yangonchronicle2011 |
၁၂.၁၁.၂၀၁၁
ပြည်တွင်းသတင်းများ
- တောင်ကြီးမြို့ မီးပုံပျံကွင်းသစ် ပြဿနာများရှိနေ
- စပါးတစ်တင်း ၄၆ ပေါင် စံအလေးချိန်အဖြစ် သတ်မှတ်
- လေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
- မေးခွန်းမေးမြန်းခြင်းသာရှိသည့် ချင်းပြည်နယ်လွှတ်တော်အစည်းအဝေး
- Sanction ရုတ်သိမ်းပါက ADB ပြန်လည်ကူညီမည်
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
***************************************************************************************
ပြည်တွင်းသတင်းများ
တောင်ကြီးမြို့ မီးပုံပျံကွင်းသစ် ပြဿနာများရှိနေ
ကမ္ဘာကျော် တောင်ကြီးတန်ဆောင်တိုင်ပွဲ၏ မီးပုံးပျံပြိုင်ပွဲကို ယခင်ကျင်းပနေကျ စူဠမဏိ ဘုရားခြေရင်းမှ မြို့ပြင် ကွင်းသစ်သို့ ယခုနှစ်မစတင် ပြောင်းလဲကျင်းပခဲ့ရာ ယင်းကွင်းသစ်သည် မီးပုံးပျံများ လွှတ်တင်ရန် ပြဿနာများ ရှိနေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
“အရင်ကွင်းအဟောင်းက တောင်တွေကြားမှာ ရှိတယ်၊ လေကွယ်တယ်ဆိုတော့ မီးပုံးပျံက အဆင်ပြေပြေ တက်သွားတာပေါ့။ အခု ကွင်းသစ်က လေအရမ်းတိုက်တော့ မီးပုံပျံက လေတိုက်တဲ့ဘက်ဆွဲပြီး ပါသွားတယ်၊ ကောင်းကောင်း မတက်တော့ဘူး၊ ပျက်ကျတာတို့ တစ်ဖက်ဆွဲသွားတာတို့ ဖြစ်တယ်” ဟု အောင်ပန်းမြို့မှ ဒေသခံတစ်ဦးက ပြောကြားသည်။
ပြိုင်ပွဲတာဝန်ရှိသူများက ပြိုင်ပွဲဝင်သည့် မီးပုံပျံအရေအတွက် တိုးတက်လာခြင်းကြောင့် ယခင်ကွင်းနေရာနှင့် မဆံ့တော့သဖြင့် မြို့ပြင်ရှိ ကွင်းသစ်သို့ ပြောင်းရွှေ့ကျင်းပရခြင်းဖြစ်ကြောင်း အကြောင်းပြခဲ့သော်လည်း လုံခြုံရေးအခြေအနေအရ ဖြစ်နိုင်ကြောင်း ဒေသခံများက မှတ်ချက်ပြု ပြောဆိုသည်။
စူဠမဏိစေတီမှာတောင် ကျပ်နေတာ၊ ကွင်းထဲကို တိုးဖို့မလွယ်ဘူး၊ ကျွန်တော်တို့က နှစ်တိုင်းမြင်နေကြဆိုတော့ မကြည့်တော့ပါဘူး၊ ပြန်ထွက် လာခဲ့တယ် ကျပ်တာတော့ အရမ်းပဲ ဘယ်လိုမှ တိုးမရဘူး” ဟု ဆိုင်ကယ်ကို ပြန်တွန်းထုတ်လာသည့် လူငယ်နှစ်ဦးက ပြောကြားသည်။
ယခုနှစ်မီးပုံးပျံပွဲကို အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်ကြသဖြင့် မီးပုံးပျံကွင်းထဲတွင် မော်တော်ကားများ ပြည့်ကျပ်လျက်ရှိပြီး ပြိုင်ပွဲဝင် မီးပုံးပျံတစ်စင်းမှာ မော်တော်ယာဉ်တန်းပေါ် ပျက်ကျသွား၍ ရုတ်ရုတ်သဲသဲဖြစ်သွားပြီး ဒိုင်နာ ကားတစ်စင်း မီးလောင်သွားသည်ကို စကိုင်းနက် ရုပ်သံမှ တိုက်ရိုက်ထုတ် လွှင့်ချက်အရ တွေ့ရသည်။
ယမန်နှစ် မီးပုံးပျံ ပြိုင်ပွဲဝင် အရေအတွက် ၂၅၀ ရှိခဲ့ပြီး ယခုနှစ်တွင် ၃၅၀လုံး ရှိခဲ့သည်ဟု ပြိုင်ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်
YC
-----------------------------------------------------------------------------------------------------------------------------------
စပါးတစ်တင်း ၄၆ ပေါင် စံအလေးချိန်အဖြစ် သတ်မှတ်
မြန်မာနိုင်ငံမှ အဓိကထွက်ရှိသည့် စပါးရောင်းဝယ်ရာတွင် စပါးတစ်တင်းလျှင် ၄၆ပေါင်နှုန်းဖြင့် စပါးဝယ်ယူခြင်း ကဏ္ဍအတွက် သတ်မှတ် ထားကြောင်း သိရသည်။
ယခင်က စပါးဝယ်ရောင်းမှုများ ပြုလုပ်ရာတွင် စပါးတစ်တင်းလျှင် ပေါင် ၆၀ အထိ ချိန်တွယ်ဝယ်ယူလျက်ရှိပြီး တင်းဖြင့် ဆိုပါက ၁၆ ပြည် တစ်တင်းဖြင့် ဝယ်ယူသော်လည်း ကုန်သည်များမှ နောက်ပိုင်းတွင် ၁၈ ပြည်ဆံ့ တင်းတောင်းဖြင့် လည်းကောင်း၊ ပြည် ၂၀ ဆံ့ တင်းတောင်းဖြင့် လည်းကောင်း ဝယ်ယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆန်စက်လုပ်ငန်းရှင်များသည် တောင်သူများထံမှ လည်းကောင်း၊ စပါးလှောင်လက်များထံမှ လည်းကောင်း ဆန်ဝယ်ယူရာတွင် စပါး အစိုဓာတ်အတွက် ပြန်လျော့ကျသည့် အပိုဆောင်းအလေးချိန်အဖြစ် ထည့်သွင်းဝယ်ယူခြင်းကြောင့် ပေါင် ၆၀ ထိ ချိန်တွယ်ဝယ်ယူကြခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် စပါးဝယ်ရောင်းမှုများ ပြုလုပ်ရာတွင် တောင်သူများဘက်မှ နစ်နာမှုမရှိစေရန်နှင့် ဝယ်ယူသူ ဆန်စက်လုပ်ငန်းရှင်များလည်း အစိုဓာတ်အတွက် မနစ်နာနိုင်စေရန် စံအလေးချိန်အဖြစ် စပါးတစ်တင်းလျှင် ၄၆ ပေါင်ဖြင့် ဝယ်ယူရန် သတ်မှတ်လိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
“အခုလို စပါးတစ်တင်းကို ၄၆ ပေါင်ဆိုပြီး နိုင်ငံတော်က စံသတ်မှတ်ချက်ပေးလိုက်တာ ကောင်းပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တောင်သူတွေ အတွက်ကော၊ စပါးအထူးပြုကုမ္ပဏီတွေ၊ ဆန်စပါး ကုန်သည်တွေအတွက်ပါ မနစ်နာတော့ ဘူးပေါ့”ပာု ဆန်စပါးကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် ယခုကဲ့သို့ စပါးဝယ်ယူရေး စံသတ်မှတ်ချက်မျိုး ပြုလုပ်သကဲ့သို့ နောက်ပိုင်းတွင်လည်း ဆန်စက်လုပ်ငန်းရှင်များနှင့် တောင်သူများ နစ်နာမှု မရှိနိုင်စေရန် နည်းလမ်းဆက်လက်ရှာဖွေသွားဦးမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ယခုနှစ်၌ ရာသီဥတုဖောက်ပြန်မှုများ၊ လယ်ယာလုပ်သားရှားပါးမှုများနှင့် နည်းပညာ အားနည်းမှုများကြောင့် နိုင်ငံရှိ တောင်သူ လယ်သမားအများစုမှာ အခက်အခဲ အကြပ်အတည်းဖြင့် တွေ့ကြုံခဲ့ရကြောင်း သိရသည်။
YC
-----------------------------------------------------------------------------------------------------------------------------------
လေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်စတင်အကောင်အထည်ဖော်မည့် လေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းအတွက် နိုဝင်ဘာလ ၂ ရက် နေ့တွင် မြန်မာနိုင်ငံရှိ လျှပ်စစ်စွမ်းအားဦးစီးဌာနနှင့် GUNKUL Engineering Public Co.,Ltd တို့မှ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပထမဆုံး အကောင်ထည်ဖော်မည့် လေအားလျှပ်စစ် ထုတ်လုပ်ရေးစီမံကိန်းအတွက် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၀ ရက် နေ့တွင် Trader Hotel တွင်စာနယ်ဇင်း ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
လေအား လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းကို မြန်မာနိုင်ငံရှိ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် စတင် အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၎င်းလေအားလျှပ်စစ်စီမံကိန်းမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် (၁၀၀၀) ထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း GUNKUL Engineering Public Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌ ပထမဆုံး လေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းအား လုပ်ငန်းအဆင့်(၅)ဆင့် ခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်း ပထမအဆင့်အဖြစ် လာမည့် (၂၀၁၅) ခုနှစ်တွင် လေအားလျှပ်စစ်ကို စီးပွားဖြစ် ထုတ်လုပ်နိုင်ရန် လျာထားပြီး လုပ်ငန်းတစ်ခုလုံး၏ စုစုပေါင်း ထုတ်လုပ်မည့် မဂ္ဂါဝပ်(၁၀၀၀) အား လာမည့် ၂၀၁၈ ခုနှစ်တွင် စီးပွားဖြစ် ထုတ် လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ မြန်မာနိုင်ငံအတွင်း လေအားလျှပ်စစ်စီမံကိန်းမှ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ပါက မြန်မာနိုင်ငံ တောင်ပိုင်းဒေသများရှိ ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ စက်မှုစသည့် လူမှုစီးပွား ကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာနိုင်သည့်အပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်စေသည့် ကာဗွန်ဓာတ်ငွေ့များလည်း လျော့ကျသွားစေနိုင်မည်ဖြစ်ကြောင်း GUNKUL Engineering Public Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
Ref: First Weekly
***************************************************************************************
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
မေးခွန်းမေးမြန်းခြင်းသာရှိသည့် ချင်းပြည်နယ်လွှတ်တော်အစည်းအဝေး
နိုဝင်ဘာလ ၈ ရက်နေနှင့် ၉ ရက်နေ့တို့၌ ကျင်းပခဲ့သည့် ဒုတိယအကြိမ် ချင်းပြည်နယ် လွှတ်တော် ပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များမှ မေးခွန်းမေးမြန်းခြင်းသာ ပြုလုပ်နိုင်ခဲ့ကြောင်း သစ်တောနှင့် သတ္တုတွင်း ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
၎င်း လွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ် ၄ ဦးသာ အဆိုတင်သွင်းခွင့် ရရှိခဲ့ပြီး မေးခွန်းပေါင်း ၂၀ မေးမြန်းနိုင်ခဲ့ကြောင်း သိရသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ပြဋ္ဌာန်းထားသည်မှာ အဆိုတင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး မစတင်မီ ၁၀ ရက်ကြိုတင်၍ သက်ဆိုင်ရာ လွှတ်တော်ရုံးသို့ ပေးပို့ရမည်ပာု ပြဋ္ဌာန်းထားသည့်အတွက် ကျန်အဆိုများမှာ တင်သွင်းခွင့်မရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ အဆိုတင်သွင်းခွင့်ရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အဆိုကို လွှတ်တော်ဥက္ကဋ္ဌမှ မေးခွန်းအဖြစ် ပြောင်းခိုင်းခဲ့ပြီး ချင်းပြည်နယ် လွှတ်တော်အစည်းအဝေးတွင် မေးခွန်းများသာ အများဆုံး မေးမြန်းနိုင်ခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် ချင်းပြည်နယ်၏ ယခုနှစ် ဘဏ္ဍာရေးနှစ်၌ ရသုံးမှန်းခြေ လိုငွေပြနေခြင်းအပေါ် ပြည်နယ်အစိုးရအဖွဲ့မှ ဘတ်ဂျက်တောင်းခံရာတွင် ချင်းပြည်နယ်ဝန်ကြီးမှ ဒေသတွင်း အခွန်အကောက်မရှိသည့်အတွက် လိုငွေပြနေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အခွန်ငွေရရှိနိုင်စေရန် ညှိနှိုင်းဆောင်ရွက် လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ချင်းပြည်နယ်တွင် လွှတ်တော်အမတ်နေရာ ၂၄ နေရာ၌ ချင်းတိုးတက်ရေးပါတီ (CPP) နှင့် ချင်းအမျိုးသားပါတီ (CNP) တို့မှ လွှတ်တော် ကိုယ်စားလှယ်ငါးဦး၊ တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီ (ENDP) မှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၊ ပြည်ခိုင်ဖြိုးရေးပါတီမှ မှ လွှတ်တော် ကိုယ်စားလှယ် ခုနှစ်ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးတို့ ပါရှိကြောင်း သိရသည်။
