yangonchronicle2011 |
၂၃.၁.၂၀၁၂
ပြည်တွင်းသတင်းများ
- မြရိပ်ညို ဖောင်ဒေးရှင်း၌ ဦးခင်ညွန့် နာယကအဖြစ် တာဝန်ယူမည်
- မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေအနေမဲ့များအား စတင်ရှင်းလင်းပြီ
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
- ကြားဖြတ်ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီအား သူရဦးရွှေမန်း ဦးဆောင်မည်
- ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးရေးခရီးစတင်
- လွတ်မြောက်လာသည့်နိုင်ငံရေးအကျဉ်းသားများကို ကူညီမှုပေးကြရန် ကိုမင်းကိုနိုင်တိုက်တွန်း
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
*****************************************
ပြည်တွင်းသတင်းများ
မြရိပ်ညို ဖောင်ဒေးရှင်း၌ ဦးခင်ညွန့် နာယကအဖြစ် တာဝန်ယူမည်
၂၀၁၁ခုနှစ် အောက်တိုဘာလမှစ၍ အထက်လွှတ်တော်အမတ် ဦးခင်ရွှေမှ ကျပ်သိန်းတစ်သောင်း ရင်းနှီး၍ တည်ထောင်လိုက်သည့် မြရိပ်ညို ပညာရေးနှင့် ကျန်းမာရေးဖောင်ဒေးရှင်း၌ မကြာသေးမီက အကျယ်ချုပ်ချခံထားရခြင်းမှ လွတ်မြောက်လာသည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က နာယကရာထူးဖြင့် ဦးဆောင်မည်ဟု သိရသည်။
“ဒီဖောင်ဒေးရှင်းက ဝေးလံတဲ့ နယ်စပ်ဒေသတွေမှာရှိတဲ့ လိုအပ်နေတဲ့ ကျန်းမာရေးနဲ့ ပညာရေးကိစ္စတွေမှာ အစစအရာရာ ပြည့်စုံစေရန် ရည်ရွယ်ပြီး လွှတ်တော်နာယကဖြစ်တဲ့ ဦးခင်အောင်မြင့်ကလည်း လမ်းညွှန်ပေးတာနဲ့ တည်ထောင်တာ” ဟု လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဦးခင်ရွှေမှ ပြောကြားသည်။
ထိုဖောင်ဒေးရှင်းတွင် ဦးခင်ညွှန့်မှ နာယကရာထူးတွင် တာဝန်ထမ်းဆောင်သည့်အတွက် လစဉ် အမေရိကန်ဒေါ်လာ ငါးထောင်အား ဦးခင်ရွှေမှ ချီးမြှင့်သွားမည်ဟုလည်း သိရသည်။
ATM
-----------------------------------------------------------------------------------------------------------------------------------
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေအနေမဲ့များအား စတင်ရှင်းလင်းပြီ
မန္တလေးတိုင်းဒေသကြီး၏ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ဘူတာရုံ၊ ဆေးရုံ၊ ပလက်ဖောင်းနှင့် အများပြည်သူ သွားလာနေသည့် စင်္ကြန်များ ပေါ်တွင် အခြေအနေမဲ့ တောင်းရမ်း စားသောက်နေသူများ၊ စည်းကမ်းမဲ့ အခြေချ ညအိပ်နေထိုင်နေသူများကို ယခုနှစ် ဇန်နဝါရီလမှ စတင်၍ ဖမ်းဆီး ဖယ်ရှား ရှင်းလင်းသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ကြေညာခဲ့သည်။
မန္တလေးမြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း အခြေအနေမဲ့ တောင်းရမ်းစားသောက်နေသူများအား စတင် ရှင်းလင်းရာတွင် ပညာပေး ကာလအဖြစ် ရက်သတ္တပတ် တစ်ပတ်စတင်၍ လုပ်ဆောင်သွားမည်ဖြစ်ပြီး နောက်ပိုင်းကာလများတွင် စည်ပင် သာယာနည်းဥပဒေ ပုဒ်မ ၂၄၊ ၂၅၊ ၂၆၊ ၂၇ အရျ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သန်းရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မန္တလေးမြို့တော်အတွင်း တောင်းရမ်းစားသောက်နေသူများအား အရေးယူရန် ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်တွင် မန္တလေး မြို့တော်၏ မြို့တော်အင်္ဂါရပ်နှင့်အညီ မြို့တော် သာယာလှပရေး၊ မြို့နေလူထု စိတ်ချမ်းသာရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။
