yangonchronicle 2011 |
၂၈.၇.၂၀၁၁
ဘာသာပြန်သတင်းများ
မြဝတီနယ်စပ်ပိတ်ထားခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးတွင် ဘတ်ငွေ နှစ်ဘီလျံ ဆုံးရှုံး
(Thai-ASEAN News မှ 27 July 2011 ရက်စွဲပါ “Border Closure costs Bt 2 Billion in Trade” ကို ဘာသာ ပြန်ဆိုသည်)
မြန်မာအစိုးရက ထိုင်းနိုင်ငံနှင့်နယ်စပ်ကို တစ်နှစ်ကျော်ကြာအောင် ပိတ်ထားခဲ့ခြင်းမှာ မြန်မာသူပုန်များ အသုံးပြုနေသည်ဟု ယုံကြည်ရသည့် ဒုက္ခသည်စခန်းကို ထိုင်းနိုင်ငံက ပိတ်ပေးအောင် ဖိအားပေးလိုခြင်းကြောင့် ဖြစ်သည်ဟု ထိုင်းနိုင်ငံ တပ်ခ်ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောကြားလိုက်ပြီး ယင်းသို့ နယ်စပ်ပိတ်ထားခြင်းကြောင့် နယ်စပ် ကုန်သွယ်မှု ပမာဏ ဘတ်ငွေ နှစ်ဘီလျံ ဆုံးရှုံးနစ်နာခဲ့ရသည်ဟု ဆိုသည်။
ယခင်နှစ်ဇူလိုင် ၁၈ ရက်မှစ၍ မဲဆောက်မြဝတီနယ်စပ်ဝင်ပေါက်၏ မြန်မာဘက်ခြမ်းကို မြန်မာအစိုးရက ပိတ်ထားခဲ့ခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ် သည် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးကို ကြီးမားစွာ ထိခိုက်စေသည်။ မြန်မာအစိုးရက ထိုသို့ နယ်စပ်ဂိတ်ပိတ်ထားခြင်းကို ပြန်လည် ဖွင့်လှစ်မည့် လက္ခဏာ ပြသခဲ့ခြင်း မရှိသေးပေ။
ထိုသို့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ပိတ်လိုက်ပြီးနောက်ပိုင်းတွင် မြန်မာကုန်သည်များက ပဲ့ချိတ်းစက်လှေများ အသုံးပြုကာ ဆက်လက် တင်သွင်းနေကြသည်ဟု သိရှိရသည်။
ထိုင်းနိုင်ငံက သောင်ရင်းမြစ်(မွိုင်မြစ်) ၏ ထိုင်းဘက်ခြမ်းကို ကွန်ကရစ် ကျောက်စီနံရံ တည်ဆောက်ခြင်းကြောင့် မြန်မာဘက်ခြမ်းတွင် ရေတိုက်စားမြှုဖစ်ရသည်ဟု မြန်မာအစိုးရက အကြောင်းပြကာ မဲဆောက်-မြဝတီ နယ်စပ်ဝင်ပေါက်ကို တစ်နှစ်ကျော်ကြာအောင် ပိတ်ထားခဲ့ခြင်း ဖြစ်သည်။
နယ်စပ်ဝင်ပေါက် ပိတ်ခြင်းနှင့် ပတ်သက်၍ မြန်မာတို့ဖက်က ဖုံးကွယ်ထားသော အကြောင်းရင်းမှာ ကရင်လက်နက်ကိုင် အုပ်စုများ စစ်ဆင်ရေး အခြေစိုက် စခန်းအဖြစ် အသုံးပြုနေသည်ဟု မြန်မာအာဏာပိုင်များက ယုံကြည်နေသော ကရင်ဒုက္ခသည်စခန်းသို့ ထိုင်းနိုင်ငံက ပိတ်ပေးအောင် ဖိအား ပေးခြင်းဖြစ်သည်ဟု တပ်ခ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဆာမတ်လွိုင်ဖာက ထုတ်ဖော်ပြောဆိုလိုက်သည်။
ထို့အပြင် လွန်ခဲ့သော ၂ နှစ်က ရန်ကုန်ဗုံးပေါက်ကွဲမှုအတွက် လက်သည်ကို ထိုင်းတို့အား ရှာဖွေစေလိုသည့် အပြင် မဲဆောက်ခရိုင်တွင် ပုန်းအောင်း နေထိုင်နေသည်ဟု ယုံကြည်ရသည့် KNU ခေါင်းဆောင်ကိုလည်း ဖမ်းဆီးပေးရန် မြန်မာတို့က ဆန္ဒရှိနေသည်ဟု ဆာမတ်လွိုင်ဖာက ယုံကြည်လျက် ရှိသည်။
ထိုအတောအတွင်း အမှတ်(၂) ဒေသစစ်တိုင်းမှူးဒုတိယ ဗိုလ်ချုပ်ကြီး ဝမ်သစ်ဝမ်ဝေက သူ့အား မြန်မာအစိုးရဖက်မှ ဆက်သွယ်လာခြင်းမရှိပါဟု ပြောကြားခဲ့သည်။ ဒုက္ခသည်စခန်းကို ပိတ်ခြင်းသည် အသေအချာ စဉ်းစားသုံးသပ်ရမည့် အရေးကြီးသောကိစ္စတစ်ခုဖြစ်သည်ဟု ယင်းက မှတ်ချက် ပေးသည်။
မြန်မာသူပုန်များက ထိုင်းနိုင်ငံ နယ်စပ်ကို စစ်ဆင်ရေး အခြေစိုက်စခန်းအဖြစ် အသုံးပြုနေသည်ဟူသော ပြောဆိုမှုနှင့် ပတ်သက်၍ ယင်းက ပြောကြားရာတွင် ထိုင်းနိုင်ငံက မြန်မာအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန်ဆန္ဒရှိနေသည့် အတွက် ထိုသို့ စုံစမ်းခြင်း၊ စစ်ဆေးခြင်းသည် သာမန်ထက် ပို၍ တွေ့ရှိ ဖော်ထုတ်နိုင်မည်မဟုတ်ဟု ဆိုသည်။
မနှစ်က ဇူလိုင် ၁၈ ရက် နောက်ပိုင်း နယ်စပ်ပိတ်ထားခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးတွင် ဘတ်ငွေ နှစ်ဘီလျံကျော် နစ်နာဆုံးရှုံးခဲ့ရသည်ဟု တပ်ခ်ပြည်နယ် ကုန်သည်ကြီးများအသင်းက အစီရင်ခံ တင်ပြထားသည်။
**************************************************
မြန်မာ့နိုင်ငံရေးမှ ထူးခြားသော စံပြ ဇာတ်ကောင်
(21 July 2011 ရက်စွဲပါ The Hindu မှ Rajiv Bhatia ၏ The extraordinary icon who matters ဆောင်းပါး ကို ဘာသာ ပြန်ဆိုသည်)
(စာရေးသူသည် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးဟောင်း ဖြစ်သည်)
(ဒေါ်အောင်ဆန်းစုကြည်အား လေးစား ကြည်ညိုသူများက ရည်ရွယ်ချက်ကို မဆုတ်မနစ် ကြိုးစားသူ စံပြ ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ကြပြီး၊ ဝေဖန်သုံးသပ်သူများကမူ ခေါင်းမာပြီး လက်တွေ့မကျသော နိုင်ငံရေးသမားအဖြစ် ရှုမြင်ကြသည်။)
