yangonchronicle2011 |
၃.၂.၂၀၁၂
ပြည်တွင်းသတင်းများ
- အငြိမ်းစား ထောက်လှမ်းရေးများကို ရပ်ကျိုး၊ရွာကျိုး သယ်ပိုးရန် ဦးခင်ညွှန့်တိုက်တွန်း
- ဥပဒေသစ် ပေါ်ပေါက်ပြီးမှသာ တယ်လီဖုန်းကဏ္ဍ ပုဂ္ဂလိက လွှဲပြောင်းပေးမည်
- လစာနည်းခြင်းနှင့် အလုပ်ချိန်မတန်တဆများသောကြောင့် ကံပေါက်ဒေသရှိ PPA ကုမ္ပဏီ၌ ဆန္ဒပြမှုဖြစ်ပွား
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
- လူ့အခွင့်ရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည်အား မစ္စတာ ကွင်တားနား လာရောက်ဆွေးနွေး
- ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးတိုင်း စည်းရုံးရေး ခရီးစဉ် ဖျက်သိမ်း
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
*****************************************
ပြည်တွင်းသတင်းများ
အငြိမ်းစား ထောက်လှမ်းရေးများကို ရပ်ကျိုး၊ရွာကျိုး သယ်ပိုးရန် ဦးခင်ညွှန့်တိုက်တွန်း
၂၀၀၄ ခုနှစ်မှ စတင်ကာ အငြိမ်းစားယူခဲ့ရသည့် တပ်မတော် ထောက်လှမ်းရေး တပ်ဖွဲ့ဝင်ဟောင်းများကို ရပ်ကျိုး၊ရွာကျိုး သယ်ပိုးကြရန် ယင်းတို့၏ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်က တိုက်တွန်းလိုက်သည်။
စစ်မဟာဗျူဟာရုံးတွင် ဦးစီးအရာရှိများအဖြစ် တာဝန်ယူခဲ့ရသည့် အရာရှိများနှင့် ထောက်လှမ်းရေးတပ်ရင်းများ ကွပ်ကဲမှုရုံးမှ အရာရှိများ ပါဝင်သည့်အဖွဲ့သည် ဇန်န၀ါရီလ နောက်ဆုံး ရက်သတ္တပတ်တွင် ဦးခင်ညွှန့်အား သွားရောက်ဂါရဝပြုရာတွင် ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
“အဘက ရပ်ရွာက လူမှုရေးကိစ္စတွေမှာ အင်တိုက်အားတိုက်ဝင်ပါဖို့ ပြောတယ်။ သူကြောင့် ဒီလိုဖြစ်သွားတာကို စိတ်မကောင်းပါဘူးလို့ ပြောတယ်”ဟု ဦးခင်ညွှန့်နှင့် တွေ့ဆုံခဲ့သူတစ်ဦးက ရန်ကုန်ခရော်နီကယ်သို့ ပြောကြားသည်။
အဆိုပါ အရာရှိများကို ပါတီနိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ရန်နှင့်ပတ်သက်၍ မည်သည့် မှတ်ချက်ချ ထုတ်ဖော်ပြောကြားခြင်း မရှိကြောင်း ယင်းအရာရှိဟောင်းများက ဆိုသည်။
“အဘကတော့ နိုင်ငံရေးကို ဝင်ဖို့ မရှိဘူး။ သူစခဲ့တဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းကိုတော့ ပြီးဆုံးအောင် လုပ်ချင်တဲ့ စိတ်ဆန္ဒတော့ ရှိပုံရတယ်”ဟု ယင်းအရာရှိက ဆက်လက်ပြောကြားသည်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်သည် လာဘ်စားမှုနှင့် ပတ်သက်၍ နေအိမ်အကျယ်ချုပ် ပြစ်ဒဏ်ကို နှစ်ခြောက်ဆယ်ကျော် ခံစားရန် အမိန့်ချမှတ် ခံရသော်လည်း အစိုးရသစ်၏ စတုတ္ထအကြိမ်လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လွတ်မြောက်လာခဲ့သူ ဖြစ်သည်။
