yangonchronicle 2011 |
၁၆.၈.၂၀၁၁
ပြည်တွင်းသတင်းများ
ကုန်ဈေးနှုန်းတည်ငြိမ် ကျဆင်းရေးကော်မတီ ရန်ကုန်တိုင်းဒေသကြီးတွင် စတင်ဖွဲ့စည်း
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရောင်းချနေသော စားသောက်ကုန်များ ကုန်ဈေးနှုန်းတည်ငြိမ် ကျဆင်းရေးအတွက် ကုန်ဈေးနှုန်းတည်ငြိမ် ကျဆင်းရေး ကော်မတီကို ရန်ကုန်တိုင်းဒေသကြီးတွင် စတင်ဖွဲ့စည်းခဲ့ကြောင်း ရန်ကုန်မြို့ မြို့တော် ခန်းမတွင် ပြုလုပ်ခဲ့သော အစည်းဝေးတွင် သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ် ၄၂ မြို့နယ်တွင် ရောင်းချနေသော စားသောက် ကုန်စည်များကို ကုန်ဈေးနှုန်း တည်ငြိမ် ကျဆင်းရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အဖွဲ့ဝင် ၃၀ ဦးဖြင့် အထက်ပါ ကော်မတီကို ဖွဲ့စည်းလိုက်ရာ ယခုလမှစတင်ကာ ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ဆောင်ရွက်ရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့်အတူ မြို့နယ်အသီးသီးရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများလည်း ပါဝင်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း အဆိုပါ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ကော်မတီအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရှားပါးကုန်စည်များအား၊ အခြားသော တိုင်းဒေသကြီးများနှင့် ပြည်နယ်များသို့ တင်ပို့ရောင်းချမှုများကို စနစ်တကျ ကြီးကြပ်ကန့်သတ်သွားမည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှု လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအတွက် လိုအပ်သော စက်သုံးဆီများအား မြို့နယ်အာဏာပိုင်အဖွဲ့အစည်းများမှ လိုအပ်သော ဆောင်ရွက်မှုများကို ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
စီးပွားရေးပညာရှင်တစ်ဦးမှ ယခုကဲ့သို့ ကုန်ဈေးနှုန်း တည်ငြိမ်ရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်ခြင်းကို ကြိုဆိုရမည်ဖြစ်ပြီး သို့သော် ရန်ကုန်မြို့ တွင်မကဘဲ တစ်နိုင်ငံလုံး အတိုင်းအတာအရ ဆောင်ရွက်သင့်ကြောင်း ပြောကြားသည်။
Ref : Envoy News
-----------------------------------------------------------------------------------------------------------------------
ပြည်ပရောက်လုပ်သားများ၏ မိသားစုဝင်များအတွက် အတိုးနှုန်းသက်သာစွာ ချေးငွေများပေးမည်
ပြည်ပသို့ ရောက်ရှိနေသည့် မြန်မာအလုပ်သမားများနှင့် ပြည်တွင်း၌ ကျန်ရစ်နေခဲ့သည့် မိသားစုများ အဆင်ပြေနိုင်စေရန် သင့်လျော်သည့် ထောက်ပံ့ငွေများကို အတိုးနှုန်းသက်သာစွာဖြင့် အလုပ်သမားဝန်ကြီးဌာနမှ ငွေထုတ်ချေးမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ပြည်ပရောက် မြန်မာအလုပ်သမားများအား ထောက်ပံ့မှုများ ပေးနိုင်ရန် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် နေပြည်တော်၌ ပြည်ပနိုင်ငံ အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ၏ ပထမဆုံးအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
၎င်း အစည်းအဝေး၌ ပြည်ပရောက် အလုပ်သမားများအတွက် အထောက်အကူပြု လုပ်ငန်းကော်မတီသုံးရပ်ကို ဖွဲ့စည်းခဲ့ပြီး ပြည်ပ၌ အလုပ်သွားရောက် လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသား အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ ရရှိရေး၊ တရားဥပဒေရေးရာ အကူအညီ ပေးရေး၊ နိုင်ငံတော်သို့ ချောမွေ့စွာ ပြန်လည်ရောက်ရှိပြီး မိသားစုနှင့် ပြန်လည်ပေါင်းစည်း နေထိုင်ရေး ကိစ္စရပ်များအား ဆောင်ရွက်နိုင်ရန် ဆွေးနွေး ခဲ့ကြောင်း သိရသည်။
ပြည်ပရောက် မြန်မာအလုပ်သမားများအတွက် အထောက်အကူပြု လုပ်ငန်းကော်မတီ၏ အဓိကလုပ်ဆောင်ရမည့် တာဝန်များမှာ မြန်မာ နိုင်ငံသားများ ပြည်ပသို့ မသွားရောက်မီဖြစ်စေ၊ သွားရောက် လုပ်ကိုင်နေစဉ်ဖြစ်စေ၊ ပြည်ပမှ မိခင်နိုင်ငံ အတွင်းသို့ ပြန်လည် ရောက်ရှိလာသည်ဖြစ်စေ ငွေရေး၊ ကြေးရေးအခက်အခဲရှိသော အလုပ်သမားများနှင့် ၎င်းတို့၏မိသားစုဝင်များအား သင့်လျော်သည့် ထောက်ပံ့ငွေများ ပေးအပ်ရန်နှင့် သက်သာသော အတိုးနှုန်းဖြင့် ချေးငွေထုတ်ပေးနိုင်ရန် ရန်ပုံငွေ ထူထောင်ရေး ကိစ္စရပ်များကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
YC
--------------------------------------------------------------------------------------------------------------------
လမ်ဘေးဈေးသည်များအတွက် ပုံစံ-၁၀ ပြောင်းရန် အချိန်ကာလ ထပ်မံတိုးမြှင့်
လမ်းဘေးဈေးသည်များအား ဈေးရောင်းရာတွင် အမြဲယူဆောင်လာရမည့် ပုံစံ-၁၀ ပြောင်းလဲခြင်း ကိစ္စရပ်အား ယခင် စက်တင်ဘာလကုန် အထိပာု သတ်မှတ်ထားသော်လည်း ယခုအခါ အချိန်တစ်လ ထပ်မံတိုးမြှင့်၍ အောက်တိုဘာလ ကုန်ထိတိုင် အချိန်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန် မြို့တော်စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားသည့် လမ်းဘေး ဈေးရောင်းချသူများနှင့် ပတ်သက်သည့် စည်းကမ်းများမှာ ပြည်သူများမှ လက်ခံထားသည့် မြို့နယ်ခြောက်မြို့နယ်အတွင်းရှိ နံပါတ်တပ်လမ်းများနှင့် လမ်းသွယ်များတွင် လမ်းဘေးဈေးသည်များ ဈေးရောင်း ချရာတွင် ၎င်းတို့ ရောင်းချသည့် မြို့နယ်အတွင်း နေထိုင်သူ ဖြစ်ရမည်ဖြစ်ပြီး ဈေးရောင်းချရာ၌ အမြဲပင် မှတ်ပုံတင် မိတ္တူနှင့် ပုံစံ-၁၀ မိတ္တူ ယူဆောင် သွားရမည် ဆိုသည့်အချက် ပါရှိသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ လမ်းဘေးဈေးသည်များအတွက် ဈေးရာင်းချခွင့်ပြုထားသည့် မြို့နယ်ခြောက်မြို့နယ် အတွင်းမှ ဈေးသည်များမှအပ အခြားမြို့နယ်များမှ ဈေးသည်များမှာ လာရောက် ရောင်းချခွင့် မရှိပာု သိရသည်။
လက်ရှိအချိန်၌ သက်ဆိုင်ရာမှ ခွင့်ပြုထားသည့် ခြောက်မြို့နယ်အတွင်း နေထိုင်ဈေးရောင်းချသည့် လမ်းဘေးဈေးသည်များမှာ ၂၀၀၀ ခန့် သာရှိပြီး အခြားမြို့နယ်များမှ ၎င်းခွင့်ပြုချက်ရ ခြောက်မြို့နယ်တွင် ဈေးလာရောက် ရောင်းချသည့် လမ်းဘေးဈေးသည် အရေအတွက်မှာ ၃၀၀၀ ခန့် ရှိကြောင်း သိရသည်။ ယခုကဲ့သို့ လမ်းဘေးဈေးသည်များ ဈေးရောင်းချခွင့် ကန့်သတ်လိုက်ရခြင်းမှာ ပြည်သူများ၏ လုံခြုံရေး အခြေအနေများကို ကာကွယ်နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
သက်ဆိုင်ရာမှ လမ်းဘေးဈေးသည်များ ဈေးရောင်းချခွင့်ပြုထားသည့် ခြောက်မြို့နယ်မှာ လမ်းမတော်၊ လသာ၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ ဗိုလ်တစ်ထောင်၊ ပုဇွန်တောင် မြို့နယ်တို့ပင် ဖြစ်ကြောင်း သိရသည်။
Ref: Venus News
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် တွေ့ဆုံမှုအပေါ် NLD၏ သဘောထား ထုတ်ပြန်
