yangonchronicle 2011 |
၂၁.၉.၂၀၁၁
ပြည်တွင်းသတင်းများ
- ကားတင်သွင်းကြားခံကုမ္ပဏီ ဆိပ်ကမ်းရှိသူများလက်ဝါးကြီးအုပ်ရန်ကြံစည်
- ဦးဇော်ဇော်၏ ဘောလုံးအပေါ်မြတ်နိုးမှု အလုံလူငယ်များ ဝေဖန်
- ကားအပောာင်းဖျက်သိမ်းသတင်းကြောင့် ဒေါ်လာနှင့် ပို့ကုန်ရငွေတန်ဖိုး မြင့်တက်
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
- လက်ရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကိုသာ အရေးယူမည်
- နိုင်ငံတော်အလံသစ် ပြည်သူများ မလေးစား
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
ဆောင်းပါးကဏ္ဍ
- မြန်မာတွေမညံ့ သို့သော်
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
ပြည်တွင်းသတင်းများ
ကားတင်သွင်းကြားခံကုမ္ပဏီ ဆိပ်ကမ်းရှိသူများလက်ဝါးကြီးအုပ်ရန်ကြံစည်
သက်တမ်းလွန်ကားများကို မှတ်ပုံတင်ဖျက်သိမ်းပြီး ကားတင်သွင်းပြုမည့်စနစ်အရ ကြားခံကုမ္ပဏီများ ဆောင်ရွက်ရာတွင် ဆိပ်ကမ်းရှိသူ များသာ လုပ်ကိုင်ခွင့်ရရန် စီးပွားကူသန်းဝန်ကြီးနှင့် ပေါင်းပြီး လက်ဝါးကြီးအုပ်ရန် ကြိုးစားနေသူများ ရှိကြောင်း နှစ်ပေါင်း၃၀ ကျော် ကားတင်သွင်းခြင်း လုပ်ကိုင်ခဲ့သူ တစ်ဦးက ပြောကြားသည်။
“ဦးစိုးသိန်းအိမ်မှာ ဦးစိုးသိန်းနဲ့တွေ့ဖို့ တန်းစီစောင့်နေသူတွေ အများကြီး၊ အများအတွက်မစဉ်းစားဘူး ငို့ဘသမားတွေ များနေတယ်”ဟု အထက်ပါ ပုဂ္ဂိုလ်က ကားတင်သွင်းခွင့်ပေးမည့်အပေါ် အခွင့်ကောင်းစောင့်နေသူများ စက်မှုဝန်ကြီးထံမှ အခွင့်အရေး ရှာဖွေနေပုံနှင့် ပတ်သက်၍ သုံးသပ်ပြောဆို သည်။
သက်တမ်းလွန်ကားများ မှတ်ပုံတင်ဖျက်သိမ်းမည် သတင်းကို လူကြီးပိုင်းနှင့် နီစပ်သူတစ်ချို့က သတင်းဦးရပြီး လက်ဦးမှုရှိရှိ ကားများကို ဈေးအနိမ့်ဖြင့် လိုက်ဝယ်ခဲ့ကြောင်း မရှိမဲ့ရှိမဲ့လူများထံမှ မတရားအမြတ်ထုတ်သွားကြောင်း စီးပွားရေးလုပ်ကိုင်ရာတွင် လောဘရှိရမည်မှန်သော်လည်း ဝိသမလောဘနှင့် သူများမျက်ရည်ပေါက်ကြီးကျမှ စားဝင်သူများ ရှိကြောင်း အသက်၅၀ အရွယ် ကားဝယ်ရောင်းတစ်ဦးက ပြောကြားသည်။
မိဖြူ
-------------------------------------------------------------------------------------------------------------
ဦးဇော်ဇော်၏ ဘောလုံးအပေါ်မြတ်နိုးမှု အလုံလူငယ်များ ဝေဖန်
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၏ ဘောလုံးအားကစားအပေါ် မြတ်နိုးတန်ဘိုးထားမှုကို ရန်ကုန်မြို့ အလုံမြို့နယ်တွင် နေထိုင်သည့် ဘောလုံးဝါသနာရှင်လူငယ်များက သံသယထား ဝေဖန်လျက်ရှိကြောင်း အလုံဆင်မင်းဈေးရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောကြား သည်။
အလုံမြို့နယ်တွင် နေထိုင်သည့် လူငယ်များအနေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာရေးကော်မတီ ကစားကွင်းနှင့် ပန်းခြံများဌာနအောက်ရှိ သီရီမင်္ဂလာ ဘောလုံးကစားကွင်းတွင် ၂၀၁၀ ခုနှစ်ကုန်ပိုင်းအထိ လွတ်လပ်ပျော်ရွင်စွာ ဘောလုံး၊ ဘောလီဘော၊ ပိုက်ကျော်ခြင်းများကို ဆော့ကစားခွင့် ရခဲ့ ကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။
