Washington Post, By Stanley Weiss, 3rd December 2010
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ငါးဆယ်ခန့် အုပ်ချုပ်လာသော စစ်တပ်၏ ချုပ်ကိုင်မှု ပိုမို ခိုင်မြဲစေမည့် တရားမျှတမှု မရှိသည့် ရွေးကောက်ပွဲများ အပြီး ဒေါ်အောင်ဆန်းစုကြည်အား မကြာခင်က ပြန်လွှတ်ပေးပြီးနောက် နိုင်ငံရေးနှင့် ပတ်သက်သော မေးခွန်းများ ပိုမို ပေါ်ထွက်လာသည်။ သူမ နောက်ထပ် ဘာတွေ ဖြစ်လာဦးမလဲ။ စစ်အစိုးရကရော သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဆက်ဆံဦးမလား။ အခြား နိုင်ငံရေး အကျဉ်းသားများကိုရော လွှတ်ပေးဦးမလား ဟူ၍ ဖြစ်သည်။
နိုင်ငံရေးနှင့် ပတ်သက်သော ခေါင်းစည်းများက မသေချာ မရေရာ ဖြစ်နေသော်လည်း၊ မကြာသေးမီက စီးပွားရေးနှင့် ပတ်သက်သော ခေါင်းစည်းများမှာမူ ထိုသို့ မဟုတ်ပေ။ ပြီးခဲ့သည့်လက သတင်းများအရ တရုတ် ကုမ္ပဏီများသည် ဇန်နဝါရီလမှ မေလအတွင်း မြန်မာနိုင်ငံတွင် ဒေါ်လာ (၁၀) ဘီလျံ ရင်နှီး မြှုပ်နှံခဲ့သည်။ နိုဝင်ဘာလ (၂) ရက်နေ့က အီတာလျံ-ထိုင်း ကုမ္ပဏီသည် မြန်မာ့ ကမ်းရိုးတန်းတွင် ကြီးမားသော စက်မှုဇုန် ဆောက်လုပ်ရန် ဒေါ်လာ (၁၀) ဘီလျံ တန်ဖိုးရှိ ကန်ထရိုက် စာချုပ် ချုပ်ဆိုခဲ့သည်။ ထိုစီမံကိန်းကို အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အစိုးရက ကျယ်ကျယ် ပြန့်ပြန့် ထိန်းချုပ် ထားသော စီးပွားရေးကို စမ်းသပ် ဖွင့်လှစ်ပေးမှုကို မြင်ဟန် ရှိသည်ဟု သတင်းများက ဆိုသည်။ ရုရှား၊ အိန္ဒိာ အစ ပြင်သစ် အဆုံး ကုမ္ပဏီပေါင်း (၃၀) ကျော်သည် မြန်မာနိုင်ငံ တဝှမ်း ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ရှာဖွေရေး လုပ်ငန်းများတွင် ပါဝင်လျက် ရှိသည်။
အမေရိကန် ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် စီးပွားရေး ပြုလုပ်ရန် စိတ်ဝင်စားလျက် ရှိသည်ဟု ပြီးခဲ့သည့် လက Reuters သတင်းများအရ သိရသော်လည်း၊ အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုက အမေရိကန်၏ ပါဝင်မှုကို ကာကွယ်ထားသည်။
အနောက် နိုင်ငံများ၏ အရေးယူ ပိတ်ဆို့မှုများကြောင့် ခံစားရသူများမှာ မြန်မာနိုင်ငံ၏ သန်း (၅၀) သော ပြည်သူများသာ ဖြစ်သည် ဆိုသော အချက်ကို ချန်လှပ် စဉ်းစားခဲ့လျှင်မူ ဝါရှင်တန်၏ ၎င်းတို့ အရေးယူမှုအပေါ် ကာကွယ် ပြောဆိုသော အကြောင်း ပြချက်များမှာ သဘောကျဖွယ် ကောင်းလှသည်။ မြန်မာ စစ်ခေါင်းဆောင်များကို အထီးကျန်အောင် ပြုလုပ်ခဲ့သော အမေရိကန် ခေါင်းဆောင်သည့် အရေးယူ ပိတ်ဆို့မှုများ ဆယ်စုနှစ် နှစ်စုခန့် ကြာခဲ့ပြီးနောက် တဖြည်းဖြည်း သိသာ ထင်ရှားလာသော အချက်မှာ ယနေ့ အရှေ့တောင် အာရှတွင် အထီးကျန် ဖြစ်လာသော နိုင်ငံမှာ အမေရိကန် နိုင်ငံ ဖြစ်လာခြင်းပင် ဖြစ်သည်။
