Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၅.၂.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ပါတီတွေရဲ့ရွေးကောက်ပွဲ ပလက်ဖောင်းက ဘာလဲ

***************************

ဆောင်းပါးကဏ္ဍ

ပါတီတွေရဲ့ရွေးကောက်ပွဲ ပလက်ဖောင်းက ဘာလဲ

လူထုစိန်ဝင်း

(ဖေဖော်ဝါရီ ၂ ထုတ် Popular News  ဂျာနယ်မှ ထုတ်ယူဖော်ပြပါသည်)

စာမူလာတောင်းတဲ့ လူငယ်ဂျာနယ်သမားတစ်ယောက်နဲ့ စကားပြောရင်း နိုင်ငံရေးပါတီတွေအကြောင်း၊ ရွေးကောက်ပွဲတွေအကြောင်း ရေးတဲ့အ ခါမှာ ပါတီတွေရဲ့ ရွေးကောက်ပွဲ ပလက်ဖောင်းက ဘာလဲဆိုတာကို စာဖတ်ပရိသတ်၊ မဲဆန္ဒရှင်များသိအောင် ရေးပေးဖို့လိုကြောင်း ပြောလိုက်တော့ သူက မျက်လုံးပုတ်ခတ်ပုတ်ခတ် လုပ်ပြီး ကြည့်နေတယ်။

တောင်မှန်း မြောက်မှန်းမသိ

ဒါလောက်ဆို သဘောပေါက်သွားပြီ၊ ရွေးကောက်ပွဲ ပလက်ဖောင်းဆိုတာ ဘာမှန်း သူသိပုံမရဘူး။ သူ့အသက်က အစိတ်ဝန်းကျင်ပဲ ရှိတာမို့ အပြစ်မတင်ပါဘူး။ နိုင်ငံရေးတို့ ရွေးကောက်ပွဲတို့ဆိုတာ အခုမှ နဖူးတွေ့ဒူးတွေ့ကြုံတွေ့ဖူးတာ မဟုတ်လား။ ဒါပေမဲ့ သူ့လို အသက်မငယ်တော့တဲ့၊ နိုင်ငံ ရေးပါတီတွေမှာလည်း ပါဝင်လုပ်ကိုင်နေတဲ့ ပုဂ္ဂိုလ်တချို့ကို ပြောတဲ့အခါမှာလည်း သူလိုပဲ ကြောင်ကြည့်နေတာနဲ့ ရင်ဆိုင်ရတယ်။ နိုင်ငံရေး လုပ်မယ့်သူ ဆိုပြီး ဒါကိုတောင် မသိဘူးဆိုတော့ အတော်စိတ်ပျက်သွားတယ်။ သူများယောင်လို့ လိုက်ပြီးယောင် အမောင်တောင်မှန်း မြောက်မှန်းမသိဆိုတဲ့ နိုင်ငံရေးသမားမျိုးတွေနဲ့ ရှေ့ခရီးဆက်ရမယ့်အရေး တွေးတွေးပြီး ရင်လေးမိတယ်။

အားလုံး ဒီမိုကရေစီ

              အခုအချိန်မှာ ရှိနေတဲ့ နိုင်ငံရေး ပါတီအားလုံးက ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက်ဆိုပြီး လူသိရှင်ကြား ကြွေးကြော်ထားကြတယ်။ တမြန်နှစ် ကအထိ စစ်အစိုးရရဲ့ ကျောရိုးအဖွဲ့အစည်းအဖြစ် ရှိနေခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ကလည်း အခု ဒီမိုကရေစီပါတီဖြစ်နေပြီ။ အားလုံးက ဒီမိုကရေစီ ဖြစ်နေတော့ မဲထည့်တဲ့ပြည်သူတွေက ဘာကိုကြည့်ပြီး ရွေးရမှာလဲ။ မူကွဲမရှိတော့ လူပဲကြည့်ပြီး ရွေးရမလို ဖြစ်နေတယ်။ အဲဒီလိုဆို မှန်နိုင်ပါ့မလား။ နိုင်ငံ ရေးလုပ်တဲ့နေရာမှာ လူကို ဦးစားပေးမှု လွန်ကဲတာ မကောင်းဘူးမဟုတ်လား။ လူကို ဦးစားပေးလွန်းတော့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု ပေါ်ပေါက်လာနိုင်တယ်။ အဲဒီက နောက်တစ်ဆင့် တက်သွားရင် အာဏာရှင်ဆန်ဆန် ဖြစ်သွားတတ်တယ်။  