သို့ရာတွင် ၂၀၁၁ နှစ်ဆန်းပိုင်းတွင် ဦးဇော်ဇော်၏ Max စက်သုံးဆီဆိုင်ကို ယခင်ဘောလီဘောကွင်း နေရာတွင် တည်ဆောက်ခဲ့ပြီး ကစားကွင်းဧရိယာ၏ ငါးပုံတစ်ပုံခန့်ဆုံးရှုံးသွားရကြောင်း အလုံဆရာမှတ်ကြီးရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။
ဦးဇော်ဇော်သည် အားကစားကို စိတ်ဝင်စားသော်လည်း သူကျောင်းသားဘ၀က ကစားခဲ့သည်မှာ တင်းနစ်အားကစားသာ ဖြစ်ပြီး ဒေသကောလိပ် အမှတ်သုံး (RC3)တွင် တက်ရောက်စဉ်ကသာ ကစားခဲ့ကြောင်း ရှစ်လေးလုံးဆန္ဒပြပွဲများကို စစ်တပ်မှအကြမ်းဖက်နိမ်နင်းပြီးနောက် ဂျပန်နိင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ခဲ့ကြောင်း ကြည့်မြင်တိုင် အိုးဘိုရပ်ကွက်တွင် နေထိုင်ခဲ့သူ အသက် ၄၅နှစ်အရွယ် အမျိုးသားတစ်ဦး၏ အဆိုအရ သိရှိရသည်။
ဂျပန်နိုင်ငံမှ ပြန်ရောက်လာပြီး စက်ယန္တယားကြီးများ တင်သွင်းခြင်း၊ ကားတင်သွင်းခြင်း လုပ်ငန်းဖြင့် ချမ်းသာလာပြီး မြန်မာနိုင်ငံ တင်းနစ် အဖွဲ့ချူပ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ တင်းနစ်ဝါသနာရှင် ယခင်ထောက်လှမ်းရေးမှူးဗိုလ်မှူးချုပ် ကျော်ဝင်း၏ ကောင်းမှုကြောင့် ဘောလုံးဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီး ပိုမိုချမ်းသာလာကာ လက်ရှိ ဒုတိယသမ္မတ သီဟသူရ တင်အောင်မြင့်ဦး အတွင်းရေးမှူး (၁)လုပ်စဉ် အကြီးစားဆောက်လုပ်ရေး လုပ်ငန်းများ စီမံကိန်းများ လုပ်ကိုင်ခွင့်ရရှိပြီး မြန်မာနိုင်ငံ၏ လိုင်စင်ရသူဌေးကြီး ဖြစ်လာကြောင်း အိုးဘိုရပ်ကွက်ပွဲစားလမ်းတွင် နေထိုင်သူတစ်ဦးက ဆိုသည်။
ရန်ကုန်တိုင်းတွင် အလုံမြို့နယ်သည် ဘောလုံးအစဉ်အလာကြီးမားပြီး ၁၉၉၃ အရှေ့တောင်အာရှ ဘောလုံး ငွေတံဆိပ်ဆုရ လက်ရွေးစင်ဟောင်း ဂိုးသမား အောင်ကျော်ကျော်သည် သီရီမင်္ဂလာကစားကွင်းအနီးရှိ ရပ်ကွက်တစ်ခုတွင် နေထိုင်ခဲ့သူတစ်ဦးဖြစ်ကြောင်း အလုံအထက ၄ ကျောင်းသား ဟောင်းကြီး တစ်ဦးထံမှ သိရသည်။
မိဖြူ
-------------------------------------------------------------------------------------------------------------
ကားအပောာင်းဖျက်သိမ်းသတင်းကြောင့် ဒေါ်လာနှင့် ပို့ကုန်ရငွေတန်ဖိုး မြင့်တက်
နိုင်ငံတော်မှ ကားအပောာင်းများ ဖျက်သိမ်း၍ ကားများ တင်သွင်းခွင့်ပြုမည်ဆိုသော သတင်းများ ထွက်ပေါ်ပြီးချိန်မှ စတင်၍ ဒေါ်လာနှင့် ပို့ကုန်ရငွေ တန်ဖိုးများ ပြန်လည်မြင့်တက်လာခဲ့ကြောင်း သိရသည်။
နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ ၎င်းကားအပောာင်းဖျက်သိမ်း ကားအသစ် တင်သွင်းခွင့်ပြုမည်ဆိုသည့် သတင်းများကြောင့် နိုင်ငံခြားငွေ လဲလှယ်နှုန်းများမှာ ဆက်တိုက်မြင့်တက်လာခဲ့ပြီး ဆယ်ရက်အတွင်း တစ်ဒေါ်လာလျှင် ၁၀၀ ကျပ်ခန့် တန်ဖိုး တက်လာခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၁၀ ရက်နေ့၌ ပြည်တွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၇၅၀ ရှိရာမှ စက်တင်ဘာလ ၁၉ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၈၅၀ ဈေးပေါက်ခဲ့ကြောင်း သိရသည်။
