yangonchronicle2011 |
၂၀.၁၀.၂၀၁၁
ပြည်တွင်းသတင်းများ
- ဆန်ဈေးကောင်းချိန် ဝင်ရောက်လုပ်ကိုင်သူ တန်းတူအခွင့်အရေး ရမည်မပာုတ်
- အမျိုးသမီးများပြည်ပ၌ အလုပ်လုပ်ကိုင်နိုင်ရန် သက်ဆိုင်ရာသို့တင်ပြမည်
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
- လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနှုတ်ဆက်မည်
- ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကိစ္စအား ၂၀၁၅ ထိဆောင်ရွက်မည်
- ပုဂ္ဂလိကကျောင်းများဥပဒေ မကြာမီ ပြဋ္ဌာန်းမည်
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
ဆောင်းပါးကဏ္ဍ
- အသွင်ကူးပြောင်းခြင်းနှင့် တော်လှန်ခြင်း
*****************************************************************************
ပြည်တွင်းသတင်းများ
ဆန်ဈေးကောင်းချိန် ဝင်ရောက်လုပ်ကိုင်သူ တန်းတူအခွင့်အရေး ရမည်မပာုတ်
ပြည်တွင်းဆန်ဈေးကွက်တွင် ဆန်ဈေးကောင်းချိန်မှသာ စီးပွားရေးအရ ဆန်ရောင်းဝယ်မှု ဝင်ရောက်လုပ်ကိုင်ကြသည့် လုပ်ငန်းရှင်များ အနေနှင့် ရေရှည် ဆန်ရောင်းဝယ်ရေးလုပ်ကိုင်လျက်ရှိသော ဆန်အထူးပြုကုမ္ပဏီများ၊ ကုန်သည်များနှင့် စက်ပိုင်များနည်းတူ တန်းတူအခွင့်အရေး ရရှိမည် မပာုတ်ကြောင်း ဆန်စပါးလုပ်ငန်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ဆန်စပါး ရောင်းဝယ်လိုသည့် လူသစ်တန်းများကို ကြိုဆိုလျက်ရှိသော်လည်း ပြည်တွင်း ဆန်ဈေးကွက်တွင် ဝယ်ယူ၍ နိုင်ငံခြားသို့ Export တင်ပို့ရန် ခွင့်ပြုမည်မပာုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းစားသုံးမှုဖူလုံရေးသဘောတူညီချက်အရ ပြည်တွင်းဆန်ထွက်ရှိမှု၏ ၉၅ ရာခိုင်နှုန်းကိုသာ ဈေးကစားပြီး ကျန် ၅ ရာခိုင်နှုန်းကို နိုင်ငံခြားသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။
ဆန်အထူးပြုကုမ္ပဏီများ၊ ပြည်ပတင်ပို့ကုမ္ပဏီများ၏ ပြည်ပသို့ တင်ပို့ရောင်းချရန် ရည်ရွယ်၍ သိုလှောင်ရုံတွင် စုဆောင်းထားသည့် ဆန်များကိုလည်း သက်ဆိုင်ရာမှ စစ်ဆေးမှုပြုလုပ်ပြီး ဆန်စပါးအသင်းမှတစ်ဆင့် ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ ထောက်ခံတင်ပြ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဆန်စပါးထုတ်လုပ်သော နိုင်ငံအချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပွား၍ ပြည်ပသို့ဆန်တင်ပို့မှု လျော့နည်းနိုင်မှုအပေါ် အခွင့်အရေး ယူနိုင်သော်လည်း မြန်မာနိုင်ငံအနေနှင့် ပြည်တွင်း ဆန်ဖူလုံရေးကိုသာ အဓိကဦးစားပေး၍ ပြည်ပသို့ ဆန်တင်ပို့သွားမည်ဖြစ်ကြောင်း ဆန်လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ယခုနှစ်တွင် ပြည်ပသို့ ဆန်အဓိကတင်ပို့လျက်ရှိသော နိုင်ငံအချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပွား၍ စိုက်ဧကပေါင်းများစွာ ပျက်စီးခဲ့သည့်အတွက် နိုင်ငံတကာ ဆန်ဈေးကွက်တွင် ဆန်ဈေးမြင့်တက်လာနိုင်ကြောင်း ဆန်စပါး ကျွမ်းကျင်သူအများက သုံးသပ်ကြသည်။
မြန်မာနိုင်ငံသည် နှစ်စဉ် ဆန်တန်ချိန် ၁၄ သန်းခန့် ပုံမှန်ထုတ်လုပ်လျက်ရှိပြီး ၁၀ သန်းမှ ၁၂ သန်းထိ ပြည်တွင်း၌ ရောင်းချလျက်ရှိပြီး ဆန်တန်ချိန် တစ်သန်းကျော်ကိုသာ ပြည်ပသို့ ရောင်းချလေ့ရှိကြောင်း သိရသည်။
YC
-----------------------------------------------------------------------------------------------------------------------------------
အမျိုးသမီးများပြည်ပ၌ အလုပ်လုပ်ကိုင်ရန် သက်ဆိုင်ရာသို့တင်ပြမည်
မြန်မာနိုင်ငံရှိ အမျိုးသမီးများပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်နိုင်ရန် သက်ဆိုင်ရာသို့ တင်ပြ၍ ခွင့်ပြုချက် တောင်းခံသွားမည် ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာအမျိုးသမီးများမှာ အလည်အပတ် ဗီဇာ ဖြင့်သာ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်ကြရကြောင်း သိရသည်။
ထိုသို့ မြန်မာအမျိုးသမီးများ ပြည်ပနိုင်ငံများသို့ အလည်အပတ်ဗီဇာဖြင့်သာ သွားရောက် အလုပ် လုပ်ကိုင်ခွင့်ရရှိသည့်အတွက် ပြည်ပတွင် အလုပ်ကြာရှည် လုပ်လိုသည့် မြန်မာအမျိုးသမီးများမှာ ပြည်ပသို့ တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်ပြီး အမျိုးသမီး လူကုန်ကူးမှု ပြဿနာမှာလည်း ကြီးထွားလာလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ပြည်ပနိုင်ငံတွင် ကောင်းသည့်လုပ်ငန်းကို သွားရောက်လုပ်ကိုင်လိုသည့် မြန်မာအမျိုးသမီးများအတွက် တရားဝင် သွားရောက် လုပ်ကိုင်နိုင်ရန် သက်ဆိုင်ရာသို့ တင်ပြအတည်ပြုချက် တောင်းခံသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် မြန်မာအမျိုးသမီးများကို ထိုင်းနိုင်ငံသို့ တရားဝင်သွားရောက်အလုပ်လုပ်ကိုင်ရန်သာ စေလွှတ်ကြပြီး ကျန်ရှိနေသေးသည့် ပြည်ပတွင် အလုပ်လုပ်ကိုင်လိုသည့် အမျိုးသမီးများအတွက် လုပ်ကိုင်ခွင့်ရရှိရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
Ref:7day News
*****************************************************************************
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနှုတ်ဆက်မည်
ရန်ကုန်၊ အောက်တိုဘာ ၂၀။
အစိုးရသစ်၏ ဒုတိယအကြိမ်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများကို ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၂၁ ရက်နေ့တွင် တွေ့ဆုံနှုတ်ဆက်သွားမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထောင်မှလွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများကို လွတ်မြောက်လာချိန်တွင် NLDမှ ဗဟိုအလုပ်မှုဆောင်များက ပုံမှန်တွေ့ဆုံလေ့ ရှိရာ ယခုအကြိမ်တွင် ဒေါ်အောင်ဆန်းစုကြည်ပါ တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုအောက်မှာပဲ ဆက်လုပ်သွားမှာပါ”ဟု ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများက ပြောဆိုသည်။
