yangonchronicle2011 Op-Ed |
၆.၂.၂၀၁၂
ဆောင်းပါးကဏ္ဍ
- စကားနောက်တရားပါ
***************************
ဆောင်းပါးကဏ္ဍ
စကားနောက်တရားပါ
မောင်ဝံသ
(ဖေဖော်ဝါရီ ၆ ထုတ် The Messenger အတွဲ (၂) အမှတ် (၃၈) မှ ထုတ်ယူဖော်ပြသည်)
မကြာသေးမီရက်ပိုင်းအတွင်း သတိပြုပြီးဖတ်မိခဲ့တဲ့ အင်တာနက်သတင်းနှစ်ပုဒ်နဲ့ ဆက်စပ်ပြီးတွေးဖြစ်ခဲ့တဲ့ အတွေးတစ်ချို့ အကြောင်းပြော ပြချင်တယ်ဗျ။ သတင်းတစ်ပုဒ်က ချီလီကလာတဲ့ သတင်းဖြစ်တယ်ဗျ။ နိုင်ငံတကာရေးရာများကို စိတ်ဝင်စားသူတွေသိကြပါလိမ့်မယ်။ ချီလီနိုင်ငံမှာ လက် ဝဲဝါဒီရွေးကောက်ခံသမ္မတ အာယန်ဒေးဦးဆောင်တဲ့ အစိုးရကို လက်ယာဝါဒီစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီးအောင်ဂတ်စတို ပီနိုချေဟာ ဖယ်ရှားဖြုတ်ချ အာဏာသိမ်းပြီး ၁၉၇၃ က ၁၉၉၀ အထိ အုပ်ချုပ်ခဲ့တယ်။ သူ့အစိုးရအုပ်ချုပ်ခဲ့တဲ့ ကာလအတွင်း ချီလီပြည်သူ ၃၀၀၀ ကျော်လောက် ပျောက်ဆုံး ဒါမှမ ဟုတ် အစိုးရလက်နက်ကိုင်တပ်ဖွဲ့တွေလက်ချက်နဲ့ သေဆုံးခဲ့ပြီး နောက်ထပ်ပြည်သူ ထောင်ပေါင်းများစွာတို့ကလည်း နှိပ်စက်ညဉ်းပန်းခြင်း ဒါမှမဟုတ် တရားမဝင် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ကြရတယ်။ (ချီလီအရေးအခင်းကို ကျွန်တော်က ၁၉၇၅ မှာ “ပြည်သူ့သမ္မတ အာယန်ဒေး သို့မဟုတ် ချီလီပြည်ပေါ်က ကြယ်နီ” ခေါင်းစဉ်နဲ့ စာအုပ်တစ်အုပ် ထုတ်ဖြစ်ခဲ့ပါတယ်)
ဗိုလ်ချုပ်ကြီး ပီနိုချေ အစိုးရကို ချီလီပြည်သူတွေကရော နိုင်ငံတကာ အသိုင်းအဝိုင်းကပါ “အာဏာရှင် အစိုးရ”လို့ သဘောထားခဲ့ကြပြီး အဲဒီ ခေတ်နောက်ပိုင်းချီလီနိုင်ငံရဲ့ ကျောင်းသုံးသမိုင်းစာအုပ်တွေမှာလည်း အဲဒီ အသုံးအနှုန်းနဲ့ပဲ အဲဒီ ကာလကို ဖော်ပြခဲ့တယ်ဗျ။
အာဏာရှင်ခေတ်ဆိုတာကို မသုံးရတော့
ဒါပေမဲ့ ချီလီမှာ လက်ရှိအာဏာရနေတဲ့ ဗဟိုလက်ယာယိမ်းဝါဒီ အစိုးရက အခုကစပြီး ကျောင်းသုံးသမိုင်းစာအုပ်တွေမှာ အာဏာရှင်ခေတ်အ စိုးရလို့ ရည်ညွှန်းတဲ့ Dictatorship ဆိုတဲ့ အသုံးအနှုန်းနဲ့ အစားထိုးဖို့ ဆုံးဖြတ်ခဲ့တယ်ဗျာ။ အစိုးရက ဒီလိုဆုံးဖြတ်ရာမှာ နိုင်ငံရေးအသွေးအရောင် လုံးဝ မပါပါဘူးလို့ ရှင်းပြပေမယ့် လက်ဝဲဝါဒီအတိုက်အခံတွေကတော့ ဒါဟာ သမိုင်းဖြစ်ရပ်မှန်တွေကို ထုံးသုတ်ဖျောက်ဖျက်ဖို့ကြိုးစားတာပဲလို့ စွပ်စွဲပြီးကန့် ကွက် နေကြတယ်ဗျ။