KS
-----------------------------------------------------------------------------------------------------------------------------------
ဥပဒေသစ် ပေါ်ပေါက်ပြီးမှသာ တယ်လီဖုန်းကဏ္ဍ ပုဂ္ဂလိက လွှဲပြောင်းပေးမည်
မြန်မာနိုင်ငံ၏ လက်ရှိရေးဆွဲလျက်ရှိသည့် ဆက်သွယ်ရေးဥပဒေကို လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းပြီးမှသာ တယ်လီဖုန်းကဏ္ဍအား ပုဂ္ဂလိက လုပ်ကိုင်ရန် လွှဲပြောင်းခွင့်ပြုပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ရေပြည်တံခွန်အပါအဝင် ပြည်တွင်းပြည်ပမှ အဆိုပြု လွှာအများအပြား လက်ခံရရှိ ထားပြီး ဆက်သွယ်ရေး ဥပဒေထွက်ရှိပြီးမှသာ အဆိုပြုလွှာတင်ထားသည့် ကုမ္ပဏီများထဲမှ စိစစ်ကာ မိုဘိုင်းဖုန်းအော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်များကို ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်သည် ဆက်သွယ်ရေးဥပဒေ ရေးဆွဲလျက်ပင်ရှိနေသေးသည့်အတွက် တယ်လီဖုန်းကဏ္ဍအား ပုဂ္ဂလိက လုပ်ကိုင်ရန် ခွင့်ပြုပေး နိုင်ခြင်း မရှိသေးသည့်အပြင် ရွှေပြည်တံခွန်မှ ရောင်းချမည့် ငါးထောင်တန်ဖုန်း ကိစ္စရပ်မှာလည်း ဥပဒေ ထွက်ရှိပြီးမှသာ ပြောကြားနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ဇန်နဝါရီလ ၃၀ ရက်နေ့၌ ပြုလုပ်ခဲ့သည့် ရွှေပြည်တံခွန်ကုမ္ပဏီ၏ သတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူတစ်ဦးက ရွှေပြည်တံခွန် ကုမ္ပဏီ အနေဖြင့် ပြည်သူများအား ကတိပေးထားသော လူတစ်ဦးလျှင် မှတ်ပုံတင်တစ်ခုနှင့် ဆင်းမ်ကတ်တစ်ကတ်အား ကျပ် ၅၀၀၀ ဖြင့် ရောင်းချပေးမည်ဆိုသည့် အစီအစဉ်အား များမကြာမီအချိန်ကာလအတွင်း ရောင်းချပေးနိုင်ရန် နိုင်ငံတော်၏ မူဝါဒနှင့်အညီ အောင်မြင်အောင် စီမံကြိုးပမ်းဆောင်ရွက်တော့မည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် တည်ဆဲဥပဒေထဲများထဲမှ မည်သည့်ဥပဒေမဆို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သွေဖီနေခြင်း၊ ဆန့်ကျင် နေခြင်း၊ ညီညွှတ်မှုမရှိခြင်းရှိပါက ယင်းဥပဒေအားလုံးသည် နိုင်ငံတော်၏ အမြင့်ဆုံးဥပဒေဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်အသက်ဝင်သည့်နေ့မှစတင်၍ အလိုအလျောက် ပျက်ပြယ် သွားပြီ ဖြစ်ကြောင်း၊ မည်သည့် လူပုဂ္ဂိုလ်၊ ဌာန အဖွဲ့အစည်းမဆို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်၍ လုပ်ကိုင်ဆောင်ရွက်ခွင့်မရှိသည်ကို အားလုံး သိရှိပြီး ဖြစ်ပါကြောင်း၊ မြန်မာ့ဆက်သွယ်ရေးသို့ ရွှေပြည်တံခွန်မှ တင်ပြရာတွင် နည်းပညာနှင့် စီးပွားရေးအခြေခံ Model ကိုသာ ပူးပေါင်းဆောင် ရွက်ရန် အဆိုပြုအသိပေးခဲ့ခြင်းဖြစ်ကြောင်း၊ ရွှေပြည်တံခွန်အနေဖြင့် ပြည်သူမျာ စရိတ်သက်သက် သာသာဖြင့် တယ်လီဖုန်း သုံးစွဲနိုင်ရေးအတွက် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရွှေပြည်တံခွန်မှ သတင်း ထုတ်ပြန် ကြေညာခဲ့သည်။
YC
-----------------------------------------------------------------------------------------------------------------------------------
လစာနည်းခြင်းနှင့် အလုပ်ချိန်မတန်တဆများသောကြောင့် ကံပေါက်ဒေသရှိ PPA ကုမ္ပဏီ၌ ဆန္ဒပြမှုဖြစ်ပွား
ဇန်နဝါရီလ ၃၁ရက်နေ့မှစ၍ ဖေဖော်ဝါရီလ ၂ရက်နေ့အထိ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်ခရိုင် ကံပေါက်ဒေသမှ ထိုင်းနိုင်ငံမှ ရင်းနှီးမြှပ်နှံထားသည့် ပီတီတီကုမ္ပဏီတစ်ခု၌ လုပ်ခလစာများနည်းပါးမှုနှင့် အလုပ်ချိန် မတန်တဆများသောကြောင့် အလုပ်သမား ၆၀ကျော်က ဆန္ဒပြခဲ့သည်ဟု သတင်းရရှိသည်။
“ကျွန်တော်တို့ကို ဆန္ဒပြလို့ဆိုပြီး အဲဒီက တာဝန်ခံတစ်ယောက်က လစာရှင်းပေးမယ်ဆိုပြီး ကားပေါ်ချော့မော့ပြီး တက်ခိုင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က မတက်ကြဘဲ တရုတ်တွေစက်ရုံနဲ့ ပီပီအေကုမ္ပဏီရဲ့အနီးမှာ လိုချင်တဲ့အရာတွေတောင်းဆိုတဲ့ စာရွက်ကို ကိုင်မြှောက်ပြီး တိတ်တိတ် ဆိတ်ဆိတ် ဆန္ဒပြခဲ့ကြပါတယ်”ဟု ဆန္ဒပြသူတစ်ဦးမှ ပြောကြားသည်။
ထိုသို့ ဆန္ဒပြရခြင်းအကြောင်းအရင်းမှာ တစ်ခြားကုမ္ပဏီများကဲ့သို့ လုပ်ခလစာ ပုံမှန်ရရှိရေးနှင့် အလုပ်ချိန်များအား နဂိုအချိန်ပြန်ပေးရေးတို့ကို အဓိကထား တောင်းဆိုထားပြီး ယင်းသို့ ဆန္ဒပြနေစဉ် တခြားကုမ္ပဏီများမှ လူကြီးတွေ၊ နိုင်ငံခြားသားတွေနှင့် တာဝန်ရှိသူများထွက်လာမှသာ အဆင်ပြေ စေရန် ပြုလုပ်ပေးမည်ဟုဆိုပြီး အခုထိ ထူးခြားမှုမရှိသေး ဟုလည်း ဆန္ဒပြသူထဲမှ တစ်ယောက်၏ ပြောပြချက်အရ သိရသည်။
“တခြားကုမ္ပဏီတွေက တစ်ရက်လုပ်ခကို ၇ ထောင်ပေးတယ်။ ဒါပေမယ့် သူတို့က လေးထောင်လောက်ပဲပေး ပါတယ်။ ပြီးတော့ ဒီလိုဆန္ဒပြမှု မဖြစ်ခင် တစ်နေ့ကို အရင်က အလုပ်ချိန် ၈နာရီလုပ်ရပြီး နှစ်ပတ်အလိုမှာ အလုပ်ချိန်ကို ၁၂နာရီ ပြောင်းရမယ်ဆိုတဲ့စာချုပ်နဲ့ ကျွန်တော့်ဆီကို ရောက်လာ တယ် ပြီးတော့လည်း အလုပ်ကို တစ်ပတ် ၇ရက်လုံး ဆင်းရမယ်ဆိုပြီးလာပြောလို့ အခုလို ဆန္ဒပြရတာပါ” ဟု ၎င်းမှ ပြောကြားသည်။
၎င်းတို့သည် လုပ်ခလစာတိုးပေးရေးနှင့် ယခင်အလုပ်ချိန် ၈နာရီပေးရေး၊ လုပ်ငန်းခွင်အဆင်ပြေရေးနှင့် သယ်ယူ ပို့ဆောင်ရေး တာဝန်ယူပေးရန် ဆိုသည့်အချက်များအား သဘာဝဓါတ်ငွေ့စီမံကိန်း၏ လူမှုစီးပွားရေးဌာနအား တင်ပြခဲ့သော်လည်း တာဝန်ယူဖြေရှင်းပေးခြင်း မရှိသည်မှာ ၂ပတ်ခန့်ရှိပြီ ဖြစ်တဲ့အတွက် ဆန္ဒပြခြင်းမျိုး ဖြစ်သည်ဟုလည်း သိရသည်။
ထို့ပြင် ယင်းဆန္ဒပြသူများသည် ထိုကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဖြေရှင်းပေးရန်ကိုလည်း လိုလားကြသည်ဟု သိရှိရသည်။ ပြီးခဲ့သည့် လပိုင်းကလည်း ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် အလုပ်သမားများမှ မကျေနပ်မှုများ ဖြစ်ပွားခဲ့ ည်ဟုလည်း သိရှိရသည်။
ATM
*****************************************
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
လူ့အခွင့်ရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည်အား မစ္စတာ ကွင်တားနား လာရောက်ဆွေးနွေး
မြန်မာနိုင်ငံ၏ လူ့အခွင့်ရေးကိစ္စရပ်များကို လူ့အခွင့်ရေးကော်မရှင် အပါအဝင် အစိုးရတာဝန်ရှိသူများနှင့် ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်ရေးကိုစားလှယ် မစ္စတာကွင်တားနားက လာရောက်ဆွေးနွေးခဲ့သည်။
“လူ့အခွင့်ရေးကိစ္စမှန်သမျှ ဆွေးနွေးခဲ့တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ကွင်တားနားနှင့် ဖေဖော်ဝါရီ ၃ရက်နေ့တွင် တွေ့ဆုံခဲ့ပြီး နောက် ပြောကြားခဲ့သည်။
ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများကို ဆက်လက်လွှတ်ပေးရေးနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
မစ္စတာ ကွင်တားတာနားသည် ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းစရင်းနှင့် လူ့အခွင့်ရေးဆိုင်ရာ အချက်အလက်များကို အကူအညီယူခဲ့ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကလည်း ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းစာရင်းကို ပြန်လည်ပြုစုပြီး လွတ်ငြိမ်းချမ်းသာခွင့်ကို တောင်းဆို သွားမည်ဟု NLD မှ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေး ကော်မတီတာဝန်ခံ ဦးနိုင်းနိုင်းက ပြောကြားသည်။
“ကျွန်တော်တို့ကို ဖမ်းသွားတုန်းကဆိုရင် အာဏာရှင်တွေအနေနဲ့ ကျွန်တော်တို့အပေါ်မှာ လူ့အခွင့်ရေးချိုးဖောက်တာ အများကြီးပဲ” ဟု ပြန်လည် လွတ်မြောက်လာသည့် ၈၈ မျိုးဆက်ကျောင်းသားများက ဆိုသည်။
ကျန်ရှိနေသောအကျဉ်းသားများကို ကွင်တားနားက သွားရောက်တွေ့ဆုံခဲ့ပြီး ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများ နှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။
Peace Press
-----------------------------------------------------------------------------------------------------------------------------------
ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးတိုင်း စည်းရုံးရေး ခရီးစဉ် ဖျက်သိမ်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် မကြာမီရက်ပိုင်းအတွင်း သွားရောက်ရန် စီစဉ်ထားသည့် မန္တလေး ခရီးစဉ်ကို ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေက ဖျက်သိမ်းလိုက်ကြောင်း သိရသည်။
မန္တလေးလူထုနှင့် တွေ့ဆုံမည့် အားကစားကွင်းများကို ငှားရမ်းရာတွင် အဆင်ပြေမှု မရှိခြင်းကြောင့် ယင်းခရီးစဉ်အား ဖျက်သိမ်းလိုက်ရခြင်း ဖြစ်ကြောင်း ယင်းပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောကြားသည်။
“ဗထူးကွင်းမှာလည်း အဆင်မပြေဘူး။ တောင်ခြေက မိုင်တာကွင်းမှာလည်း အဆင်မပြေဘူးဆိုတော့ ဖျက်လိုက်ရုံဘဲ ရှိတာပေါ့။ ဒီခရီး မထွက်ဖြစ်လည်း ကျန်စီစဉ်ထားတဲ့ ခရီးတွေတော့ ထွက်ဖြစ်မှာပါ”ဟု ယင်းက ဆက်လက်ပြောကြားသည်။
ကိုယ်စားလှယ်လောင်းများကို မဲဆွယ်စည်းရုံးခွင့် မပြုသေးသော်လည်း ပါတီအနေဖြင့် စည်းရုံးခွင့်ပြုထားသည့်အတွက် အားကစားကွင်း ငှားရမ်း၍ စည်းရုံးသည့် ကိစ္စရပ်အား ကန့်ကွက်ရန် မရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်က ဆိုသည်။
အဆိုပါကိစ္စရပ်အား ပြေလည်စွာ ဖြေရှင်းနိုင်ရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင်များက လိုလားလျက် ရှိကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် တတိယအကြိမ်မြောက် နိုင်ငံရေး ခရီးစဉ်အဖြစ် မန္တလေးမြို့သို့ နှစ်ရက်ကြာ ခရီးထွက်ရန် ပြင်ဆင်ထားပြီး ဆက်လက်၍ ဖေဖော်ဝါရီ ၇ ရက်တွင် ပုသိမ်သို့လည်းကောင်း ဆက်လက်ထွက်ခွာရန် ပြင်ဆင်ထားသည်။
KS
*****************************************
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
မေး- လူငယ်တွေအတွက် ဘာတွေများလုပ်ပေးဖို့ရှိသလဲ။ ဖြေ- လူငယ်ကွန်ရက်က သင်ကြားရေးတွေ အများကြီး လုပ်တယ်။ ဥပမာ-ဗေဒါအင်စတီကျူလို ကျောင်းမျိုးတွေ ကျောင်းထဲမှာ တည်ထောင်ထားတယ်။ ဗေဒါအင်စတီကျူလို ကျောင်းဆိုတာ ဒါရိုက်တာဘုတ်အဖွဲ့ဝင် ငါးဦးနဲ့ တည်ထောင်ထားတာ၊ အဲဒီဒါရိုက်တာဘုတ်အဖွဲ့ထဲမှာ ကျွန်တော်လည်း ပါတယ်။ သနပ်ပင်ကနေ အရွေးချယ်ခံမယ့် ဦးမြင့်ဦး ပါတယ်။ ဦးစိုးမြင့် ပါတယ်။ ဦးအောင်ကြည်ညွန့် ပါတယ်။ ကိုမျိုးရန်နောင်သိမ်း ပါတယ်။ နောက်တစ်ချက်က ဗေဒါအင်စတီကျူကျောင်းကို ဦးစိုးမြင့်က တာဝန်ယူထားတယ်။ လူငယ်တွေကို နိုင်ငံရေးသိပ္ပံ၊ လူမှုသိပ္ပံအတတ်ပညာတွေကိုလည်း ကျွန်တော်တို့ သင်ကြားပေးနေတယ်။ ဘာလို့လဲလို့တော့ ကျွန်တော်တို့က ပုံစံသွင်းဖို့ မဟုတ်ဘူး။ သူတို့ အသိဉာဏ် ပွင့်လင်းပြီးတော့ ရှေ့ဆက်သွားမယ့် မြန်မာနိုင်ငံမှာ တိုင်းပြည်ကို တကယ့်ကို အကျိုးပြုလုပ်ငန်းတွေ အမှန်တကယ်လုပ်နိုင်ဖို့ လွတ်လပ်တဲ့ ပညာတွေကို သိဖို့ နောက်ပြီး ကျွန်တော်တို့တိုင်းပြည်မှာ နိုင်ငံရေးသိပ္ပံဆိုတာ၊ သိပ်ပြီးမသင်ကြားဖူဘူး။ မသင်ကြားဖူးတော့ ဘယ်လိုဖြစ်မလဲ ဆိုတော့ တစ်ချိန်က မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီက ဆိုရှယ်လစ်ကောင်းကြောင်း နိုင်ငံရေးသိပ္ပံလို ပညာရပ်မျိုးကို ဆိုလိုတာမဟုတ်ဘူး။ တကယ်ကို တိုင်းပြည်ကို တည်ဆောက်မယ်ဆိုတဲ့ အချိန်မှာ အတွေးအခေါ် အယူအဆတွေကို သေသေချာချာ လေ့လာပြီး ငါဘယ်လို အတွေးအခေါ် အယူအဆနဲ့ တိုင်းပြည်ကို ဘယ်လိုတည်ဆောက်မလဲ ဆိုတာ လေ့လာဆည်းပူးနိုင်မယ့် ပညာရပ်မျိုးတွေကို ကျွန်တော်တို့ သင်ကြားပေးနေတာဖြစ်တယ်။
ဖေဖော်ဝါရီ ၂ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၈၀) တွင်ပါသည့် “လူငယ်ကွန်ရက်ဦးဆောင် နေသူ တစ်ဦးဖြစ်တဲ့ ကိုဖြိုးမင်းသိန်းနှင့် အင်တာဗျူး” ကောက်နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
မေး - အိမ်နီးချင်းနိုင်ငံတွေမှာတော့ civil society တွေက ထိုက်သင့်သလောက် အားကောင်းနေခဲ့ပါပြီ။ ဒီမှာတော့ လိုအပ်မှုတွေ ရှိနေတုန်းပါပဲ။ ဒါပေမယ့် ဒီတစ်ခါ ထောင်က လွတ်လာတဲ့သူတွေထဲမှာ လူငယ်အများစုက civil society ကိစ္စကို ဦးစားပေးပြော လာပါတယ်။ ကိုနေဘုန်းလတ်ကလည်း civil society ကိစ္စကို ပြောလာပါပြီ။ ဘာကြောင့် ဒီလို ပြောလာခဲ့တာပါလဲ။
ဖြေ - လွှတ်တော် နိုင်ငံရေးရှိသလို၊ လွှတ်တော် ပြင်ပနိုင်ငံရေးလည်းရှိပါတယ်။ လွှတ်တော်ပြင်ပ နိုင်ငံရေးဆိုတော့လည်း တစ်ချို့တွေက အမြင်စောင်းတယ် ပေါ့နော်။ လွှတ်တော်ပြင်ပနိုင်ငံရေးဆိုတာ လမ်းပေါ်ထွက်တာကို ပြောတာမဟုတ်ပါဘူး ။ ခုနပြောတဲ့ civil society ကိစ္စတွေပဲ။ capacity building ကိစ္စတွေ အဲတာတွေကို ပြောတာ၊ အဲနှစ်ခုနဲ့ ပတ်သက်ပြီးတော့ နားလည်ထားရမှာ။ အဲလို နားလည်ထားမှသာလျှင် ဒါကိုပိုပြီးတော့ အားပြုနိုင်မှာ။ စုစုစည်းစည်း ဖြစ်ဖို့တော့ လိုတာပေါ့ဗျာ။ နောက်ပြီးတော့ ရိုးသားမှုကို အခြေခံရင် ပိုကောင်းတာပေါ့။ ဒီဟာတွေက နာမည်ပျက်နိုင်တယ်ဗျ။ civil society ကိစ္စတွေ၊ အခုဟာက ပွင့်လင်းလာတဲ့ ခေတ်မှာ နိုင်ငံတကာနဲ့ ချိတ်ဆက်တာတွေကလည်း ပိုများလာတာပေါ့၊ အဲဒီမှာ ဘယ်လို mind-set တွေနဲ့ အလုပ်ဝင်လုပ်မလဲ။ ရိုးသားမှု မရှိတာတွေက နောက်ပိုင်းထပ်ဖြစ်လာဦးမှာပဲ။ ရိုးသားမှုသာ အခြေမခံဘူးဆိုရင် အလကားနာမည်ပျက်မှာ။ စကားလုံးတွေက ကျွန်တော်တို့ဆီမှာ တော်တော် sensitive ဖြစ်တယ်ဗျ။ ဥပမာ activist ဆိုရင် ကျွန်တော်တို့ဆီမှာ ကျွန်တော်တို့နားလည်တာနဲ့ နိုင်ငံတကာမှာ သုံးနေတာနဲ့ မတူဘူး။ ကျွန်တော်တို့ ဆီမှာ activist ဆိုရင် သိပ်မကြိုက်ဘူးလေ။ လမ်းပေါ်ထွက်တဲ့ လူမျိုးလို့ပဲ ထင်ကြတာကိုး၊ တကယ်တန်းကျတော့ မဟုတ်ဘူးလေ။ အချို့စကားလုံးတွေမှာ နားလည်မှုလွဲနေတာ လွှတ်တော်ပြင်ပ နိုင်ငံရေးလို့ ဆိုလိုက်ရင် ကျွန်တော်တို့က လှမ်းမြင်လိုက်တာက လမ်းပေါ်ထွက်မယ် ပေါ့နော်။ လမ်းပေါ်ထွက်တယ် ဆိုရင်တောင်မှ ဒီအခင်းအကျင်းမှာ ပေးထားတဲ့ ဘောင်တွေရှိတယ်လေ။ အဲဘောင်ထဲကပဲ သွားမှာကို ပြောတာပါ။
ဇန်နဝါရီ ၃၁ ထုတ် Weekly ELEVEN အတွဲ (၄) အမှတ် (၄၄) တွင်ပါသည့် “နေဘုန်းလတ်နှင့် အင်တာဗျူး” ကောက်နှုတ် ချက်
-----------------------------------------------------------------------------------------------------------------------------------
“အကျဉ်းသားများ လွှတ်ပေးတယ်ဆိုတဲ့ ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်တို့က လွှတ်ပေးစေလိုတဲ့ အမည်စာရင်းများ တင်သွင်းခဲ့တဲ့အပေါ် မူတည်ပြီး အစိုးရဘက်က စိစစ်ပြီးလွှတ်ပေးခြင်းဖြစ်ပါတယ်။ ဒီလိုလွှတ်တဲ့နေရာမှာ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က လွှတ်ပေးစေချင်တဲ့ အကျဉ်းသားများ ရှိတယ်ဆိုရင် သူတို့ တင်ပြလာတဲ့အပေါ်မှာ စဉ်းစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”
ဖေဖော်ဝါရီ ၂ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၈၀) တွင်ပါသည့် “ဒေါ်အောင်ဆန်းစုကြည်ကို ကြားဖြတ်ရွေးကောက်ပွဲမှာ အောင်မြင်ပါစေဟု ဆုတောင်းပေးကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား” သတင်းမှ ကောက်နှုတ်ချက်
***************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.