုနှစ်လောက်က ဖြစ်သည်။ စစ်အစိုးရ၏ ဖမ်းဆီး ချုပ်နှောင်ခြင်း ခံထားရသော မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို The Economistစာစောင်က မျှော်လင့်ချက် ကင်းမဲ့နေသော မြန်မာနိုင်ငံအတွက် အခြား မျှော်လင့်ချက် တစ်စုံတရာများ ရှိသည်ဟု ထင်မြင်မိပါသလားဟု မေးခဲ့ရာ သူမက "ကျွန်မ မမျှော်လင့်မိဘူး" ဟု ခပ်ပြတ်ပြတ်ပင် ပြန်ဖြေခဲ့သည်။ ထိုစဉ်က ဒေါ်စုကြည်၏ အသံမှာ ကျောင်းအုပ်ဆရာမကြီး တစ်ယောက်၏ လေသံနှင့်ပင် တူနေသေးသည်။ သူမက "ကျွန်မ အစွမ်းကုန်ကြိုးစားနေပါတယ်" ဟု ထပ်မံ ပြောခဲ့သေးသည်။
ယခုဆိုလျှင် နှစ်ပေါင်း ၁၅ နှစ်တိတိ ကြာမြင့်သွားပြီ ဖြစ်သည်။ စစ်အစိုးရက အရပ်ဘက် အစိုးရ တစ်ရပ် ထွက်ပေါ်စေနိုင်မည့် ရွေးကောက်ပွဲ တစ်ရပ် ကျင်းပပေးရန် မည်သို့ပင် အစီအစဉ်များ ရေးဆွဲနေသော်ငြားလည်း မြန်မာနိုင်ငံအတွက် မျှော်လင့်ချက် ဟူသည့် ပေါ့ပြက်ပြက် ဆန်သော နှစ်သိမ့်မှု တစ်ခုသဖွယ်သာ ဖြစ်နေသေးသည်။ ပေါ့ပြက်ပြက် နိုင်သည်ဟု ဆိုရခြင်းမှာ ခြေခြေမြစ်မြစ် မရှိဘဲ ပြောခြင်း မဟုတ်။ သက်သေ အထောက်အထားများ ရှိ၍ ဖြစ်သည်။ ၂၀၀၈ ခုနှစ်၊ မေလတွင် ဖြစ်ပွားခဲ့သော နာဂစ် ဆိုင်ကလုန်း မုန်တိုင်းအပေါ် စစ်အစိုးရ၏ တုံ့ပြန်မှုကို ကြည့်ပါက သိနိုင်သည်။ နာဂစ်ကိစ္စသည် စစ်အစိုးရအပေါ် အပြုသဘော ဆောင်သည့် အမြင်မျိုး မထားရှိသင့်ဟု သတိပေး နေသကဲ့သို့ ရှိသည်။
သေသေချာချာ ဆန်းစစ်ကြည့်ပါ။ "များစွာသော ပြည်သူလူထု၏ အသက်ကို ကယ်တင်ပေးမည့် အကူအညီများကို နှောင့်နှေး ကြန့်ကြာအောင် မည်သို့သော အစိုးရမျိုးက အားတက်သရော လုပ်မည်နည်း"။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသို့ ဝင်ရောက် မွှေနှောက်ခဲ့သော နာဂစ် မုန်တိုင်းကြောင့် လူပေါင်း ၁၃၈၃၀၀ သေဆုံး (သို့မဟုတ်) ပျောက်ဆုံးခဲ့ရသည်။ သို့တိုင်အောင် စစ်အစိုးရက အခြားနိုင်ငံများက ပေးသော အကူအညီများ၊ အထောက်အပံ့များကို လက်သင့်ခံ ရယူပါမည်ဟု ခေါင်းမငြိမ့်ဘဲ ရက်ရက်စက်စက်ပင် ခေါင်းခါခဲ့သည်။ ကုလသမဂ္ဂ၊ မရေမတွက် နိုင်သော NGO များနှင့် အမေရိကန် ရေတပ်တို့သည်ပင် နာဂစ် ဒုက္ခသည်များကို ကူညီရန် စိတ်ဆန္ဒ ပြင်းခဲ့သည့်တိုင် စစ်အစိုးရ၏ ခါးခါးသီးသီး ငြင်းပယ်ခြင်းကို ခံခဲ့ရသည်။ အချိန် အတန်ကြာသောအခါ ရောက်မှ အချို့သော အကူအညီများ ဝင်ရောက်ခွင့် ရရှိခဲ့သည်။ သို့သော် ဒုက္ခသည် အများစုအတွက် အလာကောင်းသော်လည်း အခါနှောင်းသွားသည့် အကူအညီများ ဖြစ်ခဲ့ရသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် Emma Larkin ဟူသော ကလောင် အမည်ဖြင့် အမေရိကန် နိုင်ငံသူ တစ်ဦး အခြေစိုက် နေထိုင်သည်။ Emma သည် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် မြန်မာနိုင်ငံသို့ သွားရောက်ရန် ပြည်ဝင်ခွင့် ဗီဇာ ရရှိခဲ့သည်။ Emma သည် ဗီဇာ ရရှိလိုက်သောကြောင့် အထီးကျန် ဧကစာ ဖြစ်နေသော မြန်မာ စစ်အစိုးရနှင့် ပြင်ပနိုင်ငံများ အကြားတွင် ဖြစ်ပေါ်နေသော ပဋိပက္ခကို အနီးကပ် လေ့လာခွင့် ရရှိခဲ့သည်။ "သတင်း အချက်အလက်တွေ၊ ဒေတာတွေ ဘယ်မှာ ရနိုင်မလဲ ဆိုတာ သိတဲ့လူများ ရှိပါသလား" ဟု မေးခွန်းထုတ်ခဲ့သည်။ မြန်မာနိုင်ငံတွင် တိကျ မှန်ကန်သော သတင်း အချက်အလက် ရယူနိုင်ရေး ဟူသည် အိပ်မက်သဖွယ်ပင် ဖြစ်သည်။ အကယ်၍ ရယူနိုင်သည့် နေရာ ရှိသည် ဆိုပါကလည်း စစ်အစိုးရ၏ ခြိမ်းခြောက်မှု၊ ကြမ်းကြမ်းတမ်းတမ်း ငြင်းပယ်မှုနှင့်သာ ထိပ်တိုက် တိုးပေလိမ့်မည်။
သို့အတွက်ကြောင့် Emma အနေဖြင့် စစ်အစိုးရ အဘယ့်ကြောင့် အကြင်နာတရား ကင်းမဲ့စွာ ပြုမူ နေထိုင်နေရသနည်း ဟူသည့် ဆိုလိုရင်းကို ပေါ်လွင်စေမည့် စာအုပ် ရေးသားရာတွင် များစွာ အခက်တွေ့ရသည်။ ဖြစ်နိုင်ခြေ ရှိသော အချက်မှာ စစ်အစိုးရသည် နိုင်ငံခြား အကူအညီ အထောက်အပံ့များကို ရယူရန် ထိတ်လန့်နေသူ ဖြစ်သည်။ အကူအညီ ပေးရေး၊ ကယ်ဆယ်ရေး ဟူသော ကြိုးပမ်းချက်များက ကျူးကျော် ဝင်ရောက်မှု ဟူသည့် သဘောမျိုး ဖြစ်နေမည်ကို စစ်အစိုးရက ကြောက်လန့်နေဟန် ရှိသည်။ ပို၍ ဖြစ်နိုင်ခြေ ရှိသည်မှာ စစ်အစိုးရသည် ၂၀၀၇ ခုနှစ် သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြမှုကို ရက်ရက်စက်စက် နှိမ်နင်းခဲ့သောကြောင့် နိုင်ငံခြားသား အကူအညီ ပေးရေး အဖွဲ့များကို ဝင်ရောက်ခွင့် ပြုရန် အလွန်အမင်း ထိတ်လန့်နေခြင်း ဖြစ်နိုင်သည်။ မြန်မာပြည်သူ ဒုက္ခသည်များအပေါ် အမှန်တကယ် အကူအညီ ပေးမည့် နိုင်ငံခြား အဖွဲ့အစည်းများကို စစ်အစိုးရက လွန်စွာ ယုံမှားသံသယ ဖြစ်နေခြင်းပင် ဖြစ်သည်။
မြန်မာ စစ်အစိုးရနှင့် ပတ်သက်၍ ထွက်ပေါ်နေသော ရှင်းမရ နိုင်သည့် ကောလာဟလများကို ရှင်းထုတ် ရေးသားနိုင်ရန် Emma က ကြိုးပမ်းခဲ့သည်။ မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ အယူသည်းကြသည် ဟူသည်မှာ ယုံမှား သံသယ ဖြစ်ဖွယ် မရှိပေ။ မှန်လည်း မှန်ကန်သည်။ ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် ညချမ်း တစ်ခုတွင် စစ်အစိုးရ နံပါတ်-၁ ခေါင်းဆောင်ကြီး၏ ဇနီးဖြစ်သူသည် မြန်မာပြည်သူများ ဘာသာရေးအရ အထွတ်အမြတ်ထားရာ ရွှေတိဂုံစေတီ ပရဝုဏ် တစ်ဝိုက်တွင် ခွေးတစ်ကောင်၊ ဝက်တစ်ကောင် နှင့်အတူ လမ်းလျှောက်ထွက်ခဲ့သည် ဟူသော ကောလာဟလ ရှိခဲ့ဖူးသည်။ နံပါတ်-၁ စစ်ခေါင်းဆောင်ကြီး၏ ဇနီးဖြစ်သူ ယင်းသို့ လမ်းလျှောက်ထွက်သည့် သတင်းကို အများစုကလည်း ယုံကြည်ကြသည်။ ခွေးသည် တနင်္လာနံကို ကိုယ်စားပြုပြီး ဝက်က ဗုဒ္ဓဟူးနံကို ကိုယ်စားပြုသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ အင်္ဂါနေ့တွင် မွေးသူဖြစ်ရာ ယင်းသို့ ခွေး၊ ဝက်တို့နှင့် စိမ်ပြေနပြေ လမ်းလျှောက်ပေးရုံဖြင့် သူမအား သြဇာအာဏာ တစ်ပြားသားမှ မရှိအောင် လုပ်ပေးရာ ရောက်သွားသည်။
သို့ဖြစ်ရာ နာဂစ်ကိစ္စကို ကြည့်လျှင် ဗေဒင်ဆရာများ၊ အကြားအမြင် ဆရာများက နိုင်ငံခြားမှ အကူအညီများ လက်သင့်မခံရန် အကြံပေးခဲ့ကြခြင်းလည်း ဖြစ်ဟန် ရှိသည်။ မြန်မာ စစ်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင်ကလည်း ၎င်းကိုယ်၎င်း မြန်မာ ဘုရင်ကြီး တစ်ပါးကဲ့သို့ ထင်မှတ်နေပုံ ရသည်။ ထို့ကြောင့် အောက်လက်ငယ်သား ကျေးကျွန်များ ဘာဖြစ်နေသည်၊ ဘာတွေ လုပ်နေသည် ဟူသော ကိစ္စကို စိတ်ဝင်စားခြင်း မရှိပေ။ "ပြည်သူတွေ သေသည် ဖြစ်စေ၊ ရှင်သည်ဖြစ်စေ ဘုရင်မင်းမြတ်ကြီး သန်းရွှေ၏ အရေးမဟုတ်" ဟူ၍ ဖြစ်နေသည်။
ဤသို့သော အယူအဆ မျိုးများကြောင့် နောက်ထပ် စိတ်ဝင်စားစရာ ကောင်းသော ဇာတ်လမ်းတစ်ပုဒ်လည်း ပေါ်ထွက်ခဲ့ရသည်။ ယင်းမှာ မြန်မာ ပြည်သူလူထု၏ ယဉ်ကျေးမှု အလေ့အထများနှင့် စိတ်ခံစားချက်များ၊ အကြင်နာ တရားများသည် မြန်မာစစ်တပ်၏ ကိုလိုနီ ပြု ခံရခြင်းပင် ဖြစ်တော့သည်။ ဆိုရလျှင် မြန်မာ နိုင်ငံရေးအတွက် အစွမ်းကုန် ကြိုးပမ်း အားထုတ်ရာ၌ သင်ခန်းစာကောင်း တစ်ရပ် လိုအပ်နေသည်ဟုပင် ပြောရမည် ဖြစ်တော့သည်။
The Economist စာစောင်မှ ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုသည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.