တိုင်းပြည်မှာ လူမှုဖူလုံရေးစရိတ်တွေ တိုးမြှင့်သုံးစွဲခြင်း မပြုနိုင်သေးသမျှ ကာလပတ်လုံး ဒီပြဿနာတွေ ရှိနေဦးမှာပါ၊ တစ်ချို့ကျတော့လည်း အလုပ်မရှိလို့၊ တစ်ချို့ကျတော့လည်း ချောင်လို့ကို တောင်းစားတာမျိုး ရှိတယ်၊ သူတောင်းစား ပပျောက်ရေးဆိုပြီး တောင်းစားတဲ့သူ ထောင်ထဲထည့် နေရင်လည်း အလုပ်မဖြစ်ပြန်ဘူး၊ ရန်ကုန်မှာလို အခြေအနေမဲ့တွေကို စည်ပင်က အလုပ်အကိုင်ဖန်တီးပေးနိုင်တဲ့ပုံမျိုးဆိုရင် ကောင်းတယ်" ဟု မန္တလေး ဒေသခံတစ်ဦးက ပြောကြားသည်။
YC
*****************************************
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
ကြားဖြတ်ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီအား သူရဦးရွှေမန်း ဦးဆောင်မည်
ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် လွှတ်တော်တွင်း လစ်လပ်နေရာပြန်လည်ဖြည့်တင်းမည့် ကြားဖြတ်ရွေး ကောက်ပွဲ တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ပါတီအား ဦးဆောင်၍ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပထမဆုံးအကြိမ်ခေါ်ယူသည့် အထူးအစည်းအဝေးကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ကျင်းပခဲ့ပြီး ၎င်းအစည်းအဝေးအခမ်းအနား၌ သူရဦးရွှေမန်းမှ ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယခုလာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ယခင် ပြည်ခိုင်ဖြိုးပါတီ၏ ပါတီဝင်တစ်ဦးဖြစ်သည့် သမ္မတကြီးအနေဖြင့် ပါဝင်ခေါင်းဆောင်နိုင်မည် မပာုတ်သည့်အတွက် မိမိမှ ဦးဆောင်၍ ကျန်ရှိနေသည့် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်အားလုံးကို စည်းစည်းလုံးလုံး၊ ညီညီညွှတ်ညွှတ်၊ စည်းကမ်းရှိရှိဖြင့် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ခိုင်ဖြိုးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ သူရ ဦးရွှေမန်းမှ ပြောကြားခဲ့သည်။
ထို့ပြင် သူရဦးရွှေမန်းမှ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပြည်သူလူထုအတွင်းမှ အခြေအနေမှန်များကို ရှာဖွေလေ့လာ သုံးသပ်၍ ပြည်သူ့အကျိုး ဖြစ်ထွန်းစေမည့် ကိစ္စရပ်များကို သက်ဆိုင်ရာအဖွဲ့အစည်းများမှ ဆောင်ရွက်ဖြည့်တင်းပေးနိုင်ရေးများကို ပါဝင်ဆောင်ရွက်ရန်နှင့် နိုင်ငံသားများ၏ မူလ အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးများ ရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့၌ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် အငြင်းပွားဖွယ် မဲစာရင်းများဖြင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အနိုင်ရရှိခဲ့ပြီးနောက် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်အဖွဲ့နှင့် လွှတ်တော်အသီးသီး ပေါ်ပေါက် ခဲ့ကြောင်း သိရသည်။
YC
-----------------------------------------------------------------------------------------------------------------------------------
ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးရေးခရီးစတင်
NLD ပါတီမှ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲအတွက် ပါတီစည်းရုံးရေး လုပ်ဆောင်မှုများကို ဇန်န၀ါရီလ ၂၉ရက်နေ့မှစတင်၍ ထားဝယ်သို့ နေ့ချင်းပြန်သွားမည်ဖြစ်ပြီး ကျန် တိုင်းနှင့်ပြည်နယ်များကိုလည်း သွားရောက်ရန်ရှိသေးကြောင်း သိရသည်။