YC
--------------------------------------------------------------------------------------------------------------------------------
Sanction ရုတ်သိမ်းပါက ADB ပြန်လည်ကူညီမည်
မြန်မာနိုင်ငံအား ဒဏ်ခတ်သည့်အနေဖြင့် စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ထားသည့် ဥရောပသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့မှ စီးပွားရေး` ပိတ်ဆို့မှုများ ရုတ်သိမ်းသွားပါက အာရှဖွံ့ဖြိုးရေးဘဏ်(ADB) ဘဏ်မှ အကူအညီများ မြန်မာနိုင်ငံသို့ ပြန်လည်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ အဆင့်မြင့် အစိုးရတာဝန်ရှိသူများအနေနှင့်လည်း နိုင်ငံအတွင်း ပွင့်လင်းမြင်သာမှုရှိသည့် အပြောင်းအလဲမျိုး လုပ်ဆောင်ရန် ကတိကဝတ်များ ပြုလုပ်ပါက ADB မှ ကူညီမှုများ ပေးသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ADB ဌာနရုံးခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။
မြန်မာနိုင်ငံသည် အာရှဖွံ့ဖြိုးရေးဘဏ်(ADB) ဘဏ်သို့ ၁၉၇၄ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး ၁၉၈၈ နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲများကြောင့် ADB ဘဏ်မှ အကူအညီပေးမှုများကို ပြန်လည် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
၁၉၈၈ မတိုင်မီကာလများတွင် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်(ADB) ဘဏ်တို့သည် မြန်မာနိုင်ငံအတွင်း ဆေးရုံတည်ဆောက်ခြင်း လုပ်ငန်းများ၊ ဆည်မြောင်းစီမိံကိန်းများ၊ သစ်တောစီမံကိန်းများ၊ ပညာရေးဆိုင်ရာ ကိစ္စရပ်များအတွက် ထောက်ပံ့ပေးမှုများ၊ မြန်မာ့စီးပွားရေးဘဏ် အပြင် မြန်မာနိုင်ငံရှိ အခြားစီမံကိန်း ၃၀ ကျော်တွင် အကူအညီ ပေးထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ၂၀၁၀ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသည့် အစိုးရသစ်တစ်ရပ်၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို စောင့်ကြည့် လေ့လာ၍ သင့်တော်သည့်ကာလတွင် ADB ဘဏ်မှ မြန်မာနိုင်ငံအတွက် လုပ်ဆောင်ချက် နည်းဗျူပာာအသစ်များ ဖော်ထုတ်ပေးရန် အစီအစဉ် ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအား စီးပွားရေးပိတ်ဆို့အရေးယူဒဏ်ခတ်မှုများကို အမေရိကန်နိုင်ငံမှ ၁၉၉၇ ခုနှစ်တွင်လည်းကောင်း၊ ဥရောပသမဂ္ဂမှ ၁၉၉၆ ခုနှစ်တွင်လည်းကောင်း အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Ref:The Voice
***************************************************************************************
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
“အရင်ကစီးပွားရေးထဲမှာ သဘာဝပတ်ဝန်းကျင် သေးသေးလေးပဲပါတယ်၊ တကယ်တမ်းပြောရရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှ သယံဇာတ အရင်းအမြစ်တွေ ပေါများမှာဒါမှ လူတွေအတွက် ရေရှည်ကောင်းမယ်၊ သဘာဝပတ်ဝန်းကျင်ကို မထိန်းသိမ်းဘဲ စီးပွားရေးအကျိုးအမြတ်တစ်ခုပဲ ကြည့်ပြီး ကြိုက်သလိုတူးလိုရတယ်၊ လုပ်လို့ရတယ်လို့ ယူဆကြတော့ လာမယ့်အနေအထားမှာရွှေယူမလား ရေယူမလား ဇတ်လမ်းက ဖြစ်လာပြီ”
နိုဝင်ဘာ ၁၁ ထုတ် မော်ဒန်သတင်းဂျာနယ် အမှတ် ၂၈၃ တွင်ပါသည့် “သင့်စီးပွားရေးကြောင့် သဘာဝပတ်ဝန်းကျင် မထိခိုက်စေပါနှင့်” သတင်းမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးစိတ်ဝင်စားသူဦးသက်နိုင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
“ကျွန်တော်တို့က ပြည်သူကတင်မြှောက်တဲ့ အစိုးရဖြစ်တယ်။ ပြည်သူတွေအတွက် လုပ်ပေးရမှာပါ။ ကျွန်တော် တရုတ်ပြည် မသွားခင်က ဂျာနယ် တစ်စောင်က စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး လိုအပ်တာတွေ ရေးသားထားတာ တွေ့ရတယ်။ ကျွန်တော်ကိုယ်တိုင်ပဲ အဲဒီဂျာနယ်ကို ဖုန်းဆက်ပြီး ပြောပါတယ်။ ဂျာနယ်က ပြည်သူရဲ့အသံပါပဲ ပြည်သူတွေရဲ့ ဆန္ဒကို ဂျာနယ်သမားတွေက သိတယ်။ ပြောရင် ကျွန်တော်တို့ လိုက်ပေးမယ် ကျွန်တော်တို့ လုပ်တိုင်းမှန်ချင်မှမှန်မယ်။ ရဲရဲရေးပါ ရဲရဲဝံ့ဝံ့ရေးပါလို့ ကျွန်တော်ကိုယ်တိုင် ဖုန်းဆက်ပြောကြားခဲ့ပါတယ်။ တိုင်းပြည်တည်ဆောက်တဲ့အခါ စတုတ္ထ မဏ္ဍိုင်က အစစအရာရာဖွံ့ဖြိုးတိုးတက်ဖို့ ပူးပေါင်းဆောင်ရွက်ရမှာပါ”
နိုဝင်ဘာ ၁၁ ထုတ် မော်ဒန်သတင်းဂျာနယ် အမှတ် ၂၈၃ တွင်ပါသည့် “သတင်းအချက်အလက်များရေးသားရာတွင် ရဲရဲဝံ့ဝံ့ ရေးသားကြရန် ပြည်ထောင်စုဝန်ကြီးပြော” သတင်းမှ ကောက်နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
“စနစ်တွေကိုလူတွေဖန်တီးတာဖြစ်လို့ လူသာပဓာနဖြစ်တယ်။ အခုဆိုရင် စာရေးသူတို့နိုင်ငံမှာ ကောင်းမွန်သော အုပ်ချုပ်စီမံခန့်ခွဲ (Good Governance) ကိုပီပီပြင်ပြင်စနစ်တကျ ကျင့်သုံးပြီးသန့်ရှင်းသောအစိုးရ (Clean Government) အဖြစ် ပုံဖော်ဆောင်ရွက်မယ့် အစိုးရတစ်ရပ် ပေါ်ထွန်းလာနေပြီ ဖြစ်တယ်။ လူတွေမှာ ဖြစ်စေအစိုးရတွေမှာ ဖြစ်စေရှေ့လူရဲ့ ကောင်းမွေ ဆိုးမွေတွေကို ဆက်ခံရသူတွေ ဖြစ်တာမို့ ရှေ့လူကနေခင်းထားခဲ့တဲ့ လမ်းက မကောင်းရင် မိမိလက်ထက်မှာ ပိုကောင်းအောင် ခင်းကျင်းရမှာ ဖြစ်တယ်။ ရှေ့ကလူရဲ့ လုပ်ဆောင်ချက်က ပြီးပြီးရော ဖြစ်ကတတ်ဆန်း လုပ်ဆောင်ခဲ့ရင် နောက်လူအတွက် လုပ်ဆောင်ဖွယ်ရာတွေ တစ်ပုံတစ်ပင် ကျန်ရစ်နေမှာဖြစ်တယ်။ ရှေ့လူရဲ့ လုပ်ဆောင်ချက်မှာ ရုပ်ပိုင်းဆိုင်ရာတွေကို ဦးစားပေး လုပ်ဆောင်ခဲ့ရာကနေ စိတ်ပိုင်းဆိုင်ရာတွေ အားနည်းချို့ယွင်းရင် နောက်လူက အလုပ်တွေ ပိုလုပ်ကြရတော့မှာ ဖြစ်တယ်။ ပထမဦးစွာ စိတ်ပိုင်းဆိုင်ရာပျက်စီးမှုကိုကောင်းမွန်လာအောင် ပြုပြင်ကြရမယ်။ “စိတ်ကို လည်းပြင် ရုပ်ကိုလည်းပြင် ပြင်ချင်တိုင်း ပြင်တိုင်းလှလာစေ” မှာဖြစ်တယ်။ စိတ်ကိုမပြုပြင်ဘဲ ရုပ်ပိုင်းဆိုင်ရာတွေက မကြာမီ ပြိုလဲပျက်စီးသွားစေမှာဖြစ်တယ်။ စိတ်အခြေခိုင်ဖို့ကပထမဦးစားပေးလုပ်ဆောင်ကြရမှာ ဖြစ်တယ်”
နိုဝင်ဘာ ၉ ထုတ် Ecovisionအတွဲ (၅) အမှတ်(၄၈) တွင်ပါသည့် ဆောင်းပါးရှင် ထွန်းထွန်းအောင်(စီးပွားရေး) ၏ “စနစ်နဲ့ လူ” သတင်းမှ ကောက်နှုတ်ချက်
***************************************************************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.