အစိုးရ၏ ဖိနှိပ် ချုပ်ချယ်မှုများကြောင့် ဝါရှင်တန်က မြန်မာ နိုင်ငံနှင့် ဆက်ဆံရန် ငြင်းပယ်ခဲ့ခြင်းသည် ခေတ်သစ် စီးပွားရေးကို မည်သို့ တည်ဆောက်ရမည်ကို တစ်လုံးမှ နားမလည်သော စစ်ခေါင်းဆောင်များကို အနီးဆုံး အောင်မြင်နေသော တရုတ်၏ ပုံစံကို အတု ခိုးစေရန် ပြုလုပ်ပေးသလို ဖြစ်နေပေသည်။ မကြာသေးမီက ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တရုတ်၏ မှတ်သားလောက်ဖွယ် အောင်မြင်သော အရင်းရှင်စနစ် တည်ဆောက်ပုံကို နမူနာ ယူကြရန် ပြောကြားခဲ့သည်။
မကြာသေးမီက အရှေ့တောင် အာရှမှ ပြန်လာသူ နှစ်ပေါင်းများစွာ မြန်မာနိုင်ငံကို စောင့်ကြည့်နေသူ အမေရိကန် တစ်ဦးက ကျွန်ုပ်အား ပြောပြရာတွင် "နိုင်ငံ တစ်ခုက အကြီးတန်း အစိုးရ တာဝန် ရှိသူ တစ်ဦးက ပြောတယ်။ ငါတို့ ပြည်သူတွေက မင်းတို့ ဂျင်းဘောင်းဘီ တွေကိုတောင် မဝယ်တော့ဘူး။ ဒါဟာ အခြေခံ လူတန်းစားရဲ့ တုန့်ပြန်မှုပဲ။ မြန်မာတွေကိုလည်း အမေရိကန် ဆီကနေ တရုတ်ကို ရောက်ကုန်ပြီ။ မင်းတို့ အမေရိကန်တွေဟာ မင်းတို့ရဲ့ ကြီးမားတဲ့ ဂုဏ်ပုဒ်တွေကို အလကား ဖြုန်းတီးပစ်နေတာပဲ" ဟု ဆိုသည်။
အထက်ပါ ယူဆချက်ကိုလည်း ပြောင်းလဲပစ်ရန် အချိန် ရှိပါသေးသည်ဟု ၎င်းက ပြောသည်။ "မြန်မာနိုင်ငံမှာ တကယ့် အရေးကိစ္စက စီးပွားရေး ကဏ္ဍပေါ်မှာသာ တည်နေတာ ဖြစ်လို့၊ ဒီကဏ္ဍမှာ Yankee (အမေရိကန်) တွေ သူတို့ရဲ့ တီထွင် ကြံဆနိုင်မှုကို ပြသနိုင်ပါသေးတယ်" ဟု ဆိုသည်။
ယခု ရွေးကောက်ပွဲများ ပြီးဆုံးသွားချိန်တွင် အမေရိကန်တို့ လုပ်သင့်သော အချက် လေးခုမှာ-
ပထမ အချက် အနေဖြင့် အမေရိကန် အနေဖြင့် နောက်ထပ် လုပ်သမျှ အရေးယူမှုများသည် မြန်မာနိုင်ငံအား တရုတ်ထံ ဒူးထောက်စေရန် ဖြစ်စေသည်။ အရေးယူမှုများ မလုပ်လျှင် မဖြစ်ကြောင်း အကြောင်းပြချက် ကောင်းကောင်း ရှိသော်လည်း အများစုက အသိအမှတ် မပြုကြချေ။ အစိုးရ ဆန့်ကျင်ရေး သတင်းဋ္ဌာန တစ်ခုဖြစ်သော မဇ္ဈိမက ဇူလိုင်လက သတင်း ပေးပို့ရာတွင် ၁၉၈၈ မှ ၂၀၀၉ အစောပိုင်း အထိ မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဒေါ်လာ (၁၅) ဘီလျံ ရှိခဲ့သည်ဟု ဆိုသည်။ ဧရာဝတီ သတင်းဌာန၏ အဆိုအရ စစ်အစိုးရသည် ၂၀၁၁-၂၀၁၂ တွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုသည် ဒေါ်လာ (၁၆) ဘီလျံ ကျော်မည်ဟု မျှော်လင့်ရသည်။