ထိုသို့ နယ်လှည့်ခရီးသွားရာတွင် ဖေဖော်ဝါရီလ ၄ရက်နေ့နှင့် ၅ရက်နေ့တွင် မန္တလေးသို့ တစ်ညအိပ်ခရီးနှင့် ၇ရက်နေ့တွင် ပုသိမ်မြို့သို့ နေ့ချင်းပြန် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
“ဒီခရီးတွေက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်ရန် သွားမှာမဟုတ်ဘဲ ဝင်ပြိုင်တဲ့နေရာတွေကို သွားရောက်လေ့လာ စည်းရုံးရေးဆင်းမှု ပြုလုပ်မှာ ဖြစ်ပါတယ်။ မဲဆွယ်တဲ့အပိုင်းကို သေချာစိစစ်ပြီးမှ လုပ်ခွင့်ရှိမှာဖြစ်တယ်”ဟု NLD ပါတီမှ ဦးဥာဏ်ဝင်းက ပြောကြားသည်။
ထို့ပြင် ယင်းခရီးစဉ်များအား သက်ဆိုင်ရာအသီးသီးသို့ အသိပေးမှုများပြုလုပ်မည် ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကိစ္စများကို NLD မှ တာဝန်ယူမည်ဖြစ်ကြောင်း ၎င်းမှ ထပ်မံပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးအား တရားဝင်လုပ်ဆောင်ခွင့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအား မှတ်ပုံတင်ခဲ့ပြီး ဦးစွာ လာမည့်ကြားဖြတ်ရွေးကောက်ပွဲ၌ ယှဉ်ပြိုင်ရန် ရန်ကုန်တိုင်းတွင် ပါတီရုံးခွဲများကို ဖွင့်လှစ်ပြီး စည်းရုံးရေးအတွက် ဟောပြာမှုများ ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။
ATM
-----------------------------------------------------------------------------------------------------------------------------------
လွတ်မြောက်လာသည့်နိုင်ငံရေးအကျဉ်းသားများကို ကူညီမှုပေးကြရန် ကိုမင်းကိုနိုင်တိုက်တွန်း
နာမည်မကျော်ကြားသည့် လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများကို ကူညီမှုပေးကြပါရန် ကိုမင်းကိုနိုင်က တိုက်တွန်းပြောကြား လိုက်သည်။
ပဲခူးမြို့၌ ဇန်နဝါရီ ၂၄ရက်နေ့တွင် ပြုလုပ်သော လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများအား ဂုဏ်ပြုပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့သည်။
“ကျွန်တော် ပြန်လွတ်လာတော့ မိန်းမကလည်း ယောင်္ကျားယူသွားပြီ။ အိမ်ကိုသွားတော့လည်း မိသားစုတွေက ဘယ်ပြောင်းကုန်မှန်းမသိဘူး” ဟုပြန်လည်လွတ်မြောက်လာသည့် NLD ပါတီဝင်တစ်ဦးက ဝမ်းနည်းစွာပြောဆိုသည်။
ယင်းကဲ့သိုနစ်နာဆုံးရှုံးမှု များသောနိုင်ငံရေးအကျဉ်းသား အမြောက်အများရှိနေကြောင်း ကိုမင်းကိုနိုင်က ဆက်လက်ပြောကြားသည်။
လူသိများသော နိုင်ငံရေးသမားများကိုကူညီသူများ များပြားသော်လည်း အညတရနိုင်ငံရေးသမားများမှာမှု အကျဉ်းထောင်များထဲမှာ နှစ်ပေါင်း များစွာ ကျခဲ့ပြီး ပြန်လည်လွတ်မြောက်လာသည့်အချိန်တွင် နေစရာအိမ်မရှိ ဖြစ်နေ ကြကြောင်း သိရသည်။
NLD ပါတီအပါဝင် နိုင်ငံရေးအကျဉ်းသားများကို ကူညီစောင့်ရှောက်မှုပေးနေသည့် လူမှုရေးအဖွဲ့အစည်းများသည် အကျဉ်းကျခံနေရစဉ်သာ ကူညီမှုပေးလေ့ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်ကမှု ပြန်လည်လွတ်မြောက်လာသည် နိုင်ငံရေးအကျဉ်းသားများကို ပညာရေးကဏ္ဍ၌ အကူအညီပေးသွားမည်ဟု ဇန်နဝါရီ ၂၃ရက်နေ့တွင် လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများနှင့် NLD ရုံးချုပ် တွင် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
