yangonchronicle 2011 |
၁၃.၉.၂၀၁၁
ပြည်တွင်းသတင်းများ
- အကြောင်းပြ စီမံကိန်းခေါင်းစဉ်ဖြင့် ကုမ္ပဏီအချို့ ကားတင်သွင်းခွင့်ရ
- ရထားလက်မှတ်ခများ တိုးမြှင့်တော့မည်ဖြစ်၍ ဝန်ဆောင်မှုကိုလည်း ထိုက်တန်အောင်ဆောင်ရွက်ပေးမည်
- ဆင်းရဲနွမ်းပါးမှု လျှော့ချပါရေး အလုပ်လက်မဲ့ပြဿနာ အရင်ရှင်းရမည်
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
- အီးယူ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မဟာမင်းကြီး မြန်မာနိုင်ငံသို့ ရောက်ရှိ
- ရွေးကောက်ပွဲကန့်ကွက်ပြင်ဆင်လွှာ တင်သွင်းမှု ဦးအောင်ကျော်ဇံ ဒုတိယအကြိမ်ရှုံးနိမ့်
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
ဆောင်းပါးကဏ္ဍ
- ပြည်တော်သာ စီမံကိန်းမှအတုယူစရာ
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
ပြည်တွင်းသတင်းများ
အကြောင်းပြ စီမံကိန်းခေါင်းစဉ်ဖြင့် ကုမ္ပဏီအချို့ ကားတင်သွင်းခွင့်ရ
လက်ရှိ မြန်မာနိုင်ငံ၌ တည်ဆောက်ဆဲ ရေအားလျှပ်စစ်စီမံကိန်းကြီးများအပါအဝင် အကြောင်းပြ စီမံကိန်း ခေါင်းစဉ်များဖြင့် ကုမ္ပဏီအချို့ ပြည်ပမှ မော်ဒယ်မြင့် ကားသစ်အများအပြား တင်သွင်းခွင့်ရရှိခဲ့ကြောင်း သိရသည်။
ယခုလပိုင်းအတွင်း၌ အစိုးရအဖွဲ့ဝင်အချို့နှင့် သင့်မြတ်သည့် ပိာုတယ်စီမံကိန်း ရရှိထားသည့် ကုမ္ပဏီတစ်ခုသည် သြဂုတ်လ နောက်ဆုံး အပတ်နေ့စွဲ ပါမစ်ဖြင့် မော်ဒယ်မြင့် ကားများဖြစ်သည့် Wagon အမျိုးအစား ၂ စီး၊ Saloon ၂ စီး၊ 7 Seaters Mini Bus မော်ဒယ်မြင့် ၃ စီး၊ 12 Seaters နှင့် အထက်စီးလို့ရသည့် Bus ၅ စီးတင်သွင်းခွင့် ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် မကြာသေးမီအချိန်ကလည်း နိုင်ငံတော်မှ မှတ်ပုံတင်ယာဉ်သတ်တမ်းကြာမြင့်သော ယာဉ်များအား ပယ်ဖျက်၍ အစားယာဉ်အသစ်များ တင်သွင်းခွင့်ပြုမည်ပာု နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားရှိခဲ့ကြောင်း သိရသည်။
ပြည်ပမှ ကားဝယ်ယူခွင့်ပါမစ်နှင့် မော်တော်ကားသစ်များဝယ်ယူရာတွင် ၁၉၉၅ ခုနှစ်နှင့် အထက်မော်ဒယ်ရှိ ယာဉ်များကိုသာ တင်သွင်းခွင့်ရှိသည်ပာု ညွှန်ကြားထားသော်လည်း အစိုးရအဖွဲ့များနှင့် အဆင်ပြေသည့် ကုမ္ပဏီ အချို့သည် စီမံကိန်းကြီးများကို အကြောင်းပြ၍ နောက်ဆုံးပေါ်မော်ဒယ်ယာဉ်များကိုသာ တင်သွင်းခဲ့ကြကြောင်း သိရ သည်။
ထို့ပြင် နိုင်ငံတော်မှ ပြည်တွင်းရှိ ကားလုပ်ငန်းရှင်များအဆင်ပြေနိုင်စေရန် နိုင်ငံတကာကဲ့သို့ ပြည်ပကား ထုတ် လုပ်သည့် ကုမ္ပဏီများနှင့် ချိတ်ဆက်၍ ပြည်တွင်း၌ ယာဉ်အရောင်းပြခန်း (Show Room) များဖွင့်လှစ်ပြသ၍ ကားများ ရောင်းချပေးသွားနိုင်ရန် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
YC
-----------------------------------------------------------------------------------------------------------------------------------
ရထားလက်မှတ်ခများ တိုးမြှင့်တော့မည်ဖြစ်၍ ဝန်ဆောင်မှုကိုလည်း ထိုက်တန်အောင်ဆောင်ရွက်ပေးမည်
မီးရထားလက်မှတ်ခ ဈေးနှုန်းများကို တိုးမြှင့်ကောက်ခံတော့မည်ဖြစ်ကာ ဝန်ဆောင်မှုများကိုလည်း ထိုက်တန်အောင် တိုးမြှင့်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက စက်တင်ဘာလ (၁၁) ရက်က နေပြည်တော်တွင်ကျင်းပခဲ့သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