အကျဉ်းသား ၆၃၀၀ကျော်လွတ်ပေးခဲ့ရာ နိုင်ငံရေးအကျဉ်းသား ၂၃၁ဦးလွတ်မြောက်လာခဲ့ပြီး NLD အဖွဲ့ဝင် ၃၈ ဦး လွတ်မြောက် လာခဲ့ကြောင်း NLD မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အကျဉ်းသားများအား လွှတ်ပေးခဲ့ခြင်းကိုမူဝိုင်းဝန်း ကြိုဆိုကြသော်လည်း နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးရမည်ဖြစ်ပြီး အားလုံး လွတ်မြောက်ရေးအတွက် ဆက်လက်တောင်းဆိုကြရမည် ဖြစ်ကြောင်း နိုင်ငံရေးအင်အားစုများက တစ်ညီတညွှတ်တည်း ပြောဆိုကြသည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များအပါအဝင် တခြားသော နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးမှသာ အမျိုးသား ရင်ကြားစေ့ရေးကို တည်ဆောက်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းတို့က ပြောကြားသည်။
Peace Press
-----------------------------------------------------------------------------------------------------------------------------------
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကိစ္စအား ၂၀၁၅ ထိဆောင်ရွက်မည်
မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းများကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။
၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့၌ နေပြည်တော်ရှိ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန အစည်းအဝေး ခန်းမတွင် ပထမအကြိမ်ကျင်းပခဲ့သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းကော်မတီ၏ (၁/၂၀၁၁) အစည်းအဝေးတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံရှိ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်မှာ ကျေးလက်နေ ပြည်သူများဖြစ်သည့်အတွက် တိုင်းပြည် လူဦးရေအများစု၏ ရေရှည် အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ဆင်းရဲမှုလျော့ချရေး ဗပိာုကော်မတီကို ဖွဲ့စည်းထားခဲ့ပြီး ၎င်း ဗပိာုကော်မတီမှ မြန်မာနိုင်ငံ ဆင်းရဲနွမ်းပါးမှု လျော့ချရေးအတွက် လုပ်ငန်းစဉ် (၈) ရပ်ကို ချမှတ်ခဲ့ကြောင်း သိရ သည်။
ထို့ပြင် မြန်မာနိုင်ငံ၌ လက်ရှိလုပ်ကိုင်လျက်ရှိသည့် အသေးစားစက်မှုလုပ်ငန်းများ ရေရှည် ဖွံ့ဖြိုးတိုးတက်နိုင်စေရေးအတွက်လည်း ကုန်ကြမ်း အလုံအလောက်ရရှိရေး၊ လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိနိုင်စေရေးနှင့် လမ်းပန်းဆက်သွယ်မှု ချောမွေ့ကောင်းမွန်စေရေးတို့ကို နိုင်ငံတော်မှ လုပ်ဆောင် ပေးသွားမည်ဖြစ်ပြီး အသေးစား ပုဂ္ဂလိကငွေစုငွေချေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ပံ့ပိုးကူညီ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားခဲ့သည်။
နိုင်ငံတော်မှ ကျေးလက်ဒေသ ဆင်းရဲလျှော့ချရေးအတွက် အဓိကကျသည့် Farm and non-farm activities များ တိုးချဲ့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများကို တိုးချဲ့ဆောင်ရွက်ပေးသွားရန် နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေးလုပ်ငန်းကော်မတီ၏(၁/၂၀၁၁) အစည်းအဝေး ဒုတိယပိုင်းကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့၌ ဆက်လက်ကျင်းပခဲ့သည်။