ထို့အတူ ကားအပောာင်းဖျက်သိမ်း ကားအသစ်တင်သွင်းခွင့်ပြုမည်ဆိုသည့် သတင်းများကြောင့် နိုင်ငံခြားငွေ လဲလှယ်နှုန်ထားများ ဈေးတက်လာ သကဲ့သို့ ပို့ကုန်ရငွေ တန်ဖိုးမှာလည်း မြင့်တက်လာခဲ့ကြောင်း သိရသည်။
ပို့ကုန်ရငွေတန်ဖိုးမှာ စက်တင်ဘာလ ၉ ရက်နေ့တွင် ၇၇၀ ကျပ်ရှိရာမှ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ၈၃၃ ကျပ် ဈေးနှုန်းမြင့်တက်ခဲ့လာခဲ့ပြီး သတင်းထွက်ပေါ်ပြီးချိန် ၁၀ ရက်အတွင်း တစ်ဒေါ်လာလျှင် ၁၀၀ ကျပ်၊ ပို့ကုန်ရငွေမှာ ၆၃ ကျပ် တန်ဖိုးတက်လာခဲ့ကြောင်း သိရသည်။
ဒေါ်လာ၊ ပို့ကုန်ရငွေနှင့် အက်ဖ်အီးစီ စသော ငွေမာတန်ဖိုးများ တက်လာပြီးနောက် များစွာပြန်လည် မကျဆင်းနိုင်ဘဲ၊ ဒေါ်လာနှင့် ပို့ကုန်ရငွေမှာ ကျပ် ၈၀၀ နှင့် အထက်၌သာ ဈေးနှုန်းများ လည်ပတ်နေနိုင်ကြောင်း ငွေဈေးကွက် ကျွမ်းကျင်သူများက ခန့်မှန်းသည်။
Ref: 7Day News
××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
လက်ရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကိုသာ အရေးယူမည်
မကြာမီက ဖွဲ့စည်းလိုက်သည့် အမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေဖြင့် ယခင်ကဖြစ်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို နောက်ကြောင်းပြန် အရေးယူမည်မပာုတ်ဘဲ လက်ရှိ ဖြစ်ပျက်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကိုသာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လူ့အခွင့်ရေးကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့၌ ချက်ထရီယံပိာုတယ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ထိုသို့ ပြောကြား သွားခြင်း ဖြစ်သည်။
ထိုသို့ မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ကော်မရှင်မှ စစ်ဆေးဆောင်ရွက်နိုင်ရန် ပြည်သူများ အနေနှင့်လည်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုကို အမှန်အတိုင်း တင်ပြရန် လိုအပ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင်လည်း နိုင်ငံတော်အစိုးရသစ်မှ အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းပေးလိုက်သည့် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် လူ့အခွင့်အရေးဆိုင်ရာဥပဒေမူကြမ်းနှင့် လုပ်ထုံးလုပ်နည်းများကို ကုလသမဂ္ဂမှ စံပာုသတ်မှတ်ထားသော ပါရီလုပ်ထုံးလုပ်နည်းများနှင့်အညီ စတင် ရေးဆွဲလျက် ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် ပတ်သက်၍ တိုင်ကြားမှုများတွင် အခြေအမြစ် ခိုင်မာမှုရှိသည့် တိုင်ကြားမှု များကိုသာ ကော်မရှင်မှ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် ပတ်သက်၍ ပြည်သူများ အလွယ်တကူ တိုင်ကြားနိုင်စေရန်လည်း အမျိုးသား လူ့အခွင့် အရေး ကော်မရှင်မှ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍လည်း ပြည်သူများ သိရှိစေရန် ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးနှင့် ပတ်သက်သည့် သတင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးနိုင်သည်အထိ ထိရောက်စွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
YC
-------------------------------------------------------------------------------------------------------------
နိုင်ငံတော်အလံသစ် ပြည်သူများ မလေးစား
၂၀၁၀ ရွေးကောက်ပွဲအပြီး၌ အစိုးရသစ် ပေါ်ထွက်လာပြီးနောက် ပြောင်းလဲလိုက်သည့် နိုင်ငံတော်အလံသစ်အား ပြည်သူများ လေးစား လိုက်နာမှု မရှိကြောင်း သိရသည်။
ယခင် ရုပ်ရှင်ရုံများတွင် ရုပ်ရှင်မပြသမီ ပိတ်ကားထက်တွင် နိုင်ငံတော်အလံပောာင်းကို ပြသ၍ နိုင်ငံတော် သီချင်းဖွင့်ပါက အလေးပြုသူ များပြား လှသော်လည်း ယခုအခါ ရုပ်ရှင်ရုံများတွင် နိုင်ငံတော်အလံသစ်ပြသ၍ နိုင်ငံတော် သီချင်းဖွင့်ပါက အချို့သူများသာ အလေးပြုကြကြောင်း ရုပ်ရှင်ရုံ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထိုသို့ ရုပ်ရှင်ရုံများတွင် လူအနည်းစုသာ အလေးပြုသည့်အတွက် ရုပ်ရှင်ရုံတာဝန်ရှိသူများက နိုင်ငံတော်သီချင်းအား ခတ္တခဏသာဖွင့်ပြီး ရုပ်ရှင်ကားကို စတင်ပြသရကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံရှိ ရုပ်ရှင်ရုံများတွင် ရုပ်ရှင်မပြသမီတွင် ဘုရင်အား အရိုအသေပြုသည့်သီချင်း ဖွင့်ပါက ရုပ်ရှင်လာရောက်ကြည့်ရှုသည့် သူများသည် သီချင်းဖွင့်ထားစဉ် တစ်လျောက်လုံးတွင် မတ်တပ်ရပ်အလေးပြုကြကြောင်း ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့သူတစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတော်သီချင်းအား မနက် ၇ နာရီအချိန်တွင် မြန်မာ့အသံနှင့် မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်လျက်ရှိကြောင်း သိရသည်။
Ref:ပြည်သူ့ခေတ်
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
“အပ်ငွေအာမံဆိုတာ ဘဏ်အပ်ငွေတွေကို အာမခံပေးတာပါ။ ဘယ်လိုအပ်ငွေမဆိုအကျုံးဝင်ပါတယ်။ ဘဏ်မှာ ငွေအပ်ထားတဲ့သူတွေအနေနဲ့ ဒီအာမခံကို ဝယ်ထားလိုက်ရင် ဘဏ်ဖျက်သိမ်းတာဖြစ်ဖြစ်၊ တစ်ခုခုဆုံးရှုံးမှု ကြုံတာဖြစ်ဖြစ် မြန်မာ့အာမခံက ဝင်လျော်မယ့် ပုံစံဖြစ်ပါတယ်။ လျော်တဲ့ အခါမှာလဲ အပြည့်အကုန် မရနိုင်ပေမယ့် ဆုံးရှုံးမှုတွေ အသက်သာဆုံး ဖြစ်အောင်တော့ လျော်ကြေးသတ်မှတ် တွက်ချက်ပါတယ်။ အခုကတော့ ပရီမီယံကြေး သတ်မှတ်တာတွေ လျော်ကြေး သတ်မှတ်တာတွေ လုပ်ဖို့အတွက် ညှိနှိုင်း ဆွေးနွေးမှုတွေလုပ်နေပါပြီ”
စက်တင်ဘာ ၂၂ ထုတ် မြန်မာတိုင်းမ် အတွဲ (၇) အမှတ် (၃၆) တွင်ပါသည့် “ပုဂ္ဂလိကဘဏ်များအပေါ် ယုံကြည်မှု ရှိစေရန် အပ်ငွေအာမခံသစ် မြန်မာ့အာမခံက တိုးချဲ့ဆောင်ရွက်မည်” သတင်းမှ မြန်မာ့အာမခံလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဒေါက်တာ မောင်မောင်သိမ်း၏ ပြောကြား ချက်အပေါ် ကောက်နှုတ်ချက်
-------------------------------------------------------------------------------------------------------------
