Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁.၁၂.၂၀၁၁

ဆောင်းပါးကဏ္ဍ

ကြီးကျယ်သည့် ကစားပွဲ

********************************************

ဆောင်းပါးကဏ္ဍ

ကြီးကျယ်သည့် ကစားပွဲ

ဦးသိန်းစိန်အစိုးရ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို သံသယကင်းစပြုလာသော အိုဘားမားအစိုးရသည် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်အား မြန်မာနိုင်ငံသို့ သွားရောက်စေခြင်းဖြင့် နေပြည်တော်- ဝါရှင်တန် ဆက်ဆံရေးမှာ နှင်းခဲပျော်ချိန်သို့ ရောက်ရှိနေပြီဟု ကောက်ချက်ချ သုံးသပ်၍ ရနိုင်ပါသည်။ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးရာ ကိစ္စရပ်များတွင် အနောက်နိုင်ငံများ၏ တောင်းဆိုချက်များအတိုင်း ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်ဖို့ရာ လိုအပ်နေသေးသည့်တိုင် နိုင်ငံရေးအကျဉ်းသားအရေး၊ မီဒီယာလွတ်လပ်ခွင့်၊ နိုင်ငံသားလွတ်လပ်ခွင့်များ တစုံတရာ ဖြေလျော့မှုများ ရှိလာပြီဖြစ်သည်။ ယင်းသို့ ဖြစ်ရခြင်းမှာလည်း မြန်မာနိုင်ငံလို နှစ်ပေါင်းများစွာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို မပြုလုပ်ခဲ့သည့် နိုင်ငံ တစ်ခုအဖို့ (လုပ်ခဲ့သော်ငြားလည်း အဖြစ်သာဖြစ်နေသောကြောင့်) ရုတ်ခြည်းပြောင်းလဲမှုများကို ပြုလုပ်ဖို့ရန် ဝန်လေးမည်မှာလည်း အမှန်ပင်ဖြစ်သည်။ ထိုအတွက်ကြောင့် အပြောင်းအလဲများတွင် မှားယွင်းမှုများ၊ ပျက်ကွက်မှုများ မဖြစ်ပေါ်အောင် သတိထား ဆောင်ရွက်နေသည့် သဘောပင်ဖြစ်သည်။

အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒအပြောင်းအလဲ

ယခင် သမ္မတ ဂျော့ဘုရှ်(စ်) လက်ထက်တွင် အမေရိကန်နှင့် မြန်မာဆက်ဆံရေးမှာ အတော်လေး တင်းမာခဲ့လေသည်။ ဘုရှ်(စ်)အစိုးရအတွင်း နိုင်ငံခြားရေးမူဝါဒကို အဓိက ပုံဖော်နေသည့် ဗိသုကာများမှာ ရှေးရိုးစွဲလက်သစ်ဝါဒီများ(Neo-con) များဖြစ်သည့်အားလျှော်စွာ ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးကို ချိုးဖောက်သည့်နိုင်ငံများနှင့် အတော်လေး တင်းတင်းမာမာဆက်ဆံခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန (State Department) ၏ တစ်ကမ္ဘာလုံးအပေါ် ကျင့်သုံးသည့် အဂ္ဂဗျူဟာမှာ အင်အားသုံး သိမ်းသွင်းရေးမူဝါဒ (Containment Policy) ဖြစ်သည်။ ဤသို့ တင်းမာမှုရှိခဲ့သည့် ဆက်ဆံရေးမှာ မြန်မာနိုင်ငံတွင် ၂၀၀၇ခုနှစ်က ဖြစ်ပွားခဲ့သော ရွှေဝါရောင်သံဃာ အရေးတော်ပုံကြီးအပြီးတွင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ ဒီမိုကရက်တစ်ပါတီမှ အိုဘားမားအစိုးရ တက်လာပြီးသည့်နောက်ပိုင်းတွင် နိုင်ငံခြားရေးမူဝါဒမှာ အင်အားသုံးသိမ်းသွင်းရေး မူဝါဒမှ ပြောင်းလဲပြင်လွယ်ရှိသော ထိတွေ့ဆက်ဆံရေးမူဝါဒ (Engagement Policy) သို့ ပြောင်းလဲသွားခဲ့သည်။ သို့သော် မြန်မာနိုင်ငံနှင့် ချက်ခြင်းဆိုသလို ရွှေလမ်းငွေလမ်းဖောက်ကာ ထိတွေ့ဆက်ဆံခဲ့သည်တော့ မဟုတ်။ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖော်မှုများ လျော့နည်းလာရေးနှင့် ဒီမိုကရေစီ အကောင်အထည်ဖော်မှုကို စောင့်ကြည့်သည့်အနေဖြင့် သံတမန်နည်းဖြင့် ကူးချည်သန်းချည် ညှိနှိုင်းအဖြေရှာသည့် (Shuttle Diplomacy) ကို (ယင်း တို့၏အခေါ်အားဖြင့် လက်တွေ့ကျသည့် ထိတွေ့ဆက်ဆံရေး (Pragmatic egangement)) ကျင့်သုံးအကောင်အထည်ဖော်ခဲ့သည်။ တနည်း ပြောရလျှင် မြန်မာနိုင်ငံ လူ့အခွင့်အရေး နှုန်းစံတန်ဖိုးများကို ပြုပြင်လိုက်နာရန်နှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ပြုလုပ်လာစေရန် ဖိအားပေး တောင်းဆိုတိုက်တွန်းပြီး လိုက်နာဆောင်ရွက်လာပါက အမေရိကန်မှလည်း နွေးထွေးသည့် ဆက်ဆံရေးကို ပြသလာသည့် သံသမန်နည်းလမ်းကို ကျွမ်းကျင်သူများက အသွားနှစ်ဖက်ပါသည့်ဓား (Double Edged Sword) ဟု ဝိဂြိုလ်ပြုကြသည်။