စာဖတ်များပြီး ဗဟုသုတ ကြွယ်ဝသူများပင်လျှင် မြန်မာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အမည်တပ်ပါဟု ဆိုလျှင် ပြောဆိုရန် ခက်ခဲမည်ကို နားလည်ပေးနိုင်သည်။ သူမအား ညွှန်းဆိုသော အမည် မျိုးစုံရှိရာ “စုကြည်” ၊ “Ms. Aung” ၊ “ဒေါ်စု” ၊ “The Lady” စသည်ဖြင့် ရှိသည်။ ပုဂ္ဂိုလ်ရေး မထိခိုက်ပဲ သုံး၍ ကောင်းမည့် အမည်မှာ သူမ၏ အမည်အစပိုင်းပင် ဖြစ်သည်။ သို့သော် နောင်တရစရာ အချက်တစ်ခုမှာ ကျွန်ုပ်တို့ အိန္ဒိယ၏ မိမိကိုယ်သာ စိတ်ဝင်စားပြီး သူတစ်ပါးအား စိတ်မ၀င်စားသော သဘာဝက သူမပြောနေသော စကားများကို နားမထောင်၊ သူမတိုင်းပြည် အပေါ် ပြောကြားမှုများ၏ ရောင်ပြန်ဟပ်မှုများကို နားမထောင်စေရန် တားဆီး ထားသကဲ့သို့ ရှိခြင်းပင် ဖြစ်သည်။ စင်စစ် မြန်မာနိုင်ငံသည် အရေးကြီးပြီး၊ မိမိတို့ ပစ်ထားခဲ့မိသော အိမ်နီးခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ အရေးကိစ္စ အားလုံးအတွက် သူမတွင် အဖြေမရှိသော်လည်း သူမ၏ ပြည်သူလူထု အပေါ်နှင့် နိုင်ငံတကာ အပေါ်တွင် အားကောင်းစွာ လွှမ်းမိုး ထားနိုင်ဆဲ ဖြစ်သည်။ သူမ၏ အတွေးထဲတွင် အိန္ဒိယကို မှတ်မှတ် ထင်ထင် ရှိနေဆဲ ဖြစ်သည်။
BBC သည် မြန်မာ ပရိတ်သတ်အတွက် 2011 ခုနှစ် Reith ပို့ချ ချက်ဖြင့် “Securing Freedom” ခေါင်းစဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ သင်ခန်းစာပို့ချချက် ၂ခု အသံလွှင့်ပေးခဲ့သည်။ ယင်းတို့ကို မြန်မာနိုင်ငံတွင် လျှို့ဝှက် ရိုက်ကူးပြီး ခိုးထုတ်သွားခဲ့ခြင်း ဖြစ်သည်။ လွတ်လပ်စွာ နေထိုင်ခြင်း နှင့် ဆန့်ကျင်ခြင်း ခေါင်းစဉ် ၂ခုဖြင့် ဇွန်လ ၂၈ ရက် နှင့် ဇူလိုင်လ ၅ ရက်နေ့တို့တွင် လွှင့်ထုတ်ခဲ့သည်။ မှတ်သားမိသည့်အချက်မှာ သူမသည် ပြီးခဲ့သည့် စစ်အစိုးရအား ပြင်းထန်စွာ ဝေဖန်ခဲ့ သော်လည်း လက်ရှိ အရပ်သား အစိုးရအား စိတ်ရှည်စွာ၊ ရင့်ကျက်စွာနှင့် တုန့်ပြန်ရန် ကြိုးစားထားသည်ကို တွေ့ရသည်။
လွတ်မြောက်ခြင်း၊ အမှန်တရားနှင့် အကြမ်းမဖက်ရေး
ပို့ချချက်များတွင် သူမသည် ပြောလိုသောအရာကို လိမ်မာပါးနပ်စွာ ပြောဆို တတ်ခြင်းကြောင့် သူမ၏ တတ်သိမှု အတိမ်အနက်နှင့် စိတ်ပိုင်း ဆိုင်ရာ စွမ်းအားများကို ထင်ဟပ်စေသည်။ ဒေါ်အောင်ဆန်းစုကြည်က လွတ်မြောက်ခြင်း (Freedom) နှင့် ပတ်သက်၍ သူမအပေါ် အဓိပ္ပာယ် သက်ရောက်မှုနှင့် မလွတ်မလပ်နှင့် ဆိုးဝါးသောဘ၀တွင် နေထိုင် နေကြရသော အခြားသူများအပေါ် အဓိပ္ပာယ်သက်ရောက်မှုများကို ပြောပြခဲ့သည်။ သူမက ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ရေး (Freedom from fear) ၏ အရေးကြီးပုံကို ထပ်ပြောခဲ့ပြီး ကြောက်ရွံ့ခြင်းဆိုသည်မှာ ဘယ်သော အခါမဆို ရှိနေမည့်အရာတစ်ခုအဖြစ် ငြင်းချက်ထုတ်ခဲ့သည်။ ကြောက်ရွံ့ခြင်းကို အပြီးတိုင်ဖယ်ရှားရန် မလိုအပ်ကြောင်း သင့်တင့်သလောက် ရှိနေရန်သာ လိုအပ် ကြောင်း သို့သော် ကြီးမားသောအားပေးမှု လိုအပ်သည်ဟု ဆိုသည်။ သူမ၏ ဖြစ်တည်မှုတွင် အားပေးမှုများနှင့် စိတ်အား ထက်သန်ခြင်းက ကြီးမားသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ သူမက သူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အား အတိုက်အခံဟု ခေါ်ဆိုမှုကို ပယ်ချခဲ့ပြီး၊ ဆန့်ကျင်သော လှုပ်ရှားမှုဟု ခေါ်ဆိုမှုကို ပိုမိုနှစ်သက်ကြောင်း ဆိုသည်။ Vaclav Havel ကို နမူနာယူ၍ သူမက ဆန့်ကျင်သူများ၏ အခြေခံအလုပ်မှာ အမှန်တရားကို အလုပ်အကျွေး ပြုရန် ဖြစ်သည်ဟု ရှုမြင်ခဲ့သည်။
ဂန္ဒီ၏ ၀ါဒကို စံပြု၍ကြည့်မည် ဆိုလျှင်မူ မကြာသေးမှီက သူမ၏အကြမ်းမဖက်ရေးနှင့် ပတ်သက်သော အမြင်မှာ အနည်းငယ် ထူးဆန်းသော အမြင်တစ်မျိုးအဖြစ် မြင်တွေ့ရမည် ဖြစ်သည်။ သူမကိုယ်၌ သူသည် အကြမ်းဖက်မှုကို ထောက်ခံသူတစ်ဦး ဖြစ်ခဲ့လျှင် အကြောင်းပြချက်မှာ အကြမ်းဖက်မှုကို ထောက်ခံသူတစ်ဦး ဖြစ်ခဲ့လျှင် အကြောင်းပြချက်မှာ အကြမ်းဖက်မှု ခဏတာဖြစ်လိုက်ခြင်းသည် ရေရှည်တွင် ပိုမိုဆိုးရွားသော အခြေ အနေများ ဖြစ်ပေါ်ရေးကို ကာကွယ်ပေးသည်ဟု ယုံကြည်ခြင်းကြောင့်ဟု ပြောခဲ့သည်။ သူမ အကြမ်းမဖက်ရေးကို ကျင့်သုံးနေခြင်းမှာ နိုင်ငံရေးအရ လက်တွေ့ကျခြင်းကြောင့် ဖြစ်ပြီး၊ စိတ်ပိုင်းဆိုင်ရာ စဉ်းစားမှုကြောင့်မဟုတ်ဟု ဆိုသည်။
ဒုတိယအကြိမ် ကြိုးပမ်းခြင်း
သူမသည် ယဉ်ကျေးသော ထိန်းထိန်းသိမ်းသိမ်း လေသံဖြင့် ပြောသော်လည်း ဗိုလ်ချုပ်များကို ဝေဖန်ရာတွင်မူ ဂရုစိုက်လှသည် မဟုတ်ပေ။ မြန်မာနိုင်ငံတွင် ၁၉၈၈ မှ ၁၉၉၇ ထိ အုပ်ချုပ်ခဲ့သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို ပြောဆိုရာတွင် မြန်မာနိုင်ငံ၏ ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးသည် ငြိမ်နေခြင်း၊ ကြောက်နေရခြင်းနှင့် ပိပြားနေအောင် ချေမှုန်းထားခြင်းဟု အဓိပ္ပာယ် ဖွင့်ဆိုနိုင်ကြောင်း ဆိုသည်။ ထိုအခြေအနေ မျိုးတွင် ပြည်သူများသည် အမှန်တရားနှင့်တော့ မဝေးလှပေ။ NLD အနေဖြင့် ပြည်သူများကို ဆန့်ကျင်ဖက်နေရာမှ ရပ်ပြခြင်း ဖြစ်သည်ဟု သူမက ပြောသည်။