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ၏ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ နှစ်ကြိမ်တွေ့ဆုံပြီးနောက် ထုတ်ပြန်ခဲ့သော နှစ်ဦးသဘောတူညီချက်များ၊ ဆွေးနွေးမှုများ အပေါ် NLD ပါတီမှ ကြိုဆိုထောက်ခံကြောင်း သြဂုတ်၁၆ နေ့စွဲဖြင့် ထုတ်ပြန် လိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဆွေးနွေးခဲ့သည်များကို NLD ဗဟိုကော်မတီ အဖွဲ့အား ပြန်လည်ရှင်းပြခဲ့သဖြင့် ယင်းဆွေးနွေးချက်များကို သိရှိရပါကြောင်း၊ယင်းအတွက် အဆိုပါ တွေ့ဆုံဆွေးနွေးမှုများအား NLD ပါတီမှ ထောက်ခံ ပါကြောင်း ပါရှိသည်။
"ဒီိလို ထုတ်ပြန်ချက်တစ်စောင် ထုတ်တာဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးရဲ့ နီးစပ်ဖို့ ခြေလှမ်းတစ်ရပ်လို့ မြင်တယ်၊ ဒီထုတ်ပြန်ချက်ဟာ အပြုသဘောလည်း ဆောင်တယ်။ သူများတွေ ပြောနေသလို အစိုးရသစ်က အာဆီယံဥက္ကဌ နေရာယူချင်လို့ လုပ်နေတာပဲ ပြောပြော၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး အောင်မြင်ရင်တော့ အားတက်စရာပဲ"ဟု တိုင်းရင်းသားပါတီတစ်ခုမှ ခေါင်းဆောင်တစ်ဦးကဆိုသည်။
ယခုအချိန်သည် တိုင်းရင်းသားဒေသများ ငြိမ်းချမ်းရေးအတွက် အလျင်အမြန်လှုပ်ရှား ရမည့်ကာလတစ်ခု ဖြစ်သည့်အတွက် အစိုးရအနေဖြင့် ယင်းကိစ္စရပ်အား အလေးထားစေလိုကြောင်း ဆက်လက်ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးနောက်တွင် ပထမဆုံးနိုင်ငံရေးခရီးစဉ် အဖြစ် ပဲခူးနှင့်သနပ်ပင်သို့ ခရီးထွက်၍ ပြည်သူလူထုနှင့်တွေ့ဆုံခဲ့ကာ လူထုအနေဖြင့် မိမိတို့အား ဆက်လက်ထောက်ခံပါရန်နှင့် အဆက်အသွယ် မပြတ် နေကြပါရန် ပြောကြားခဲ့သည်။
ဇူလိုင် ၂၅ ရက်နေ့တွင်တစ်ကြိမ်၊ သြဂုတ်၁၂ ရက်နေ့တွင်တစ်ကြိမ် ဒေါ်အောင်ဆန်းစုကြည်နှင့်ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့သည် နိုင်ငံပိုင် စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာတွင် တွေ့ဆုံခဲ့ပြီး၊နှစ်ဦး နှစ်ဖက် အပြုသဘောဆောင်သော လုပ်ငန်းစဉ်များ လုပ်ကိုင်ဆောင်ရွက်ရန် သဘော တူညီချက် နှစ်စောင် ထုတ်ပြန်ခဲ့သည်။
YC(KS)
-----------------------------------------------------------------------------------------------------------------------
သမ္မတ ဦးသိန်းစိန် အသင်းအဖွဲ့များအား နေပြည်တော်တွင် မိန့်ခွန်း ပြောမည်
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် စီးပွားရေး၊လူမှုရေး အသင်းအဖွဲ့ ၅၀ ကျော်ကို သြဂုတ်လ ၁၇ ရက်နေ့တွင် နေပြည်တော်ရှိ Myanmar Convention Centre တွင်နိုင်ငံတော်၏ မူဝါဒအပေါ် အခြေခံသည့် မိန့်ခွန်းတစ်ရပ် ပြောကြားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦး၏ အဆိုအရ သိရှိရသည်။
အဆိုပါမိန့်ခွန်းအား နေ့လယ် ၂ နာရီတွင် စတင်ပြောကြားမည်ဖြစ်ပြီး၊နေ့လယ် ၁နာရီခွဲအရောက် MCC ခန်းမတွင် နေရာယူပေးပါရန် အကြောင်းကြားထားကြောင်း မြန်မာနိုင်ငံ ကုန်သည်/စက်မှု အသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
"ကျွန်တော်တို့ကို ၁၀ ဦးတက်ရောက်ဖို့ ဖိတ်ကြားတာပါ။ အခြား အသင်းအဖွဲ့တွေကိုလည်း ဖိတ်ကြားတယ်လို့ သိရပါတယ်"ဟုဆိုသည်။
ယင်းဆွေးနွေးပွဲအား သတင်းမီဒီယာများ တက်ရောက်ခွင့်ရမည်ကို မသိရှိရသေးသော်လည်း၊ ယင်းကိစ္စရပ်ကို နိုင်ငံတော်သမ္မတရုံးမှ တိုက်ရိုက် စီစဉ်ခြင်းဖြစ်ကြောင်း ယင်းတို့နှင့်နီးစပ်သူ တစ်ဦးကဆိုသည်။
သြဂုတ် ၁၆ ရက်နေ့က ပြုလုပ်သော စက်မှု(၂)ဝန်ကြီးနှင့်သတင်းမီဒီယာများ တွေ့ဆုံပွဲတွင်လည်း နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် သတင်း မီဒီယာများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း စက်မှု(၂)ဝန်ကြီးက ပြောကြားခဲ့ကြောင်း ယင်းနေ့က အစည်းအဝေးကို တက်ရောက်ခဲ့သူတစ်ဦးကဆိုသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုလွှတ်တော်တွင် တစ်ကြိမ်၊နိုင်ငံတော် သမ္မတရုံးတွင် တစ်ကြိမ်၊ဆင်းရဲမွဲတေမှု လျော့ချရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် တစ်ကြိမ်၊ မိန့်ခွန်းများပြောခဲ့ပြီး၊ ယင်းမိန့်ခွန်းများထဲမှ ပြည်သူလူထုအား ဂတိပေးထားချက်အချို့ကိုလည်း အကောင်အထည် ဖော်ဆောင်နိုင်ခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစုပါတီမှ ခေါင်းဆောင်တစ်ဦးကဆိုသည်။
YC(KS)
-----------------------------------------------------------------------------------------------------------------------
ရန်ကုန်တိုင်းဒေသကြီးအတွင်း လစ်လစ်မဲဆန္ဒနယ် ခြောက်နေရာရှိ
လွှတ်တော်တွင်း လစ်လပ်နေရာ ပြန်လည် ဖြည့်တင်းမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ ပါတီများဝင်ရောက်ယှဉ်ပြိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ လစ်လပ် မဲဆန္ဒနယ် ခြောက်နေရာရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ရမည့် လစ်လပ်မဲဆန္ဒနယ် ခြောက်နေရာမှာ- မရမ်းကုန်းမြို့နယ်၊ ဒဂုံ ဆိပ်ကမ်း မြို့နယ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သုံးခွမြို့နယ်၊ ကော့မှူးမြို့နယ်နှင့် လှည်းကူးမြို့နယ်တို့ဖြစ်သည်။
လက်ရှိအချိန်၌ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လစ်လပ်မဲဆန္ဒနယ် ခြောက်နေရာတွင် နေထိုင်သော ဆန္ဒမဲပေးရမည့် ပြည်သူများ၏ လူဦး ရေစာရင်းကို ကောက်ယူလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လစ်လပ် မဲဆန္ဒနယ်ခြောက်နေရာတွင် ဆန္ဒမဲပေးနိုင်မည့် လူဦးရေမှာ မရမ်းကုန်း မြို့နယ်တွင် တစ်သိန်းခွဲ၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ကိုးသောင်းခွဲ၊ သုံးခွမြို့နယ်တွင် တစ်သိန်းခွဲ၊ ကော့မှူးမြို့နယ်တွင် တစ်သိန်းနှင့် လှည်းကူးမြို့နယ်တွင် နှစ်သိန်း ဝန်းကျင်ခန့် ရှိကြောင်း သိရသည်။
ပြည်ထောင်စု အစိုးရအဖွဲ့အတွင်းသို့ ရောက်ရှိသွားသည့် လွှတ်တော် ကိုယ်စားလှယ် အရေအတွက်မှာ ၄၂ ဦးရှိသည့်အတွက် တစ်နိုင်ငံလုံး၌ ကြားဖြတ် ရွေးကောက်ပွဲပြုလုပ်ရမည့် လစ်လပ်မဲဆန္ဒနယ်မှာ ၄၂ နေရာရှိကြောင်း သိရသည်။
လွှတ်တော်တွင်း လစ်လပ်နေရာ ပြန်လည်ဖြည့်တင်းမည့် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့်ရက် အတိအကျကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ အတိအကျ ထုတ်ပြန်ကြေညာထားခြင်း မရှိသေးသော်လည်း ကြားဖြတ် ရွေးကောက်ပွဲကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် ကျင်းပ နိုင်ဖွယ်ရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်အချို့ က သုံးသပ်ခဲ့ကြသည်။
Ref: Yangon Time
--------------------------------------------------------------------------------------------------------------------
နိုင်ငံတည်ဆောက်ရေး အကျိုးရှိမည့် အဆိုများသာ လွှတ်တော်တွင်းတင်ပြရန် ပြင်ဆင်
သြဂုတ်လ ၂၂ ရက်နေ့တွင် ကျင်းပမည့် ဒုတိယအကြိမ် လွှတ်တော် ပုံမှန်အစည်းအဝေး၌ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိမည့် အဆိုများကိုသာ လွှတ်တော်တွင်း တင်ပြနိုင်ရန် ပြင်ဆင်ထားကြောင်း နိုင်ငံရေး ပါတီအချို့မှ ပြောကြားခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ အနေနှင့် ဒုတိယအကြိမ် လွှတ်တော်ပုံမှန် အစည်းအဝေး၌ တင်ပြနိုင်ရန် နိုင်ငံတည်ဆောက်ရေး အဆို ၅၀ ကျော်ကို ပြင်ဆင်ထားပြီး ၎င်း ပြင်ဆင်ထားသည့် အဆိုများထဲတွင် လမ်း၊ လျှပ်စစ်မီး၊ စာသင်ကျောင်းနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စများနှင့် ပတ်သက်သည့် အဆိုနှင့် မေးခွန်းများကို ပြင်ဆင်ထားကြောင်း သိရသည်။
ရခိုင်တိုးတက်ရေးပါတီမှ ပြင်ဆင်ထားသည့် အဆိုများမှာမူ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပတ်သက်သည့်အဆိုများသာ များပြားပြီး အဓိကအနေနှင့် မြို့နယ်နှင့် သက်ဆိုင်သည့် မေးခွန်းအဆိုများသာ များပြားကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ယခုလာမည့် လွှတ်တော် အစည်းအဝေးတွင် တင်ပြနိုင်ရန် အဆိုနှင့်မေးခွန်း ၃၀ ကျော်ပြင်ဆင်ထားပြီး ပါတီ လွှတ်တော်ရေးရာ ကော်မတီ၏ အတည်ပြုချက် ရယူပြီးပါက လွှတ်တော် အစည်းအဝေးတွင် တင်ပြနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ယခင် ကျင်းပပြီးစီးခဲ့သည့် ပထမအကြိမ်လွှတ်တော် ပုံမှန်အစည်းဝေးတွင် ပါတီအသီးသီးမှ တင်သွင်းသည့် အဆိုအများစုမှာ အတည်ပြုချက် ရရှိခဲ့ခြင်း မရှိသော်လည်း ၎င်းအဆိုများမှာ ထိရောက်သော အကျိုးဆက်များကိုမူ ပြည်သူများ ခံစားကြရကြောင်း ၎င်းမှဆက်လက် ပြောကြားခဲ့သည်။
အမျိုးသား ဒီမိုကရေစီအင်အားစုပါတီမှ ယခုကျင်းပမည့် ဒုတိယအကြိမ် လွှတ်တော် ပုံမှန်အစည်းအဝေးတွင် အဓိကတင်သွင်းမည့် အဆိုအများစုမှာ လူနေမှု သာယာရေး အထောက်အကူပြု အဆိုများဖြစ်ပြီး နိုင်ငံ တည်ဆောက်ရေးတွင် တစ်စုံတစ်ရာ အကျိုးရှိလာနိုင်မည့် အဆိုများကို ပြင်ဆင်ထားကြောင်း သိရသည်။
Ref: Venus
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
“ကျွန်တော်တို့တွေ ရပ်တည်ဖို့အတွက်က တော်တော်ကို ရုန်းကန်နေရတာပါ။ သတ်မှတ်ချိန်အတွင်း အရေအတွက် ပြည့်မီအောင် လုပ်တော့လုပ်ငန်းမှာ ထိခိုက်နစ်နာတာလေးတွေ ရှိပါတယ်။ အလုပ်သမားတွေကိုလည်း လုပ်ခတွေသွားလျော့လို့ မရဘူး၊ ဆူပူမှုတွေရှိလာနိုင်တယ်။ အထည်ချုပ် လုပ်ငန်း တွေမှာလည်း တိုက်ရိုက်နဲ့ တစ်ဆင့်ခံ ကွာသေးတယ်။ တစ်ဆင့်ခံတွေကတော့ တချို့ဆို လုပ်ငန်းရပ်လိုက်တာတောင်ရှိတယ်”
သြဂုတ် ၁၇ ထုတ် Ecovision အတွဲ (၅) အမှတ် (၃၆) တွင်ပါသည့် “ပြည်တွင်းအထည်ချုပ်လုပ်ငန်းများ ဒေါ်လာဈေးဂယက်ကြောင့် ရုံးကန်နေရ” သတင်းမှ MAPLE Trading ၏ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာအောင်ဝင်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
“ဦးအောင်ကြည်နဲ့ ကျွန်မတို့ရဲ့ ထုတ်ပြန်ချက်က ဘာမျရေရေရာရာ မရှိသေးပါဘူး။ ဘာမှအသေးစိတ်မပါဘူး။ ဟုတ်ပါတယ် ရည်မှန်းချက် ရောက်ဖို့ အချိန်က မရောက်သေးလို့ ထုတ်မပြောတာပါ။ သတင်းသမားတွေဆိုတာ ပြည်သူတွေကို သတင်းဖြန့်ဝေရတဲ့သူတွေပါ။ ကျွန်မတို့ရဲ့ တာဝန်ကတော့ မဖြန့်သင့်တဲ့ အချိန်မှာ မဖြန့်ဖို့ လိုပါ တယ်”
သြဂုတ် ၁၈ ထုတ် The Envoy အတွဲ(၂) အမှတ် (၁၇) တွင်ပါသည့် “ပဲခူးတိုင်းဒေသကြီးခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှု ရလဒ်ကို ထုတ်ဖော်ပြောကြား” သတင်းမှ ကောက်နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
“ဒီပြင်ပငွေဈေးလှုပ်ခတ်မှုကြောင့် မွေးမြူရေးလုပ်ငန်းရှင်တွေ တော်တော်အထိနာပါတယ်။ ငွေလဲလှယ်မှုကျ ဆင်းတဲ့အတွက် ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်ပြီး ပို့ကုန်သမားတွေ အရှုံးပေါ်နေပါတယ်။ ကန်ထရိုက်စာချုပ်မိတ်မပြတ်အောင် တွက်ချက်ပြီး ရောင်းနေရပါတယ်။ မျှော်လင့်ချက်နဲ့ ဆက်ပြီး မွေးမြူ နေရပါတယ်။ ဒီဂယက်တွေကြောင့် ရင်းနှီမြုပ်နှံမှုတွေလျော့လာနိုင်ပါတယ်။ ထုတ်လုပ်မှုကျဆင်းလာနိုင်ပါတယ်။ အဓိက နိုင်ငံသားတွေအတွက် အခက် တွေ့ပြီး အန္တရာယ်ကြုံတွေ့နိုင်ရပါတယ်”
သြဂုတ် ၁၈ ထုတ် The Envoy အတွဲ(၂) အမှတ် (၁၇) တွင်ပါသည့် “ငွေဈေးလှုပ်ခတ်မှုကြောင့် မွေးမြူရေး လုပ်ငန်းရှင်တွေ တော်တော် အထိနာပါတယ်” သတင်းမှ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင် ပြောကြားချက်အပေါ် ကောက်နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
“မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြုပ်နှံသူတွေအတွက် သူတို့အနေနဲ့ သန်းတစ်ရာဆိုရင် မြေတန်ဖိုးဘယ် လောက်ရှိတာတော့ ဝယ်ယူလို့ရမယ် စသည်ဖြင့် ထည့်သွင်းစဉ်းစားပေးသင့်တယ်လို့ထင်ပါတယ်။ ယှဉ်ပြိုင်မှုမူဝါဒဥပဒေနဲ့ ပတ်သက်ပြီး ပြောရရင်တော့ နိုင်ငံတော်က ချမှတ်ထားတဲ့ စီးပွားရေး ဦးတည်ချက်မှာလဲ ပီပြင်သော ဈေးကွက်စီးပွားရေးဆိုတာ ပါတယ်လေ။ အဲ့ဒီလို ပီပြင်ဖို့ဆိုရင်တော့ (၁) အစိုးရအနေနဲ့ ပုဂ္ဂလိကကို လွတ်လပ်စွာ လုပ်ပိုင်ခွင့် ပေးရမယ်၊ အဲ့ဒီလိုလုပ်ပိုင်ခွင့်ပေးတော့မှ ယှဉ်ပြိုင်လို့ရမယ်၊ (၂) လွတ်လပ်စွာယှဉ်ပြိုင်ခွင့်ပေးရ မယ်။ ကြိုက်တဲ့လုပ်ငန်းကို ကြိုက်တဲ့နေရာမှ လုပ်ခွင့်ပေးရမယ်၊ (၃) ဝန်ထမ်းတွေကိုလဲ HRM အရ လုပ်သင့်လုပ်ထိုက်တာဆိုရင် လုပ်ပိုင်ခွင့်၊ ရွေးချယ်ပိုင်ခွင့်ပေးရမယ်။ အဲဒီလို ဈေးကွက်စီးပွားရေးရဲ့ အခြေခံမှု
သြဂုတ် ၁၈ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၇) အမှတ် (၃၀) တွင်ပါသည့် “နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေပြန်လည် ပြုပြင်ရေးဆွဲ” သတင်းမှ စီးပွားရေးကျွမ်းကျင်သူ ဦးလှမောင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
ဆောင်းပါးကဏ္ဍ
နိုင်ငံ၏ ခိုင်မာသည့် Institution ကြီးနှစ်ခုနှင့် စီးပွားရေးအလားအလာ
မြန်မာနိုင်ငံသည် စစ်အသွင်ဆောင်သော အာဏာပိုင်အုပ်ချုပ်ရေးစနစ်မှ တစ်စုံတစ်ရာလွတ်လပ်မှုကို အာမခံပေးသည့် (သူတို့အခေါ် စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီစနစ်) ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေသည့် ကာလလည်းဖြစ်ပါသည်။ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀လောက် ပြည်တွင်းစစ် ဖြစ်ပွားလျက်ရှိနေလေသောကြောင့် ယခုကဲ့သို့ တပ်အားကောင်းနေလျက်ရှိသည်ဟု အချို့သော လေ့လာသုံးသပ်မှုများက သတိရှိစွာ အကောင်းမြင်၍ လေ့လာသုံးသပ်ထားကြသော်လည်း အချို့မှာမူ တပ်ခေါင်းဆောင်များက အာဏာတည်မြဲရေးအတွက် နိုင်ငံရေးလုပ်စားသည်ဟု အဆိုးမြင်ရှုထောင့်မှ သုံးသပ်လေ့လာမှုများလည်းရှိလေသည်။ ရွေးကောက် ပွဲမကျင်းပမီ ဤကဲ့သို့သော အငြင်းအခုံများ ရှိခဲ့ကြသော်လည်း လူ့အဖွဲ့အတွင်း အင်အား ချိန်ခွာလျှာမှာ တပ်မှအလေးသာနေသည့်အတွက် နိုင်ငံတကာ၏ ထောက်ခံမှု မရှိသည့် ရွေးကောက်ပွဲကို ဖြစ်မြောက်အောင် ကျင်းပပြီးစီးခဲ့ပြီး ဖြစ်လေသည်။
ဤသို့နှင့် ကမ္ဘာအရပ်ရပ်ရှိ ထိပ်သီးသံအမတ်များ၊ လွှတ်တော်အမတ်များ၊ နိုင်ငံခေါင်းဆောင်များ မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်း၊ မြန်မာနိုင်ငံ၏ ထိပ်သီးခေါင်းဆောင်များကလည်း အခြားသော နိုင်ငံများသို့ သွားခြင်း၊ သမ္မတကြီးမှ သမိုင်းဝင်မိန့်ခွန်းကို လွှတ်တော်မှတစ်ဆင့်ပြောကြားခြင်း၊ ယခင် အစိုးရမှ တရားဝင်အာဏာမလွဲခင် လွှတ်တော်တွင် ယခင်အစိုးရ၏ ဆောင်ရွက်ချက်များကို မေးခွန်းများမေးခြင်း၊ အဆိုများတင်သွင်းခြင်း၊ ထိုနောက် အစိုးရအပြောင်းအလဲများ ကျင်းပခြင်း၊ ရွေးကောက်ပွဲပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်မှ ယင်း၏ နေအိမ်မှ ပြည်သူလူထံသို့ မိန့််ခွန်းပြောကြားခြင်း၊ နိုင်ငံတကာရှိ အဆင့်မြင်သံအရာရှိများနှင့် တွေ့ဆုံခြင်း၊ ပုဂံသို့ ဘုရားဖူးသွားခြင်း၊ ပထမအကြိမ် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တွေ့ဆုံခြင်းနှင့် ဒုတိယအကြိမ်တွေ့ဆုံခြင်းတို့ ဖြစ်ပျက်ပြောင်းလဲမှုများမှာ ဇာတ်လမ်း ရှည်ကြီးတစ်ခုကို ကြည့်နေရသလိုပင်ဖြစ်လေသည်။ များမကြာမီ ကာလတွင်လည်း ဒုတိယအကြိမ် လွှတ်တော်ခေါ်ယူမှုအပါအဝင်၊ ကြားဖြတ် ရွေးကောက်ပွဲ ကျင်ပခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်လေသည်။
မနက်ဖြန်(၁၇.၈.၂၀၁၁) ၌လည်း သမ္မတဦးသိန်းစိန်မှ နိုင်ငံနှင့် စီးပွားရေး အသိုင်းအဝိုင်းကို မိန်ခွန်း ပြောကြားမည်ဖြစ်သည်။ သမ္မတကြီး၏ ပထမ မိန့်ခွန်းတွင် စီးပွားရေးကို ကောင်းမွန်အောင် ဆောင်ရွက်မည်ဟု ပြောကြားချက်နှင့် အညီ စီးပွားရေးမူဝါဒပြောင်းလဲမူကိုလည်း တစ်ဖြည်းဖြည်း တွေ့မြင်ရလေသည်။ ယခင်အစိုးရလက်ထက်တွင် လွတ်လပ်သည့် ဈေးကွက်စီးပွားရေးစနစ်ဖြစ်သော်လည်း ပီပြင်မှုမရှိသေး သည့်အပြင် micro level မှာရော၊ macro level မှာရော လွဲမှားစွာ စီမံခန့်ခွဲနေကြသည်ကို တွေ့ရှိရလေသည်။ ထို့အပြင် နိုင်ငံရေးသြဇာ ရှိသူများက ၎င်းတို့၏ အာဏာရေရှည် တည်မြဲနေစေရန် အရှင်မွေးသူကောင်းပြု စီးပွားရေးသမားများကို မွေးထုတ်ပေးခဲ့လေသည်။ ဤသို့ဖြင့် အပြိုင်အဆိုင်မရှိတက်လာသည့် National Champion စီးပွားရေးသမားများက နိုင်ငံတော်၏ အရင်းအမြစ်များကိုရယူရင်း စီးပွားရေးလုပ်ဆောင်ခြင့်းဖြင် ထူး၊ max မြန်မာ အစရှိသည့် စီးပွားရေး လုပ်ငန်းစုကြီးများ ပေါ်ထွန်းလာခဲ့လေသည်။
ထိုကဲ့သို့ ပေါ်ထွန်းလာခဲ့ခြင်း ယခင်က တိုင်းပြည်စီးပွားရေးကို ဖွံ့ဖြိုးမှုရပ်တန့်အောင်လုပ်သည့် အဓိကအကြောင်းအရာဖြစ်သည်ဟု ဆိုကြသော်လည်း နောက်ပိုင်း နိုင်ငံရေးဘောဂဗေဒကို အထူးပြုလေ့လာသည့် ပညာရှင်များက ယင်းအဆင့်ကို မှန်မှန်ကန်ကန်အသုံးချတက်ပါက ရင်ကျင့်အရင်းရှင်စနစ်ဖြစ်ပေါ်လာရန် တင်ကူးလိုအပ်သည့်အဆင့် ဖြစ်သည်ဟုသုံးသပ်ကြသည်များလည်းရှိပါသည်။ စီးပွားရေးလုပ်ငန်းစုကြီးများ အားကောင်းကောင်းရှိလာသည့်အခါ နိုင်ငံ၏ စီးပွားရေးမူဝါဒဆိုင်ရာ ကိစ္စရပ်များကို ဆုံးဖြတ်ရာ၌ မူဝါဒသွင်း အားစုများကို ပေးသွင်းစေခြင်းဖြင့် ၎င်းတို့ အကျိုးအမြတ်ရရှိအောင် ဆောင်ရွက်ကြလေသည်။
နိုင်ငံတော်ဘက်မှလည်း မည်မျှပင် အားကောင်းနေစေကာမူ စီးပွားရေးလုပ်ငန်းစုများ၊ စီးပွားရေးအဖွဲ့အစည်းများက စည်းလုံးမှုရှိရှိ အားကောင်း နေလျှင် ယင်းစီးပွားရေး လုပ်ငန်းစုကြီးများအပေါ် အပြည့်အဝလွှမ်းမိုးထားရန် ခက်ခဲမည်ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ယင်းတို့အပေါ် ကန့်သတ်ဖို့ကြိုးစားပါက အလုပ်လက်မဲ့နှုန်းတိုးတက်လာမှာဖြစ်သလို၊ ပို့ကုန်အဓိက စီးပွားရေးမူဝါဒကို ရွေးချယ်လိုက်လျှင် နိုင်ငံ GDP လည်း ကျသွားနိုင်မှာ ဖြစ်ပေသည်။ နိုင်ငံတော်ရော၊ စီးပွားရေးကဏ္ဍရော နှစ်ဖက်စလုံး အားကောင်းနေသည့်အခါ နှစ်ဖက်စလုံးက တစ်ဖက်ကို တစ်ဖက် ထိခိုက်နိုင်အောင် ဆောင်ရွက်နိုင်သောကြောင့် အင်အားချိန် ခွင်လျှာညှိရင်းဖြင့် စီးပွားရေးတိုးတက်မှုကို အရယူနိုင်ခဲ့သည်။ နိုင်ငံရေးသမားများသည် ရွေးကောက်ပွဲတွင် အနိုင်ရရေးအပါအဝင် အခြားသော နိုင်ငံရေးလှုပ်ရှားမှုများအတွက် နိုင်ငံရေးထောက်ပံ့ငွေလိုအပ်သည်။ အပြန်အလှန်အားဖြင့် စီးပွားရေး လုပ်ငန်းစုကြီးများကလည်း ယင်းတို့၏ စီးပွားရေးပါဝါကို အစွမ်းကုန်ချဲ့ထွင်နိုင်ရန် နည်းမျိုးစုံကြိုးပမ်းရင်း ကမ္ဘာဈေးကွက်တွင် မိမိတို့၏ ကုန်စည် ရောင်းချခြင်းဖြင့် ဈေးကွက်ဝေစုရရှိအောင် ဆောင်ရွက်လာကြသည်။ ဤနေရာ၌ နိုင်ငံတော်အကြီးအကဲများက နိုင်ငံ၏ စီးပွားရေးတိုးတက်မှု ဖြစ်ပေါ်စေလိုသော နိုင်ငံရေးစိတ်အားထက်သန်မှု(Political will) မှာ အဓိကဖြစ်လေသည်။ နိုင်ငံတော်အကြီးအကဲများက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မိမိအာဏာတည်မြဲရေးလောက် အရေးမကြီးဟု သဘောထားထားလျှင် နိုင်ငံတည် ဆောက်ရေးလုပ်ငန်းများကို ဖြစ်ဖြစ် မြောက်မြောက် အကောင်အထည် ဖော်နိုင်မည်မဟုတ်။ စီးပွားရေးလုပ်ငန်းစုကြီးများအပေါ် မျိုးစုံကန့်သတ်သည့်၊ နီးစပ်လူများသာ လုပ်ပိုင်ခွင့်များကိုသာပေးသည့် သက်ကြီးပု ဈေးကွက်စီးပွားရေး ကိုသာ အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။
နိုင်ငံတကာ ဖိအားပေးမှုများ၊ ခြိမ်းခြောက်မှုများသည်လည်း နိုင်ငံ စီးပွားရေးတည်ဆောက်ရေးတွင် အရေးကြီး အခန်းကဏ္ဍမှပါဝင်လေသည်။ အမျိုးသား လုံခြုံရေးကိစ္စရပ်များမှအပ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများနှင့်လိုက်လျောညီထွေနေနိုင်ပါက ယင်းတို့ထံမှ ဘဏ္ဍရေးအထောက်အပံ့၊ နည်းစနစ်များ၊ နည်းပညာ လွှဲပြောင်းပေးအပ်မှုများ၊ လူသားအရင်းအမြစ်များ ရယူနိုင်မည်ဖြစ်သည်။ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား နိုင်ငံများ၏ နိုင်ငံရေး ဘောဂဗေဒ အဆက်အစပ်များကို လေ့လာလျှင် ဤသို့သော ပုံစံမျိုးကို ထပ်တလဲလဲမြင်တွေ့ရနိုင်မည်သာဖြစ်သည်။ “အကြံတူ၊ နောက်လူသာစမြဲ” ဆိုသည့် ဆိုရိုးစကားလည်းရှိလေရာ မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်ရာ၌ ယင်းနိုင်ငံများ၏ ဖွံ့ဖြိုး တိုးတက်မှု သင်ခန်းစာများကို အပြည့်အဝယူ၍ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ဆိုးကျိုးသက်ရောက်မှု အနည်းဆုံးဖြင့် ဆောင်ရွက်သွားနိုင်ဖို့ လိုအပ်ပါကြောင်း….။
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.