ဘေဂျင်းသဘောတူအမြင်

မြန်မာနိုင်ငံနှင့် ရင်းနှီးစွာဆက်ဆံလျက်ရှိသော နိုင်ငံမှာ ပေါက်ဖော်ကြီးတရုတ်နိုင်ငံပင်ဖြစ်သည်။ တရုတ်နိုင်ငံမှာ ခေတ်သစ်တရုတ်နိုင်ငံကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားခဲ့သောတိန်ရှောက်ဖိန်၏ “ကြောင်ဖြူသည်ဖြစ်စေ မဲသည်ဖြစ်စေ ကြွက်ခုတ်တတ်ဖို့အရေးကြီးသည်”ဟူသော စကား အတိုင်း တစ်ပါတီကွန်မြူနစ် အာဏာပိုင်စနစ်နှင့် အရှင်းရှင်စနစ်ကို အောင်မြင်စွာ ကျင့်သုံးအကောင်အထည်ဖော်နိုင်သော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ “ချမ်းသာတာ ကောင်းတယ်” ဟူသော တိန်ရှောင်ဖိန်၏ နောက်ထပ် နိုင်ငံရေးသြဝါဒစကားကို ကျင့်သုံးအကောင်အထည်ဖော်ခဲ့သော တရုတ် နိုင်ငံမှာ ယခုအခါတွင် ကမ္ဘာပေါ်တွင် ဒုတိယအင်အားအကြီးဆုံး စီးပွားရေး စူပါပါဝါဖြစ်လာလျက်ရှိပြီ ဖြစ်သည်။ သို့နှင့် တရုတ်နိုင်ငံနှင့် ကပ်လျက် ရှိသော မြန်မာနိုင်ငံလို နိုင်ငံငယ်လေးဖို့ ၎င်း၏ သြဇာသက်ရောက်မှု ကြီးမားစွာရှိမည်မှာ အသေအချာပင်ဖြစ်သည်။ မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီး မြုပ်နှံမှုများ အများဆုံးဝင်သည့်နိုင်ငံမှာ ပေါက်ဖော်ကြီးဖြစ်နေသည်ကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံအပေါ်များစွာ လွှမ်းမိုးထားပြီးဖြစ်ကြောင်း ယင်း အချက် အလက်များက သက်သေပြလျက်ရှိသည်။ ထို့အပြင် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒဖြစ်သည့် ပေကျင်းသဘောတူအမြင်ကို ကျင့်သုံးအကောင် အထည်ဖော်မှုတွင်လည်း မြန်မာနိုင်ငံ ပါဝင်လျက်ရှိသည်။ အမေရိကန်၏ ဝါရှင်တန်သဘောတူအမြင်ကို ယှဉ်ပြိုင်အကောင်အထည်ဖော်နေသော ယင်း ပေကျင်းသဘောတူအမြင်မှာ အာဏာပိုင်နိုင်ငံရေးစနစ်ကို အားပေးထောက်ခံ၍ ယင်းစနစ်သက်ဆိုးရှည်စေသော စီးပွားရေး အကူအညီများကို ပေးကာ အပြန်အလှန်အားဖြင့် ထိုအာဏာပိုင် နိုင်ငံများ၏ သဘာဝသံယံဇာတ တူးဖော်ရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံအား ဦးစားပေး ရင်းနှီးမြုပ်နှံခွင့် ပေးရန် ဖြစ်သည်။ မြန်မာနိုင်ငံမှာ ယခင်အာဏာပိုင်စနစ်ဖြစ်သည့်အားလျှော်စွာ တရုတ်နိုင်ငံ၏ ဘေဂျင်းသဘောတူအမြင်ကို လိုလိုလားလား လိုက်လျော ဆက်ဆံခဲ့သည်။