လက်မှတ်ခတိုးမြှင့်ရာတွင် မြို့ပတ်ရထားလက်မှတ်ခ ၁၀ ကျပ်ကို ကျပ် ၅၀ အဖြစ်လည်းကောင်း၊ အဝေးပြေး လက်မှတ်ခကို တစ်မိုင်လျှင် ၄ ကျပ် အစား ၁၂ ကျပ် သို့လည်းကောင်း တိုးမြှင့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ရထားဝင်ငွေရဲ့ ၅၆% ကို ဆီဖိုးအဖြစ်သုံးနေပါတယ်။ တကယ်တော့ လူတစ်ယောက်ကို မြို့ပတ်က လက်မှတ်ခ ၆၅ ကျပ်လောက်ကျတဲ့အတွက် ကျွန်တော်တို့ ၅၅ ကျပ် လောက်ရှုံးနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ကျပ် ၁၀၀ လောက်တော့ မတိုးပါဘူး။ ကျပ် ၅၀ အထိပဲ တိုးမှာဖြစ်ပါတယ် ” ဟု ပြည်ထောင်စုဝန်ကြီးမှ ပြောကြားခဲ့သည်။
ထိုသို့ဆောင်ရွက်ရန် လွှတ်တော်သို့လည်း တင်ပြမည်ဖြစ်ပြီး မြို့ပတ်ရထားလုပ်ငန်းကို ပုဂ္ဂလိကသို့ မလွှဲပြောင်းမီ အပြောင်းအလဲလုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်းသိရှိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက “ တိုးမယ့်လက်မှတ်ခနဲ့ ကိုက်အောင်ကို ဝန်ဆောင်မှုတွေ၊ လမ်းပြင်တာတွေကို တိုးလုပ်ပေးမှာပါ။ အခုနှုန်းအရဆို ဝန်ဆောင်မှုကို သုံးဆလောက် တိုးလုပ်ပေးနိုင်မှာဖြစ်ပါတယ် ” ဟု ပြောကြား ခဲ့သည်။
မီးရထားလုပ်ငန်းတွင် ဝန်ဆောင်မှုတိုးမြှင့်ပေးရန်အတွက် ပြည်ပမှ မီးရထားစက်ခေါင်း ၄၀၊ လူစီးတွဲ ၂၆၀နှင့် ကုန်တွဲ ၁၀၀ ကျော်အား တင်သွင်းရန်အတွက် ခွင့်ပြုချက် ရရှိပြီးဖြစ်ကြောင်းသိရှိရသည်။
Ref: ရန်ကုန်တိုင်းမ်
-----------------------------------------------------------------------------------------------------------------------------------
ဆင်းရဲနွမ်းပါးမှု လျှော့ချပါက အလုပ်လက်မဲ့ပြဿနာ အရင်ရှင်းရမည်
မြန်မာနိုင်ငံ၌ လက်ရှိလုပ်ကိုင်ဆောင်ရွက်လျက်ရှိသော ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအစီအစဉ် ဆေင်ရွက်မည် ဆိုပါက နိုင်ငံတွင်းရှိ ပြည်သူများ၏ အလုပ်လက်မဲ့ ပြဿနာရပ်အား ဦးစွာဖြေရှင်းပေးရမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်မှ နိုင်ငံတွင်းရှိ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်များ များစွာ ဖန်တီးပေးခြင်းဖြင့် အလုပ်လက်မဲ့ ဦးရေနှုန်း လျော့ကျသွားနိုင်မည်ဖြစ်ပြီး နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် တစ်နှစ်လျှင် ၅ ရာခိုင်နှုန်း အနည်းဆုံးရှိနေမှသာ အလုပ်လက်မဲ့လျှော့ချရေးကို လုပ်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ အလုပ်လက်မဲ့နှုန်းကျဆင်းစေရေးအတွက် လုပ်ဆောင်မှုများတွင် အစိုးရအဖွဲ့ တစ်ခုတည်းမှ လုပ်ဆောင်၍ ရနိုင်မည်မပာုတ်ဘဲ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရမည်ဖြစ်ပြီး အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်း၍ လုပ်ဆောင်မှသာလျှင် မြန်မာနိုင်ငံ အလုပ်လက်မဲ့ဦးရေနှုန်းထား ကျဆင်းနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံရှိ လူဦးရေသည် ယခုအခါ ၅၉ သန်းကျော်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး တစ်နိုင်ငံလုံးတွင် အသက် ၁၈ နှစ်ကျော် အလုပ်လုပ်ကိုင်နိုင်သူ ဦးရေမှာ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၈ သန်းကျော်ရှိကြောင်း သိရသည်။
ထို့ပြင် ပြည်တွင်းရှိ စက်ရုံ၊ ကုမ္ပဏီအများစုတွင်လည်း အလုပ်ခေါ်ဆိုရာတွင် လုပ်ငန်းအတွေ့အကြုံနှင့် ပညာ အရည်အချင်းကိုသာ အဓိက ကြည့်၍ ရွေးချယ်ခေါ်ယူကြသော်လည်း ရွေးချယ်ခေါ်ယူခြင်းခံရသည့် လူငယ်များမှာလည်း ရရှိခဲ့သောဘွဲ့နှင့် ပြန်လည်ရရှိသော အခြေခံလစာမှာ ကိုက်ညီမှုမရှိကြောင်း သိရသည်။
၎င်း ကိစ္စရပ်များကြောင့် စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီအများစုတွင် အလုပ်သမား မမြဲမှု ပြဿနာများဖြစ်ပေါ်လာပြီး နိုင်ငံအတွင်းတွင်လည်း အလုပ်လက်မဲ့ဦးရေနှုန်း တိုးပွားလာခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ ပုဂ္ဂလိကနှင့် ဖက်စပ်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင် လျက်ရှိသော အလုပ်သမားဦးရေမှာ ၂၀၁၀ ခုနှစ်တွင် ကောက်ယူခဲ့သော စာရင်းများအရ ၇၉၃၃၀၀ ဦးရှိပြီး ကိုယ်ပိုင်ကျပန်းလုပ်ငန်း လုပ်ကိုင်နေသည့် အလုပ်သမား ဦးရေမှာ ၂၈၅၉၃၂၅ ဦးရှိသည့်အတွက် မြန်မာနိုင်ငံ၌ အလုပ်လုပ်ကိုင်လျက်ရှိသော စုစုပေါင်း အလုပ်သမားဦးရေမှာ ၃၆၅၂၆၂၀ ဦးရေရှိကြောင်း သိရသည်။
Ref:Envoy
××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
အီးယူ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မဟာမင်းကြီး မြန်မာနိုင်ငံသို့ ရောက်ရှိ
ဥရောပသမဂ္ဂ ( EU ) နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၊ လူသားချင်းစာနာထောက်ထားကူညီမှုနှင့် ဘေးအန္တရာယ် အရေးပေါ် တုံ့ပြန်ရေးဆိုင်ရာ မဟာမင်းကြီး Ms. Kristalina Georgieva သည် မြန်မာနိုင်ငံသို့ ၂ ရက်ကြာ တရားဝင် အလည်အပတ်ခရီးအဖြစ် စက်တင်ဘာလ ( ၉ ) ရက်နေ့တွင် ရောက်ရှိခဲ့သည်။
မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် အစိုးရအဖွဲ့၏ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။
ဥရောပသမဂ္ဂ ( EU ) မဟာမင်းကြီးသည် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့ စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဌေးနှင့် တွေ့ဆုံခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဖြစ်ပေါ်နေသော ပဋိပက္ခများနှင့် ငြိမ်းချမ်းရေးကိစ္စများကိုလည်း ဆွေးနွေးခဲ့သည်။
“မြန်မာနိုင်ငံ နယ်စပ်ရေးရာပြည်ထောင်စုဝန်ကြီး ဦးသိန်းဌေးက တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေနဲ့ ဖြစ်ပေါ် နေတဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး မဖြစ်မနေ ပေါ်ထွက်လာရမယ်လို့ယုံကြည်နေပါတယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေး ပေါ်ထွန်းဖို့ဆိုတာကလည်း တိုင်းရင်းသား လူနည်းစုတွေကို ညီညွှတ် မျှတစွာ ထိတွေ့ဆက်ဆံပြီး သူတို့ အတွက် ဖွံ့ဖြိုးမှုအစီအစဉ်တွေ ထောက်ပံ့ပေးမှုတွေလုပ်ပေးမှသာ ဖြစ်မြောက်မယ်လို့လည်း သူကယုံကြည်နေတယ်" ဟု အီးယူအဖွဲ့၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၊ လူသားချင်းစာနာထောက်ထားကူညီမှုနှင့် ဘေးအန္တရာယ်အရေးပေါ် တုံ့ပြန်ရေးဆိုင်ရာ မဟာမင်းကြီး Kristalina Georgieva က ပြောကြားသည်။
သူမက “တိုင်းရင်းသား အရေးကိစ္စမှာ ဖွံ့ဖြိုးရေးလုပ်ဆောင်ချက်တွေ လုပ်ကိုင်ပြီးနောက်ပိုင်းမှာ ငြိမ်းချမ်းရေးနဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ လိုအပ်မယ်လို့ သူတို့က ယုံကြည်နေကြပါတယ် ”ဟု အကောင်းမြင်သည့် သဘောထား ဖြင့် ပြောကြားသွားသည်။
စက်တင်ဘာလ (၁၀) ရက်နေ့ နံနက်က ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့ပြီး သဘာဝ ဘေးအန္တရာယ် ကျရောက်သည့် ဒေသများရှိပြည်သူများအတွက် လိုအပ်သည့် အကူအညီများပေးအပ်နိုင်ရေး၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှုများကို ကူညီဆောင်ရွက် ပေးနိုင်မည့် အစီအစဉ်များကိုလည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရ သည်။
တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “ပညာရေးနဲ့ ကျန်းမာရေးကိစ္စတွေကို အဓိက ဆွေးနွေးဖြစ်ပါတယ်။ EU နဲ့ တွေ့ရတာဟာ အကျိုးရှိပါတယ်။ အကျိုးရှိလို့လည်း တွေ့နေခဲ့တာပေါ့ ” ဟု ပြောကြားသွားသည်။
YC
-----------------------------------------------------------------------------------------------------------------------------------
ရွေးကောက်ပွဲကန့်ကွက်ပြင်ဆင်လွှာ တင်သွင်းမှု ဦးအောင်ကျော်ဇံ ဒုတိယအကြိမ်ရှုံးနိမ့်
၂၀၁၀ ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်၏ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင် ရခိုင်ပြည်နယ်၊ ပေါက်တောမဲဆန္ဒနယ်မှ ဦးအောင်ကျော်ဇံသည် ရွေးကောက်ပွဲမသမာမှုအဖြစ် ကန့်ကွက်လွှာ တင်သွင်းခံရ မှုတွင် ပထမအကြိမ် ရှုံးနိမ့်ခဲ့ပြီး ထပ်မံ၍ ဒုတိယအကြိမ် ရွေးကောက်ပွဲ ပြင်ဆင်ကန့်ကွက်လွှာတင်သွင်းမှုတွင်လည်း ဒုတိယအကြိမ် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရခိုင်ပြည်နယ် ပေါက်တောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်အဖြစ် (၂၀၁၀) ရွေးကောက်ပွဲတွင် ရွေးချယ်ခြင်းခံထားရသော ဦးအောင်ကျော်ဇံအား စက်တင်ဘာလ ၉ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်အမှတ်(၄၈/၂၀၁၁) ဖြင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပျက်ပြယ်ကြောင်း ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ် ပေါက်တောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံအား ၎င်း မဲဆန္ဒနယ်မှပင် ပြိုင်ဘက် ဦးထွန်းအောင်ခိုင်မှ ၂၀၁၀ ရွေးကောက်ပွဲမသမာမှုအဖြစ် ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းခဲ့ခြင်း အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သေချာစွာစစ်ဆေး၍ ဦးအောင်ကျော်ဇံအား ရွေးကောက်ပွဲ ရလဒ်ပျက်ပြယ် ကြောင်း ပထမဆုံးအကြိမ် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။
၎င်း ဆုံးဖြတ်ချက်အား ဦးအောင်ကျော်ဇံမှ မကျေနပ်သည့်အတွက် စက်တင်ဘာလ ၉ ရက်နေ့ရက်စွဲဖြင့် ထပ်မံ၍ ရွေးကောက်ပွဲပြင်ဆင်မှု ကန့်ကွက်လွှာ (၈/၂၀၁၁) ပြန်လည်တင်သွင်းမှုတွင်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှ ဦးအောင်ကျော်ဇံအား ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၅(က) အရ ရှုံးနိမ့်ကြောင်း ကြေညာခဲ့ပြီး ပြည်သူ့ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၅/(ခ) အရ ရခိုင်ပြည်နယ် ပေါက်တော မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဥပဒေနှင့်အညီ ရွေးချယ်တင်မြှောက်ခံရသည့် ကိုယ်စားလှယ်မှာ ဦးထွန်းအောင်ခိုင် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကြေညာခဲ့သည်။
၎င်း ဦးအောင်ကျော်ဇံအား ရွေးကောက်ပွဲမသမာမှုအဖြစ် အဓိက စွပ်စွဲထားသည်မှာ ၂၀၁၀ ရွေးကောက်ပွဲကာလ အတွင်း နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌအား ပုတ်ခတ်၍ မဲဆွယ်စည်းရုံးခဲ့ခြင်းကြောင့် ဖြစ် ကြောင်း သိရသည်။
YC
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
“ဈေးကွက် စီးပွားရေးစနစ်မှာ အစိုးရက ကစားသမား မဟုတ်တော့ပါဘူး။ ဒိုင်လူကြီးဖြစ်သွားပြီ။ ဒိုင်လူကြီးဆို တာ မျှမျှတတရှိရပါမယ်။ အခုလို အနေအထားမှာ ဒါကို သတိထားဖို့လိုပါတယ်” ဟု ဒေါက်တာ ဝါဝါမောင် က ပြောကြားသည်။
၎င်းကပင် ဆက်လက်၍ ဈေးကွက်စီးပွားရေးစနစ် ပီပြင်အောင် ဆောင်ရွက်ရာတွင် နိုင်ငံ့ဝန်ထမ်းများအ နေဖြင့် သမာသမတ်ကျကျ ပါဝင်ဆောင်ရွက်ရန် လိုအပ်ပြီး ထိုအပိုင်းမှာ ဈေးကွက်စီးပွားရေးစနစ် ဖော်ဆောင်ရန် အတွက် အဓိကကျသောအပိုင်း ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
စက်တင်ဘာ ၁၃ ထုတ် Ture News အတွဲ (၃) အမှတ် (၅၁) တွင်ပါသည့် “ဈေးကွက်စီးပွားရေးစနစ် အကောင်အထည်ဖော်ရာတွင် အစိုးရအနေဖြင့် မျှတရန်လို” သတင်းမှ ကောက်နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
“FDI Law အရ ဆိုရင် မြှုပ်နှံချင်တာတောင် လာဖို့ခက်တဲ့ တချို့အပိုင်းလေးတွေရှိနေတယ်။ နိုင်ငံပိုင်မြေမှာပဲ မြုပ်နှံခွင့်ရှိတာနဲ့ အခြားခက်ခဲတဲ့ အပိုင်းလေးတွေရှိတာပေါ့။ လက်ရှိမှာ FDI Law ကို ပြင်ဆင်ဖြည့်စွက်ဖို့ တင်ပြ ထားတဲ့ အဆင့်ပဲ ရှိသေးတယ်လေ။ ပြင်ဆင်မှုမပြုနိုင်ခင် ကြားကာလမှာလဲ မြုပ်နှံချင်တဲ့သူ မြုပ်နှံနိုင်အောင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု တက်လာအောင် သက်ဆိုင်ရာဌာနတွေက အမိန့်ကြေညာစာလိုမျိုးထုတ်ပြီး ပုဂ္ဂလိကပိုင် မြေကွက်တွေကိုပါ နိုင်ငံခြားသား လုပ်ငန်းရှင်ကို ငှားရမ်းလုပ်ကိုင်ခွင့်ပြုဖို့ အစီအစဉ်ရှိတယ်လို့ စက်တင်ဘာလ ၄ ရက်နေ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲတစ်ခုမှာ ကုမ္ပဏီများဆိုင်ရာမှတ်ပုံ တင်ရုံးက တာဝန်ရှိသူက ပြောကြားသွားခဲ့ပါတယ်”
စက်တင်ဘာ ၁၄ ထုတ် Weekly ELEVEN အတွဲ (၆) အမှတ် (၅၀) တွင်ပါသည့် “ပုဂ္ဂလိကပိုင်မြေကွက်များကို နိုင်ငံခြားသား လုပ်ငန်းရှင်သို့ တရားဝင်ဌားရမ်းလုပ်ကိုင်ခွင့်ပြုသွားရန်အစီအစဉ်ရှိ” သတင်းမှ UMFCCI ရှိ တာဝန် ရှိသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
“သူများနိုင်ငံကို မြန်မာနိုင်ငံက Export လုပ်ရင် ကန့်သတ်ချက်တွေအများကြီးရှိတယ်။ Expired Date, Larguage ပစ္စည်းကြောင့် ကျန်းမာရေးထိခိုက်မှု ကြုံရင် အရေးယူဖို့ လိပ်စာ၊ ထုတ်လုပ်တဲ့စက်မှုဇုန်၊ စက်ရုံ စတာတွေကို နိုင်ငံတကာ စားသောက်ကုန်နည်းလမ်းတွေအတိုင်း ဖော်ပြပေးရတယ်။ ဒီကို ဝင်တဲ့ပစ္စည်းတွေမှာတော့ ထိုင်းဆိုရင်ထိုင်း၊ တရုတ်ဆိုရင် တရုတ်ဘာသာတွေနဲ့ ရေးထားတယ်။ ဒါတွေကို သက်ဆိုင်ရာက တိတိကျကျ စစ်ဆေးပေး သင့်တယ်။ ကျွန်တော်တို့ ပို့ကုန်တွေလိုသူတို့ရဲ့ သွင်းကုန်တွေကိုလည်းသက်တမ်း၊ ဘာသာစကား၊ အရည်အသွေး၊ အာမခံကိစ္စတွေလုပ်ပေးဖို့ တောင်းဆို ထားတယ်။ ဒီလိုမှမဟုတ်ရင် စက်ရုံတွေရပ်တည်ဖို့ ခက်ခဲလာမယ်”
စက်တင်ဘာ ၁၂ ထုတ် The Messenger အတွဲ (၂) အမှတ် (၁၇) တွင်ပါသည့် “နယ်စပ်မှ ဝင်ရောက်လာသည့် တရားမဝင် ကုန်ပစ္စည်းများကို တားမြစ်ခြင်းမပြုပါက ပြည်တွင်းစက်မှုထုတ်ကုန်များ ဈေးကွက်ယှဉ်ပြိုင်ရန် ခက်ခဲနိုင်” သတင်းမှ ကောက်နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
“ကျွန်တော်တို့နိုင်ငံကို တည်ဆောက်တဲ့အခါမှာ National, Building, State, State building ပြန်တည် ဆောက်တဲ့ နေရာမှာ အကုန်လုံးရဲ့ အားနဲ့ တည်ဆောက်မှရမယ်။ မဟုတ်ရင် ကျွန်တော်တို့က သိပ်နောက်ကျနေပြီလို့ ခံစားရပါတယ်။ နှစ်ပေါင်းများစွာမှာ ကျွန်တော်တို့က အကြောင်းကြောင်းကြောင့် ဒါကြီးကို မဆောင်ရွက်နိုင်ဘူး၊ တွေ့ဆုံဆွေးနွေးမှုကတော့ ပိုကောင်းတဲ့ဘက်ကို ရောက်လာပြီလို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ တစ်ခြားနိုင်ငံတွေရဲ့ Transistion ကိုကြည့်လိုက်ရင်တော့ ဒါမျိုးတွေက ပိုကောင်းတဲ့ဘက်ကို ဖြစ်နိုင်တာပဲ။ ဆိုလိုတာကတော့ ကျွန်တော်တို့က ရပ်တည်ချက် တူရပါလိမ့်မယ်”
စက်တင်ဘာ ၁၅ ထုတ် Envoy အတွဲ (၂) အမှတ် (၂၁) တွင်ပါသည့် “ တွေ့ဆုံဆွေးနွေးမှုမှသည်…” သတင်း ဆောင်းပါးမှ ဦးလှမောင်ရွှေ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
ဆောင်းပါးကဏ္ဍ
ပြည်တော်သာ စီမံကိန်းမှအတုယူစရာ
ကိုလိုနီခေတ်အခါမှစတင်၍ ယနေ့ခေတ်အထိ ခေတ်အဆက်ဆက် မြန်မာနိုင်ငံတွင် ကျင့်သုံးအကောင် အထည်ဖော်ခဲ့သော နိုင်ငံရေးနှင့် စီးပွားရေးစနစ် အမျိုးမျိုးရှိပါသည်။ ကိုလိုနီခေတ်တွင် ပါလီမန်ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေး စနစ်၊ လွတ်လပ်ရေးရပြီးနောက် ပ.ထ.စအစိုးရ လက်ထက် (၁၉၄၈-၆၂)တွင် ပါလီမန်ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေး စနစ်၊ တပ်မတော်အာဏာသိမ်းအပြီး တော်လှန်ရေးကောင်စီလက်ထက် (၁၉၆၂-၁၉၇၄)တွင် အာဏာပိုင်စနစ်နှင့် စီမံကိန်း စီးပွားရေးစနစ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် (၁၉၇၄-၁၉၈၈)တွင် တစ်ပါတီအာဏာရှင်စနစ်နှင့် စီမံကိန်းစီးပွားရေးစနစ်၊ တပ်မတော် မှအာဏာသိမ်းပြီး န.ဝ.တ၊ န.အ.ဖ လက်ထက်တွင် နိုင်ငံရေးတွင် အာဏာရှင်စနစ်စနစ် ကျင့်သုံးခဲ့သော်လည်း စီးပွားရေးတွင်တော့ ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့လေသည်။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ရွေးကောက်ခံပြီး တက်ရောက်လာသည့် ယခုအစိုးရသစ်လက်ထက်တွင်တော့ ဒီမိုကရေစီစနစ်နှင့် ဈေး ကွက် စီးပွားရေးစနစ်ကို အကောင်အထည်ဖော်ခဲ့ပြန်လေသည်။
ဈေးကွက်စီးပွားရေးကို ကျင့်သုံးအကောင်အထည်ဖော်သည်ဆိုသော်ငြားလည်း သမ္မတကြီး၏ မိန့်ခွန်းများနှင့် ယခုလက်ရှိအစိုးရ၏ စီးပွားရေး မူဝါဒများကို ကြည့်ပါက အစိုးရမှ ဈေးကွက်တွင် ပါဝင်ပတ်သက်မှု ရှိနေသည်ကို တွေ့ရလေသည်။ ဤသည်မှာလည်း မြန်မာနိုင်ငံလို ဈေးကွက်စီးပွားရေး ကျင့်သုံးမှု မရင့်ကျက်သေးသည့် နိုင်ငံအဖို့ အထူးပင် သင့်လျော်လှပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း ဈေးကွက်တွင် အစိုးရ၏ အခန်းကဏ္ဍကို မြင့်တင်လာသည် ဖြစ်လေရာ ကမ္ဘာ့စီးပွားရေးလားရာတစ်ခုလိုဖြစ်လာလေသည်။ အရင်းရှင်စနစ်မှာ ဓနကို ဖန်တီးနိုင်သည်ဟုဆိုသည့်တိုင် ဆင်းရဲ၊ ချမ်းသာကွာဟမှုကို ကြီးမားစေသည့်အပြင် သဘာဝပတ် ဝန်းကျင်ပျက်စီးယိုယွင်းမှုများလည်း ဖြစ်စေနိုင်သည် ဟူသော ဝေဖန်သုံးသပ်မှုများလည်း ရှိနေလေသည်။ ထိုအတွက်ကြောင့် နိုင်ငံတော်မှ အခမဲ့ပညာရေး၊ စရိတ်မျှပေး ကျန်းမာရေး အစရှိသည့် လူမှုရေးညီမျှမှုကို ဖြစ်ပေါ်စေသော လူမှုဖူလုံရေးစီမံကိန်းများကို အဓိကထား အကောင်အထည် ဖော်သည့် welfare economy စနစ် ကို အလေးထားပြောကြားလာကြသည်။ ဥရောပရှိ ဆွစ်ဇာလန်၊ နယ်သာလန်၊ ဒိန်းမတ်၊ နော်ဝေး၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့မှာ ယင်းစနစ်ကို အဓိကကျင့်သုံးသည့် နိုင်ငံများဖြစ်လေသည်။ ယင်း နိုင်ငံ များ၏ နိုင်ငံရေး စနစ်မှာလည်း လွတ်လပ်သည့် ဒီမိုကရေစီစနစ်(Liberal Democracy) စနစ်မဟုတ်ဘဲ လူမှုရေး ညီမျှမှုကို အဓိကထားသည့် social democracy စနစ်ဖြစ်လေသည်။
မြန်မာနိုင်ငံအစိုးရသစ်တက်လာပြီးသည့်နောက်ပိုင်းတွင် စီးပွားရေးနှင့် ပတ်သက်သည့် ပထမဦးဆုံး ခြေလှမ်းမှာ ဆင်းရဲမွဲတေမှု လျှော့ချရေး စီမံကိန်းဖြစ်သည်။ ဆင်းရဲမွဲတေမှု လျော့နည်းလာသည်နှင့်အမျှ လူလတ်တန်းစားများလာမည် ဖြစ်ပြီး ဒီမိုကရေစီခိုင်မာအားကောင်းရေးကို ဦးတည်သွားလိမ့်မည်ဟု အကောင်းဖက်မှ မျှော်လင့်ထား၍ ရနိုင်သော်လည်း မျှော်လင့်ထားသလို ဖြစ်လာဖို့ကတော့ တွေ့ကြုံလာနိုင်သည့် အမျိုးသားရေး ပြဿနာများကို အမျိုးသားအင်အားစုများ အားလုံး ဝိုင်းဝန်းအဖြေရှာဖို့တော့လိုပေမည်။ အဘယ်ကြောင့်ဆိုသော် တစ်ခေတ်တစ်ခါက အမျိုးသားရေး အင်အာစုများကြား ညီညွတ်မှုမရှိခြင်းကြောင့် ပြည်တော်သာ စီမံကိန်းဟုခေါ်သော စီးပွားရေးဖွံ့ဖြိုးမှုကြိုးပမ်းရာ၌ မအောင်မမြင် ဖြစ်ခဲ့ရလေ သည်။
လွတ်လပ်ရေးရပြီး ၁၉၄၈ ဧပြီ ၁ ရက်နေ့တွင် ပထစအစိုးရမှာ နိုင်ငံ၏ ဆန်တင်ပို့မှုကို ပြည်သူပိုင်းသိမ်းရေး အပါအဝင် နိုင်ငံခြားငွေ လဲလှယ်ရေးဈေးကွက်ကို လက်ဝါးကြီးအုပ်နိုင်ရန်အတွက် ၂နှစ် စီးပွားရေးစီမံကိန်းကို အကောင် အထည် ဖော်ခဲ့လေသည်။ ၁၉၄၈ အောက်တိုဘာတွင် သီးနှံအထွက်နှုန်းတိုးရေးအတွက် မြေယာ ပြည်သူပိုင်သိမ်းရေး ဥပဒေကို ပြဋ္ဌာန်းခဲ့လေသည်။ လက်တွေ့လုပ်ဆောင်ကြည့်သောအခါ မြေယာနှင့်စက်မှု ကုန်ထုတ်လုပ်ငန်းများကို ပြည်သူ ပိုင်သိမ်းရေးမှာ စီးပွားရေးဖွံ့ဖြိုးမှု အနည်းငယ်သာ ရရှိခဲ့ကြောင်း တွေ့ခဲ့ရလေသည်။ ထိုအတွက်ကြောင့် ၁၉၅၁ နှစ်လယ်လောက်တွင် ဝန်ကြီးချုပ်ဦးနု၏ ဖိတ်ကြားမှုဖြင့် Oxford မှ စီးပွားရေးပညာရှင်များသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာကြပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေမည့် အကြိုလေ့လာမှု များကို ပြုလုပ်ခဲ့လေသည်။ ၁၉၅၂ ဇန်နဝါရီတွင် သွင်းကုန်အစားထိုးရေး မဟာဗျူဟာဖြင့် စက်မှုထူထောင်ရေး ပြုလုပ်ရန် စာတမ်းကို အစိုးရသို့ ပေးပို့ခဲ့လေသည်။ ၁၉၅၂ သြဂုတ် ၄ မှ ၁၇ ရက် အထိ ရန်ကုန်မြို့ရှိ ပြည်တော်သာခန်းမတွင် ယင်းစာတမ်းပါ ဖွံ့ဖြိုးရေးအစီအစဉ်များကို ဖတ်ကြားစေခြင်းဖြင့် ပြည်တော် သာစီမံကိန်းဟု အမည်တွင်ခဲ့လေသည်။
ယင်းစီမံကိန်းမှာ Havard-Domor ဖွံ့ဖြိုးရေးမော်ဒယ်ကို အသုံးပြုပြီး စီမံကိန်း ကာလရှစ်နှစ်အတွင်းမှာ နိုင်ငံ၏ GDP ကို နှစ်ဆမြှင့်တင်ရန် မျှော်မှန်းထားလေသည်။ ရှစ်နှစ်တာကလအတွင်း စုစုပေါင်းအရင်းအနှီး လိုအပ်ချက်မှာ ၇.၅ ဘီလီယံ ကျပ်ဖြစ်ပြီး ရင်းနှီးမြုပ်နှံမှု၏ ၃ပုံ ၁ပုံမှ နိုင်ငံခြားငွေများဖြင့် ဖြစ်လေသည်။ စက်မှု၊ သတ္တုတွင်း၊ လယ်ယာ စိုက်ပျိုး ရေးနှင့် သယ်ယူပို့ဆောင်ရေး အစရှိသည့် ကဏ္ဍကြီးလေးခုတွင် အစိုးရ၏ ဦးဆောင်မှု ဖွံ့ဖြိုးရေးအစီအမံများကို ဆောင်ရွက်သွားမည်ဟု မျှော်မှန်းထားလေသည်။ ထို့အပြင် သတ္တုတွင်း၊ ထုတ်ကုန်ထုတ်လုပ်ရေးနှင့် စွမ်းအင်ကဏ္ဍများတွင် သွင်းကုန်အစားထိုးရေး မဟာဗျူဟာဖြင့် အကောင်အထည်ဖော်မှုမှာ ပြည်တော်သာစီမံကိန်း၏ အနှစ်သာရဖြစ်လေသည်။ သို့သော် ၎င်းစီမံကိန်းတွင် ပုဂ္ဂလိက အခန်းကဏ္ဍမှ ပါဝင်ခွင့်ရခဲ့သည်မဟုတ်ပါ။ ပုဂ္ဂလိကကဏ္ဍများမှာ အထည်ချုပ်နှင့် လျှပ်စစ်မီးထုတ်လုပ်ရေးကဏ္ဍ များတွင်သာ ပူးပေါင်းပါဝင်ခွင့်နှင့် အထောက်အပံ့များရရှိလေသည်။
ယခင် ၂နှစ်စီမံကိန်းကို ကြီးကြပ်ဆောင်ရွက်သော စီးပွားရေးကောင်စီကို အသွင်ပြောင်းထားသော စီးပွားရေးနှင့် လူမှုရေးဘုတ်အဖွဲ့မှာ ဖွံ့ဖြိုးရေး စီမံကိန်းများအားလုံးကို အဓိက ကြီးကြပ်ဆောင်ရွက်သော အဖွဲ့ဖြစ်လေသည်။ ဘုတ်အဖွဲ့ ဥက္ကဋ္ဌမှာ ဝန်ကြီးချုပ်ဦးနုဖြစ်ပြီး အဓိကစီးပွားရေး ဝန်ကြီးများ ပါဝင်သောကြောင့် အစိုးရအဖွဲ့ခွဲအသွင် ဆောင်နေခဲ့လေသည်။ သို့သော် တကယ့်လက်တွေ့ စီမံကိန်းအကောင်အထည် ဖော်မှုအပြင် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ နည်းစနစ် ပိုင်း အထောက်အပံ့နှင့် ဝန်ဆောင်မှုအပိုင်းကို အဓိက လုပ်ဆောင်ပေးသည့် ဝန်ကြီးဌာနမှာ အမျိုးသားစီမံကိန်း ဖြစ်လေ သည်။ ၁၉၅၄ ဖေဖော်ဝါရီတွင် စီးပွားရေးအကြံပေးများ အတည်ပြုထောက်ခံထားသည့် စက်မှုစီမံကိန်းများကို ကျော်လွန်၍ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် ၁၉၅၄-၅၅ ဘဏ္ဍရေးနှစ်တွင် ကုန်သွယ်မှုလိုငွေပြမှုနှင့် နိုင်ငံခြားအရန်ငွေထားရှိမှု လျော့နည်းလာခြင်းကြောင့် ဖြစ်လေသည်။ ထိုကြောင့် ၁၉၅၅ ဇွန် ၉ ရက်နေ့တွင် အစိုးရမှ ပုဂ္ဂလိကနှင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများကို ထောက်ပံ့ အကာအကွယ်ပေးသည့် ရင်းနှီးမြုပ်နှံမှုမူဝါဒကို ထုတ်ပြန်ခဲ့လေ သည်။ ဗဟိုစက်မှုလုပ်ငန်းရှင်များကော်မတီမှ အစိုးရ၏ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးမှုအပေါ် ဆီလျော်မှုရှိသည့် စက်မှု ပေါ်လစီမရှိမှုသည့် နိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍတိုးတက်မှုကို များစွာ အဟန့်အတားဖြစ်စေသည်ဟု သုံးသပ်ထား လေသည်။
ပြည်တွင်း၌ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ဖြစ်ပေါ်စေရန် ဗိုလ်ချုပ်နေဝင်း၏ ဦးဆောင်မှုဖြင့် စစ်တပ်မှ အာဏာသိမ်းပြီး အိမ်စောင့်အစိုးရ တက်လာချိန်တွင်လည်း စီးပွားရေးပြုပြင်ပြောင်းလဲမှုတချို့ ပြုလုပ်ခဲ့ပါသေးသည်။ စက်မှုလုပ်ငန်းများ၏ ကုန်ကြမ်းဝယ်ယူမှုကို ရပ်နားပြီး ယင်းနေရာတွင် လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောထုတ်ထွက်ကုန် အထွက်တိုး ရေးကို ဦးတည်ချက်ထားခဲ့လေသည်။ ၁၉၅၉ တွင် ရင်းနှီးမြုပ်နှံမှုဥပဒေ တစ်ရပ်ကို ပြဋ္ဌာန်းပြီး စက်မှုလုပ်ငန်းများ ဘဏ္ဍငွေ လိုချက်ကို ထောက်ပံ့ရန် ဖွံ့ဖြိုးရန်ဘဏ်တစ်ခု တည်ထောင် ခဲ့သော်လည်း မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ မပြုလုပ်ခဲ့ ပါချေ။
၁၉၆၁ခုနှစ် ပြည်တော်သာစီမံကိန်း ဒုတိယသက်တမ်းကာလတွင် စက်မှုဖွံ့ဖြိုးရေးတိုးတက်ရေး၌ ပုဂ္ဂလိက၏ အခန်းကဏ္ဍကို ပိုမိုအလေးထားခဲ့ လေသည်။ ထိုကြောင့် နိုင်ငံတော်မှ အနည်းငယ်သော စက်မှုလုပ်ငန်းများကိုသာ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းအဖြစ်ထားရှိခဲ့ပြီး စီမံကိန်းကြီး တစ်ခုလုံး၏ အများစုသော စက်မှုလုပ်ငန်းများကို ပုဂ္ဂလိက အခန်းကဏ္ဍသို့ လွှဲပြောင်းပေးအပ်ခဲ့လေသည်။ သို့သော် နိုင်ငံရေးအင်အားစုများတွင် ဘုံတူညီချက် မရှိခဲ့ခြင်းကြောင့်သော် လည်းကောင်း၊ ပြည်တွင်းစစ်ဖြစ်နေခြင်းကြောင့်သော်လည်းကောင်း ပြည်တော်သာစီမံကိန်းကြီး ပီပြင်စွာ ဖြစ်ထွန်းခဲ့ခြင်း မရှိခဲ့ပါချေ။ လုံလောက်သော ပြည်တွင်း၊ ပြည်ပအရင်းအနှီး မရှိခဲ့ခြင်း၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းကြီးများ၏ စွမ်းဆောင် ရည် နိမ့်ပါးမှုခြင်း၊ စက်မှုဖွံ့ဖြိုးရေး အတွက်လိုအပ် သောအင်ဂျင်နီယာနှင့် စီမံခန့်ခွဲမှုအတတ်ပညာကို တက်မြောက်သူများ နည်းပါးခြင်းတို့သည်လည်း မအောင်မြင် ရခြင်း၏ အကြောင်းများ ဖြစ်ကြပါသည်။
ယခုဒီမိုကရေစီအစိုးရသစ်သည်လည်း ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် လယ်ယာနှင့်စက်မှုဖွံ့ဖြိုးရေး စီမံကိန်းများ ချမှတ်အကောင်အထည် ဖော်ရာတွင် အတိတ်ကအမှားမျိုးကို နောက်တစ်ကြိမ်ထပ်မမှားဖို့အလွန်ပင် အရေးကြီးပါသည်။ ပြည်တော်သာစီမံကိန်းဆိုသည်မှာ သူ့ခေတ်သူ့အခါက ကမ္ဘာပေါ်ရှိ နာမည်ကြီးဘောဂဗေဒ ပညာရှင်များ၏ အကြံပေးချက် များလည်းပါဝင်လေရာ ပေါ့ပေါ့တန်တန်စီမံကိန်းတော့မဟုတ်ပါ။ သေသေချာချာ သုတေသနပြုလေ့လာကြည့်ပါက ပညာရပ်ဆိုင်ရာအကျိုးကျေးဇူးများရမည့်အပြင် နောင်မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးစီမံကိန်းများအတွက်ပါ အလွန်အရေး ပါမည် ဖြစ်ပါကြောင်း……..။
××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.