ကမ္ပည်းစာတန်း ပြောင်းလဲလို့
နောက်သတင်းတစ်ပုဒ်က ရုရှားကလာတဲ့သတင်းဗျ။ ဒွန်ရော့စတော့ဆိုတဲ့ မြို့လေးတစ်မြို့မှာရှိတဲ့ နာဇီခေတ် ကြေကွဲဖွယ်အမှတ်တရ ကျောက် ပြားတစ်ခုမှာ ထွင်းထုထားတဲ့ စာသားတစ်ခုကို ပြောင်းလဲပစ်ခဲ့တာကြောင့် ပြဿနာတက်နေတဲ့သတင်းဖြစ်တယ်ဗျ။ အရင် ကျောက်ပြားဟောင်းမှာက နာဇီတွေလက်ချက်နဲ့ သေဆုံးခဲ့ကြရတဲ့သူတွေကို “ဂျူးများ” လို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားခဲ့ပေမယ့် ကျောက်ပြားအသစ်မှာ “ငြိမ်းချမ်းရေးလိုလား သော ရော့စတော့ မြို့သူမြို့သားများ” ဆိုပြီး ယေဘုယျအသုံးအနှုန်းနဲ့သာ ဖော်ပြထားတာကြောင့် ရုရှားအခြေစိုက် ဂျူးအဖွဲ့အစည်းတစ်ခုက တရားဥပဒေ ကြောင်းအရ ကန့်ကွတ်ဖို့ ပြင်ဆင်နေတဲ့ သတင်းဖြစ်တယ်ဗျ။
စကားလုံးတွေ အရေးပါမှု
အဲဒီသတင်းနှစ်ပုဒ်နဲ့ ဆက်စပ်ပြီး ကျွန်တော်စဉ်းစားဖြစ်ခဲ့တာက စကားလုံးများအကြောင်းဖြစ်တယ်ဗျ။ အထူးသဖြင့် ကမ္ဘာ့လူ့အဖွဲ့အစည်းကြီး က တစ်နေ့တခြားပိုပိုပြီး ဆက်စပ်ဖွဲ့နှောင်မိလာလေလေ လူတစ်ဦးနဲ့တစ်ဦးအကြား၊ လူ့အသိုင်းအဝိုင်း တစ်ခုနဲ့ တစ်ခုအကြား၊ လူ့အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခု အကြား ထိတွေ့ ဆက်ဆံရာမှာ အဓိကကြားခံ ကိရိယာဖြစ်တဲ့ ဘာသာစကား သို့မဟုတ် စကားလုံးတွေရဲ့ အရေးပါမှုအကြောင်း အတွေးနယ်ချဲ့မိခဲ့ တာ ဖြစ်တယ်ဗျ။
ကျွန်တော်က ဝါသနာအရရော အလုပ်သဘောအရပါ နိုင်ငံတကာရေးရာတွေနဲ့ ထိတွေ့နေသူဖြစ်သူမို့ နိုင်ငံတကာ ခေါင်းဆောင်တွေရဲ့ အစည်း အဝေးတွေမှာပူးတွဲကြေညာချက် သို့မဟုတ် ဆုံးဖြတ်ချက် ထုတ်ပြန်ကြတော့မယ်ဆိုတဲ့အခါ အဲဒီထုတ်ပြန်ကြေညာချက်မှာ ပါမယ့်စကားလုံး အသုံးအနှုန်း တွေနဲ့ပတ်သက်ပြီး အားလုံးသဘောတူညီမှုရအောင် အကြိတ်အနယ် ညှိနှိုင်းကြရတယ်ဆိုတဲ့ သတင်းတွေ မကြာခဏဖတ်ရလေ့ရှိတယ်ဗျ။ အထူးသဖြင့် အငြင်းပွားဖွယ်ကိစ္စတွေမှာ အမြဲလိုလို အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့ကတစ်ဖက် တရုတ်နဲ့ ရုရှားတို့ကတစ်ဖက် သိသိသာသာ ကွဲပြားနေလေ့ရှိတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ဖို့ရှိလာတဲ့အခါ စကားလုံးတစ်လုံးကြောင့် ရက်တွေအကြိမ်ကြိမ်ရွှေ့ရ၊ အကြိတ်အနယ် အပြင်းအထန်ဆွေးနွေးငြင်းခုံကြရတယ်ဆိုတဲ့သတင်းတွေ မကြခဏ ဖတ်ခဲ့ရဖူးတယ်ဗျ။