တရုတ် အတွက်မူ မြန်မာ နိုင်ငံသည် သဘာဝ သယံဇာတ ပေါကြွယ်သော နိုင်ငံ၊ အိန္ဒိယ သမုဒ္ဒရာသို့ ထွက်ပေါက် ရှိသော နိုင်ငံအဖြစ် ရှုမြင်သည်။ ထို့ကြောင့် တရုတ်သည် မကြာမီက မြန်မာ အစိုးရအား အတိုးနှုန်း နည်းသော ထုတ်ကုန် သွင်းကုန် ချေးငွေ ဒေါ်လာ (၉၀) ဘီလျံကို အတည်ပြုခဲ့သည်။ တရုတ်သည် အနောက်တောင်ဖက် ကူမင်းမှ မြန်မာနိုင်ငံ ကျောက်ဖြူ ဆိပ်ကမ်းသို့ ရေနံနှင့် ဓါတ်ငွေ့ ပိုက်လိုင်း တည်ဆောက်လျက် ရှိရာ ၂၀၁၂ ခုနှစ်တွင် တရုတ်နိုင်ငံ၏ စွမ်းအင်အတွက် တင်သွင်းမှု၏ ၈၅ % ကို သယ်ဆောင် ပေးနိုင်မည် ဖြစ်သည်။
အကယ်၍သာ အမေရိကန်သည် ကောလဟာလများ ထွက်ခဲ့သည့် အတိုင်း ပြီးခဲ့သည့်လက ရွေးကောက်ပွဲကို တုန့်ပြန်သည့် အနေဖြင့် မြန်မာနိုင်ငံအပေါ် အမေရိကန်ဒေါ်လာ စာရင်း လွှဲပြောင်းမှုများ ပိတ်ပင်ခဲ့မည် ဆိုလျှင် နောင်လာမည့် နှစ်များအတွင်း တရုတ်သည် မြန်မာနိုင်ငံတွင် နေရာ ယူတော့မည် ဖြစ်သည်ဟု နှစ်ပေါင်းများစွာ လေ့လာသူ တစ်ဦးက ဆိုသည်။
ဒုတိယ အချက် အနေဖြင့် စွမ်းရည် တည်ဆောက်ခြင်းများတွင် အာရုံပြု လုပ်ဆောင်ရန် ဖြစ်သည်။ မြန်မာနိုင်ငံ၏ စီးပွားရေးမှာ နှစ်ပေါင်းများစွာ လျစ်လျူရှု ခံခဲ့ရသည်။ နိုင်ငံခြား အရန်ငွေ တည်ထောင်ခြင်း၊ နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းများနှင့် စကား ပြောခြင်းများနှင့် ငွေကြေး ရိုက်နှိပ် ထုတ်ဝေမှု အစား၊ ၂၀၀၉-၁၀ ဘတ်ဂျက် လိုငွေပြမှုကို ဖြည့်တင်းရန် ငွေတိုက် စာချုပ်များ ထုတ်ဝေခြင်း စသည့် ကြိုးစား အားထုတ်မှုများ မကြာသေးမီက ပြုလုပ်လာသည်ကို တွေ့ရသည်။
ဝါရှင်တန် အနေဖြင့် အာဆီယံ အဖွဲ့နှင့် အတူ မြန်မာနိုင်ငံတွင် လူသားစွမ်းရည် မြှင့်တင်ခြင်း လုပ်ငန်းများ လုပ်ဆောင်သင့်သည်။ ရွေးချယ် တင်မြှောက်ခံရသော ခေါင်းဆောင်သစ်များကို လေ့ကျင့် သင်ကြားပေးခြင်းဖြင့် စတင်ရမည် ဖြစ်ပြီး၊ ဘဏ္ဍာရေး ကဏ္ဍ ပြန်လည် တိုးတက်လာအောင် လုပ်ဆောင်ပေးရမည် ဖြစ်သည်။ ထိုအစီအစဉ်တွင် အာဆီယံ ပါဝင်ရေးအတွက် မက်လုံးများ ရှိသည်။ မြန်မာ နိုင်ငံသည် အာဆီယံ အဖွဲ့ဝင် နိုင်ငံ တစ်ခုအနေဖြင့် အမေရိကန်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု သဘော တူညီချက် ကိစ္စနှင့် ၂၀၁၅ တွင် ဒေသတွင်း စီးပွားရေး အစု အဖွဲ့အတွက် အာဆီယံ၏ ရည်မှန်းချက် ကိစ္စများတွင် အဓိက အတားအဆီး ဖြစ်နေဆဲဖြစ်သည်။