ကိုယ်ပိုင်ဝါဒလမ်းစဉ် ရှိရမယ်

ရွေးကောက်ပွဲတို့ လွှတ်တော်တို့နဲ့ တက်လာပေမယ့် နောက်ဆုံးကျတော့ အာဏာရှင်လို တစ်သွေးတစ်သံတစ်မိန့် အုပ်ချုပ်သွားတဲ့ နိုင်ငံတွေ အတော်များများ ရှိပါတယ်။ လစ်ဗျားခေါင်းဆောင် ကဒါဖီတို့ ဆီးရီးယားက အာဆတ်တို့ဟာ ဒီလိုအာဏာရှင်တွေ ဖြစ်တယ်။ နိုင်ငံရေးမှာ လူထက် မူကိုသာ အဓိကထားသင့်တယ်။ နိုင်ငံရေးပါတီတိုင်းမှာ ကိုယ်ပိုင်မူဝါဒ၊ ကိုယ်ပိုင်လမ်းစဉ် ရှိရမယ်။ ဘာမှ ကွဲပြားခြားနားမှု မရှိဘဲ အားလုံးအတူတူ ဖြစ်နေရင် ဘာ့ကြောင့် သီးခြားပါတီတွေ ထောင်နေတော့မှာလဲ။ ဧရာမ ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ အဓိက ပါတီကြီးနှစ်ခုပဲ ရှိတယ်။ နှစ်ခုစလုံးက ဒီမိုကရေစီနဲ့ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ကို အပြည့်အဝလက်ခံ ယုံကြည်ကြတယ်။ အခြေခံအားဖြင့်တော့ အားလုံးအတူတူ ဖြစ်တယ်။

စွက်ဖက်မှု ရှိရေး မရှိရေး

ဒါပေမဲ့ နည်းဗျူဟာ ပိုင်းကျတော့ မတူတော့ဘူး။ ရီပတ်ဘလစ် ကန်ပါတီက စီးပွားရေးရော၊ အုပ်ချုပ်ရေးမှာပါ အစိုးရဝင်ရောက် စွက်ဖက်မှု လုံးဝ မရှိစေဘဲ ဈေးကွက်သဘာဝအတိုင်း ထားရှိပြီး အစိုးရအသုံးစရိတ်ကို အနည်းဆုံးအထိ လျှော့ချဖို့ ဖြစ်တယ်။ ဒီလိုလျှော့ချရင် အခွန်အတုပ်တွေလည်း ကျ ဆင်းပြီး ဘတ်ဂျက်လိုငွေပြမှု နည်းပါးသွားလိမ့်မယ်လို့ ယူဆတယ်။ ဒီမိုကရက်တစ်ပါတီကတော့ စီးပွားရေးမှာ အစိုးရထိန်းချုပ်မှု လုံးဝမရှိရင် ကုန်ဈေး နှုန်းတွေ တက်ချင်တိုင်း တက်ပြီး တစ်ဦးတည်း လက်ဝါးကြီးအုပ်မှုတွေ ရှိလာနိုင်တယ်။ ငွေလုံးငွေရင်းနည်းပါးတဲ့ အလတ်စားနဲ့ အသေးစား လုပ်ငန်းရှင် တွေ ထိခိုက်စေနိုင်တယ်။ ဒါကြောင့် အတိုင်းအတာတစ်ခုအထိ အစိုးရက ထိန်းချုပ်ပေးဖို့ လိုတယ်လို့ ယူဆတယ်။

ကွန်ဆားဗတစ်နဲ့ လစ်ဘရယ်

ဒါ့အပြင် ပညာရေး၊ ကျန်းမာရေးလိုကိစ္စများမှာ ဆင်းရဲသားများကို ထောက်ပံ့ကူညီမှုတွေ ပေးဖို့ လိုအပ်တယ်။ ဒီအတွက် အခွန်အတုပ်တွေ တိုး မြှင့်ကောက်ခံရမယ်။ ဆင်းရဲသားများထက် ချမ်းသာသူများနဲ့ ဧရာမလုပ်ငန်းကြီးများကို ပိုမို ကောက်ခံရမယ်လို့ သဘောထားတယ်။ ယေဘုယျအားဖြင့် ရီပတ်ဘလစ်ကန်ပါတီကို စီးပွားရေးလုပ်ငန်းရှင်ကြီးများရဲ့ ပါတီ၊ ကွန်ဆားဗတစ်ပါတီလို့ခေါ်ကြပြီး ဒီမိုကရက်တွေကိုတော့ လူလတ်တန်းစားများရဲ့ပါတီ၊ လစ်ဘရယ်ပါတီလို့ ခေါ်ကြတယ်။ အခြေခံပါတီတိုင်းက အဲဒီလိုရှိတာကို လူတိုင်းသိပြီးဖြစ်တော့ ပါတီထောက်ခံသူတွေကြားမှာ ဘာပြဿနာမှ မရှိဘူး။ ကိုယ့်ပါတီကလူကို ထောက်ခံကြမှာပဲ။