အဆိုပါ ဒုတိယနေ့အစည်းအဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် တချို့တို့က ခရိုင်နှင့် မြို့နယ်အဆင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်း ဖွဲ့စည်းထားမှုအားလည်းကောင်း၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်၍လည်းကောင်း၊ အရည်အသွေး ကောင်းစပါးများ တိုးချဲ့ စိုက်ပျိုးနိုင်ရေးကိစ္စရပ်နှင့် ပတ်သက်၍လည်းကောင်း၊ စပါးမျိုးကောင်းမျိုးသန့် ဖြန့်ဖြူးနိုင်ရေး အတွက်လည်းကောင်း၊ မုဒုံ စိုက်ပျိုးရေးခြံ၌ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ အဆင့်မြှင့် ဆောင်ရွက်နေမှုအားလည်းကောင်း၊ မိုးစပါး စိုက်ပျိုးရေးနှင့် လယ်ယာသုံး စက်ကိရိယာများ ဖြန့်ဖြူးရောင်းချပေးနိုင်မှု ကိစ္စရပ်နှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
YC
-----------------------------------------------------------------------------------------------------------------------------------
ပုဂ္ဂလိကကျောင်းများ ဥပဒေမကြာမီ ပြဋ္ဌာန်းမည်
မြန်မာနိုင်ငံတွင် အစိုးရသစ်တက်လာပြီးနောက်ပိုင်း ဖွင့်လှစ်ရန်ခွင့်ပြုထားသည့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများအတွက် ဥပဒေကို ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မတိုင်မီ ကာလအတွင်း ပြဋ္ဌာန်းနိုင်ခြေရှိကြောင်း ကျုရှင်ဆရာတစ်ဦးက ပြောကြားခဲ့သည်။
ယခု ပြဋ္ဌာန်းမည့် ပုဂ္ဂလိကကျောင်း ဥပဒေမူကြမ်းတွင် ကိုယ်ပိုင်ကျောင်းတည်ထောင်ရာတွင် လိုက်နာရမည့် ဥပဒေသတ်မှတ်ချက်များ၊ ၎င်း ကိုယ်ပိုင်ကျောင်းများတွင် သင်ကြားမည့် ဆရာများလိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ ပါဝင်ကြောင်း သိရသည်။
၎င်းဥပဒေမူကြမ်း၌ ပုဂ္ဂလိကကျောင်းများတွင် သင်ကြားမည့် ဆရာများအတွက် အခက်အခဲဖြစ်စေနိုင်မည့် သတ်မှတ်ချက်တစ်ခုမှာ ဘာသာရပ် ဆိုင်ရာ သင်ကြားမည့်ဆရာများသည် သင်ကြားမှု အတွေ့အကြုံ မှတ်ပုံတင်သက်တမ်း အနည်းဆုံးငါးနှစ်ရှိရမည် ဆိုသည့်အချက်အပြင် အခြား အချက်အလက်များလည်း ပါဝင်ကြောင်း သိရသည်။
ပုဂ္ဂလိကကျောင်းဥပဒေပါ အချက်အလက်များအား လိုက်နာခြင်းမရှိပါက စည်းကမ်းဖောက်ဖျက်သည့် ကျောင်းတည်ထောင်သူများနှင့် ဆရာများအား ထောင်ဒဏ်(၃)နှစ် နှင့် ငွေဒဏ် သုံးသိန်းကျခံစေရန် သတ်မှတ်ထားကြောင်း သိရသည်။
ထို့ပြင် ယခင် သတ်မှတ်ထားသည့် ငါးတန်းနှင့် ဆယ်တန်းအထိ ပုဂ္ဂလိကကျောင်းဖွင့်ခွင့်အပြင် အလယ်တန်းနှင့် အထက်တန်း သီးသန့်ကျောင်း ဖွင့်ခွင့်များကိုပါ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ကျောင်းဥပဒေမှတ်ပုံတင် ဥပဒေကြမ်းပါ အချက်အလက်များအရ သိရသည်။
ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများတွင် တက်ရောက်ကြမည့် ကျောင်းသားများ တူညီဝတ်စုံ ဝတ်ဆင်နိုင်ရန်အတွက်လည်း မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် ကိုက်ညီမှုရှိပါက အလယ်တန်း၊ အထက်တန်းမှ စတင်ကာ တူညီဝတ်စုံ ဝတ်ဆင်ခွင့် ပြုထားကြောင်း သိရသည်။
Ref:Hot News၊ Bi Weekly Eleven
*****************************************************************************
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
“ကမ္ဘာ့နိုင်ငံများတွင် ဆင်းရဲသော နိုင်ငံများနှင့် ချမ်းသာကြွယ်ဝသော လူနေမှုအဆင့် မြင့်မားသော နိုင်ငံများတွင် ရှိနေသော အတွေးအခေါ် အယူအဆနှင့် မူဝါဒများမတူညီမှုများကိုလည်း စာရေးသူလေ့လာရင်း လေ့လာရင်း ပိုမိုတွေ့မြင် သိရှိလာရသည်။