Peace Press
*****************************************
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
“Sanctions ရုပ်တာ တစ်ခုတည်းနဲ့တော့ မြန်မာ့စီးပွားရေး ပြောင်းသွားမှာမဟုတ်ဘူး။ Political Changes နဲ့ Economic Changes ချိန်ခွင်လျှညီမှရမယ်။ နိုင်ငံရေး အပြောင်းအလဲတစ်ခုတည်း ရှေ့ရောက်နေလို့ မဖြစ်ဘူး။ Economy Changes အတွက်ဆိုရင် နှစ်မျိုးထပ်ရှိတယ်။ External Economy Changes နဲ့ Internal Economy Changes ဆိုပြီး ရှိတယ်။ အခု Sanctions ရုပ်တယ်ဆိုတာ ပြင်ပကစီးပွားရေးဆိုင်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်တယ်။ Top Down ပြောင်းလဲမှုလည်း ပြုမှ Sanctions ရုပ်ခြင်းနဲ့အတူ မြန်မာ့ စီးပွားရေးပြောင်းလဲမှာပါ”
ဇန်နဝါရီ ၂၅ ထုတ် Weekly ELEVEN NEWS အတွဲ (၁၇) အမှတ် (၁၇) တွင်ပါသည့် “မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ရုပ်သင့်ပြီလား မြန်မာ့ စီးပွားရေးကဏ္ဍ ၂၀၁၂မှာ အလျင်အမြန် ပြောင်းလဲရတော့မည်” သတင်းဆောင်းပါးမှ UMFCCI ၏ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးအေးလွင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
မေး- လွှတ်တော်နိုင်ငံရေးက ကိုယ်စားပြုဒီမိုကရေစီ ဖြစ်တဲ့အတွက် လက်ရှိအနေအားအရ တိုက်ရိုက် ဒီမိုကရေစီ လိုအပ်နေသလား။
ဖြေ- သူကအမြဲလိုပါတယ်။ ဘယ်တိုင်းပြည်မှာမှ လွှတ်တော်တွင်း နိုင်ငံရေးကြိုးပမ်းမှုဆိုတာ မပြီးသေးပါဘူး။ ဥပမာဗျာ- သိပ်ပြီးတော့ ပြည့်စုံနေပြီဆိုတဲ့ နိုင်ငံကြီးတွေမှာတောင်မှ အခုအစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ ရှိနေသေးတာပဲ။ သူတို့ရဲ့ အားကောင်းမောင်းသန်မှုဟာ တိုင်းပြည်ဖွံ့ဖြိုးမှုဆိုတဲ့ ရေချိန်ပေါ်မှာ မူတည်တာပေါ့။ ကျွန်တော်တို့ တိုင်းပြည်အတွက်ကတော့ သေချာတာပေါ့။ ပိုတောင်လိုသေးတယ်။ ဘဝပေး အခြေအနေကြောင့် ဖြစ်စေ၊ အဲဒီ့လူတွေ တိုင်းပြည်အတွက် လုပ်ချင်တယ်ဆိုရင် ခုနကပြောတဲ့ တိုက်ရိုက်ဒီမိုကရေစီဆန်တဲ့ အရပ်ဘက် လူ့အဖွဲ့ အစည်းတွေ လွှတ်တော်ပြင်ပအဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်နိုင်ဖို့ လိုတယ်။ ကျွန်တော် ပြောချင်တာ ဟန်ချက်ညီဖို့ပါပဲ။ ဟန်ချက်ညီဖို့က သိပ်အရေးကြီးတယ်။
ဇန်နဝါရီ ၂၄ ထုတ် The Flower News အတွဲ (၈) အမှတ် (၄) တွင်ပါသည့် “၈၈မျိုးဆက် ကျောင်းသားခေါင်း ဆောင် မင်းကိုနိုင်နှင့် အင်တာဗျူး” ကောက်နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
ဒီမိုကရေစီ ထွန်းကားပြီဆိုရင် ဒီမိုကရေစီကို ထိန်းချုပ်ဖို့ အတိုက်အခံ လိုလာတယ်။ အတိုက်အခံ မရှိဘဲနဲ့ ဒီမိုကရေစီဆိုတာ အဓိပ္ပယ်မရှိဘူး။ ပါတီ တစ်ခုတည်းသော် လည်းကောင်း၊ အစိုးရတစ်ခုတည်းသော် လည်းကောင်း၊ ၁၀ နှစ်ကျော် သွားလို့ရှိရင် အီသွားတတ်တယ်။ ပြောင်းလဲသွားတဲ့ သွေဖည် သွားတဲ့ဟာကို တည့်မတ်ဖို့ အတိုက်အခံလိုတယ်၊ အနှစ်သာရလည်း ပေါ်လာမယ်။ အတိုက်အခံသမားကလည်း အစိုးရပြန်ဖြစ်လာမယ်၊ လည်နေမယ့် သဘောပေါ့။ ဒီမိုကရေစီ ယန္တရားလည်ပတ်ဖို့ကအကုန်ပါရမယ်။
ဇန်နဝါရီ ၂၄ ထုတ် The Street View အတွဲ (၁) အမှတ် (၃) တွင်ပါသည့် “ဦးဘိုဘိုကျော်ငြိမ်းနှင့် အင်တာဗျူး” ကောက်နှုတ်ချက်
****************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.