VOA News, 24th December 2010
မြန်မာ စစ်အစိုးရသည် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထိန်းသိမ်းထားခြင်းဖြင့် စကား မပြောနိုင်အောင် လုပ်ထားခဲ့ပြီး၊ ပြင်ပ ကမ္ဘာနှင့် အဆက်ဖြတ် ထားခဲ့သည်။ သတင်း စကားများကို ကြားလူဖြင့်သာ တဆင့် ပြောကြားခဲ့သည်။ သို့သော် ပြီးခဲ့သည့် လက သူမ လွတ်လာပြီး နောက်ပိုင်းတွင်မူ ပွင့်ပွင့် လင်းလင်း ပြောကြားမှုများ ရှိလာသည်။
သူမ လွတ်မြောက်ပြီးနောက် VOA နှင့် အင်တာဗျူးတွင် သူမ အဘယ်ကြောင့် နိုင်ငံရေးသမား ဖြစ်လာရပုံ၊ စီးပွားရေး ပိတ်ဆို့မှုများသည် တိုင်းပြည်ကို ထိခိုက်ခြင်း ရှိမရှိ၊ မြန်မာနိုင်ငံမှ ဦးနှောက် ယိုစီးမှုများ အတွက် လုပ်စရာများနှင့် ချစ်ခြင်းမေတ္တာ အတွက် သူမ၏ အဓိပ္ပာယ် ဖွင့်ဆိုမှုများကို ပြောကြားခဲ့သည်။
မေး ။ ။ ၂၀၀၇ ခုနှစ် တုန်းက ဘုန်းတော်ကြီးတွေက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ဦးဆောင် နေတယ်လို့ ကြားတုန်းက ခင်ဗျား ဘယ်လို ခံစားရပါသလဲ။
ဖြေ ။ ။ ပထမဆုံး နေ့ကတည်းက ကျွန်မ သိနေတယ်။ နောက်ဆုံးမှာ အင်အား သုံးပြီး အနှိမ်နင်းခံ ရတော့မယ် ဆိုတာကို။ ဒါ့ကြောင့် ကျွန်မ အရမ်း စိတ်ပူခဲ့တာ။ နောက်ဆုံး အဲလို ဖြစ်သွားခဲ့ပြီလေ။
မေး ။ ။ ကြမ်းကြမ်တမ်းတမ်း နှိမ်နင်း ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ဘယ်လို ခံစားရပါသလဲ။
ဖြေ ။ ။ ကျွန်မ အရမ်း ဝမ်းနည်းပါတယ်။ ဒါပေမယ့် ဒီလို ဖြစ်မယ် ဆိုတာ သိခဲ့တယ်။ အာဏာပိုင်တွေဟာ လုပ်နေကျ ကြမ်းတမ်းစွာ နှိမ်နင်းမှု ကလွဲပြီး အခြား တုန့်ပြန်မှု လုပ်မှာ မဟုတ်ဘူး ဆိုတာ အစ ကတည်းက ခံစားပြီး သိနေပါတယ်။
မေး ။ ။ ဒါဆို ခင်ဗျား အနေနဲ့ ဆန္ဒပြပွဲတွေကနေ အမှန်တကယ် ပြောင်းလဲမှုတွေ ဖြစ်လာနိုင်တယ်လို့ မျှော်လင့် မထားခဲ့ဘူးပေါ့။
ဖြေ ။ ။ ချက်ချင်း ပြောင်းလဲမှု ရှိမလာနိုင်ပါဘူး။ ဒါပေမယ့် လူတွေရဲ့ စိတ်တွေထဲမှာတော့ ပြောင်းလဲမှု တစ်ခုကို ဖန်တီးပေးနိုင်မယ်လို့ ကျွန်မ ထင်ပါတယ်။ တကယ် အရေးကြီးတာကလဲ ဒါပါပဲ။ လူတွေရဲ့ စိတ်ကို ပြောင်းလဲပေးနိုင်တဲ့ အခါမှတော့ တိုင်းပြည်ရဲ့ ပန်းတိုင်ကို ပြောင်းလဲပေး နိုင်ပါလိမ့်မယ်။ ကျွန်မ ထင်ပါတယ်။ နိုင်ငံရေးဟာ ငါတို့နဲ့ မဆိုင်ပါဘူးလို့ စိတ်မဝင်စားတဲ့ လူတွေတောင် ဘုန်းတော်ကြီးတွေ ဒီလို ရက်ရက်စက်စက် နှိပ်ကွပ်ခံရတာ ကြားရင် အကြီးအကျယ် တုန်လှုပ်သွားပါလိမ့်မယ်။
