yangonchronicle2011 Op-Ed |
၆.၃.၂၀၁၂
ဆောင်းပါးကဏ္ဍ
- နိုင်ငံရေးစနစ် ပြောင်းလဲချိန်
**************************************
ဆောင်းပါးကဏ္ဍ
နိုင်ငံရေးစနစ် ပြောင်းလဲချိန်
ကိုညီ (Geog)
(မတ် ၆ ထုတ် The Street View အတွဲ (၁) အမှတ် (၉)မှ ထုတ်ယူဖော်ပြသည်)
မြန်မာနိုင်ငံသည် ၃၁-၃-၂၀၁၁ ရက်မှစ၍ ဒီမိုကရေစီနိုင်ငံအဖြစ်သို့ ပြောင်းလဲခဲ့ပြီဖြစ်၏။ အစိုရအပြောင်းအလဲ သို့မဟုတ် အစိုးရအဟောင်းမှ အသစ်သို့ အာဏာလွှဲပြောင်းခြင်းမှာသာမန်အားဖြင့် စနစ်တစ်ခုတည်းသောနိုင်ငံတွင် ဒီမိုကရေစီအစိုးရဟောင်းမှ ဒီမိုကရေစီ အစိုးရသစ်သို့ ပြောင်းလဲခြင်း မျိုး၊ တစ်ပါတီစနစ် အစိုးရဟောင်းမှ ၎င်းပါတီ၏ အစိုးရအသစ်သို့ ပြောင်းလဲခြင်းမျိုးများကဲ့သို့ လွယ်ကူသည့် အပြောင်းအလဲ မဟုတ်ပါ။ ယင်းသို့ အသားကျ စနစ်နိုင်ငံမှ အစိုးရအဟောင်း အသစ်ပြောင်းလဲခြင်းတွင်လည်း မူဝါဒဆိုင်ရာ အပြောင်းအလဲ စီးပွားရေးဖွံ့ဖြိုးမှု အပြောင်းအလဲများ ပြုလုပ်၍ဆောင်ရွက်ကြရသည်။
မြန်မာနိုင်ငံ၏ အပြောင်းအလဲမှာမူ အစိုးရအပြောင်းအလဲမဟုတ်ဘဲ စနစ်အပြောင်းအလဲဖြစ်ပြီး အစိုးရဟောင်း၏ မူဝါဒပိုင်းဆိုင်ရာ အမွေခံ၊ စီးပွားရေးဆိုင်ရာ အမွေခံမှုနှင့် ကိန်းဂဏန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ အမွေခံမှုများကို ရာနှုန်းပြည့် မဟုတ်သည့်တိုင် ရာခိုင်နှုန်း တော်တော်များများ ဆက်ခံကြရသည်။ ယခုအချိန် အစိုးရသက်တမ်းတစ်နှစ်နီးပါး (အစိုးရသက် တမ်း၏ ၂၀ ရာခိုင်နှုန်း ၆၀လတွင် ၁၂လ)လွှတ်တော်သစ်တမ်း၏ ၂၀ ရာခိုင်နှုန်း ကုန်ဆုံးခဲ့ပြီး သို့မဟုတ် ကျင့်သုံးခဲ့ပြီးဖြစ်သည်။ ခေတ်ဟောင်းစနစ်ဟောင်း ကောင်းမွေ၊ဆိုးမွေများကို လက်ဆက်ကမ်းရာတွင် ကောင်းမွေများ ပြန်လည် ပြုပြင်ရန် လုံလောက်သည့်ကာလတစ်ခုကို ဖြတ်ကျော်ပြီးသည်ဟု မဆိုနိုင်သော်လည်း အတွေ့အကြုံကောင်းများ၊ ကျွမ်းကျင်မှုများ၊ ရင့်ကျက်မှုများ၊ ထိုက်သင့်သည့် အတိုင်းအတာထိရရှိပြီဟု ဆိုရမည်။
နိုင်ငံရေးစနစ်ပြောင်းလဲချိန်တွင် အုပ်ချုပ်မှုဆိုင်ရာနည်းစနစ်၊ ဥပဒေပြုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ တရားစီရင်ရေးဆိုင်ရာ ပွင့်လင်းမှုများကို ပြုလုပ်ရသည်ကို နိုင်ငံ၏ ဘဏ္ဍာငွေအရသုံးဆိုင်ရာ၊ စုဆောင်းမှုဆိုင်ရာများနှင့် စီးပွားရေး အခင်းအကျင်း ပြုပြင်ပြောင်းလဲမှု၊ လူမှုရေးအသင်းအဖွဲ့များနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများ၏ နိုင်ငံတည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်ခွင့်၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများ၏ ပါဝင်ဆောင်ရွက်ခွင့်၊ သတင်း မီဒီယာများ၏ ဝေဖန်ထောက်ပြ အကြံပြုအပြစ်တင်ခြင်းများကို ခွင့်ပြုရခြင်း၊ နိုင်ငံတကာ၏စိတ်ဝင်စားမှုနှင့်အတူ ကူညီရန်၊ အားပေးရန်နှင့် လေ့လာရန် ဟူသော အကြောင်းပြောင်းချများဖြင့် ဖုံးကွယ် ထားသော တရားဝင်နီးပါစွက်ဖက်နိုင်စွမ်း ရှိလာသည်ကိုလည်း တွေ့ရသည်။
စနစ်ပြောင်းလဲခြင်း
နိုင်ငံရေးစနစ်ပြောင်းလဲခြင်းတွင် အစိုးရအပိုင်း အထူးသဖြင့် ဦးစီးဦးဆောင်ပိုင်းတစ်ခုတည်း ပြောင်းလဲခြင်းမျှသာမဟုတ်ဘဲ နိုင်ငံနှင့် နိုင်ငံသား များ၏ အရေးအရာမကို စီမံခန့်ခွဲခွင့် အခွင့်အရေးနှင့် လုပ်ကိုင်ခွင့်တာဝန် ပေးအပ်ထားသော ဝန်ထမ်းများ၏ စိတ်ဓာတ်၊ အမူအကျင့်၊ လူမှုရေး အဆင့်အ တန်း၊ ဂုဏ်သိက္ခာနှင့် တန်ဖိုးများအတွက်ပါ ပြောင်းလဲနိုင်မှ စနစ်သစ်ကို ချီတက်နိုင်ပေမည်။ အာဏာရှင်စနစ်မှ ဒီမိုကရေစနစ်သို့ နှစ် ၂၀ အတွင်း ပြောင်းလဲခဲ့သည့် နိုင်ငံပေါင်း ၇၀ ကျော်ရှိရာ ခုနှစ်နိုင်ငံသာလျှင် အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့သည်။ အောင်မြင်စွာ ပြောင်းလဲနိုင်ရေးအတွက် အစိုးရ၏ ထိပ်ပိုင်းဆုံး ဖြတ်ချက်ချနိုင်သူ (Decision Makers) များ၊နိုင်ငံရေးမူဝါဒနှင့် ပြည်သူ့မူဝါဒဆိုင်ရာကို အဓိကပုံဖော်သည့် ဥပဒေပြုရေး (Legislative) တို့၏ အမြော်အမြင် ကြီးမှု အမှန်တိုင်း ရှုမြင်သုံးသပိုင်မှု (Realistic)၊ လက်တွေ့ကျမှု (Pragmatism) များနှင့်အတူ ပေါ်လာသည့်နိုင်ငံရေးဆိုင်ရာ မျှော်မှန်း ချက်နှင့် နိုင်ငံရေး အဆုံးအဖြတ်များကြောင့် ပေါ်ထွန်းလာမည့် စီးပွားရေးတိုးတက်မှု၊ လူမှုရေးလုပ်ငန်းများ တိုးတက်မှုတို့အတွက် ထိရောက် ထက်မြက် သော အုပ်ချုပ်မှု (Good Governance)၊ အဂတိတရားနည်းပါးသော အစိုးရ(Clean Government) တို့ဖြစ်ပေါ်နိုင်မှုရှိ၊ မရှိသည် စနစ်ပြောင်းနိုင်ငံအတွက် အဓိက စိန်ခေါ်မှုများ ဖြစ်ပေသည်။
နိုင်ငံရေးစနစ် ပြောင်းလဲရာတွင်လည်း ယခင်အစိုးရထံမှ လွှဲပြောင်းမှု ရရှိလာသော အစိုးရအသစ် (အမွေခံအစိုးရ)နှင့် ဒီမိုကရေစီ လှုပ်ရှားမှု ကြောင့် ဖြစ်ပေါ်လာသည့် အလုံးစုံပြောင်းလဲသော အစိုးရစနစ်ဟောင်းမှ လူများနှင့် ဒီမိုကရက်တစ် အင်အားစုများ ပူးပေါင်းဖွဲ့စည်းသော ညွှန့်ပေါင်းအစိုးရ၊ ပြည်ပ နိုင်ငံများ၏ ဖိအားသို့မဟုတ် ပံ့ပိုးအားဖြင် ပြောင်းလဲသော အစိုးရအသစ်စသဖြင့်မျိုးစုံတွေ့တတ်သည်။ မြန်မာနိုင်ငံ အစိုးရသစ်သည် လူမပြောင်း မူပြောင်း၊ စနစ်ပြောင်းဟူသော အချက်ကြီးသုံးရပ်ပေါ်တွင် အခြေခံပြီး ဒီမိုကရက်တစ်လူ့ဘောင်၊ ဒီမိုကရေစီ ဖော်ဆောင်ရာတွင် အမျိုးမျိုးသော ဝေဖန်မှု၊ စောင့်ကြည့်မှု၊ ကြိုဆိုမှု၊ ကန့်ကွတ်မှုများကို ကြုံတွေ့ခဲ့ရသော်လည်း ယခုကဲ့သို့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်သည်ကို ကမ္ဘာပေါ်တွင် အထူးဆန်းဆုံး သော သို့မဟုတ် အံ့သြဖွယ်အကောင်းဆုံးသော ပြောင်းလဲမှုဟုပင် သတ်မှတ်ခြင်း ခံရသည်။
ပညာရပ်ဆိုင်ရာ ပညာရှင်များ၊ နိုင်ငံရေးသိပ္ပံပညာရှင်များ၊ စီးပွားရေး ပညာရှင်များ၊ စီမံခန့်ခွဲရေး ပညာရှင်များ၏ အတွေ့အကြုံနှင့် ကြိုတင် တွေးဆမှုအရကြည့်လျှင် ပြောင်းလဲမှုမှာ မြန်ဆန်လွန်းသည် သို့မဟုတ် အပေါ်ယံပြောင်းလဲမှုသာလျှင် ဖြစ်သည်ဟုလည်းကောင်း၊ အစိုးရခေါင်းဆောင်ပိုင်း သာလျှင် ပြောင်းလဲခြင်းဖြစ်ပြီး အချို့အချို့သောကဏ္ဍများသာလျှင် ပြောင်းလဲခြင်းသည်ဟူသော ခန့်မှန်းယူဆချက်များရှိ၏။ အမှန်၌မူ နိုင်ငံတစ်နိုင်ငံ၏ ရေရှည် ဖွံ့ဖြိုးတိုးတက်စေရေးကို အထောက်အကူပြုစေမည့် စီးပွားရေးအခင်းအကျင်း၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ အခင်းအကျင်းနှင့် လုပ်ထုံး လုပ်နည်းလုပ်ဟန်များ၏ အရည်အသွေး၊ ပြည်သူများ၏အသံနှင့် တာဝန်ခံများ Rule of Law ခေါ် ဥပဒေစိုးမိုးမှုများ ပြောင်းလဲခြင်းအတွက် အချိန်ယူပြီး ဆောင်ရွက်ရမည်ဆိုသည်ကို နားလည်သဘောပေါက်သူများလည်း ရှိသည်။ အချိန်ယူရမည်ဆိုသော်လည်း ဦးစားပေး အစီအစဉ်များကို ရွေးချယ်ရမည် ဖြစ်ပြီး ယင်းသို့ ရွေးချယ်ရာတွင် ချက်ချင်းလုပ်ဆောင်ရမည့်အချက် (Urgent)နှင့် အရေးကြီးသောအချက် (Important) ကို ခွဲခြမ်းစိတ်ဖြာနိုင်ရန်မှာ အလွန်ခက်ခဲရှုပ်ထွေးသလို အလွန်လည်း လွယ်ကူနိုင်ပေသည်။
မိုက်မဲခြင်းနှင့် မယှဉ်သော တာဝန်ယူမှုသည် သတ္တိဟု ကမ္ဘာကျော်ပလေတိုမှ ဆိုခဲ့သည့်အတိုင်း မြန်မာပြည်၏ နိုင်ငံရေးစနစ် ပြောင်းချိန်တွင် အမှန်ကို အမှန်အတိုင်း၊ ဖြစ်သင့်သည်ကို ဖြစ်သင့်သည့်အတိုင်း၊ ပြောရဲသည့် သတ္တိရှိသော မြန်မာများကို တွေ့မြင်ပေလိုသည်။ သတ္တိရှိမှုကို အလွယ်ကူ ဆုံးသော တိုင်းတာမှုတစ်ခုအနေဖြင့် ပြည်ထောင်စု ကိုယ်စားလှယ်များ၏ သတ္တိရှိစွာ၊ တည်ကြည်စွာ၊ ဖြောင့်မတ်စွာဖြင့် အခြခံဥပဒေအတိုင်း ဆိုင်ရာ အဖွဲ့အစည်းများ၏ လိုက်နာကျင့်သုံးမှုများကို ကျွန်တော်တို့ ပြည်သူများမှတိုင်းတာနေပါမည်။
****************************************************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.