“အခုခေတ်လူငယ်တွေမှာတော့ ကျွန်တော့်အထင်ပြောရရင်တော့ အမျိုးအစား သုံးမျိုးလောက် ကွဲနေတယ်။ (၁) နိုင်ငံရေးဆိုရင် Negative ဆိုက်ကနေ မြင်တဲ့လူငယ်တွေ၊ (၂) လစ်ဘရယ်ကျတဲ့လူငယ်တွေ၊ (၃) လုံးဝမသိတဲ့ လူငယ်တွေ ရှိတယ်။ အခု တချို့လူငယ်တွေဆိုရင်တော့ နာမည်ကြီး နိုင်ငံရေး ပါတီ တစ်ခုကို ပြောရင်တောင် မသိဘူး။
အခု လက်ရှိအစိုးရအဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီတွေကလဲ ခေတ်လူငယ်တွေကို နိုင်ငံရေးနဲ့ပတ်သက်တဲ့ နိုင်ငံရေးသိပ္ပံ ပညာရေးကို သင်ပေးသင့်တယ်။ သင်တန်းတွေ၊ စာအုပ်တွေ၊ ဟောပြောပွဲတွေကို ကျင်းပပေးပြီးတော့ Social Science ကို သင်ပေးသင့်တယ်။ ‘ယနေ့လူငယ်၊ နောင်ဝယ်လူကြီး’ ဆိုတဲ့ အတိုင်း ခေတ်လူငယ်တွေ၊ ပညာတတ်တွေဖြစ်မှ နောင်တစ်ချိန် နိုင်ငံကို ကောင်းကောင်းမွန်မွန် ခေါင်းဆောင်မှုတွေပြုနိုင်မယ်။”
စက်တင်ဘာ ၂၂ ထုတ် မြန်မာတိုင်းမ် အတွဲ (၇) အမှတ် (၃၆) တွင်ပါသည့် “မြန်မာနိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုများနှင့် လူငယ်များ၏ အခန်း ကဏ္ဍ” သတင်းဆောင်းပါးမှ ကိုဘုန်းမြင့်ခိုင်၏ ပြောကြားချက်အပေါ် ကောက်နှုတ် ချက်
-------------------------------------------------------------------------------------------------------------
“ဒီနေ့ဆရာတို့ နိုင်ငံရေးခွင်က သမိုင်းက မွေးထုတ်ပေးလိုက်တာမျိုး မဟုတ်ဘူး။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ တီတွင်မှုပဲ ဖြစ်တယ်။ လစ်ဘရယ် ဒီမိုကရေစီ မဟုတ်ဘူး။ Mandate Democracy ပဲဖြစ်တယ်။ စီမံခန့်ခွဲခံရတဲ့ သဘောဖြစ်တယ်။ Free Market ရှိတယ်။ တံခါးဖွင့်ဝါဒရှိတယ်။ အသွင် ကူးပြောင်းရေး ရှိတယ်။ ဒါပေမယ့် အရပ်ဘက်သီးသန့်ကိုပဲ ကိုယ်စားပြုမှုမျိုး မဟုတ်ပါဘူး။ စစ်ဘက်က ပါဝင်ပတ်သက်မှုတွေ ရှိနေသေးတယ်။ ဒါဟာလည်း ထူးခြားမှုတစ်ခုပါပဲ။ ဒါ့အပြင် ဆရာတို့နိုင်ငံရေး အခြေအနေတွေက အစီအစဉ်အတိုင်း ဖြစ်ထွန်းခဲ့တာ မဟုတ်ဘူးလေ။ အကွေ့အကောက်တွေ Shock တွေ၊ အကျပ်အတည်း Crisis တွေအများကြီး ဖြတ်သန်းခဲ့ရတယ်”
စက်တင်ဘာ ၂၂ ထုတ် Venus News အတွဲ (၃) အမှတ် (၁၀) တွင်ပါသည့် “နိုင်ငံရေးတွင် ဉာဏ်ပညာနှင့် သုံးသပ်တတ်ရမည်ဟု မောင်စူးစမ်း ပြောကြား” သတင်းမှ ကောက်နှုတ်ချက်
-------------------------------------------------------------------------------------------------------------
“ကျွန်တော်တို့က ခေါင်းဆောင်လုပ်ချင်လို့သာ ပါတီဖွဲ့တာမဟုတ်ဘူး။ ရွေးကောက်ပွဲ လမ်းစဉ်အတိုင်းသွားချင်လို့သာ ပါတီဖွဲ့ရတာ။ NLD ဒီနေ့ တရားဝင် ပါတီ ပြန်ဖြစ်ရင် ကျွန်တော်တို့ပါတီ ဖျက်သိမ်းပြီးသားပဲ”
စက်တင်ဘာ ၂၂ ထုတ် Venus News အတွဲ (၃) အမှတ် (၁၀) တွင်ပါသည့် “NLD ပါတီပြန်လည်မှတ်ပုံတင်ပါက မိမိတို့ ပါတီအား ဖျက်သိမ်းရန် အသင့်ရှိဟု ဦးသိန်းညွန့်ဆို” သတင်းမှ ဦးသိန်းညွန့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
ဆောင်းပါးကဏ္ဍ