နှုတ်ထွက်တဲ့စကား
လူတစ်ယောက်ဟာ လိမ်ညာနေတာ မဟုတ်ဘူးဆိုရင် သူ့နှုတ်က ထွက်လာတဲ့စကားဟာ အဲဒီလူရဲ့ ယုံကြည်ချက်၊ ခံယူချက်၊ သဘောထားတွေ ကို ဖော်ပြနေတာမို့ ဒီလူအကြောင်း စူစမ်းလေ့လာရာမှာ သူပြောတဲ့ စကားတွေဟာ သိပ်ကိုအရေးပါတာဖြစ်တယ်ဗျ။ ဒါကြောင့်လည်း လူမှုဆက်ဆံရေး၊ နိုင်ငံတကာဆက်ဆံရေးတွေမှာ စကားလုံးတွေကို မှန်ဘီလူးနဲ့ကြည့်ပြီး ခွဲခြမ်းစိတ်ဖြာကြည့်နေကြရတာ ဖြစ်တယ်ဗျ။
အားလုံးသိကြတဲ့အတိုင်း အခြားသောကမ္ဘာနိုင်ငံ အားလုံးတို့လိုပဲ စကားလုံးပြနာကနေ ကျွန်တော်တို့နိုင်ငံဟာလည်း ကင်းလွတ်ခွင့်ရတာ မဟုတ်ဘူးဗျ။ လောလောဆယ်ကိုပဲကြည့်ဗျာ။ အစိုးရသစ်လက်ထက် လွတ်ငြိမ်းချမ်းသာခွင့် ၄ ကြိမ် ထုတ်ပြန်ခဲ့ရာမှ လွတ်မြောက်လာခဲ့ကြသူတွေထဲက တချို့ဟာ ရာဇဝတ်သားတွေလား၊ ဒါမှမဟုတ် ရာဇဝတ်ပြစ်မှု ကျူးလွန်ခဲ့ကြတဲ့ နိုင်ငံရေးသမားတွေလား၊ ဒါမှမဟုတ် ယုံကြည်ချက်ကြောင့် အကျဉ်းချခံခဲ့ ကြရသူတွေလား၊ ဒါမှမဟုတ် နိုင်ငံရေးအကျဉ်းသားတွေလားဆိုပြီး အငြင်းပွားမှုတွေရှိနေသေးတာ ဖြစ်တယ်ဗျ။ ယုံကြည်ချက်အကျဉ်းသားဆိုပြီး ယေဘု ယျ လက်ခံထားကြတဲ့ အသုံးအနှုန်းတစ်ခုရှိပေမယ့် အဲဒီ အသုံးကိုပဲချဲ့တွေးရင် အငြင်းပွားစရာတွေ ရှိနေသေးတာ ဖြစ်တယ်ဗျ။ အဲဒီလိုပဲ ကျွန်တော်တို့နိုင် ငံကို အင်္ဂလိပ်ဘာသာနဲ့ တချို့က ‘Burma’ လို့ သုံးနေပြီးတချို့က ‘Myanmar’ လို့ သုံးနေကြတဲ့ ကိစ္စမှာလည်း နက်ရှိုင်းတဲ့ အငြင်းပွားစရာတွေရှိနေ သေးတာဖြစ်တယ်ဗျ။
သမ္မတသဝဏ်လွှာထဲမှာ
မကြာသေးမီက ပြန်လည်ကျင်းပခဲ့တဲ့ လွှတ်တော်အစည်းအဝေးများအတွက် သမ္မတကြီးကပေးပို့ခဲ့တဲ့ သဝဏ်လွှာထဲမှာ ကျွန်တော့်စိတ်ထဲ ထူး ခြားတယ်လို့ ယူဆမိတဲ့စကားလုံး အသုံးအနှုန်းတချို့ကို ကျွန်တော် သတိပြုမိခဲ့ကြောင်း လက်တို့ပြီး ပြောပြချင်တယ်ဗျ။
ပထမဆုံး သတိပြုမိတာက အပိုဒ်များမှာပါတဲ့ “နိုင်ငံ၏ ပကတိ အရှိတရားနှင့် အတိတ်သမိုင်းအတွေ့အကြုံများအပေါ် အခြေခံလျက် ယခင်ကနှင့် မတူသည့်မူများကို ကျင့်သုံးကာ” ဆိုတဲ့ အသုံးအနှုန်းဖြစ်တယ်ဗျ။ ဒီအသုံးအနှုန်းကိုကြည့်ရင် လက်ရှိနိုင်ငံတော်အစိုးရဟာ နိုင်ငံရဲ့ ပကတိအရှိတရားများ ကို မျက်ကွယ်ပြုပြီး ပြည်သူ့ဆန္ဒကို ကမ္ဘာသိကြေညာ လိုက်တာပဲဖြစ်တယ်လို့ ယူဆနိုင်တယ်ဗျ။
နောက်တစ်ခုက စာပိုဒ် ၁၂ မှာပါတဲ့ ‘မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်နှင့် နှစ်ပေါင်း ၄၀ကျော် ကင်းကွာခဲ့သည့်အတွက်’ ဆိုတဲ့စကားဖြစ် တယ်ဗျ။ ဒီစကားဟာ တချို့ပြောပြောနေကြတဲ့ ၁၉၈၈ လူထုဆန္ဒ ပြမှုကြီးအပြီး မြန်မာနိုင်ငံမှာ ပြန်လည်ပေါ်ထွက်လာခဲ့တဲ့ ပါတီစုံဒီမိုကရေစီစနစ်ဆိုတာ အမည်ခံသာဖြစ်ကြောင်း တရားဝင်ဝန်ခံလိုက်တဲ့ စကားဖြစ်တယ်လို့ ယူဆနိုင်တယ်ဗျာ။
နောက်ဆုံး အသုံးအနှုန်းကတော့ အပိုဒ် ၁၄ မှာပါတဲ့ “ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီး”ဆိုတဲ့အသုံးအနှုန်းဖြစ်တယ်ဗျ။ ကျွန်တော်ပဲ သတိထားလွန်နေသလားတော့ မသိဘူးဗျ။ ၁၉၈၀ က ၂၀၁၀ အထိ တာဝန်ရှိပုဂ္ဂိုလ်များ တစ်လျှောက်လုံးသုံးစွဲလာခဲ့ကြတဲ့ “စည်းကမ်းပြည့်ဝ သော” ဆိုတဲ့ နာမဝိသေသနကို သမ္မတကြီးက ဒီမိုကရေစီ ရှေ့မှာ ထည့်သွင်းအသုံးပြုခြင်းမရှိတော့တာကို ကျွန်တော်သတိပြုမိခဲ့တယ်ဗျ။
အချို့သော ကမ္ဘာပြည်သူတွေအတွက်တော့ အဲဒီ ‘စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်ကြီး’ ဆိုတဲ့ အသုံးအနှုန်းဟာ ဘာထူးခြားတဲ့ အဓိပ္ပယ်သက်ရောက်မှုမှ ရှိချင်မှ ရှိမှာဖြစ်ပေမယ့် ၁၉၆၂ က ၁၉၈၈ အထိ ၂၆နှစ်လုံးလုံး ‘မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်ပါတီလမ်းစဉ်’ ဆိုတဲ့ အသုံးအ နှုန်းကြောင့် (ဆရာကြယ်နီရဲ့ ကိုတံငါစာအုပ်ထဲက ငါးတွေလို) ‘မှိန်းလန့်’ နေကြတဲ့ ကျွန်တော်တို့ မြန်မာပြည်သူတွေအတွက်တော့ အင်မတန်မှ ထူးခြားပါတယ်လို့ပြောရင် ကျွန်တော်နဲ့ သဘောတူသူအတော်များများ ရှိလိမ့်မယ်လို့ ယုံကြည်မိတယ်ဗျာ။
***************************************************************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.