စာရေးသူ ဆိုလိုချင်သည်မှာ အဘယ်ကြောင့် ခေတ်နောက်ကျ ကျန်ရစ်နေခဲ့ရသနည်း ဆိုသည်ကို မှန်ကန်စွာ အဖြေရှာနိုင်လျှင် မည်သည့် နိုင်ငံမဆို ခေတ်မီ ဖွံ့ဖြိုးလာပေလိမ့်မည်”
အောက်တိုဘာ ၂၀ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၇) အမှတ် (၄၀) တွင်ပါသည့် ဆောင်းပါးရှင် ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ) ရေးသည့် “မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံ” ဆောင်းပါးမှ ကောက်နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
"တကယ်တော့ rule and regulation တွေမှာ အသေးစိတ်ပါပါတယ်။ အမြဲတမ်းအငြင်းပွားနေတာတစ်ခုက ဥပဒေကို အသေးစိတ်သွားမလား။ ယေဘုယျဆန်ဆန်ပဲသွားမလားဆိုတာရှိပါတယ်။ ဒီတော့ ဒီနှစ်ခုကြားထဲမှာ မျှပြီးတော့ထားဖို့ လိုအပ်သလို ဥပဒေတစ်ရပ်အနေနဲ့တော့ တကယ်ခိုင်မာဖို့ လိုအပ်ပါတယ်" ဟု ဦးဝင်းမျိုးသူ ကပြောကြားသည်။
"အခု မြစ်ဆုံဖြစ်တဲ့ကိစ္စတွေ သုံးသပ်ခြင်းအားဖြင့် Law နဲ့ စည်းမျဉ်းစည်းကမ်းတွေကို အားထည့်ဖို့ လိုတယ်ဆိုတာ တွေ့လာရတယ်။ ဒီလို အားထည့်ထားလို့ရှိရင် ဥပမာ တရုတ်နဲ့ စကားပြောစရာဖြစ်လာခဲ့တယ်ဆိုရင်တောင် Rule of law အရ လုပ်တာမျိုးဆိုရင် လျော်ကြေးတောင် ပေးစရာ မလိုဘူး"
အောက်တိုဘာ ၂၁ ထုတ် မြန်မာတိုင်းမ် အတွဲ (၂၇) အမှတ် (၅၄၀) တွင်ပါသည့် "မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ဥပဒေကို ပြဋ္ဌာန်းရန် စီစဉ်ဆောင်ရွက်နေ ခိုင်မာသော ဥပဒေတစ်ရပ်ပြဋ္ဌာန်းခြင်းဖြင့်သာလျှင် နိုင်ငံတကာနှင့် ပြုလုပ်သည့် စီမံကိန်းများတွင် အငြင်းပွာစရမလိုဘဲ ဥပဒေအတိုင်းစီစဉ်ဆောင်ရွက်နိုင်မည်" သတင်းမှ ကောက်နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
မေး- တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးဖို့နဲ့ ဆင်းရဲ- ချမ်းသာ ကွာဟမှုလျှော့ချရေးအတွက် အဓိကဦးစားပေး ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေက ဘာတွေ ဖြစ်မယ်လို့ အန်တီထင်လဲ။
ဖြေ- ခုနကနဲ့ နည်းနည်းဆက်နွယ်နေတယ်။ ဥပဒေစိုးမိုးရေးပေါ့။ အားလုံးကို တန်းတူညီတူအခွင့်အရေးပေးပေါ့။ နောက် တစ်ခုကတော့ ဒါအန်တီကတော့ ကိုယ်တိုင်ကလည်း စိတ်ဝင်စားတော့ ထည့်ပြီးပြောရမှာပေါ့။ ပညာရေးပေါ့။ အခုအချိန်မှာဆိုလို့ရှိရင် တတ်နိုင်တဲ့သူတွေက အင်မတန်မှ ကောင်းတဲ့ ကျောင်းတွေကို သားသမီးတွေကို လွှတ်လို့ရတယ်။ တချို့ဆိုရင် နိုင်ငံခြားတောင်မှ လွှတ်တယ်။ ဒါမှမဟုတ် ဒီမှာ မြန်မာပြည်မှာတောင်မှ အရမ်း ကြီးကျယ်တဲ့ ကျောင်းတွေလွှတ်တယ်။ ဒါကြောင့် ပညာရေးက ချမ်းသာတဲ့လူတွေနဲ့ဆင်းရဲတဲ့ လူတွေကြားမှာ အရမ်းကွာဟတယ်။ ပညာရေးက ကွာပြီ ဆိုရင် အခွင့်အရေးတွေမှာ အလိုလိုကွာသွားတာပေါ့။ အခွင့်အရေးပေးရင်တောင်မှ မယူနိုင်ဘူးပေါ့။ ကိုယ်က ဒီအရည်အချင်း မရှိရင် မယူနိုင်ဘူးပေါ့။ ပညာရေးမှာ အရေးကြီးတယ်။ ပညာရေးမှာ အားလုံက တန်းတူညီတူ ပညာသင်နိုင်ဖို့ အခွင့်အရေးတွေကိုတော့ ဖန်တီးပေးရမယ်။
အောက်တိုဘာ ၂၁ ထုတ် ဂလိုဘယ် သတင်းဂျာနယ် မှ အမှတ် (၃၁) တွင်ပါသည့် " ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာဗျူး" ကောက်နှုတ် ချက်
-----------------------------------------------------------------------------------------------------------------------------------
INGO တချို့၏ အဓိက တွင်တွင်ကြီး ပြောလေ့ရှိသည့် စကားလုံးမှာ Democratization ပင်ဖြစ်သည်။ မြန်မာပြည်၌ ဒီမိုကရေစီစနစ် ထွန်းကားရေးဟူ၍ ဖြစ်ပါသည့်။ ရည်မှန်းချက် (Vision) နှင့် လုပ်ဆောင်ချက် (Mission) များကို ကြီးကြီး ကျယ်ကျယ်ချမှတ်၍ ရုံးအဝင်ဝ၌ ဆိုင်းဘုတ်ထောင်လေ့ရှိကြသည်။ အလှူရှင် (Donor) များ၏ ကျေနပ်မှုကို ပထမ ဦးစားပေးရမည်ဟု ကြွေးကြော်ကာ ဝန်ထမ်းများအား ‘Doner is King’ ဟု ခြိမ်းခြောက် သွန်သင်သည်။ သူတို့ကို သူတို့ ကယ်တင်ရှင်ကြီးများသဖွယ်ပင် သတ်မှတ်သည်များလည်း ရှိပါသည်။ မြန်မာပြည် သားဝန်ထမ်း၊ အလုပ်သမားများကို သူတို့၏ ကူလီ၊ အခိုင်းဖတ်များသဖွယ် ဆက်ဆံတတ်သည်မှာ ခေါက်ရိုးကျိုးနေပြီ။ INGO ၌ အလုပ်လုပ်ကိုင်ဖူးသည့် လူတိုင်း သိနေကြပါသည်။ သို့သော် ‘ကြီးတော်’ (ဒေါ်လာ) မျက်နှာကြောင့် ‘မချစ်သော်လည်း အောင့်ကာနမ်း’ နေကြရပါသည်။ အချိန်မတန်ဘဲနဲ့ နေအိမ်ပြန်သွားရသည့် ဝန်ထမ်းကြီးငယ် အမြောက်အမြား ရှိပါသည်။ လုပ်ခလစာ တိုးပေးရန် အတွက် တောင်းဆိုမိသောကြောင့် အလုပ်ပြုတ်၊ နယ်နှင်ခံရသည်လည်း မနည်းလှပေ။ ခြုံ၍ ပြောရမည်ဆိုပါက မိမိတို့ နိုင်ငံသားဝန်ထမ်းများ၏ နစ်နာနေရသော ဆိုးကျိုးများအတွက် မည်သူ့ကို တိုင်၍ မည်သူနှင့် ဆွေးနွေးရမည်ကိုပင် မသိကြ ရသည့် အခြေအနေတွင် ရှိနေ ကြပါသည်။ သို့ဖြစ်၍ သတိပြု ဆင်ခြင်နိုင်ကြစေရန် မျှော်ကိုး၍ အတွေ့အကြုံများကို ဆွေးနွေးတင်ပြလိုက်ပါ သည်”
အောက်တိုဘာ ၂၀ ထုတ် ပြည်သူ့ခေတ် အတွဲ (၂) အမှတ် (၆၅) တွင်ပါသည့် ဆောင်းပါးရှင် ဇိုဇမ်၏ “ကိုယ်ကျိုး ရှာ NGO သတိထား” ဆောင်းပါးမှ ကောက်နှုတ်ချက်
*****************************************************************************
ဆောင်းပါးကဏ္ဍ
အသွင်ကူးပြောင်းခြင်းနှင့် တော်လှန်ခြင်း
ဘုန်းထက်ဝင်း
နိုင်ငံတစ်နိုင်ငံသည် နိုင်ငံရေး၊ လူမှုရေးအရ တည်ငြိမ်မှုနှင့် အုပ်ချုပ်ရေး မြဲမြံနေစေရန် ပြည်တွင်းရှိ ပြည်သူလူထု၌ရော၊ နိုင်ငံတကာ အသိုင်းအဝိုင်းတွင်ပါ တရားဝင်မှု(တရားနည်းလမ်းကျမှု) ရှိအောင် နည်းလမ်းမျိုးစုံဖြင့် တည်ဆောက်ရလေသည်။ ဒီမိုကရက်တစ် ရွေးကောက်ပွဲများ ကျင်းပခြင်း၊ နိုင်ငံရေးလွတ်လပ်ခွင့် ပိုမိုပေးအပ်လာခြင်း၊ လူမှုလုံခြုံရေး အစီအစဉ်များ ပြည်သူများအတွက် ဝန်ဆောင်မှုပေးခြင်းနှင့် အမျိုးသားအဆင့် စီးပွားရေး တည်ငြိမ်မှုများ ရရှိအောင် ဆောင်ရွက်ခြင်း၊ တခြားနိုင်ငံများနှင့် စစ်ရေး၊ စီးပွားရေး မဟာဗျူဟာမြောက်ပူး ပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် အစိုးရ တစ်ရပ်သည် တရားနည်းလမ်းကျမှု တည်ဆောက်ယူရလေသည်။ အကယ်၍ တရားဝင်မှုမရှိခဲ့လျှင် လူမှုရေး- စီးပွားရေးဘဝ အထွေထွေ နိမ့်ကျမှုများ ဖြစ်ပေါ်လာပြီး လူမှုတော်လှန်ရေးများ မလွဲမသွေ ပေါ်ပေါက်လာရမည် ဖြစ်လေသည်။
နိုင်ငံရေးအပြောင်းအလဲများသည် နိုင်ငံရေးဘဝတွင် ရှောင်လွဲမရအောင် တွေ့ကြုံလာနိုင်သည့်အရာ ဖြစ်လေသည်။ နိုင်ငံရေး အတွေးအခေါ် ပညာရှင်များက နိုင်ငံရေးအပြောင်းအလဲကို အမြင်ရှုထောင့်အမျိုးမျိုးဖြင့် ရှုမြင်ကြသည်။ ဥပမာအားဖြင့် ရှေးရိုးစွဲဝါဒီများက လူမှုရေးတန်ဖိုး အပြောင်းအလဲများကို မလိုလားခြင်းနှင့် လွတ်လပ်သည့် ဈေးကွက်စီးပွားရေးကို အစိုးရဝင်ရောက်စွပ်ဖက်ခြင်းမျိုးကို ဆန့်ကျင်ခြင်းစသကဲ့သို့ လစ်ဘရယ် ဝါဒီများနှင့် ဆိုရှယ်လစ်များမှာမူ အမျိုးသမီးအခွင့်အရေး၊ gay and Lesbian အခွင့်အရေး၊ တိုင်းရင်းသား လူနည်းစု အခွင့်အရေးစသည့် လူမှုရေး ကွဲပြား ခြားနားမှုများကို ခံနိုင်ရည်ရှိခြင်း၊ အစိုးရမှ ဈေးကွက်တွင် တစုံတရာ ပါဝင်ပတ်သက်ခြင်းတို့ကို လိုလိုလားလား ရှိကြလေသည်။
အပြောင်းအလဲသည် လူ့အဖွဲ့အစည်း တိုးတက်မှုကို ဖြစ်ထွန်းစေသည်ဖြစ်စေ၊ တုန့်နှေးသွားစေသည်ဖြစ်စေ တဆင့်ခြင်း အသွင်ကူးပြောင်းရေးနှင့် တော်လှန်ရေး ဖြစ်စဉ်များဖြင့်သာ ပေါ်ထွန်းလာရလေသည်။ တဆင့်ခြင်း အသွင်ကူးပြောင်းရေးမှာ အပြောင်းအလဲတရပ်ကို ဖြည်းဖြည်းမှန်မှန်နှင့် အင်အားစု များကြား မျှခြေတစ်ခုရှာပြီး တိုးတက်မှုဘက်ကို ဦးတည်စေသည့် အသွင်ကူးပြောင်းရေးဖြစ်သည်။ ဖြည်းဖြည်းမှန်မှန်နှင့် ကူးပြောင်းရခြင်းဖြစ်သည့်အတွက် စိတ်ရှည်ရမှာဖြစ်သလို နောက်ကြောင်းပြန်မလှည့်သွားဖို့လည်း အထူးသတိထား ရမည်ဖြစ်လေသည်။ တော်လှန်ရေးနည်းလမ်းဆိုသည်မှာ နိုင်ငံ၏ အုပ်ချုပ်ရေးစနစ်ကြီးကို အရင်းအမြစ်မှစ၍ လှန်လိုက်ခြင်းမျိုး ဖြစ်လေသည်။ နိုင်ငံတော်ဆိုသည်မှာလည်း မတည်ငြိမ်မှုများကို အင်အားသုံးနှိပ်နင်းနိုင်သည့် လက်နက်ကိုင်တပ်ဖွဲ့ကို စနစ်တကျ ဖွဲ့စည်းထားသည်ဖြစ်လေရာ တော်လှန်ရေးအင်အားစုများကို တိုင်းပြည် မတည်မငြိမ်ပြုလုပ်သူများအဖြစ် ရှုမြင်ကာ ဖြိုခွဲမည်သာဖြစ်လေသည်။ ထိုအခါ မလိုလားအပ်သည့် လူသတ်ပွဲကြီးများ မြို့ကြီးပြကြီးများတွင် မလွဲမသွေ ပေါ်ပေါက်လာရလေသည်။
တော်လှန်ရေးဆိုသည့် သဘောတရားကို မာ့စ်ဝါဒမှ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းထားလေသည်။ မာ့စ်၏ အဆိုအရ ပြင်သစ်တော်လှန်ရေး၊ အမေရိကန် တော်လှန်ရေးတို့မှာ အစစ်အမှန်တော်လှန်ရေးများ မဟုတ်ပေ။ ပြင်သစ်တော်လှန်ရေးမှာ ပြင်သစ်ဘူဇွာလူတန်းစား(ကုန်သည်လူတန်းစား)မှ ယင်းတို့၏ အကျိုးစီးပွားအတွက် နိုင်ငံရေး အာဏာကို ရယူလာခြင်းကြောင့် ဖြစ်ပေါ်ခဲ့ရသော တော်လှန်ရေးမျိုး ဖြစ်လေသည်။ ထို့နည်းအတူ အမေရိကန် တော်လှန်ရေး မှာလည်း ဗြိတိန်တို့လက်အောက်မှ လွတ်လပ်ရေးကို ရယူနိုင်ရန်နှင့် အရင်းရှင်စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် အကောင် အထည်ဖော်ရန် ဆင်နွဲခဲ့သော တော်လှန်ရေး ဖြစ်လေသည်။ မာ့စ်က တော်လှန်ရေး၏ ရည်ရွယ်ချက်စစ်စစ်မှာ အလုပ်သမားလူတန်းစားမှ နိုင်ငံ၏ ကုန်ထုတ်လုပ်မှုကို သိမ်းပိုက်ကာ လူတန်းစားမဲ့ လူ့ဘောင်ကြီးကို တော်လှန်ရေးပါတီ (revolutionary party)၏ ဦးဆောင်မှုဖြင့် တည်ထောင်သွားရန် ဖြစ်လေသည်။ ယင်း တော်လှန်ရေးဖြစ်စဉ်ကြီးတွင် အချိန်ကာလ အကန့်အသတ်မရှိ။ တော်လှန်ရေး အောင်မြင်သည်အထိ လုပ်ဆောင်သွားရန်သာ ရည်သန်ထားလေသည်။ ဤသို့နှင့် လီနင်ဦးဆောင်သည့် ဘော်ရှီဗစ် ရုရှားတော်လှန်ရေးကြီးသည် ၁၉၁၇မှ စတင်လိုက်သည်မှာ ၁၉၉၀ ဆိုဗီယက် ယူနီယံကြီး ပြိုကျသွားသည်အထိ တော်လှန်ရေးမှာ အဓွန့်ရှည်ကြာခဲ့ပါသည်။ တရုတ်ပြည်မှာဆိုလျှင်လည်း ယဉ်ကျေးမှုတော်လှန်ရေးကြောင့် လယ်ယာသီးနှံစိုက်ပျိုးသူများ အတော်လေး လူမှုစီးပွားရေး အကျပ်အတည်းစိုက်ရသည်အထိ ဖြစ်လေသည်။ တော်လှန်ရေးဆင်နွှဲရာတွင် ရုရှားနှင့် တရုတ်ကွာခြားသည်မှာ ရုရှားက စက်ရုံ အလုပ်သမားများကို ဗဟိုပြုသည့်အတွက် မြို့ပြတွင်ဖြစ်ပေါ်ပြီး တရုတ်မှာမူ လယ်ယာစိုက်ပျိုးရေးကို အဓိကထားသည့်အတွက် တောနယ်များတွင် ဖြစ်ပွားသော အချက်ပင်ဖြစ်လေသည်။ ခေတ်မီရေးနှင့် စက်မှုထူထောင်ရေး သဘောတရားနှင့် ကြွေးကြော်မှုများကြောင့် အရှင်းရှင်စနစ်၏ ကြီးစိုးမှုကို ဆန့်ကျင်ပြီး တိုးတက်လိုသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအဖို့ အတော်ဆွဲဆောင်စေခဲ့ပါသည်။
မြန်မာနိုင်ငံတွင်လည်း ကွန်မြူနစ်စနစ်ကို ယုံကြည်သက်ဝင်သည့်သူများက တော်လှန်ရေးကို ဆွဲနွဲခဲ့သည်မှာ လွတ်လပ်ရေးရပြီး သုံးလအကြာ တည်းက ဖြစ်လေသည်။ ဗမာပြည်ကွန်မြူနစ်ပါတီမှာ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျှင် လူထုထောက်ခံမှု ရနိုင်ပါလျက်နှင့် အယူအဝါမှိုင်းဖြင့် တောခိုခဲ့ခြင်းကြောင့် အမျိုးသားစည်းလုံးညီညွတ်မှု အပါအဝင်၊ တိုင်းပြည်မငြိမ်မသက်ဖြစ်ခဲ့ရလေသည်။ သို့နှင့် မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးရေး မျိုးစေ့ပက်ဖြန်း သော်လည်း မြေသြဇာမကောင်းသည့် နေရာလို ဖြစ်ခဲ့သည့်အတွက် ဖွံ့ဖြိုးသစ်ပင်မှာ ကြီးထွားရှင်သန်လာခြင်း မရှိခဲ့ပါ။ ယခုအခါတွင်တော့ မြန်မာနိုင်ငံ၏ နိုင်ငံရေးအင်အားစုများကြားတွင် ကွန်မြူနစ်စနစ်ကို အကောင်အထည်ဖော်ဖို့ မည်သို့မျှ မပြောတော့ပါ။ ကမ္ဘာ၏ တိမ်းညွှန့်မှုကိုက ဈေးကွက်စီးပွားရေးနှင့် ဒီမိုကရေစီ ဖြစ်ခဲ့လေပြီ။ သို့သော် ကွန်မြူနစ်စနစ်၏ စဉ်းစားပုံဖြစ်သော ဆန့်ကျင်ဘက်အချင်းချင်း ဖယ်ရှားဖို့ တော်လှန်ရေးပုံစံဆန်ဆန် ပြုလုပ်ရမည် ဟူသော အတွေးမျိုးစေ့များကား ဆက်လက် အမြစ်တွယ်လျက်ရှိနေသည်ကို စိတ်မကောင်းစရာ တွေ့မြင်နေရပါသည်။ ဤနေရာတွင် ကျွန်တော် ပြောလိုသည်မှာ ဆန့်ကျင်ဘက်အချင်းချင်း အပြန်အလှန်ဖယ်ရှားရေးမှာ အမှန်းမီးနှင့် အာဃာတတရားကို ပွားစေသလို တိုင်းပြည် ရေရှည်တိုးတက် ကောင်းမွန်သည့် အဖြေလည်းရှာမတွေ့နိုင်ပါ။ နှစ်ဘက်စလုံးအတွက် ဂုဏ်သိက္ခာရှိသော ဖြေရှင်းနည်းလည်း မဟုတ်ပါ။ မြန်မာနိုင်ငံသည် ခိုင်မာ အားကောင်းသည့် ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေး အင်စတီကျူးရှင်းများကို စနစ်တကျနှင့် တည်တံ့ခိုင်မာအောင် ဆောင်ရွက်ရမည့် အချိန်အခါ ဖြစ်ပါသည်။ သမိုင်းကို နောက်ကြောင်းပြန်လှည့် သွားနိုင်မည့် လမ်းကြောင်းမျိုး မရွေးချယ်မိရန် တော်လှန်ပြုပြင်လိုသူများအား ဤနေရာ၌ အလေးအနက် တောင်းပန်လိုက်ပါသည်။
*****************************************************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.