အနောက်မှအရှေ့သို့

ယခုအခါတွင် အမေရိကန်နိုင်ငံ၏ အဓိက အကျိုးစီးပွားမှာ အနောက်မှ  အရှေ့သို့ ရွေ့လျားလာပြီဖြစ်သည်။ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်သော အရှေ့အာရှနိုင်ငံများဖြစ်သည့် ဂျပန်၊ တောင်ကိုရီးယားနှင့် တိုင်ဝမ်ကဲ့သို့နိုင်ငံများနှင့် ဖိစီဖိတ်ဒေသတွင်းရှိ သြစတြေးလျ၊ နယူးဇီလန်နိုင်ငံတို့မှာ အမေရိကန်နှင့် အကျိုးစီးပွားများ ယခင်ကတည်းက ရှိနှင့်ပြီးဖြစ်သည်။ အရှေ့တောင်အာရှနိုင်ငံများတွင်လည်း နိုင်ငံရေးလွတ်လပ်ခွင့်များ တဖြည်းဖြည်း ရရှိလာကာ သုံးသပ်သူများက အာဆီယံနွေဦး (Asian Spring) ဟူ၍ ခေါ်ဆိုလာပြီး အဆိုပါနိုင်ငံများသည် တရုတ်၏သြဇာ သက်ရောက်မှု အောက်မှ လွတ်မြောက်ရန် အမေရိကန်အား မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံအဖြစ်ရွေးချယ်လာကြသည်။

မြန်မာနိုင်ငံမှာ အာဆီယံဒေသတွင်းတွင်ရော၊ တောင်အာရှဒေသတွင်းတွင်ပါ အလွန်မဟာဗျူဟာကျသည့် နေရာဒေသတွင် ဖြစ်တည်လျက် ရှိနေသည်။ အထူးသဖြင့် ကမ္ဘာစီးပွားရေးအင်အားကြီးနိုင်ငံများ ဖြစ်လာမည့် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့၏ ကြားတွင်ရှိနေသောကြောင့် စီးပွားရေး အခွင့်အလမ်းများ အပါအဝင်၊ ကမ္ဘာ့အင်အားချိန်ခွင်လျှာကိုပါ ထိန်းညှိပေးနိုင်သည့် ကြီးကျယ်သောကစားပွဲကို ကစားနိုင်သည့် နေရာကောင်းပင် ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲများကြောင့် ဖြစ်ပေါ်လာသော ထိုအခွင့်အရေးမျိုးကို မိမိနိုင်ငံအကျိုးစီးပွား ဖြစ်ထွန်းရေး အတွက် ထိထိရောက်ရောက် အသုံးချနိုင်ပါက မြန်မာနိုင်ငံသည်လည်း ကမ္ဘာပေါ်တွင် မဟုတ်သည့်တိုင် အာရှတွင် အဖက်ဖက်ကနေ ဖွံ့ဖြိုးတိုးတက်မှု ရှိသည့် နိုင်ငံတစ်ခု ဖြစ်ထွန်းလာဖို့ အလားအလာများစွာ ရှိသည်ဖြစ်ပါကြောင်း…….။

***************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment