yangonchronicle2011 Op-Ed |
၂၄.၁.၂၀၁၂
ဆောင်းပါးကဏ္ဍ
- ဘတ်ဂျက်
***********************************
ဆောင်းပါးကဏ္ဍ
ဘတ်ဂျက်
မိုးမြင့်ငြိမ်း
မြန်မာလူ့အဖွဲ့အစည်းတွင် ဘတ်ဂျက်ဟုဆိုလိုက်လျှင် လူအများစုမှာ နိုင်ငံတော်နှင့်သက်ဆိုင်သည့် ကိစ္စရပ်ဟု လက်တန်းတွေးမြင် ကြသည်က များပါသည်။ ဘတ်ဂျက်ဆိုသည်မှာ နိုင်ငံတော်အဆင့်သတ်မှတ်ရသည့် ကိစ္စတွင်သာ ကန့်သတ်ထားခြင်းမျိုးမဟုတ်ဘဲ လူတစ်ဦးချင်းစီတွင်လည်း တစ်ကိုယ်ရည်ဘတ်ဂျက် ဆိုသည်မျိုးလည်း ရှိသင့်ပါသည်။ လူအများစုမှာ တစ်ကိုယ်ရည်ဘတ်ဂျက်ဆိုသည်ကို စကားလုံးကြီးမားသည်ဖြစ်နေ၍ မသုံးနှုန်း မပြောဆိုကြသော်လည်း နေ့စဉ်နှင့်အမျှ ဘတ်ဂျက်သဘောတရားများကို အသုံးပြုနေကြသည်သာ ဖြစ်ပါသည်။ မိမိလုပ်အားကို ရောင်းချခြင်းဖြင့် ရရှိသော ဝင်ငွေကို မည်သည့်ကဏ္ဍအတွက် မည်မျှသုံးမည် (ဥပမာ- စားဝတ်နေရေး၊ တစ်ကိုယ်သုံးပစ္စည်း ဝယ်ယူမှုများ၊ အခြား အသွားအလာ အသုံးစရိတ်များ)၊ အသုံးစရိတ်၏ မည်သည့် ပမာဏကိုတော့ စုဆောင်းမည်ကို ထည့်သွင်းစဉ်းစားမိ ကြမည်သာ ဖြစ်သည်။ ဝင်ငွေနှင့် ထွက်ငွေ မမျှလျှင်သော ဘတ်ဂျက် ပြတ်တောက်မှုများ ဖြစ်ပေါ်ပြီး (အရပ်စကားဖြင့် ပြောရလျှင် ဘိုင်ပြတ်၊ ရေကုန် ခြင်းများဖြစ်ပေါ်ပြီး) ချေးငွေကိန်းဂဏန်းများ အတက်ပြသွားမည် ဖြစ်သည်။
ဘတ်ဂျက်ရေးရာဆိုသည်မှာ အဖွဲ့အစည်းများတွင်လည်း စီစီစစ်စစ်နှင့် ထိရောက်အောင် လုပ်ဆောင်ရမည့် စီမံခန့်ခွဲမှု သဘောတရား ဖြစ်သည်။ “နည်းနည်းနှင့် ကျဲကျဲဝိုင်း”ဟူသော မြန်မာစကားပုံအတိုင်းပင် ဖြစ်သည်။ အထူးသဖြင့် အမြတ်ယူသော အဖွဲ့အစည်းများထက် အမြတ်အတွက် မဟုတ်သော၊ ပရဟိတအဖွဲ့အစည်းများတွင် ဘတ်ဂျက်စီမံခန့်ခွဲမှုမှာ ပို၍သိမ်မွေ့စွာ ဆောင်ရွက်ရမည့်ကိစ္စရပ်ပင် ဖြစ်သည်။ “ဂေါပကက ဝင်ငွေ၊ ထွက်ငွေ (အလှူငွေနှင့် အသုံးစရိတ်)ကိုမစီမံတတ်ခြင်းကြောင့် ဘုရားပေါ်တွင်တောင် အကြွေးတင်သည်” ဟူသောစကားလိုပင် ဟိုဟာလုပ်လည်း မထိရောက်၊ ဒီဟာလုပ်လည်းမပီပြင်၊ အလုပ်ဖြစ်ခြင်းထက် အဖြစ်လုပ်တာတွေတာများပြီး အောင်မြင်မှုတန်းမဝင်သည့် အဖွဲ့အစည်းမျိုး ဖြစ်သွား တတ်ပါသည်။
နိုင်ငံအဆင့်မှာတော့ ဘတ်ဂျက်ရေးရာ ဖြစ်စဉ်မှာ ပိုမိုသိမ်မွေ့ရှုပ်ထွေးသည့် ကိစ္စရပ်ပင်ဖြစ်သည်။ အစိုးရ အကောင်အထည်ဖော်မည့် စီးပွားရေး၊ လူမှုရေးမူဝါဒများနှင့်အညီ ဝန်ကြီးဌာနအသီးသီး၏ ပြည်သူ့ရေးရာ ဝန်ဆောင်မှုများတွင် မည်သည့်ကဏ္ဍကိုတော့ ဘတ်ဂျက်ပိုပေးသင့်သည်၊ မည်သည့် ကဏ္ဍကိုတော့ ဘတ်ဂျက်ဖြတ်တောက်သင့်သည် ဆိုသည့်အရာများကို နိုင်ငံရေးဆုံးဖြတ်ချက် ပေးရပါသည်။ မြန်မာနိုင်ငံတွင်တော့ ဘတ်ဂျက်ဖြစ်စဉ် စနစ်တကျ မဖြစ် ထွန်းသည့်အပြင် လွှတ်တော်ကဲ့သို့သော နိုင်ငံရေးအင်စတီကျူးရှင်းတောင် ကိုယ်ပိုင်ဘတ်ဂျက် မရှိဘဲအစိုးရဆီမှ လွှတ်တော်စရိတ် အတွက် အသုံးပြုနေရသည့်အဖြစ်ပင်။ ဘောဂဗေဒကျွမ်းကျင်သူလည်းဖြစ် လွှတ်တော်တွင် ဘတ်ဂျက်သုံးသပ်မှုများနှင့် ပတ်သက်၍ အဆိုတင်သွင်းမှု ပြုလုပ်ခဲ့ဖူးသော လွှတ်တော်အမတ် ဦးကြည်မြင့်က အင်တာဗျူးတစ်ခုတွင် ပြည်ထောင်စုလွှတ်တော်၏ တစ်နေ့ကုန်ကျစရိတ်မှာ ကျပ်သိန်း ၁၅၀ ခန့် ရှိသည်ဟုဖြေကြားသွားခဲ့ဖူးပါသည်။
လာမည့် တတိယအကြိမ်လွှတ်တော်တွင် ပထမဦးဆုံးဆွေးနွေးညှိနှိုင်းရမည့် အရေးမှာ ယင်းဘတ်ဂျက်ကိစ္စပင် ဖြစ်သည်။ ဝန်ကြီးဌာန အသီးသီးရှိ ဦးစီဌာန၊ ဌာနခွဲများမှ တင်ပြလာသည့် ဘတ်ဂျက်အသုံးစရိတ် တင်ပြချက်များနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၏ ဒေသန္တရအုပ်ချုပ်ရေး အတွက် ဘတ်ဂျက်အသုံးစရိတ်များကို နိုင်ငံတော်သမ္မတထံ တင်ပြရမည် ဖြစ်သည်။ နိုင်ငံတော်သမ္မတမှ ဘဏ္ဍရေးကော်မရှင်ကို ဘတ်ဂျက်ရေးရာ စီမံခန့်ခွဲမှုကို အထူးတာဝန်ပေးအပ်ကာ ထိုမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်၏ သုံးသပ်အတည်ပြုမှုကိုရယူပြီး ထွက်ပေါ်လာသည့် ဘတ်ဂျက် ဥပဒေကြမ်းကို သမ္မတမှ လက်မှတ်ရေးထိုးအတည်ပြုရမည်ဖြစ်သည်။
သို့သော် လုပ်ထုံးလုပ်နည်းအရ ရှင်းသော်လည်း ဘတ်ဂျက်ခွဲဝေမှု ပိုမိုပေးအပ်ရမည့် ဦးစားပေးအရာမှာ ပညာရေးလား၊ ကျန်းမာရေးလား၊ ကာကွယ်ရေးလားဆိုသည်ကိုတော့ တိုင်းပြည်၏ အရပ်ရပ်အခွန် ရရှိမှုအပေါ် မူတည်ပြီး မဟာဗျူဟာကျကျ လုပ်ဆောင်ရမည် ဖြစ်သည့်အတွက် ဘောဂဗေဒပညာရပ် သဘောများ များစွာလိုအပ်ပါသည်။ ယင်းသို့ ဘတ်ဂျက် စီမံခန့်ခွဲပေးခြင်းဖြင့် ဗျူရိုကရေစီ ယန္တရားကြီး မှန်မှန်ကန်ကန်နှင့် လည်ပတ်သွားလိမ့်မည်ဟု တထစ်ချ မှတ်ယူထား၍ မရနိုသေးချေ။ ထိုအတွက် ဘတ်ဂျက်ရေးရာ၏ နောက်ဆုံးအဆင့်အနေဖြင့် ဘဏ္ဍရေးနှစ်ကုန်သည်နှင့် ဝန်ကြီးဌာန အသီးသီးမှ ချပေးသည့် ဘတ်ဂျက်များကို ထိထိရောက်ရောက်နှင့် ဥပဒေဘောင်အတွင်း မှန်မှန်ကန်ကန် သုံးစွဲခဲ့ခြင်းရှိ၊ မရှိကို အစိုးရစာရင်းစစ် အဖွဲ့မှ သုံးသပ်စီစစ်၍ တွေ့ရှိချက်ကို လွှတ်တော်သို့ တင်ပြရပြီး ဆုပေး၊ ဒဏ်ပေးခြင်းများ ပြုလုပ်ရမည် ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုရှိ အစိုးရစာရင်းစစ်အဖွဲ့ (Government Accountability office) ပုံစံမျိုး ဖြစ်ပါသည်။
ယခင်တပ်မတော် အစိုးရလက်ထက်တွင် ဘတ်ဂျက်ရေးဆွဲမှု မှတ်တမ်းကိုလူထုသို့ တရားဝင်ထုတ်ပြန်မှု မရှိသည့်အတွက် အစိုးရမှ နိုင်ငံ၏ မည်သည့်ကဏ္ဍကို အဓိကထား ဦးစားပေလုပ်ဆောင်နေသည်ကို မသိရှိခဲ့ပေ။ တနည်းဆိုရလျှင် ဘတ်ဂျက်ရေးဆွဲရာ၌ ပွင့်လင်းမြင်သာမှု (Transparency) မရှိ။ ကာကွယ်ရေးနှင့် ပတ်သက်သည့် အသုံးစရိတ်ကို နိုင်ငံ GDP ရာခိုင်နှုန်း တော်တော်များများ အသုံးပြုလျှင်တော့ စီးပွားရေးဖွံ့ဖြိုးမှုနှင့် တိုးတက်မှုကို ရယူနိုင်ဖို့ ခက်ခဲဦးမည် ဖြစ်သည်။ ပညာရေးနှင့် ကျန်းမာရေးကိစ္စရပ်များကို ဘတ်ဂျက်အနည်းငယ်သာ ချမှတ်ပေးခဲ့ပါက နိုင်ငံ၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးမှာ တုန့်နှေးနေဦးမည်ဖြစ်ပြီး ပြည်သူ့ကျန်းမာရေးစနစ်လည်း ညံ့ဖျင်းနေဦးမည်သာ ဖြစ်သည်။ ယခုသတင်း မီဒီယာများ၊ တတ်သိပညာရှင်များ၏ ဘတ်ဂျက်ရေးရာ မူဝါဒသုံးသပ်မှုများကို တွေ့မြင်လာရပြီ ဖြစ်သည့်အတွက် အစိုးရမှ ၂၀၁၂ ဘဏ္ဍရေးနှစ် ပြည်ထောင်စုဘတ်ဂျက်ကို ပွင့်လင်းမြင်သာမှု ရှိရှိ၊ ထိရောက်မှုရှိရှိ စီမံခန့်ခွဲနိုင်ရန် အထောက်အပံ့များ ရရှိသွားနိုင်ပါသည်။ စာရေးသူအနေဖြင့် စတုတ္ထမဏ္ဍိုင်မှတစ်ဆင့် အစိုးရဘတ်ဂျက်ရေးရာ စီမံခန့်ခွဲမှုများကို မပြတ်ထောက်ပြသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံများရှိ အစိုးရများ၏ ဘတ်ဂျက်ဖြစ်စဉ်များ၊ ထိရောက်သည့် စီမံ ခန့်ခွဲမှုများကို အလျင်းသင့်သလိုသုံးသပ် တင်ပြသွားမည်ဖြစ်ပါကြောင်း။
*******************************************************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.