လွန်ခဲ့သော နှစ်များစွာက သူမ၏လှုပ်ရှားမှုကို စတင်စဉ်က သူမသည် ဒုတိယအကြိမ်မြောက် လွတ်လပ်ရေး အတွက်ကြိုးပမ်းခြင်းဟု ပြောခဲ့ပြီး ခြားနားမှုများမှာမူ ရှိကြောင်းဆိုသည်။ အဓိက ခြားနားမှုမှာ ပထမကြိုးပမ်းစဉ်က နိုင်ငံခြား အင်အားကြီးဗြိတိန်နိုင်ငံထံမှ ဖြစ်ပြီး ယခုအခါတွင်မူ တိုင်းပြည် ထဲမှ လူမျိုးတူ၊ အရောင်တူ၊ ဘာသာတူ ဆန့်ကျင်ဖက် အင်အားစုထံမှ ဖြစ်သည်။ နောက်ခြားနားမှုတစ်ခုမှာ ကိုလိုနီ အစိုးရသည် အာဏာရှင်ဟု ဆိုသော် လည်း ယခု စစ်အစိုးရလောက် အရာရာကို တစ်ဦးတည်း ချုပ်ကိုင်ထားခြင်း မရှိခြင်း ဖြစ်သည်။
အခြားအရေးများ
၁၉၉၇ မှ ၂၀၁၀ ထိ အုပ်ချုပ်ခဲ့သော နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသည်လည်း ဒီပုတ်ထဲက ဒီပဲပင် ဖြစ်သည်။ ယင်းကျင်းပသော ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲသည် အဖြေကောင်း မထွက်သော ကြမ္မာဆိုးများ အဖြစ် ပုံရိပ်ထင်စေသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် NLD မပါဝင်ရခြင်းနှင့် ပတ်သက်၍ အကြောင်းပြချက် ၃ခုကို သူမက ပြောကြားခဲ့ရာတွင် ပထမ အချက်အဖြစ် အခြေခံဥပေဒသစ်တွင် စစ်တပ်ကသာ အာဏာအားလုံး ပြန်ယူထားမှုအား NLD က လက်မခံလိုခြင်း၊ ဒုတိယအချက်အနေဖြင့် ထောင်ထဲရှိ ယင်း၏အဖွဲ့ဝင်များကို NLD က မပစ်ပယ်လိုခြင်း၊ တတိယအချက်အဖြစ် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်ပစ်ခြင်းကိုလက်မခံခြင်းများကြောင့် ဖြစ်ကြောင်းဆိုသည်။ NLD နှင့် ယင်း၏ခေါင်းဆောင် အတွက် အမှန်တကယ် ဒုက္ခတွေ့စေခဲ့သော ကိစ္စမှာ မရှောင်နိုင်သော အမှန်တရားဖြစ်သည့် စစ်တပ်က ပြည်သူလူထုသို့ပေးသော အခြေခံဥပဒေ ဖြစ်သည်။ နိုင်ငံရေး အတန်းစားထုကြီးနှင့် လူထု အခြေပြုအဖွဲ့အစည်းများက အဆိုပါ လုပ်ငန်းစဉ်သစ်ကို စမ်းသပ် ကြည့်လိုကြခြင်း ဖြစ်သည်။
သင်ခန်းစာ ပို့ချမှုအပြီး မေးခွန်းနှင့် အဖြေများသည် တန်ဖိုးမဖြတ်နိုင်သော ထိုးထွင်းသိမြင်မှုများကို ဖြစ်ပေါ်စေသည်။ သူမသည် ရွေးကောက်ပွဲ များနှင့် အစိုးရသစ်အပေါ် ယုံကြည်မှု မရှိပေ။ အမှန်တကယ် ပြောင်းလဲမှုများ မရှိပဲ၊ လှပသော စကားလုံးများဖြင့် ပြောရုံဖြင့် မလုံလောက်ဟု ဆိုသည်။ သူမက ရှုမြင်သည်မှာ ဒီမိုကရေစီကို အရောင်ပြထားမှုသည် အာဏာရှင်စနစ် လုံးလုံးထက် ပို၍ အန္တရာယ်ကြီးသည်ဟု ဆိုသည်။ ပြည်သူလူထုက ပြောင်းလဲမှုများကို လိုလားခြင်းကြောင့် ပြောင်းလဲမှုများ ပြုလုပ်နေသယောင် ထင်ယောင်ထင်မှား ဖြစ်စေခြင်းကို ရှင်းပြသည်။ အများစုက သူမနှင့် သဘော မတူကြပါ။ သို့သော် သူမသည် ထိုအတိုင်း ရပ်တည်နေသည်။ NLD သည် နွံထဲတွင် နစ်နေပြီး အချိန်ကာလတစ်ခုတွင် အေးခဲသွားပြီဟု ဝေဖန်မှုများနှင့် အစိုးရနှင့် ညှိနှိုင်းရန် မူဝါဒ လေးခု ဖြစ်သော ဆက်ဆံရေး၊ အထီးကျန်ပြုရေး၊ အရေးယူမှုများ ချမှတ်ရေးနှင့် တိုက်ခိုက်ရေးအနက် မည်သည်ကို ရွေးမည်နည်းဟု မေးမြန်းမှုများကို သူမက တုန့်ပြန်ဖြေကြားရာတွင် “အရေးပါသော ဆက်ဆံရေး” ကို ပို၍ သဘောကျကြောင်း ဖြေသည်။ သူမက ကမ္ဘာကြီးအား မိမိတို့၏ ဒီမိုကရေစီကွန်ရက်ကို ကူညီရန်နှင့် ပြည်သူများ အစိုးရအပေါ် မှီခိုမှုများ လျော့ပါးပြီး စွမ်းအားရှိလာစေရန် အကူအညီ ပေးစေလိုကြောင်း ပြောသည်။ သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်ပြီး စေလွှတ်သော ငြိမ်းချမ်းရေးတမန်သည်သာ မျှော်လင့်ချက်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံမှ ပြဿနာများသည် အမြစ်တွယ်နေပြီး အရေးကြီးလှသည်။ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်မှု မရှိပဲ ထိုပြဿနာများကို ဖြေရှင်းရန်မှာ မလွယ်ကူလှပေ။
နိုင်ငံတကာ မူဝါဒများ
ဒေါ်အောင်ဆန်းစုကြည်၏ ပြည်တွင်း အခြေအနေများအပေါ် အမြင်ကို ကြည့်၍ထောက်ခံမှုရော ဝေဖန်မှုကိုပါ ဖြစ်စေသည်။ သူမအား ကြည်ညိုလေးစားသူများက သူမကို ရည်ရွယ်ချက်အား မဆုတ်မနစ် ကြိုးစားသူ စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ကြပြီး၊ ဝေဖန်သုံးသပ်သူများကမူ ခေါင်းမာပြီး လက်တွေ့မကျသော နိုင်ငံရေး သမားဟု ဆိုကြသည်။ သို့သော် နိုင်ငံတကာ ရေးရာအဖြစ် ရှုမြင်ရာတွင်မူ သူမနှင့် သဘောချင်း တိုက်ဆိုင်ရန် ခက်ခဲသည်။
သူမက အိန္ဒိယ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သော မူဝါဒကို ဝေဖန်ခဲ့သည်။ သူမက အိန္ဒိယသည် ကုန်သွယ်ရေးနှင့် မဟာဗျူဟာအကျိုးစီးပွားကို ရှေ့တန်း မတင်ပဲ၊ ဒီမိုကရေစီမူများကသာ ခိုင်မြဲစွာ စွဲမြဲနေသင့်သည်ဟု ဆိုသည်။ အခြား ဒီမိုကရေစီနိုင်ငံများ (တောင်အာဖရိက ကဲ့သို့ သူမ သဘောကျသော နိုင်ငံများ) က သူမ၏လှုပ်ရှားမှုကို ထောက်ခံကူညီမှု မရှိကြောင်း ၀န်ခံ ပြောကြားခဲ့ပြီး “ကျွန်မတို့ ၀မ်းတော့ အနည်းမိသား၊ ဒါပေမယ့် ရိုးနေပါပြီ” ဟု သူမက တည်ငြိမ်စွာ ပြောသည်။ သူမ၏ ၀မ်းနည်းမှုကို နားလည်ပေး၍ ရသော်လည်း၊ နိုင်ငံတကာမူဝါဒများ မည်သို့ လုပ်ကိုင်သည်ကို သူမ နားလည်ပါစဟု မေးရပေမည်။ တရုတ်နှင့်ပတ်သက်၍ သူမ၏ မှတ်ချက်များသည် ပို၍ လက်တွေ့မကျမှုကို ပြသနေသည်။ သူမက တရုတ်သည် မြန်မာနိုင်ငံတွင် တည်ငြိမ်မှုကို လိုလားသည်ဟု ပြောသည်။ (မှန်ပါသည်)။ မြန်မာနိုင်ငံတွင် တည်ငြိမ်မှုအတွက် တရုတ်က စစ်တပ်၏ဖိနှိပ်မှုမှ တဆင့် သော်လည်းကောင်း၊ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးမှ တဆင့် သော်လည်းကောင်း လုပ်ဆောင်နေသည်ဟု သူမကယုံကြည်နေသည်။ (မှားယွင်းပါသည်)။ နှစ်နိုင်ငံ၏ ဆွေမျိုး ပေါက်ဖော် ဆက်ဆံရေးသည် မကြာသေးမှီက မဟာဗျူဟာ ကျသော ပါတနာအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူမက ဥရောပ သမဂ္ဂသည် အလွန်တရာ ထောက်ခံကူညီကြောင်း ရှုမြင်ခဲ့ရာ ယခင်ကမှန်ကန်သည်ဟု ဆိုရမည် ဖြစ်သော်လည်း ယခုအခါ အဖွဲ့ဝင် နိုင်ငံ အတော် များများသည် မြန်မာအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် လမ်းကြောင်းရှာကြပြီ ဖြစ်သည်။
သူမအား သူမ၏စွန့်လွှတ်မှုများ (သေအံ့ဆဲဆဲ ခင်ပွန်းအား သွားရောက် နှုတ်ဆက်နိုင်သည့်အခွင့်အရေးကို ငြင်းဆိုခဲ့မှု အပါအ၀င်) သည် ပေးဆပ်မှု ကြီးမားနေသလောဟု မေးမြန်းရာ အချို့ယုံကြည်မှုအတွက် ပေးဆပ်သူ အများအပြား ရှိနေသေးကြောင်း ဖြေကြားသည်။ သူမအနေဖြင့် သူမ ၏ ဖြစ်တည်မှုတွင် အသက်အန္တရာယ် ပေးရမှုများ အတွက် သိရှိမှု ရှိမရှိ မေးမြန်းရာ “ဟုတ်တယ်။ ဒီလို အခြေအနေမျိုး အစောကြီးကတည်းက ရခဲ့ရင် ကောင်းမှာပါ”ဟု ဖြေကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ထူးခြားသော စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူမတွင် အောင်မြင်မှုများ၊ ပြဿနာများ၊ နှောင့်နှေးမှုများ ရောပြွန်း လျက် ရှိသည်။ ပညာရှင်တစ်ဦးအနေဖြင့် ပြောရလျှင် ပြည်တွင်းတွင် သူမသည် အမှောင် အတိကျနေသော ကာလရှည်ကြီး အတွင်း၌ မျှော်လင့်မှု ရောင်ခြည်အား ဆက်လက် ထွန်းညှိပေးထားနိုင်သူဟု ဆိုရမည် ဖြစ်သည်။ ပြည်ပတွင်မူ သူမသည် လွတ်မြောက်ခြင်း (liberty) အတွက် တိုက်ပွဲဝင်နေ သူများအတွက် လမ်းပြ ရှေ့ဆောင် ဖြစ်နေသည်ဟု ဆိုရမည်။ သို့သော် ဒီမိုကရေစီ မြန်မာနိုင်ငံကို ခေါင်းဆောင်ရန် သူမအာဏာရလာ ဦးမည်လော ….. ထိုကိစ္စမှာ သီးခြားကိစ္စသာ ဖြစ်သည်။
****************************************
ချမ်းသာကြွယ်ဝရေးနှင့် စီးပွားရေးတည်ငြိမ်မှုကို ပထမဦးစားပေးပြီးမှ အာဆီယံက ဒီမိုကရေစီအတွက် တွန်းအားပေးနိုင်မည်
(26 July 2011 ရက်စွဲပါ Jakata Globe မှ Yohanes Sulaiman ရေးသားသော Prosperity and Economic first, then Asean can push more democracy ကို ဘာသာပြန်ဆိုသည်)
ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်က ဘာလီတွင် ကျင်းပသော အာဆီယံဒေသတွင်း လုံခြုံရေးဖိုရမ်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က အာဆီယံ အထူးသဖြင့် အင်ဒိုနီးရှားအား မြန်မာနိုင်ငံ အရှေ့အလယ်ပိုင်းနှင့် အာဖရိက မြောက်ပိုင်းတွင် ဒီမိုကရေစီ ထွန်းကား ရေးကူညီရန် တိုက်တွန်းခဲ့သည်။
ဒီမိုကရေစီအား ပျံ့နှံ့ရန် ကြိုးပမ်းခြင်းမှာ အားကျဖွယ်ဖြစ်သည်ဆိုသည်ကို လက်ခံမည်ဖြစ်သော်လည်း အင်ဒိုနီးရှားနှင့် အာဆီယံသည် အမေရိကန် ပြည်ထောင်စု၏ ဒီမိုကရေစီမြှင့်တင်ခြင်း အထူးသဖြင့် မြန်မာနိုင်ငံတွင် လုပ်ဆောင်ပေးခြင်းကို အကြောင်းအချက်အချို့ ရှိသောကြောင့် ကူညီ ပေးရန် ဖြစ်နိုင်မည်မဟုတ်ပေ။
ပထမအချက်မှာ အမေရိကန်ပြည်ထောင်စု၏ လက်ရှိအားနည်းနေသော စီးပွားရေးသည် ယင်း၏ ရပ်တည်သော နေရာကိုပါ အားနည်းစေ သည်။ ၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်များဆီက ဆူနာမီကဲ့သို့ အတိုင်းအတာတစ်ခုထိ ပျံ့နှံ့ခဲ့သော ဒီမိုကရေစီသည် ဒေဝါလီခံနေသော ကွန်မြူနစ် တိုင်းပြည်များသို့ ပျံ့နှံ့ခဲ့သည်။ အဆိုပါတိုင်းပြည်များမှ အစိုးရများသည် ယင်းတို့၏ ပြည်သူများက သမ္မတ ရော်နယ်ရေဂင် လက်ထက် အမေရိကန်၏ ချမ်းသာမှုများနှင့် ၎င်းတို့၏ ဆိုးဝါးသော စီးပွားရေးအခြေအနေနှင့် နှိုင်းယှဉ်ခဲ့သောအခါ ကျဆုံးခဲ့ကြသည်။
ဂေါ်ဘာချော့သည် အောင်မြင်သော အနောက်နိုင်ငံ စီးပွားရေးမော်ဒယ်ကို စဉ်းစားပြီး နိုင်ငံရေးကို ဖွင့်ပေးပြီး စီးပွားရေးပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ဖရန်စစ်ဖူကူယားမားက လစ်ဘရယ် ဒီမိုကရေစီ၏ အရေးပါသော ပြောင်းလဲဖြစ်ပေါ်မှုကို အထိမ်းအမှတ် အဖြစ် နာမည်ကြီးသော အက်ဆေး “The End of History” ကို ထုတ်ဝေခဲ့သည်။
သို့သော် ယနေ့စီးပွားရေးနှင့် ပတ်သက်သော မိုးလေဝသ အခြေအနေမှာ အာဏာရှင်ခေါင်းဆောင်များနှင့် ယင်းတို့၏ ပြည်သူများသည် အမေရိကန် ၏ စီးပွားရေးအရ စည်းမျဉ်းစည်းကမ်း အားနည်းမှုနှင့် ကြွေးမြီထူထပ်မှုကို စိတ်ပျက်လက်ပျက် ပြောဆိုလာသည်။
အာဏာရှင်ခေါင်းဆောင်များနှင့် ငွေမသုံးနိုင်သော ပြည်သူများသည် အာဏာရှင်တစ်ဝက် စင်ကာပူ ပုံစံကို ချီးကျူးပြောဆိုခဲ့ကြသည်။ အသုံးအဖြုန်း ကြီးသော အမေရိကန်၏ ဒီမိုကရေစီထက် တရုတ်၏ စီးပွားရေး အာဏာရှင်စနစ်ကို ပိုမိုကြိုက်နှစ်သက်ကြသည်။
ယင်းတို့က တရုတ်နှင့် စင်ကာပူနိုင်ငံများသည် ခေါင်းဆောင်ကောင်း၏ အောက်တွင် အားကောင်းသော စီးပွားရေးဖွံ့ဖြိုးမှု ရှိရန် တည်ဆောက် နိုင်ခဲ့သော်လည်း အမေရိကန်မှာမူ ကမ္ဘာ့စီးပွားရေးပျက်ကပ် ဝဲဂယက်ထဲတွင် ရှိနေဆဲဖြစ်ကြောင်း ရှုမြင်ကြသည်။ ထို့အပြင် ဝါရှင်တန်တွင် ရီပတ်ဘလစ်ကန်များနှင့် ဒီမိုကရက်များအကြားတွင် အမြင်မတူသူများဖြင့် သဘောတူညီမှု မရနိုင်ရှိနေပြီး အိုဘားမားကလည်း အရည်အချင်း မရှိခြင်း တို့ကြောင့် အမေရိကန်၏ ဂုဏ်သိက္ခာကျဆင်းခဲ့ရသည်။ စီးပွားရေးအရ အဆင့်သတ်မှတ်ချက်ကိုမူ ဖော်ပြလိုခြင်း မဟုတ်ပေ။
အကယ်၍ ဒီမိုကရေစီသည် ဘာမျှ မပေးနိုင်ဘဲ စီးပွားရေး ပြဿနာများ၊ နိုင်ငံရေးအရ အမြင်မတူ ငြင်းခုန်မှုများကိုသာ ဖြစ်စေသည်ဟု ဆိုလျှင် အဘယ်ကြောင့် လူတိုင်းက ဒီမိုကရေစီကို လိုချင်နေကြသနည်း။ တရုတ်ပြည်မှ အာဏာရှင်စနစ် သို့မဟုတ် စင်ကာပူ၏ တစ်ဝက်စနစ်တို့ကို စဉ်းစား ကြည့်လျှင် ယင်းတို့သည် မိမိတို့ ဘာလုပ်နေသည် ဆိုသည်ကို သိ၍ လိုအပ်သည့် အချိန်တွင် အချိန်ကိုက်ဆုံးဖြတ်ချက် မှန်စွာ လုပ်ကိုင်နိုင်စွမ်း ရှိကြသည်။
၁၉၃၀ ခုနှစ်များဆီက စီးပွားရေးပျက်ကပ်ကို ပြန်ကြည့်လျှင် စီးပွားရေးပြဿနာများကြောင့် ဒီမိုကရေစီကို လေးစားမှုများ လျော့နည်းခဲ့ရသည်။ အားကောင်းသော အစိုးရများကို တောင်းဆိုမှုများ ပေါ်ပြူလာဖြစ်လာခြင်းကြောင့် ဂျာမနီနှင့် အီတလီတို့တွင် တစ်ဦး၊ တစ်ပါတီတည်း အုပ်ချုပ်သော စနစ်များ ပေါ်ထွက်လာသည်။ နောက်ဆုံးတွင် ၁၉၈၀ ခုနှစ်များဆီက စီးပွားရေးအရ ကြွယ်ဝလာမှုများသည် ကွန်မြူနစ်ဝါဒ အဆုံးသတ်ရန် အချက်ပေး လိုက်ခြင်းပင် ဖြစ်သည်။
အရေးအကြီးဆုံးအချက်မှာ သမ္မတဟောင်း ဘီလ်ကလင်တန် ပြောခဲ့သည့်စကား မှန်ကန်နေခြင်းဖြစ်သည်။ စီးပွားရေးသာ အခရာကျသည်။ အမေရိကန်ပြည်ထောင်စုသည် အစိုးရနှင့်ဆိုင်သော ငွေကြေးများစနစ်တကျ ပြန်ဖြစ်လာသည်နှင့်အမျှ ဒီမိုကရေစီ၏ လမ်းပြအလင်းရောင် ပြန်ဖြစ်လာပြီး အများက အတုယူလာလိမ့်မည် ဖြစ်သည်။
အခြား ဟီလာရီကလင်တန် ပြောခဲ့သော စကားများမှာ အာဆီယံအပေါ် သက်ရောက်မှု လွန်စွာ ရှိမည်မထင်ပေ။ သူမက အာဆီယံသည် ယင်း၏ အဖွဲ့ဝင်နိုင်ငံများအပေါ် အာဏာတည်ခြင်းသိပ်မရှိဟု ဆိုခဲ့ခြင်းဖြစ်သည်။ အာဆီယံတွင် အဖွဲ့အစည်းတစ်ခုအသွင် တည်ဆောက်ပုံနှင့် အပြစ် ပေးမှု ယန္တရားများ မရှိခြင်းကြောင့် တစ်စုံတစ်ရာ ပြုလုပ်စရာရှိလျှင် မဲပေးခြင်းနှင့် အဖွဲ့ဝင်များ၏ စိတ်အားထက်သန်မှုရှိမှသာ မူတည်လုပ်ဆောင်နေကြ သည်။ ဥရောပသမဂ္ဂတွင်မူ ယင်း၏ အဖွဲ့ဝင်များအား စီးပွားရေးမူဝါဒများမှတစ်ဆင့် ဆုပေးဒဏ်ပေးစနစ်ကို ကျင့်သုံးနိုင်စွမ်းရှိသော်လည်း အာဆီယံမှာ လူမှုရေး ဖိအားများပေးခြင်းနှင့် အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်မည်ဟု ခြိမ်းခြောက်ခြင်းတို့သာ ရှိသည်။
သို့သော်အဖွဲ့ဝင်နိုင်ငံများက ပထဝီမဟာဗျူဟာ(Geostrategic) အရ စိုးရိမ်ပူပန်မှုများကြောင့် လူမှုရေးအရ ဖိအားများမှာ ထိရောက်မှု မရှိလှပေ။ မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ဖိနှိပ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရွေးကောက်ပွဲ မသမာမှုများကြောင့် အာဆီယံသည် ရှက်ရွံ့မှုများ ရှိခဲ့သော်လည်း အဖွဲ့ဝင်နိုင်ငံများသည် စီးပွားရေးအရ ဩဇာလွှမ်းမိုးမှု အနည်းငယ်သာရှိ၍ အရေးယူမှုများ ပြုလုပ်ရန် မဖြစ်နိုင်ခဲ့ပေ။ မြန်မာနိုင်ငံ၏ မူရင်း ဥက္ကဋ္ဌကြီး တရုတ်ကို စိတ်အခန့်မသင့်အောင် ပြုမိပါက မြန်မာနိုင်ငံအတွက် ထိခိုက်နိုင်ပေသည်။
ယခုအခြေအနေတွင် အာဆီယံသည် တောင်တရုတ်ပင်လယ်မှ ပဋိပက္ခကို ဦးစားပေး အာရုံပြုနေရာ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးကိစ္စများကို ပြောဆိုရန် ကန့်ကွက်ရန် လုံးဝမစဉ်းစားထားပေ။ နိုင်ငံတကာနှင့်ဆိုင်သော အရေးဟု သတ်မှတ်ကာ ထားသည့်သဘော ရှိသည်။ တောင်တရုတ် ပင်လယ်ကိစ္စသည် အာဆီယံ၏ လုံခြုံရေးနှင့် အကျိုးစီးပွားကို ခြိမ်းခြောက်လာနိုင်သည်။ အာဆီယံသည် ယခုကိစ္စတွင် ရွေးချယ်စရာ အကန့်အသတ် ရှိနေသည်။
ထို့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံအများစု၏ လူ့အခွင့်အရေးမှတ်တမ်းများကလည်း ကောင်းလှသည်မဟုတ်ပေ။ မကြာသေးမီက ဖြစ်ပွားသော မလေးရှားနိုင်ငံမှ Berish 2.0 လှုပ်ရှားမှုများတွင် နိုင်ငံရေးအရ ဖိနှိပ်မှုများသည် လွတ်လပ်စွာ ဟောပြောခွင့်နှင့် တရားမျှတသော ရွေးကောက်ပွဲများ အတွက် အာမခံထားသော ဒီမိုကရေစီ နိုင်ငံတစ်ခုအတွက် ပုံရိပ်ကို အားနည်းစေခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံတွင် ဘာသာရေးလူမျိုးစုများအပေါ် အကြမ်း ဖက်ခြင်း၊ အချို့အစိုးရ တာဝန်ရှိသူများက ဥပဒေကို မလေးစားဘဲ အချို့ဘာသာရေး လူမျိုးစုများကို လူမျိုးရေးခွဲခြားသော မူဝါဒများ ချမှတ်ခြင်းနှင့် မကြာသေးမီက Papua တွင် လူ့အခွင့်အရေးချိုးဖောက်သည့် သတင်းပေးပို့ချက်များသည် အများအား မျက်မှောင်ကြုတ်စေသော အကြောင်းအချက်များ ဖြစ်သည်။ အာဆီယံနိုင်ငံများသည်ယင်းအတွက် အပြစ်ပေးခြင်းလည်း မခံရပေ။ အတိုချုပ်ဆိုရလျှင် အာဆီယံနိုင်ငံများသည် လူ့အခွင့်အရေးကိစ္စများ တွင် သူ့အရပ်နှင့် သူ့ဇာတ်ဖြစ်နေသဖြင့် အခြားသူများကို လူ့အခွင့်အရေးကိစ္စ သင်ခန်းစာပို့ချရန် မဖြစ်နိုင်သည့် အဆင့်တွင် ရှိနေသည်။
အထက်ပါအချက်များကို ကြည့်၍ပြောရမည်ဆိုလျှင် အင်ဒိုနီးရှားသည် အမေရိကန်ပြည်ထောင်စု၏ ဒီမိုကရေစီ မြှင့်တင်ရေးလုပ်ငန်းတွင် ကူညီရန် နိုင်ငံရေးရည်မှန်းချက် ရှိမည်မဟုတ်ပေ။ အင်ဒိုနီးရှားနိုင်ငံတွင် သမ္မတ Susilo Bambang Yudhoyono ၏ ပါတီ ပါဝင်ပတ်သက်နေသော အများ လက်မခံနိုင်သော နိုင်ငံရေးပြဿနာများ ရှိနေနှင့်ပြီး ဖြစ်သည်။ နာဇရူဒင်၏ စွပ်စွဲချက်များ တစ်ခုပြီးတစ်ခုကလည်း အစိုးရကို အာရုံစိုက်လာစေပြီး နိုင်ငံခြားရေးမူဝါဒနှင့် စတင် လုပ်ဆောင်မှုများ ဖြစ်စေပြီး အစိုးရ၏ ပြည်သူလူထုအုံကြွမှုကို ငြိမ်သက်အောင် ကြိုးစားရာတွင် ပထမဆုံး ဆုံးရှုံးမှု ဖြစ် သည်။
ယနေ့အင်ဒိုနီးရှားတွင် ပြည်သူများသည် အစိုးရနှင့် ဥပေဒပြုအဖွဲ့အစည်းများ၏ လုပ်ဆောင်မှုများကို စောင့်ကြည့်နေကြသည်။ လုပ်ဆောင်ရန် အရည်အချင်းမရှိမှု၊ အလုပ်မဖြစ်မှုများကို စိတ်ပျက်လက်ပျက် ပြောဆိုနေကြသည်။ ယင်းတို့သည် အတိတ်က ဆူဟာတိုလက်ထက် တည်ငြိမ်မှုနှင့် စီးပွားရေးတိုးတက်မှုများကို ပြန်လည် တမ်းတခဲ့ပြီး လက်ရှိ အစိုးရအား လစ်ဘရယ် ဒီမိုကရေစီကို မလုပ်ဆောင်နိုင်ခြင်း အတွက် အပြစ်တင်ခဲ့ကြသည်။ လူနည်းစုကလည်း ဆူဟာတိုလက်ထက်က ဖိနှိပ်မှုမျိုး ပြန်လာမည်ကို နီးကပ်နေသည်ဟု စိုးရိမ်မှုများလည်း ရှိနေသည်။
ထို့ကြောင့် ဟီလာရီကလင်တန်က စီးပွားရေးလုပ်ငန်းစဉ် စိတ်ဓာတ်ကို အားပေးခြင်းမှာ မှန်ကန်ပါသည်။ ဒီမိုကရေစီ ပိုမိုဖြစ်ပေါ်ရေးကို တွန်းအား ပေးခြင်းသည် လိုအပ်သော အစိတ်အပိုင်းတစ်ခု ဖြစ်သကဲ့သို့ စီးပွားရေးအရ လိုလား တောင့်တချက်များ ဖြည့်ဆည်းရေးကလည်း လိုအပ် ပေသည်။ ချမ်းသာကြွယ်ဝလာမှုသည် ဒီမိုကရေစီ ပြန့်ပွားရေး အတွက် အကောင်းဆုံး နည်းလမ်းဖြစ်ပြီး အမေရိကန်အနေဖြင့် ပထမဆုံးလုပ်ရမည့် အလုပ်မှာ ယင်း၏ စီးပွားရေး နေသားတကျဖြစ်ရေးကို နာကျင်သော စွန့်လွှတ်အနစ်နာခံမှုများ ပြုလုပ်၍ လုပ်ဆောင်ရမည်ဖြစ်ပေသည်။
*********************************************
အာရှလုံခြုံမှုအတွက် အိန္ဒိယကို လိုအပ်ကြောင်း ဩစတြေးလျ ဝန်ကြီးပြောကြား
(AFP သတင်းမှ 28 July 2011 ရက်စွဲပါ “Asia Security needs India: Australia Minister” ကို ဘာသာပြန်ဆိုသည်)
ဩစတြေးလျကာကွယ်ရေးဝန်ကြီးက အိန္ဒိယနိုင်ငံအနေဖြင့် အာရှတိုက်တွင် ကြီးမားသော ကဏ္ဍမှ ပါဝင်ရန် ဗုဒ္ဓဟူးနေ့တွင် တိုက်တွန်း ပြောကြား လိုက်ပြီး တရုတ်နိုင်ငံအပေါ် လွန်စွာ သတိထားလျက်ရှိသည့် ဒေသတွင် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံနှင့် အကောင်း ဘက်တော်သား အင်အားစု တစ်ခုဖြစ်သည်ဟု ခေါ်ဝေါ် ပြောဆိုလိုက်သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က သူမ၏ အိန္ဒိယခရီးစဉ်တွင် အာရှ၏ အနာဂတ်ကို မှန်ကန်ကောင်းမွန်အောင် ပုံသွင်း နိုင်မည့် အလားအလာဟု အလားတူသဘောမျိုး သက်ရောက်နေသည့် စကားကို ပြောဆိုခဲ့ပြီး တစ်ပတ်ခန့်အကြာတွင် ဩစတြေးလျ ကာကွယ်ရေး ဝန်ကြီး စတီဖင်စမစ်က ဝါရှင်တန်တွင် အထက်ပါအတိုင်း မေတ္တာရပ်ခံ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
အာရှ ပစိဖိတ်ဒေသ၏ လုံခြုံရေးနှင့် ပတ်သက်၍ ဩစတြေးလျ၏ အမြင်ကို စမစ်က ထပ်မံပြောဆိုခဲ့ပြီး ဩစတြေးလျသည် ကြီးထွားလာသော တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ကြိုးစားနေသည်ဟု ဆိုသော်လည်း ယင်း၏ မိန့်ခွန်းတွင် အိန္ဒိယနိုင်ငံ၏ အလားအလာနှင့် ဆိုက်ဘာစစ်ပွဲ ကဲ့သို့ စိန်ခေါ်မှုအသစ်များကို အတော်များများ ဇောင်းပေးပြောဆိုခဲ့သည်။
အိန္ဒိယနိုင်ငံက ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ပေါ်ထွက်လာနေတဲ့ အင်အားကြီးနိုင်ငံအဖြစ် ပါဝင်နိုင်တယ်။ ပါဝင်သင့်တယ် ဆိုတဲ့ ကိစ္စဟာ ကျွန်တော်တို့အားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်ပါတယ် ဟု Brookling Institition think tanl တွင် စမစ်က ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံရဲ့ အရေးပါမှုကို လျှော့ပြီးတွက်လို့ မရနိုင်ပါဘူး။ အိန္ဒိယနိုင်ငံရဲ့ဒီမိုကရေစီ အရည်အသွေးတွေက ကမ္ဘာမှာ မဟာဗျူဟာမြောက် အင်အားကြီး နိုင်ငံ တစ်ခု ဖြစ်လာအောင် ကူညီပေးနေပါတယ် ဟုလည်း စမစ်က ဆိုသည်။
အိန္ဒိယနိုင်ငံဟာ ပြည်တွင်းဖွံ့ဖြိုးရေး သိသိသာသာ အရှိန်ရမှုနဲ့အတူ ဒေသတွင်းနဲ့ ကမ္ဘာ့နယ်ပယ်မှာ အပြုသဘောဆောင်တတ်ကြတဲ့ ကဏ္ဍက ပါဝင်မှု တွဲဖက်နေတဲ့ နိုင်ငံတစ်ခု ဖြစ်တယ်လို့ ကျွန်တော်တို့ ရှုမြင်ထားပါတယ်၊ ကျွန်တော်တို့ဒေသဟာ အနောက်ဖက်ကို မျှော်ကြည့်သလို အရှေ့ဖက် ကိုလည်း လှမ်းကြည့်ဖို့ လိုအပ်နေပါတယ်၊ ဆစ်ဒနီနဲ့ ရှန်ဟိုင်းထက် ပါ့သ်နဲ့ ချန်နိုင်းက ပိုပြီးနီးစပ်ပါတယ် ဟု စမစ်က ဆက်လက်ပြောသည်။
နှစ်နိုင်ငံစလုံး၏ မဟာမိတ်ဂျပန်နိုင်ငံနှင့်အတူ အမေရိကန်ပြည်ထောင်စုနှင့် ဩစတြေးလျနိုင်ငံတို့သည် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ အပါအဝင် အိန္ဒိယ နိုင်ငံနှင့် ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့် အားဖြည့်လျက် ရှိသည်။
တရုတ်နိုင်ငံသည် ယင်း၏ စစ်တပ်ကို အဆောတလျင် ခေတ်မီအောင် ဆောင်ရွက်နေသည့်အပြင် ပြီးခဲ့သော လများအတွင်း ဘေဂျင်းက ရန်စ ကျူးကျော်သည်ဟု ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့က စွပ်စွဲထားကြသည့် တောင်တရုတ် ပင်လယ်ပြင်၌လည်း တင်းမာမှုများ ကြီးထွားလျက် ရှိသည်။
တရုတ်နှင့် အိမ်နီးချင်းနိုင်ငံများအတွက် အဆိုပါ အငြင်းပွားမှုမျိုးကို နိုင်ငံတကာ ဥပဒေများအရ ဖြေရှင်းခြင်းသည် အလွန်အရေးကြီးသည်ဟု လည်း စမစ်က ယင်းအား မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
“တရုတ်နိုင်ငံဟာ စီးပွားရေးကြီးထွားရုံသာမကပဲ စစ်တပ် အရွယ်အစားနဲ့ စွမ်းရည်ပါ ကြီးထွားလာတာကြောင့် ဘယ်လိုသမိုင်းရေးအမြင် သုံးသပ်စိတ်ဖြာမှုမှာမဆို တရုတ်နိုင်ငံကို အသေအချာ ထည့်သွင်းစဉ်းစားကြရပါတယ်၊ ကျွန်တော်တို့အားလုံး တရုတ်နိုင်ငံကို တောင်းဆိုနေကြတဲ့ အချက်ကတော့ သူတို့ရဲ့မဟာဗျူဟာမြောက် ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ရာမှာ ပွင့်လင်းမြင်သာမှု ရှိရေးပဲဖြစ်ပါတယ်” ဟု စမစ်က ပြောကြားသည်။
ထို့နောက်တွင် စမစ်သည် အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တာနှင့် ဆွေးနွေးပွဲများ ကျင်းပခဲ့ရာ ယခုလအတွင်း ပင်တဂွန်တွင် ရာထူးလွှဲပြောင်းယူခဲ့သည့် လီယွန်ပန်နက်တာ၏ ပထမဆုံး နိုင်ငံခြားဧည့်သည်တော် တစ်ဦး ဖြစ်လာသည်ဟု သိရှိရသည်။ ယင်းတို့နှစ်ဦးသည် အာဖဂန်နစ္စတန်စစ်ပွဲ အပါအဝင် ကိစ္စရပ်များစွာကို ဆွေးနွေးခဲ့ကြသည်ဟု ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ဂျော့လစ်တယ်က သတင်းထုတ်ပြန်ခဲ့သည်။
အာဖဂန်နစ္စတန်ရှိ ဩစတြေးလျတပ်ဖွဲ့ ၁၅၀၀ ခန့်အနက် အများစုမှာ အူဂူစဂန်ပြည်နယ်တွင် တာဝန်ထမ်းဆေင်နေကြပြီး အာဖဂန်နစ္စတန် ရှိ နိုင်ငံတကာ လုံခြုံရေးအကူတပ်ဖွဲ့ ISAF ကို ဦးဆောင်နေသည့် နေတိုး မဟာမိတ်များပြီးလျှင် အင်အားအများဆုံး တပ်ဖွဲ့ဖြစ်သည်ဟု သိရှိရသည်။
အာဖဂန် စစ်ပွဲနှင့် ပတ်သက်၍ ကမ္ဘာတစ်လွှား လူထုက စိတ်ပျက် ငြီးငွေ့နေသော်လည်း ဩစတြေးလျက လက်ရှိတပ်ဖွဲ့ အနေအထားအတိုင်း ဆက်၍ ထားရန် စီစဉ်လျက် ရှိသည်။ သမ္မတအိုဘားမားသည် အမေရိကန်တပ်ဖွဲ့များ ကို သုံးဆတိုးခဲ့သော်လည်း ၂၀၁၄ နှစ်ကုန်တွင် ပြီးစီးမည့် တပ်ရုတ်သိမ်းမှု အစီအစဉ်ကို စတင်နေပြီဖြစ်သည်။
နိုင်ငံတကာအသိုင်းအဝိုင်းဟာ ဒီအနေအထားကို ရောက်လာအောင် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ကြရပါတယ်၊ ဒါပေမဲ့ အခု NATO နဲ့ ISAF ရဲ့ လုပ်ငန်းတွေ၊ အာဖဂန်တပ်တွေနဲ့ ကျွန်တော်တို့ အထူးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေ အလုပ်ဖြစ်နေပါတယ် ဟု စမစ်က ဆိုသည်။
သို့သော်လည်း အာဖဂန်စစ်ပွဲ ဝေဖန်ဆန်းစစ်သူများက အရပ်သား သေကျေထိခိုက်မှုများနှင့် ယခုလအတွင်း ထိပ်တန်းနိုင်ငံရေး ခေါင်းဆောင် နှစ်ဦး လုပ်ကြံသတ်ဖြတ်ခံရသော အာဖဂန်နစ္စတန်တောင်ပိုင်းတွင် လုံခြုံရေးစိတ်မချရခြင်းကို ထောက်ပြထားကြသည်။
********************************************
တောင်ကိုရီးယားနှင့် အိန္ဒိယ 'နျူ' နည်းပညာ အရောင်းအဝယ်စာချုပ် ချုပ်ဆို
(BBC သတင်းကို ဘာသာ ပြန်ဆိုသည်)
အိန္ဒိယနှင့်တောင်ကိုရီးယားနှစ်နိုင်ငံ နျူကလီးယားရောင်းဝယ်မှုသဘောတူညီချက်စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ရာ အိန္ဒိယ စွမ်းအင်ဈေးကွက်တွင်း သို့ ဝင်ရောက်လိုသည့် တောင်ကိုရီးယားနိုင်ငံ၏ ရည်မှန်းချက်များအကောင်အထည် ပေါ်လာတော့မည် ဖြစ်သည်။
နှစ်နိုင်ငံသဘောတူညီချက်အရ တောင်ကိုရီးယားအနေဖြင့် အရပ်ဘက်သုံးနျူကလီးယားစွမ်းအင်နည်းပညာများကို အိန္ဒိယနိုင်ငံသို့ တင်ပို့ ရောင်းချ နိုင်မည် ဖြစ်သည်။ ထိုသို့သဘောတူညီချက်ရရှိမှုသည် အိန္ဒိယနိုင်ငံတွင်း စွမ်းအင် လိုအပ်ချက်ပြည့်မီရေးအတွက် အစွမ်းကုန်လုံးပန်းနေရသည့် အချိန်တွင်ရရှိခဲ့ခြင်းလည်းဖြစ်ပြီး ယင်းသဘော တူညီချက်ကြောင့် တောင်ကိုရီးယားသည် အိန္ဒိယနှင့် နျူကလီးယားစာချုပ် ချုပ်ဆိုသော နဝမမြောက် နိုင်ငံ ဖြစ်လာသည်။
"အိန္ဒိယနိုင်ငံ အရပ်ဘက်နျူကလီးယားစွမ်းအင်အခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ရာတွင် တောင်ကိုရီးယားနိုင်ငံအနေဖြင့် မိတ်ဖက် တစ်ဦး အဖြစ်ပါဝင်လာနိုင်ရန် ကျွန်ုပ်တို့ကြိုးပမ်းသွားမည်ဖြစ်သည်" ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Sanjay Singh ကပြောကြားသည်။
Win-Win အနေအထားလော
အိန္ဒိယနိုင်ငံ၏ နျူကလီးယားစွမ်းအင်ဈေးကွက်မှာ အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံ (စတာလင်ပေါင် ၉၇ ဘီလီယံ) တန်ဖိုးခန့်ရှိမည်ဟု ခန့်မှန်းရသည်။ အိန္ဒိယ အောက်လွှတ်တော်က ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်တွင် နျူကလီးယားစွမ်းအင် ဈေးကွက်တံခါးဖွင့်ပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဥပဒေတစ်ရပ်ကိုအတည်ပြုပေးခဲ့သည်။
အိန္ဒိယနိုင်ငံအနေဖြင့် နျူကလီးယားလျှပ်စစ်စွမ်းအင်အပေါ် မှီခိုမှုပိုမိုကြီးထွားလာသည့်အတွက်ကြောင့် အခြား နိုင်ငံမှ ကုမ္ပဏီကြီးများ နိုင်ငံတွင်းသို့ ဝင်ရောက်ပြီး နျူကလီးယားဓာတ်ပေါင်းဖိုများ တည်ဆောက်ခွင့်ပြုသည့် ဥပဒေကို အောက်လွှတ်တော်က အတည်ပြုပေးခဲ့ခြင်းလည်း ဖြစ်သည်။ ထို့ပြင် အိန္ဒိယသည် လာမည့်နှစ်များအတွင်း နျူကလီးယား ဓာတ်ပေါင်းဖို ၃၀ ခန့်တည်ဆောက်ရန်စီစဉ်ထားပြီး ၂၀၅၀ မှစ၍ လျှပ်စစ်စွမ်းအား လေးပုံတစ်ပုံခန့် နျူကလီးယားစွမ်းအင်မှ ရရှိနိုင်ရန်မျှော်မှန်းထားသည်။
ယခုလို အိန္ဒိယနိုင်ငံတွင် နျူကလီးယားစွမ်းအင် ဈေးကွက်ကြီးမားလာချိန်တွင် တောင်ကိုရီးယားနိုင်ငံ၏ နျူ စွမ်းအင်အခန်းကဏ္ဍမှာလည်း လတ်တလောနှစ်များအတွင်း အဆမတန်ဖွံ့ဖြိုးတိုးတက်လာသည်ကိုတွေ့ရသည်။ တောင်ကိုရီးယားနိုင်ငံ၏ လျှပ်စစ်ဓာတ်အား သုံးပုံတစ်ပုံခန့်မှာ နျူကလီးယားလျှပ်စစ်ဓာတ်ပေါင်းဖိုများက ထုတ်လုပ်ပေးနေခြင်း ဖြစ်သည်။ အိန္ဒိယနိုင်ငံက နျူကလီးယားစွမ်းအင်ဈေးကွက် ပိုမိုကြီးမားလာမည့် နည်းလမ်း ရှာဖွေလျက်ရှိပြီး တောင်ကိုရီးယားက ၎င်း၏ နျူနည်းပညာများအား တင်ပို့ရောင်းချရန်ကြိုးပမ်းနေချိန်တွင် ယခုလို နှစ်နိုင်ငံ သဘောတူညီ ချက် စာချုပ်က အပြန်အလှန်အကျိုးစီးပွား ရရှိစေမည်ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။
"တောင်ကိုရီးယားနိုင်ငံမှာ အိန္ဒိယနိုင်ငံကို အကူအညီပေးနိုင်မယ့် စွမ်းအင်နည်းပညာဆိုင်ရာ အခြေခံ အဆောက်အအုံကောင်းတွေ အများကြီး ရှိပါတယ်၊ ပြောရရင် ဒါဟာ နှစ်နိုင်ငံစလုံးအတွက် အပြုသဘောဆောင်တဲ့ အပေးအယူတစ်ခု ဖြစ်ပါတယ်" ဟု IHS Global Insight မှ Rajiv Biswa က သုံးသပ် ပြောကြားသည်။
*****************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.