မြန်မာတွေမညံ့ သို့သော်
ပြီးခဲ့သည့် ဧပရယ်လထုတ် The Wave မဂ္ဂဇင်းတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်၏ “Oh! We are Burmans” ဆိုသည့် ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရသည်။ မြန်မာလူမျိုးများမှာ အားနည်းချက်ကြောင်ကွက်အဖြစ် ကိုယ့်ကိုကိုယ် အထင်ကြီးခြင်း၊ အတွေးတိမ်ခြင်းတို့ကို တွေ့ရပြီး ထိုရောဂါမျိုးကို လူကြီးသူငယ်နာဟုခေါ်ကြောင်း ရေးသားထားသည်။
မြန်မာတွေ မညံ့ပါဟု အချို့က ဂုဏ်ယူတကြီး ပြောကြသည်။ ထိုအဆိုအပေါ် အငြင်းပွားရန်လည်းမရှိပေ။ အဘယ့်ကြောင့်ဆိုသော် မြန်မာတွေက အမှန်တကယ်ပင် မညံ့ကြ၍ ဖြစ်သည်။ သို့သော် မြန်မာတွေ ထူးချွန်သလားဟု မေးလျှင် အဖြေရကျပ်သည်။ စာရေးသူ ငယ်စဉ်က ရဟတ်ယာဉ် တီထွင်သော ပန်းပဲဆရာတစ်ဦးကို မြင်ဖူးသည်။ ထိုပန်းပဲ ဆရာမှာ စာမတတ်ချေ။ သို့သော် ရဟတ်ယာဉ်တစ်စင်းကို ဟင်းဂလိုင်း သံချောင်းကွေး၍ နှစ်လုံးထိုး ကားအင်ဂျင်သုံးကာ တည်ဆောက်ခဲ့သည်။ သူ၏ ရဟတ်ယာဉ်ကို မြို့ပြင်ရှိ ချောင်းစပ်တွင် စမ်းသပ်ပျံသန်းရာ ရွာနီးချုပ်စပ်မှ နွားလှည်းများဖြင့် လာရောက်အားပေးခဲ့ကြသည်မှာ ပွဲတော်သဖွယ်ဖြစ်ခဲ့သည်။ သို့ရာတွင် ရဟတ်ယာဉ်မှာ ခြောက်ထပ်တိုက် တစ်လုံးစာမျှ အပေါ်တက်သွားပြီး ရှေ့လည်းမတိုး၊ နောက်လည်းမသွား၊ အပေါ်လည်း ဆက်မတက်ဘဲ အသံစုံမြည်ဟီး၍ လေထဲတွင်ပင် တန့်နေတော့သည်။ မကြာပါချေ၊ မိတ်အင်ဘားမား ရဟတ်ယာဉ်ကြီးမှာ ချောင်းထဲသို့ အရှိန်ပြင်းစွာ ပြုတ်ကျလေတော့သည်။ ပရော်ဖက်ဆာ အင်ဂျီနီယာ ပန်းပဲဆရာမှာ နံရိုးတွေ အကုန်ကျိုး၍ သွားတွေလည်း တစ်ချောင်းမှမကျန်ချေ။ သို့ရာတွင် အသက်မသေခဲ့ပေ။ အသက်မသေသော်လည်း အဖမ်းခံရသည်။ သို့သော် ထောင်မကျချေ။ မည်သို့ပင်ဆိုစေကာမူ စာမတတ်ပေမတတ် ကျေးတောသား မြန်မာတစ်ဦးက ရဟတ်ယာဉ်တစ်စင်းကို တည်ဆောက်နိုင်ခဲ့ကြောင်း အနှီနယ်မြို့ကလေးမှ လူထုက ဂုဏ်ယူလျက် ရှိကြသည်။
အထက်ပါ ဖြစ်ရပ်ကိုကြည့်လျှင် မြန်မာတွေမှာ အတုမြင် အတတ်သင်၊ သင်လွယ်တတ်လွယ်သည့် ဥာဏ်ကောင်းသည်။ သို့ရာတွင် ကိုယ်တိုင် စဉ်းစားတွေးတောခြင်း မရှိဟု ဆိုရမည်။ တစ်ကွက်သာစဉ်းစား၍ နောက်တစ်ကွက်အတွက် မစဉ်းစားဟု ဆိုရပေမည်။ ပန်ကာနှင့် အင်ဂျင်ရှိလျှင် ရဟတ်ယာဉ်ဖြစ်ပြီ အထင်ရောက်၍ ဂျိုင်ရိုစကုပ်၏ သဘောတရား၊ ယာဉ်၏ Balance စသည်တို့ကို တစ်ကွက်မျှ မစဉ်းစားထားသည်ကို တွေ့ရသည်။ စာမတတ်သူဖြစ်၍ ထိုအချက်ကို အပြစ်ပြောရန်မရှိသော်လည်း စွန့်ဦးတီထွင်သူ ပန်းဘဲဆရာကို အစိုးရကဖမ်းဆီး၍ နောက်တစ်ကြိမ်မလုပ်ရန် ပြင်းပြင်း ထန်ထန် သတိပေးလိုက်ခြင်းဖြစ်သည်။ တိုးတက်သော နိုင်ငံများတွင် စွန့်ဦးတီထွင်သူကို အစိုးရကပင် ထောက်ပံ့၍ မြှောက်စားသည် မဟုတ်လော၊ ယခု ဖြစ်ရပ်မှာမူ တိုးတက်လိုသူကို အညွန့်ချိုးလိုက်သကဲ့သို့ပင် ရှိတော့သည်။
ရှိတာနဲ့ လှအောင်ဝတ်မည်၊ လုပ်သလိုမဖြစ်ပါက၊ ဖြစ်သလို လုပ်မည်ဟု ကြွေးကြော်ပြလိုက်သေးသည်။ ဘာမှမရှိပေလို့ ရှိများရှိလို့ကတော့ ဒုံးပျံတောင် ထွင်ပြလိုက်ဦးမည်ဟု ဟစ်ကြွေးသူလည်း ရှိသည်။ ဘာပစ္စည်းပျက်ပျက် အသာလေးပြင်တတ်တယ်၊ နိုင်ငံခြားမှာ အလုပ်သွားလုပ် လို့ကတော့ သူဋ္ဌေးဖြစ်နေပြီ၊ ဘယ်မှမသွားချင်လို့သာဟူသော စကားများလည်း ကြားဖူးကြ ပေလိမ့်မည်။ အမှန်ပင်တော်ပါသည်။ ဂျပန်နိုင်ငံတွင် ဖွင့်မရတော့၍ လမ်းဘေးပုံထားသော တီဗွီတွေ၊ ဗွီဒီယိုပြစက်တွေ၊ ရေခဲသေတ္တာတွေ မြန်မာပြည်ရောက်တော့ မြန်မာ့အစွမ်းဖြင့် နောင်ဆယ်နှစ် အနှစ်နှစ်ဆယ် အသုံးခံသည့် ပစ္စည်းကောင်းတွေ ဖြစ်သွားကြသည်။ ကမ္ဘာစစ်အကြွင်းအကျန် ဘတ်စကားအိုကြီးများ စင်းလုံးချော မဟုတ်သည့်တိုင် မူလဥပဓိရုပ်မပျက်ဘဲ အန္တရာယ်ကင်းသည်ဟု ထင်ရသည်အထိတော့ စီးနင်းနိုင်အောင် မြန်မာတို့ စွမ်းဆောင်ထားသည်။ လိပ်ခုံးကား၊ ဂျစ်ကားတွေမှာ ကြည့်လျှင် ကမ္ဘာလှည့် ခရီးသည်တွေ တအံ့တသြ ငေးကြည့်ရသေးသည်။ သူတို့နိုင်ငံများတွင် မျိုးတုန်း ပျောက်ကွယ်သွားသော ကားများမှာ မြန်မာပြည်တွင် ငယ်ရုပ်ပင် မပျောက်သေးချေ။ အပိုပစ္စည်းလည်း မရှိတော့သည့်တိုင် မြန်မာတွေ ဘယ်ကဘယ်လို တီထွင်ပြုပြင်ထားကြသနည်း၊ အလွန်ကို တော်သော မြန်မာ လူမျိုးများ ဖြစ်ပါသည်ဟု ချီးကျူးကြသည်။ ထိုသို့ဖြင့် အားကိုးတကြီး လာရောက်၍ ယနေ့ခေတ်ပေါ် လပ်ဇ်ကား တစ်စင်းကို ပြုပြင်ခိုင်းလျှင် မူလီပင် ဘယ်နားကဖြုတ်ရမှန်းမသိသော အခြေအနေ ဆိုက်သွားနိုင်သည်။ တွင်ခုံဆရာ၏ သား၊ မြေးတွေက မိုလုပ်သည့်စက်ကိုပင် မပိုင်သေးချေ၊ ဘိုးဘေးနည်း အတိုင်း မျက်မှန်းနှင့် ဟိုနားထူ၊ ဒီနားပါး လုပ်နေကြဆဲပင် ဖြစ်သည်။ ဆိုလိုသည်မှာ အဟောင်းကြီးများထဲမှ ဖောက်မထွက်နိုင်သေးဘဲ မိမိပရိတ်သတ်၊ မိမိအရပ်၊ မိမိ ဇာတ်နှင့် ကျေနပ်နေကြခြင်းကြောင့်သာ ဖြစ်သည်။
မြန်မာနိုင်ငံတွင် သူဋ္ဌေးကြီးတွေ အလွန်ပေါသည်ဟု ဆိုကြသည်။ ဒေသတွင်းသာမက ကမ္ဘာ့အဆင့်ထဲတွင် ဝင်နိုင်လောက်အောင် ချမ်းသာသူများ ရှိသည်ဟု ဆိုကြသည်။ သို့သော် မည်သူမျှ ကမ္ဘာ့အဆင့်ဝင်အောင် ချမ်းသာပါသည်ဟု ထုတ်ဖော်မကြေငြာချေ။ မည်သည့်နည်းနှင့် ချမ်းသာသနည်းဟု မပြောနိုင်ကြ၍ ဖြစ်သည်။ မပြောဝံ့ကြ၍လည်း ဖြစ်သည်။ သို့ရာတွင် နိုင်ငံအတွင်းတွင်တော့ ယခုလောက် ခက်ခဲကြမ်းတမ်းသော စနစ်ကြီးတွင်ပင် ယခုကဲ့သို့ ချမ်းသာအောင် ကြိုးစားနိုင်ကြသည်။ စီးပွားရေးပိတ်ဆို့မှုသာ ဖွင့်ပေးလိုက်လျှင် ယခုထက်ပိုမို ချမ်းသာလိမ့်မည်ဟု မြန်မာသူဋ္ဌေးတွေ ကိုယ့် ဟာဒယကို ကိုယ်ပြန်၍ အစာကျွေးကြသည်။ ဝိတ်တန်းမတူသော ကမ္ဘာ့အဆင့် သူဋ္ဌေးများနှင့် စိတ်ကူးထဲမှာ ကြိတ်ပြိုင်သလို အခြွေအရံများကလည်း ဘုန်းတော်ဘွဲ့၍ မြှောက်ပင့်ပေးသည်။ ဒေသတွင်း ကုမ္ပဏီခပ်သေးသေးတစ်ခု (သို့) အောက်ဈေးနှိမ်၍ ဝယ်မည့် တရုတ်ကုမ္ပဏီ ခပ်ကြီးကြီးတစ်ခုနှင့် အလုပ်တွဲလုပ်ရလျှင် မြန်မာသူဋ္ဌေးများ ဂုဏ်ယူမဆုံး ဖြစ်ကြသည်။ ကမ္ဘာ့ဈေးကွက်တွင် မိမိတို့ အမှန်တကယ် ရနိုင်သည့် အကျိုးအမြတ်ကို ထိုကုမ္ပဏီ တွေက ယူ၍ အရိုးအရင်းသာ ပေးသွားကြသည်ကိုသိလျှင် မချိတင်ကဲ ဖြစ်ပေဦးမည်။ မြန်မာသူဋ္ဌေးတွေ ကမ္ဘာနှင့် ယှဉ်နိုင်ပြီဆိုလျှင် ကမ္ဘာတွင် မြန်မာ သူဋ္ဌေး၏ ကုမ္ပဏီက ထုတ်သောပစ္စည်း ဘယ်နှစ်မျိုးရှိ သနည်းဟု ပြန်ကြည့်ရန်လိုသည်။ ဧရာမ စိုက်ကွင်းကြီးများ၊ ဧရာမ မွေးမြူရေးစခန်းကြီးများ ရှိစေကာမူ ကမ္ဘာ့ဈေးကွက်တွင် မြန်မာပြည်ကထုတ်သော တံဆိပ်နှင့် ဆန်၊ ရာဘာ၊ ဆီအုန်း၊ သားငါး မတွေ့ရချေ။ ထို့ကြောင့် မြန်မာပြည်မှာ သူဋ္ဌေးတွေ သာ ကြီးပွားသည်။ စီးပွားရေးလုပ်ငန်းစုတွေက မကြီးပွားဟု ဆိုရမည်။ ကုမ္ပဏီကြီးပွားမှ စီးပွားရေး အောင်မြင်သည်ဟု ဆိုရမည် မဟုတ်ပါလော။ ကမ္ဘာ့ ဈေးကွက်တွင် မိုက်ခရို ဆော့၊ ဝါလ်းမတ်၊ ဖိုဒ့်၊ ဆမ်ဆောင်း စသည်ဖြင့် သူဋ္ဌေးတွေမှာ သူ့ဂုဏ်နှင့်သူရှိ သည်။ မြန်မာသူဋ္ဌေးများက လူကြီးပွားအောင်သာ ဟိုကပ်ဒီကပ်နှင့် ကြံဖန်ကြိုးစားသွားကြသည်။ အောင်မြင်မှုဟူ၍ မည်မည်ရရ တစ်စုံတစ်ရာမရှိ။ ထို့ကြောင့် ကမ္ဘာ့တန်းမှီ သူဋ္ဌေးများနှင့် ယှဉ်ပြိုင်ရာတွင် တစ်တန်းလျော့သလို ဖြစ်နေရသည်။ ပြဿနာမှာ စွန့် ဦးတီထွင်လိုစိတ် မရှိ သောကြောင့်သာ ဖြစ်သည်။
အာလူးကြော်ဆိုလျှင် မြန်မာလုပ် အာလူးကြော်ကို မစားလိုကြ၊ တရုတ်ကလာသော တာရှည်ခံ အရောင်ဆိုး အရည်အသွေးမမှီ အားလူးကြော်ကိုမှ စားချင်သည်။ ကိုရီးယားတွင် ဝါးရှားပါး၍ ထမင်းလိပ်လုပ်ရောင်းသည်ကို ခေတ်မှီသည်ဟု၍ ထမင်းလိပ်စားသည်။ မြန်မာခဲတံချောင်းနှင့် သဘောသဘာဝ အတူတူပင် ဖြစ်သည်။ ရပ်ကွက်ထဲက မုန့်ဆိုင်တွေမှာ မြန်မာဇီးထုပ် ရောင်းသည်ကိုပင် မတွေ့ရတော့ချေ။ ယိုးဒယားနှင့် တရုတ်မုန့်များက နေရာယူ နေသည်။ မည်သည့် အစားအသောက်က အန္တရာယ်ကင်းသည်ကို မြန်မာတိုင်းသိသော်လည်း နိုင်ငံခြားဖြစ်ကိုသာ စားချင်သည်။ အထုပ်အပိုး ပြင်ဆင်မှုတွင် စားချင်စဖွယ် ဆွဲဆောင်ထား၍ဖြစ်သည်။ အဓိကပြဿနာမှာ မိမိတို့လုပ်ငန်းကို ရိုးရာအတိုင်း စွဲကိုင်ထားခြင်းဖြစ်ပြီး အပြောင်းအလဲကို မလုပ်လိုခြင်းသာ ဖြစ်သည်။ မူလလက်ဟောင်းဆိုသည့် နာမည်တစ်လုံးနှင့်ပင် ကျေနပ်နေပြီး ခေတ်နှင့်ညီအောင် ပြောင်းလဲ လုပ်ကိုင်နိုင်မှု မရှိ၊ စဉ်းလည်း မစဉ်းစားပေ။ ထို့ကြောင့် လူတစ်ဦးချင်း၊ လုပ်ငန်းတစ်ခုချင်း နောက်ကျကျန်ခဲ့ရင်းမှ တိုင်းပြည်အတိုင်း အတာနှင့်ပါ နောက်ကျကျန်ခဲ့တော့သည်။
နောင်လာမည့် သုံးလေးနှစ်အတွင်း အာဆီယံကုန်သွယ်မှုဇုန်တွေ လာပေတော့မည်။ ယခုပင်လျှင် တရုတ်နှင့် ယိုးဒယားပစ္စည်းတွေကို မယှဉ်နိုင်လျှင်၊ ပြိုင်ဘက်တွေ များလာသည်နှင့်အမျှ မြန်မာ့ရိုးရာလုပ်ငန်းတွေ ပပျောက်သွားဖို့သာ ရှိသည်။ တိုးရစ်တွေ အမှတ်တရ လာကြည့်သည့် ပြတိုက်ထဲက လုပ်ငန်းလေးတွေသာ ဖြစ်သွားဖို့ရှိသည်။ ယနေ့ လုပ်စားနေရသည့် အခြေအနေမျိုးကို သာယာနေ၍မရ၊ လုပ်ငန်းတွေ နေ့မြင်ညပျောက် ဖြစ်နေသာ အရှိန်အဟုန် ပြင်းလွန်းသည့် ကမ္ဘာ့ဈေးကွက်တွင် မြန်မာသူဋ္ဌေးတွေ ရပ်တည်နိုင်ကြမည်လော၊ သူဋ္ဌေးတွေတင်မဟုတ် လက်မှုပညာသည်၊ ကျွမ်းကျင်ပညာသည်တွေရော ထိုကမ္ဘာ့ဈေးကွက်ထဲတွင် ရှိနေကြသော အလုပ်သမားများနှင့် ယှဉ်ပြိုင်နိုင်မည်လော။ စဉ်းစားကြဖို့သာ ရှိသည်။
××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.