ပလက်ဖောင်းဆိုတာ

အရေးကြီးတာက ဘယ်ပါတီကိုမှ တစ်သမတ်တည်း ထောက်ခံလေ့မရှိတဲ့ သာမန်မဲဆန္ဒရှင် ပြည်သူလူထု ဖြစ် တယ်။ ဒီလူတွေက အများစုလည်း ဖြစ်တယ်။ ဒီလူတွေကို စည်းရုံးဖို့အတွက် ပါတီနှစ်ခုစလုံးက ကြိုးစားကြတယ်။ အဲဒီအတွက် ရွေးကောက်ခံရရင် ဘာကို ဦးစားပေးဆောင်ရွက်မယ် ဆိုတဲ့ အချက်တွေကို လူသိထင်ရှား ထုတ်ပြန်ကြေညာပြီး စည်းရုံးရတယ်။ အဲဒါကို ”ရွေးကောက်ပွဲ ပလက်ဖောင်း” လို့ခေါ်တယ်။ ဥပမာ အိုဘားမားပထမအကြိမ် သမ္မတရွေးကောက်ပွဲဝင်တော့ ဆင်းရဲသားတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပိုပြီးပေးနိုင်တဲ့ ဥပဒေပြဋ္ဌာန်းနိုင်အောင် လုပ်မယ်ဆိုတဲ့ ပလက်ဖောင်းနဲ့ စည်းရုံးလှုံ့ဆော်ခဲ့တယ်။ ရီပတ်ဘလစ်ကန် ဂျွန်မက်ကိန်းကတော့ ဘတ်ဂျက်လိုငွေ လျှော့ချရေးနဲ့ အခွန်အတုပ်တွေ လျှော့ချရေးကို ပလက်ဖောင်းတင် ခဲ့တယ်။

အလုပ်လက်မဲ့ လျှော့ချရေး

              ခုတစ်ကြိမ် ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ျဘက်က ဘာနဲ့ထွက်လာမယ် မသိရသေးပေမယ့် အိုဘားမားကတော့ စီးပွားရေးအရှိန်မြှင့်ပြီး အ လုပ်လက်မဲ့နှုန်း ကျဆင်းရေးကို အဓိကထား ပြောကြားနေတာ တွေ့ရတယ်။ ဒီနေ့ မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေဟာ ဘယ်ကိစ္စကို ဦးစားပေးအဖြစ် ပလက်ဖောင်းတင်မယ်ဆိုတာ အခုအချိန်ထိ ထုတ်ပြန် ကြေညာတာ မတွေ့ရဘူး။ လိုအပ်ကြောင်း မသိလို့ပဲလား မပြောတတ်ဘူး။ တချို့က အခြေခံဥပဒေ ပြင်မယ်၊ ပညာရေးနဲ့ ကျန်းမာရေးစနစ်တွေ ပြင်မယ်လို့တော့ ပြောကြတယ်။ ဒါပေမဲ့ အခြေခံဥပဒေထဲက ဘာတွေကိုပြင်မှာလဲ၊ ဘယ်လိုပြင်မှာလဲ။ ပညာ ရေးနဲ့ ကျန်းမာရေးကိုရော ဘယ်လိုပြင်မှာလဲ။ ဘယ်လောက်ထိပြင်မှာလဲ၊ ရှေးကလို အခမဲ့ ပညာရေးတို့ အခမဲ့ ကျန်းမာရေးတို့ ပြန်လုပ်မှာလား တိတိကျ ကျ ပြတ်ပြတ်သားသား ပြောဖို့လိုတယ်။ အဲဒီ အချက်တွေကို မဲဆန္ဒရှင်တွေ သိအောင် တင်ပြရမယ်။ အဲဒါဟာ သူတို့ပါတီတွေရဲ့ ရွေးကောက်ပွဲ ပလက် ဖောင်းဖြစ်လိမ့်မယ်။ သူတို့က မပြောရင် သတင်းသမားတွေက မေးခွန်းမေးပြီး ပြောအောင် လုပ်ပေးရမယ်။ ဒါမှ မဲဆန္ဒရှင် ပြည်သူတွေက ရွေးချယ်တတ် မှာ ဖြစ်တယ်။ သတင်းသမားတွေ မေးခွန်းမေးတတ်ကြပါစေ။

***************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment