IRIN, 9th June 2010
မြစ်ဝကျွန်းပေါ် ဒေသတွင် နာဂစ် ဆိုင်ကလုန်းက ဖျက်ဆီးခဲ့ပြီးနောက် နှစ်နှစ်ကြာသည်အထိ အိမ်ထောင်စုပေါင်း တစ်သိန်းကျော်သည် မြေယာဥပဒေ ဆိုင်ရာ ဗဟုသုတ နည်းပါးခြင်း၊ ထောက်ပံ့ငွေများ မရှိခြင်းတို့ကြောင့် ပြည့်စုံသော နေထိုင်စရာ မရှိဘဲ ဖြစ်နေဆဲဟု ကုလသမဂ္ဂ ပြန်လည် နေရာချထားရေး အစီအစဉ် (UN Human Settlements Programme) မှ ဒေသဆိုင်ရာ မန်နေဂျာ Srinivasa Popuri က ပြောကြားခဲ့သည်။
နာဂစ် အကူအညီများကို စောင့်ကြည့်ရန် တာဝန်ယူထားသော Recovery Coordination Center ၏ အဆိုအရ နေထိုင်ရန် အိမ်များ အပါအဝင် နာဂစ်လွန် ပြန်လည် ထူထောင်ရေး ကဏ္ဍမျိုးစုံ အတွက် လိုအပ်နေဆဲ ဖြစ်သော ထောက်ပံ့ငွေမှာ ဒေါ်လာသန်း ၁၅၀ ဖြစ်သည်ဟု ဆိုသည်။
နေအိမ်ပေါင်း ၇၅၂,၂၉၉ ထိခိုက်ခဲ့ရာ၊ မြန်မာ အစိုးရက အိမ် ၃၀,၀၀၀၊ နိုင်ငံတကာ အသိုင်းအဝိုင်းက ၃၇,၀၀၀ စုစုပေါင်း နေအိမ်သစ် ၆၇,၀၀၀ ဆောက်လုပ်ပြီးခဲ့သည်။
မုတ်သုန်မိုးသည် မေလလယ်ခန့်မှ စ၍ လေးလခန့် ကြာမြင့်တတ်သည် ဖြစ်ရာ အခြေအနေကို ပိုမို ဆိုးရွားစေမည် ဖြစ်သည်။ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်မိခင်များ ပါဝင်သော မြစ်ဝကျွန်းပေါ်တွင် နေထိုင်သူ လူပေါင်း ငါးသိန်းခန့်သည် ဆိုးဝါးသော ဒုက္ခကို ခံစားရမည် ဖြစ်သည်။
မြန်မာနိုင်ငံ သမိုင်းတွင် စံချိန်တင် ဆိုးရွားလှသော သဘာဝ ဘေးအန္တရာယ် အပြီး နှစ်နှစ်အတွင်း ရရှိသော ချို့တဲ့သော ရန်ပုံငွေ မလုံလောက်မှုသည် ပြဿနာ၏ တစ်စိတ်တစ်ပိုင်း မျှသာ ဖြစ်သည်။
မြေယာ ရပိုင်ခွင့် ကိစ္စများသည် မြစ်ဝကျွန်းေးပါ် ဒေသရှိ နေစရာ မရှိသောလူများ ကြားတွင် လတ်တလော ဖိစီးလျက် ရှိသော စိုးရိမ်စရာ ကိစ္စတစ်ခု ဖြစ်လာသည်။ နာဂစ်ပြီးသည့် နောက်တွင် အိမ်ထောင်စုများစွာသည် ၎င်းတို့၏ ပျက်စီးသွားသော ရွာများသို့ ပြန်မသွားကြတော့ပေ။
"လူအတော်များများက သူတို့ နေရာဟောင်းကို ပြန်မသွားလိုတော့ဘူး။ သူတို့ရွာဟောင်းက မလုံခြုံဘူးလို့ သူတို့ ခံစားနေရပြီ" ဟု နော်ဝေ ဒုက္ခသည်ကောင်စီမှ Chris Bleers က ပြောသည်။
၎င်းတို့သည် ကုန်းမြေ ပိုမြင့်သော နေရာ၊ မြန်မာ့ ဥပဒေအရ လယ်ယာမြေဟု သတ်မှတ်ထားသော နေရာများသို့ ပြောင်းရွှေ့ နေထိုင်ကြသည်။ မြန်မာ့ မြေယာ ဥပဒေအရ ရွာမြေဟု သတ်မှတ်ထားသော နေရာတွင်သာ လူများကို နေထိုင်ခွင့်ပြုပြီး ဥပဒေ ချိုးဖောက်သူများကို ထောင်ဒဏ် ၆ လ အပြစ်ပေးနိုင်သည်။ ဥပဒေနှင့် မလွတ်သော နေရာများတွင် ဆောက်လုပ်ထားသော အိမ်များကို ဖျက်ပစ်ခဲ့သည်။ အစိုးရ ကိန်းဂဏန်းများအရ မြစ်ဝကျွန်းပေါ် တစ်ခုလုံး၏ ၁.၃၉ % ကသာ ရွာမြေဖြစ်သည်ဟု သိရှိရသည်။
သို့သော် နေအိမ်မဲ့နေသော လူအများစုသည် ဥပဒေနှင့် ပတ်သက်၍ လုံးဝမသိရှိသူများ ပါသည်။
"ဒီမှာ မြေတွေအားလုံးကို အစိုးရကပဲ ပိုင်ပါတယ်။ မြေအမျိုးအစားပေါ် မူတည်လို့ လူတစ်စု သို့မဟုတ် ရွာသားတွေကို အသုံးပြုခွင့် ချမှတ်ပေးပါတယ်။ မြေတစ်ခုဟာ အမှန်တကယ် လွတ်နေတယ်ဆိုရင် အသုံးပြုခွင့် လက်မှတ်ရဖို့ ရုံးမှာ လျှောက်ထားကြရပါတယ်။ သတင်း အချက်အလက်တွေကလည်း မပေးနိုင်ဘူး။ လူတွေက သူတို့ကို ဘယ်သူက ကူညီနိုင်မလဲ ဆိုတာလည်း မသိဘူး" ဟု Popuri က ပြောသည်။
မြစ်ဝကျွန်းပေါ်တွင် မြေယာမပိုင်ဆိုင်သူ မည်မျှရှိသည်ကိုလည်း မသိနိုင်ပါ။ မြို့နယ်များတွင် ရှိသော မှတ်တမ်းများအရ ရွာများတွင် အသစ် ရောက်လာသော မိသားစု အသစ်များ ရှိသည်ဟု သိရသော်လည်း၊ အဆိုပါ ဒေသတွင် ပြည့်စုံသော အချက်အလက်များ မရှိပေ။
ကုလသမဂ္ဂသည် လယ်ယာ စိုက်ပျိုးရေး ဝန်ကြီးဌာန ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်သိန်းနှင့် ပူးပေါင်း၍ ထိုကိစ္စကို ဖော်ထုတ်ရန် ကြိုးစားခဲ့သည်။ ဦးမြင့်သိန်းသည် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် NGO များအား မြေယာ ဥပဒေများနှင့် ပတ်သက်သော နည်းပညာ အကူအညီများ ပေးနေသူ ဖြစ်သည်။ ၎င်းသည် မုန်တိုင်းဒဏ် ဆိုးဝါးစွာ ခံရသော မြို့နယ်မှ လူအချို့နှင့် တွေ့ဆုံခဲ့သည်။
"သူတို့ဟာ မြေယာ ဥပဒေတွေနဲ့ မရင်းနှီးကြပါဘူး။ အဲဒီရွာက ခေါင်းဆောင် တင်ထားတဲ့ သက်ကြီးဝါကြီးတွေကိုပဲ ပြဿနာကို တင်ပြစေပြီး၊ ကျွန်တော်က အဖြေရှာပေးပါတယ်" ဟု ဦးမြင့်သိန်းက IRIN သို့ ပြောသည်။
မြေယာ ဥပဒေများကို သိလာရန် ပြုလုပ်ပေးနေသည့် တစ်ချိန်တည်းမှာပင် ဦးမြင့်သိန်းသည် မိသားစု ၃,၃၄၉ ခုအား တရားဝင် ပြန်လည် နေရာချထားပြီး၊ ရပိုင်ခွင့်များ ရအောင် အကူအညီပေးနိုင် ခဲ့သည်။
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.