မေး ။ ။ အမေရိကန်နဲ့ အီးယူဟာ တိုင်းပြည်က ပြုပြင် ပြောင်းလဲရေး ဝါဒီများကို ထောက်ခံတဲ့ အနေနဲ့ အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်ခဲ့တယ်နော်။ အခု ဒီကိစ္စဟာ ဝိဝါဒ ကွဲစရာ အကြောင်း တစ်ရပ် ဖြစ်လာပါတယ်။
ဖြေ ။ ။ ကျွန်မ အခြေအနေကို နားလည်ရ လွယ်အောင် လုပ်ပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ တချို့လူတွေက ဒီတိုင်းပြည်မှာ ဖြစ်နေတဲ့ စီးပွားရေး ပြဿနာတွေကို Sanction ကြောင့်လို့ ပုံချ ချင်နေကြတယ်။ စီးပွားရေး အဖွဲ့အစည်းတွေနဲ့ စီးပွားရေး ပညာရှင်တွေက ပြောကြတယ်။ အဓိက ပြဿနာ ကတော့ ဒီလက်ရှိ အစိုးရ ချမှတ်ထားတဲ့ စီးပွားရေး မူဝါဒတွေကြောင့်လို့ ဆိုပါတယ်။ ဒီစီးပွားရေး မူဝါဒတွေကို မပြောင်းပဲနဲ့တော့ ဒီသံသရာထဲက ရုန်းမထွက်နိုင်ပါဘူး။ အာရှနဲ့ နောက်ထပ် ကျားတစ်ကောင်လဲ ဖြစ်မလာနိုင်ပါဘူး။
မေး ။ ။ မြန်မာပြည်ရဲ့ စီးပွားရေး ပြဿနာတွေကို ဘယ်လို ဖြေရှင်းနိုင်မလဲ။
ဖြေ ။ ။ နိုင်ငံတစ်ခုရဲ့ စီးပွားရေး မူဝါဒတွေဟာ နိုင်ငံရေး ဖွဲ့စည်း တည်ဆောက်ပုံ တစ်ခုလုံးရဲ့ အဓိက အစိတ် အပိုင်းပါပဲ။ အစိုးရ အဖွဲ့ထဲက လူတွေက ပြောင်းလဲဖို့ ပြင်ဆင်ခြင်း မရှိပဲနဲ့၊ နိုင်ငံရေး ပုံစံကို မပြောင်းပဲနဲ့ စီးပွားရေး အခြေအနေ ပြောင်းလဲမှာ မဟုတ်ပါဘူး။
မေး ။ ။ မျိုးဆက်တွေဟာ ကိုယ့်ရဲ့ သဘောထားကို ထုတ်ဖော်ဖို့ ကြောက်ရွံ့စွာနဲ့ ကြီးပြင်း လာကြပါတယ်။ လူငယ် အများစုဟာ နိုင်ငံရေးကို ငြင်းပယ်ကြ တာချင်း တူနေပါတယ်။ မျိုးဆက်ဟောင်းတွေ ဇာတ်ခုံပေါ်က ပျောက်ကွယ် သွားချိန်မှာ ခေါင်းဆောင်မှု ကဏ္ဍ လစ်ဟာတာကို ရှောင်ရှားဖို့ ခင်ဗျားရဲ့ ပါတီက ဘာလုပ်ပေးနိုင်သလဲ။