တတိယ အချက် အနေဖြင့် စိုက်ပျိုးရေး ကဏ္ဍကို ပြန်လည် တည်ဆောက်ရေး ဖြစ်သည်။ မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ % သည် ကျေးလက်များတွင် နေထိုင်ကြပြီး၊ စိုက်ပျိုးရေး ထုတ်ကုန်သည် ပြည်တွင်း အသားတင် ထုတ်လုပ်မှု၏ ၄၀ % ၅၀ % ရှိသည်။ ဒုတိယ ကမ္ဘာစစ် မတိုင်မီက မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ဆန်တင်ပို့သူ ဖြစ်ခဲ့သည်။ အစိုးရမူဝါဒ မှားယွင်းမှုများကြောင့် အဆိုပါ နေရာကို ဖယ်ပေးခဲ့ရသည်။ မြန်မာနိုင်ငံ၏ ၂၁ ရာစုတွင် ဆန်စပါး စီးပွားရေး ပြန်လည် ဦးမော့လာရေး အတွက် အမေရိကန်သည် UNDP ၊ အာဆီယံတို့နှင့် အတူ ဘဏ် အခြေခံသော ကျေးလက် ငွေချေး စနစ်ကို ထူထောင်ရန် ပြုလုပ်ပေးသင့်သည်။
စတုတ္ထ အချက် အနေဖြင့် အနောက်နိုင်ငံများ၏ အရေးယူ ပိတ်ဆို့မှုများကို မြန်မာနိုင်ငံ၏ စီးပွားရေး မူဝါဒများနှင့် ချိတ်ဆက် ပေးရေးပင် ဖြစ်သည်။ လက်ရှိ အားဖြင့် အနောက်နိုင်ငံ အရေးယူမှုများသည် သတ်မှတ်ထားသော နိုင်ငံရေးစံများ ပြည့်မီမှသာ ရုတ်သိမ်းပေးမည် ဖြစ်သည်။ မုန့်ဝေမည့် အစီအစဉ်သည် မထိရောက်သည်ကို လက်တွေ့ ပြခဲ့ပြီး ဖြစ်သည်။ အကယ်၍သာ ပုဂ္ဂလိက စီးပွားရေးကို ကန့်သတ်ထားမှုများအား ပယ်ဖျက်ရေးနှင့် အလုပ်ဖြစ်မည့် ချေးငွေစနစ် ထူထောင်ခြင်း စသည်များနှင့် ချိတ်ဆက်ပေးခဲ့လျှင် အလုပ် ဖြစ်လိမ့်မည် ဖြစ်သည်။ စီးပွားရေး စံနှုန်းများ ပြည့်မီခြင်းသည် နိုင်ငံရေးအရ ပြောင်းလဲမှုများကို ဖြစ်စေကြောင်း ကိုးရီးယား၊ အင်ဒိုနီးရှားနှင့် စကာင်္ပူတို့တွင် ပြသခဲ့ပြီး ဖြစ်သည်။ ဈေးကွက်သစ် ရှာရန် စိတ်အား ထက်သန်နေသော အနောက် ကုမ္ပဏီများအဖို့ ကြီးမားသော အခွင့်အလမ်းများ ဖြစ်လာနိုင်သည်။
လွန်ခဲ့သော ရာစုနှစ်က မြန်မာ စီးပွားရေးမှာ ဒေသတွင်းတွင် ထိပ်တန်း ဖြစ်ခဲ့သည်။ ကိုးရီးယား၊ တရုတ်ပင်လျှင် စံပြအဖြစ် ရှုမြင်ခဲ့ဖူးသည်။ မကြသေးမီက ရွေးကောက်ပွဲသည် အမှားများသော၊ အားနည်းချက် များလှသော်လည်း အသစ်တဖန် စတင်ရန် မျှော်လင့်ချက်များ ရှိနေ၍ အရှေ့တောင် အာရှတွင် အမေရိကန်၏ အထီးကျန်မှုကို အဆုံးသတ်ကာ မြန်မာနိုင်ငံနှင့် ဆက်ဆံကြပါစို့ဟု ဆိုချင်ပါသည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.