yangonchronicle2011 |
၅.၁၁.၂၀၁၁
ပြည်တွင်းသတင်းများ
- သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် နော်ဝေနိုင်ငံ ကူညီမည်
- IMF ပဋိညာဉ်အပိုဒ်(၈) လိုက်နာရန် မြန်မာလက်မှတ်ရေးထိုး
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
- အော်ဂဲနစ် အသိကို မူလတန်းကလေးတွေအထိ ပေးသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
- တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပျက်ပြယ်
- နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ပြင်ဆင်သည့် ဥပဒေ ပြဋ္ဌာန်း
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
***************************************************************************************
ပြည်တွင်းသတင်းများ
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် နော်ဝေနိုင်ငံ ကူညီမည်
မြန်မာနိုင်ငံ၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် နည်းပညာနှင့် ရန်ပုံငွေများကို နော်ဝေနိုင်ငံအစိုးရမှ ကူညီ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၁ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့၌ နော်ဝေနိုင်ငံ ပတ်ဝန်းကျင်နှင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှုဝန်ကြီး H.E Mr. Erik Solheim နှင့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကူညီပံ့ပိုးပေးမည့် အစီအစဉ်များအတွက် မြန်မာနိုင်ငံမှ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းထွန်းနှင့် လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်း တစ်နေ့တစ်ခြား ပျက်စီးလာလျက်ရှိသည့် သစ်တော်ပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား လျှော့ကျခြင်းမှ ကာဗွန် ထုတ်လုပ်မှု လျှော့ချခြင်း (REDD Plus) လုပ်ငန်းများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်ရန် နော်ဝေနိုင်ငံမှ စက်တင်ဘာလအတွင်း အမေရိကန်ဒေါ်လာ နှစ်သန်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့၌ နေပြည်တော်တွင် ကျင်းပခဲ့သည့် မြန်မာ့သစ်တောသတင်းပတ် အခမ်းအနားဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပတ်ဝန်းကျင်လေထုညစ်ညမ်းခြင်း၊ ရေထုညစ်ညမ်းခြင်းနှင့် စက်ရုံသုံးစွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှု အစရှိသော သဘာဝ ပတ်ဝန်းကျင် ရေးရာများကို ပျက်စီးစေရန် ပြုလုပ်ပါက ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အစိုးရသစ်လက်ထက်မှ စတင်၍ ယခင် သစ်တောဝန်ကြီးဌာနအား ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနအဖြစ် ပြောင်းလဲခဲ့ပြီး ဥပဒေမူကြမ်းကို အောက်တိုဘာလ ၆ ရက်နေ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ သဘောတူညီခဲ့ကြောင်း သိရသည်။
Ref:The Voice
-----------------------------------------------------------------------------------------------------------------------------------
IMF ပဋိညာဉ်ပါ အပိုဒ်(၈)အား လိုက်နာရန် မြန်မာလက်မှတ်ရေးထိုး
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) မှ ထုတ်ပြန်ခဲ့သည့် IMF ပဋိညာဉ် အပိုဒ်(၈)အား လိုက်နာရန် မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုး ခဲ့ကြောင်း သတင်းထုတ်ပြန်ကြေညာခဲ့သည်။
၎င်း သတင်းထုတ်ပြန်ကြေညာချက်၌ IMF ၏ ပဋိညာဉ်စာချုပ်အပိုဒ်(၈)ပါ ပြဋ္ဌာန်းချက်များမှ ဝတ္တရားများကို လက်ခံဆောင်ရွက်သော အဖွဲ့ဝင် နိုင်ငံများသည် (IMF) ၏ သဘောတူခွင့်ပြုချက်မရဘဲ နိုင်ငံတကာ ငွေပေး၊ ငွေယူ ကိစ္စရပ်များအတွက် သာမန်ငွေပေးချေမှုများနှင့် ငွေလွှဲပေးပို့မှုတို့အပေါ် နိုင်ငံခြားငွေဆိုင်ရာ ကန့်သတ်တားမြစ်ချက်များ သတ်မှတ်ပြဋ္ဌာန်းခြင်းမှ ရှောင်ကြဉ်ရန် (သို့မပာုတ်) တစ်ပြေးပြီမပာုတ်သော ငွေကြေးဖလှယ်မှု အစီအစဉ် များကို ကျင့်သုံးဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်ရန်(သို့မပာုတ်) နိုင်ငံခြားငွေလဲလှယ်နှုန်း အမျိုးမျိုးအသုံးပြုနေသော ငွေကြေးဖလှယ်မှု အစီအစဉ်များကို ကျင့်သုံးဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်ရန် တာဝန်ယူဆောင်ရွက်ကြရပါကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေလဲလှယ်နှုန်းစနစ်အား စီမံဆောင်ရွက်လျက်ရှိသော ဥပဒေမူဘောင်နှင့် ဈေးကွက်၌ အမှန်တကယ် ကျင့်သုံး ဆောင်ရွက်မှုများ၊ အထူးသဖြင့် တည်ဆဲ နိုင်ငံခြားငွေဆိုင်ရာ ကန့်သတ်တားမြစ်မှုများနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း အမျိုးမျိုးအသုံးပြုနေသော ငွေကြေး ဖလှယ်မှုများနှင့် ပတ်သက်သည့် ဇစ်မြစ်ကို လေ့လာသုံးသပ်နိုင်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည့် IMF ကိုယ်စားလှယ်အဖွဲ့မှ မြန်မာအစိုးရ တာဝန်ရှိသူ များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
မြန်မာအာဏာပိုင်များမှ (IMF) ၏ ပဋိညာဉ်စာချုပ် အပိုဒ်(၈)ပါ ဝတ္တရားများကို လိုက်နာရန် လက်ခံပြီး ဖြစ်သည့် အတွက် မြန်မာနိုင်ငံရောက် IMF ကိုယ်စားလှယ်အဖွဲ့မှ မူဝါဒများချမှတ်ဆောင်ရွက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ ဌာနချုပ်သို့ အစီရင်ခံပြီး ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးဆောင်ရွက်နိုင်ရန် အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) သည် မြန်မာနိုင်ငံသို့ အောက်တိုဘာလ (၁၉) ရက်နေ့တွင် ရောက်ရှိခဲ့ပြီး နိုဝင်ဘာလ (၁) ရက်နေ့တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
Ref: Favourite News
***************************************************************************************
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
အော်ဂဲနစ် အသိကို မူလတန်းကလေးတွေအထိ ပေးသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
အော်ဂဲနစ် နည်းပညာများကို တောင်သူကြီးများကိုသာ ပေးသည့်အပြင် မူလတန်း ကျောင်းသူကျောင်းသားတွေအထိ အသိပညာ ပေးသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
သဘာဝပတ်ဝန်းကျင် မပျက်စီးစေသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ဆောင်ရမည့် လိုအပ်ချက်များကို ဆွေးနွေး ကြသည့် Green Economy and Green Growth အမည်ရှိ အလုပ်ရုံဆွေးနွေးပွဲသို့ အောက်တိုဘာ ၄ရက်နေ့တွင် Myanmar Banks Association ၌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်။
ယင်းဆွေးနွေးပွဲတွင် ကုလသမဂ္ဂ အကြီးတန်း တာဝန်ရှိသူများ၊ နိုင်ငံတကာ ပညာရှင်များနှင့် မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကြိုးပမ်းဆောင်ရွက်နေသူများ ဆွေးနွေးခဲ့ကြသည်။
သဘာဝပတ်န်းကျင်ကို မပျက်ဆီးစေသည့် စီးပွားရေးလုပ်ငန်းများ ဖြစ်ထွန်းလာရေးအတွက် အစိုးရဘက်မှ ပြုပြင်ပြောင်းလဲရမည့် မူဝါဒများ၊ အထောက်အပံ့များနှင့် နိုင်ငံတကာက အကူအညီများ ရရှိရေးတို့ကို ဆွေးနွေးခဲ့ကြောင်း ယင်းအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူတစ်ဦးက ပြောကြားသည်။
မြန်မာ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူများက ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာမှ ပညာရှင်များ တက်ရောက် ဆွေးနွေးသည့် ယင်းအလုပ်ရုံ ဆွေးနွေးပွဲမှတဆင့် နိုင်ငံတကာ အထောက်အပံ့များ ရရှိလာနိုင်သည်ဟု မျှော်လင့်ထားကြောင်း ပြောကြားသည်။
ယင်းဆွေးနွေးပွဲတွင် အမေရိကန်နိုင်ငံနှင့် နော်ဝေနိုင်ငံ အပြင် အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ စင်ကာ ပူ၊ မလေးရှားနိုင်ငံ စုစုပေါင်း နိုင်ငံပေါင်း ၉ နိုင်ငံမှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိပ်တန်းပုဂ္ဂိုလ်များက စာတမ်းပေါင်း ၃၀ ကျော် ဖတ်ကြားဆွေးနွေးခဲ့ ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် အောက်တိုဘာ ၂ရက်နေ့တွင် စတုတ္ထအကြိမ် တွေ့ဆုံဆွေးနွေးရာ၌ တိုင်းပြည်စီးပွားရေး ဖွံဖြိုး တိုးတက် လာစေရန် လွတ်လပ်စွာ ကုန်သွယ် ကူးသန်းရောင်းဝယ်ခွင့်၊ လွတ်လပ်စွာ ငွေကြေးလည်ပတ် သုံးစွဲခွင့်တို့ကို ဆွေးနွေးခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ထွန်းဖောင်ဒေးရှင်းဘဏ်၊ Myanmar Development Resource Center (MDRC)၊ Myanmar Academy For Agriculture, Forestry, Livestock and Fisheries Sciences ၊ Myanmar Engineering Society (MES)၊ Association of Myanmar Architects(AMA)၊ Environmental Economic Research Institute (ERRI)၊ Yangon Media Group၊ Forest Resource Environmental Development and Conservation Association (FREDA)၊ Water, Research and Training Center (WRTC)၊ Myanmar Agribusiness and Rural Development Consultants (ARDC) စသည့် အဖွဲ့အစည်းများက ကူညီပံ့ပိုးခဲ့ကြကြောင်း သိရသည်။
Peace Press
-----------------------------------------------------------------------------------------------------------------------------------
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပျက်ပြယ်
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁) အတွက် ရွေးကောက် တင်မြှောက်ခံထားရသော တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်နွဲ့အား လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပျက်ပြယ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန် ကြေညာခဲ့သည်။
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နွဲ့အား ၎င်းမြို့နယ်မှ ပြိုင်ဘက် လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်မှ ရွေးကောက်ပွဲ မသမာမှု အဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာတင်သွင်းခဲ့ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်နွဲ့အား လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပျက်ပြယ်ကြောင်း ကြေညာချက်အမှတ်(၅၉/၂၀၁၁)ကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ပြင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပျက်ပြယ်သွားသော ဒေါ်ခင်နွဲ့၏ လစ်လပ်မဲဆန္ဒနယ်တွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခံရသူမှာ ဦးမျိုးမြင့်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်(သို့) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၇၅(က) အရ ဆုံးဖြတ်ကြေညာခဲ့သည်။
ထိုသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပျက်ပြယ်ကြောင်း ကြေညာလိုက်သည့် နေ့မှ စတင်၍ ဒေါ်ခင်နွဲ့သည် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိတော့ကြောင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)၏ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်မှာ ဦးမျိုးမြင့်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြ ပါရှိသည်။ ဒေါ်ခင်နွဲ့သည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဖြစ်သည်။
YC
-----------------------------------------------------------------------------------------------------------------------------------
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ပြင်ဆင်သည့် ဥပဒေ ပြဋ္ဌာန်း
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေအား ပြဋ္ဌာန်းလိုက်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ(ဂ) ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေးစား လိုက်နာရေး၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ၁၀၊ ပုဒ်မခွဲ(င) ကို ပယ်ဖျက်ပြီး ပုဒ်မခွဲ (စ)ကို ပုဒ်မခွဲ(င)အဖြစ်လည်းကောင်း၊ ပုဒ်မခွဲ(ဆ)ကို ပယ်ဖျက်ပြီး ပုဒ်မခွဲ(စ) အဖြစ်လည်းကောင်း၊ ပုဒ်မခွဲ(ဇ) ကို ပယ်ဖျက်ပြီး ပုဒ်မခွဲ(ဆ)အဖြစ်လည်းကောင်း၊ ပုဒ်မခွဲ(ဈ) ကို ပယ်ဖျက်ပြီး ပုဒ်မခွဲ(ဇ)အဖြစ် လည်းကောင်း အစားထိုး ပြင်ဆင်သတ်မှတ်လိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။
ထို့ပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၂(က)(၁) တွင်လည်း “လွှတ်တော်သက်တမ်း တစ်ရပ်စီအတွက် အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီး နောက်ပိုင်းတွင် မှတ်ပုံတင်ခွင့်ရရှိသော ပါတီသည် ယင်းလွှတ်တော်သက်တမ်းအတွင်း ကျင်းပပြုလုပ်သော ကြားဖြတ် ရွေးကောက်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်လျှင်ဖြစ်စေ၊ မဲဆန္ဒနယ် သုံးနယ်ထက်မနည်း ကျင်းပပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲများ၌ အနည်းဆုံး မဲဆန္ဒနယ် သုံးနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်လျှင်ဖြစ်စေ ယင်းသို့ ဝင်ရောက်ယှဉ်ပြိုင်မှု မပြုခြင်းသည် ဤပြဋ္ဌာန်းချက်နှင့် အကျုံးဝင်စေရမည်” ရှင်းလင်း ချက်အား ဖြည့်စွက်ရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့တွင် ပါတီစုံ အထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်တစ်ရပ် ထွက်ပေါ်လာခဲ့ကြောင်း မှတ်တမ်းများအရ သိရ သည်။
YC
***************************************************************************************
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
မေး- အခုလိုအပြောင်းအလဲကာလမှာ မြန်မာလူ့အဖွဲ့အစည်းတစ်ခုလုံးကိုဆရာ့အနေနဲ့ ဘယ်လို အကြံပြုချင်ပါသလဲ။
ဖြေ- အပြောင်းအလဲကိုတော့ ကြိုဆိုရမယ်။ ကိုယ်တိုင်လည်း Change management ကို ရေးနေသူဖြစ်သလို ပြောနေသူ ဖြစ်တဲ့အတွက် ဒီအပြောင်းအလဲက နိုင်ငံရေး အခွင့်အရေးတစ်ရပ် ရနိုင်တယ်။ ဒါကို Positive အနေနဲ့ မြင်ဖို့လိုတယ်။ ဆရာ့အနေနဲ့ ပြောရရင် လူတစ်ယောက်ချင်းရဲ့ အတွေးအခေါ်ကိုလည်း စပြောင်းစေချင်တယ်။ အရင်လုပ်နေသလို အခုလည်း ဆက်လုပ်မယ်ဆဲ့ အတွေးအခေါ်ကိုလည်း ပြောင်းလဲသင့်တယ်။ ပြီးတော့ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုတွေ တည်ဆောက်ဖို့လည်း လိုတယ်။ ယှဉ်ပြိုင်လာရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားရမယ်။ တစ်ဦးတည်း တစ်ဖွဲ့တည်း ပြောင်းလို့မရဘူး။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး အားလုံး ဟန်ချက်ညီညီ ပြောင်းနိုင်ဖို့ လိုတယ်။ တိုးတက်အောင် လုပ်မယ်ဆိုရင် အရည်အချင်းမရှိသူလူ ၁၀၀၀ မလိုဘူး။ အရည်အချင်းရှိသူ တစ်ယောက်ကတော့ အရမ်းကိုအရေးကြီးတယ်။
နိုဝင်ဘာ ၃ ထုတ် 7DAYS အတွဲ (၁၀) အမှတ် (၃၃) တွင်ပါသည့် “ဒေါက်တာအောင်ထွန်းသက်နှင့် အင်တာဗျူး” မှ ကောက် နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
“လွှတ်တော်၏ အကျိုးသက်ရောက်မှုကတော့ ဘာမှမရှိသေးဘူးထင်တယ်။ လွှတ်တော်က ဥပဒေပြုတဲ့ အစိတ်အပိုင်းပဲ ရှိတယ်။ ဥပဒေပြုနေတုန်းဆိုတော့ ဒီဥပဒေတွေရဲ့ အကျိုးသက်ရောက်မှုကအောက်ခြေကိုမရောက်ပေမဲ့ လူထုတွေရဲ့ စိတ်ဓာတ်ကတော့ အရင်ထက်စာရင် ပိုပြီးတက်တက်ကြွကြွ ရှိလာတာပေါ့။ မတရားတဲ့ ကိစ္စတွေဆိုတာ ဘာလဲနားလည်လာတယ်။ ကော်မတီတွေကို တိုင်ကြားဖို့ နားလည်လာတယ်။ ကော်မတီတွေကို တိုင်ကြားဖို့ နားလည် လာတယ်။ မဟုတ်မခံဆိုတဲ့ စိတ်ဓာတ်တွေ မြင့်လာတယ်။ သူတို့မှာ မျှော်လင့်ချက်တွေ ရှိလာတယ်။ အဲဒီအတွက် စိတ်အားထက်သန်တာတွေ တွေ့ရတယ်။ လွှတ်တော်ထဲက ဥပဒေတွေ အောက်ခြေမှာ အကျိုးသက်ရောက်မှု မရှိသေးပေမယ့် အဲဒီဥပဒေတွေ အတည်ပြုလိုက်ရင်တော့ အောက်ခြေက ပြည်သူတွေဆီမှာ အနည်းနဲ့အများတော့ ပြောင်းလဲလာမှာပေါ့။ လူတွေက နည်းနည်း စိတ်ဓာတ်ရဲရဲဝံ့ဝံ့ ဖြစ်လာတယ်။ နိုင်ငံရေးကိုကြောက်စရာလို့ မမြင်တော့ဘူး။ စိတ်ဓာတ်ပိုင်းပြောင်းလဲလာမှုပဲ တွေ့ရသေးတယ်။ တခြားပြောင်းလဲမှုတွေ မတွေ့ရသေးဘူး။ ဥပဒေရဲ့ အကျိုးသက်ရောက်မှုတွေ လွှတ်တော်ရဲ့ လုပ်ဆောင်ချက်တွေကြောင့် လူထုတွေမှာ စီးပွားရေးအရ တိုးတက်လာတာတွေ မတွေ့ရသေးဘူး။ အဲဒီလိုဖြစ်ဖို့ လူထုမှာသတ္တိတွေ ခွန်အား တွေ ဖြစ်လာတာတော့တွေ့ရတယ်”
နိုဝင်ဘာ ၃ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၆၇) တွင်ပါသည့် “အပြောင်းအလဲကို အောက်ခြေ သာမန်ပြည်သူတွေ ဘယ်လောက် ခံစားရပြီလဲ” သတင်းမှ ဦးဖေသန်း (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ)၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
“ဒီမိုကရေစီစနစ်က အမိန့်ပေးတဲ့စနစ် မဟုတ်ပါဘူး။ ဆွေးနွေးတိုင်ပင်ပြီး အများစုရဲ့ ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်တဲ့ စနစ်ဖြစ်ပါတယ်။ ဆောင်ရွက်ချက်များ မူဝါဒဖြစ်လာပါတယ်။ မူဝါဒတွေကို တိတိကျကျဆောင်ရွက်နိုင်ဖို့ ဥပဒေတွေကို ပြဋ္ဌာန်းရပါတယ။ ပြည်သူ့လွှတ်တော်ကဖွဲ့စည်းပေးလိုက်တဲ့ ကော်မတီရဲ့ မီဒီယာပိုင်းနဲ့ ပတ်သက်တဲ့ သဘောထားက အများကြီးမလွတ်လပ်တာတွေ ရှိနေတယ်လို့ သုံးသပ်ပါတယ်။ အရင်တုန်းက တစ်မျိုးပေါ့။ အခု ဒီမိုကရေစီ အစိုးရ ဖြစ်လာပြီး နောက်ပိုင်းမှာ ဒီမိုကရေစီကျင့်စဉ်နဲ့ လျောညီတဲ့ မီဒီယာဥပဒေ ပြဋ္ဌာန်းဖို့လိုမှာ ဖြစ်ပါတယ်။ ဒီဥပဒေနဲ့ပဲ ထိန်းကျောင်းရမှာပါ။ လူရဲ့ သဘောထားနဲ့ အခုပြင်လိုက်၊ အခု ဖျက်လိုက်ဆိုတာမျိုးက ဒီမိုကရေစီရဲ့ မူဝါဒတွေ မဟုတ်ပါဘူး။ မူအတိုင်း သွားရမှာပါ။ မူတွေကဥပဒေကလာတာပါ။ ဥပဒေရေးဆွဲရင် ရေပက်မဝင်တဲ့ ဥပဒေမျိုး မဖြစ်ဖို့လိုပါတယ်”
နိုဝင်ဘာ ၄ ထုတ် BiWeekly ELEVEN အတွဲ (၄) အမှတ် (၃၁) တွင်ပါသည့် “သတင်းမီဒီယာများကို ကာကွယ်ပေးမည့် ဥပဒေ၊ စီရင်ထုံးများ အပြင် လွတ်လပ်စွာဖော်ထုတ်ရေးသားခွင့်နှင့် သတင်းစာထုတ်ဝေခွင့် များပါဝင်လာဖွယ်ရှိသည့် မီဒီယာ ဥပဒေကြမ်းသစ်ကို လာမည့် တတိယ အကြိမ်လွှတ်တော်တွင် တင်သွင်းမည် ဟုသိရ” သတင်းမှ ပြည်သူ့လွှတ်တော်၏ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်မှု ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်
***************************************************************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.