ဖြေ ။ ။ လူဟောင်းကြီးတွေ တိုင်းပြည်မှာ မရှိတော့တဲ့ နောက်ပိုင်း လူငယ်တွေ အားလုံးဟာ တာဝန် ယူနိုင်စွမ်း ရှိကြတယ် ဆိုတာဟာ မမှန်ကန်ပါဘူး။ လောလောဆယ် ကျွန်မတို့ နိုင်ငံမှာ တက်ကြွတဲ့ လူငယ်တွေ အများကြီး ရှိပါတယ်။ သူတို့ဟာ ဖြတ်လတ်ပြီး သင်ယူ လေ့လာဖို့ ဆာလောင်နေပါတယ်။ ဒါပေမယ့် နိုင်ငံရပ်ခြားက သူတို့နဲ့ ရွယ်တူ တန်းတူတွေလောက် များသလား ဆိုတာကတော့ ဘယ်သူမှ မသိနိုင်ပါဘူး။ အကြောင်းကတော့ သူတို့မှာ အခွင့်အလမ်းတွေ မရှိလို့ပါပဲ။ အကောင်းဆုံး ပညာတတ်တွေ တိုင်းပြည်က ထွက်ခွာသွားတာကို ထိန်းဖို့ ကျွန်မတို့ လုပ်ဆောင်မှာပါ။ တချို့ကတော့ နေကြပါလိမ့်မယ်။
မေး ။ ။ ဒီတိုင်းပြည်မှာ နေထိုင်ဖို့ ရွေးချယ်တဲ့ သူတွေ ရင်ဆိုင်ရမယ့် အခက်အခဲတွေက ဘာတွေလဲ။
ဖြေ ။ ။ အခက်အခဲ တွေကတော့ အများကြီးပေါ့။ ဒါတွေကို တစ်ထိုင်တည်းနဲ့ ဖော်ပြနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ အခက်အခဲ တွေကတော့ လုပ်ငန်းနဲ့ ပတ်သက်ပြီး ရွေးချယ်တဲ့ လမ်းကြောင်းပေါ် မူတည်ကာ ခြားနား သွားပါလိမ့်မယ်။ ရှင်ဘာလုပ်သလဲ ဆိုတဲ့ အပေါ်မှာ တကယ် မူတည်နေပါတယ်။ ဆေးပညာရှင် တစ်ယောက်လို၊ ရှေ့နေ တစ်ယောက်လို စသဖြင့် ရှင်လုပ်တဲ့ အလုပ်ကို ပရော်ဖက်ရှင်နယ် ဖြစ်အောင် ရှင်ကြိုးစားမှာပဲ မဟုတ်လား။ ဒါ့ကြောင့် အခက်အခဲ အားလုံးကို ကျွန်မ ပြောပြ နိုင်လိမ့်မယ်လို့ မထင်ပါဘူး။
မေး ။ ။ ဆေးပညာရှင်တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲ တွေကို ပြောပြပါဦး။ ဥပမာ အနေနဲ့ပေါ့။
ဖြေ ။ ။ ဒီနိုင်ငံမှာ ဆေးကုသပေးဖို့ ကျေနပ်စရာ အခွင့်အလမ်းတွေ မရှိတာကြောင့် ဆရာဝန်ကောင်းတွေ အများကြီး ပြည်ပကို ထွက်သွားကြပါပြီ။ စပြောရမယ် ဆိုရင် သူတို့မှာ နောက်ဆုံးပေါ် ဆေးပစ္စည်း ကိရိယာတွေ မရှိတဲ့အပြင် အသစ် တိုးတက် တွေ့ရှိချက်တွေနဲ့လည်း အဆက် ပြတ်သလို ခံစားနေကြရပါတယ်။ တကယ်တမ်း ပြောရရင် ဆေးရုံတွေကတော့ အများကြီးပေါ့။ ဒါပေမယ့် ဆေးရုံ အများစုက ဝန်ထမ်း အင်အား နည်းပါးပြီး၊ ဆေးပစ္စည်း ကိရိယာတွေ ချို့တဲ့နေပါတယ်။ အရမ်းကောင်းတဲ့ ပုဂ္ဂလိက ဆေးခန်း တချို့ ရှိနေပေမယ့် ကျန်တဲ့ နိုင်ငံတွင်းက ဆေးရုံတွေနဲ့ နှိုင်းယှဉ်ရင် အရမ်း၊ အရမ်းကို နည်းနေပါသေးတယ်။ ဒီနိုင်ငံမှာ အလုပ် လုပ်နေတဲ့ ဆရာဝန်တွေထဲက အနည်းစုကလေးသာ ဒီပုဂ္ဂလိက ဆေးရုံတွေကို ဝင်နိုင်ပါတယ်။ ဒါ့အပြင် အချိန်မကုန်ပဲ လွယ်လွယ်လေး ပြီးရမယ့် ကိစ္စတွေမှာ မလိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ချထားတော့ လာဒ်ပေးပြီး လုပ်နေရတယ်။
မေး ။ ။ ဒါဆို အကျင့်ပျက် ခြစားမှုဟာ ကြီးမားတဲ့ အတားအဆီး တစ်ခုလား။
ဖြေ ။ ။ အကျင့်ပျက် ခြစားမှုဟာ တကယ်ပဲ ကြီးမားတဲ့ အခက်အခဲ အတားအဆီး တစ်ခုပါပဲ။ ကျွန်မ ဒီထက်ပိုပြီး အဓိပ္ပာယ် ပိုကောင်းတဲ့ စကားလုံး ရှိမလားလို့ စဉ်းစားနေတာ။
မေး ။ ။ ဒီအခက်အခဲ အတားအဆီးတွေ ကြားမှာ NLD က ပြောင်းလဲမှု အတွက် ဘယ်လို ဖန်တီးပြီး ကူညီနိုင်မလဲ။
ဖြေ ။ ။ ကျွန်မတို့ လုပ်နိုင်သမျှ အကုန် လုပ်နေပါတယ်။ ဥပမာ ပြောရရင် လူတွေကို "ကိုယ့်အားကိုယ်ကိုး ကိုယ်ထူ ကိုယ်ထ လုပ်ကြပါ" လို့ နောက်ကနေ ထိုင်ပြီး ပြောနေရုံလေး မဖြစ်ချင်လို့ ကျွန်မတို့ ကိုယ်တိုင် လူသားချင်းစာနာ ထောက်ထားတဲ့ စီမံကိန်းတွေ ကျွန်မတို့မှာ ရှိနေပါတယ်။ ကိုယ်ထူကိုယ်ထ လုပ်နိုင်တယ် ဆိုတာကို သူတို့ကို ပြချင်တာပါ။ ကျွန်မတို့ရဲ့ HIV ပရောဂျက်လို၊ တရားဝင် ကယ်ဆယ်ရေး ကော်မတီလို၊ အကျဉ်းသား ထောက်ပံ့ရေး ကော်မတီလိုမျိုးပေါ့။ တခြား စီမံကိန်းတွေလည်း ရှိပါသေးတယ်။ ဥပမာ ရေတွင်း၊ အဝိစီတွင်း တူးပေးတာတွေပေါ့။ ပြည်သူတွေကို သူတို့အတွက် သူတို့ကိုယ်တိုင် ကိုယ့်အား ကိုယ်ကိုး လုပ်လို့ ရနိုင်တယ် ဆိုတာကို ပြသဖို့ အတွက် ကျွန်မတို့ ဒါတွေကို လုပ်နေတာပါ။ အစိုးရ ရုံးခန်းထဲမှာ ထိုင်နေတဲ့ တာဝန်ရှိသူ တွေကို ရှင့်အတွက် လုပ်ဆောင်ပေးဖို့ အရာရာ မှီခိုနေလို့ မရပါဘူး။ ဒါကတော့ ကျွန်မတို့ ကိုယ်တိုင် လုပ်ဆောင်ရင်းနဲ့ ပြည်သူတွေကို သင်ပြပေးနေတဲ့ နည်းလမ်းတွေထဲက တစ်ခုပေါ့။ ပြည်သူတွေကို ကိုယ်ထူကိုယ်ထ လုပ်ကြဖို့ ထိုင်ပြီး ပြောနေရုံလေးနဲ့ မဖြစ်နိုင်ပါဘူး။ တကယ် လုပ်နိုင်တယ် ဆိုတာကို ကျွန်မတို့က လက်တွေ့ ပြရမှာပါ။
မေး ။ ။ လူတွေက ပြောကြတယ်။ စစ်အစိုးရက ခင်ဗျားကို လွှတ်ပေးခဲ့တာဟာ လူထု ဆက်ဆံရေး စတန့် တစ်ခုလို့ ဆိုကြတယ်။
ဖြေ ။ ။ ကျွန်မ လွတ်လာတာဟာ တနည်းအားဖြင့် ကျွန်မ အလုပ်တွေ ပိုလုပ်လာနိုင်ပါတယ်။ အကျဉ်းသား တစ်ဦးဟာ အာဏာပိုင်နဲ့ သဘော တူညီမှု တစ်ခုခု မလုပ်ထားဘူး ဆိုရင်၊ ဘယ်လိုကြောင့်ပဲ လွတ်လွတ်၊ လွတ်လာတဲ့ ဘယ်အကျဉ်းသား ကိုမဆို ဝေဖန် သင့်တယ်လို့ ကျွန်မ မထင်ပါဘူး။ မကောင်းပါဘူး။
မေး ။ ။ လက်ရှိ အစိုးရမှာ အာဏာ ရှိနေတဲ့ နေရာမှာ အမျိုးသမီး အနည်းငယ်ပဲ ရှိတာ တွေ့ရတယ်။ ဒီမိုကရေစီ လုပ်ငန်းစဉ်မှာ အမျိုးသမီးတွေ ပါဝင်ဖို့ ဘယ်လောက် အရေးကြီး ပါသလဲ။
ဖြေ ။ ။ ကျွန်မတို့ အသိုင်းအဝိုင်း၊ ဘယ်နိုင်ငံရဲ့ အသိုင်းအဝိုင်းမှာ မဆို အမျိုးသမီးတွေ ပါဝင်ဖို့ အရေးကြီးတယ်လို့ ကျွန်မ ထင်ပါတယ်။
မေး ။ ။ ခင်ဗျား ပြောခဲ့တယ်။ နိုင်ငံရေး သမား တစ်ယောက် ဖြစ်ဖို့ မရည်ရွယ် ခဲ့ဘူးလို့လေ။ ဒါပေမယ့် ခင်ဗျားကို ထောင်ချ လိုက်တော့ နိုင်ငံရေးနဲ့ သက်ဆိုင် သွားစေတာလား။
ဖြေ ။ ။ ဟုတ်တယ်။ နိုင်ငံရေး အကျဉ်းသား ဖြစ်သွားတော့ နိုင်ငံရေးနဲ့ အကြီးအကျယ် ပတ်သက် လိုက်ရတာပါပဲလို့ ကျွန်မ ထင်တယ်။ နိုင်ငံရေးက ဘဝ ဖြစ်သွားတာပဲ။ ဘာလို့လဲ ဆိုတော့ နိုင်ငံရေး အကျဉ်းသားလို့ ဆိုတာကိုး။ ဒါ့ကြောင့် လူတစ်ယောက်ကို နိုင်ငံရေးနဲ့ မပတ်သက် စေချင်ရင် လူတွေကို ထောင်ထဲ မထည့်သင့်ဘူး။
မေး ။ ။ ခင်ဗျား မိသားစုဆီက ထွက်လာတုန်းက ဘယ်လို လမ်းဆုံးမယ် ဆိုတာ၊ ဘယ်လို စဉ်းစားခဲ့လဲ။
ဖြေ ။ ။ ဒီအတိုင်း လမ်းဆုံးသွားမယ်လို့ ကျွန်မ မယုံပါဘူး။ ကျွန်မ လူတွေကို ကျွန်မ အမြဲပြောတယ်။ ဗမာတွေ 'ကံ' အကြောင်း ပြောကြတယ်။ ကံ ဆိုတာ ပြုလုပ်ခြင်းပဲလို့ အမြဲ သတိပေးရတယ်။ ကိုယ့်ကံကို ကိုယ်ပဲ ဖန်တီးတာပဲ။ ကိုယ့်လုပ်ရပ် အတိုင်း ဖြစ်တာပါပဲ။
မေး ။ ။ အမျိုးသမီး နိုင်ငံရေး ခေါင်းဆောင် အနည်းငယ်မှာ အဖေ့သွေး ပါလာပြီး၊ ကိုယ့်နိုင်ငံ အပေါ် ပေးဆပ်မယ် ဆိုတဲ့ စိတ်ဓာတ်တွေ အမွေခံ ပါလာတာ တွေ့ရပါတယ်။ ခင်ဗျား အတွက်ရော အဲဒီ အတိုင်းပဲလား။
ဖြေ ။ ။ ကျွန်မ အဖေကို ကျွန်မရဲ့ ခေါင်းဆောင် တစ်ဦး အနေနဲ့ရော အဖေ တစ်ဦး အနေနဲ့ပါ ကြည့်ပါတယ်။ ကျွန်မ ယုံကြည်တဲ့ နိုင်ငံရေး ခေါင်းဆောင် တစ်ဦး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မဟာ သူ့ဘဝ၊ သူ့အလုပ်တွေနဲ့ သူ့ရဲ့ နိုင်ငံရေး အတွေးအခေါ် တွေကို လေ့လာခဲ့ပါတယ်။
မေး ။ ။ ခင်ဗျားဟာ ဘဝ ကြမ်းတမ်း ခဲ့ပေမယ့် ဟာသ ဓာတ်ခံလေး ရှိနေတယ်လို့ ထင်တယ်။
ဖြေ ။ ။ ထင်တဲ့ အတိုင်း ဖြစ်ပါစေ။
မေး ။ ။ ဟာသ ဓာတ်ခံဟာ ခင်ဗျား အတွက် ဘယ်လောက် အရေးကြီးသလဲ။ အကြိုက်ဆုံး ဟာသလေး တစ်ခုလောက် ပြောပြပါလား။
ဖြေ ။ ။ ကျွန်မ ဘဝရဲ့ အစိတ် အပိုင်း တစ်ခုပါပဲ။ ဆိုပါစို့။ ကျွန်မ လူတွေမှာ ဖြစ်ပျက် နေတာတွေကို တွေ့နေရတယ်။ ဒါကို သင်ခန်းစာ ယူပြီး ကျွန်မကိုယ် ကျွန်မ သိပ်ထင်မထားဖို့၊ ကြုံလာတဲ့ အခက်အခဲတွေကို ရီစရာ မျက်လုံးနဲ့ ရင်ဆိုင်ဖို့ မှတ်ပါတယ်။ ဘဝဆိုတာ သင်ခံယူတဲ့ အပေါ်မှာ မူတည်တာပါပဲ။ နောက်ပြီး ကျွန်မ မြင်တာက ဘဝမှာ အကောင်းတွေ အများကြီး ရှိသလို အဆိုးတွေလဲ အများကြီး ရှိပါတယ်။ ဒါပေမယ့် ဘာကိုမဆို သိပ်မငြိတွယ်မိဖို့ လိုပါတယ်။ ဒီသင်ခန်းစာကနေ အများကြီး လုပ်နိုင်တာတွေ ရှိပါတယ်။ ကျွန်မမှာ ဘယ်အရာမှ မတွယ်တာဖို့ သဘော ကလေးကို လက်ကိုင်ထားနိုင်လို့၊ ကိုယ့်ဘေးမှာ ဖြစ်နေတာတွေကို မတွယ်တာတဲ့ စိတ်ကလေးနဲ့ ကြည့်တတ်တာနဲ့ အမျှ အရာရာကို ရီစရာ ဘက်ကနေ ကြည့်တတ် သွားတာပါပဲ။ ကျွန်မ အကြိုက်ဆုံး ဟာသကတော့ မမှတ်မိနိုင်တော့ပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်မက ဟာသတွေ အမြဲတမ်း ပြောနေသလို၊ ကျွန်မမှာ ဟာသတွေ ပြောတဲ့ မိတ်ဆွေတွေ ရှိပါတယ်။ ကျွန်မ ထင်တယ်။ ကျွန်မက ဟာသဓာတ်ခံ ရှိတော့ ဒီလိုလူမျိုးတွေ လာစု တတ်တယ်လို့ ထင်တာပဲ။ နောက်ပြီး ကျွန်မတို့ အလုပ် လုပ်တဲ့အခါ၊ အလုပ်က သိပ်လေးလေး နက်နက် လုပ်ရရင်၊ ရီစရာ လေးတွေနဲ့ဆို ကောင်းတာပေါ့။
မေး ။ ။ ခင်ဗျား တခါတရံ ချစ်တဲ့ သူတွေနဲ့ ဝေးကွာ နေတယ်နော်။ ချစ်ခြင်း မေတ္တာကို ခင်ဗျား ဘယ်လို အဓိပ္ပာယ် ဖွင့်မလဲ။
ဖြေ ။ ။ ချစ်ခြင်း မေတ္တာကို ကျွန်မ အလွန်တရာ လက်တွေ့ကျတဲ့ အမြင်နဲ့ပဲ ကြည့်ပါတယ်။ အကယ်၍ တစ်စုံ တစ်ယောက်ကို အမှန်တကယ် ချစ်မိပြီ ဆိုရင် အဲဒီ တစ်ယောက်ရဲ့ ဘဝ လွယ်ကူအောင်၊ ပိုပျော်အောင် ဘာလုပ် ပေးနိုင်မလဲဆိုတာ လုပ်ပေးရပါမယ်။ "ချစ်လိုက်တာ၊ ချစ်လိုက်တာ" လို့ ပြောနေတာဟာ ဘာမှ အရာ မရောက်ပါဘူး။ အချို့ တစ်ယောက်ကို တစ်ယောက် ချစ်နေကြပြီး၊ တစ်ယောက်ကို တစ်ယောက် မလုပ်သင့်တာတွေ လုပ်နေကြတယ်။ ချစ်ခြင်း မေတ္တာ ဆိုတာ အဲလို မဟုတ်ပါဘူး။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.